@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Monday 16 June 2014

အနာဂတ်သာသနာရေး အပိုင်း(၈၈) ဓမ္မရတနာနိဂုံး



ဓမ္မရတနာနိဂုံး
ဤ ဓမ္မရတနာအခန်း၌ ဗုဒ္ဓရှင်တော်မြတ်၏ လေးနက်လှစွာ ဓမ္မစကြာ စသောတရား ရတနာကိုလည်းကောင်း, ဗုဒ္ဓလက်ထက်တော်က “အနာဂတဘယ” ဟု ဟောပြထားသော ဘေးများ ယခုအခါ ဆိုက်ရောက်နေကြောင်း ကိုလည်းကောင်း, သာသနာတော်ကွယ်ခြင်း၏ အကြောင်း မကောင်းတရားများ ယခု ဆိုက်ရောက်နေပုံကိုလည်းကောင်း, ဘုန်းကြီး၏ ဒုက္ခ၌ တရားကိုသာ ကိုးကွယ်ခဲ့ရပုံကိုလည်းကောင်း ပြပြီး၍ ယခုအခါ ဓမ္မရတနာအခန်းအတွက် နိဂုံးချုပ်ရပါတော့မည်။
          ဗုဒ္ဓ၏ တရားတော်များသည် ဟောပြော ရွတ်ဖတ်နေသည်ကို ကြားနာနေရလျှင်လည်း စိတ်ကို ချမ်းသာစေနိုင်၏၊ ရန်ကုန်မှာ ဘာသာခြား လူများ၏  အနီးရှိ   ကျောင်းကလေးဝယ်  ဘုန်းကြီးတစ်ပါးတည်း တည်းခိုနေရာ မဟာသမယသုတ်ကို ညစဉ် ရွတ်၏၊ ကျောင်းအမ လာသောအခါ ဘာသာခြားလူများက ထိုတရားသံကြောင့် အလွန် စိတ်ကြည်နူးကြောင်း ပြောပြကြပါသတဲ့။

အနာဂတ်သာသနာရေး အပိုင်း(၈၇)ခမည်းတော်ကြီး မကျန်းမာချိန်



ခမည်းတော်ကြီး မကျန်းမာချိန်
ဤသို့အားဖြင့် ၀မ်းနည်းညှိုးငယ်ဖွယ်ရာ ကိုယ်ခန္ဓာ  ဆင်းရဲကလေးများကို “ဘယ်သူ မပြု မိမိမှု” ဟု တွေးတော ဆင်ခြင်ကာ စိတ် သက်သာစွာဖြင့် ပညာသင်ကြားနေရာ ရဟန်းသုံးဝါ အရတွင် ပခုက္ကူ တိုက်ကြီး၌ စာချအဖြစ် ချီးမြှောက်ခံရ၍ ဆွမ်းဒုက္ခမှ ကျွတ်လွတ် ပြီးနောက် ခြောက်ဝါမြောက်မှ စ၍ သကျသီဟ စာသင်စာချနှင့် အစိုးရ ပထမကျော်ကို ရှစ်ဝါအတွင်း ပြီးမြောက်စေပြီးလျှင် စာပေ ပို့ချရင်း ကျမ်းစာများကို ရေးသား၍ နေစဉ် ခမည်းတော်ကြီး မကျန်းမမာ ဖြစ်လာလေသည်၊ ဆေးကုဖို့ရာ ငွေလည်း မည်မည်ရရ မရှိပါ၊ ဘယ်တော့ကမှလည်း ငွေကို မစုဆောင်းခဲ့၊ အကျော်အောင် စဉ်က ရခဲ့သော ခြောက်ရာကျော်လောက်ကိုလည်း ရန်ကုန်သို့ သွားဖွယ်ကိစ္စရှိသဖြင့် စရိတ်ကို ချန်၍ ဒကာကြီးအား အားလုံးကို စွန့်လိုက်၏၊
          ထိုအချိန်၌ ကျမ်းစာအုပ်များလည်း တစ်အုပ်မျှသာ ရိုက်ပြီးသေး၏၊ ရဟန်းအမကြီးများ၏ ကျန်ရစ်ခဲ့သော သမီးကလေးက တစ်လ တစ်ဆယ်တန်(နွားနို့, ညနေဖျော်ရည်သောက်ရန်) ကပ္ပိယထံ အပ်နှံထားလေ့ရှိ၏၊ ထိုကဲ့သို့ မရှိမဲ့ ရှိမဲ့ ဖြစ်နေသော်လည်း အများကမူ (ရပ်ရွာရှိ ဆွေမျိုးများကပါ) ငွေတွေ အလွန် ပေါများနေသည်ဟု ထင်နေကြလေ၏၊ ထို့ကြောင့် ဒကာကြီးအတွက် ရပ်ရွာသို့ ရောက်သောအခါ အဘိုးလေးတော်သူက “ကိုယ်တော့် ဒကာကြီးတော့ ရမယ်မထင်ဘူး၊ ငွေ ဘယ်လောက်ပါတုံး”ဟု မေးရှာလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၈၆) စာသင်သားဘ၀ ဒုက္ခ



စာသင်သားဘ၀ ဒုက္ခ 
ရဟန်း မဖြစ်မီ ဆင်းရဲသော နည်းဖြင့် ဆွမ်းမခံခဲ့ရသော်လည်း ရဟန်းဖြစ်သောအခါ ဆရာ၏ အမိန့်တော်အရ ပခုက္ကူ မူလစာသင်တိုက်ကြီး၌ စာသင်နေရစဉ်ကား  အမှတ်တရ  ဒုက္ခလေးတွေ  များလှလေ၏၊ ရောက်၍ မကြာမီ ကိုယ်တော်တစ်ပါးက “ဆွမ်းဖိတ်ရအောင်”ဟု ခေါ်သွား၍ တော်တော်ခံ့ညားသော အိမ်ကြီးရှေ့မှာ ရပ်နေကြ၏၊ အိမ်ရှေ့မှာလည်း အိမ်ရှင်များနှင့် အမျိုးသမီးတစ်ယောက် ရှိလေသည်၊ ထုံးစံအတိုင်း “ဘာအလိုရှိပါတုံးဘုရား”ဟု မေးလိုက်သော အခါ ထိုကိုယ်တော်က “ဟောဒီကိုယ်တော်လေး မိဝေးဘဝေးနှင့် စာသင်ချင်လွန်းလို့” အစချီသော ဖုန်းတောင်းယာစကာသံနှင့် အင်မတန် သနားဖွယ်ရာ မဟာကရုဏာ ဖြစ်လောက်သော အချက် များကို မိန့်မြွက်တော်မူလေသော် တစ်ခါမျှ ဆွမ်းမဖိတ်ဖူး၍ နားရိုင်းနေသော မိမိမှာ ရပ်၍ မနေနိုင်တော့ဘဲ ထိုကိုယ်တော် ပြော၍ မပြီးခင် တိတ်တိတ်ကလေး ပြန်ပြေးခဲ့ပါတော့သည်။
          ထိုကဲ့သို့ ဆွမ်းမဖိတ်လိုသည့်အတွက် အများဘုံလောင်းရာတွင် ရသမျှဖြင့် မျှတနေစဉ် တစ်ရံတစ်ခါ ရဟန်းအမကြီးများထံမှ ငွေတင်လိုက်သော်လည်း အဆင်သင့် ကပ္ပိယကျောင်းသား မရှိသောအခါ (ရဟန်းအမကြီးများနှင့် ထိုဒကာမကြီးများ၏ ကိုးကွယ်နေသော ၀ိနည်းဓိုရ် ဆရာတော်များ အထင်သေးမည်စိုးသောကြောင့်) ပြန်ပို့လိုက်ရတော့၏၊ ကျောင်းသား ကပ္ပိယ အဆင်သင့်တဲ့အခါ အပ်သောပစ္စည်းများကို သုံးစွဲခွင့်ရ၏၊ သင်္ကန်း မလုံလောက်၍ ထိုဝတ္ထုဖြင့် ခ၀ါသင်္ကန်းကို ကပ္ပိ (၀ယ်)ရဖူးသေး၏။

          အခါတစ်ပါးသော် ဆွမ်းခံ ပြန်အလာတွင် ဘုန်းရှင် ကံရှင် ဖြစ်သော မိတ်ဆွေတစ်ပါးက သပိတ်ကို ဖွင့်ကြည့်ကာ စားဖြစ်လောက်အောင် မရသော ဆွမ်းဟင်းကို မြင်၍… “မင်းလိုသာ ဆင်းရဲလျှင် ငါတော့ စာမသင်ဘူး”ဟု အားပေးရှာသေး၏၊ ရသမျှ ဘုံလောင်း ဆွမ်းဟင်းလေး ငါးခွက်သည် နံနက်စာမျှ မလောက်ပါ၊ ညနေ ကျလျှင် ဆာမည်စိုး၍ ဆွမ်းသန့်သန့်ကို နေ့စာချန်ကာ တစ်ရံတစ်ခါ သူများပေးသော ဟင်းကလေးနှင့် စားရ၏၊ တစ်ရံတစ်ခါ ထန်းလျက် ဖြင့် စားရ၏၊ တစ်ရံတစ်ခါသော် ရေနှင့်ရော၍ အလိုက်သင့် မျှောချ ခဲ့ရပါသည်။
တရားကိုသာ သတိရပုံ
ထိုမျှ ကိုယ်ဆင်းရဲပါသော်လည်း စိတ်ကား မညှိုးငယ်ပါ၊ “ငါသည် ရှေးရှေး ဘ၀က ပညာဘက်၌ အားတက်သရော ကောင်းမှုကို ပြုခဲ့သော်လည်း ဒါနဘက်၌ အမှတ်တမဲ့ နေမိခဲ့ဟန်တူသည်၊ ထို့ကြောင့် ယခုဘ၀၌ ပညာက အကျိုးပေး၍ ဒါနအကျိုးမှာ ချို့ချို့ငဲ့ငဲ့ ရှိရပေ သည်၊ ဒါနချို့တဲ့မှုကြောင့် ပညာသင်ရာမှာပင် ဆွမ်းမပြည့်စုံ၍ အားအင်နည်းစွာဖြင့် သင်ကြားနေရသည်၊ နောင်သံသရာ ပညာအကျိုးပေးရာဝယ် ဒါနကျိုးလည်း မညှိုးရအောင် ယခုဘ၀က သတိ ကြီးစွာ ကြိုးစားရပေလိမ့်မည်”ဟု တရားကိုသာ သတိရခဲ့ပါသည်။
          ထိုအချိန်မှာ စစ်ကိုင်းနှင့်မန္တလေးကို မျှော်ကြည့်လျှင် မိဘလည်း ပစ္စည်းမပြည့်စုံ၊ ဆရာရင်းလည်း (ထိုစဉ်က) ဘုန်းကံ မရှိရှာ၊ မိမိ စိတ်အလိုအားဖြင့် မည်သည့် ပစ္စည်းရှင်ကိုမျှ လောကွတ်ပျူငှာ သွားလာ ၀င်ထွက်၍ (ပစ္စည်းရမှုအတွက်) မဆက်ဆံနိုင်၊ ယခုခေတ် ဖြစ်ပုံမှာလည်း မိုးထိအောင် ပညာတတ်နေစေကာမူ သူတို့နှင့် အလွန်းမသင့်သမျှ အရေးစိုက်ကြတော့မည် မဟုတ်၊ ဤသို့သာ ထင်မြင်လာပါတော့သည်။
          ထို့ကြောင့် “ပညာသင်ရင်း သေလျှင်လည်း သေပေစေ, မသေလျှင်လည်း အပြည့်အစုံ တတ်ပေစေ၊ ပညာပြည့်စုံမှ သင့်တော် သလို စီစဉ်ရတော့မည်” ဟု ကြံစည်ကာ “ဤကဲ့သို့ ဆွမ်းဒုက္ခ ရောက်ရခြင်းသည် ပါရမီနုသော ငါ့အတွက် မထူးဆန်းချေ၊ ဗုဒ္ဓ ရှင်တော်သည်ပင် တောထွက်တော်မူစက ဆန်ကြမ်းထမင်းများကို မြင်ရ၍ ပဏ္ဍ၀တောင်ခြေမှာ ခေတ္တခဏမျှ စဉ်းစားခဲ့ဖူးသေး၏၊ ဗုဒ္ဓဖြစ်ပြီးသောအခါ ဝေရဉ္ဇာပြည်မှာ ၀ါတွင်းသုံးလပတ်လုံး မုယောဆန်ကို (နောက်ပါ သံဃာတော်ငါးရာနှင့်အတူ) ဘုဉ်းပေးတော်မူရ သေး၏၊ ဗုဒ္ဓရှင်တော်မြတ်သော်မှ သုံးလ ဆင်းရဲတော်မူရလျှင် ငါလိုလူကား သုံးနှစ် သုံးဘ၀ ဆင်းရဲသော်လည်း မထူးဆန်းလှ”ဟု တရားနှင့် ကာကွယ်ကာ အောက်ပါတေးထပ်ကို ရေးမိခဲ့ပါသည်။
ရွှေနန်းရှင် သဗ္ဗညုသို့, ကပ်ဝင်လုခါတွင်၊
နတ်တွင်လူ့ ပ၀ရာသခင်တောင်, တစ်ခါစဉ်ဆီက၊
ဆွမ်းအတွက် ပဏ္ဍ၀ါပေါ်မှာ, ကြံရှာတော်မူဖူးခဲ့သဗျ။
ရှေးဝဋ်ကြောင့် နေစံရှာ, ဝေရံဇာ ပြည်မ၊
ခြေရံပါ မကြည်မြအောင်ပ, ထွီစရာ့ဘောဇဉ်၊
မုယောဆန် သုံးဆောင်မွေ့ခဲ့ရ,        
ဘုန်းရောင်ငွေ့ တောက်တဲ့အရှင်။
ထုံးဆောင်၍ နှောက်မဲ့ယှဉ်သော်,
ကြောက်ဖွယ့်အင် ဘာမရှိပါဘူ့၊
ပါကဋိ မဟုတ်ကြ လူမှာ, နုပ်စွ သူ ငါ၊…
အစာအတွက်ကြောင့် လျှာမထွက်ပါတယ်,
ဘာအတွက်တာ ပူရပါချိမ့်လေး။   
 
Credit to
 
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated