“နာကိုးတောင်းရှစ်၊ သာဓုတစ်၊ ဟောလစ်အသင်္ချေ” ဟူသောစကားကို ပါဠိတော် အဋ္ဌကထာတို့၌ မပါကြောင်း ရှေးယပ်လှဲတရားစာ စသည်တို့၌သာတွေ့မိကြောင်း ပညာရှင်တို့ ဖြေကြားဖူးလေပြီ။
(ဂါထာအနေဖြင့် ဤသို့ရှိသတဲ့–
န၀ကပ္ပံ သုတဓမ္မံ ၊ အဋ္ဌကပ္ပဉ္စ ယာစိတော၊
ဧကော ကပ္ပေါ နုမောဒနာ၊ ဒေသိတော စ အသင်္ချေယော။)
ရှေးဦးစွာ လင်္ကာပါအတိုင်း အကျိုးရနိုင်,မရနိုင် မစိစစ်မှီ၊ ပါဠိတော် အဋ္ဌကထာတို့၌ လာသော တရားနာခြင်း စသည်တို့၏ အကျိုးတရားတို့ကို ဖော်ပြချင်ပါသည်။
နာ-ကိုး
အင်္ဂုတ္တိုရ် ပါဠိတော်၊ ဓမ္မဿဝန သုတ်တွင် တရားနာခြင်းဖြင့် အကျိုးငါးပါး ရနိုင်ကြောင်း အောက်ပါ အတိုင်းဟောတော်မူထား၏။
ရဟန်းတို့ တရားနာခြင်း၌ ၊ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း-
အဘယ်ငါးမျိုးတို့နည်းဟူမူ-
- မကြားဘူးသည်ကို ကြားနာရ၏၊
- ကြားဘူးသည်ကို ဖြူစင်စေ၏၊
- ယုံမှားမှုကို ကူးမြောက်နိုင်၏၊
- အယူကိုဖြောင့်မှတ်စွာ ပြုနိုင်၏၊
- ထိုသူ၏ စိတ်သည် ကြည်လင်၏။