@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Sunday 1 June 2014

အနာဂတ်သာသနာရေး အပိုင်း(၁၅) ဗုဒ္ဓရှင်တော်နှင့်ဝစ္ဆဂေါတ္တပုဏ္ဏား

ဗုဒ္ဓရှင်တော်နှင့်ဝစ္ဆဂေါတ္တပုဏ္ဏား
ဝစ္ဆဂေါတ၏ ဗုဒ္ဓအပေါ်ထင်မြင်ချက်
ဗုဒ္ဓသည် ကောသလတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူသောအခါ ဗြာဟ္မဏရွာသို့ ရောက်တော်မူလေရာ ထိုရွာနှင့် မလှမ်းမကမ်း တောအုပ်တစ်ခုမှာ သီတင်းသုံးတော်မူသည်၊ ထိုအခါ ဗုဒ္ဓ၏ဂုဏ်သတင်းကို ကြားဖူး၍ ဗုဒ္ဓအထံသို့ ဖူးမြော်လာကြသော ဗြာဟ္မဏ(ပုဏ္ဏား)လူမျိုးတို့တွင် ၀စ္ဆဂေါတ္တပုဏ္ဏားလည်း ပါဝင်၏၊ ထိုသူကား ကောင်းမွန် သားနားသော အိပ်ရာနေရာကို လွန်စွာ နှစ်သက်သူတည်း၊ ထို့ကြောင့် ဗုဒ္ဓအထံတော်သို့ ရောက်၍ ဗုဒ္ဓရှင်တော်၏ ရုပ်အဆင်းကို ခြေဆုံး ခေါင်းဆုံးကြည့်ကာ လွန်စွာကြည်လင်သော ဣနြေ္ဒများနှင့် အသားအရေများကို မြင်ရသဖြင့် “အင်း… သားနားသော အိပ်ရာ နေရာများ၌ အိပ်ရ နေရလို့သာ ယခု လောက် ကြည်လင် သန့်ရှင်းတာ ဖြစ်မှာပဲ”ဟု ထင်မြင်ချက်ပြုကာ
“အရှင်ဂေါတမ၏ ဣနြေ္ဒများ အလွန်ကြည်လင်ပါပေတယ်၊ အရေ အဆင်းလည်း ဇမ္ဗူရာဇ်ရွှေအဆင်းကဲ့သို့ အလွန်သန့်ရှင်းပါပေတယ်၊ ဥစ္စာသယန မဟာသယန (မြင့်သော သားနားသော အိပ်ရာနေရာ များ)လိုသလောက် အခါမရွေး ရနေဟန်တူပါတယ်”ဟု လျှောက် လေသည်။

ဗုဒ္ဓအမြဲရနေသော အိပ်ရာနေရာ
         
ထိုအခါ ဗုဒ္ဓသည် ၀စ္ဆဂေါတ္တပြောဆိုလိုသော သားနားသော အိပ်ရာကို “ရဖို့လည်းမလွယ်, ရပြန်လျှင်လည်း မသုံးဆောင်အပ်”ဟု မိန့်တော်မူပြီးလျှင် ကိုယ်တော်၏ အလိုရှိတိုင်း အလွယ်တကူ ရနိုင် သော အိပ်ရာနေရာ သုံးမျိုးရှိကြောင်းကို မိန့်တော်မူသည်၊
ချဲ့ဦးအံ့-ဗုဒ္ဓသည် ဂန္ဓကုဋိတိုက်တော်စသော အမြဲကျောင်းတော်မရှိရာ မြို့ ရွာ နိဂုံးသို့ ရောက်တော်မူသောအခါ ဆွမ်းခံဝင်တော်မူ၍ ဆွမ်း ဘုဉ်းပေးပြီးနောက် ဆိတ်ငြိမ်သော တောသို့ ကြွတော်မူလေ့ရှိ၏၊ ထိုတော၌ သစ်ရွက်များကို စုတော်မူပြီးလျှင် တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေတော်မူ၍ ဈာန်ဝင်စားတော်မူ၏၊ ထိုသို့ ဈာန်ဝင်စားလျက် စင်္ကြံလည်း ကြွတော်မူ၏၊ ရပ်လည်း ရပ်တော်မူ, ထိုင်လည်း ထိုင် တော်မူ, လျောင်းလည်း လျောင်းတော်မူ၏၊ ဤသို့ ၀င်စားအပ်သော ဈာန်သမာပတ်သည် ဗုဒ္ဓရှင်တော်၏ မြင့်မြတ်သောနေရာ (ဥစ္စာသယန မဟာသယန) တစ်မျိုးပေတည်း၊ ထိုဥစ္စာသယန မဟာသယနမျိုးကိုကား အလိုရှိတိုင်း ရနိုင်ပါသည်၊ [ထို့နောက် ထိုနေရာမျိုး၌ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဘာဝနာ ပွား၍ နေတော်မူခြင်း, ဖလသမာပတ် ၀င်စား၍ နေတော်မူခြင်းဟု အခြား ဥစ္စာသယန မဟာသယန နှစ်မျိုးကိုလည်း ပြတော်မူသည်။]
မှတ်ချက်။       ။ ဤသုတ္တန်ဖြင့် ပြလိုရင်းကား… ဗုဒ္ဓရှင်တော်မြတ်သည် အမြဲမပြတ် ဂန္ဓကုဋိတိုက် ကဲ့သို့သော စံကျောင်းမှာချည်း သီတင်းသုံးတော်မူလေ့ရှိသည် မဟုတ်ပါ၊ ရောက်လေရာ အရပ်၌ ဆွမ်းခံကြွတော်မူကာ (ကျောင်းအဆင်သင့် မရှိရာဝယ်) တောထဲမှာ သီတင်းသုံးတော်မူကြောင်း, ထိုသို့ သီတင်းသုံးတော်မူ ရာ၌ ခမ်းနားသိုက်မြိုက်စွာ တည်းခိုကျောင်းကို ဆောက်လုပ်စေ တော်မမူဘဲ မြက် သစ်ရွက်တို့ကို ခင်း၍ နေလေ့ရှိတော်မူကြောင်း ပြလိုရင်း ဖြစ်သည်၊ သို့သော် ဤသို့ သီတင်းသုံးတော်မူခြင်းကား ရက်ရှည်လများ နေရာအရပ်မျိုး ဟုတ်ဟန်မတူ၊ တစ်နေ့တစ်ရက် ဆိုသလို ခေတ္တခဏအရပ်မျိုး ဖြစ်ဟန်တူပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated