ဒဿနမူလိကာ သဒ္ဓါ
နောက်တစ်ခုက ဒဿနမူလိကာ သဒ္ဓါ၊
ကိုယ်တိုင်သိမြင်မှုကို အခြေခံတဲ့ သဒ္ဓါ၊ ဘယ်သူ ပြောလို့မှ လက်ခံစရာ
အကြောင်းမရှိတော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင် သိတာကိုး၊ ကိုယ်တိုင်
မသိရင်တော့ သူများပြောတာ လက်ခံရဦးမှာပဲ။
ဥပမာ
ဆိုပါတော့ ရန်ကုန်မြို့နေတဲ့ ပုဂ္ဂိုလ်ဟာ ရွှေတိဂုံဘုရားရောက်တာ အခေါက်ခေါက်
ရှိနေပြီ၊ ဘုရားရောက်ဖူးတော့ ရွှေတိဂုံဆိုတာ ဘယ်လိုလဲဆိုတာ သိတယ်၊ ဘယ်နားမှာလဲ
ဆိုတာလည်း သိတယ်၊ ဟိုးနယ်မှာနေတဲ့ ပုဂ္ဂိုလ်တွေကျတော့ ရွှေတိဂုံဘုရား ကြားတော့
ကြားဖူးတယ်၊ ဘယ်နားမှန်း မသိဘူး၊ ပုံထဲတော့ မြင်ဖူးတယ်၊ တစ်ယောက်နဲ့ တစ်ယောက်
တူရဲ့လား၊ ဒီလူက ကိုယ်တိုင်သိပြီး လက်ခံတာ၊ ဟိုလူက အကြားနဲ့ လက်ခံတာ၊
ဒဿနမူလိကာဆိုတာ အမြင်ကို အခြေခံပြီးတော့ လက်ခံတာ၊ မြင်ပြီဆိုလို့ရှိရင် ဘယ်သူကမှ
ပြောင်းလွဲပစ်လို့ မရဘူး။
တစ်ခါတုန်းက
မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို မေးတယ်၊ “သာရိပုတ္တရာ -တဲ့၊ အတွေးမပါတဲ့ ကြံစည်မှု၊
သုံးသပ်မှုမပါတဲ့ သမာဓိမျိုး ရှိတယ်ဆိုတာ ယုံကြည်သလား” လို့ မေးတော့
ရှင်သာရိပုတ္တရာက “အရှင်ဘုရား၊ တပည့်တော် မယုံပါဘူး၊ ကိုယ်ကိုယ်တိုင် သိတာပါ၊
သူများပြောလို့ ယုံတာ မဟုတ်ပါဘူး” တဲ့၊ ဒါ တပည့်တော် ကိုယ်တိုင်ကို ခဏခဏ
အကြိမ်ကြိမ် ဝင်စားလို့ ဒီသမာဓိမျိုး ရခဲ့ပါတယ်လို့ ပြောတာနော်၊ ဒါကြောင့်မို့
ဓမ္မပဒမှာ ရှင်သာရိပုတ္တရာကို ‘အဿဒ္ဓေါ’
တဲ့၊ သူတစ်ပါးစကားနဲ့ ယုံတဲ့ ပုဂ္ဂိုလ်မဟုတ်ဘူးလို့ ပြောတ၊ ဘာဖြစ်လို့လဲဆိုတော့
ကိုယ်တိုင် သိတာကိုး၊ ကိုယ်တိုင်သိတဲ့ ပုဂ္ဂိုလ်က သူများစကား ယုံစရာ မလိုဘူး။
ပညာမဲ့ သဒ္ဓါ
အသိဉာဏ်မပါတဲ့
“ပညာမဲ့ သဒ္ဓါ”
ကျတော့ တလွဲရောက်သွားတက်တယ်၊ ပညာနဲ့တွဲတဲ့ သဒ္ဓါကမှ တန်ဖိုးရှိတယ်၊ ဒါကြောင့်မို့
‘သဒ္ဓါကို ပညာစောင့်မှ လမ်းဖြောင့်မယ်’ တဲ့၊ ပညာနဲ့ ထိန်းမပေးလို့ရှိရင် သဒ္ဓါက
လမ်းချော်သွားနိုင်သေးတယ်၊ ဒါက ‘ယုံတဲ့အပိုင်း’။
စိတ်ကြည်မှု
ကြည်တဲ့အပိုင်းက သဒ္ဓါ ဖြစ်လာလို့ရှိရင်
ကာမဂုဏ်အာရုံ ခံစားချင်တဲ့ စိတ်တွေ၊ မုန်းတီးတဲ့ စိတ်တွေ၊ ထိုင်းမှိုင်းတဲ့
စိတ်တွေ၊ တွေဝေလွင့်ပျံ့တဲ့ စိတ်တွေ၊ ဒါတွေ အကုန်လုံး ကင်းပြီး စိတ်ဟာ အညစ်အကြေး
ကင်းပြီးတော့ ကြည်နေတယ်။
စိတ်ကြည်နေပြီဆိုရင်
တရားပွဲသွား တရားနာဦးမှ ဆိုတဲ့ စိတ်လည်း ပေါ်တယ်နော်၊ စိတ်မကြည်တဲ့လူ ဒီိစိတ်
ပေါ်မှာ မဟုတ်ဘူးနော်၊ အိမ်ဦးဘုရားခန်းလေး ရှင်းပြီးတော့ ပန်းလေးတွေ လဲအုံးမှပဲ၊
ကမ္မဋ္ဌာန်း ထိုင်အုံးမှပဲဆိုတဲ့ စိတ်ကူးဟာ စိတ်ကြည်နေတဲ့အခါမှ ဖြစ်တယ်ဆိုတာ
သတိထားရမယ်။
အဲဒီလို
မိမိသန္တာန်မှာ ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်ပြီး စိတ်ကြည်နေတာဟာလည်း သဒ္ဓါလို့
အဲဒီလို မှတ်ရမယ်၊ စိတ်ကလေး ကြည်ရုံတင် မကူး၊ တစ်ခါတလေ စိတ်ကလေးက စွမ်းအားတွေ
ပြည့်လာတယ်၊ တစ်စုံတစ်ခု လုပ်မယ်ဆိုရင် ရွတ်ရွတ် ချွံချွံ လုပ်တယ်၊
ဘယ်အရာပဲဖြစ်ဖြစ် ဆုံးဖြတ်ပြီးလို့ရှိရင် သဒ္ဓါဆိုတဲ့ စွမ်းအားလေးတွေ
ရလာပြီဆိုလို့ရှိရင် ဟော လှူမှု, တန်းမှုမှာလည်း နောက်မတွန့်တော့ဘူး၊
သဒ္ဓါစွမ်းအား ပြင်းလာလို့ရှိရင် ကုသိုလ်ကောင်းမှု လုပ်ဖို့ရာလည်း နောက်မတွန့်ဘူး၊
ဒါ သဒ္ဓါရဲ့ စွမ်းအားပဲ၊ သဘာဝတစ်ခုမှာ စွမ်းအားတွေ ရှတက်တယ်။
အေး
ဒါကြောင့်မို့ ဗုဒ္ဓတရားတော်အရ သောတာပန်ဖြစ်သွားပြီ ဆိုလို့ရှိရင် ဒီသဒ္ဓါဟာ prfect
ဖြစ်သွားတယ်၊ ဘာလို့ တုံးဆိုတော သောတာပန်ပုဂ္ဂိုလ်သည် အမြင်မှားခြင်းဆိုတဲ့ ဒိဋ္ဌိ နဲ့
သံသယဖြစ်ခြင်းဆိုတဲ့ ဝိစိကိစ္ဆာ လုံးဝရှင်းသွားပြီ
မဟုတ်လား၊ အဲဒီတော့ သံသယဖြစ်တာနဲ့ မှားမှားယွင်းယွင်း မြင်တာ မရှိဘူး ဆိုရင်
သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ တည်ငြိမ်သွားပြီပေါ့၊ ဒါကြောင့်မို့ သူ့ရဲ့ သဒ္ဓါဟာ
ခိုင်မြဲတဲ့ သဒ္ဓါလို့ ဆိုတယ်။
ကျန်တဲ့
ပုထုဇဉ်တွေရဲ့ သဒ္ဓါဟာ မခိုင်မြဲသေဘူး၊ ပြောင်းလွဲမှုတွေ များစွာ ဖြစ်နိုင်သေးတယ်။
သဒ္ဓါကို ထိန်းမယ့် ပညာကလည်း အားနည်းနေသေးတဲ့အတွက် ဟိုလူပြောရင် ဟုတ်နိုးနိုး၊
ဒီလူပြောရင် ဟုတ်နိုးနိုး၊ ဟိုဘာသာက ဟောရင် ဟုတ်သလိုလို၊ ဒီဘာသာက ဟောရင်
ဟုတ်သလိုလို ဒါမျိုးတွေ ဖြစ်တယ်။
ခိုင်မာတဲ့ သဒ္ဓါ
အေး
ဒါကြောင့်မို့ ဒီသဒ္ဓါကို ခိုင်မာအောင် လုပ်ဖို့လို့တယ်၊ သဒ္ဓါဟာ
ခိုင်မာလိုပြီဆိုရင် သူနဲ့ပတ်သက်တက်လာတဲ့ စိတ်ထဲက အညစ်အကြေးတွေကို
တွန်းထုတ်နိုင်ပါတယ်၊ အများကြီး တွန်းထုတ်နိုင်တယ်။ ကာမစ္ဆန္ဒ ဆိုတဲ့
လောဘတွေ၊ ဗျာပါဒ လို့ဆိုတဲ့
အလိုမကျတဲ့ ဒေါသတွေ၊ ဥဒ္ဒစ္စ
ကုက္ကုစ္စ ဆိုတဲ့ စိတ်လွင့်တာ, စိတ်ငြိမ်းချမ်းမှု မရှိတောတွေ
စိတ်ပူပန်နေတာတွေ၊ ထိနမိဒ္ဓလို့
ခေါ်တဲ့ စိတ်အားတွေ လျော့ကျသွားတာတွေ၊ လျော့ရဲ ထိုင်းမိုင်းသွားတာတွေ၊ ဝိစိကိစ္ဆာလို့ခေါ်တဲ့
သံသယတွေ ဝင်နေတာတွေ၊ အဲဒါတွေကို သဒ္ဓါက ပယ်ရှားပစ်နိုင်တယ်၊ သဒ္ဓါရဲ့ စွမ်းရည်နော်။
နောက်
စိတ်ကို ပူပန်စေတက်တဲ့ ကိလေသာတွေကိုလည်း ဟောဒီသဒ္ဓါက ဖယ်ရှားပစ်နိုင်တယ်၊ သဒ္ဓါတရား
ရှိလာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ လမ်းမှန်ကို ရောက်မယ်၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကို
သဟမ္ပတိဗြဟ္မာကြီးက နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါလို့ တောင်းပန်တဲ့အခါ ဘုရားက ငါ
နိဗ္ဗာန်တံခါးဖွင့်မယ်၊ ဒါပေမယ့် ‘ပမုဉ္စန္တု
သဒ္ဓံ’ ငါ့ အပေါ်မှာ ယုံကြည်ချက်တော့ထားကြလို့ ဒီလို ဟောခဲ့တာ၊
ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် မယုံကြည့်ရင် နားထောင်မှာမှ မဟုတ်ဘဲကိုး၊ ဒါကြောင့်မို့
နားထောင်ဖို့အတွက် ယုံကြည်မှုက အရေးပါတယ်၊ ဒီ သဒ္ဓါဟာ ကောင်းတဲ့စိတ်တွေနဲ့
ယှဉ်တွဲပြီး ဖြစ်တာမို့ အင်မတန်မှ တန်ဖိုးရှိတယ်။
ကြည်တာနဲ့ ပတ်သက်ပြီးတော့ စကြဝတေးမင်းကြီးရဲ့
ပတ္တမြားရတနာ ထည့်လိုက်ရင် အနယ်တွေထိုင်ပြီး ရေကြည်သွားနိုင်တယ်၊ ထို့အတူပဲ
လူရဲ့စိတ်ဟာ လောဘ,ဒေါသ, မောဟဆိုတဲ့ အနောက်တွေ ရှိနေသော်လည်း ဟောဒီ သဒ္ဓါဆိုတဲ့
သဘောတရားတစ်ခု စိတ်ထဲဝင်လာတာနဲ့ တပြိုင်နက် အနောက်တွေ အနယ်ထိုင်ပြီး
ကြည်သွားတယ်လို့ ပြောတာနော်။
စိတ်ကြည်သွားပြီဆိုရင်
ဘာလုပ်တုန်း၊ ဒါန ကောင်းမှုလုပ်တယ်၊ သီလဆောက်တည်တယ်၊ ဥပုသ်စောင့်တယ်၊ ဟောစိတ်ကြည်ရင်
ကုသိုလ် လုပ်ဖို့အတွက် စိတ်အားတွေ တက်လာတယ်၊ ဒါ သဒ္ဓါရဲ့
စွမ်းဆောင်ချက်တွေပဲ၊ ကိုယ့်သန္တာန်မှာ သဒ္ဓါဖြစ်လာပြီ ဆိုလို့ရှိရင် ဒီ
အခြေအနေတွေ ပေါ်လာပြီလို့ ဒီလိုမှတ်နော်။
သဒ္ဓါရှိသူရဲ့ စိတ်ထား
အေး
ကောင်းပြီ၊ သဒ္ဓါရှိတဲ့ ပုဂ္ဂိုလ်ရဲ့ လုပ်ဆောင်ချက်တွေ က ဘာတွေရှိလဲလို့ဆိုတော့
သဒ္ဓါတရားစွမ်းအားထက်လာတဲ့ ပုဂ္ဂိုလ်(အင်္ဂုတ္ထိုရ်ပါဠိတော်မှာ မြတ်စွာဘုရား
ဟောထားတယ်၊) “ဒဿနကာမော
သီလဝတံ” သီလရှိတဲ့ ပုဂ္ဂိလ်တွေကို ဖူးချင်တယ်၊ တွေ့ချင်တယ်၊
ကိုယ်ကျင့်တရားကောင်းတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆုံစည်းချင်တယ်၊ သဒ္ဓါရှိတဲ့ ပုဂ္ဂိုလ်က
ဘယ်ပုဂ္ဂိုလ်ဖြင့် အကျင့်ကောင်းတယ်၊ ဘယ်ဆရာတော်ကြီးဖြင့် အကျင့်ကောင်းတယ်၊
သီလရှိလို့ ကြည်ညိုစရာ ကောင်းတယ်၊ အကျင့် အနေအထိုင်ကောင်းတယ် ဆိုတာမျိုး
သွားဖူးတွေ့ချင်တယ်၊ လူပုဂ္ဂိုလ်တွေထဲကလည်း ကိုယ်ကျင့်တရား ကောင်းတဲ့သူဆိုရင်
တွေ့ချင်တယ်နော်။ အရပ်ထဲမှာ ဒီလူကတော့ သိပ်တော်တာပဲ၊ အနေအထိုင်ကောင်းတယ်၊
အသောက်အစား ကင်းတယ်၊ ကိုယ်ကျင့်တရား အင်မတန်ကောင်းတယ်၊ လိမ်တာညာတာ မရှိဘူး၊
အပျော်အပါး မရှိဘူးဆို တော်လိုက်တာ၊ တွေ့ချင်တယ် ဆိုတာ၊ သဒ္ဓါရှိတဲ့ ပုဂ္ဂိုလ်ရဲ့
စိတ်နေစိတ်ထား တစ်ခုပါပဲ။
“သဒ္ဓမံ္မ သောတု မိစ္ဆတိ”
သူတော်ကောင်းတရား ဆိုရင် နာချင်တယ်၊ ဘယ်နေရာဖြစ်ဖြစ် တရားပွဲ ရှိတယ်ဆိုရင်
သွားနာချင်တယ်၊ တကယ့်ကို အစစ်အမှန် တရားဓမ္မတွေကို သူက နားယူချင်တဲ့စိတ် ဖြစ်တယ်။
“ဝိနယေ မစ္ဆေရမလံ”
နှမြော ဝန်တိုခြင်းဆိုတာ လုံးဝ သူ့ဆီမှာ မရှိဘူး၊ စိတ်က ပေးဖို့ ကမ်းဖို့ပဲ၊
ဘာပဲဖြစ်ဖြစ် ကိုယ်တက်နိုင်တဲ့ အတိုင်းအတာအတွင်း ပေးဖို့ ကမ်းဖို့အသင့်
ဖြစ်နတယ်၊ တချို့က ရှိလည်း ပေးချင်မှ ပေးတာလေ၊ မရှိလို့ မပေးတာက တခြားလေ၊ မစ္ဆရိယ
ဆိုတာ နေရာတကာရှိတာ၊ မီးဖိုချောင်ထဲမှာ ပိုဖြစ်တက်တယ်၊ မီးဖိုချောင်ထဲမှာ ဆိုရင်
ဟင်းကောင်းလေးချက်ရင် ဘေးမှာထားပြီးတော ဒါ ငါ့အတွက် ဆိုသူများကို
မပေးချင်တာမျိုးလည်း ဖြစ်တက်တယ်၊ အဲဒီတော့ မစ္ဆရီယဆိုတာက လွယ်လွယ်လေးနဲ့
ဖြစ်တာနော်၊ မစ္ဆရိယဆိုတဲ့ အညစ်အကြေး ကင်းတဲ့သူမှ သူဖို့ ငါ့ဖို့ဆိုတာ မရှိဘူး၊
အတူတူပဲ ခဲဝေခြင်း မရှိဘူး၊ ဒါကတော့ ဘယ်သူ့အတွက်၊ ဒါက ဘယ်သူ့အတွက်၊ ဒီလို မထားဘူး။
အကုန်လုံးပဲ ညီတူညီမျှ၊ ဒီလိုဟာမျိုး ရှိတယ်၊ ခွဲခြမ်း ခွဲခြမ်းမရှိဘူး၊ ခွဲခြမ်း
ခွဲခြမ်း လုပ်လာရင်တော့ အဲဒါ မစ္ဆရိယ ရှိနေပြီနော်၊ ဒီလိုမှတ်ရမယ်။
လူတစ်ယောက်ရဲ့
ဂုဏ်ကျေးဇူးကို ပြောပြီဆိုရင်လည်းကြည့်၊ မစ္ဆရိယဝင်လာပြီဆိုရင်
အကောင်းမပြောနိုင်ဘူး၊ ဟိုလူ တစ်ယောက်က တော်လိုက်တာလို့ ပြောလို့ရှိရင်
‘ဟုတ်ပါတယ်၊ ဒါပေမယ့်’ ဆိုပြီး အပြစ်ပြောတက်တယ်၊ အဲဒါ မစ္ဆရိယ အခြေခံပြီးပြောတာလို့
မှတ်ပေတော့နော်၊ ‘ဒါပေမယ့်’ - တက်လာတာနဲ့ တပြိုင်နက် စိတ်အညစ်ကြေး တစ်ခုတော့
လာပြီနော်၊ အဲဒီလို ဖြစ်တက်တယ်တဲ့။
နောက်
အရှင်အာနန္ဒာတို့ကျတော့ ဘယ်လောက်တောင် ပြောတုန်းဆိုရင် ကုသိုလ်ကောင်းမှု
လုပ်တဲ့နေရာမှာတောင် ဝေယျာဝစ္စ လုပ်ကြတဲ့အခါ၊ မစ္ဆရိယ ရှိလာပြီဆိုရင် သူက
ကိုယ့်ကိုယ်ကို ညှာလာတာ၊ ကိုယ့်ကိုယ်ကို ညှာပြီးတော့ နည်းနည်း သက်သာတဲ့အလုပ်ကို
ရွေးလုပ်လာတယ်၊ အဲဒါ ကိုယ့်ရဲ့ ချမ်းသာမှုမှာ မစ္ဆရိယဖြစ်တယ်လို့ ခေါ်တာ၊ ကာယမစ္ဆေရ
ဂရုနော - ကိုယ့်ကိုယ်ကို ညှာလိုက်တာ၊ ကိုယ့်ကိုယ်ကို ညှာလိုက်တော့ လုပ်ရမယ့်
လုပ်နိုင်တဲ့ အလုပ်ကို မလုပ်တော့ဘူး၊ တရားအးထုတ်လို့ရှိရင် သိပ်ပင်ပင်ပန်းပန်း
အားမထုတ်နဲ့ ကျန်းမာရေး ထိခိုက်လိမ့်မယ် ဆိုပြီး ညှာလိုက်တာ၊ အဲဒါလည်း မစ္ဆရိယ
သဘောပဲတဲ့။
ဘာသာခြားတို့ရဲ့ ယုံကြည်မှု
အေး
ကောင်းပြီ၊ အဲဒီ အညစ်အကြေးတွေ အားလုံးကို သဒ္ဓါ စွမ်းအားကြီးမား လာပြီဆိုလို့ရှိရင်
ဖယ်ရှားပစ်နိုင်တယ်လို့ ဟောထားတယ်နော်၊ စိတ်အညစ်အကြေးတွေ
လုံးဝပျောက်ကွယ်သွားနိုင်တယ်။
သဒ္ဓါက
ဆုံးဖြတ်ချက်ဟာ ရဲရင့်စေတယ်၊ ဒါနဲ့ ပတ်သက်ပြီး အဋ္ဌကထာက ဆွေးနွေးထားတာလေး
တစ်ပုဒ်ရှိတယ်၊ ယုံကြည်တယ်ဆိုတာနဲ့, ယုံတယ်ဆိုတာနဲ့ ပတ်သက်လာတယ်၊ ‘ဘာသာခြားတွေကော
သူတို့ဘုရား သူတို့မယုံဘူးလား’ လို့ မေးစရာရှိတယ်၊ ‘အဲဒါကို သဒ္ဓါလို့
ခေါ်နိုင်မလား’ တဲ့၊ ရှင်မဟာဗုဒ္ဓဃောသကတော့ ဒီသဒ္ဓါဆိုတဲ့ စကားလုံးမှာ
ဗုဒ္ဓဘာသာမှာ သုံးတာ အကောင်းဘက်ပဲ သုံးတယ်၊ အဆိုးဘက် မသုံးဘူး၊ ဒါကြောင့်မို့
စိတ်ဖြူစင်မှု အင်အားစုများလို့ ပြောထားတာနော်၊ မှားမှားယွင်းယွင်း
ယုံကြည်တာမျိုးကို သဒ္ဓါလို့ မခေါ်ဘူးတဲ့၊ ဒါကြောင့်မို့ မမှန်ကန်တဲ့ အရာကို
မှန်ကန်တယ်လို့ ထင်တယ်။
ဆိုပါစို့၊
ကိုယ့်ကို တန်ခိုးရှင်က မဖန်ဆင်းဘဲနဲ့ ဖန်ဆင်းတယ်လို့ ထင်တာ အမှန်လား၊ အမှားလား၊
အဲဒီ အမှားမျိုးကို လက်ခံတာကျတော့ ဒါ သဒ္ဓါလို့ မခေါ်ဘူးတဲ့၊ ဒါက သက်သက် စဉ်းစားဉာဏ်
ကင်းမဲ့တာပဲလို့ ဒီလို ပြောတယ်၊ သဒ္ဓါဆိုတာ အဲဒီဟာမျိုးမဟုတ်ဘူးတဲ့
ယုံကြည်ထိုက်တဲ့ နေရာမှာ ယုံကြည်တာမျိုး သဒ္ဓါလို့ သုံးရတယ်၊ ဒါက အဋ္ဌကထာဆရာရဲ့
ဆွေးနွေးချက်နော်။
နောက်တစ်မျိုး
စဉ်းစားကြည့်မယ်ဆိုရင် ယုံကြည်တာတွေဟာ ပညာနဲ့ ယုံကြည်တာ ရှိတယ်၊ ပညာမဲ့ ယုံကြည်တာ
ရှိတယ်၊ အဲဒီတော့ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ သဒ္ဓါဆိုတာ ပညာနဲ့ အထိန်းပါတဲ့
အသိဉာဏ်နဲ့ယုံကြည်တဲ့ သဒ္ဓါလို့ ဒီလိုယူမယ်ဆိုရင် သဒ္ဓါ “ယုံတာတွေဟာ သဒ္ဓါတော့
သဒ္ဓါပဲ၊ သို့သော် ပညာမဲ့သွားရင် လမ်းချော်သွားနိုင်တယ်” လို့ ဒီလိုမှတ်ရမယ်နော်။
** ဆက်ရန် ** {သတိ၊ သတိထားမှုနှင့် မှတ်မိမှု၊ သတိနှင့် ပညာ၊ ဟိရီ သြတ္တပ္ပ }
*ကောက်နှုတ်ချက်*အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (စာ ၃၀၂- ၃၁၀) မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။
No comments:
Post a Comment