@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Sunday 1 June 2014

အနာဂတ်သာသနာရေး အပိုင်း(၅၀) သမ္မာသင်္ကပ္ပ



သမ္မာသင်္ကပ္ပ
**********
ကာမသင်္ကပ္ပ
[သမ္မာ = ကောင်းသော, အပြစ်ကင်းသော+သင်္ကပ္ပ = ကြံစည်မှု, စိတ်ကူးမှု, စဉ်းစားမှု၊]  လောက၌ ““မိစ္ဆာသင်္ကပ္ပ””ဟု ခေါ်ရသော မကောင်းသော အကြံ အစည် စိတ်ကူးစဉ်းစားမှု များသည် ““ကာမသင်္ကပ္ပ, ဗျာပါဒသင်္ကပ္ပ, ၀ိဟိံသာသင်္ကပ္ပ””ဟု သုံးမျိုးရှိ၏၊
ချဲ့ဦးအံ့… လှပသောအဆင်း, သာယာဖွယ်အသံ, မွှေးကြိုင်သောအနံ့, ကောင်းသောအရသာ, ကောင်းသောအတွေ့အားဖြင့် ငါးပါးသော ကာမဆိုင်ရာအာရုံများကို ခံစားချင်သော ဇောစိတ်ဖြင့် တွေးတောကြံစည် စိတ်ကူးနေခြင်း, ခံစားပြီးသည်ကို  မှန်းဆ၍ တမ်းတအောက်မေ့နေခြင်း ထိုအာရုံ များကို ခံစားဖို့ရန် ပစ္စည်းဥစ္စာ, နေရာထိုင်ခင်း, အိမ်ဝင်း ဥယျာဉ် စသည်တို့ကို ရအောင် ရှာဖွေကြံစည်နေခြင်းသည် ကာမဆိုင်ရာကို ကြံစည်နေသော ကာမသင်္ကပ္ပ မည်၏။

အနာဂတ်သာသနာရေး အပိုင်း(၄၉) သမ္မာဒိဋ္ဌိ

သမ္မာဒိဋ္ဌိ
[သမ္မာ = မှန်သော + ဒိဋ္ဌိ = အမြင် (အသိဉာဏ်)]
မှန်သော ဉာဏ်အမြင်ကို ““သမ္မာဒိဋ္ဌိ””ဟု ခေါ်၏၊ ထို သမ္မာဒိဋ္ဌိသည် ကမ္မဿကတာဉာဏ်, ၀ိပဿနာဉာဏ်ဟု နှစ်မျိုးရှိ၏၊ ကောင်းသောအရာဖြစ်စေ, မကောင်းသောအရာဖြစ်စေ သိသိ သာသာ စိတ်ပါလက်ပါ ပြုအပ်သော ကိုယ်မှု နှုတ်မှု စိတ်မှုတို့သည် အမှတ်တမဲ့စိတ်များနှင့် မတူဘဲ ဆိုင်ရာကိစ္စ၌ ဗျာပါရ ရှိနေကြသည်၊ ထိုစိတ်၏ ဗျာပါရ (စိတ်၏လှုံ့ဆော်မှု)ကိုပင် အဘိဓမ္မာသဘော အားဖြင့် ““စေတနာစေတသိက်””ဟု ခေါ်၍ ထိုလှုံ့ဆော်မှု စေတနာ ဗျာပါရကိုပင် ““ကံ=အမှုသည်=လက်သည်””ဟု ဆိုရပါသည်၊ ပြုလုပ် ပြောဆို ကြံစည်စိတ်ကူးပြီးသောအခါ ထို(စေတနာ)ကံသည် ချုပ်ကွယ်သွားသော်လည်း သူ၏သတ္တိကား မပျောက်ကွယ်ဘဲ ခန္ဓာ အစဉ်မှာ တည်ရှိရစ်ပါသည်။

အနာဂတ်သာသနာရေး အပိုင်း(၄၈) အတ္တကိလမထအကျင့်



အတ္တကိလမထအကျင့်
          [အတ္တ = အတ္တဘော = ခန္ဓာကိုယ် +  ကိလမထ=ပင်ပန်းကြောင်းအကျင့်]
ဗုဒ္ဓ ထွန်းပေါ်တော်မမူမီက ရသေ့တို့သည် ခန္ဓာကိုယ်တွင်း၌ ကိလေသာ ကာမစိတ်တွေ သောင်းကျန်းနေခြင်း၏ အပြစ်ကို မြင်ကြ၍ ထိုကာမစိတ်ဓာတ် နည်းပါးစေနိုင်သော အကျင့်ကို ရှာကြလေရာ ““ခန္ဓာကိုယ် ၀၀ဖြိုးဖြိုးနှင့် တိုးတက်စည်ပင်နေလေသမျှ ကာမတဏှာ ကိလေသာ အစိုအစေးဓာတ်လည်း မပြတ်စိုနေစရာ ရှိ၏၊ ဤခန္ဓာကိုယ် မစိုမလန်း ခြောက်ခန်းနေလျှင် ထန်းနို့ခြောက်မှ ထန်းရည် မထွက်နိုင်သကဲ့သို့ ကိလေသာ အစိုဓာတ်လည်း ခြောက်ကပ် ပျောက်ကွယ်ဖွယ် ရှိ၏””ဟု ကြံဆပြီး မိမိ ကိုယ်ခန္ဓာ ပင်ပန်းနွမ်းနယ်အောင် နှယ်ကြလေတော့၏၊ အစာကို ခြိုးခြံကာ ပဲပြုတ်ရည်ကလေးမျှလောက်ကိုသာ စားသောက်၍ ကျင့်ကြ၏၊ (အလောင်းတော်သည်ပင် ထိုအကျင့်ကို ကျင့်ခဲ့သေး၏၊)
အချို့ကား နွေခေါင်ခေါင် နေပူ၌ လေးမျက်နှာက မီးဖိုကြီး လေးဖို ဖိုပြီးလျှင် ထိုအလယ် ၀င်နေ၍ နေပူနှင့်တကွ အပူငါးမျိုးကို ခံကာ ““ပဉ္စာတပ= ပဉ္စ + အာတပ””ခေါ် အကျင့်ဖြင့် ကိလေသာအစို ပျောက်အောင် ခန္ဓာကိုယ်ကို အပူတိုက်ကြလေ၏၊ အချို့ကမူ ခုတင် စသည်၌ ဆူးတွေ စိုက်ပြီးမှ အနာခံ၍ အိပ်ကြလေ၏၊ ထိုသို့ နာကျင်နေလျှင် ကိလေသာစိတ်တွေ မဖြစ်နိုင်တော့ဟု ယူဆကြလေသည်၊ တချို့ ကား ““ချမ်းပါပေ့””ဟု ဆိုရသော ဆောင်းကာလ၀ယ် ရေချိုးကာ ကိလေသာကို ရေ၌ မျှောကြ၏၊ ထိုအကျင့်မျိုးတွေကို ““အတ္တ ကိလမထအကျင့်””ဟု ခေါ်၏။

အနာဂတ်သာသနာရေး အပိုင်း(၄၇) အဓိပ္ပာယ်ရှင်းပြချက်



အဓိပ္ပာယ်ရှင်းပြချက်
ဤအခန်းကို   ကြည့်ရှုသူတို့အား ဓမ္မစကြာတရား စ၍ ဟောတော် မူချိန်ကို ခန့်မှန်းစေလိုပါသည်၊ ရှင်တော်မြတ်သည် ဗုဒ္ဓဖြစ်ပြီးခါစ သက်တော် (၃၅)နှစ် အရွယ်မျှဝယ် ကမ္ဘာလောက၌ ထူးခြားသော တရားတော်ကို ပထမဆုံး ဟောတော်မူရမည့် အခါပေတည်း၊ လူ ပုဂ္ဂိုလ်ထဲက ငါးဦးမျှသောပဉ္စ၀ဂ္ဂီတို့သည် တရားဦးကို နာယူမည်ဟု မျှော်လင့်တောင့်တ စောင့်ဆိုင်းခဲ့ကြသည်မှာ (၃၅)နှစ်လောက်ပင် ကြာပါပေပြီ၊ 
ယခုအချိန်မှာ သူတို့ မျှော်လင့်နေသော အလောင်းတော်မင်းသား၏ ဗုဒ္ဓဖြစ်ကြောင်းကို ယုံကြည်လာကြပြီ ဖြစ်၍ တရားတော်ကို နာလိုသောဆန္ဒလည်း အလွန်ထက်သန်လျက် ရှိကြပေလိမ့်မည်၊ နေရာဌာနမှာလည်း လူသံကင်းဝေး အေးဆေးငြိမ်သက် လှစွာ မိဂဒါဝုန် ရဂုံမြိုင်တွင်းဖြစ်၏၊ အချိန်မှာ ၀ါဆိုလပြည့်နေ့ဝယ် နေစွယ်ယွန်း၍ လ၀န်းပေါ်စအချိန် ဖြစ်ပေသည်၊ ထိုအချိန်ကောင်းဝယ် အရွယ် (၃၅)နှစ်မျှ အားအင်တော်ပြည့်၍ ၀ါဝင်းသပ္ပာယ်သော ကိုယ်ခန္ဓာတော်တွင် ကြည်လင်အေးမြသော မျက်နှာတော်ဖြင့် သာယာသော အသံတော်ကို ထုတ်ဖော်ကာ ““ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ”” အစချီသော တရားရတနာကို မိန့်တော်မူပါသည်။

အနာဂတ်သာသနာရေး အပိုင်း(၄၆)ဓမ္မစကြာတရားတော်



ဓမ္မစကြာတရားတော်
အမှာစကား
ဤတရားတော်ကို နဂို ဟောတော်မူရင်း အစဉ်အတိုင်း နားလည်လောက်အောင် ရေးနေရလျှင် ထိုတရားတော်ဖြင့် ဓမ္မအခန်း တစ်ခန်းလုံး ဖုံးသွားဖွယ်ရှိ၏၊ ဤကျမ်းကား တရားတော်၏ လေးနက်ပုံကိုလည်းကောင်း, ထိုတရားတော်ကို ဟောပြတော်မူသော ဗုဒ္ဓ၏ ဉာဏ်တော်ကိုလည်းကောင်း,  (မယုံကြည်တတ်သေးသူတို့) မှန်းဆကြစေလိုသည့်အပြင် ထိုတရားတော်အရ တည်ဆောက်ထားသော သာသနာ့အဆောက်အအုံကြီးကို ခိုင်ဖြီး ခမ်းနားအောင် ပြုပြင်လိုသောကြောင့် စီစဉ်အပ်သော ကျမ်းစာဖြစ်ရကား တရားတော် အစဉ်ကျအောင် လုံးစေ့ပတ်စေ့ ရေးခွင့်မရတော့ပါ၊ ထို့ကြောင့် ထိုထိုသုတ္တန်တော်ကြီးများမှ လိုရင်း အချက်များကိုသာ ထုတ်ဖော်ညွှန်ပြရပါလိမ့်မည်။

အနာဂတ်သာသနာရေး အပိုင်း(၄၅) ဗုဒ္ဓရှင်တော်နှင့်ပဉ္စ၀ဂ္ဂီ



ဗုဒ္ဓရှင်တော်နှင့်ပဉ္စ၀ဂ္ဂီ
ပဉ္စ၀ဂ္ဂီတို့နှင့်တွေ့ပုံ
ထိုသို့  ဆွမ်း စသည်ကို  စားတော်မူလျှင် မကြာခင်နဂိုအသားအရေဖြစ်၍ လမ်းမှန် ကျကျ တရားအားထုတ်တော်မူလေရာ ပထမဈာန်မှ စ၍ လောကီ ဈာန်ကို ရတော်မူပြီးလျှင် အတော်ကြာသောအခါ ဗုဒ္ဓအခန်း၌ ပြခဲ့သည့်အတိုင်း ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူပြီးနောက် တရားဦး ဟောဖို့ရန် ပဉ္စ၀ဂ္ဂီတို့ ရှိရာ မိဂဒါဝုန်တောသို့ ကြွတော်မူလေသော် ပဉ္စ၀ဂ္ဂီတို့သည် ဗုဒ္ဓရှင်တော်မြတ်ကို ““ဗုဒ္ဓ မဖြစ်သေး””ဟု အယူရှိ သောကြောင့် ““ငါ့ရှင် ဂေါတမ””ဟု ပြောဆိုကြလေသည်။
ပဉ္စ၀ဂ္ဂီ                    ငါ့ရှင် ဂေါတမ… ဥရုဝေလတော၌ ကမ္မဋ္ဌာန်းအား ထုတ်နေစဉ် ကျုပ်တို့က ငါ့ရှင်ရဲ့ သပိတ်, သင်္ကန်းကို ယူပြီး (ဟိုဟိုသည်သည်)လှည့်လည်ခဲ့ကြတယ်နော်၊ မျက်နှာသစ် ရေ, တံပူတို့ကိုလည်း ပေးခဲ့ကြတယ်၊ ငါ့ရှင်နေတဲ့ ကျောင်း တလင်းကိုလည်း တံမြက်လှည်းခဲ့ကြ တယ်၊ သည့်နောက် ကျုပ်တို့ ဒီရွှေ့လာတဲ့အခါ ဘယ်သူက ၀တ်ကြီး ၀တ်ငယ် ပြုပါသလဲ။

အနာဂတ်သာသနာရေး အပိုင်း(၄၄) အတ္တကိလမထအကျင့်



အတ္တကိလမထအကျင့်
ဤသို့ ပင်ပန်းခံ၍ ကျင့်ခြင်းကို ““ အတ္တကိလမထအကျင့် ”” ဟု ခေါ်၏၊ (အတ္တ= ခန္ဓာကိုယ် အတ္တဘောကို + ကိလမထ= ပင်ပန်း ခံကြောင်းအကျင့်) ထိုခေတ်က ထိုကဲ့သို့ ပင်ပန်းခံသော အကျင့် များကို အသားယူ၍ ဘုရားတစ်ဆူ လုပ်နေကြသူတွေရှိ၏၊ ရေပူ ရေချမ်း ကမ်းလှမ်း၍ လုပ်ကျွေးနေကြသော ပဉ္စ၀ဂ္ဂီတို့လည်း ထိုသို့ ပင်ပန်းစွာ ကျင့်၍ နေပုံကို မြင်ရသဖြင့် ဧကန် ဗုဒ္ဓဖြစ်တော့မှာပဲဟု အားရပါးရ မျှော်လင့်နေကြလေသည်၊ အလောင်းတော်မှာကား ထိုမျှလောက် အပင်ပန်းခံမှုကြောင့် ဗုဒ္ဓဖြစ်ခန်းနှင့် ဝေးသော လမ်းမှားကို လိုက်သွားမိလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၄၃) အလောင်းတော်ကြိုးစားပုံ



အလောင်းတော်ကြိုးစားပုံ
[ဒုက္ကရ = ခဲယဉ်းစွာ ပြုအပ်သောအကျင့်ကို+စရိယာ=ကျင့်ပုံ၊] ဤ နေရာ၌ ဒုက္ကရစရိယာကျင့်ပုံကို အကျဉ်းမျှ ပြအံ့၊ အလောင်းတော် သည် ကာမအာရုံ၌ ခံစားလိုစိတ် မရှိသဖြင့် အတွင်းဓာတ် မစိုသော ထင်းနှင့် တူ၏၊ ယသော်ဓရာထိပ်ခေါင်တင်နှင့်တကွ မောင်းမမိဿံ အခြွေအရံများကို လွတ်လွတ်ကျွတ်ကျွတ်စွန့်ခဲ့ပြီးဖြစ်၍ ရေမနီးသော  ကုန်းခေါင်ခေါင်ကြီး၌ ပစ်၍ထားအပ်သော ထင်းနှင့်တူသည်၊ ထို့ကြောင့် အလောင်းတော်သည် ထင်လာသော ဥပမာသုံးချက်တွင် တတိယဥပမာနှင့် တူနေပေပြီ၊ ရှေ့ကို ကြိုးစားလျှင် တရားထူးမီး ထွက်ဖို့ရာ အဆင်သင့်ပေတည်း။
          ထို့ကြောင့် ဗုဒ္ဓအလောင်းတော်သည် (ငါလို ပုဂ္ဂိုလ်မျိုးအား ထူးခြားသော အသိဉာဏ်မရဘဲ နေနိုင်မည်လား)ဟု အံကြိတ်၍ တောက်ခေါက်ပြီးလျှင် အကုသိုလ်စိတ်ကို ကုသိုလ်စိတ်ဖြင့် (မီးပွတ်သလို) အတင်းဖိနှိပ်ကာ မဆုတ်မနစ် အပူတပြင်း ကြိုးစားတော်မူလေသည်၊ ထိုအခါ လက်ကတီးကြား (ချိုင်းကြား)တို့မှ ချွေးများ ယိုစီးလာ၏၊ ၀ီရိယကား အလွန်ပြင်းထန်၏၊ ဆုတ်နစ်ခြင်း လုံးဝမရှိ၊ သတိလည်း အကုသိုလ်စိတ် မဖြစ်ရအောင် အလွန်ကောင်းစွာ ထားလျက်ရှိသည်၊ ထိုသို့ ဆင်းရဲပင်ပန်းခံကာ ကြိုးစားအားထုတ်မှုက နှိပ်စက်သဖြင့် ခန္ဓာကိုယ်သည် အေးမြငြိမ်းချမ်းခြင်းမရှိဘဲ ပူလောင် နေသကဲ့သို့ ဖြစ်ရလေသည်။ [ထိုအချိန်မှာ အလောင်းတော်သည် အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်တော်မူနေသည်။]
ထွက်သက် ၀င်သက်ချုပ်ပုံ
ထို့နောက် အလောင်းတော်သည် အသက် မရှူမရှိုက်ဘဲ ပါးစပ်နှင့် နှာခေါင်းတို့မှ လေ၀င် လေထွက် မရှိရအောင် ချုပ်တည်းစမ်းတော်မူ၏၊ ထိုအခါ နှာခေါင်းပေါက်တို့မှ လေတွေ ထွက်လာ၏၊ ပန်းပဲဖိုမှ ထွက်သောလေသံကဲ့သို့် ထိုလေသံသည် အလွန်ပြင်းထန်၏၊ ထိုအခါ နှာခေါင်းပေါက်မှလည်း လေမထွက်အောင် ချုပ်တည်းတော်မူပြန်၏၊ ထိုအခါ ထွက်ပေါက်မရ၍ မထွက်ရသော လေတို့သည် ဦးထိပ်သို့ တက်ကာ (ထက်စွာသောစူးဖြင့် မွှေသကဲ့သို့) ဦးထိပ်ကို မွှေနှောက် လေတော့၏။
          ထိုနည်းအတိုင်း ထွက်သက် ၀င်သက်တို့ကို ချုပ်တည်းထားပြန်ရာ အလွန်ပြင်းထန်သော ခေါင်းကိုက်ဝေဒနာ ဖြစ်ပေါ်လာလေ၏၊ အလွန် တင်းကျပ်စွာ သားရေပိုင်းဖြင့် ဦးခေါင်းကို စည်းထားသကဲ့သို့ တင်းကျပ်ကြီး ဖြစ်နေတော့၏၊ ထိုမှ တစ်ဖန် လေတို့သည် ၀မ်းဘက်သို့ လှည့်ကာ (နွားသတ်သမားက ဓားထက်ထက်ဖြင့် နွား၏ ဗိုက်ကို ဖြတ်လိုက်သကဲ့သို့) အလွန်ပြင်းထန်သော လေသည် ၀မ်းကို ဖြတ်လှီးသကဲ့သို့ ဖြစ်၏၊ ထို့နောက် မီးကျီးတွင်းထဲ ဆွဲချ လိုက်သကဲ့သို့ တစ်ကိုယ်လုံး ပူလောင်လာလေသော် စင်္ကြံသွားရင်း မူးမိုက်၍ လဲရှာလေတော့သည်၊ ထိုသို့ လဲ၍ မူးမေ့နေသောအခါ တချို့ နတ်များက ““သေပြီ””ဟု ထင်၍ နတ်အချို့က ““ရဟန္တာဖြစ်၍ သမာပတ်ဝင်စားနေတာ””ဟု ထင်မှားကြလေသတတ်။
အစားလျှော့၍ ဒုက္ခဖြစ်ပုံ
ထို့နောက် သတိရလာ၍ ၀ီရိယ မလျှော့သည့်အပြင်  လုံးလုံး အစာမစားဘဲ ကျင့်ရန် ကြံပြန်လေရာ (အစာမစားလျှင် နတ်တို့က နတ်သြဇာကို သွင်းပေးမည်စိုးသောကြောင့်) တစ်လက်ခုပ်လောက် တစ်လက်ခုပ်လောက် ပဲပြုတ်ရည်ကိုသာ သောက်၍ ကျင့်ပြန်လေသည်၊ ထိုသို့ အစာကို သိပ်လျှော့လိုက်ခြင်းကြောင့် ခန္ဓာကိုယ်သည် အလွန်အမင်း ပင်ပန်းတော်မူ၏၊ အရိုး အဆစ်တွေ ပေါ်နေ၏၊ တင်ပါးသားများပင် မရှိတော့ဘဲ ကုလားအုတ်၏ ခွာကဲ့သို့ ဖြစ်နေ၏၊ ကျောရိုးများလည်း ကိုးရိုးကားရား ဖြစ်နေတော့၏၊ နံရိုးများလည်း မမိုးရသေးသော အိမ်အချင်များကဲ့သို့ ကျိုးတိုးကျဲတဲ ဖြစ်နေ၏၊ မျက်လုံးများလည်း မျက်လုံးအိမ်အတွင်းသို့ဝင်ကာ ရေတွင်းထဲက ရေပွက်ကလေးကဲ့သို့ ထင်ရလေ၏။
          ဦးခေါင်းတော်ကား လေပူ နေပူလောင်ထား၍ ရှုံ့တွနေသော ဘူးခါးသီးကဲ့သို့ ဖြစ်နေ၏၊ ၀မ်းရေလည်း ကျောသို့ ကပ်နေရကား ၀မ်းဗိုက်ကို စမ်းလိုက်လျှင် ကျောရိုးများကို စမ်းသပ်မိတော့၏၊ အားလုံးသော အသားအရေ ရှုံ့တွနေရကား ကျင်ကြီးကျင်ငယ် စွန့်လျှင် လွယ်လွယ်နှင့် စွန့်၍မရဘဲ ထိုင်ရာမှ မှောက်လျက် လဲသွားတတ်လေသည်၊ အလောင်းတော်၏ နဂိုအသားအရေမှာ ၀ါဝင်း စိုပြေလှ၏၊ ထိုစဉ်ကမူ မည်းခြောက်၍ နေလေတော့သည်။
 
Credit to

အနာဂတ်သာသနာရေး အပိုင်း(၄၂) ဒုက္ကရစရိယာကျင့်တော်မူပုံ



ဒုက္ကရစရိယာကျင့်တော်မူပုံ
ပဉ္စ၀ဂ္ဂီငါးယောက်      
ငါးယောက်သော ပုဂ္ဂိုလ်များ၏အစု(အဖွဲ့)ကို ““ပဉ္စ၀ဂ္ဂီ”” ဟု ခေါ်၏၊  ဗုဒ္ဓ အလောင်းတော် ဖွားမြင်တော်မူ၍ မကြာမီ သုဒ္ဓေါဒနမဟာရာဇာသည်  ဗြာဟ္မဏပဏ္ဍိတ်  တရာ့ရှစ်ယောက်တို့ကို  ဖိတ်မန်၍ ကောင်းမွန်စွာ ကျွေးမွေးပြီးလျှင် ထိုဗြာဟ္မဏတို့တွင် ပညာအရှိဆုံး ရှစ်ယောက်ကို ရွေး၍ အလောင်းတော်ကလေး၏ ရုပ်လက္ခဏာ တော်ကို ကြည့်ရှုစေရာ ခုနစ်ယောက်သော ဗြာဟ္မဏတို့က ““ရုပ် လက္ခဏာအလိုအားဖြင့် တောထွက်လျှင် ဗုဒ္ဓဖြစ်ရမည်၊ လူ့ဘောင် နေလျှင် စကြာမင်းဖြစ်ရမည်””ဟု ဟောကြ၍ အငယ်ဆုံး ကောဏ္ဍည ဗြာဟ္မဏကမူ ““ဧကန်မုချ ဗုဒ္ဓ ဖြစ်ပါလိမ့်မည်””ဟု ဟောသည်။
          ထိုတွင် ကောဏ္ဍညဗြာဟ္မဏသည်““အိမ်ရာထောင်၍ လူ့ဘောင်နေလျှင် သားသမီးတွေနှင့် အစွန့်ရခက်မည်””ဟု ယူဆ၍ ထိုဗြာဟ္မဏ တို့၏ သားလေးယောက်နှင့်အတူ တောထွက်ပြီးလျှင် ရသေ့လုပ်ကာ အလောင်းတော်မြတ်၏ တောထွက်လာချိန်ကို စောင့်နေနှင့်၏၊ [ဗြာဟ္မဏရှစ်ယောက်တွင် သုံးယောက်က ဗုဒ္ဓနှင့်စကြာမင်းဟု နှစ်ခွန်း, ငါးယောက်က ဧကန် ““ဗုဒ္ဓဖြစ်ရမည်””ဟု ဟောပြီးလျှင် ထိုငါးယောက်သည်ပင် တောထွက်၍ ရသေ့လုပ်နေကြသည် ဟုလည်း ပါသရာသိသုတ်၌ တစ်နည်းပြ၏၊] ဗုဒ္ဓအလောင်းတော် တောထွက်လာသောအခါ သူတို့သည် ဗုဒ္ဓဖြစ်အောင် အားထုတ်နေ သော အလောင်းတော်ကို ရေပူရေချမ်း ကမ်းလှမ်းလုပ်ကျွေးနေကြလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၄၁) သုတ္တန်တရားတော်



သုတ္တန်တရားတော်
သုတ္တန်တရားတော်များ၌  ဗုဒ္ဓနှင့် ဗုဒ္ဓသာဝကတို့၏ ရှေးဖြစ်ဟောင်း(ဇာတ် ကြောင်း) များလည်း ပါ၏၊ မင်္ဂလသုတ်, သိင်္ဂါလောဝါဒသုတ် စသည် ကဲ့သို့ လူအများ၏ ကိုယ်ကျင့်တရားများလည်း ပါ၏၊ လူ နတ် ဗြဟ္မာ တို့၏ အမေးပုစ္ဆာ ပြဿနာကို ဖြေရှင်းထားသော တရားများလည်း ပါ၏၊ ဒါနအကျိုး, သီလအကျိုး စသည်များနှင့်တကွ အကုသိုလ် ဒုစရိုက်များ၏ မကောင်းကျိုးများလည်း ပါ၏၊ သစ္စာလေးပါး, ပဋိစ္စ သမုပ္ပာဒ်, သတိပဋ္ဌာန် စသော အလွန်လေးနက်သော တရားများလည်း ပါ၏၊ ပညာရှိ လူ နတ် ဗြဟ္မာ တို့၏ စိတ်ကို ဆွဲဆောင်နိုင် သော (သတ္တ၀ါတို့ကို အကျွတ်တရားရစေနိုင်သော)တရားတော်ကား (၀ိနည်းနှင့် အဘိဓမ္မာ မဟုတ်) ဤသုတ္တန်တရားတော်များပင်တည်း၊
[ သုတ္တန်ဒေသနာတော်များကို  ဝေါဟာရဒေသနာဟု ခေါ်၏၊ ၀ိသေသေန-၀ိနည်း အဘိဓမ္မာတို့မှ ထူးသောအားဖြင့်၊ မနံ-သတ္တ၀ါ တို့၏ စိတ်ကို၊ ဟရတိ-ဆောင်ယူနိုင်၏၊ ဣတိ-ထို့ကြောင့်၊ ဝေါဟာရော-ဝေါဟာရ မည်၏၊]
မှန်၏၊…  ဓမ္မစကြာတရားတော်သည် သုတ္တန်ပင်တည်း၊ ထိုဓမ္မစကြာတရားတော်၏ အဆုံး၌ အရှင် ကောဏ္ဍညနှင့်တကွ ကုဋေများစွာ နတ် ဗြဟ္မာတို့ ကျွတ်တမ်းဝင်ကြပါသည်။

အနာဂတ်သာသနာရေး အပိုင်း(၄၀) နာမ်ကလာပ်စည်း ၊ ရုပ်ကလာပ်စည်း




နာမ်ကလာပ်စည်း
စိတ်တစ်ခုတစ်ခု ဖြစ်ရာ၌ စိတ်သက်သက် ဖြစ်သည် မဟုတ်၊ စိတ်နှင့်အတူ ဖြစ်၍ အတူ ပျက်ကြသော စေတသိက်ခေါ် တရားစုလည်း ပါဝင်ကြသေး သည်၊ ထိုတရားများကား အာရုံကို ဓာတ်သဘောအလိုက် ထိခိုက် သော ဖဿ, အာရုံအရသာကို ခံစားသော ဝေဒနာ, အာရုံကို မှတ် သားးသော သညာ, တွဲဖက်တရားများကို ဆိုင်ရာကိစ္စများ၌ ဆောင် ရွက်ဖို့ရာ  လှုံ့ဆော်သော စေတနာ,  အာရုံ၌ (တစ်ခဏမျှဖြစ်စေ) ငြိမ်သက်စွာ တည်တံ့နေသော ဧကဂ္ဂတာ (သမာဓိ), ထိုတရားတို့၏ အသက်ဟု ခေါ်ရသော ဇီဝိတိနြေ္ဒ, ထိုအာရုံကို နှလုံးသွင်းသော “မနသိကာရ”ဟု (အနည်းဆုံးအားဖြင့်) ဤတရား ခုနစ်ပါးသည် လည်း အမြဲပါနေပေသည်၊ ဤသို့ စိတ် စေတသိက်တို့ အစုလိုက် အစုလိုက် ဖြစ်ခြင်းကို ““နာမ်ကလာပ်””ဟု ခေါ်ကြစို့။ [နာမ=နာမ်+ ကလာပ=အစု။]

အနာဂတ်သာသနာရေး အပိုင်း(၃၉) ၀ိနည်းတရားတော်ကို ပြန်လည်ထူထောင်သင့်ပုံ



ဝိနည်းတရားတော်ကို  ပြန်လည်ထူထောင်သင့်ပုံ
ဝိနည်းတရားတော် အတိုင်းသာ ရဟန်းတော်များ   နေထိုင် သွားလာ ပြောဆိုကြပါလျှင် မြန်မာ လူုမျိုးတို့၏လေးစားခြင်းသာမက ကမ္ဘာပေါ်တွင် ယဉ်ကျေးသည်ဟု ခေါ်ရသော လူတိုင်းကပင် လေးစားခြင်းကို ခံရလောက်ပါပေ၏၊ ရှေးတုန်းက ဗြာဟ္မဏတစ်ယောက်သည် ၀ိနည်းကျမ်းစာများကို ဖတ်ရုံမျှဖြင့် သာသနာတော်ကို ကြည်ညိုစိတ် ဖြစ်လာခဲ့ရ၏၊
ဓမ္မာသောကမင်းတရားလည်း ၀ိနည်းနှင့်အညီ ဣနြေ္ဒရရ သွားနေသော နိဂြောဓသာမဏေငယ်ကို မြင်သည်မှစ၍ သာသနာ့ဒါယကာ ဖြစ်လာသည်၊ ဤသို့လျှင် “၀ိနယ”ဟုခေါ်သော ဥပဒေသတရား တော်သည် မြင်သူတိုင်း လေးစားရလောက်အောင် စည်းကမ်းနည်း လမ်းကို ညွှန်ပြထားပေရကား အနာဂတ်ကာလ၌ ဗုဒ္ဓ၏ သာသနာကို အထက်တန်းရောက်အောင် ပြုပြင်လိုကြသော ရဟန်း လူ ရှင်  သူတော်စင်တို့သည် ထိုဝိနည်းဥပဒေသတော်ကြီးကို ပြန်၍ ထင်ရှား ထွန်းကားလာအောင် ပထမဆုံး ကြိုးစားသင့်ကြပေသည်။

အနာဂတ်သာသနာရေး အပိုင်း(၃၈) ငါတို့ ဗုဒ္ဓကို ဓမ္မဖြင့်အကဲဖြတ်လော့



၂။ ဓမ္မရတနာအခန်း
ဓမံ္မ သရဏံ ဂစ္ဆာမိ။
     ငါတို့ ဗုဒ္ဓကို ဓမ္မဖြင့်အကဲဖြတ်လော့
          စိတ်ရင်းစေတနာ ဖြူစင်စွာဖြင့် အများကောင်းကျိုးကိုသာလျှင်   လိုလားနေသော လူကြီးသူမတစ်ယောက်၏ ပြောလေသမျှ စကားတွေနှင့် ပြုလေသမျှ အလုပ်တွေသည် အများ နှစ်သက်စရာတွေချည်းသာ ဖြစ်တော့သကဲ့သို့ ထို့အတူ အူလှိုက် အသည်းလှိုက်ဆိုသလို သတ္တ၀ါအကျိုးကို လိုလားတော်မူ၍ ထိုလိုလားတော်မူသည့်အတိုင်း နောက်ဆုံးအချိန်ထိအောင် အများအကျိုးကို ဆောင်နိုင်သော ဗုဒ္ဓ၏တရားတော်များသည် သတ္တ၀ါများ နှစ်သက်စရာ အကျိုးရှိစရာတွေချည်း ဖြစ်နေတော့၏၊
အလုပ်ကောင်း လုပ်နေသူ လူတစ်ယောက်ကို နဂိုသာမန်ဟု ထင်ခဲ့ကြသော်လည်း သူ၏အလုပ်ကြောင့် လူအများ အကျိုးရနေသည်ကို တွေ့ရ သောအခါ (ကိုယ်တိုင်လည်း အကျိုးရလာသောအခါ) ထိုသူ့ကို မလေးစားဘဲ မနေသာတော့သကဲ့သို့ ထို့အတူ ဗုဒ္ဓ၏တရားတော်အရ နေထိုင်၍ ကျင့်ကြံ၍ သုခရနေသူများကို မြင်ရသောအခါ သို့မဟုတ် ကိုယ်တိုင်ကျင့်၍ ချမ်းသာသုခ ခံစားရသောအခါ ဗုဒ္ဓ ရှင်တော်ကို မလေးစားဘဲ မနေနိုင်တော့ပါ၊

အနာဂတ်သာသနာရေး အပိုင်း(၃၇) ပရိနိဗ္ဗာန်စံတော်မူခြင်း

ပရိနိဗ္ဗာန်စံတော်မူခြင်း          
ဤသို့   မိန့်တော်မူပြီးနောက်  ……
ညောင်စောင်းငယ်ပေါ်မှာ လျောင်းမြဲ လျောင်းတော်မူလျက်သာလျှင် ဗုဒ္ဓရှင်တော်မြတ် လှုပ်တော်မမူပြီ၊ ပထမဈာန်မှ စ၍ အစဉ်အတိုင်း သမာပတ် ၀င်စားတော်မူကာ လွန်စွာငြိမ်သက်တော်မူ၏၊ ထိုအချိန်မှာ အရှင်အာနန္ဒာကိုယ်တိုင်ပင် ပရိနိဗ္ဗာန်စံတော်မူပြီဟု ထင်၍ အရှင်အနုရုဒ္ဓါကို မေးရလေသည်၊ အရှင်အနုရုဒ္ဓါက ပရိနိဗ္ဗာန် စံတော်မမူသေးကြောင်း နိရောဓ သမာပတ် (စိတ် စေတသိက် ချုပ်၍ ရုပ်တချို့သာ ရှိနေသော သမာပတ်)သို့ ရောက်နေကြောင်းကို မိန့်တော်မူ၏၊ 
ထိုသို့ ဈာန် သမာပတ်များကို ထပ်ပြန်တလဲလဲ ၀င်စားတော်မူသည်မှာ … သမာပတ်ပေါင်း အကြိမ်ပေါင်း    ကုဋေ နှစ်သန်းလေးသိန်း အရေအတွက် ရှိလေသည်၊ သမာပတ်အားလုံး ပြီးဆုံး၍ အရုဏ်ရောင်ခြည် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဗုဒ္ဓရှင်တော်၏ ၀ိညာဉ် တော်နှင့် (ကံကြောင့် ဖြစ်တည်လျက်ရှိသော) ရုပ်ဓာတ်တော်သည် (နောက်ထပ် အဆက်မရှိတော့ဘဲ) ခန္ဓာတော် ဇာတ်သိမ်း၍ ချုပ်ငြိမ်း တော် မူပါသတည်း။

အနာဂတ်သာသနာရေး အပိုင်း(၃၆) နောက်ဆုံးအထိ ကြိုးစားတော်မူခြင်း



နောက်ဆုံးအထိ ကြိုးစားတော်မူခြင်း
ဗုဒ္ဓသည်  သက်တော် ရှစ်ဆယ်ပြည့်ရာ နောက်ဆုံးအချိန်    ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်ဝယ် ညောင်စောင်း (ခုတင်ငယ်)ပေါ်၌ ၀မ်းတော်လားသော ရောဂါဖြင့် အလွန်အားနည်းစွာ လျောင်းနေတော်မူ၏၊ “နောက် သုံးလကြာလျှင် ပရိနိဗ္ဗာန်စံတော်မူမည်”ဟူသော အကြောင်းကိုလည်း ဗုဒ္ဓရှင်တော်၏ မိန့်တော်မူချက်အရ အများပင် သိနှင့်ကြပြီး ဖြစ်ရကား ထိုအရပ်သို့ ရဟန်းတော် အများအပြားနှင့် နတ် ဗြဟ္မာ များစွာသာ မက ကုသိနာရုံမြို့တွင်းမှ မင်းနှင့် မှူးမတ်စသော ပရိသတ်အများလည်း ရောက်လာကြသည်၊
ကုသိနာရုံ မင်း မှူးမတ်တို့ ကိုယ့် အစုအရုံးနှင့်ကိုယ် တစ်လှည့်စီ ရှိခိုးနေကြခြင်းအားဖြင့် ညဥ့်ဦးယံ (ဆယ်နာရီအတွင်း) အချိန်ကုန်သွားလေ၏၊ ထိုအချိန်မှာ အတော် ထင်ရှားသော ဗြာဟ္မဏတစ်မျိုးမှ ရသေ့လုပ်နေသော ““သုဘဒ္ဒ””ခေါ် ပရိဗိုဇ်သည် ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်စံတော်မူတော့မည်ဟု ကြား၍ သူ၏ ယုံမှားသံသယကို လျှောက်လိုသောကြောင့် အရေးတကြီး လာ၍ အရှင်အာနန္ဒာအား ဗုဒ္ဓ၏အထံတော်သို့ ၀င်လိုပါကြောင်း ခွင့်တောင်းသည်မှာ…

အနာဂတ်သာသနာရေး အပိုင်း(၃၅) ဗုဒ္ဓ၏နေ့စဉ်အလုပ်များ



ဗုဒ္ဓ၏နေ့စဉ်အလုပ်များ
ဗုဒ္ဓရှင်တော်မြတ်သည် နံနက်စောစော ထ၍ ယနေ့အဖို့ ကျွတ်ထိုက်သူများကို ဉာဏ်တော်ဖြင့် ဖြန့်၍ ကြည့်ရှုတော်မူ၏၊ ဉာဏ်တော်အတွင်း၌ ပါဝင်တွေ့မြင်လာလျှင် သင့်တော်သောအချိန်၌ ထိုသူရှိရာ ကြ၍ တရားဟောတော်မူ၏၊ နံနက်မိုးသောက် အလင်းရောက်သောအခါ ရောက်လေရာ မြို့ရွာတွင်းသို့ ကိုယ်တော်တစ်ပါးတည်း သီးခြား ဖြစ်စေ, ရဟန်းတော်များနှင့်အတူဖြစ်စေ ထိုက်သလို ဆွမ်းခံဝင်တော် မူ၏၊ ထိုသို့ ဆွမ်းခံတော်မူရင်း မကြာ မကြာ တရားဟော၍ အကျွတ်တရားရစေတော်မူခဲ့၏၊ 
ဆွမ်းခံပြန်၍ဆွမ်းဘုဉ်းပေးတော်မူပြီးနောက် ရဟန်းတော်အားလုံး ဆွမ်းစားပြီးသည့်တိုင်အောင် စောင့်ဆိုင်းတော် မူပြီးလျှင် စုံညီသည့်အခါ ““အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ”” အစရှိသော သြ၀ါဒကို ပေးတော်မူ၏၊ ထိုနေရာ၌ အချို့ရဟန်းတို့ အား ကမ္မဋ္ဌာန်းပေးတော်မူ၏၊ ထို့နောက် ဂန္ဓကုဋိသို့ ၀င်တော်မူ၍ တစ်ခဏမျှ ကျိန်းစက်လိုလျှင် ကျိန်းစက်တော်မူသည်၊ 

အနာဂတ်သာသနာရေး အပိုင်း(၃၄) တရားမဟောတော့ဟု စိတ်ညွတ်တော်မူပုံ



တရားမဟောတော့ဟု စိတ်ညွတ်တော်မူပုံ
ဗုဒ္ဓဖြစ်တော်မူပြီးနောက်  သတ္တ၀ါတို့အား တရားမဟောတော့ဟု စိတ်ဖြစ်တော်မူရာ၌ တချို့က မကျေမနပ် ဖြစ်ကြ၏၊ “သတ္တ၀ါတို့အား တရားမှန်ကို ပြမည်ဟု ဗုဒ္ဓဖြစ်အောင် ကြိုးစားတော်မူခဲ့ပါလျက် ယခုမှ တရားမဟောတော့ဟု စိတ်ညွတ် တော်မူခြင်းသည် နဂိုရည်ရွယ်ချက်နှင့် မညီ”ဟုလည်း အပြစ်တင် လိုကြ၏၊ သို့သော် ထိုကဲ့သို့ တရားမဟောဖို့ရန် စိတ်ညွတ်ခြင်းသည် လည်း သဘာဝကျပေ၏။
          ရှင်းလင်းပြပါဦးမည် … ယခုခေတ် တိုင်းကျိုးပြည်ကျိုးကို တကယ့်စေတနာဖြင့် ဆောင်ရွက်နေသူအချို့ တို့သည် တစ်ရံတစ်ခါ “မဆောင်ရွက်တော့ပါဘူး”ဟု အကြံဖြစ်တတ်ကြ၏၊ ဘာ့ကြောင့် နည်း၊…မိမိ၏ တိုးတက်စေလိုသော စေတနာထားပုံနှင့် တိုင်းသူပြည်သားတို့၏ ထိုင်းမှိုင်းဖျင်းအပုံမှာ အလွန် ကွာခြားနေသည်ကို မကြာခဏပင် တွေ့မြင်ကြရသောကြောင့်တည်း၊ 
ဘုန်းကြီးလည်း သာသနာတော်အကျိုးနှင့် အမျိုးသားအကျိုးကို စွမ်းနိုင်သမျှ ဆောင်ရွက်နေ၏၊ တရားဟောရာ၌ ဒါနအကျိုးကိုချည်း မဟောဘဲ ကိုယ်ကျင့်ကောင်းအောင်လည်း ဟော၏၊ စာသင်ပေးရာ၌ ကြိုးကြိုး စားစား သင်ပေး၏၊ သို့သော် ဘုန်းကြီး ကြိုးစားသလောက် အထ မမြောက်သဖြင့် “ငါ့ဘာသာငါ အေးအေး စာကြည့်နေရတာက ကောင်းပါသေးရဲ့”ဟု မကြာခဏ စိတ်ဖြစ်၏၊ ထိုသို့ စိတ်ဖြစ်သော်လည်း မဟောဘဲ ပစ်မထားနိုင်၊ ဖြစ်ထိုက်သူတွေ ဖြစ်အောင်ဟု သဘောထား၍ ကြိုးစားလျက်ပင်။

အနာဂတ်သာသနာရေး အပိုင်း(၃၃) အားလုံးကို ယုံကြည်ထိုက်ပုံ

 
 
အားလုံးကို ယုံကြည်ထိုက်ပုံ
“ဗုဒ္ဓရှင်တော်မြတ်သည် သဗ္ဗညုတာဉာဏ်ကို ဆရာမရှိဘဲ ရတော်မူ၏”ဟု ဆိုရာ၌ ဘုန်းကြီးကား အမှန် ယုံကြည်သည့်အတိုင်း ရေးပြခဲ့ပါပြီ၊ ဤစာကို ကြည့်ရှုသူတို့တွင် ပညာဘက်၌ ကိုယ်တိုင် အထူးတလည် လိုက်စားနေသူတို့လည်း မိမိတို့၏ လက်တွေ့ အလုပ်များဖြင့် ဉာဏ်ကြီးရင့်ပုံကို ယုံကြည်ကြပါလိမ့်မည်။
ဝီရိယတော်ကြောင့်လည်း လေးစားရပုံ
ယခုခေတ်၌ အထက်တန်းရောက်ပြီး ရှင်လူတို့သည် အထက်တန်း မရောက်မီက ဉာဏ် ၀ီရိယ စိုက်ထုတ်၍ ကြိုးစားကြသော်လည်း ရည်မှန်းထားသော အဆင့်အတန်းသို့ ရောက်သောအခါ တချို့က စည်းစိမ်ယစ်၍လည်းကောင်း, တချို့က ရပ်သူနယ်သား တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသား လူအများ၏ ကောင်းစားရေးကို လျစ်လျူပစ်ထား၍ လည်းကောင်း အငြိမ်းစား အအေးစား နေကြသည်ကိုသာ အများအပြား တွေ့ရ၏၊ 

အနာဂတ်သာသနာရေး အပိုင်း(၃၂) အနိစ္စ ဒုက္ခ အနတ္တဟု ဆက်လက်ရှုပုံ



အနိစ္စ ဒုက္ခ အနတ္တဟု  ဆက်လက်ရှုပုံ
ထို့နောက် ကိုယ်တော့်သန္တာန်ရှိသော ရုပ်နှင့်   နာမ်တရားစု၏    (အများ ထင်သလို အကြာကြီး မတည်တံ့ဘဲ) ဖြစ်ပြီးလျှင်ပြီးချင်း ပျက်စီးရပုံ အခြင်းအရာ အနိစ္စလက္ခဏာကို ထပ်ကာ ထပ်ကာ ရှုလျက် “အားလုံး ရုပ် နာမ်တွေသည် အမြဲမရှိ အမြဲမရှိ အမြဲမရှိ=အနိစ္စ အနိစ္စ အနိစ္စချည်းပါတကား”ဟု စဉ်းစား နေသော ၀ိပဿနာဉာဏ်သည်လည်းကောင်း, ဤရုပ်နာမ်ခန္ဓာကိုယ် ရှိနေသမျှ ဖြစ်ရ ပျက်ရခြင်းဟူသော သင်္ခါရဒုက္ခနှင့်တကွ အိုရ နာရ သေရခြင်းဒုက္ခမှ စ၍ အမျိုးမျိုးသော ကိုယ်ဒုက္ခ စိတ်ဒုက္ခတွေကို ခံရမည်သာဖြစ်သောကြောင့် “အားလုံးသော ရုပ် နာမ်တွေသည် ဒုက္ခဖြစ်ဖို့ အကြောင်း ဒုက္ခအလောင်း ချည်းပါတကား” ဟု စဉ်းစားနေသော ၀ိပဿနာဉာဏ်သည် လည်းကောင်း,
          ရုပ်နာမ်ခန္ဓာတွင်း၌ မိမိအလိုကျ စီမံနိုင်သော “အတ္တ”ခေါ် အသက်ကောင် ၀ိညာဉ် မရှိ၊  ရုပ်နာမ်ကို ဖယ်ထားလိုက်လျှင် “မိမိ= ငါ, သူ”ဟု ခေါ်ရသော အရာသည်ပင် မရှိ၊ “အားလုံးရုပ်နာမ်ခန္ဓာတွေသည် အတ္တလည်း မဟုတ်, အတ္တလည်း မရှိ = အနတ္တ အနတ္တ အနတ္တချည်းပါတကား“ဟု စဉ်းစား သိမြင်သော ၀ိပဿနာဉာဏ် သည်လည်းကောင်း,

အနာဂတ်သာသနာရေး အပိုင်း(၃၁) ဒိဗ္ဗစက္ခုဉာဏ် ရတော်မူပုံ



ဒိဗ္ဗစက္ခုဉာဏ် ရတော်မူပုံ
အလောင်းတော်သည် ကိုယ်တော်မြတ်၏  အဖြစ်ဟောင်းတွေကို သိမြင်နိုင်ပြီးနောက် ဆယ်နာရီကျော်လောက်မှ စ၍ သတ္တ၀ါအများ၏ အရေးကို ဆက်လက်၍ တွေးတောစဉ်းစားပြန်ရာ သန်းခေါင်ကျော် နာရီပြန် တစ်ချက် နှစ်ချက်အတွင်းလောက်အချိန်မှာ လူ့ပြည် နတ်ပြည်နှင့် ဗြဟ္မာ့ပြည်တို့၌ ချမ်းသာသုခ ရရှိနေကြသော သတ္တ၀ါတို့ကိုလည်းကောင်း, ငရဲ ပြိတ္တာ တိရစ္ဆာန်ဘ၀နှင့်လူ့ဘ၀အောက်တန်း ၌ ဆင်းရဲဒုက္ခ ခံနေရသော သတ္တ၀ါတို့ကိုလည်းကောင်း မျက်ဝါး ထင်ထင် မြင်ရသကဲ့သို့ မြင်နိုင်သော “ဒိဗ္ဗစက္ခု”ခေါ် အသိဉာဏ်ကို ရတော်မူ၏။
          ထို့နောက် “ဒုက္ခိတသတ္တ၀ါတွေ ဘာ့ကြောင့် ဤကဲ့သို့ ဆင်းရဲစွာ နေကြရပါလိမ့်မည်နည်း၊ လူ့အထက်တန်းစားနှင့် နတ်ဗြဟ္မာများကား ဘာ့ကြောင့် ချမ်းသာကို ရရှိကြပါလိမ့်မည်နည်း”ဟု ဆက်လက် စဉ်းစားတော်မူရာ ကိုယ်စီကိုယ်င သူတို့ ပြုခဲ့ကြသော အကုသိုလ်နှင့် ကုသိုလ်ကံများကို တွေ့မြင်တော်မူလေသည်၊ ဤသို့ သိနိုင်သော ဉာဏ်ကို “ယထာကမ္မူပဂဉာဏ်”ဟု ခေါ်၏၊ ဤသို့ မြင်ရလျှင်ပင် အားလုံးသတ္တ၀ါတွေကို မကောင်းမှုဟူသမျှ မပြုကြဖို့ရန်နှင့် ကောင်းမှုဟူသမျှတို့ကို ပြုကြဖို့ရန် အလွန်ဟောပြောချင်စိတ်တွေ ယိုဖိတ်မတတ် ရှိပေလိမ့်မည်။

အနာဂတ်သာသနာရေး အပိုင်း(၃၀) ဗောဓိပင်သို့ ကြွတော်မူခြင်း



ဗောဓိပင်သို့ ကြွတော်မူခြင်း
ထို့နောက် နေရဉ္ဇရာမြစ်၌ ရေသုံးသပ်တော်မူ၍ ထိုမြစ်၏ အနီးဖြစ်သော တောဝယ် နေ့အဖို့၌ သီတင်းသုံးတော်မူသည်၊ ထို့နောက် ညနေအချိန် ရောက်သောအခါ ဗောဓိညောင်ပင်ရှိရာသို့ ကြွတော်မူပြီးလျှင် စိမ်းစိုသော မြက်များကို ခင်း၍ ညောင်ပင်ရင်း၌ ထိုင်နေတော်မူကာ ပလ္လင်ကို လုလာသော မာရ်နတ်ကို မေတ္တာဓာတ်ဖြင့် နှိမ်နင်း၍ တစ်နေ့လုံး စဉ်းစားတော်မူခဲ့ရင်း တရားကိုသာ ဆက်လက် စဉ်းစားတော်မူသည်။ [ညောင်ပင်အောက်၌ ထိုအချိန် ထိုင်နေခြင်းကား “အရိုး အကြော အရေမျှသာ ကျန်၍ အသား အသွေးတွေ ခြောက်သွားတန်လျှင် သွားပေစေတော့,  ဗုဒ္ဓအဖြစ် မရောက်သမျှ ဤထိုင်နေခြင်းမှ မထတော့အံ့””ဟု အလွန်ထက်သန် သော ဇွဲဖြင့် အကြိတ်အနယ် ကြိုးစားဖို့ရန် ဓိဋ္ဌာန်လျက် ထိုင်နေတော်မူခြင်း ဖြစ်သည်။]

အနာဂတ်သာသနာရေး အပိုင်း(၂၉) အလောင်းတော်၏ဉာဏ်ဓာတ်



အလောင်းတော်၏ဉာဏ်ဓာတ်
ဘုန်းကြီးတို့၏ ဗုဒ္ဓအလောင်းတော်လည်း အထွတ်အထိပ် အသိဉာဏ်ကိုရဖို့ရန်  ကမ္ဘာပေါင်းများစွာတို့ဝယ်  အသိဉာဏ်ကို မသန့်ရှင်းအောင် မြှေးယှက်ဖုံးကွယ်တတ်သော လောဘ ဒေါသ စသည်ကို ဒါနပါရမီ စသည်ဖြင့် ပယ်ရှားခဲ့လေရာ တစ်ကမ္ဘာထက် တစ်ကမ္ဘာ တစ်ဘ၀ထက်တစ်ဘ၀ အသိဉာဏ် သန့်ရှင်းစင်ကြယ်ကာ ရင့်၍ ရင့်၍သာ လာခဲ့ပေသည်၊ ပြုပြုခဲ့သမျှ ဒါန သီလ အစရှိ သော ကောင်းမှုအထူးတို့လည်း အလွန့်အလွန် များပြားလှသဖြင့် တစ်ဘ၀ တစ်ခါ  အကျိုးပေး၍  မကုန်နိုင်ဘဲ  နောက်ဆုံးဘ၀ သဗ္ဗညုတဉာဏ် ရချိန်တန်မှ အားလုံးစုံ စုပေါင်း၍ အကောင်းဆုံး အကျိုးပေးဖို့ရာ အားခဲနေကြသကဲ့သို့ ရှိလေသည်၊
ထို့ကြောင့် နောက်ဆုံး သိဒ္ဓတ္ထမင်းသားဘ၀၌ စဉ်းစားဉာဏ် စိတ်ကူးဉာဏ်တို့၏ အခြေခံဉာဏ်မျိုးစေ့သည် သူတစ်ပါးနှင့် မတူအောင် ထက်သန် ထူးခြားစွာ ပါလာ၏၊ “အိုမှု နာမှု သေမှုဆိုတာမျိုး ရှိလျှင် မအိုမှု မနာမှု မသေမှုဆိုတာလည်း ရှိရမည်” စသော အထူးအဆန်း စိတ်ကူးဉာဏ်တွေသည် တွေးရင်းတွေးရင်း ကြံစည်စဉ်းစားရင်း ပေါ်ပေါက်လာ၏၊ သို့ဖြစ်၍ ထီးနှင့်နန်းနှင့် ယသော်ဓရာနှင့်အတူ မနေချင်စိတ်တွေ အလိုလို ဖြစ်ပေါ်လာရကား မအို မနာ မသေနည်းကို ရှာလိုသော စိတ်တွေ တရိပ်ရိပ်နှင့် ဒီဂရီတက်သလို နေလေတော့သည်။

အနာဂတ်သာသနာရေး အပိုင်း(၂၈) အားလုံးအကျင့်များ ဗုဒ္ဓတ္ထစရိယာချည်း



အားလုံးအကျင့်များ ဗုဒ္ဓတ္ထစရိယာချည်း
ဗုဒ္ဓအလောင်းတော်သည်  ဒါနပါရမီ စသည်ဖြင့် လောဘစသော  စိတ်ညစ် စိတ်ယုတ်တွေကို ပယ်ရုံသာ မကသေးပါ၊ သစ္စာပါရမီဖြင့် မဟုတ်မတရား မုသားပြောဆိုမှုကို လည်းကောင်း, ၀ီရိယပါရမီဖြင့် ပျင်းရိထိုင်းမှိုင်းမှုကိုလည်းကောင်း ပယ်ရှားတော်မူသေး၏၊ ထို့ကြောင့် အလောင်းတော်မြတ်၏ တစ်ကိုယ်လုံးသည် ဖျတ်လတ် သွက်လက် ထက်မြက်လျင်မြန်သော ၀ီရိယတုံးကြီးလည်း ဖြစ်တော်မူနေ၏၊ မိမိကိုယ်ဖြင့် ပြုလုပ်နိုင်သော အရာကိုသာ ပြောဆို တတ်သဖြင့် အများ၏ ယုံကြည်စရာ သစ္စာတုံးလည်း ဖြစ်နေပေသည်။

          ထိုသို့ လောဘစသော စိတ်လေ စိတ်မွှား စိတ်ညစ်များကို ဒါနပါရမီ စသည်ဖြင့် ပယ်ရှားတော်မူလေ့ရှိရကား စိတ်ဓာတ်တော် အစဉ်လည်း  ခရုသင်းကို ပွတ်ထားသကဲ့သို့  ဖြူစင်လှပေသည်၊ ဟဤနေရာဝယ် ဘုရားမဖြစ်သေးသော အလောင်းတော်မြတ်၏ စိတ်ဓာတ်ကို မှန်း၍ ကြည့်လိုက်ကြပါကုန်၊“ ထိုသို့ ပြုကျင့်တော် မူခြင်းသည် တစ်ဘ၀ တစ်ခါ ခံစား စံစားဖို့ရာလည်း မဟုတ်, နောက်နောက်ဘ၀၌ လူ နတ် စည်းစိမ်ဖြင့် မြိန်မြိန်ကြီး နေလို၍လည်း မဟုတ်၊ သတ္တ၀ါတို့အား အမှန်ဆုံးတရားကို ဟောပြလိုသောကြောင့် ကိုယ်တော်တိုင် အထက်မြက်ဆုံး အသိဉာဏ်ကို ရဖို့ရာ ကြိုးစား တော်မူခြင်း ဖြစ်ပါသည်။
ခေတ်ပညာရှိများ ဆရာ့ထက်သာပုံ
ယခုခေတ်သည်  လောကီပညာကို  အထူးလိုက်စားသောခေတ် ဖြစ်၏၊ ထိုသို့ လိုက်စားသည့်အားလျော်စွာ တိုင်းပြည်အရပ်ရပ်၌ လောကဓာတ်ပညာဝယ် သူ့ထက်သူ လူစွမ်းကောင်းတွေ များစွာ ထွန်းကားပေ၏၊ ထိုသူတို့သည် အခြေခံပညာများကို ထိုထိုဆရာ့ အထံမှ သင်ယူစဉ်အခါက မူလတန်းမှစ၍ တစ်တန်းထက်တစ်တန်း တစ်ဆင့်ထက် တစ်ဆင့် အသိဉာဏ်ရင့်ကာ ဆရာနည်းခံ၍ ရနိုင် သော တပည့် ပညာများ ကုန်ဆုံးပြီးသောအခါ မိမိကိုယ်တိုင် ထိုးထွင်းဉာဏ်ဖြင့် တိုးတက်ကြံစည်ပြန်ရာ သဘာဝဓမ္မဆိုင်ရာ, လောကဓာတ်ဆိုင်ရာဝယ် တပည့်တုန်းက ပညာနှင့် လုံးလုံးမတူသော သို့မဟုတ် အဆင့်အတန်းကွာခြားသော အသိအမြင်တို့ကို ရကြ၍ တချို့က လေယာဉ်ပျံ, တချို့က ၀ိုင်ယာလက်, တချို့က အသံဖမ်းစက်, တချို့က အဏုမြူဗုံး စသည်ဖြင့် မီးခိုးမဆုံးမိုးမဆုံး အောင် အထူးအဆန်း အံ့မခန်းတွေ ပြုလုပ်ပြသနိုင်ကြပေသည်၊ ထိုကဲ့သို့ ခေတ်ပညာရှိများ အသိဉာဏ် ထက်မြက်မှု (အကြံ ကောင်းမှု)သည် ယခုတစ်ဘ၀မှ လတ်တလော ကြိုးစား၍ ဖြစ်ခြင်း မဟုတ်၊ ရှေးရှေးဘ၀ကပင် ဉာဏ်ပညာ ထက်မြက်အောင် ကုသိုလ် ကောင်းမှုကို ပြုခဲ့ကြသောကြောင့်သာ အမိဝမ်းဝယ် နုနုနယ်နယ်က စ၍ ဉာဏ်ကြီးစေနိုင်သော မျိုးစေ့ဓာတ်များ စွဲကပ်ပါလာခြင်း ဖြစ်ပါသည်။
 
Credit to

အနာဂတ်သာသနာရေး အပိုင်း(၂၇) ရိုသေမှုဖြင့် မာန, ဥဒ္ဓစ္စပယ်ပုံ




ရိုသေမှုဖြင့် မာန, ဥဒ္ဓစ္စပယ်ပုံ
ဗုဒ္ဓအလောင်းတော်သည် ဖြစ်လေရာဘ၀၀ယ် ဘိုးဘွား မိဘ ဦးကြီး ဦးလေး ဘကြီး ဘထွေး မိကြီး မိထွေး (အဒေါ် အရီး) အစ်ကို အစ်မ စသူတို့ကိုလည်းကောင်း, ဆွေမျိုးမဟုတ်သော်လည်း အကျင့်နှင့်ပြည့်စုံသော ပညာရှိသူတော်ကောင်းတို့ကိုလည်းကောင်း ရှိခိုး ၀ပ်ချ၏၊ မြတ်နိုးကော်ရော် ပူဇော်လုပ်ကျွေး၏၊ နေရာ ဖယ်ပေး၏၊ လမ်းဆုံနေပြန်လျှင် ရှောင်ပေး၏၊ လာသည်ကို မြင်လျှင် နေရာမှ ထပေး၏၊ ခရီးဦးကြို ပြု၏၊ ဤသို့ လူကြီးသူမများကို လေးစား ရိုသေမှုဖြင့် မိမိမှာ ရှိနေသော မာန်မာနကိုလည်း ပယ်ရှားခဲ့သည်၊ ထိုထိုကိစ္စတို့၌ မလေးမစား ပေါ့ဆဆလုပ်တတ်သော ဥဒ္ဓစ္စခေါ်စိတ် မငြိမ်သက်မှု မတည်ကြည်မှုကိုလည်း ပယ်ရှားခဲ့၏၊ ထိုသို့သော နည်းဖြင့် ဘ၀များစွာ၌ ပယ်ရှားရဖန် များသောကြောင့် မာန ဥဒ္ဓစ္စတို့ နည်းပါးခဲ့ကြလေပြီ။

အနာဂတ်သာသနာရေး အပိုင်း(၂၆) ပညာဖြင့် မောဟ, ဒိဋ္ဌိပယ်ပုံ



ပညာဖြင့် မောဟ, ဒိဋ္ဌိပယ်ပုံ
          ဗုဒ္ဓအလောင်းတော်သည် ဘ၀များစွာဝယ် ငယ်ရွယ်စဉ်ကပင် ပညာကို ကြိုးစားခဲ့၍ အရွယ်ရောက်သောအခါ၌ တဖြည်းဖြည်း ပါမောက္ခဆရာကြီး ဖြစ်ရ၏၊ ထိုသို့ ဆရာကြီး ဖြစ်လာသောအခါ မသိမှု မိုက်မဲမှု မောဟတို့သည် အလိုလျောက် ပပျောက်ကုန်၏၊ သူ့ခေတ်သူ့ခါအလျောက် ရှေးရှေးက အစွဲအလမ်း မှားနေသော အထင်မှား အမြင်မှား မိစ္ဆာအယူ (ဒိဋ္ဌိ)များလည်း ဘ၀တိုင်းမှာ တွေ့ရတတ်သေး၏၊ [ယခုအခါ တိုင်းပြည်အရပ်ရပ်၌ အယူဝါဒ အမျိုးမျိုး ရှိနေသကဲ့သို့တည်း၊ ထိုအယူဝါဒများစွာတွင် တစ်မျိုးနှင့် တစ်မျိုး ဆန့်ကျင်ဘက် ဖြစ်နေသော အယူဝါဒလည်း အများအပြား ရှိ၏၊ ထိုသို့ ဆန့်ကျင်နေရာဝယ် ဧကန်မုချ တစ်ခုခုတော့ လွဲရတော့ မည်သာ၊ မည်သည့် အယူဝါဒပင်ဖြစ်စေ လွဲမှားနေသော အယူကို “မိစ္ဆာဒိဋ္ဌိ”ဟု ခေါ်ရ၏၊] ပညာတတ်ပါမောက္ခကြီး အဖြစ်သို့ ရောက် ရဖန်များသော ဘုရားအလောင်းသည် မိမိ၏ တတ်သိသော ဉာဏ်ပညာကို အရင်းခံ၍ ဝေဖန်စဉ်းစား ဆင်ခြင်တုံတရားဖြင့် ထိုမိစ္ဆာ အယူဝါဒများကို ပယ်ရှားနိုင်ခဲ့၏၊ ဤသို့ ဘ၀များစွာဝယ် မိစ္ဆာအယူ တွေကို ပယ်ခဲ့လှပြီ ဖြစ်၍ အလောင်းတော်၏ သန္တာန်၌ မသိမှု မလိမ္မာမှု မောဟနှင့် အယူအဆလွဲမှားမှု ဒိဋ္ဌိတရားလည်း မရှိသလောက်ပင် နည်းပါးလေတော့သည်။

အနာဂတ်သာသနာရေး အပိုင်း(၂၅) ဒါနဖြင့် လောဘပယ်



ဗုဒ္ဓတ္ထစရိယာအခန်း
ဒါနဖြင့် လောဘပယ်
သိဖွယ်ဟူသမျှကို အကုန်အစင် သိမြင်နိုင်သော ဉာဏ်သည် “ဗုဒ္ဓိ” မည်၏၊ ထိုဉာဏ်ကို ရအောင် ကျင့်တော်မူခြင်းသည် “ဗုဒ္ဓတ္ထစရိယာ”မည်၏၊ သတ္တ၀ါတို့၏ အသိဉာဏ်သည် လောဘ ဒေါသစသော စိတ်အညစ်အကြေးတို့၏ ရစ်မြှေးနေမှုကြောင့် သိသင့်သိထိုက်သမျှကို ပျံ့ပျံ့ပျူးပျူး ထူးထူးခြားခြား မသိမမြင်နိုင်ဘဲ ၀ိုးတိုးဝါးတားမျှသာ သိကြ မြင်ကြ၏၊ ထို့ကြောင့် တချို့အသိများလည်း အမှန်အတိုင်း မဖြစ်နိုင်တော့ဘဲ အလွဲအမှား မတရားသိတွေ ပါဝင်နေလေသည်၊
လောဘ ဒေါသ မာန စသော စိတ်အညစ်အကြေးတွေ မကုန်သေးသမျှ အသိဉာဏ်လည်း သိဖွယ်အားလုံးကို ကုန်ဆုံးအောင် မလိုက်နိုင်သေးပါ၊ ဗုဒ္ဓရှင်တော်ကား မရေမတွက်နိုင်အောင် မြားမြောင်လှသော ဘ၀၀ယ် တချို့ဘ၀၌ ကိုယ်ပိုင်ဖြစ်သော ပစ္စည်းများကို စွန့်ကြဲပေကမ်း လှူဒါန်းမှု, မျက်စိစသော အင်္ဂါကြီးငယ်များကို လှူမှု, အသက်ကိုပင် စွန့်လှူမှုတို့ဖြင့် လိုချင်မက်မော လောဘဇောတွေကို နည်းသည်ထက် နည်းအောင် ပယ်ရှားတော်မူခဲ့ပါသည်။

အနာဂတ်သာသနာရေး အပိုင်း(၂၄) ဒေ၀ဒတ်အလောင်း ပါဝင်နေပုံ




ဒေ၀ဒတ်အလောင်း ပါဝင်နေပုံ
          ထို မျောက်အပေါင်းတို့တွင်  အကြံပက်စက်သော  ရှင်ဒေ၀ဒတ်အလောင်းမျောက်ကား မလွှဲသာ၍ ငယ်သားအဖြစ် နေရသော်လည်း ခေါင်းဆောင်မျောက်ကြီးကို မုန်းတီးရွံရှာလျက်ပင်၊ ထို့ကြောင့် မျောက်အားလုံး ဟိုဘက်ကမ်း ရောက်သည့်တိုင်အောင် သူကိုယ်တိုင် နောက်ချန်၍ မြင့်ပေ့ဆိုသော သစ်ကိုင်းပေါ် တက်နေ ကာ အားလုံး အပြီးတွင် ထိုအမြင့်ဆုံးမှ ခေါင်းဆောင်မျောက်ကြီး၏ ကျောပေါ်သို့ အတင်းခုန်ချလေသည်၊ ထို့နောက် အလွန်ပြင်းပြသော ဝေဒနာဖြင့် သစ်ကိုင်းကို ဆွဲမြဲဆွဲထားရှာသော ခေါင်းဆောင်ကြီး ကိုပင် နင်းဖြတ် ကျော်လွန်ကာ ဟိုဘက်ကမ်း ရောက်သွားသော်လည်း ခေါင်းဆောင်မျောက်ကြီးမှာကား ထိုဒဏ်ကြောင့် အသည်း နှလုံး ကွဲလျက် ကျန်ရစ်ရှာလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၂၃) ဉာတတ္ထစရိယာ




ဉာတတ္ထစရိယာ
ဤဉာတတ္ထစရိယာအခန်း၌ “ဉာတိ”ဟူရာဝယ် သွေးသားစပ်သော ဆွေခုနစ်ဆက်, မျိုးခုနစ် ဆက်မျှကိုသာ ဆိုလိုသည်မဟုတ်၊ မိမိ၏ အမျိုးသားတစ်စုကို “ဉာတိ”ဟု ဆိုလိုသည်၊ ထို့ကြောင့် အမျိုးသားအားလုံး တတ်သိ လိမ္မာအောင် ပညာရေးကို အားပေးသင်ပြမှု, ချမ်းသာအောင် စီးပွားရေးကို အားပေး လမ်းညွှန်မှု, ကျန်းမာရေးကို သင်ပေး ထောက်ပံ့မှု, အားလုံး၏ အခြေခံဖြစ်သော လွတ်လပ်ရေးကို ကြိုးစားမှုစသော တစ်မျိုးသားလုံး ကောင်းစားရေးများသည် ဉာတတ္ထ စရိယာ၌ ပါဝင်ကြ၏၊ 
[သွေးသားစပ်သော ဆွေမျိုး သားချင်း ကောင်းစားရေးကို ပြုလုပ်မှုကား သူတစ်ပါးအပေါ်၌ မထိခိုက်ပါမူ “ဉာတကာနဉ္စ သင်္ဂဟော”ဟူသော မင်္ဂလာ၌ ပါဝင်၏၊ သူတစ်ပါးကို  ထိခိုက်စေမှ ဆွေမျိုးသားချင်း ချမ်းသာရသော အလုပ်ကား မတရား အလုပ်သာ၊] ငါတို့ ဘုရားအလောင်းသည် ဉာတတ္ထစရိယာကို ကျင့်တော်မူရာ၌ ဆွေမျိုးသားချင်းတစ်စု ကောင်းစားမှု မဟုတ်ဘဲ အမျိုးသားအားလုံး ကောင်းစားရေးကို ပြုကျင့်တော်မူသည်။

          မဟော်သဓာဇာတ်တော်၌ လက်ထပ်နန်းကို စစ်တပ်များ ၀န်းရံ နေစဉ် သေနက စသော အမတ်ကြီးများနှင့်တကွ ၀ိဒေဟရာဇ် မဟာရာဇာကို ဥမင်လိုဏ်မှ ထုတ်ခဲ့၍ ဂင်္ဂါမြစ်ကမ်း၌ ပဉ္စာလစန္ဒီနှင့် အဘိသိက်သွန်းပြီးလျှင် လှေပေါ်သို့ တင်ပြီးနောက် ကမ်းပေါ်၌ ရပ်နေသော  အလောင်းတော်ကို   မဟာရာဇာက  မိမိနှင့်အတူ လိုက်ခဲ့ဖို့ရန် တိုက်တွန်းသောအခါ အောက်ပါစကားမျိုးကို ပြောသည်မှာလည်း ဉာတတ္ထစရိယာပင်တည်း။
          “ခမည်းတော် မဟာရာဇာ…စစ်သည်အပေါင်း၏ခေါင်းဆောင်  ဗိုလ်ချုပ်ဖြစ်သော သားတော်မှာ စစ်သည်ငယ်သားတွေကို ရန်သူတို့ အကြား၌ ပစ်ထားခဲ့၍ ကိုယ်လွတ်ရုန်းသွားရိုး ထုံးစံမရှိပါ၊ စစ်သည် တော်များနှင့် ကောင်းတူ ဆိုးဘက် နေရစ်ပါဦးမည်။”
မဟာကပိဇာတ်၌ ဉာတတ္ထစရိယာ
ဗုဒ္ဓအလောင်းတော်သည် မျောက်ဘ၀  တစ်မျိုး ၌ ဖြစ်၍ ရှစ်သောင်းမျှသော မျောက်တို့၏ အကြီးအချုပ် ခေါင်းဆောင်လုပ်လျက် ဟိမ၀န္တာ၌ နေစဉ် ဂင်္ဂါမြစ်ကမ်း၌ အလွန်ကြီးမား၍ အနံ့ အရသာနှင့် ပြည့်စုံသော သရက်ပင်တစ်ပင် ရှိလေသည်၊ ထိုသရက်ပင်ကို ယခင်မျောက်တစ်စုတို့ တွေ့၍ သရက်သီးများကို စားကြစဉ် ဂင်္ဂါမြစ်ဘက်သို့ ဖြာ၍ ထွက်သွားသော အကိုင်းကို ကြည့်ကာ ခေါင်းဆောင်မျောက်ကြီး စဉ်းစားသည်မှာ “တစ်ချိန်ချိန်တော့ ဤ အကိုင်းမှ ကြွေကျသော အသီးကို အကြောင်းပြု၍ ငါတို့ တစ်စု ဒုက္ခဖြစ်တော့မှာပဲ” ဤသို့စဉ်းစား၍ ထိုရေပြင်ပေါ် ရောက်နေသော  အကိုင်းမှ အပွင့် အကင်းနှင့် အသီးအနုတွေကို အကုန် ဖျက်ဆီးခိုင်းလေသည်၊ 
သို့သော် ပိုးအိမ်အတွင်း၌ (ခါချဉ်ထုပ်အတွင်း၌) ကြွင်း ကျန်နေသော အသီး အနုကိုကား မည်သူမျှ မသိကြချေ၊ သို့ဖြစ်၍ ထိုအသီး မှည့်ရင့်သောအခါ ကြွေကျ၍ ဂင်္ဂါမြစ်တစ်လျှောက် မျောသွားလေရာ  ပိုက်ကွန်ကာ၍ ရေကစားနေသော  ဘုရင်တစ်ပါး၏ ပိုက်တွင် ငြိတွယ်နေသဖြင့် ဘုရင့်အား ဆက်သကြလေသည်၊ ရှင်ဘုရင်သည် မိမိတိုင်းပြည်က သရက်သီးများနှင့် အရသာ ကွာခြား သောကြောင့် မုဆိုးများကို လမ်းညွှန်ခိုင်းကာ ဂင်္ဂါမြစ်ညာသို့ ဆန်တက်လာခဲ့လေရာ ထိုသရက်ပင်ကို တွေ့၍ စားကြပြီးလျှင် သရက်ပင်အနီးမှာပင် အားလုံးနေရာပြင်၍ အိပ်စက်ကြလေသည်။
အလောင်းတော်ကြီးစွန့်စားပုံ
မျောက်အားလုံးတို့သည် ထိုသရက်သီးကို မစားရမနေနိုင် လောက်အောင် မက်မောကြသဖြင့် လူအားလုံး အိပ်ချိန်မှာ တိတ်တိတ်တက်၍ သရက်သီးကို စားနေကြစဉ် ရှင်ဘုရင်နိုးလာသဖြင့် လူတွေကိုလည်း နှိုးကာ သရက်ပင်ကို ၀ိုင်းထားလေသော် အလောင်းတော် မျောက်ကြီးသည် တုန်လှုပ်ချောက်ချား၍ ကြောက်အားပိုနေသော မျောက်တစ်စုကို အားပေးကာ မိမိကိုယ်တိုင် ဂင်္ဂါမြစ်၏ ဟိုဘက်ကမ်းရောက်အောင် ခုန်လွှားပြီးလျှင် နွယ်တွေကို ကိုက်ဖြတ်လျက် ဆက်ကာဆက်ကာ ဒီဘက်သရက်ပင်ကို မီလောက်ပြီ အထင်နှင့် အစတစ်ခုကို ဟိုဘက်ကမ်းရှိ သစ်ပင်ကို ချည်, အစတစ်ခုကို ကား မိမိ၏ ခါးကို ချည်၍ လွှားခနဲ ခုန်လိုက်ရာ တစ်တောင်လောက် နီးနီး တိုနေသောကြောင့် မိမိကိုယ်တိုင် သရက်ပင်သို့ မရောက်တော့ဘဲ သရက်ကိုင်းကြီးကို မီရုံသာ ရှိလေသော် လက်နှစ်ဖက်ဖြင့် သရက်ကိုင်းကို မြဲစွာ ကိုင်၍ “ကိုင်း…ငါ့ကို ကြောက်ရွံ့ ရိုသေ မနေကြနှင့်, ငါ့ကျောကို နင်း၍ နောက်က နွယ်တန်းဖြင့် ဟိုဘက် ကမ်းကို ပြေးကြတော့”ဟု အချက်ပေးလေတော့သည်။ [ဤစွန့်စား ခြင်းမျိုးကို သာမန်ပါရမီရှင်တို့ ပြုနိုင်ပါမည်လော။]

အနာဂတ်သာသနာရေး အပိုင်း(၂၂) လောကအကျိုး ပြုကျင့်တော်မူပုံ



လောကအကျိုး ပြုကျင့်တော်မူပုံ
          ဗုဒ္ဓအလောင်းတော်သည်   ဗာရာဏသီပြည်ဝယ် ဘုရင့်သားတော်ဖြစ်၍ (၁၆)နှစ်အရွယ်၌ တက္ကသိုလ်ပညာ သင်ပြီးလျှင် အိမ်ရှေ့မင်း အဖြစ်ဖြင့်နေခိုက် တိုင်းသူပြည်သားအများတို့ နတ်ကို အထူးတလည် ကိုးကွယ်ဆည်းကပ်၍ ဆိတ် ကြက် ၀က်စသည်တို့ကို သတ်ဖြတ်ကာ ယဇ်နတ်ပူဇော်ကြသည်ကို မြင်ရသဖြင့် စဉ်းစားကြံစည်သည်မှာ… 
“လူအပေါင်းသည် အများအားဖြင့် မတရားမှု၌ သက်ဝင်နေကြပြီ၊ နတ်တွေကိုပင် အထင်ကြီးကာ မင်္ဂလာတစ်မျိုးဟု အားကို ယုံကြည် လျက် များစွာသော အသက်တွေကို သေအောင် ပြုနေကြပြီ၊ ခမည်းတော် ကွယ်လွန်၍ ငါမင်းဖြစ်လျှင် တစ်ယောက်တလေကိုမျှ မထိခိုက်စေဘဲ ဥပါယ်တံမျဉ် (နည်းလမ်းတစ်မျိုး)ဖြင့် ဤ သတ်ဖြတ်မှုတွေကို တားမြစ်အံ့”ဟု စဉ်းစားမိလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၂၁)ဘ၀အနည်းငယ်ဖြင့် ပါရမီမပြည့်



ဘ၀အနည်းငယ်ဖြင့် ပါရမီမပြည့်
[သတ္တ၀ါတို့သည် တစ်ဘ၀နှင့်တစ်ဘ၀ကံ၏  သတ္တိဖြင့်  ဆက်သွယ်လျက်ရှိကြောင်းကို ယုံကြည်နှင့်ပါ၊] သတ္တ၀ါတို့၏ ယခုဘ၀၌ ဖြစ်သမျှ ထက်မြက်သော ဇောစိတ်၏ ဓာတ်သတ္တိများသည် နောက်နောက်ဘ၀တို့၌လည်း အဆက်မပြတ်လိုက်ပါ၍ သွားတတ်ကြ၏၊
ဥပမာ-ယခုဘ၀၌ မေတ္တာ ကရုဏာ လွန်ကဲသူ သည် ရှေးရှေးဘ၀တို့မှ မေတ္တာ ကရုဏာ ဓာတ်ခံပါလာ၍ နောက် နောက်ဘ၀သို့လည်း ထိုဓာတ်ခံသည် ဧကန် ပါသွားဦးမည်သာတည်း၊ ထို့အတူ သဒ္ဓါလွန်ကဲသူ, ပညာလွန်ကဲသူတို့၌လည်း ထို ဓာတ်ခံမျိုး လိုက်ပါလျက် ရှိသကဲ့သို့ လောဘ ဒေါသဓာတ်ခံရှိသူ တို့မှာလည်း ထိုသို့ဓာတ်ခံ ပါနေတတ်သည့်အားလျော်စွာ နိဗ္ဗာန်ကို ရည်စူး၍ ပါရမီဖြည့်နေသူတို့သည် ဘုရားလောင်း မဟုတ်စေကာမူ ထိုက်တန်သမျှ သဒ္ဓါ ပညာ စသော ဓာတ်ခံကောင်းတွေ ရှိစေရမည်သာ၊ ဘုရားအလောင်း, အဂ္ဂသာဝက မဟာသာဝကအလောင်း တို့မှာကား မေတ္တာ ကရုဏာမှ စ၍ ထိုဓာတ်ခံကောင်းမျိုးကို ရိုးရိုး ပါရမီဖြည့်သူတို့ထက် နှစ်ဆ သုံးဆမျှမက ရာထောင်စသည် သာလွန်အောင် ကြိုးစားရပေမည်၊ ထိုသို့ ကြိုးစားသော်လည်း ဘ၀ အနည်းငယ်ဖြင့် ထိုပါရမီများ လုံလောက်အောင် ပြည့်ဝလိမ့်မည် မဟုတ်ပါ။

အနာဂတ်သာသနာရေး အပိုင်း(၂၀) ဗုဒ္ဓအကြောင်းကို ကောင်းကောင်းသိချိန်



ဗုဒ္ဓအကြောင်းကို ကောင်းကောင်းသိချိန်
ထို့နောက်  တစ်စ တစ်စ  တိုးတက်၍  အသက်ကြီးလာသော်လည်း   သဒ္ဒါ, သင်္ဂြိုဟ်စသော သင်ရိုးစာကလေးများကို သင်ချိန်ဝယ် ဗုဒ္ဓနှင့်စပ်သော အသိဉာဏ် မကျယ်သေးပါ၊ အထက်တန်း ပါဠိ အဋ္ဌကထာများကို သင်ယူရချိန်ကျမှ ဗုဒ္ဓသည် မြန်မာတိုင်းဖွား မဟုတ်ကြောင်းမှ စ၍ ဗုဒ္ဓ၏အဖြစ်ကို အရင်းအမြစ် အထိ တဖြည်းဖြည်း သိရှိလေရာ နဂိုစွဲလမ်းလာသော အတ္တ အယူမှားလည်း ရှင်းရှင်းလင်းလင်း ကင်းကွာလေပြီ၊ [သို့သော် နောက်ဘ၀၌ ထိုအယူမျိုး ထပ်၍ မပေါ်နိုင်ဟု မဆိုလိုပါ၊] ထိုသို့ အတ္တအစွဲပါ ကင်းကွာလောက်အောင် ဗုဒ္ဓတရားတော်ကို သဘော ကျနေရကား ထိုတရားတော်ရှင် ဖြစ်တော်မူသော ဗုဒ္ဓရှင်တော်မြတ် ကို အားရပါးရ ကျေနပ်ပါသည်၊ ယုံကြည်ပါသည်။
ကျေနပ်ခြင်း၏ အကြောင်းများ
ဗုဒ္ဓအပေါ်၌ ကျေနပ်ခြင်း, ယုံကြည်ခြင်း၏  အကြောင်းများသည်  အကျဉ်းချုပ်အားဖြင့် သုံးပါးရှိ၏၊  (၁) ပါရမီဖြည့်တော်မူခဲ့ခြင်း၊ (၂) ပါရမီအစွမ်းကြောင့် အလုံးစုံကို သိသော ဗုဒ္ဓဖြစ်တော်မြူုခင်း၊ (၃) ဗုဒ္ဓဖြစ်တော်မူပြီးနောက် သတ္တ၀ါတို့အကျိုးငှာ မနေမနား တရား ဟောတော်မူခြင်း၊ ဤအကြောင်း သုံးပါးကြောင့် ဗုဒ္ဓရှင်တော်မြတ် အပေါ်၌ ကျေနပ်ခြင်း, အားရခြင်း, ကြည်ညိုခြင်း ဖြစ်ရပါသည်။

          မှန်၏၊ အကယ်၍ ပါရမီဖြည့်ခဲ့ပုံကို မသိရဘဲ ဗုဒ္ဓဖြစ်နေ ကြောင်းကိုသာ သိနေရလျှင် ထိုဗုဒ္ဓအဖြစ်ကို မိမိ ယုံချင်မှ ယုံမည်၊ ယခုသော် “ပါရမီဖြည့်ခဲ့ခြင်းကြောင့် ဗုဒ္ဓဖြစ်ရသည်”ဟု အကြောင်း အကျိုး ဆက်သွယ်၍ရသဖြင့် ဗုဒ္ဓအဖြစ်ကို စင်စစ်ယုံကြည်ပါသည်၊ (ယခုကာလ၌ အထက်တန်းရောက်အောင် ကြိုးစားပြီးနောက် သူတစ်ပါးတို့အကျိုးရှိအောင် ၀န်မဆောင်ဘဲ စည်းစိမ်ခံ၍ အေးအေး နေကြသူ အချို့ကဲ့သို့) ဗုဒ္ဓဖြစ်ရုံ ကြိုးစား၍ ဗုဒ္ဓဖြစ်ပြီးနောက် အပင်ပန်းမခံဘဲ ချမ်းချမ်းသာသာ နေမည်ဆိုလျှင်လည်း (ဗုဒ္ဓအဖြစ်ကို ယုံကြည်စေကာမူ) အားရပါးရ ကျေကျေနပ်နပ် ရှိလှမည် မဟုတ်သေးပါ၊ ယခုသော် ဗုဒ္ဓဖြစ်ချိန်မှ စ၍ ပရိနိဗ္ဗာန်စံတော်မူချိန် အထိ မနေမနား တရားပြတော်မူခဲ့သောကြောင့် “ငါတို့ ဗုဒ္ဓမှ ဗုဒ္ဓ”ဟု ရဲရဲကြီး ပြဖို့ရာ အလွန်အမင်း အားရခြင်း ဖြစ်ပါသည်။
ပါရမီပြည့်ခြင်း
ကိုယ်, နှုတ်, စိတ်ဓာတ် မြင့်မြတ်သောသူတို့၏   အကြောင်း    အလုပ်ကို “ပါရမီ” ဟု ခေါ်၏၊   [ပရမာနံ =မြင့်မြတ်သောသူတို့၏+ကမံ္မ=အလုပ်တည်း၊ ပါရမီ=မြင့်မြတ်သူတို့၏အလုပ်၊] ထိုပါရမီသည် ဆုတောင်းနေရုံမျှဖြင့် ပြည့်ဝနိုင်သည် မဟုတ်၊ မိမိရှေ့က ပါရမီဖြည့်သွားတော်မူကြ သော ဘုရားရှင်တို့ကို အားကျသောကြောင့်ဖြစ်စေ, အောက်ကျနောက်ကျ ဒုက္ခရောက်နေသော သတ္တ၀ါတို့ကို မြင်၍ ကယ်တင်လိုသော ကရုဏာစိတ်ကြောင့်ဖြစ်စေ ပါရမဖြည့်ချင် ကယ်တင်ချင်သော ဆန္ဒသည် ပထမ ဖြစ်ပေါ်လာလိမ့်မည်၊ ထိုသို့ ဆန္ဒဖြစ်ပေါ်နေရုံ မျှဖြင့်လည်း ပါရမီပြည့်ဝသူ မဖြစ်နိုင်သေး၊ ထိုဆန္ဒနှင့် ထိုက်တန် သော အကြံအစည်များကို ကြံစည်ရမည်၊ ထိုအကြံဉာဏ်ကို ရသော အခါ လုံ့လ ၀ီရိယ စိုက်ထုတ်ရမည်၊ မိမိရည်မှန်းသော လမ်းစဉ်ကို ဖြောင့်တန်းအောင် အမြဲသတိဆောင်ရမည်။
အချုပ်။          ကိုယ်တစ်ယောက်ကောင်း မဟုတ်ဘဲ အများအတွက် ပါရမီဖြည့်သူ၌ ရှိထိုက်သော တရားတို့ကား “သတ္တ၀ါ တို့ အပေါ်၌ သနားမှု ကရုဏာ, အကျိုးလိုလားမှု မေတ္တာ, ကယ်တင်နိုင်သူ ဖြစ်လိုသော ဆန္ဒ, ကြံစည်စဉ်းစားမှု ဉာဏ်ပညာ, ကြိုးစားမှု ၀ီရိယ, မိမိဆိုင်ရာ ကိစ္စအရပ်ရပ်၌ မလစ်လပ်စေမှု သတိ, စိတ် မပြောင်းမှု သမာဓိ, ဤသို့ ကြိုးစားလျှင် ရည်ရွယ်ချက် အထမြောက် သည်ဟု ယုံကြည်မှု သဒ္ဓါ, မိမိစိတ်ဓာတ်ကို လှုံ့ဆော်ပေးသော စေတနာ”ဟု ဤ ကိုးပါးသော တရားများတည်း၊ ဤတရားများသည် ပါရမီဖြည့်ခြင်း ပြည့်လည်း ပြည့်ခြင်း၏ အကြောင်းရင်း ဖြစ်ကြပါသည်။ [ ဤတရားများ မရှိပါဘဲ ဘုရားဆိုတာ ထူးသော ပုဂ္ဂိုလ်ဟု ယူဆ၍ ထိုပုဂ္ဂိုလ်မျိုး ဖြစ်လိုရုံမျှဖြင့် ပါရမီမပြည့်နိုင်ပါ။]
[ဆောင်]        အောက်ကျနောက်ကျ, ကိုယ့်ဒုက္ခဖြင့်, မုချနွမ်းညှိုး, သတ္တ၀ါမျိုး၌, အကျိုးလိုလား, မေတ္တာထား၍, သနား ကရုဏာ, ဖြစ်သောခါတွင်,
ကယ်တင်အံ့မျှော်, ဆန္ဒ ပေါ်လိမ့်၊…ထိုသော်အခါ, ဉာဏ်ပညာဖြင့်, ကောင်းစွာ စိစစ်,
ဝီရိယဖြစ်လျက်, မလစ်သတိ, သမာဓိကို, တည့်တည့်မားမား, အမြဲထားမူ, ဘုရားသော်ကွယ့်,
ဖြစ်နိုင်ရဲ့ဟု, တကယ့်သဒ္ဓါ, စေတနာနှင့်, ဧရာစိတ်ကြီး, မြဲအောင်တည်းမှ, ခိုင်ဖြီးပါရမီ,
စုံပြည့်ညီသည်,… ဖြည့်မည်သူတို့ မှတ်ဖွယ်ကို့။
 
Credit to
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated