@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 28 May 2014

ဥပသမ္ပဒ ကမ္မ၀ါစာ ( မဟာစည် မူ )


မဟာစည် ဆရာတော်ဘုရားကြီး စီစစ်တော်မူထားသော 
ဥပသမ္ပဒ ကမ္မ၀ါစာ
ရဟန်းလောင်းအား မြန်မာသက်သက်ဖြင့် ညွှန်ကြားသင်ပြ ဆုမ္မပုံ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

           ဥပဥမ္ပဒကံ မဆောင်မီ ရှေးဦးစွာ ဥပဇ္ဈာယ်ဆရာကို ယူစေရမည်ဟု ဗုဒ္ဓမြတ်စွာ မိန့်မှာတော်မူခဲ့သောကြောင့် ယခုအခါ သင်ပဉ္ဇင်းလောင်း (တို့) သည် ဥပဇ္ဈာယ်ဆရာကို ယူ(ကြ)ဦးလော့။
ဥပဇ္ဈာယော မေ (နော) ဘန္တေ ဟောဟိ၊ ( ၃-ကြိမ် )
အရှင်ဘုရား၊ အရှင်ဘုရားသည် ဘုရားတပည့်တော် (တို့) ၏ အပြစ်ကြီး အပြစ်ငယ်ကို ကြည့်ရှု၍ ဆိုဆုမ္မသော ဥပဇ္ဈာယ်ဆရာ  ဖြစ်တော်မူပါ အရှင်ဘုရား။
ပါသာဒိကေန သမ္ပာဒေဟိ ( သမ္ပာဒေထ ) ( ၃-ကြိမ် )။
ကြည်ညိုဘွယ်ကိုဆောင်သော ကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အမူအရာနှင့် ပြည့်စုံ (ကြ) စေလော့။ ( ပြည့်စုံအောင် အားထုတ်၍ နေထိုင်ကြရမည် )။
အာမ ဘန္တေ။ ( ကောင်းပါပြီဘုရား ပြည့်စုံစေပါမည် )။
     (ဥပဇ္ဈာယ်ဆရာဆိုတာ တပည့်ရဟန်းသစ်အား ၀ိနည်းသိက္ခာပုဒ်များနှင့် အညီ ကျင့်တတ်-နေထိုင်တတ်အောင် သားငယ်ကို စောင့်ရှောက်သော ဖခင်ကဲ့သို့ သင်ပြဆုမ္မပေးတဲ့ ဆရာမြတ်ပဲ၊ ဥပဇ္ဈာယ်ယူထားတဲ့ တပည့် ကလဲ ဥပဇ္ဈာယ်ဆရာကို ဖခင်ကဲ့သို့ ရိုသေလေးစားရတယ် )။
ဥပဇ္ဈာယ်ယူစေပြီးလျှင် သပိတ်သင်္ကန်းကို ပြောကြားရမည်ဟု ဗုဒ္ဓ မြတ်စွာ မိန့်မှာတော်မူခဲ့သောကြောင့် ယခုအခါ သင်ပဉ္ဇင်းလောင်း(တို့) အား သပိတ်သင်္ကန်းကို ပြောကြားမယ်။ ( ဒီလိုပြောကြားရတာကလဲ ဘုရား လက်ထက်တော် ကာလတုန်းက ရဟန်းခံကြရာမှာ ဥပဇ္ဈာယ်ဆရာက ပေးတဲ့ သပိတ်သင်္ကန်းနဲ့ ရဟန်းခံပေးကြတာပဲ များတယ်၊ ဒါကြောင့် ခေတ္တ ခဏ ငှါးတာလေလားလို့ သံသယဖြစ်ဖွယ် ရှိနေတဲ့အတွက် အဲဒီလို သံသယ မဖြစ်ရအောင် ရဟန်းလောင်း၏ ကိုယ်ပိုင် သပိတ် သင်္ကန်းများ  ဖြစ်ကြောင်းပြောကြားရခြင်း ဖြစ်တယ်။ 

အဲဒီတုန်းက  အစဉ်အလာအရ  ယခုအခါမှာလဲ  ကိုယ်ပိုင်  သပိတ် သင်္ကန်းဖြစ်ကြောင်း ထင်ရှားအောင် ပြောကြားရတာပဲ။)
           သင်ပဉ္ဇင်းလောင်း(တို့)၏ ရှေ့၌ချထားသော (အသီးသီးသော) သပိတ်ဟာ သင် (တို့) ၏ ကိုယ်ပိုင် သပိတ်ပဲ၊ အဲဒါကို မိမိ (တို့) ၏ ကိုယ်ပိုင်သပိတ်လို့ မှတ် (ထားကြ)။
သပိတ်ပေါ်မှာတင်ထားတဲ့ (အသီးသီးသော) နှစ်ထပ်သင်္ကန်း ကြီးဟာ သင် (တို့) ၏ ကိုယ်ပိုင် နှစ်ထပ်သင်္ကန်းကြီးပဲ၊ အဲဒါကို မိမိ (တို့) ၏ ကိုယ်ပိုင် နှစ်ထပ်သင်္ကန်းကြီးလို့ မှတ် (ထားကြ)။
သင် (တို့) ၏ ကိုယ်မှာရုံထားတဲ့ ဧကသီသင်္ကန်းဟာ သင် (တို့) ၏ ကိုယ်ပိုင် ဧကသီသင်္ကန်းပဲ၊ အဲဒါကို မိမိ(တို့)၏ ကိုယ်ပိုင် ဧကသီသင်္ကန်းလို့ မှတ် (ထားကြ)။
သင် (တို့) ၏ ခါးမှာဝတ်ထားတဲ့ သင်းပိုင်သင်္ကန်းဟာ သင် (တို့) ၏ ကိုယ်ပိုင် ခါးဝတ်သင်းပိုင်သင်္ကန်းပဲ၊ အဲဒါကို မိမိ (တို့) ၏ ကိုယ်ပိုင် ခါးဝတ်သင်းပိုင်သင်္ကန်းလို့ မှတ် (ထားကြ)။
( ရဟန်းလောင်းမှာ ယခုပြောခဲ့တဲ့ သပိတ်တလုံးနဲ့ သင်္ကန်း သုံးထည် ပြည့်စုံရတယ်၊ အဲဒီ သပိတ်တလုံးနဲ့ သင်္ကန်းသုံးထည် ပြည့်စုံယင် သပိတ်သင်္ကန်း ပြည့်စုံပြီလို့ ဆိုရတယ်၊ အဲဒီလို ပြည့်စုံမှ ရဟန်း ခံပေးရတယ်။ ဒါကြောင့် အဲဒီ သပိတ်သင်္ကန်းများ ပြည့်စုံကြောင်း ထင်ရှားအောင်လို့ ယခုပြောကြားရတာပဲ)။

ပဗ္ဗာဇနီယကမ္မဝါစာ ဖတ်သင့် မဖတ်သင့်...





မိုးညှင်း သမ္ဗုဒ္ဓေ စေတီတော်-မှ ထူးခြားသော နေရာများ

မိုးညှင်း သမ္ဗုဒ္ဓေစေတီတော်ကြီးကား မြန်မာနိုင်ငံအတွင်းရှိ စေတီပုထိုးများထဲတွင် ဗိသုကာလက်ရာ အမြောက်ဆုံး စေတီတော်ကြီးတစ်ဆူ ဖြစ်သည်။
သမ္ဗုဒ္ဓေ စေတီတော်ကြီး အတွင်းအပြင်၌ရှိသော စေတီတော်ပေါင်းမှာ (မြရွှေငွေ စိတ်သီးဆောင်း သမ္ဗုဒ္ဓေ ရုပ်ပွားပေါင်း) ဟူသော သမိုင်းလင်္ကာအရ (၅၈၂၃၆၃) ဆူ ရှိပါသည်။

ဤမျှ များပြားသော စေတီပုထိုး၊ ဗုဒ္ဓရုပ်ပွားတော်များကို တစ်နေရာတည်းတွင် စုစုစည်းစည်း ဖူးတွေ့ရခြင်းမှာ သမ္ဗုဒ္ဓေစေတီတော်ကြီး၌သာ ရှိပါသည်။
သမ္ဗုဒ္ဓေစေတီတော်ကြီးကို သာသနာသက္ကရာဇ် (၂၄၈၃)ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၃၀၁)ခုနှစ် ဒုတိယဝါဆိုလဆန်း (၅)ရက် (၂၀-၇-၁၉၃၉) ကြာသပတေးနေ့ နံနက် (၆)နာရီ (၃၀)မိနစ်မှ (၇)နာရီတွင်းတွင် ကျေးဇူးရှင် မိုးညှင်းတောရ ပထမဆရတော်အရှင်မြတ် အလှူးရှိသော သံဃာတော် အရှင်မြတ်(၄၀)ကျော်တို့မှ ဦးဆောင်၍ မင်္ဂလာပန္နက် ချတော်မူခဲ့ရာ ယခုအခါ နှစ်ပေါင်း(၅၇)နှစ်မျှ ကြာမြင့်ခဲ့ပေ၏။

ပဗ္ဗာဇနိယ ကမ္မဝါစာ နှင့် ပြိတ္တာမျိုးနွယ် တစ္ဆေသရဲ အနှောင့်အယှက်များ (၆)

ကမ္မဝါ ပါဠိ၌လာသော အနှောင့်အယှက်များ---
ပဗ္ဗာဇနိယ ကမ္မဝါစာ မူရင်းပါဠိတွင် “ဣမေ အမနုဿာ ယက္ခ၊ ဂန္ဓဗ္ဗ၊ ကုမ္ဘဏ္ဍ၊ နာဂါ၊ စဏ္ဍာ၊ ရုဒ္ဓါ၊ ရဘသာ၊ အဒယာလုကာ၊ ဝိဟေသကာ”ဟု ဖော်ပြထားပေရာ ပေါ့ပေါ့တန်တန် သဘောထား၍မဖြစ်ပေ။ လူတို့ကို ခြောက်လှန့် ဒုက္ခဖြစ်စေတတ်သော မကောင်းဆိုးဝါးများသာဖြစ်၏။ 

ထိုပါဠိပုဒ်အား အနက်ပေးကြည့်လျှင် ပို၍ အဓိပ္ပါယ်ပေါက်ပေမည်။ အနက်ထွက်ရှိပုံမှာ---
စဏ္ဍာ-ကြမ်းတမ်းကုန်သော၊
ရုဒ္ဓါ-ကုသိုလ်တရားတို့ကို ဆို့ပိတ်တတ်ကုန်သော၊
ရဘသာ-မကောင်းမှုအကုသိုလ် ဒုစရိုက်တရားကို အားထုတ်တတ်ကုန်သော၊
အဒယာလုကာ-သနားခြင်း ကရုဏာ အလွန်ကင်းကုန်သော၊ 
ဝိဟေသကာ-သတ္တဝါတို့အား ရက်ရက်စက်စက် မညှာမတာ နှိပ်စက်တတ်ကုန်သော၊
အမနုဿာ-လူဇာတ်စစ်စစ် မဟုတ်ကုန်သော၊

သမ္ဗုဒ္ဓေအကျိုး နှင့် တန်ခိုးအနန္တ

သမ္ဗုဒ္ဓေဂါထာတော်သည် မြတ်ဗုဒ္ဓဟောကြားခဲ့သော ဂါထာမဟုတ်ပါ။
သမ္ဗုဒ္ဓေဂါထာတော်မြတ်သည် ပိဋကတ်သုံးပုံတွင် ပါဝင်သော ဂါထာလည်း မဟုတ်ပါ။
သမ္ဗုဒ္ဓေဂါထာကို မည်သူက စတင်ဖွဲ့နွဲ့ သီကုံးခဲ့သည်ကိုလည်း မသိရပါ။
သို့သော် မြတ်ဗုဒ္ဓ၏ သာသနာအလင်းရောင် မြန်မာနိုင်ငံဝယ် စတင်ဖြန့်ကျက်သည့် သထုံခေတ်မှ စတင်ပေါ်ပေါက်လာသည်ဟုသာ ရဟန်းပညာရှိ၊ လူပညာရှိများက ခန့်မှန်းခဲ့ကြသည်။

ထိုသထုံခေတ် သာသနာတော် လင်းရောင်ခြည် စတင်ထွန်းလင်းသည့်ခေတ်မှသည် မြန်မာနိုင်ငံတဝန်းသို့ သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး ပျံ့နှံ့ခဲ့ပါသည်။
ဤသို့ သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး ပျံ့နှံ့သွားခြင်းမှာ သမ္ဗုဒ္ဓေဂါထာတော်မြတ်သည် ရိုးရိုးကုသိုလ်ရအောင် ဘုရားရှိခိုးအဖြစ်သာမက ယခုမျက်မှောက်ဘဝ၌ တွေ့ကြုံရင်ဆိုင်ရမည့် ဘေးဆိုးအမျိုးမျိုး၊ အန္တရာယ်ဆိုး အဖုံဖုံတို့မှ လက်တွေ့ မျက်တွေ့ ပွဲတွေ့ အန္တရာယ်ကင်းကြသည်ကို တွေ့ကြုံခံစားကြရသဖြင့် နာမည်ကြီးပြီး ပူဇော်ကန်တော့ကြခြင်း၊ ရွတ်ဖတ်သရဇ္ဈာယ်ကြခြင်း ဖြစ်သည်။

သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးသည် ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားသည့် သရဏဂုံမြတ်သုံးပါးကို အမြဲမပြတ် နှလုံးသွင်းခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းကဲ့သို့ပင် အကျိုးကျေးဇူးများကို ရရှိနိုင်သည်။
အဘယ့်ကြောင့်ဆိုသော် သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးသည် မြတ်ဘုရားကို ပို၍အားထားကြည်ညို ကိုးကွယ်ဆည်းကပ်ခြင်းနှင့် မြတ်တရားနှင့် မြတ်သံဃာအပေါင်းကိုလည်း ယုံကြည်အားထားကာ ကြည်ညိုကိုးကွယ်ဆည်းကပ်သော ဂါထာတော်ကြီးအဖြစ် တွေ့ရှိရပါသည်။

ပုညကြိယာဝတ္ထု ၁၀-ပါး

(၁) ဒါနဆိုတာ-မိမိကိုယ်ပိုင်ပစ္စည်းဥစ္စာများကို လှူဒါန်းတာ။
* ပစ္စည်းဥစ္စာ၊ အဖြာဖြာ၊ လှူတာ ဒါနမည်။

(၂) သီလဆိုတာ-၅-ပါး၊ ဂ-ပါး၊ ၉-ပါးသီလ စသည်တို့ဖြင့် ကိုယ်နှင့်နှုတ်တို့ကို လုံခြုံအောင် စောင့်စည်းတာ။
* ကိုယ်နှုတ်နှစ်ဖြာ၊ စောင့်စည်းတာ၊ မှန်စွာ သီလမည်။

(၃) ဘာဝနာ-ဆိုတာ ဥပါဒါနက္ခန္ဓာ ၅-ပါး စသည်တို့ကို စိတ်ဖြင့် ပွားများအားထုတ်တာ။
* စိတ်ဖြင့်ပွားတာ ဘာဝနာ၊ မှန်စွာ မည်ပေသည်။

(၄) အပစာယန-ဆိုတာ ဘုရား တရား သံဃာ ဆရာ မိဘ အသက်-ဂုဏ်သိက္ခာကြီးမားတဲ့ ပုဂ္ဂိုလ်တို့ကို အရိုအသေပြုတာ
* ရိုသေပြုတာ၊ အပစာ၊ မှန်စွာမည်ပေသည်။

(၅) ဝေယျဝစ္စ-ဆိုတာ ရတနာသုံးပါး၊ ဆရာမိဘများ၊ ဂုဏ်သိက္ခာကြီးမားသော ပု၈္ဂိုလ်တို့၏ ၀တ်ကြီးဝတ်ငယ်တို့ကို ပြုလုပ်ပေးတာ။
* ကြီးငယ်အမှု၊ ပြုလုပ်ပေးတာ၊ ဝေ(ယျာ)၀စ္စာ၊ မှန်စွာမည်ပေသည်။

သာသာနကွယ်ကြောင်းတရား ၁၅-ပါး

၁။ ရဟန်းများ တရားမနာခြင်း။(ရဟန်းရှင်လူတို့ တရားမနာခြင်း)။
၂။ စာပေကျမ်းဂန်များကို မသင်ကြားခြင်း။
၃။ နှုတ်တက်အာဂုံ, အရမဆောင်ခြင်း။
၎။ အနက်အဓိပ္ပါယ်ကို သိအောင်မပြုခြင်း။
၅။ ပဋိပတ်ကို မကျင့်ခြင်း။
(အံ-၂၊ ၁၅၅၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ဒုတိယ၊ ပဌမသဒ္ဓမ္မသမ္မောသသုတ်၊ ၁၉၇-၈)
ဆောင်ပုဒ်။ ။ အင်္ဂုတ္တိုရ်လာ၊ သာသနာကွယ်ကြောင်း၊ တရားပေါင်းကား၊
................. ရဟန်းများတို့၊ တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မပြု၊ ဓမ္မာနုဓမ္မတ်၊ ပဋိပတ်ကွာ၊
................. ဤငါးဖြာတည်း။

သုံးဆယ့်တဘုံတို့၏ သက်တမ်း

စကြာဝဠာ-ဟုခေါ်သော ကမ္ဘာလောကတခု၌ သတ္တ၀ါတို့၏ တည်ရာဌာန ( ၃၁-ဘုံ ) ရှိသည်၊ ထိုတွင် အပါယ် လေးဘုံနှင့် လူ့ဘုံတို့၌ အမြဲတည်သော သက်တမ်းမရှိ၊ ကံအားလျှော်စွာသာလျှင် တည်ကြရသည်။
ထို့အတူ နတ်ပြည်ခြောက်ထပ်တွင် အောက်ဆုံးဖြစ်သည့် စတုမဟာရာဇ် နတ်မျိုးတွင် ပါဝင်သော ၀ိနိပါတိက အသုရာ-ခေါ် အဆင့်နိမ့်နတ်များမှာလည်း တည်မြဲသော သက်တမ်းမရှိ၊
အချို့ အလွန်ရှည်ပြီး အချို့မှာမူ ခုနစ်ရက်မျှသာ တည်သည်ဟူ၍ ပါဠိ အဋ္ဌကထာတို့၌ ဆိုပါသည်။
သို့ရာတွင် အဘိဓမ္မာ အနုဋီကာ၊ ဇိနာလင်္ကာရ ဋီကာ နောက်ပေါ်ကျမ်းတို့၌မူ ငရဲဘုံ ရှစ်ထပ်တို့၏ သက်တမ်းများ တွက်ပြထားသည်ကို တွေ့ရပါသည်။

လူ့ပြည်၌ ကမ္ဘာဦးလူသားတို့သည် နှစ်ပေါင်း အသင်္ချေမျှ အသက်ရှည်ခဲ့ကြပြီး အကုသိုလ်ဒုစရိုက်မှုများ ထူပြောမှုကြောင့် သက်တမ်းများ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ရာ ယခုခေတ်သည် သက်တမ်းတရာခေတ်ဖြစ်သည်ဟု ဆိုပါသည်၊
သို့ရာတွင် ထိုနှစ်တရာတမ်းမှာ ဇမ္ဗူဒိပ်ကျွန်းသားတို့ အတွက်သာဖြစ်ပြီး ဥတ္တရကုရုခေါ် မြောက်ကျွန်း၌ နှစ်ပေါင်း ငါးရာ
ယခုတိုင် သက်တမ်းရှိနေသည်-ဟု အချို့ကျမ်းတို့၌ ဆိုထားသည်ကို တွေ့ရပါသည်။

လူတို့၏ နှစ်ပေါင်း ငါးဆယ်သည် စတုမဟာရာဇ်နတ်တို့၏ တရက်၊
နှစ်ပေါင်း တရာသည် တာဝတိံသာနတ်တို့၏ တရက်၊
နှစ်ပေါင်း နှစ်ရာသည် ယာမာနတ်တို့၏ တရက်၊
နှစ်ပေါင်း လေးရာသည် တုသိတာနတ်တို့၏ တရက်၊
နှစ်ပေါင်း ရှစ်ရာသည် နိမ္မာနရတီနတ်တို့၏ တရက်၊
နှစ်ပေါင်း တထောင့်ခြောက်ရာသည် ပရိနိမ္မိတ ၀သ၀တ္တီနတ်တို့၏ တရက်၊
အသီးသီးဖြစ်သည်။

နတ်တို့ အရေအတွက်အားဖြင့်မူ စတုမဟာရာဇ် နှစ်ပေါင်း ငါးရာ။
တာဝတိံသာ တထောင်၊
ယာမာ နှစ်ထောင်၊
တုသိတာ လေးထောင်၊
နိမ္မာနရတီ ရှစ်ထောင်၊
ပရနိမ္မိတ ၀သ၀တ္တီ တသောင်းခြောက်ထောင် အသီးသီးဖြစ်သည်။

ထို့ကြောင့် စတာမဟာရာဇ်နတ်သက် ငါးရာကို လူတို့နှစ်ဖြင့် တွက်လျှင် နှစ်ပေါင်း ( ၉-သန်း ) ရှိ၏။
တာသတိံသာ စသော အထက်နတ်တို့၏ သက်တမ်းများကို လူတို့နှစ်ဖြင့် တွက်လျှင်လည်း အဆင့်ဆင့်
လေးဆလေးဆ တက်၍ သွားပါသည်။

ဗြဟ္မာတို့၏ သက်တမ်းများမှာမူ အလွန်ရှည်သောကြောင့် နှစ်ဖြင့် မတွက်နိုင်၊ ကမ္ဘာဖြင့်သာ တွက်ရသည်။
ရူပဗြဟ္မာ ၁၆-ဘုံတို့တွင် ပထမဈာန် ဗြဟ္မာ သုံးဘုံတို့သည် တကမ္ဘာ၏ သုံးပုံတပုံ၊
တကမ္ဘာ၏ ထက်ဝက်နှင့် တကမ္ဘာ အသီးသီး သက်တမ်းရှိကြသည်။

ဒုတိယဈာန် သုံးဘုံတို့သည် ၂-ကမ္ဘာ၊ ၄-ကမ္ဘာ၊ ၈-ကမ္ဘာ အသီးသီး သက်တမ်းရှိကြသည်။

တတိယဈာန် သုံးဘုံတို့သည် ၁၆-ကမ္ဘာ၊ ၃၂-ကမ္ဘာ၊ ၆၄-ကမ္ဘာ၊ အသီးသီး သက်တမ်းရှိကြသည်။

စတုတ္ထဈာန် ၇-ဘုံတို့တွင် ဝေဟပ္ဇိုလ်နှင့် အသညသတ်ဘုံတို့၌ ကမ္ဘာ-၅၀၀၊
သုဒ္ဓါဝါသ ၅-ဘုံတို့၌ ကမ္ဘာ-၁၀၀၀၊ ၂၀၀၀၊ ၄၀၀၀၊ ၈၀၀၀၊ ၁၆၀၀၀၊ အသီးသီး သက်တမ်းရှိကြသည်။

အရူပလေးဘုံတို့၌ ကမ္ဘာ-၂၀၀၀၀၊ ၄၀၀၀၀၊ ၆၀၀၀၀၊ ၈၀၀၀၀ အသီးသီး ရှိကြသည်။

အထက်ပါ နတ်ဗြဟ္မာတို့၏ သက်တမ်းများကို အဘိဓမ္မာပိဋက ၀ိဘင်းပါဠိတော်၊ ဓမ္မဟဒယ ၀ိဘင်း၊ အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ်
ဝိတ္တတူပေါသထသုတ်တို့၌ ဟောကြားထားပါသည်။

( ဓမ္မာစရိယ-ဦးမောင်မောင်လေး )

စကားကြီး ၁၀-မျိုး

စကားပြောဆိုရာ၌ ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း ၁၀-မျိုးကို ခွဲခြားသတ်မှတ်ထားသည်၊ မြန်မာလူမျိုးတို့က စကားကြီး ၁၀-မျိုးဟု ခေါ်ဆိုကြသည်၊ ယင်းစကားကြီး ၁၀-မျိုး၏ အမည်ကို မုန်တိုင်ပင် ဆရာတော်က မှတ်သားရလွယ်ကူစေရန် သုံးပုံတံချူကျမ်း၌ အောက်ပါအတိုင်း လင်္ကာစီထားပါသည်။

၁။ ရေကူး ညာတင်
၂။ ကောက်ပင် ရိတ်လှီး
၃။ ရေစီး ဖောင်ဆန်
၎။ အိုးတန် ဆန်ခပ်
၅။ ဆီပွတ် ကျည်ပွေ့
၆။ ဆင်ဝှေ့ ရန်ရှောင်
၇။ တောင်သူ ယာခုတ်
၈။ ကြက်ဆုတ် ခွပ်ပြစ်
၉။ ရေစစ်သည့်အင်
၁၀။ ခက်တင် မောင်းနင်း အခြင်းဆယ်ပါး ဤစကားကို မှတ်သားဝမ်းတွင်း လေ့စေမင်း။

၁။ ရေကူးညာတင် ပြောနည်း
မြစ်တဘက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင် မြစ်ညာက တင်၍ကူးမှ လိုရာသို့ ရောက်သကဲ့သို့
မိမိအလိုရှိရာသို့ရောက်အောင် အထက်က တင်ကူး၍ ပြောခြင်းသည် ( ရေကူးညာတင် ပြောနည်း ) မည်၏။
အူထုံးရောဂါသည်ကို ကုရာ၌ ဇီဝက-ပြောသောစကားကို သာဓကထုတ်အပ်၏။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated