@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Sunday 1 June 2014

အနာဂတ်သာသနာရေး အပိုင်း(၃၈) ငါတို့ ဗုဒ္ဓကို ဓမ္မဖြင့်အကဲဖြတ်လော့



၂။ ဓမ္မရတနာအခန်း
ဓမံ္မ သရဏံ ဂစ္ဆာမိ။
     ငါတို့ ဗုဒ္ဓကို ဓမ္မဖြင့်အကဲဖြတ်လော့
          စိတ်ရင်းစေတနာ ဖြူစင်စွာဖြင့် အများကောင်းကျိုးကိုသာလျှင်   လိုလားနေသော လူကြီးသူမတစ်ယောက်၏ ပြောလေသမျှ စကားတွေနှင့် ပြုလေသမျှ အလုပ်တွေသည် အများ နှစ်သက်စရာတွေချည်းသာ ဖြစ်တော့သကဲ့သို့ ထို့အတူ အူလှိုက် အသည်းလှိုက်ဆိုသလို သတ္တ၀ါအကျိုးကို လိုလားတော်မူ၍ ထိုလိုလားတော်မူသည့်အတိုင်း နောက်ဆုံးအချိန်ထိအောင် အများအကျိုးကို ဆောင်နိုင်သော ဗုဒ္ဓ၏တရားတော်များသည် သတ္တ၀ါများ နှစ်သက်စရာ အကျိုးရှိစရာတွေချည်း ဖြစ်နေတော့၏၊
အလုပ်ကောင်း လုပ်နေသူ လူတစ်ယောက်ကို နဂိုသာမန်ဟု ထင်ခဲ့ကြသော်လည်း သူ၏အလုပ်ကြောင့် လူအများ အကျိုးရနေသည်ကို တွေ့ရ သောအခါ (ကိုယ်တိုင်လည်း အကျိုးရလာသောအခါ) ထိုသူ့ကို မလေးစားဘဲ မနေသာတော့သကဲ့သို့ ထို့အတူ ဗုဒ္ဓ၏တရားတော်အရ နေထိုင်၍ ကျင့်ကြံ၍ သုခရနေသူများကို မြင်ရသောအခါ သို့မဟုတ် ကိုယ်တိုင်ကျင့်၍ ချမ်းသာသုခ ခံစားရသောအခါ ဗုဒ္ဓ ရှင်တော်ကို မလေးစားဘဲ မနေနိုင်တော့ပါ၊

 မြင်ရုံ ကြားရုံဖြင့် ဗုဒ္ဓကို ကြည်ညိုမှု (သဒ္ဓါ)က  အစတည်ခဲ့သူတို့သည်  ပုဂ္ဂိုလ်မင်သဖြင့် ဗုဒ္ဓတရားတော်ကိုလည်း  ခင်ကြသကဲ့သို့  တရားတော်ကို  မြင်ရ ကြားနာရသဖြင့် ပညာဉာဏ်တိုးတက်၍ နှစ်သက်အားရသူတို့လည်း တရားမင်သဖြင့် တရားရှင်ဗုဒ္ဓကို ခင်လာကြရပါသည်၊ ထို့ကြောင့် ဗုဒ္ဓအပေါ်၌ မယုံကြည်တတ်သေးသူတို့သည် ဗုဒ္ဓ စစ် မစစ်, မှန် မမှန်ကို အကဲဖြတ်ကြဖို့ရန် ဗုဒ္ဓ၏ တရားအချို့တို့ကို ဤအခန်း၌ ထုတ်ပြပါမည်။
တရားတော်သုံးမျိုး
လေးဆယ့်ငါးဝါကာလပတ်လုံး မနေ မနား ဟောထားတော်မူအပ်သော တရားတော်သည် အလွန်များလှ၏၊ ယခုအခါ တွေ့နေကြရသော ပိဋကပါဠိ တော်များကိုကား ဗုဒ္ဓဟောတော်မူသမျှ အားလုံး ပြည့်စုံပြီဟု မဆိုနိုင်သေးပါ၊ ယခု ပါဠိတော်များဝယ် မပါခဲ့သော “ပကိဏ္ဏကဒေသနာ” ခေါ် အလွတ်တရားတော်များကို (အဋ္ဌကထာတို့ဝယ် ဟိုနေရာ သည်နေရာ၌) တွေ့ကြရပါသေး၏၊ ထို့ကြောင့် အဋ္ဌကထာတို့မှာ လည်း မပါသော ပကိဏ္ဏကဒေသနာတော်သည် အလွန်များစွာ ကျန်ပေလိမ့်ဦးမည်၊ ယခု တွေ့ရသော တရားတော်များ၏ အမျိုးအစားကို ခွဲခြားလိုက်လျှင် “၀ိနည်း, အဘိဓမ္မာ, သုတ္တန်”ဟု သုံးမျိုးရှိ၏။
ဝိနည်းတရား ။           ။ ရဟန်းတော်များ၏  ကိုယ်မှု  နှုတ်မှုကို ယဉ်ကျေး သိမ်မွေ့အောင် ညွှန်ပြသော ဥပဒေသတရားတော်ကြီးပေတည်း။
အဘိဓမ္မာတရား။        ။ အစစ်အမှန် (မလွဲနိုင်သော) သဘာဝဓမ္မ စုကို ပြသော တရားတော်ပေတည်း။
သုတ္တန်တရား။           ။ ထိုနှစ်မျိုးမှ ကြင်းသမျှ တရားတော်အားလုံးကို “သုတ္တန်”ဟုချည်း ခေါ်ရသည်၊ ထို့ကြောင့် သုတ္တန်တရားတော်သည် သတ္တ၀ါတို့အလိုကို လိုက်၍ နှစ်ခြိုက်အောင် ဟောထားတော်မူရ သည့်အတွက် အတိမ် အနက်ကွဲပြား၍ သတ္တ၀ါတို့အား အကျွတ်တရားကိုရစေသော တရားတော်လည်း ဖြစ်ပါသည်။
 
Credit to

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated