@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Monday 9 June 2014

အနာဂတ်သာသနာရေး အပိုင်း(၇၁) ကမ္မနိမိတ်ထင်ပုံ


ကမ္မနိမိတ်ထင်ပုံ        
ကံပြုစဉ်က   တွေ့ကြုံခဲ့   အသုံးပြုခဲ့သော အဆောက်အအုံအာရုံ (ကမ္မနိမိတ်)ထင်လာ ရာ၌ ကျောင်းရေစက်ချဒါန ပြုရာဝယ် ကျောင်းကြီးဖြစ်စေ, ထိုရေစက်ချပွဲ၌ လှူအပ်သော သင်္ကန်း ဆွမ်းစသည်ဖြစ်စေ, ရဟန်းတော်အများ လူအများ စားသောက်နေပုံကို ဖြစ်စေ သတိလစ်နေ သော စိတ်တွင် ထင်လာတတ်၏။
          သူ့အသက်ကို သတ်ရာ၌ အသတ်ခံရသူဖြစ်စေ, သတ်သော အခါ၌ သုံးစွဲသော လက်နက် စသည်ဖြစ်စေ ထင်လာတတ်၏၊ ထိုပြခဲ့သော ကံနှင့် ကမ္မနိမိတ်တို့သည် စုတေချိန်မကျမီ ခပ်စောစောကမူ သတိမလစ်ဘဲ မိမိဘာသာ ကောင်းမှုတွေကို ပြန်၍ တွေးသောအားဖြင့်လည်း ထင်လာနိုင်၏၊ အနီးအပါး ဆွေမျိုး စသူများက သတိပေး ပြောပြသောအားဖြင့်လည်း ထင်လာတတ်၏၊ သို့ရာဝယ် စုတေတော့မည့် အချိန်ကား သတိလစ်လျက် ထင်မြဲ ထင်နေပေလိမ့်မည်။

အနာဂတ်သာသနာရေး အပိုင်း(၇၀) ပဋိသန္ဓေတည်ခြင်း၏ အကြောင်းသုံးပါး



ပဋိသန္ဓေတည်ခြင်း၏ အကြောင်းသုံးပါး
မိခင်လောင်းသည် ရာသီပန်း ပွင့်ပြီးစ ဖြစ်၍  သားအိမ်၌ သန့်ရှင်းစင်ကြယ်နေခြင်း, ထိုမိခင်နှင့်ဖခင် ပေါင်းသင်း ပျော်မြူး၍ အဖ၏ သုက်သွေးသည် သားအိမ်၌ နည်းနည်းပါးပါး ဖြစ်စေ ရောက်ရှိနေခြင်း, ထိုအမိဝမ်း၌ ပဋိသန္ဓေ တည်နေမည့် သတ္တ၀ါလောင်းသည် ထိုအချိန်၌ ဘ၀ဟောင်းမှ စုတေခြင်း ဤအင်္ဂါ သုံးပါးစုံမှ ဂဗ္ဘသေယျကပဋိသန္ဓေ တည်နိုင်သည်၊
ရှေ့အကြောင်း တစ်ပါး နှစ်ပါးစုံနေရုံမျှဖြင့် ပဋိသန္ဓေ မတည်နိုင်၊ [ “မိမာတာ ကြာခန်းက, ပန်းရတုရာသီ, ပွင့်စဲစခါဆီ, တူယှဉ်မှီ ပျော်ပါး၊ ကိန်းထိုက်သည့် ထိုသသူငယ်, ထင်ရှေးရှု စုတေခိုက်ငြား၊ သည်အင်္ဂါ စုံစေ့မှ, ဘုံဓလေ့ ဤလူ့ပြည်, တည်သန္ဓေအများ” သတပဒိကပုစ္ဆာ]
မိဘနှစ်ပါး အတူပျော်ပါး၍ သားအိမ်၌ သုက်မရှိသော်လည်း ချက်ကို သုံးသပ်၍ သာယာမှုကြောင့် သန္ဓေတည်သော သုဝဏ္ဏသျှံ ၀တ္ထုလည်း ရှိသေး၏။

အနာဂတ်သာသနာရေး အပိုင်း(၆၉) သင်္ခါရကြောင့် ၀ိညာဉ်ဖြစ်



သင်္ခါရကြောင့် ၀ိညာဉ်ဖြစ်
ဝိညာဉ်သည် အကျိုးဝိညာဉ်, ကုသိုလ်ဝိညာဉ်, အကုသိုလ်ဝိညာဉ်, ကြိယာဝိညာဉ်ဟု လေးမျိုးရှိရာ၌ “၀ိပါက်”ဟု ခေါ်သော အကျိုးဝိညာဉ် တစ်မျိုးသာ ကံ(သင်္ခါရ)ကြောင့် ဖြစ်ရသည်၊ ထိုဝိပါက်ဝိညာဉ်စိတ် သည်လည်း ပဋိသန္ဓေ တည်နေခါစ၌ ဖြစ်ရသော ၀ိညာဉ် (ပ၀တ္တိ အခါဟု ကျမ်းစာတို့၌ ခေါ်ရသော) ပဋိသန္ဓေမှ နောက်ကာလ၌ ဖြစ်ရသော ၀ိညာဉ်ဟု နှစ်မျိုးကွဲ၏၊ ထိုတွင် ကံသင်္ခါရကြောင့် ပဋိသန္ဓေ၀ိညာဉ် ဖြစ်ပုံကို ပြမည်၊ ထိုသို့ ပြရာဝယ် ပဋိသန္ဓေလေးမျိုး ကို နားလည်ပြီးမှ ၀ိညာဉ်ဖြစ်ပုံကို နားလည်မည်ဖြစ်သောကြောင့် ရှေးဦးစွာ ပဋိသန္ဓေလေးမျိုးကို ပြပေအံ့။
သံသေဒဇသတ္တ၀ါ
သံသေဒဇပဋိသန္ဓေ, သြပပါတိကပဋိသန္ဓေ, အဏ္ဍဇပဋိသန္ဓေ, ဇလာဗုဇပဋိသန္ဓေအားဖြင့် ပဋိသန္ဓေ လေးမျိုးရှိ၏၊ [သံသေဒ-ကပ်ငြိတွယ်တာရာအရပ်၌ + ဇ- ဖြစ်သော သတ္တ၀ါ၊]
ရေပုပ်, ငါးပုပ်, ပန်းအမှိုက်ပုပ် (ကစီရည်စသည်တို့ဖြင့် စေးကပ်အောင် ပြုရသော) သက္ကလတ်စသော အ၀တ်, မစင်, ကျင်ငယ်စသည်တို့၌ ငြိတွယ်၍ဖြစ်ရ, ပဒုမ္မာကြာတိုက်စသည်၌ ဖြစ်ရသော သတ္တ၀ါတို့သည် သံသေဒဇသတ္တ၀ါများတည်း၊ ထိုသတ္တ၀ါတို့၌ မိဘ၏ သုက်သွေးကို မမှီရဘဲ ရှေးက ပြုထားသောကံ သင်္ခါရအားလျော်စွာ ဆိုင်ရာအရပ်၌ “၀ိပါက်ဝိညာဉ်”ခေါ် ပဋိသန္ဓေ စိတ် ဖြစ်ရ၏၊ ပဒုမ္မာကြာတိုက်, ၀ါးလုံးခေါင်း, မန်ကျည်းပင်စသည်၌ ဖြစ်ရသော ပဒုမ၀တီမိဖုရား,
အာသင်္ကာမိဖုရား, ဝေဠုဝတီမိဖုရား နှင့် စိဉ္စမာဏ၀ိကာတို့သည် ကုသိုလ်ကံ သင်္ခါရအစွမ်းကြောင့် ကောင်းကျိုးဝိညာဉ်ဖြင့် သန္ဓေနေရသူများတည်း၊ ထိုသူများကို “သံဒေသူ”ဟု ခေါ်ကြသည်၊ မစင်ပုပ် စသည်၌ ၀ိညာဉ်တွယ်ရသော သတ္တ၀ါတို့ကား မကောင်းသော သင်္ခါရကြောင့် ဖြစ်ရသူများတည်း။

သင်္ကြန်ရက်အတွင်း လူ့ပြည်သို့ သိကြားမင်း ဆင်း-မဆင်း



ရှင်ရေဝတရဲ့ အမေးသုံးပါးအနက် ပထမအမေးဖြစ်တဲ့ သင်္ကြန်ရက်ွင်း လူ့ပြည်သို့ သိကြားမင်း ဆင်းမဆင်းဆိုတာဟာ သင်္ကြန်စာက လာတာ ဖြစ်ပါလိမ့်မယ်

          သင်္ကြန်စာက ဘယ်လိုလာပါသလဲ ဘုရား

          သင်္ကြန်စာက လာပုံက ဒီလိုကွယ့်၊ လူ့ပြည်မှာ အဟာသင်္ကြန်ကျတယ် ဆိုတာ နှစ်တစ်နှစ် ကုန်ဆုံးသွားတာကို ဆိုလိုတယ်၊ နှစ်တစ်နှစ် ဘယ်လို ကုန်ဆုံးသွားတယ်ဆိုတာ အကျဉ်းပြောရလျှင် ကောင်းကင်မှာ နေ-လ-နက္ခတ်-တာရာတွေထဲက လမ်းစဉ်မပျက် ခရီးမှန်မှန်သွားတက်တဲ့ ကြယ်တွေကို နက္ခတ်လို့ခေါ်တယ်၊ အဲဒီနက္ခတ်တွေဟာ
(၁) အသဝတီ၊ (၂) ဘရဏီ၊ (၃) ကြက္ကိကာ၊ (၄) ရောဟဏီ၊ (၅) မိဂသီ၊ (၆) အဒြ၊ (၇) ပုန္နဖုသျှု၊ (၈) ဖုသျှ၊ (၉) အသလိဿ၊ (၁၀) မာဃ၊ (၁၁)ပြုဗ္ဗဇလဂုနီ၊ (၁၂) ဥတ္တရာဖလဂုနီ၊ (၁၃) ဟဿတ၊ (၁၄) စိတြ၊ (၁၅) သွာတိ၊ (၁၆) ဝိသာခါ၊ (၁၇) အနုရာဓ၊ (၁၈) ဇေဋ္ဌ၊ (၁၉) မူလ၊ (၂၀) ပြုဗ္ဗသာဠ်၊ (၂၁) ဥတ္တရာသာဠ်၊ (၂၂) သရဝဏ်၊ (၂၃) ဓနသိဒ္ဓ၊ (၂၄) သတဘိသျှ၊ (၂၅) ပြုဗ္ဗဘဒြဗိုဒ်၊ (၂၆) ဥတ္တရဘဒြပိုဒ်၊ (၂၇) ရေဝတီ-ရယ်လို့ ၂၇ လုံးရှိတယ်။

အနာဂတ်သာသနာရေး အပိုင်း(၆၈) အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်


အဓိပ္ပာယ်ရှင်းလင်းချက်
အ၀ိဇ္ဇာ မည်သူမဆို လွန်ခဲ့ပြီးသော ဘ၀, ယခုရနေသောဘ၀နှင့် ဖြစ်ရဦးမည့် ဘ၀ ဤသုံးဘ၀လောက်ကို ပိုင်နိုင်လျှင် အခြားဘ၀များစွာကိုလည်း ဤနည်းချည်းဟု မှန်းဆ နိုင်ဖွယ် ရှိ၏၊ ထို့ကြောင့် သုံးဘ၀လောက် ဖြစ်ပျက်စဉ်ကို ရေးပြပေအံ့၊… ဤဘ၀သို့ မရောက်ခင် ရှေးဘ၀များစွာ၌ အ၀ိဇ္ဇာနှင့် သင်္ခါရတို့ ဖြစ်ခဲ့ကြပြီ၊ ထိုတွင် အ၀ိဇ္ဇာသည် သိသင့် သိထိုက်သည်ကို သူ့ကိုယ်တိုင်လည်း မသိတတ်၊ အခြားတရားတို့ မသိအောင်လည်း ဖုံးလွှမ်းတတ်သော တရားတည်း။
          ထင်ရှားစေအံ့၊ အ၀ိဇ္ဇာသည် အမှောင်မိုက်ကြီးနှင့်လည်းကောင်း, မျက်မမြင်နှင့်လည်းကောင်း တူ၏၊  အိမ်တစ်ဆောင်အတွင်း၌ မီးမလင်းဘဲ အမှောင်ကြီး ဖြစ်နေသောအခါ ထိုအမှောင်ကြီးသည် အိမ်အတွင်း ရှိသမျှ အရာဝတ္ထုတွေကို သူကိုယ်တိုင် မမြင်နိုင်သည့် အပြင် အမှောင်အတွင်း၌ ရောက်နေသူတို့ကိုလည်း အိမ်တွင်းရှိသမျှ မြင်စရာတွေ မမြင်နိုင်အောင် ဖုံးကွယ်ထားသကဲ့သို့လည်းကောင်း, မျက်စိ မမြင်သူသည် မြင်ဖွယ်ရာ ဟူသမျှကို သူ့ကိုယ်တိုင်လည်း မမြင်, သူများကို မြင်အောင်လည်း မညွှန်ပြနိုင်သကဲ့သို့လည်း ကောင်း ထို့အတူ အ၀ိဇ္ဇာသည် သိဖွယ် ဟူသမျှကို သူကိုယ်တိုင်လည်း မသိ, အခြားတရားတို့ မသိအောင်လည်း ဖုံးကွယ်ထားတတ် လေသည်၊ မိမိ၏ ခန္ဓာအစဉ်မှာ ထိုအ၀ိဇ္ဇာဓာတ် အမြဲကပ်၍ ပါနေ ရကား ရှေးဘ၀၌ ထိုအ၀ိဇ္ဇာ ဖြစ်ခဲ့ပြီဟု မုချဆတ်ဆတ် မှတ်ထား လိုက်ပါ၊ ဤအ၀ိဇ္ဇာကို “မောဟ”ဟုလည်း ခေါ်သည်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated