@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Sunday 27 July 2014

ဝိဝဋ္ဋနိဿိတ ဆုတောင်း - မဟာစည်ဆရာတော်ဘုရားကြီး


ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု။

မေ-အကျွန်ုပ်၏၊ ဣဒံ ပုညံ-ဤကောင်းမှုသည်၊ အာသဝက္ခယာဝဟံ-အာသဝေါတရားတို့၏ ကုန်ရာဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရွက်ဆောင်သည်၊ (အာဝဟံ-ရွက်ဆောင်သည်၊ ‘ဝဟ’ဆိုတာ ဆောင်တာ၊ ဆောင်တယ်ဆိုတာက ဒီကနေပြီး ဟိုဆောင်သွားတာလည်း ရှိတယ်၊ ‘အာဝဟ’ဆိုတာက ဟိုက ဆောင်လာတဲ့ အဓိပ္ပာယ်)၊ အာသဝက္ခယာဝဟံ-အာသဝေါတရားလေးပါးတို့၏ ကုန်ရာ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်ကို ရွက်ဆောင်သည်၊ ဟောတု-ဖြစ်ပါစေသတည်း။

ဒီအဆိုကလည်း မှန်မှန်ကန်ကန် ရတဲ့ ပုဂ္ဂိုလ် အင်မတန် ရှားတယ်။
ဒီက နားထောင်ကြည့်နေတယ်။
ဒီလိုပါပဲ၊ တချို့ ဆရာကြီး သမားကြီးဖြစ်တဲ့ ပုဂ္ဂိုလ်တွေကလည်း ‘အာသဝက္ခယံ ဝဟံဟောတု’လို့ ‘ဝဟံ-ဝဟန္တော-ရွက်ဆောင်သည်’ ဘာညာနဲ့ အနက်ဆောင်ပေးလိုက်သေးတယ်။
ဒါတွေက မဟုတ်တဲ့ ဟာတွေပဲ။

ဆုတောင်းခြင်း



ဗုဒ္ဓဘာသာဝင်တို့သည် အလှူတစ်ခုကိုပြုပြီးတိုင်း “ဆုတောင်း”သည့်အလေ့ရှိကြသည်၊၊ ဆုတောင်း ခြင်းသည် ဗုဒ္ဓဘာသာ၏အရေးပါသော ဘာသာရေးယဉ်ကျေးမှုတစ်ခုပင် ဖြစ်ပါသည်၊၊ တောင်းဆိုလေ့ရှိကြသည့် “ဆု” အများစုမှာ အသက်ရှည်လိုခြင်း၊ ကျန်းမာလိုခြင်း၊ စီးပွားတိုးတက်လိုခြင်း၊ ဘေးအန္တရာယ်ကင်းလိုခြင်းနှင့် ဘ၀လိုအပ်ချက်များစွာတို့ဖြစ်ကြသည်၊၊
ထိုသို့ဆုများစွာကို တောင်းသည့်အခါ တောင်းသောဆုများ ရရှိသည်များလည်း ရှိသည်၊ မရရှိကြ သည်များလည်း ရှိပါသည်၊၊ ဗုဒ္ဓဘာသာတွင် သာမန်ချမ်းသာမှအစပြု၍ ဘုရားအဖြစ်တိုင်အောင် “ဆု တောင်းမှု”ကိုရှေးဦးစွာပြုရကြောင်း၊ ပြီးလျင် တောင်းသည့်ဆုအလျောက် လိုအပ်သည့်“ပါရမီ”များကို ဖြည့်ဆည်းရကြောင်း ပါဠိစာပေတွင်ညွှန်ပြထားပါသည်၊၊
“ကောင်းမှုကိုပြုပြီး အလိုရှိသည့်ဆုကို အတိအကျမတောင်းဆိုလျင် အကျိုးကိုရသည့်အခါတွင် မိမိလို ချင်သည့်အကျိုးကို တိတိကျကျမရရှိ”တတ်ဟူ၍ ပါဠိစာပေအထောက်အထား ရှိပါသည်၊၊ ဤသည်ကို ကြည့်သောအားဖြင့် ဆုသည်မဖြစ်မနေတောင်းသင့်သည့် “ဗုဒ္ဓဘာသာကျင့်ထုံးတစ်ခု”ဟု မှတ်ယူရပါမည်၊၊
ဆုတောင်းခြင်းယဉ်ကျေးမှုကို ဗုဒ္ဓဘာသာပါဠိစာပေမှ ကန့်ကွက်ခြင်းမရှိပါ၊၊ သို့သော် လောကီချမ်းသာမှုအစ၊ ဘုရားအဖြစ်တိုင်အောင်ဆုလာဘ်များကို ဆုတောင်းရုံသက်သက်ဖြင့်ရရှိနိုင်သည်ဟု ပါဠိစာပေတွင် ညွှန်းဆို ထားခြင်း မရှိပါ၊၊

အနာဂတ်သာသနာရေး အပိုင်း(၁၃၉) ပွဲလမ်းသဘင်နှင့်ကစားပွဲ



ပွဲလမ်းသဘင်နှင့်ကစားပွဲ
တန်ခိုးကြီးဘုရားဟု ထင်ရှားသော ဘုရားပွဲတိုင်းလိုပင် ဇာတ်ပွဲသဘင်များနှင့် အလောင်းအစား ကစားပွဲများ တွဲဖက်ပါဝင်နေသည်မှာ ဗုဒ္ဓအလိုတော်နှင့် လုံးဝ ဆန့်ကျင်နေသော စနစ်သာတည်း။
          အကယ်၍ ဗုဒ္ဓရှင်တော် သက်တော်ထင်ရှား ရှိနေပါမူ ဇေတ၀န် ကျောင်းတော်အတွင်း၌ ဤကဲ့သို့ ပွဲကျင်းပကာ ဗုဒ္ဓရှေ့တော်ဝယ် မင်းသား မင်းသမီး ဆိုသူတွေ သီဆိုကြ, လူပြက်တွေ ပြက်လုံးထုတ် ကြနှင့် ပူဇော်ခွင့် ရကြပါမည်လော၊ ဘုရားပွဲဟူသည်မှာ ဘုရားကို ရည်မှန်း၍ လှူဒါန်းပူဇော်ရမည့်ပွဲတည်း၊ သို့ပါလျက် ဘုရားကို သတိ မရကြဘဲ ဘုရားကို အနားထား၍ ပျော်ရွှင်ကြခြင်း, ပွဲကြည့်ရာမှ ကစားဝိုင်းမှ ရန်ပွဲဖြစ်ကြသဖြင့် သေကျေကြ, ရုံရောက်၍ ငွေကုန် လူပန်း ဖြစ်ကြခြင်းကား ရိုင်းစိုင်းသော လူမျိုးဖြစ်ကြောင်းကို ၀န်ခံရာ ကျလှ၏။
         
အိန္ဒိယ ဟိန္ဒူလူမျိုးတို့၏ ၀တ်တက်ပွဲ ဘုရားပွဲများ၌ မဟတ္တမ ဂန္ဒီကြီးက ငြိမ်းချမ်းသာယာမှု တရားရေအေး တိုက်ကျွေးကြောင်းကို (သတင်းစာ၌) ဖတ်လိုက်ရသောအခါ ဘုန်းကြီးတို့ ဘုရားပွဲတွေကို ကြည့်၍ ၀မ်းနည်းမိပါတော့သည်၊ ထို့ကြောင့် အနာဂတ်ကာလ၌ ဘုရားပွဲကို အစိုးရနှင့်တကွ ရဟန်းတော် အရှင်မြတ်တို့ ပြုပြင်ပေးရန် လေးနက်စွာ တောင်းပန်ပါသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၃၈) ဆွမ်းတော်ကြီးတင်



ဆွမ်းတော်ကြီးတင်
ဗုဒ္ဓရှင်တော်လက်ထက်၌ ကောသလမဟာရာဇာက တစ်ဖက်, မြို့သူ မြို့သားများက တစ်ဖက် အပြိုင်အဆိုင် ဆွမ်းကျွေးပွဲ လုပ်ခဲ့ကြဖူး၏၊ နောက်ဆုံး၌ ကောသလမဟာရာဇာသည် မလိ’ကာမိဖုရား၏ အကြံပေးချက်အရ သံဃာတော်များ နေထိုင်ဖို့ရာ နေရာထိုင်ခုံ ငါးရာ၏ နောက်၌ ဆင်တစ်စီးစီ ထီးဖြူဆောင်းစေလျက် ရဟန်းတော်များ၏အကြား၌ နန်းတော်သူများကို နံ့သာကြိတ်စေ၍ ထိုနံ့သာတို့ဖြင့် မွမ်းမံခြယ် လှယ်ကာ မည်သူမျှ မတုပနိုင်သော အသဒိသ ဆွမ်းဒါနကြီးကို ပြုဖူးလေသည်။
          ယခုခေတ် ဆွမ်းတော်ကြီးပွဲ ပြင်ဆင်ပုံကား ထိုအလှူမျိုးနှင့်လည်း မတူချေ၊ ထိုအသဒိသဒါနသည် သံဃာတော်များ ဘုဉ်းပေးရသောဒါန ဖြစ်၏၊ ဤဆွမ်းတော်ကြီးများကိုကား သံဃာများ မဘုဉ်းပေးရပါ၊ များစွာသော ဆွမ်းတော်ကြီးများကို ကြည့်လိုက်သော အခါ မုန့်မျိုးစုံတို့၏ အကြား၌ ပန်းကန်ပြားအပြည့် ထည့်အပ်သော ၀က်သားတုံးကြီး, ကြက်ကောင်လုံးကျော် အများအပြားတွေ့ရပေသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၃၇) ဘုရားတည်မှု


ဘုရားတည်မှု
ဘုရားစေတီတည်ထားရာ၌ ကုသိုလ်ရသည်ကား မှန်ပါ၏၊ သို့သော် အကျိုးရသင့်သမျှ အပြည့်အစုံ ရဖို့ စဉ်းစဉ်းစားစား တည်ထားသင့်ကြသည်၊ မဟာဝဂ္ဂသံယုတ် ၀ိဟာရ၀ဂ္ဂအဋ္ဌကထာ၌ သမ္မာဒိဋ္ဌိ ဖြစ်ပုံကို ပြရာဝယ် “အပ္ပတိဋ္ဌိတေ ဒိသာဘာဂေ စေတိယ ပတိဋ္ဌာပနံ=စေတီ မတည်ရသေးသောအရပ် (မြို့, ရွာ) တို့၌ စေတီတည်ထားခြင်းကို သမ္မာဒိဋ္ဌိ=အယူမှန်ခြင်း”ဟု ဆို၏၊  စေတီရှိပြီး နေရာ၌ ထပ်၍ တည်ခြင်းကို အဋ္ဌကထာ မလိုလားကြောင်းမှာလည်း ဉာဏ၀ိဘင်္ဂအဋ္ဌကထာ၌… “ဧကသ္မိံ ၀ိဟာရေ ဒွိနံ္န စေတိယာနံပိ လာဘသက္ကာရော ဥဠာရော န ဟောတိ-တစ်ကျောင်း တစ်တိုက်ဝယ် စေတီတော် နှစ်ဆူရှိရာ၌ လာဘ် ပူဇော်မှု မများ (မကောင်း) နိုင်”ဟူသော စကားဖြင့် သိသာ၏။
          ထိုအဋ္ဌကထာစကားကို လက်ရှိအခြေအနေကလည်း ထောက်ခံလျက်ရှိ၏၊ စေတီတော် များပြားသည့်အတွက် မည်သည့်စေတီ တော်မျှ အစောင့်အရှောက် ကျကျနနနှင့် သားနားသပ္ပာယ်အောင်, စေတီတော်ရောက်သွားလျှင် စိတ်ကြည်နူးအောင် ကိုးကွယ်ထား သည်ကို မတွေ့ရ၊ မဟာမြတ်မုနိ, ရွှေတိဂုံ စေတီတော်များ၏ ရင်ပြင်တော်၌သော်မှလည်း လူများ၏ ခြေရာတွေနှင့် ခွေးမစင်, ပန်းအမှိုက်စသည်များကို တွေ့ရပါသေးသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၃၆) သရဏဂုံတင်


သရဏဂုံတင်
လူတစ်ယောက်၏  နောက်ဆုံး စုတေစိတ်နှင့် ဘ၀သစ် ပဋိသန္ဓေစိတ်သည် လက်ဖျောက် တစ်ချက်တီးချိန်ကို ကုဋေတစ်သိန်းလောက် စိတ်လျှင် တစ်စိတ် လောက်သာ  အချိန် ကြာ၏၊  “ဘ၀ဟောင်းက  စုတေသည်နှင့် တစ်ပြိုင်နက် ဘ၀သစ်မှာ ဖြစ်ရတော့၏”ဟု ဆိုလိုသည်၊ အိမ် အနီးအပါး၌ တစ္ဆေ ပြိတ္တာ ဖြစ်နေရသူများသည် ထိုတစ္ဆေဘ၀မှာပင် အသစ် ဖြစ်ရ၏၊ နတ်ပြည်နှင့် ငရဲပြည်သို့ ရောက်မည့်သူလည်း ထိုခဏအတွင်းမှာပင် ထိုဘ၀သစ်၌ ဖြစ်ပြီးလေ၏။
          ထို့ကြောင့် အလောင်းကောင်ကို သင်္ချိုင်းမှာ ဖြစ်စေ, အိမ်မှာ ဖြစ်စေ သရဏဂုံတင်ကြောင်းကို သေလွန်သူ သိဖို့အရေးမှာ အလှမ်း ဝေးလှချေ၏၊ သိမည်ဆိုလျှင် အိမ်အနီး၌ (သုသာန်၌) တစ္ဆေ ပြိတ္တာ ဖြစ်နေသူလောက်သာ သိခွင့်ရှိသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၃၅) လူအသုဘ


လူအသုဘ
ဤ မြန်မာပြည်၌ လူသေ အလောင်းကောင်ကို အမွှန်းတင်ကာ ငွေကုန်လူပန်း စီစဉ်ကြသည်မှာ စိတ်ပျက်ဖွယ်ရာ ကောင်းလှလေ၏၊ တချို့မှာ ဆေးဖိုးဓာတ်စာ ငါးကျပ် တစ်ဆယ်မျှ အကုန်မခံနိုင်ကြသဖြင့် မသေတန်ဘဲနှင့် သေရပြီးနောက် အလောင်းကောင်ဘ၀ရောက်မှ ကျန်ရစ်သူတို့က မရှိမဲ့ရှိမဲ့ ကြံဆောင်၍ တစ်ဆယ် နှစ်ဆယ်မက အကုန်အကျခံပြီး သင်္ဂြိုဟ်ကြရ၏၊ ထိုအလောင်းကို သုံးရက်ထက်မနည်း အိမ်မှာ ထားလိုကြသေး၏၊ [ထိုသို့ ထားရာ၌ ဘိုးဖြစ်သူထံမှ အကြောင်း ပြချက်ကို ကြားသိရဖူးသည်မှာ “သေသေချင်းတော့ ဆွေမျိုးများက မပစ်ရက်ကြသေးဘူး, သုံးရက်လောက်ကြာ၍ ပုပ်နံလာသောအခါ ကျမှ ပစ်နိုင်ကြတယ်၊ ဒါကြောင့် ကျန်ရစ်သူများ ပစ်ခွာနိုင်အောင် သုံးရက် ငါးရက် စသည် ထားကြတယ်” ဟူ၏။]
          ထိုသို့ ထားရုံတွင် မပြီးသေး၊ ဆွေမျိုး မိတ်ဆွေတွေ လာသမျှ အတွက် ကွမ်း ဆေး လက်ဖက်စသော စားသောက်ဖွယ်ရာများကိုပါ အသုဘအိမ်၌ စီစဉ်ထားရ၏၊ ချမည့်နေ့၌ကား မင်္ဂလာပွဲပမာ အချို့က ဖြီးလိမ်းဝတ်ဆင်၍ လာကြသေး၏၊ တတ်နိုင်သလောက် ကျွေးကြရ, လက်ဖက်ရည်တိုက်ရသည်မှာလည်း အလှူဒါနပွဲကလေး တစ်မျိုး ဖြစ်နေ၏၊ ပုပ်နေသော အလောင်းကို မနံအောင် သေတ္တာထဲမှာ လှောင်၍ အနီးအပါး၌ ပျော်ပျော်ရွှင်ရွှင် စားသောက် ရယ်မောနေကြသော လူလယ်ကောင်ဝယ် အလောင်းရှင်များက လည်း အသံကုန်ဟစ်ကာ ငိုကြရှာ၏၊ ““စားသောက်ရယ်မောနေသူများက ငိုသူများကို အားမနာလို့လား, ငိုသူများက ရယ်ကာမောကာ စားကြသောက်ကြတာကို မသဒ္ဓါလို့လား”” စဉ်းစားစရာ ဖြစ်တော့၏၊ မည်သို့ပင် ဖြစ်စေ ထိုဖြစ်နေပုံကို လောကမျက်စိဖြင့် ကြည့်ကြည့်, ဘာသာရေးမျက်စိဖြင့် ကြည့်ကြည့် ယဉ်ကျေးမှု မရှိပါ။

အနာဂတ်သာသနာရေး အပိုင်း(၁၃၄) ဘုန်းကြီးပျံ ကြာရှည်ထားပြစ်

ဘုန်းကြီးပျံ ကြာရှည်ထားပြစ်
ယခုကာလ၌ ဘုန်းကြီးပျံကို ကြာရှည်ထား လေ့ရှိခြင်း, ကြာရှည်ထားလေ့ မရှိခြင်းဟု နှစ်မျိုးရှိ၏၊ ကြာရှည်ထားခြင်း၌ ရည်ရွယ် ချက်ကား ရပ်ဝေးတပည့်များ လာရောက်မီအောင် စောင့်ဆိုင်း လိုခြင်း, ဒကာ ဒကာမများ၏ ဘုန်းကြီးပျံ၌ ကုန်ကျဖို့ရန် ငွေရှိချိန် ကို စောင့်လိုခြင်းများ ဖြစ်၏၊ ထိုတွင် အဝေးတပည့်များ လာရောက် ၍မှ သင်္ဂြိုဟ်ခြင်းလည်း တစ်နည်းအားဖြင့် ထိုမှရမည့် အကူအညီ တို့ကို မျှော်လင့်ခြင်းပင် ဖြစ်၏၊ ထိုသို့ မဟုတ်ဘဲ “အဝေးတပည့် များ နောက်ဆုံး ကန်တော့ခြင်းဖြင့် ကန်တော့စေလိုသောကြောင့် ထားရပါသည်”ဟု ဆိုလျှင် အလောင်းကို မမီလိုက်ဘဲ ဂုဏ်ကို မှန်း၍ ကန်တော့လျှင်လည်း ပြီးနိုင်ပြီဖြစ်၍ ထိုအကြောင်းလည်း မလုံ လောက်သေးချေ၊ အမှန်မှာ “ပွဲနှင့်လမ်းနှင့် စည်စည်ကားကား ဖြစ်စေလိုသောကြောင့် ကြာရှည် ထားကြသည်”ဟု ထင်စရာ အကြောင်းရှိ၏၊ ထိုသို့ ကြာရှည်ထား၍ စည်စည်ကားကား ကျင်းပ ခြင်း၌ အောက်ပါ အပြစ်များကို တွေ့ရလေသည်။
၁။       အလောင်းကို စောင့်ရှောက်ရမှုကြောင့် ပရိယတ်ကျောင်းတိုက် ဖြစ်လျှင် စာသင်စာချ ပျက်ခြင်း, ပဋိပတ်ကျောင်းတိုက်၌ ပဋိပတ်အကျင့် လစ်ဟင်းခြင်း၊

"လောကမှာငွေ(သို့) အမျိုး ဘာသာ သာသနာကာကွယ်ချင်သူများအတွက်"



ငွေဆိုတဲ့ အရာကို လူတွေအားလုံးက ဒုတိယဘုရားသခင်လို့ သတ်မှတ်ထားကြပါတယ်။ ငွေရှိရင်
ဘာမဆိုဖြစ်နိုင်တယ်။ လုပ်သမျှတင့်တယ်တယ်။ ငွေနဲ့ပြီးမြောက်လို့ရတဲ့ အရာတွေ လောကကြီးမှာ အများကြီးရှိပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ငွေဟာ မျက်နှာပွင့်ဆေး၊ ချစ်ဆေးတစ်မျိုးဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဒါကြောင့်မို့ လူမျိုးခြား ဘာသာခြားတွေဟာ မျက်နှာပွင့်ဆေး၊ ချစ်ဆေးတစ်မျိုးဖြစ်တဲ့ ငွေကိုမရ-ရအောင် ရှာဖွေစုဆောင်းကြပါတယ်။ ငွေကြေးဥစ္စာပြည့်စုံလာတဲ့ အခါမှာလည်း ရှာဖွေစုဆောင်းမှု ဝီရိယက ရပ်တန့်မနေဘဲ ဆထက်ကြီးပွားတိုးတက်အောင် ကြိုးစားကြပါတယ်။
ဒါဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း အားကျအတုယူသင့်တဲ့နည်းလမ်းပဲဖြစ်ပါ တယ်။ ငွေကြေးချမ်းသာကြွယ်ဝအောင် လုပ်ဖို့ကိစ္စဟာ ကိုယ့်ဘဝကြီးပွား တိုးတက်ရေးအတွက် သာမက မြန်မာလူမျိုးနဲ့ ဗုဒ္ဓဘာသာ မကွယ်ပျောက်အောင် ကာကွယ်တဲ့ နေရာမှာလည်း အထူးအရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတာကိုလည်း သဘောပေါက်ထားဖို့ လိုပါတယ်။ လူမျိုးခြား ဘာသာခြားတွေဟာ ငွေကြေးကိုရအောင်ကြိုးစားရှာပြီး အဲဒီငွေကြေးနဲ့ပဲ မြန်မာမိန်းကလေးတွေကို မက်လုံးပေးအရယူကြပါတယ်။ ငွေကြေးဟာ လူတွေရဲ့ သည်းချေကြိုက်ဖြစ်တဲ့အတွက် အချို့မြန်မာမိန်းကလေးတွေဟာ ငွေကြေးရဲ့ လှည့်စားမှုအောက်မှာ အလူးအလိမ့်ခံရပြီး လူမျိုးခြားဘာသာခြားတွေရဲ့ မယားဘဝရောက်သွားကြပါတယ်။ 

“ဗုဒ္ဓါနုဿတိဘာဝနာပွားများပုံနှင့် ပွားများရခြင်းအကျိုး”


 

လူတို့သည် နံနက်အိပ်ရာထချိန်မှစ၍ ညအိပ်ရာဝင်ချိန်အထိ သားမယားကိစ္စ၊ စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စ၊ တို့၌သာ စိတ်သက်ဝင်နစ်မြုပ်နေမှုများက များ၏။ ထိုကိစ္စတို့ကို ကြံစည်တွေးတောမှု၊ အောက်မေ့အမှတ်ရ နေမှုများကသာများ၏။ စင်စစ်ထိုအာရုံများသည် လောဘ၊ ဒေါသတို့ကျက်စားရာ အာရုံများသာဖြစ်ကြ၏။ သို့အတွက်ထိုလူတို့၏ စိတ်သည် ညစ်နွမ်းပြီး၊ နောက်ကျိနေပြီး ကြည်လင်ရွှင်ပြမှုလည်း မရှိကြပေ။ စစ်မှန်သော စိတ်ချမ်းသာမှုကိုလည်း မခံစားရပေ။

ဗုဒ္ဓါနုဿတိစသည်၌ ဘုရားစသော အာရုံတို့သည်ကား စိတ်ကြည်လင်ရွှင်ပျဖွယ်ရာ(ပဿဒနီယ) အာရုံများဖြစ်ကြ၏။ စိတ်ပူလောင်မှုကိုဖြစ်စေတတ်သော အာရုံများမဟုတ်ကြ။ ထိုအာရုံများကို အောက်မေ့အမှတ်ရနေပါက စိတ်ကြည်လင်ရွှင်ပျလာပြီး စစ်မှန်သော စိတ်ချမ်းသာမှုအကျိုးနှင့် အခြားကောင်းကျိုးများစွာကိုလည်း ခံစားကြရ၏။ ထို့ကြောင့် ဗုဒ္ဓါနုဿတိစသော ဘာဝနာများကို တတ်စွမ်းသမျှ အချိန်ရသမျှပွားများအားထုတ်သင့်ကြပေသည်။

"အိမ်တွင်းသာသနာ ပြုပေးကြပါ"



သာသနာဆိုတဲ့စကားလုံးကို အားလုံးတရင်းတနှီးကြားဘူးကြမယ်ထင်ပါတယ်။ သာသနာဆိုတဲ့စကားလုံးကို လူအများစုက ရဟန်းသံဃာတွေနဲ့ပဲသက်ဆိုင်တယ်လို့ ယူဆထားကြပါတယ်။ တကယ်တော့ သာသနာဆိုတာ အဆုံးမကိုပြောတာပါ။ ဗုဒ္ဓသာသနာဆိုရင်ဖြင့် ဘုရားရဲ့အဆုံးမလို့ဆိုရမယ်ပေါ့။ အချို့ဆရာတော်ကြီးတွေက ဗုဒ္ဓဘာသာလို့ပြောတာထက် ဗုဒ္ဓသာသနာလို့ပြောတာကို ပိုပြီးနှစ်သက်တော်မူကြပါတယ်။ ဒါမှလည်း ဗုဒ္ဓသာသနာဝင်လို့ ဆိုလိုက်ရင်.. ဗုဒ္ဓရဲ့အဆုံးမကို ထဲထဲဝင်ဝင်သက်ဝင်ယုံကြည်သူလို့ တခါထဲအဓိပ္ပါယ် ပေါက်သွားစေဖို့အတွက် ဆရာတော်ကြီးတွေနှစ်ချိုက်မိတယ်လို့ ကျွန်တော့်ကတော့ အဲ့ဒီ့လို ယူဆမိပါတယ်။

တကယ်တော့ ဗုဒ္ဓသာသနာဆိုတဲ့ ဗုဒ္ဓဆုံးမခဲ့တဲ့အဆုံးမတွေဟာ ဗုဒ္ဓဘာသာဝင်တစ်ခုထဲနဲ့တင် သက်ဆိုင်တာမဟုတ်ပါဘူး။ ဗုဒ္ဓဆုံးမခဲ့တဲ့ အဆုံးမတွေဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်ပဲ သီးသန့်ကိုးကွယ်နိုင်အောင် လိုက်နာကျင့်ကြံနိုင်အောင် ဟောပြဆုံးမပေးခဲ့တဲ့ အဆုံးမတွေမဟုတ်ပါဘူး။ သတ္တ၀ါတွေအားလုံးအတွက် အမြဲတမ်းမဖောက်မပြန် မှန်ကန်တဲ့ အမှန်တရားတစ်ခုဖြစ်တဲ့ ဓမ္မဆိုတဲ့လမ်းမှန်ပေါ်ကို သတ္တ၀ါတွေအားလုံး လျောက်လှမ်း နိုင်စေဖို့အတွက် ဗုဒ္ဓက ဟောပြဆုံးမပေးခဲ့တာပါ။

“ သီလ ” လုံးဝမကျိုးတဲ့ ဆောက်တည်နည်း။


ဗုဒ္ဓဘာသာဝင် တစ်ယောက်အတွက် ဒါန၊ သီလ၊ ဘာဝနာသည် အရေးကြီးပါသည်။ ဒါန၊
သီလ၊ ဘာဝနာ သုံးပါးထဲတွင် ဘယ်တရားက အရေးကြီးဆုံးလဲ ? ။
ရဟန်းတော်တွေအတွက် ဒါနမပြုလို့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ် မရှိသလို ၀ိပဿနာ
ဘာဝနာ မပွားလို့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ်လည်း မရှိပါဘူး။ ဒါပေမယ့် သီလဖေါက်ဖျက်
ရင်တော့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ်တွေက အသင့်ရှိနေပါတယ်။

ဒီလိုပါပဲ၊ လူတွေအနေနဲ့လည်း ဒါနမပြုလို့ အပြစ်သင့်စေ၊ ၀ိပဿနာဘာဝနာ မပွားလို့ အ
ပြစ်သင့်စေဆိုတဲ့ သိက္ခာပုဒ် မရှိပါဘူး။ ဒါပေမယ့် သီလဖေါက်ဖျက်လို့ကတော့ အပြစ်သင့်မှာပါ။
“ သီလလုံခြုံနေရင် ပြီးတာပါပဲ၊ ဒါနမပြုလည်း ကိစ္စမရှိပါဘူး၊ ၀ိပဿနာမပွားလည်း ကိစ္စ
မရှိပါဘူး။ ” လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါန၊ သီလ၊ ဘာဝနာမှာ “သီလ” က အရေးကြီးဆုံးလို့
ဆိုလိုတာပါ။ အကြောင်းကြောင်းကြောင့် ဒါနနဲ့ ဘာဝနာကို မလုပ်နိုင်သေးရင်တောင် “သီလ” ကို
တော့ သတိထား အထူးစောင့်ထိန်း ရမှာပါ။

Wednesday 23 July 2014

ပရိတ်ကြီး ၁၁-သုတ် အကျိုးတော်များ

* အစိန္တေယျ, ဂုဏ်ပေါင်းခသည့်, လောကတန်ဆောင်, ငါးမာရ်အောင်ဟု, ဘုန်းရောင်လျှံကြွား, ရှင်တော်ဘုရား၏, ဘေးဆီးရန်တား, ဟောကြားညွှန်ပြီး, ပရိတ်ကြီးလာ, ကျိုးများမှာကား, မသိသူချော်, သိသူဖော်၍, သုံးခဲ့လေပြီး, ကိုယ်တွေ့နည်းကို, ပြညွှန်းဆိုအံ့---
* မင်္ဂလသုတ်---ကျိုးညွှန်းထုတ်သော်, လောကုတ်လောကီ, နှစ်လီမင်္ဂလာ, ချမ်းသာကောင်းကျိုး, ရွာသွန်းမိုးသို့, ဝေဖြိုးလျှံပ, တိုးပွားရသည်, သုံး၍မကုန်, မြဲအောင်ခြုံလော့---
* ရတနသုတ်---သုံးကြိမ်ထုတ်က, သက်ပြတ်ခန္ဓာ, ရောဂါဥပါဒ်, ငတ်မွတ်ခေါင်းပါး, ကပ်သုံးပါးတို့, ရှောင်ရှားဝေးက, ငြိမ်းအေးလှသည်, သုံးစားမကုန်, ရတနာစုံတည်း---
* မေတ္တသုတ်မှာ---ဒေဝါနတ်များ, ချစ်ခင်ပွား၍, ဆိုးရွားအိပ်မက်, မမြင်မက်ဘဲ, အိပ်မက်နိုးထ, ချမ်းသာရလျက်, ရန်စရန်ညှောင့်, မြန်ပျောက်လိုက, ရွတ်ကြအဟုတ်, ခုနစ်အုပ်တည်း---
* ခန္ဓသုတ်မွန်---ဆိတ်ထန်ဆိုးရွား, မြွေကင်းများနှင့်, သစ်ကျားဝန်အောင်း, သရဲပေါင်းတို့, ကွာရှောင်းဝေးရာ, ဖယ်သွားခွါအောင်, ရွတ်ဆောင်နေ့ည, ကိုးကြိမ်ပြသည်, မှတ်ယူသုံးတော့, ကိုယ်တွေ့တည်း---

Tuesday 22 July 2014

ဝိသုဒ္ဓိမဂ် အဋ္ဌကထာ မိတ်ဆက်



မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော နိကာယ်ငါးရပ် ဒေသနာတော်တို့အား အကျဉ်းရုံးလိုက်ပါက “သီလ, သမာဓိ, ပညာ” ဟူသော ကျင့်စဉ်သုံးပါး ရသည်။ ထိုဒေသနာတော်တို့၏ ရည်ရွယ်ချက်သည်ကား နိဗ္ဗာန်ဖြစ်သည်။ ၀ိသုဒ္ဓိမဂ် ခေါ် ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာသည် နိကာယ်ငါးရပ်နှင့် အဖွင့် အဋ္ဌကထာကျမ်းများ၏ အနှစ်သာရကို စနစ်တကျ အကျဉ်းခြုံးကာ ထေရ၀ါဒနည်းအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုပြထားသည့် စင်ကြယ်ခြင်းတည်းဟူသော နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ကျမ်း (၀ိသုဒ္ဓိ - စင်ကြယ်ခြင်း + မဂ္ဂ = လမ်း) ဖြစ်၏။ ကျမ်းပြုသူမှာ နိကာယ်ငါးရပ်၏ အဖွင့်အဋ္ဌကထာ ကျမ်းပေါင်းများစွာကို ပြုစုခဲ့၍ ဗုဒ္ဓမတညု (မြတ်စွာဘုရား၏ အလိုတော်ကို သိသူ) ဟု တင်စား ခေါ်ဆိုခံရသူ အရှင်မဟာဗုဒ္ဓဃောသမထေရ် ဖြစ်သည်။ သီဟိုဠ်နိုင်ငံ အနုရာဓပူရမြို့ မဟာဝိဟာရ ကျောင်းတိုက်မှ သံဃပါလမထေရ်၏ တိုက်တွန်း ပန်ကြားချက်အရ သာသနာက္ကရာဇ် ၉၇၀ ခုနှစ်ဝန်းကျင်တွင် ရေးသားပြုစုခဲ့ခြင်း ဖြစ်သည်။
ကျမ်းပြုစုပုံ
သီလေ ပတိဋ္ဌာယ နရော သပညော, စိတ္တံ ပညဉ္စ ဘာဝယံ။
အာတာပီ နိပကော ဘိက္ခု, သော ဣမံ ၀ိဇဋယေ ဇဋန္တိ။

မရဏာနုဿတိ ဟူသည်


လွန်ခဲ့တဲ့ (၆)နှစ်လောက်က ကျွန်တော်ဟာ ရန်ကုန်မြို့ရဲ့ ဆေးရုံကြီးတစ်ခုပေါ်မှာ သေမင်းနဲ့ စစ်ခင်းခဲ့ရဘူးပါတယ်။ အဲဒီ အချိန်ကတည်းက စပြီး ဘ၀နဲ့ပတ်သက်တဲ့ အတွေးအခေါ် တွေဟာ ပြောင်းလဲသွားခဲ့ရပါတယ်။ အဲဒီမတိုင်ခင်က ကိုယ်လုံးဝ မစဉ်းစားခဲ့ဘူးတဲ့ တရားတစ်ခုကို နားလည် လာခဲ့ပါတယ်။
အဲဒါကတော့ “သေခြင်းတရား” ပါဘဲ။
တကယ်တော့ လူတွေနဲ့ အနီးကပ်ဆုံးအရာဟာ “သေခြင်းတရား” ပါ။ အချိန်မရွေးကျရောက်လာနိုင်ပါတယ်။ လူရဲ့ နောက်က အရိပ်လို လိုက်နေတာပါ။
မိတ်ဆွေ ?
“သေခြင်းတရား” ဟာ တစ်နေ့မှာ လူတိုင်းမလွဲမသွေ တွေ့ကြုံရမယ့် အလွန်ကြီးမားလှတဲ့ အရေးကိစ္စကြီး ဖြစ်ပေမယ့် ဒါကို လူတွေမေ့နေကြတယ်။
ဒါမှမဟုတ် မေ့ချင်ယောင် ဆောင်နေကြတယ် ။ လူဆိုတာ သေမျိုးဘဲဆိုတာ ဦးနှောက်သိသာ၊ သိကြပြီး နှလုံးသားထဲကနေ မသိကြတာက များပါတယ်။
“သေနေ့”

အာဋာနာဋိယသုတ်ပရိတ်တော်၏ နောက်ခံသမိုင်း



အရှင်အာစာရာလင်္ကာရ (စစ်ကိုင်းရွှေဟင်္သာ)
တစ်ခါတုန်းက မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ကြီးဟာ ရာဇဂြိုလ်မြို့နားက ဂိဇ္ဈကုဋ်တော်ကျောင်းတော်မှာ သီတင်းသုံးတော်မူနေခဲ့ပါတယ်။ အဲဒီအခိုက်မှာ သာသနာ တော်စောင့်နတ်မင်းကြီး ၄ ပါးတို့ဟာ ကုဝေရ နတ်မင်းကြီး နေတဲ့ အာဋာနာဋ နတ်မြို့တော်မှာ စည်းဝေးကြပြီး ဝိပဿီ အစရှိတဲ့ ရှေးဘုရားရှင် ၇ ဆူတို့ရဲ့ ဂုဏ်တော်တွေကို အာရုံပြု ရှိခိုးကြပြီးတော့ ဒီ အာဋာနာဋိယ ပရိတ်တော်ကို စီကုံးဖွဲ့ဆိုခဲ့ကြပါတယ်။
အဲဒီလို ဖွဲ့ဆိုကြပြီးတော့ မြတ်စွာဘုရားထံမှောက် ညသန်းခေါင်အချိန်မှာ ရောက်လာကြပြီးတော့ ကုဝေရ နတ်မင်းကြီးလို့ ခေါ်ရတဲ့ ဝေဿဝဏ် နတ်မင်းကြီးက မြတ်စွာဘုရားရှင်ကို ဒီလို လျှောက်တင်ခဲ့ဖူးပါတယ်။
” မြတ်စွာဘုရား …
ဟောဒီ ကမ္ဘာလောကမှာ သာသနာတော်ကို ကြည် ညိုတဲ့ နတ်ဘီလူးတွေရှိသလို မကြည်ညိုတဲ့ နတ်ဘီလူး တွေလည်း ရှိကြပါတယ်ဘုရား၊ အဲဒီအထဲမှာတောင်မှ သာသနာတော်ကို မကြည်ညိုတဲ့ နတ်ဘီလူးတွေကတောင် ပိုပြီး များကြပါသေးတယ်ဘုရား၊ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားက သတ်၊ ခိုး၊ ကာမ၊ လိမ်၊ သေရည် ဆိုတဲ့ ဒုစရိုက်တရားတွေကနေရှောင်ဖို့ ဟောကြားတော် မူပြီး သူတို့က မရှောင်ချင်ကြလို့ဖြစ်ပါတယ်ဘုရား”
” မြတ်စွာဘုရား …

ဓဇဂ္ဂသုတ်ပရိတ်တော်၏ နောက်ခံသမိုင်း



အရှင်အာစာရာလင်္ကာရ (စစ်ကိုင်းရွှေဟသ်ာ)
အခါတစ်ပါးမှာ မြတ်စွာဘုရားရှင်က ရဟန်းတော် တွေကို တရားတစ်ပုဒ် ဟောပြတော်မူခဲ့ဖူးပါတယ်။
” ချစ်သားတို့ …
ဟိုး ရှေးရှေးတုန်းက တာဝတိံသာ နတ်ပြည်က နတ်သားတွေနဲ့ အသူရာနတ်သားတွေ စစ်ပွဲကြီးတွေ မကြာခဏ ဖြစ်ခဲ့ကြဖူးတယ်။ အဲဒီတော့ သိကြားမင်းက နတ်တွေကို ”မောင်မင်းတို့ … တိုက်ပွဲမှာ ကြောက် ရွံ့လာကြ ကြက်သီးမွေးညှဉ်းထလာကြရင် ငါ့ရဲ့အလံ ထိပ်ဖျား ပဇာပတိ ဝရုဏ ဤသာန နတ်မင်းကြီးတွေရဲ့ အလံထိပ်ဖျားကို မော့ကြည့်လိုက်ကြ အဲဒီအလံဖျား တွေကို မြင်ရရင် ကြောက်ရွံ့တာတွေ မှန်သမျှ ပျောက်သွား ကြပါလိမ့်မယ်” လို့ အားပေးစကား ပြောကြားခဲ့ဖူးတယ်”
” ဒီလိုပါပဲ ချစ်သားတို့ …
သင်တို့တစ်တွေဟာလည်း လူသူဝေးရာ တော ဟေမဝါတွေမှာ ရောက်နေကြလို့ သိပ်ပြီးကြောက်ရွံ့တာတွေ ဖြစ်လာခဲ့ကြရင် ဘုရားဂုဏ် တရားဂုဏ် သံဃာ့ ဂုဏ်တော်တွေကို အောက်မေ့ဆင်ခြင်ပွားများ ရှုမှတ်ကြ၊ အဲဒီလို ရှုမှတ်ပွားများရင် ကြောက်ရွံ့တာတွေ မှန်သမျှ အားလုံး ပျောက်သွားကြပါလိမ့်မယ်” လို့ ဟောကြား တော်မူခဲ့ပါတယ်။

ပါဠိစာလုံး ဆင့်ဖတ်နည်း ရှင်းတမ်း


၁ ။ နှစ်လုံးဆင့်မှာ ၊ အထက်သာ ၊ သတ်ပါ မြဲ ဧကန် ။
၂ ။ သဝေလည်းထိုး ၊ တ - သတ်မျိုး ၊ ဖတ်ရိုး စ - သတ်သံ ။
၃ ။ သဝေ လည်းထိုး ၊ န - သတ်မျိုး ၊ ဖတ်ရိုး င - သတ်သံ ။
၎ ။ သဝေ ရေးချ ၊ သတ်မြင် က ၊ မှတ်ကြ ဝ - ဆွဲသံ ။
၅ ။ ဟထိုး ဝဆွဲ ၊ ရရစ် ယပင်း ၊ တွေ့လျင်းက ၊ နှစ်ဝတာဝန် ၊ ကျေပွန် စေရန် ၊ အသံ အသတ် ယူမြဲမှတ် ။
၁ ။ အဓိပ္ပါယ်မှာ
အက္ခရာ ၂ လုံးဆင့် တွေ့လျှင် အပေါ်တွင် ရှိသော အထက်အက္ခရာ ကို အသတ်တင်၍ ဖတ် ။ အသံသေ ပြီ ၊ ရှေ့ အက္ခရာ နှင့် တွဲ၍ ဖတ်ရမည် ။
ဥပမာ - သမန္တာ = သ မန် တာ
၂ ။ အဓိပ္ပါယ်မှာ
သဝေထိုး နှင့်တွဲသော တ - သတ် ကို စ - သတ် သံထွက်၍ဖတ်ရမည် ။
ဥပမာ - မေတ္တာ = မေတ် တာ = မစ် တာ
၃ ။ အဓိပ္ပါယ်မှာ
သဝေထိုး နှင့် တွဲ သော န - သတ် ကို င - သတ်အသံထွက်၍ ဖတ်ရမည် ။
ဥပမာ - ပူရေန္တံ = ပူ ရေ န် တံ = ပူ ရင် တံ
၎ ။ အဓိပ္ပါယ်မှာ
သဝေထိုး ရေးချ ကို ဝ - ဆွဲ သံထွက်၍ ဖတ်ရ မည် ။
ဥပမာ - ဟောန္တု = ဟော န် တု = ဟွန် တု
၅ ။ အဓိပ္ပါယ်မှာ
ဟထိုး ဝဆွဲ ရရစ် ယပင့် အက္ခရာ စာလုံးများနှင့် တွဲ သော အက္ခရာ သည် အသတ်တာဝန် ကို လည်း ယူရသည် ။
မိမိမူလ အသံလည်းထွက်ရသည် ။

စက္ကန့်တိုင်း ဖြည့်ကျင့်နေရမည့် ပါရမီ


“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”

ပါရမီဆိုသည်မှာ အဘယ်နည်း။ ဆရာတော်အရှင်ဆန္ဒာဓိက တရားတော်မှ ဆရာတော် ဟောကြားသည့်အတိုင်း ပါရမီအဓိပ္ပါယ်ကို ဖွင့်ဆိုပြရပါလျှင်- `ပါရမီဆိုတာ မြင့်မြတ်သူတွေရဲ့ အလုပ်၊ တစ်နည်း မြင့်မြတ်သူဖြစ်ကြောင်းအလုပ်၊ မြင့်မြတ်သူ ဖြစ်စေနိုင်တဲ့အလုပ်၊ မြင့်မြတ် သူအဖြစ် ပို့ဆောင်ဖန်တီးနိုင်တဲ့အလုပ်၊ နောက်ထပ်တဖန် `ပါရ´ဆိုတာ သံသရာ တစ်ဖက် ကမ်း နိဗ္ဗာန်၊ `မီ´ ဆိုတာ ရောက်စေနိုင်တဲ့တရား၊ ထို့ကြောင့် `ပါရမီ´ဆိုတာ `သံသရာ တစ်ဖက်ကမ်း နိဗ္ဗာန်ကို ရောက်စေနိုင်တဲ့တရား´ဟူ၍ ဖြစ်ပါသည်။


မြင့်မြတ်သူတွေကတော့ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝက၊ ရဟန္တာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ လိုချင်တပ်မက်စွဲလန်းခြင်းဟူသော တဏှာမရှိတော့ခြင်း၊ သေခြင်းတည်းဟူသော အဆင်းရဲဆုံးဒုက္ခမှ ရုန်းထွက်နိုင်သည့် ၀ိဇ္ဇာဉာဏ်ကို ပိုင်ဆိုင်သွား ခြင်းကြောင့် မြင့်မြတ်သူစင်စစ် ဖြစ်သွားတော့၏။ ထိုသို့ မြင့်မြတ်သူတွေက သတ္တ၀ါတို့ ဆင်းရဲကြောင်းကို မတွေးတော မကြံစည်တော့ခြင်း၊ ချမ်းသာပွါးကြောင်းကိုသာ ရည်သန်သောစိတ်ဖြင့် ပြုမူပြောဆိုနေထိုင်သွားတော့၏။ လိုချင်တပ်မက်ခြင်း တဏှာမရှိတော့ သောကြောင့် မြင့်မြတ်သူတို့ပြုလုပ်သော ကောင်းမှုတရားတို့သည် မိမိအတွက် သံသရာ ကောင်းကျိုး ဖြစ်စေရန်မဟုတ်ဘဲ သတ္တ၀ါအများ ချမ်းသာပွါးကြောင်းအတွက်သာ ပြုမူနေထိုင် တော့သည်ဖြစ်၍ မြင့်မြတ်သောအလုပ်ဟူ၍ နားလည်မိပါသည်။

ဝိဝဋ္ဋနိဿိတ ဆုတောင်း - မဟာစည်ဆရာတော်ဘုရားကြီး


ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု။

မေ-အကျွန်ုပ်၏၊ ဣဒံ ပုညံ-ဤကောင်းမှုသည်၊ အာသဝက္ခယာဝဟံ-အာသဝေါတရားတို့၏ ကုန်ရာဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရွက်ဆောင်သည်၊ (အာဝဟံ-ရွက်ဆောင်သည်၊ ‘ဝဟ’ဆိုတာ ဆောင်တာ၊ ဆောင်တယ်ဆိုတာက ဒီကနေပြီး ဟိုဆောင်သွားတာလည်း ရှိတယ်၊ ‘အာဝဟ’ဆိုတာက ဟိုက ဆောင်လာတဲ့ အဓိပ္ပာယ်)၊ အာသဝက္ခယာဝဟံ-အာသဝေါတရားလေးပါးတို့၏ ကုန်ရာ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်ကို ရွက်ဆောင်သည်၊ ဟောတု-ဖြစ်ပါစေသတည်း။

ဒီအဆိုကလည်း မှန်မှန်ကန်ကန် ရတဲ့ ပုဂ္ဂိုလ် အင်မတန် ရှားတယ်။
ဒီက နားထောင်ကြည့်နေတယ်။
ဒီလိုပါပဲ၊ တချို့ ဆရာကြီး သမားကြီးဖြစ်တဲ့ ပုဂ္ဂိုလ်တွေကလည်း ‘အာသဝက္ခယံ ဝဟံဟောတု’လို့ ‘ဝဟံ-ဝဟန္တော-ရွက်ဆောင်သည်’ ဘာညာနဲ့ အနက်ဆောင်ပေးလိုက်သေးတယ်။
ဒါတွေက မဟုတ်တဲ့ ဟာတွေပဲ။
‘အာသဝက္ခယာဝဟံ’ အာသဝက္ခယ နဲ့ အာဝဟ ကို သမာသ်ပုဒ်တွဲထားတယ်။

တစ်ပိုင်တစ်နိုင် သာသနာပြုရအောင်


( တစ်ကစ တစ်ရာ၊ တစ်ထောင်၊ တစ်သောင်းဖြစ်အောင် — ကိုယ်ကစ ပြုကြသို့ ကုသိုလ် )
စာဖတ်သူ အသင် …
သင့်ကံဆိုးနေသလား .. ?
ဒါမှ မဟုတ် သိပ်ကံကောင်းနေတယ်လို့ ထင်လား .. ?
ဒါမှ မဟုတ် ကံကောင်းတယ်လဲမဟုတ် ကံဆိုတယ်လဲ မဟုတ်ပါဘူး လို့ သတ်မှတ်ထားသလား ?…….
ဘယ်လိုဖြစ်နေနေ …
မပင်မပန်း ချမ်းချမ်းသာသာ လေး ကုသိုလ်၅မျိုးကို ဆောင်ရွက်ရင်း … တစ်ဘ၀တာ ကံကောင်းသောသူ၊ နောက်ဘ၀ပေါင်းများစွာ.. ကံကောင်းသောသူ ဖြစ်နိုင်အောင်
ကံကိုပြင်လိုက်ပါ
ရဝေနွယ်( အင်းမ)
၁။ ”၀သဘ ၏ သာမန်ဘ၀”
သီဟိုဠ်ရာဇ၀င်မှာ ၀သဘမင်း ဆိုတာ ရှိခဲ့ဖူးးပါတယ်။ မင်းမဖြစ်ခင် သာမန်လူတစ်ယောက် ဘ၀တုန်းက ဦးရီးတော် စစ်သူကြီးဆီမှာ နေရပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဟူးရားပညာရှိတွေက ၀သဘ အမည်ရှိတဲ့သူဟာ မင်းဖြစ်လိမ့်မယ်လို့ ဟောပြောလာ ကြပါတယ်။ ဒီစကားကြားတော့ လက်ရှိမင်းလုပ်နေတဲ့ ယသဠာလကမင်းက သီဟိုဠ်ကျွန်းမှာ ၀သဘ အမည်ရတဲ့သူအားလုံးကို သတ်စေလို့ မိန့်ပါတော့တယ်။

ပထမအကြိမ်သင်္ဂါယနာတင်ခြင်း



(၁)အကြောင်းခံ
သုဘဒ္ဒဟုခေါ်သော ရဟန်းသည် ဘုရားရှိစဉ်ကတည်းက ဝိနည်း(စည်းကမ်း)အား အကြိမ်ကြိမ်
ဖောက်ပြန်ခဲ့သဖြင့် ဘုရားရှင်၏ အကြိမ်ကြိမ်သတိပေးမှုကို ခံခဲ့ရသဖြင့် ဘုရားရှင်အား
အညှိုးထားခဲ့ရာမှ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည်နှင့် လွတ်လပ်ပြီဆိုပြီး ကြွေးကြော်ကာ
သာသနာအား ညှိုးနွမ်းအောင် ပြုလုပ်ခဲ့သည်ကို အကြောင်းပြုပြီးတင်ခဲ့သည်။
(၂)သာသနာနှစ်
ဘုရားပရိနိဗ္ဗာန်ပြုပြီး (၃)လ နှင့်(၄)ရက်
(၃)နေရာ
ရာဇဂြိုဟ်ပြည် ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူ
(၄)ခေါင်းဆောင်
အရှင်မဟာကဿပမထေရ် ဦးဆောင်သော အရှင်ဥပါလိ(ဝိနည်း)နှင့် ညီတော်အာနန္ဒာ(သုတ္တန် နှင့် အဘိဓမ္မာ)
(၅)သံဃာဦးရေ
ရဟန္တာပေါင်း(၅၀၀)
(၆)မင်း
အဇာတသတ်မင်း
(၇)ကြာမြင့်ချိန်- (၇)လ
သုဘဒ္ဒရဟန်းအားအကြောင်းပြုပြီး အရှင်မဟာကဿပ မထေရ်မှ ဦးဆောင်ပြီး အရှင်ဥပါလိမှ
ဝိနည်းတော်ကိုလည်းကောင်း ညီတော်အာနန္ဒာမှ သုတ္တန်နှင့် အဘိဓမ္မာကိုလည်းကောင်း
သံဃာအစည်းအဝေးသို့  တင်သွင်းခဲ့သည်။
ဘုရားရှင်ဟောကြားခဲ့သော ဓမ္မသည် လွန်စွာများပြားလှသဖြင့် တရားအစုအဖွဲ့  အသေးများ
စုဖွဲ့ ခြင်းကို ဓမ္မက္ခန္ဓာဖွဲ့ ခြင်းဖြင့် ဓမ္မက္ခန္ဓာပေါင်း စုစုပေါင်း(၈၄၀၀၀)ရရှိခဲ့သည်။ ၄င်းကို ထပ်မံပြီး
သဘောတရားတူရာအလိုက် အုပ်စုဖွဲ့ လိုက်ရာ အုပ်စု(၃)စုရရှိပြီး ပိဋကတ်(၃)ပုံဟုခေါ် တွင်သည်။
၎င်းပိဋကတ်(၃)ပုံမှာ ဝိနည်းပိဋကတ်တွင် ဓမ္မက္ခန္ဓာ(၂၁၀၀၀) ၊သုတ္တန်ပိဋကတ်တွင်ဓမ္မက္ခန္ဓာ(၂၁၀၀၀)
အဘိဓမ္မာပိဋကတ်တွင် ဓမ္မက္ခန္ဓာ(၄၂၀၀၀)ထည့်သွင်းကာ သဘောတူခဲ့ကြသည်။
အစည်းအဝေး တက်ရောက်ကြသော ရဟန္တာများသည် ဘုရားရှင်အား မီခဲ့ကြပြီး အနီးကပ်ဆုံး
တရားတော်များ နာကြားသင်ယူခဲ့ရသည့် ပဋိသမ္ဘိဒါပတ္တ တန်ခိုးကြီးမားပြီး စင်ကြယ်လှသော
ရဟန္တာကြီးများ ဖြစ်ကြသည်။
ပထမအကြိမ်သင်္ဂါယနာတင်ခြင်းကို နှုတ်(ပါးစပ်)ပေါ်မှာသာ တင်ခဲ့ကြပြီး သံဃာအစည်းအဝေးတွင်
ပိဋကတ်(၃)ပုံစတင်သတ်မှတ် စီစဉ်ခဲ့ကြစဉ် ဘုရားရှင် ဟောကြားခဲ့သော တရားတော်များ အကုန်လုံး
ပြည့်စုံမှုဖြစ်မဖြစ် (လိုနေလို့ ထပ်ဖြည့်ရန်လည်းကောင်း ၊ပိုနေလို့ နုတ်ပယ်ရန်လည်းကောင်း)ကို စီစစ်
ခဲ့ကြရာ အားလုံးမှ ပြည်စုံပြီဖြစ်ကြောင်း တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
ဘုရားရှင်၏ ဓမ္မကို မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ပြီး လိုတိုးပိုလျော့ လုံးဝလုပ်ပိုင်ခွင့်မရှိ
သံဃာတော်များမှ ထေရ်စဉ်ဝါစဉ်အလိုက် စောင့်ရှောက်ကြပါစို့  ဟုသဘောတူညီမှုယူခဲ့ပြီး
ထေရဝါဒဗုဒ္ဓသာသနာဟု ခေါ်တွင်ခဲ့ပေသည်။
ရဟန္တာ(၅၀၀)သော သံဃာထုခေါင်းဆောင်ပြီး အဇာတသတ်မင်းပါသောမင်းထုနှင့် ဗုဒ္ဓသာသနာဝင်
အားလုံး ပြည်သူလူထုမှ ပစ္စယာနုဂ္ဂဟ အဖြစ်ပံ့ပိုးကူညီခဲ့ကြပါသည်။
(တစ်ခဏဖြစ်ရ လူ့ ဘဝအနှစ်ပြည့်အောင် ကြိုးစားကြစာအုပ်မှ)
ပထမအကြိမ်သင်္ဂါယနာတင်ခြင်း by စကားဝါမြေ

ဒုတိယအကြိမ်သင်္ဂါယနာတင်ခြင်း


(၁)အကြောင်းခံ
သာသနာနှစ်(၁၀၀)ကြာပြီးနောက် ဝဇ္ဇီတိုင်းသားရဟန်းများ(ဒေဝဒတ်၏တပည့်များ)မှ
အဓမ္မဝတ္ထု(၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေ လက်တစ်သစ်လွဲသည်အထိ
ထမင်းစားရန်လည်းကောင်း၊ သေနု(အရက်ခပ်ပျော့ပျော့)ကိုသောက်ရန်လည်းကောင်း
ရွှေငွေများကို သာမာန်လူပုဂ္ဂိုလ်များကဲ့သို့  ကိုင်တွယ်အသုံးပြုရန်လည်းကောင်း စသည်ဖြင့်
တောင်းဆိုခဲ့သည်မှာ ထေရဝါဒ ဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့်
သာသနာညှိုးနွမ်းလာသည်ကို အကြောင်းပြုပြီးတင်ခဲ့သည်။

(၂)သာသနာနှစ်
(၁၀၀)နှစ်

(၃)နေရာ
ဝေသာလီပြည်၊ဝါဠုကာရာမကျောင်း

(၄)ခေါင်းဆောင်
အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေဝတ နှင့် အရှင်သဗ္ဗကာမိ

(၅)သံဃာဦးရေ
ရဟန္တာပေါင်း(၇၀၀)

(၆)မင်း
ကာလာသောကမင်း

(၇)ကြာမြင့်ချိန်
(၈)လ
ဝဇ္ဇီတိုင်းသားရဟန်းပျက်များကို အကြောင်းပြုပြီး အရှင်ယသမထေရ်မှ ဦးဆောင်ပြီး အရှင်ရေဝတနှင့်
အရှင်သဗ္ဗကာမိနှစ်ပါးမှ အမေးအဖြေများ ပြုလုပ်စီစစ်ခဲ့ကြပြီး နှုတ်ထက်အက္ခရာတင်ခဲ့ကြရာ (ဂ)လ
ကြာမြင့်ခဲ့သည်။
ရဟန္တာ(၇၀၀)သော သံဃာထု ကာလာသောကမင်း၏ မင်းထုနှင့် ပြည်သူလူထု၏
အကူအညီရယူပြီး ထု(၃)ထုပူးပေါင်းပြီး ရဟန်းပျက်များအား စီစစ်ခဲ့ရာမှ ရဟန်းပျက်ပေါင်း(၁၀၀၀၀)
ကျော်အားနှင်ထုတ်ခဲ့ရသည်။
၎င်းရဟန်းပျက်(၁၀၀၀၀)ကျော်ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၄င်းတို့ သည် ဟိမဝန္တာတောင်ခြေ
ဖက်သို့ သွားရောက်ခဲ့ရာ ၄င်းနေရာရှိမင်းတစ်ပါးမှသနားပြီးခိုလှုံခွင့်ပေးလိုက်ရာမှ ၄င်းတို့ သည်လည်း
သင်္ဂါယနာစင်ပြိုင်တင်ခဲ့ကြသည်။ ၄င်းတို့ မှာ ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု
ခေါ်ဆိုကြပြီး ဝေသာလီ၌ကျန်ရှိခဲ့ကြသော ရဟန္တာ(၇၀၀)ပါသောအဖွဲ့ အား ဟီနယာနဂိုဏ်း သေးငယ်
သောအဖွဲ့ ဟု ခေါ်တွင်ခဲ့ကြသည်။
သာသနာတော်ညှိုးနွမ်းလာသော အန္တရာယ်ကို ကာကွယ်ရန် သံဃာထု၊ မင်းထု၊ ပြည်သူလူထု
ထု(၃)ထု မှ ပူးပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက် လာခဲ့ခြင်းသာ ဖြစ်ပေသည်။
(တစ်ခဏဖြစ်ရ လူ့ ဘဝအနှစ်ပြည့်အောင် ကြိုးစားကြ)
ဒုတိယအကြိမ်သင်္ဂါယနာတင်ခြင်း by စကားဝါမြေ

တတိယအကြိမ် သင်္ဂါယနာတင်ခြင်း



(၁)အကြောင်းခံ
သာသနာနှစ်(၂၃၅)နှစ် ကြာပြီးနောက် ပါဋလိပုတ်ပြည်တွင် မိစ္ဆာအယူရှိသောရဟန်းတု(၆၀၀၀၀)
ကျော်အထိ သာသနာအတွင်း အယောင်ဆောင်ပြီး ဝင်ရောက်လာသည်ကို အကြောင်းပြုပြီး
တင်ခဲ့ရသည်။
(၂)သာသနာနှစ်
(၂၃၅)နှစ်
(၃)နေရာ
ပါဋလိပုတ်ပြည် အသောကာရုံကျောင်း
(၄)ခေါင်းဆောင်
အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်
(၅)သံဃာဦးရေ
ရဟန္တာပေါင်း(၁၀၀၀)
(၆)မင်း
သီရိဓမ္မာသောကမင်း
(၇)ကြာမြင်ချိန်
(၉)လ

စတုတ္ထအကြိမ်သင်္ဂါယနာတင်ခြင်း




(၁)အကြောင်းအရင်း
သာသနာနှစ်(၄၅၀)ကြာသော် သီဟိုဠ်နိုင်ငံသို့  သာသနာကူးပြောင်းလာခဲ့ရာတွင် အငတ်ဘေးနှင့်
သူပုန်ဘေးကြီး (၁၂)နှစ်ကြာ ကျရောက်ခဲ့ရသဖြင့် သံဃာအစစ်များ ဒုက္ခရောက်ခဲ့ကြမှုကို
အကြောင်းပြုပြီးတင်ခဲ့သည်။
(၂)သာသနာနှစ်
(၄၅၀)နှစ်
(၃)နေရာ
သီဟိုဠ်နိုင်ငံ မလယဇနပုဒ် အလောကလိုဏ်ဂူ
(၄)ခေါင်းဆောင်
အရှင်မဟာဓမ္မရက္ခိတမထေရ်
(၅)သံဃာဦးရေ
ရဟန္တာပေါင်း(၅၀၀)
(၆)မင်း
ဝဋ္ဋဂါမဏိမင်း
(၇)ကြာမြင့်ချိန်
တစ်နှစ်

ပဉ္စမအကြိမ်သင်္ဂါယနာတင်ခြင်း


(၁)အကြောင်းခံ
သာသနာနှစ်(၂၄၁၅)ကြာပြီးနောက် စတုတ္ထနှင့်ပဉ္စမအကြိမ်ကြားတွင် နှစ်ပေါင်း(၂၀၀၀)ခန့် 
ကြာမြင့်ခဲ့သည့်အတွက် ပေရွက်ပေါ်တင်ထားမှုသည် ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်
တို့ ကြောင့် ကြာရှည်ခံနိုင်မှုမရှိဘဲ ဖြစ်လာခြင်း မူကွဲများဖြစ်ပေါ်လာခြင်းတို့ အပေါ်
အကြောင်းပြု၍ တင်ခဲ့သည်။

(၂)သာသနာနှစ်
(၂၄၁၅)နှစ်

(၃)နေရာ
မြန်မာနိုင်ငံ မန္တလေးမြို့  ရတနာပုံနေပြည်တော်

(၄)ခေါင်းဆောင်
အရှင်ဇာဂရမထေရ်

(၅)သံဃာဦးရေ
ရိုးရိုးရဟန်းပေါင်း(၂၄၀၀)

ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း


(၁)အကြောင်းခံ
သာသနာထွန်းကားရာ မြန်မာနိုင်ငံသည် တစ်ပါးသောဘာသာဝင်တို့ ၏ သူ့ ကျွန်ဘ၀ရောက်ခဲ့ပြီး
နှစ်(၁၀၀)ခန့် သာသနာညှိုးနွမ်းခဲ့မှုအပေါ် အကြောင်းခံပြီး သာသနာနှစ်(၂၄၉၈)နှစ်တွင် သင်္ဂါယနာ
တင်ခဲ့ရသည်။

(၂)သာသနာနှစ်
(၂၄၉၈)နှစ်

(၃)နေရာ
မြန်မာနိုင်ငံ ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ

(၄)ခေါင်းဆောင်
ညောင်ရမ်းဆရာတော်အရှင်ရေ၀တ၊ မဟာစည်ဆရာတော်အရှင်သောဘဏ၊ မင်းကွန်းဆရာတော်
ဦးဝိစိတ္တသာရာဘိဝံသ

(၅)သံဃာဦးရေ
ရိုးရိုးရဟန်းပေါင်း(၂၅၀၀)

ပရိတ်ကြီး ဆယ့်တစ်သုတ် ရွတ်ဆိုရခြင်းရဲ့ အကျိုးများ

Saturday, December 15. 2007


ပရိတ်ဆိုတာ ပရိတ္တ = အရံအတားလို့ ဆိုပါတယ်။ မြတ်စွာဘုရားရှင် လက်ထက်တော် အခါ ကတည်းက မြတ်စွာဘုရားက တောထဲ တောင်ထဲ အဆင်ပြေရာ သီတင်းသုံးနေထိုင် ကြရတဲ့ တောရ ဆောက်တည် ကြတဲ့ တပည့်သား သံဃာတော် အရှင်မြတ်များ ဘေးရန်များက လွတ်အောင် ရွတ်ဆို ပွားများစေတဲ့ အရံ အတား ဂါထာ မန္တာန်တော်များ ဖြစ်ပါတယ်။
   . . .   

မြန်မာများ ရင်းနှီးနေကျ ပရိတ်ကြီး ဆယ့်တစ်သုတ်မှာ သူ့ သုတ်နဲ့ သူ၊ ဘယ်သုတ်ဟာ ဘယ်လို ဘေးမျိုးအတွက် အရံ အတားဖြစ်တယ် ဆိုတာ အဓိပ္ပာယ် ကိုယ်စီ ရှိပါတယ်။ ပရိတ်ရွတ်ရာမှာ ရွတ်သူ စည်းကမ်းနဲ့ ကြားနာသူ စည်းကမ်း ၂မျိုး ရှိပါတယ်။ စည်းကမ်းကို လိုက်နာပြီး ရွတ်မှ ထက်မြက်စွာ အကျိုး ပေးတယ်လို့ ဆိုပါတယ်။

ရွတ်သူ စည်းကမ်းများကတော့
(၁) ပုဒ်ဖြတ် ပုဒ်နေ ပါဠိ သဒ္ဒါ အသံမှန်အောင် ရွတ်ရပါမယ်။
(၂) ကိုယ်ရွတ်တဲ့ ပါဠိကို အဓိပ္ပာယ်ကို အတိအကျ အစအဆုံး မသိတောင် အကြမ်းဖျင်းတော့ သိရပါမယ်။ (၃) လာဘ်လာဘ အတွက် ငွေအတွက် မရွတ်ရပါဘူး။ ကြည်လင် သန့်စင်တဲ့ စေတနာ သဒ္ဓါတရားနဲ့သာ ရွတ်ရပါမယ်။

ကြားနာသူ စည်းကမ်းများကတော့
(၁) ပဉ္စာနန္တရိယ ကံလို့ ခေါ်ဆိုတဲ့ ဂုဏ်ကျေးဇူး အားဖြင့် အတိုင်းအဆမရှိ အနန္တ ကြီးမြတ်သူ ငါးဦးကို ပြစ်မှား ဖူးတဲ့ ကံ မရှိရပါဘူး။ အဲဒီကံငါးပါးကတော့ မိသတ်၊ ဖသတ်၊ ဘုရားကို သွေးစိမ်းတည်အောင်လုပ်၊ သံဃာကို သင်းခွဲ၊ မိစ္ဆာအယူကို ယူခြင်း တို့ ဖြစ်ပါတယ်။ ဒါတွေကို ပြစ်မှား ကျူးလွန်ထားရင် ပရိတ်နာလဲ အကျိုးခံစားရခြင်း မရှိတော့ပါဘူး။ အဲဒါတွေလုပ်လို့ဖြစ်တဲ့ အကုသိုလ်ကံရဲ့ အကျိုးပေးကို ဘယ်အရာ ကမှ တားမြစ် နိုင်ခြင်း မရှိလို့ပါ။
(၂) နိယတ မိစ္ဆာဒိဌိ မဖြစ်ရပါဘူး။ ဘုရားကို ဘုရားမဟုတ်၊ တရားကို တရားမဟုတ်၊ သံဃာကို သံဃာ မဟုတ်လို့ ထင်မြင် ယူဆ စွပ်စွဲ ပြောဆို လက်ခံ ကျင့်သုံးသူကို ပရိတ်က အကာအကွယ် မပေးပါဘူး။
(၃) ပရိတ်တော်ရဲ့ တန်ခိုးနဲ့ သူ့ရဲ့ အကျိုးအာနိသင်ကို ယုံကြည်မှု သဒ္ဓါတရားနဲ့ ပြည့်စုံ ရပါမယ်။

Sunday 20 July 2014

ဣဿာ မစ္ဆရိယ


ဣဿာ

ဣဿာဆိုတာ သူတစ်ပါးကို ဂုဏ်မပြုနိုင်တာ၊ အကောင်းမပြောနိုင်တာ၊
ဣဿာရှိရင် အကောင်းမပြောနိုင်ဘူး၊
congratulations မလုပ်နိုင်ဘူးပေါ့လေ။

လူတစ်ယောက် အောင်မြင်လာပြီး စည်းစိမ်ချမ်းသာ ရလာတာကို
အခြားတစ်ယောက်က မကျေနပ်နိုင်ဘူး၊ မပျော်နိုင်ဘူး၊
လူတစ်ယောက် ကြီးပွားသွားရင် မကြည့်နိုင်ဘူး၊ မရှု့စိမ့်ဘူး၊
မနာလို မရှုစိမ့်ဖြစ်တယ်လို့ ပြောတယ်၊ Jealousy ပေါ့၊

ဒါကလည်း ဒေသနဲ့ ယှဉ်တွဲပြီး ဖြစ်တာမို့ ဒေါသမူစိတ်မှာ ယှဉ်တယ်၊
စိတ်ဆိုးတာ မဟုတ်ဘူး၊ သို့သော် စိတ်ယုတ်တာ စိတ်ပုတ်တာ ဖြစ်တယ်၊
လူတစ်ယောက် အောင်မြင်နေလို့ရှိရင် မနာလိုဖြစ်တယ်၊
အကောင်းမပြောနိုင်ဘူး၊
ဒါ ဣဿာပဲ။

မဂ်နှင့် သောတာပန်




“မဂ်” ၏ အဓိပ္ပါယ်
ရှုမှတ်ပွားများနေရမှာက ယောဂီတို့ရဲ့အလုပ်ပါ။ မဂ်ဖိုလ်ဆိုတာ သူ့အချိန်တန်ရင် ရမှာပါပဲ။ မဂ်ရတယ်ဆိုတာ အလုံးကြီး အခဲကြီးရသလို ထင်မနေပါနဲ့။
- လမ်းခရီးကို ဟောတဲ့ မဂ္ဂ သဒ္ဒါက တစ်ခု၊
- မဂ်ဉာဏ်ကိုဟောတဲ့ မဂ္ဂ သဒ္ဒါက တစ်ခု – စုစုပေါင်းနှစ်ခု ရှိတယ်။
လမ်းခရီးကို ဟောတဲ့ မဂ္ဂ သဒ္ဒါက “မ” ရော “ဂငယ်” နှစ်လုံးရော နှစ်ခုပေါင်းမှ လမ်းခရီးဆိုတဲ့အနက်ကို ဟောနိုင်တယ်။
မဂ်ဉာဏ်ကိုဟောတဲ့ မဂ္ဂ သဒ္ဒါကျတော့ “မ” ကလည်း အနက်တစ်မျိုးကို ဟောနိုင်တယ်။ “ဂငယ်” ကလည်း အနက်တစ်မျိုးကို ဟောနိုင်တယ်။
ဝိဂြိုဟ် ဆိုလိုက်တော့
“ကိလေသေ- မာရေတီတိမော
ဂစ္ဆတီတိဂေါ – မောစသော ဂေါစာတိမဂ္ဂေါ”
အဓိပ္ပါယ်က “မ” သဒ္ဒါက ကိလေသာတို့ကို သတ်ခြင်း လို့ အဓိပ္ပါယ်ထွက်တယ်။
“ဂ” သဒ္ဒါက လားခြင်း ရောက်ခြင်း လို့ အဓိပ္ပါယ်ထွက်တယ်။
နှစ်ခုပေါင်းလိုက်တော့ ကိလေသာတို့ကို သတ်ဖြတ်၍ သွားတတ်သော်ကြောင့် “မဂ်” လို့ အဓိပ္ပါယ်ရတယ်။
သောတာပန်ဟုတ် မဟုတ် တိုင်းတာသောပေတံ
၁) အောက်ဆုံး သောတာပတ္တိမဂ်ဉာဏ်ကို မိမိရတယ်ဆိုရင် ကိလေသာအကျယ် ထောင့်ငါးရာ အကျဉ်း၁၀ပါးထဲက အယူမှားတဲ့ ဒိဋ္ဌိနဲ့ သို့လောသို့လော တွေးတောယုံမှားခြင်း ၀ိစိကိစ္ဆာကိလေသာတို့ သေသွားရမယ်။ အမြစ်ပြတ်ပျောက်သွားရမယ်။

သောတာပန် ပြဿနာ ရှင်းတမ်း



`မြတ်စွာဘုရားလက်ထက်က တရားတစ်ပုဒ်ဟောပြီးတိုင်း သောတာပန်ပုဂ္ဂိုလ်များ ဖြစ်သွားကြရာ၌
(က) ယခင်ဘ၀က သောတာပန် ဖြစ်ပြီးသူများ ပါ/မပါ။
(ခ) ဘ၀တစ်ခုမှ သောတာပန် ဖြစ်ပြီးသူများ လက်ရှိဘ၀တွင် မည်သို့ ထူးခြားမှုရှိနိုင်ပါသနည်း။
(ဂ) ယခင်ဘ၀က သောတာပန်ဖြစ်ခဲ့၍ ယခုဘ၀ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာဖြစ်သွားသော သုတ္တန်များရှိလျှင် ညွှန်ပြပါ-
ဦးကောင်းမွန်
ဖြေ။ ။ ရှေဦးစွာ သောတာပန်ဟူသော ပုဒ်ကို ရှင်းပြချင်ပါသည်။ သောတာပန်ဟူသော ပုဒ်သည် သောတာပန္န-ဟူသော ပါဠိပုဒ်ကို မြန်မာမှုပြုထားသော ပါဠိသက်ဝေါဟာရဖြစ်၏။ သောတာပန္န-ဟူသော ပုဒ်သည် သဒ္ဒါနည်းအရ သောတနှင့် အာပန္န-ဟူသော ပုဒ်နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်၏။ ဤတွင် သောတ-အရ သမ္မာဒိဋ္ဌိ-စသော မဂ္ဂင်ရှစ်ပါးကို ရ၏။ ထိုမဂ္ဂင်ရှစ်ပါးသို့ ရှေးဦးစွာ ရောက်သောသူသည် သောတာပန္န-မည်၏။
အနည်းငယ်ထပ်၍ ရှင်းရလျှင် `သ၀တိ သန္ဒတီတိ သောတော= မဆုတ်နစ်ဘဲ တစ်စီးတည်း စီးသွားတတ်သောကြောင့် သောတ-မည်၏။ ဤအလို ရေအလျဉ်ကို ရ၏။ သောတော ၀ိယာတိ သောတော= ရေအလျဉ်နှင့်တူသောကြောင့် သောတမည်၏။
ဤအလို အဋ္ဌင်္ဂိကအရိယမဂ်-ဟူသော မဂ္ဂင်ရှစ်ပါး မြတ်တရားကို ရ၏။ ဟိမ၀န္တာတောင်မှ စ၍ စီးဆင်းလာသော ဂင်္ဂါမြစ်ရေသည် နောက်ပြန် ဆုတ်နစ်ခြင်း မရှိဘဲ သမုဒ္ဒရာအထိ ရောက်အောင် ဆက်လက်စီးဆင်း သွားသကဲ့သို့ သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါး မြတ်တရားသည်လည်း ရှေးဦးစွာ ဖြစ်ပေါ်လာရာ သောတာပတ္တိမဂ် ခဏမှစ၍ သတ္တိအင်းအား နည်းပါးဆုတ်နစ်ခြင်းမရှိ တဆင့်ထက်တဆင့် ရင့်သထက်ရင့်ကာ နိဗ္ဗာန်တည်းဟူသော သမုဒ္ဒရာသို့ ၀င်ရောက်လေတော့၏။

မည်သည့်သောတာပန်မျိုးနည်း

          
 
 ဆရာတော်တစ်ပါးက “အနာထပိဏ်သည် ဘုရားကို ကြည်ညိုလွန်းသော သဒ္ဓါတရားကြောင့် သောတာပန်ဖြစ်သွားခြင်းဖြစ်ကြောင်း ၊ ရုပ်တရား နာမ်တရားကို တကယ်မသိဘူး”ဟု ဟောထားသည်ကို ကြားနာရပါသည်။
    သောတာပန်ဟူသည် ရုပ်နှင့်နာမ်၏ သဘောသဘာဝတို့ကို အသေအချာ သိနားလည်၍ ဉာဏ်စဉ်အဆင့်ဆင့် တက်ပြီးမှ မဂ်ဉာဏ်ကို ရခြင်းဖြစ်သည်ဟု မှတ်သားဖူးပါသည်။ အထက်ပါ ရုပ်နာမ်မသိသော သောတာပန်သည် မည်သည့်အမျိုးအစား သောတာပန်ဖြစ်သည်ကို သိလိုသဖြင့် မြတ်ပန်းရဂုံမှတဆင့် မေးခွန်းတင်အပ်ပါသည်။                    
        ဆရာကံ (အညာ)
   

“အနာထပိဏ်သည် ဘုရားကို ကြည်ညိုလွန်းသော သဒ္ဓါတရားကြောင့် သောတာပန် ဖြစ်သွားခြင်း ဖြစ်ကြောင်း ၊ ရုပ်တရား နာမ်တရားကို တကယ်မသိဘူး”-ဟူရာ၌ ခိုင်မာသော အထောက်အထား မရှိပါ။
အနာထပိဏ်သူဋ္ဌေး ဘုရားရှင်နှင့် စတွေ့သည့်အချိန် သစ္စာလေးပါးတရားတော်ကို နာရ၍ သောတာပန် ဖြစ်ခဲ့ရသည့်မှတ်တမ်းကို ကြည့်လျှင်ပင် သဒ္ဓါတရားသက်သက်ကြောင့် မဟုတ်ကြောင်း ပေါ်လွင်ပါသည်။
အနာထပိဏ်သူဋ္ဌေးသည် ယောက်ဖဖြစ်သူ ရာဇဂြိုဟ်သူဋ္ဌေးအထံသို့ ကိစ္စတစ်ခုဖြင့် ရောက်လာရာ ခါတိုင်းကဲ့သို့ လုပ်နေကြအလုပ်များကို ပစ်ထားကာ သူနှင့်လာ စကားမပြောနိုင်ပဲ အချက်အပြုတ်ကိစ္စများကို စီမံကာ အလုပ်များနေသော ရာဇဂြိုဟ်သူဋ္ဌေးကို “မင်္ဂလာပွဲအတွက်လား၊ ဗိမ္ဗိသာရမင်းကြီးကို ဖိတ်ထား သလား” စသည်ဖြင့် မေးမြန်းလေ၏။ ဘုရားရှင်ကို ပင့်ဖိတ်ထားကြောင်း ပြန်ပြောရာ အံ့သြ၀မ်းသာဖြစ်လျက် “ဘုရား” ဟူသော အသံသည်ပင်လျှင် ကြားရခဲကြောင်း ယခုသွားရောက်ဖူးမျှော်ဖို့ ဖြစ်နိုင်မဖြစ်နိုင် မေးမြန်းသည်တွင် ယခုအချိန် မသင့်လျော်ကြောင်း မနက်ဖြန်မှ ဖူးမျှော်ဖို့ရန် ပြောလေရာ ဘုရားရှင်ကို ဖူးမြင်ရတော့မည်ဟူသောစိတ်ဖြင့် အိပ်စက်လေ၏။ ညအခါတွင်လည်း မိုးလင်းပြီဟူသော အမှတ်ဖြင့် သုံးကြိမ်တိုင်တိုင် ထကြည့်မိလေ၏။ မိုးသောက်ယံတွင် မနေနိုင်တော့ပဲ သွားရောက်ဖူးမျှော်လေတော့၏။

“ဗုဒ္ဓါနုဿတိဘာဝနာပွားများပုံနှင့် ပွားများရခြင်းအကျိုး”


 

လူတို့သည် နံနက်အိပ်ရာထချိန်မှစ၍ ညအိပ်ရာဝင်ချိန်အထိ သားမယားကိစ္စ၊ စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စ၊ တို့၌သာ စိတ်သက်ဝင်နစ်မြုပ်နေမှုများက များ၏။ ထိုကိစ္စတို့ကို ကြံစည်တွေးတောမှု၊ အောက်မေ့အမှတ်ရ နေမှုများကသာများ၏။ စင်စစ်ထိုအာရုံများသည် လောဘ၊ ဒေါသတို့ကျက်စားရာ အာရုံများသာဖြစ်ကြ၏။ သို့အတွက်ထိုလူတို့၏ စိတ်သည် ညစ်နွမ်းပြီး၊ နောက်ကျိနေပြီး ကြည်လင်ရွှင်ပြမှုလည်း မရှိကြပေ။ စစ်မှန်သော စိတ်ချမ်းသာမှုကိုလည်း မခံစားရပေ။

ဗုဒ္ဓါနုဿတိစသည်၌ ဘုရားစသော အာရုံတို့သည်ကား စိတ်ကြည်လင်ရွှင်ပျဖွယ်ရာ(ပဿဒနီယ) အာရုံများဖြစ်ကြ၏။ စိတ်ပူလောင်မှုကိုဖြစ်စေတတ်သော အာရုံများမဟုတ်ကြ။ ထိုအာရုံများကို အောက်မေ့အမှတ်ရနေပါက စိတ်ကြည်လင်ရွှင်ပျလာပြီး စစ်မှန်သော စိတ်ချမ်းသာမှုအကျိုးနှင့် အခြားကောင်းကျိုးများစွာကိုလည်း ခံစားကြရ၏။ ထို့ကြောင့် ဗုဒ္ဓါနုဿတိစသော ဘာဝနာများကို တတ်စွမ်းသမျှ အချိန်ရသမျှပွားများအားထုတ်သင့်ကြပေသည်။

"စင်ကြယ်မှုအဆင့်ဆင့် "


စိတ်ကလေးအေးအေး၊ နှလုံးအေးအေးထားနိုင်မှ
တစ်စတစ်စ ပူပန်မှုတွေ ငြိမ်းပြီးတော့ စင်ကြယ် မြင့်မြတ်တဲ့ဆီ ရောက်သွားရမယ်။
စင်ကြယ်ရမှာက ဘာတွေလဲ။
♦ ကိုယ်လည်းစင်ကြယ်ရမယ်။
♦ နှုတ်လည်းစင်ကြယ်ရမယ်။
♦ စိတ်လည်း စင်ကြယ်ရမယ်။
♦ အသိအမြင်လည်း စင်ကြယ်ရမယ်။
ကိုယ်နှုတ် စင်ကြယ်တာ သီလပဲ။
သီလ၀ိသုဒ္ဓိ။
သီလ၀ိသုဒ္ဓိဖြစ်မှ စိတ်မှာ နီဝရဏတွေ ကင်းစင်လို့ စိတ်စင်ကြယ်မှု စိတ္တ၀ိသုဒ္ဓိဖြစ်မယ်။
စိတ္တ၀ိသုဒ္ဓိဖြစ်မှ အသိအမြင် စင်ကြယ်မှု ဒိဋ္ဌိဝိသုဒ္ဓိဖြစ်သွားမယ်။
အသိအမြင်စင်ကြယ်ချင်ရင် စိတ်စင်ကြယ်ရမယ်။
စိတ်စင်ကြယ်ချင်ရင်လည်း ကာယကံ၊ ၀စီကံ စင်ကြယ်ရတယ်။
♦ သီလ၀ိသုဒ္ဓိဖြစ်မှ စိတ္တ၀ိသုဒ္ဓိဖြစ်၊ စိတ္တ၀ိသုဒ္ဓိဖြစ်မှ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်မယ်။
စိတ်ပိုင်းဆိုင်ရာ၊ ပညာပိုင်းဆိုင်ရာ ၀ိသုဒ္ဓိတွေ အယူအဆတွေ စင်ကြယ်သွားမယ်။
အသိအမြင်တွေ စင်ကြယ်သွားမယ်။

ဘုရားဖူးရင်း ငိုရသည်


သို့သော် ကြည်နူးရသည့်အခါထက် စိတ်ထိခိုက်ရသည့်အခါက ပိုများပါသည်။ တစ်ခုသော တစ်ထောင်ဘုရားများကို ဖူးမျှော်ကြည့်ရာ ဘုရားရုပ်ပွားဟူ၍ပင် မသိနိုင်တော့။ ဘာရုပ်တွေပါလိမ့်ဟု တွေးတောယူရသည်အထိ ပုံတွေကပျက်စီးနေသည်။ အမိုးအကာ မပါသဖြင့် မိုးရွာတော့စို၊ နေပူတော့ခြောက်နှင့် ရုပ်ပွားများမှာ မဲခြောက်ပြီး ပျက်စီးနေသည်။


ဘုရားတည်ဖို့အတွက် အလှူရှင်ရှာရန် လွယ်ကူသော်လည်း ပြုစုစောင့်ရှောက်ဖို့၊ သန့်ရှင်းရေးလုပ်ဖို့ အလှူရှင်ရှာရန်ကား မလွယ်ကူပေ။ ထို့ကြောင့် တစ်ထောင်ရုပ်ပွါးများကို တောထဲတွင် ဒီအတိုင်း ပစ်ထားရာ မြက်ပင်များ၊ ချုံပုတ်များက ရုပ်ပွားများကို ဖုံးလွှမ်းနေပေသည်။ တစ်ထောင်ရုပ်ပွားများ ခန္တီပါရမီကို ဖြည့်ဆည်းရင်း ချုံပုတ်တွေအောက်တွင် စံနေကြရရှာသည်။ နောက်ငါးနှစ်ခန့်ကြာလျှင် ထိုရုပ်ပွားများ အားလုံးပျက်စီးပြီး မြေကြီးဖြစ်ရပေတော့မည်။ ရဟန်းမို့ မျက်ရည်မကျသော်လည်း နှလုံးသားထဲမှာကား ငိုမိနေပါပြီ။

တစ်ဆူကိုငါးသိန်း၊ အဆူတစ်ရာဆိုလျှင် သိန်းငါးရာ၊ အဆူတစ်ထောင်ဆိုလျှင် သိန်းငါးထောင် ဗုဒ္ဓဘာသာတို့၏ ချွေးနည်းစာ သိန်းငါးထောင်သည် ချုံပုတ်များ၊ မြက်ပင်များအောက်မှာပင် ကုန်ဆုံးခဲ့ရပြီ။ ရွှေဘိုမြို့သို့ တရားဟောကြွစဉ်က မိဘမဲ့ပရဟိတကျောင်း တစ်ကျောင်းသို့ သွားရောက်လှူဒါန်းခဲ့သည်။ ထိုကျောင်းကို တည်ထောင်ဖွင့်လှစ်သူမှာ စာရေးဆရာကြီး ဦးသန်းထွန်း(ရွှေဘို)ပင်ဖြစ်သည်။ ဆရာကြီး၏ ပရဟိတကျောင်းကြီးမှာ ကျယ်ဝန်းသော်လည်း ကလေးငယ်(၃၀)သာ ရှိသည်။ သုံးရာခန့် လက်ခံနိုင်အောင် ကျယ်ဝန်းလျက် အဘယ်ကြောင့် သုံးဆယ်သာ လက်ခံရသနည်းဟု မေးမြန်းကြည့်ရာ ဆရာကြီးက -

“လက်ခံချင်တာပေါ့ဘုရား၊ ကျွေးစရာမရှိလို့ ဒီလောက်ပဲ လက်ခံရတာပါ။ ဆရာတော်သိတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာအများစုဟာ အခုလို လူမူရေးကိစ္စတွေမှာ လှူဒါန်းရကောင်းမှန်း သိပ်ပြီး မသိကြသေးဘူးဘုရား။ တောင်ပေါ်ဒေသက မိဘမဲ့တိုင်းရင်းသားကလေးတွေ အများကြီးလာအပ်ကြတယ်။ တပည့်တော်တို့ကျောင်းက ကျွေးစရာမရှိတော့ လက်မခံနိုင်ဘူး”

“ဘာသာခြား ပရိဟတကျောင်းတေဓွကတော့ ဘယ်နှစ်ယောက်လာလာ ကျွေးနိုင်တယ်။ ဒီတော့ တပည့်တော်တို့ဗုဒ္ဒဘာသာ တိုင်းရင်းသား ကလေးတွေဟာ တခြားဘာသာခြားတွေပဲ ဖြစ်ကုန်တော့တာပေါ့။ ဘာသာခြားသူဋ္ဌေးတွေက သူတို့ဘာသာအတွက် တကယ်ကျေးဇူးများမယ့်နေရာကို ရွေးလှူတတ်ကြတယ်ဘုရား။ တပည့်တော်တို့ ဗုဒ္ဓဘာသာသူဌေးအများစုကတော့ ကျေးဇူးများမယ့်နေရာကို ရွေးလှူတတ်တဲ့အလေ့အထ သိပ်မရှိကြသေးဘူးဘုရား”

ချုံပုတ်ထဲ၊ မြက်ထဲတွင် အလကားဖြစ်သွားမည့် သိန်းပေါင်း ငါးထောင်ထဲမှ သိန်းပေါင်းငါးရာလောက်ကို ထုကဲ့သို့သော ဓဗုဒ္ဓဘာသာ ပရဟိတကျောင်းများသို့ လှူဒါန်းကြမည်ဆိုလျှင် တိုင်းရင်းသား ရင်သွေးငယ်များ ဘာသာခြားဘ၀သို့ ရောက်လိမ့်မည်မဟုတ်ပေ။ ဒါန၊ သီလ၊ ဘာဝနာသုံးပါးလုံးသည် ဗုဒ္ဓချမှတ်ခဲ့သော ၀ိမုတ္တိလမ်းစဉ်များဖြစ်သည်။ ၀ိမုတ္တိ - လွတ်မြောက်ခြင်းဟူသည် ခန္ဓာမှ လွတ်မြောက်ခြင်းပင်ဖြစ်၏။

ခန္ဓာဟူသည် အကျိုးတရားဖြစ်၏။ လောဘ၊ ဒေါသ၊ မောဟ စသော အကြောင်းတရားများကြောင့် ဤခန္ဓာသည် ဖြစ်ပေါ်လာရခြင်းဖြစ်၏။ အကျိုးတရားကို မလိုချင်လျှင် အကြောင်းတရားကို အရင်သတ်ရ၏။ ထိုတွင် ဒါနကုသိုလ်သည် လောဘဦးစီးသော ကိလေသာများကို ပါးအောင်၊ နည်းအောင် ပြုလုပ်နိုင်စွမ်းရှိ၏။

သီလကုသိုလ်သည် ဒေါသဦးစီးသော ကိလေသာများကိုပါးအောင် နည်းအောင် ပြုလုပ်နိုင်စွမ်းရှိ၏။ ဘာဝနာသည် မောဟ ဦးဆောင်သော ကိလေသာများကို ပါးအောင်နည်းအောင် ပြုလုပ်နိုင်စွမ်းရှိ၏။ ထိုကဲ့သို့သော အသိတရားများကို ဓမ္မများက ပေးနိုင်စွမ်းရှိ၏။ ရာဇဂြိုလ်မှ မဟာဓနသူဌေးကြီးသည် သူ့သားအား ထိုဓမ္မအမွေပေးရန် သတိမရခဲ့ပေ။ ဘုရားရှင်ထံတွင် တစ်ကြိမ်ခန့်တရားနာရုံနှင့် ထိုအသိများကို အပြည့်အ၀ရနိုင်၏။ သူတို့မြို့တွင် ဘုရားရှင်သည် ညစဉ်တရားဟောနေ၏။ သို့သော် သူ့သားအားတစ်ကြိမ်မျှ တရားနာရန်မတိုက်တွန်းခဲ့။

ထို့ကြောင့်လည်း ယခုလိုဇရပ်ပေါ်တွင် သူတောင်းစားဘ၀နှင့် ရောက်လာရခြင်းဖြစ်သည်။ သာဝတ္ထိမြို့မှ အနာထပိဏ် သူဌေးကြီးကား သားသမီးအားလုံးကိုသာမက ကာမေသုကံကို လက်ရဲဇက်ရဲ ကျူးလွန်နေသော တူတစ်ယောက်ကိုပင် ဓမ္မအမွေရအောင်ပေးပြီး နိဗ္ဗာန်အရောက်ပို့ခဲ့သည်။

အနာထပိဏ်တွင် သားသမီးလေးယောက်ရှိ၏။ သမီးအကြီးနှစ်ယောက်သည် သောတာပန်။ အငယ်ဆုံးသမီးလေး သုမနကား သကဒါဂါမ်၊ သားဆိုးသားမိုက် အရက်သမားမောင်ကာဠကိုပင် ငွေတစ်ထောင်ပေးပြီး ဘုရားရှင်၏ တရားကိုနာယူစေခြင်းဖြင့် သောတာပန်တည်စေခဲ့သည်။ ယခုလည်း ခေမအမည်ရှိ သူ၏တူတစ်ယောက်သည် သူတပါး၏မယားများ၊ သမီးပျိုများနှင့် ဖောက်ပြားလျက် ရှိသည်။ ခေမ၏ရှေးဆုတောင်းကြောင့် အမျိုးသမီးများသည် သူ့ကိုမြင်ရလျှင် ဣနြေ္ဒပျက်လောက်အောင် ငမ်းငမ်းတက်ဖြစ်ကြ၏။

သူတစ်ပါးလင်မယားနှင့် ညအခါ သွားရောက်ပျော်ပါးလေ့ရှိသည်။ မင်းချင်းတို့က ဖမ်းမိသောအခါ မင်းကြီးထံပို့သကြ၏။ ကောသလမင်းကြီးသည် အနာထပိဏ်သူဌေးကြီး၏ မျက်နှာကိုထောက်ပြီး အပြစ်မဘေးဘဲ ပြန်လွှတ်လိုက်၏။ လွှတ်ပြီး မကြာမီမှာပင် သူတစ်ပါးမယားနှင့် ပျော်ပါးပြန်ရာ ထပ်မိသဖြင့် ဘုရင့်ထံထပ်ရောက်ပြန်၏။ မင်းကြီးကလည်း အနာထပိဏ်ကို အားနာသဖြင့် ပြန်လွှတ်ပေး၏။ နောက်ဆုံးတွင် သူဌေးကြီးသည် တူဖြစ်သူကို သူကိုယ်တိုင် ဘုရားရှင်ထံခေါ်သွားပြီး တရားနာစေသည်။ မြတ်စွာဘုရားသည် ဖော်ပြပါ အဓိပ္ပာယ်ရှိသော နှစ်ဂါထာကို ဟောကြားတော်မူသည်။

 မေတ္တာရှင်(ရွှေပြည်သာ) “လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။
(ဘုရားဖူးရင်း ငိုရသည် ) by Mettashin (မေတ္တာရှင်(ရွှေပြည်သာ))

"နတ်တွေမှာသော စကားသုံးခွန်း"



သဒ္ဓါရဲ့ တန်ဖိုးကို လူတွေထက် နတ်တွေက ပိုသိတယ်။ ဘာဖြစ်လို့  ပိုသိသလဲဆိုတော့ လူတွေက စီးပွားဥစ္စာကို ကြိုးစားပြီးရှာကြတယ်၊ ကိုယ့်ရဲ့ လုံ.လ၀ီရိယကြောင့် စီးပွားဥစ္စာတွေ တိုးတက်ကြတယ်ဆိုတော့ ကံ ကံရဲ့ အကျိုးကို သိပ်ပြီးမယုံကြည်ဘူး၊ သဒ္ဓါရဲ့ စွမ်းအားကို သိပ်ပြီးမသိကြဘူး၊ နတ်တွေကျတော့ ကံ ကံရဲ့ အကျိုးကို သိပ်ပြီးယုံကြည်တယ်။ ဘာဖြစ်လို.လဲဆိုတော့ သူတို့ မှာက လုပ်ကိုင်ပြီး စားရတဲ့ဘ၀မှ မဟုတ်တာ၊ ကံ ကံရဲ့ အကျိုးကြောင့် ရလာတဲ့ဘ၀သာဖြစ်တယ်။ အရာရာဟာ ကံပေါ်မှာ မူတည်နေတယ်၊ ကံမရှိရင် ဘာမှ မရပါဘူး။ လူ.ပြည်မှာလို အရောင်းအ၀ယ်လုပ်လို့ မရဘူး၊ နတ်ပြည်မှာ ရွှေဆိုင်တွေ ဖွင့်လို့ ရတာ မဟုတ်ဘူး။ အဲဒီတော့ ကံပေးတာလေးပဲ သူတို့ တတွေ ရကြတာနော်။

နတ်တွေက လူတွေနဲ့ မတူဘူး၊ ဖြစ်ပေါ်လာတဲ့ဘ၀တစ်ခုမှာ သူတို့  နတ်သက်တမ်းတစ်လျှောက်လုံး ၀တ်ထားတဲ့အ၀တ်လည်း ဘယ်တော့မှ ဖွတ်ရတယ်မရှိဘူး၊ ပန်ထားတဲ့ပန်းကလည်း ဘယ်တော့မှ နွမ်းသွားတယ်မရှိဘူး၊ အို ပူလို့ အိုက်လို့  ချွေးထွက်တာလည်း မရှိဘူး၊ အမြဲတမ်း သန့် ရှင်း သန့် ပြန့် နေတယ်။ သဘာဝကိုက သန့် ပြန့် နေတယ်။ သို့ သော် နတ်တွေဟာ ကံကုန်တော့မယ်ဆိုရင် ၀တ်ထားတဲ့ အ၀တ်တွေ နွမ်းလာတယ်၊ ပန်ထားတဲ့ပန်းတွေ ညှိုးလာတယ်၊ ခန္ဓာကိုယ်ဟာလည်း စိုစိုပြေပြေ မရှိတော့ဘဲ မွဲမွဲခြောက်ခြောက် ဖြစ်လာတယ်၊ ချိုင်းကြားကနေ ချွေးတွေဘာတွေ ထွက်လာတယ်၊ ဒါက သူတို.သေခါနီးပြီဆိုတဲ့ sign ပြတာလို့ ခေါ်တယ်။ အဲဒီလို အခြေအနေတွေပေါ်လာတဲ့ နတ်တွေကို မိတ်ဆွေနတ်က နန္ဒ၀န်ဥယျာဉ်ထဲကို ဆွဲခေါ်သွားကြတယ်၊ ဆွဲခေါ်သွားပြီးတော့ စကား(၃)ခွန်းပြောဆိုမှာကြားကြတယ်။ "အေး ဘာမှမစိုးရိမ်ပါနဲ.၊ ဒီဘ၀ကသေသွားလို့ ရှိရင် အကောင်းဆုံးဘုံကို ရောက်အောင်သွားပါ၊ အကောင်းဆုံးဘုံကို ရောက်တဲ့အခါကျတော့ အကောင်းဆုံလက်ဆောင်ကို ရအောင်ယူလာပါ၊ ရထားတဲ့ လာဘ်လာဘကို ခိုင်မာအောင် ကြိုးစားပါ" ဆိုတဲ့ စကား (၃) ခွန်းကို ပြောလိုက်ကြတယ်။

ကံစီမံခြင်း မခံရလေအောင်



ကံစီမံခြင်း မခံရလေအောင်
ကြားဖူးတာလေး တစ်ခုက… သားသတ်လိုင်စင်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သတ်ဖြတ်နေရင် စီးပွားတွေ တက်နေပြီး မကောင်းမှန်းသိလို့ အခြားသမ္မာအာဇီဝ အလုပ်လုပ်ရင် စီးပွားတွေ ကျပါသတဲ့။
အဲဒါ ဘာကြောင့်ပါလဲ၊ ကံက စီမံနေလို့ပါပဲ..။
ချမ်းသာတာဟာ အတိတ်က ကောင်းမှုကြောင့်ဆိုရင် ပစ္စုပ္ပန်မကောင်းမှုက အတိတ်ကောင်းမှုကို ထောက်ပံ့လို့ ချမ်းသာတာလား။ မဟုတ်ပါဘူး။ နှိပ်စက်လို့ ချမ်းသာတာပါ။ ဘယ်လိုနှိပ်စက်လဲဆိုရင် ကောင်းမှုအကျိုးတွေ မြန်မြန်ကုန်သွားအောင် နှိပ်စက်တာပါ။ ဒါမှ မကောင်းမှုအသစ်ရဲ့ အကျိုးတွေ မြန်မြန်ဝင်နိုင်ပါမယ်။ (ပျားရည်သုတ်ထားတဲ့ ဓားသွားကို လျှက်နေသလို ပျားရည်က ပါးပါးလေးရယ်ပါ။ အဲဒါကို အဟုတ်ထင်ပြီး ဆက်လျှက်နေရင် လျှာပြတ်ဖို့ပဲရှိပါတယ်။) (အကျိုးမပေးသေးခင်တော့ မကောင်းမှုကို ပျားသကာလို ထင်ကြတယ်လို့ ဓမ္မပဒထဲမှာ ဥပ္ပလဝဏ္ဏာထေရီကို ဖျက်ဆီးတဲ့ နန္ဒလုလင်နဲ့ ပက်သတ်ပြီး မြတ်စွာဘုရားရှင်က ဟောတော်မူခဲ့ပါတယ်။)
ဒါဆို ကောင်းတာလုပ်ပြီး ဆင်းရဲတာကရော။ ပစ္စုပ္ပန်ကောင်းမှုက ချမ်းသာကို နှိပ်စက်လို့ ဆင်းရဲတာလား။ မဟုတ်ပါဘူး။ ထောက်ပံ့တာပါ။ ဆင်းရဲတွေကုန်သွားပြီး ချမ်းသာမှု မြန်မြန်ရောက်အောင် ထောက်ပံ့တာပါ။ (အစွမ်းထက်တဲ့ ဆေးခါးကြီး သောက်ရသလိုပါပဲ။

မြတ်စွာဘုရား၏မဟာပုရိသလက္ခဏာ (၃၂) ပါး




မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ယောက်ျားမြတ်တို့၏ လက္ခဏာ (၃၂) ပါးဖော်ပြသည့် လက္ခဏသုတ်ကို ဟောကြားတော်မူပါသည်။ ဤသို့ ယောက်ျားမြတ်တို့၏ လက္ခဏာနှင့်ပြည့်စုံသော ယောက်ျားသည် လူ့ဘောင်၌နေခဲ့သော် စကြ၀တေးမင်း၊ ရဟန်းပြုခဲ့သော် ဘုရားဖြစ်မည်ဟူသော အလားအလာနှစ်ပါးမှတစ်ပါး အခြားအလားအလာမရှိဟု မိန့်တော်မူပါသည်။ ဤလက္ခဏာများရရှိခြင်းသည် ရှေးကာလ၊ ရှေးဘ၀တို့၌ လူဖြစ်စဉ်အခါက ကောင်းမှုကုသိုလ်ကံများကို ပြုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ လက္ခဏာ (၃၂) ပါး ကို ဖော်ပြရာ၌ ဤသို့ရရှိသည့်အကြောင်းဖြစ်သော ကုသိုလ်ကံတို့ကို ယှဉ်တွဲဖော်ပြအပ်ပါသည်။
(၁) အညီအညွတ် ကောင်းစွာထိသော ခြေဖ၀ါးရှိခြင်း။ ရှေးဘ၀တို့တွင် ကုသိုလ်တရားကို မြဲမြံစွာဆောက်တည်ခြင်း၊ သီလဆောက်တည်ခြင်း၊ ဥပုသ်ဆောက်တည်ခြင်း၊ မိဘဆရာ သက်ကြီးဝါကြီး ရဟန်းတော်များအား ရိုသေသမှု ပြုဖွယ်ဝတ်တို့ကို ပြုခြင်းတို့ကြောင့် ရရှိခြင်းဖြစ်ပါသည်။
(၂) အောက်ခြေဖ၀ါးပြင်တို့၌ စက်ဝန်းများဖြစ်ပေါ်လာခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ် လူအများ၏ချမ်းသာကိုဆောင်ခြင်း၊ ထိတ်လန့်တုန်လှုပ်ဖွယ် ဘေးတို့ကိုပယ်ဖျောက်ပေးခြင်း၊ တရားနှင့်လျော်စွာစောင့်ရှောက်မှု၊ ကာကွယ်မှု၊ လုံခြုံစေမှုတို့ကို စီရင်ပေးခြင်း၊ အခြံအရံနှင့်တကွသော အလှူပေးခြင်း စသော ကုသိုလ်ကံများကို ပြုလုပ်ခဲ့သည့် အကျိုးကျေးဇူးကြောင့် ရရှိသည်။
(၃-၅) ရှည်သောဖနောင့်၊ ရှည်သွယ်သောလက်ချောင်းနှင့်ခြေချောင်းများ၊ ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သောကိုယ် ရှိခြင်း။ ရှေးဘ၀ လူဖြစ်စဉ်အခါများက အသက်သတ်ခြင်းမှရှောင်ကြဉ်ခြင်း၊ မကောင်းမှုမှရှက်တတ်ခြင်း၊ သနားခြင်း၊ သတ္တ၀ါတို့၏အကျိုးစီးပွားကို လိုလားခြင်း၊ စသော ကုသိုလ်ကံကောင်းမှုတို့ကြောင့် ရရှိသည်။
(၆) လက်နှစ်ဖက်၊ ဖြေနှစ်ဖက်၊ ပခုံးစွန်းနှစ်ဖက်၊ လည်ကုပ်တို့၌ ဖြိုးမောက်သောအသားရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဥင်္အခါက မွန်မြတ်သော၊ အရသာရှိသော စားဖွယ်သောက်ဖွယ်တို့ကို ပေးလှူခြင်း စသော ကုသိုလ်ကံကောင်းမှုကြောင့် ရရှိသည်။
(၇-၈) နူးညံ့နုနယ်သော ခြေဖ၀ါး၊ လက်ဖ၀ါး၊ ကွန်ရက်ပမာညီညာသော လက်ခြေ စသည်တို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ပေးကမ်းစွန့်ကြဲခြင်း၊ ချစ်ဖွယ်သောစကားကိုဆိုခြင်း၊ အကျိုးစီးပွားကိုကျင့်ဆောင်ခြင်း၊ မိမိနှင့်တန်းတူရည်တူဆက်ဆံခြင်းတို့၏ အကျိုးကျေးဇူးကြောင့် ဤလက္ခဏာတော်တို့ကို ရရှိသည်။
(၉-၁၀) မြင့်သောဖမျက်နှင့် အထက်သို့ကော့တက်သောမွေးညင်းတို့ ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က အကျိုးရှိ၍ ကုသိုလ်တရားနှင့် စပ်ဆက်သောစကားကိုဟောလျက် လူအများ၏အကျိုးစီးပွားကို ပြခဲ့ခြင်း၊ သတ္တ၀ါတို့၏အကျိုးစီးပွားချမ်းသာကို ဆောင်ကြဉ်းပေးခြင်း၊ ၀န်တိုမှုကင်းမဲ့ခြင်း၊ တရားအလှူကိုပေးလှူခြင်းတို့ကြောင့် ဤလက္ခဏာနှစ်ပါးကို ရရှိသည်။
(၁၁) ဧဏီသားကောင်ကဲ့သို့ ပြေပြစ်သောသလုံးမြင်းခေါင်းရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ၀ိဇ္ဗာ၊ သိပ္ပံပညာများကိုလည်းကောင်း၊ အကျင့်သီလနှင့် ကမဿကတာပညာကိုလည်းကောင်း လျင်မြန်စွာသိမြင်အောင် ဟောပြောပို့ချပေးခဲ့ခြင်း စသည့်ကုသိုလ်ကံတို့ကြောင့်ရရှိသည်။
(၁၂) ချောမွေ့သောအသားအရေရှိခြင်း၊ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ရဟန်း၊ ပုဏ္ဏားတို့ထံချဉ်းကပ်၍ အဘယ်တရားကုသိုလ်မည်၍ ဘယ်တရားသည် အကုသိုလ်မည်ပါသနည်း၊ ဘယ်တရားကိုမှီဝဲ၍ ဘယ်တရားကို မမှီဝဲသင့်ပါသနည်းဟု အဖန်ဖန်မေးမြန်းခဲ့သည့်ကံကြောင့် ရရှိသည်။
(၁၃) ရွှေအဆင်းနှင့်တူသော အသားအရေရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ ရန်ငြိုးထားခြင်းများကို မပြုခဲ့၊ သိမ်မွေ့သောအ၀တ်အထည်များကို ပေးလှူခြင်း စသည့်ကံတို့ကြောင့် ရရှိခြင်းဖြစ်သည်။
(၁၄) အအိမ်ဖြင့်ဖုံးလွှမ်းအပ်သော ပုရိသနိမိတ်ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကြာမြင့်စွာပျောက်ကွယ်နေသော၊ ကြာမြင့်စွာကွဲကွာနေသော ဆွေမျိုးမိတ်ဆွေတို့ကို ပေါင်းဆုံညီညွတ်စေပြီး ၀မ်းမြောက်စေမှုကြောင့် ရရှိသည်။
(၁၅-၁၆) အလုံးနှင့်အရပ် ညီညွတ်လျက် ပညောင်ပင်ကဲ့သို့ လုံးဝန်းသောကိုယ်နှင့် မကိုင်းမညွတ်ဘဲရပ်လျက်ပင် နှစ်ဖက်သောလက်ဝါး အပြင်တို့ဖြင့် ပုဆစ်ဒူးတို့ကို သုံးသပ်ဆုပ်နယ်နိုင်ခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ဤသူသည် ဤအလှူကိုခံထိုက်၏ဟူ၍ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များကို ခွဲခြားသိမြင်ပြီး ထိုက်တန်လျောက်ပတ်စွာ ပေးလှူတတ်ခြင်းကြောင့် ရရှိသည်။
(၁၇-၁၉) ခြင်္သေ့၏ကိုယ်အရှေ့ပိုင်းနှင့်တူသော ကိုယ်၊ လက်ပြင်နှစ်ဖက်ကြား၌ တစ်ပြင်တည်းညီလျက် ပြည့်ဖြိုးသောအသားနှင့် ညီညွာစွာလုံးသော လည်ပင်းလည်တိုင် စသည်တို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က လူအများ၏ယုံကြည်မှု (သဒ္ဓါ)၊ အကျင့်(သီလ)၊ စာပေသင်ကြားမှု (သုတ)၊ စွန့်ကြဲလှူဒါန်းမှု (စာဂ) စသော တရားများနှင့်တကွ ပစ္စည်းဥစ္စာ ချမ်းသာ စည်းစိမ်တိုးပွားအောင်မြင်ခြင်းကို လိုလားတောင့်တမှုတို့ကြောင့် ဤလက္ခာတို့ကို ရရှိသည်။
(၂၀) အရသာကိုဆောင်သော အလွန်ကောင်းမြတ်သောအကြောရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က လက်၊ တုတ်၊ ဓား လက်နက်တို့ဖြင့် သတ္တ၀ါတို့ကို ညှင်းဆဲနှိပ်စက်ခြင်းမပြုခဲ့သော ကုသိုလ်ကံကြောင့် ရရှိသည်။
(၂၁-၂၂) အလွန်ညိုသောမျက်လုံးနှင့် နွားငယ်မျက်တောင်နှင့် တူသောမျက်တောင် စသည်တို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က သူတပါးကို အမျက်ထွက်သဖြင့် မျက်လုံးပြူး၍ကြည့်ခြင်း၊ မျက်စောင်းထိုး၍ကြည့်ခြင်း၊ လျှို့ဝှက်စွာကြည့်ခြင်းများကို မပြုခဲ့၊ ရိုးဖြောင့်သော စိတ်ရှိသည်ဖြစ်၍ ရိုးဖြောင့်စွာသာကြည့်ရှုခဲ့ခြင်း၊ မေတ္တာဓာတ်ကိန်းသောမျက်စိဖြင့်သာ လူအများကိုကြည့်ရှုခဲ့ခြင်း စသည်တို့ကြောင့် ရရှိသည်။
(၂၃) သင်းကျစ်တပ်ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကာယသုစရိုက်၊ ၀စီသုစရိုက်၊ မနောသုစရိုက် စသည်တို့ကို ပြုကျင့်ခြင်း၊ လှူဒါန်းခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း၊ သီလဆောက်တည်ခြင်း၊ ဥပုသ်စောင့်ခြင်း၊ အမိအဖတို့ကို ချစ်ခင်မြတ်နိုးခြင်း၊ ရဟန်းပုဏ္ဏားတို့ကို ကြည်ညိုလေးစားခြင်း၊ အသက်ကြီးသောဆွေမျိုးတို့ကို ရိုသေခြင်း စသောကုသိုလ်တရားတို့၌ လူအများ၏အကြီးအမှူး ရှေ့သွားခေါင်းဆောင်ဖြစ်ခဲ့ခြင်း စသည့်ကံတို့ကြောင့် ရရှိသည်။
(၂၄-၂၅) တစ်ပင်ချင်းပေါက်သော မွေးညင်းနှင့် မျက်မှောင်နှစ်ဖက်ကြား၌ နူးညံ့၍လဲဝါဂွမ်းနှင့်တူသော၊ ဖြူစင်သော ဥဏ္ဏလုံမွေးရှင် စသည်တို့ ပေါက်ခြင်း၊ ရှေးဘ၀တို့၌ လူဖြစ်စဉ်က မုသားပြောခြင်းမှရှောင်ကြဉ်၍ မှန်သောစကား၊ စွဲမြဲတည်တံ့သောစကားကိုသာ ပြောတတ်ခြင်း၊ တစ်ဖက်သားအား လိမ်လည်လှည့်စားခြင်းကို ပြုလေ့မရှိခြင်း၊ စသောကံတို့ကြောင့် ရရှိသည်။
(၂၆-၂၇) သွားတော် ၄၀ နှင့် မကျဲသောသွားတို့ ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကုန်းချောစကားပြောခြင်းကို ရှောင်ကြဉ်၍ ကွဲပြားနေသူတို့ကို ညီညွတ်အောင်စေ့စပ်ပေးခြင်း၊ ညီညွတ်နေသူတို့ကိုလည်း ပို၍ညီညွတ်အောင် အားပေးခြင်းများ ပြုခဲ့သည့်ကံတို့ကြောင့် ရရှိသည်။
(၂၈-၂၉) ကြီးမားရှည်လျားနူးညံ့သော လျှာနှင့် ဗြဟ္မာ့အသံ၊ ကရ၀ိက်ငှက်အသံနှင့်တူသော အသံတို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကြမ်းတမ်းသောစကားပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ အပြစ်ကင်းသော၊ နားချမ်းသာသော၊ ယဉ်ကျေးသိမ်မွေ့၍ လူအများနှစ်လိုဖွယ်စကားတို့ကိုသာ ပြောဆိုခဲ့ခြင်း စသည်ကံတို့ကြောင့် ရရှိသည်။
(၃၀) ခြင်္သေ့မေးနှင့်တူသောမေးရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ပြိန်ဖျင်းသောစကားကိုပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း၊ မှန်ကန်၍ အကျိုးစီးပွားနှင့် စပ်သောစကားကိုသာ အခါအခွင့်အားလျော်စွာ ပြောဆိုခြင်းတို့ကြောင့် ရရှိသည်။
(၃၁-၃၂) ညီညာသောသွားနှင့် အလွန်ဖြူစင်သော စွယ်တော်လေးချောင်းတို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က မကောင်းသောအသက်မွေးခြင်းကို ပယ်၍ ကောင်းသောအသက်မွေးခြင်းဖြင့် အသက်မွေးခြင်း၊ အသပြာတုပြု၊ အချိန်အတွယ်အတိုင်းအတာ တို့ကို ကောက်ကျစ်စဉ်းလဲစွာ ချိန်တွယ်တိုင်းတာခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ သတ်ဖြတ်နှောင်ဖွဲ့ခြင်း၊ ခရီးသွားတို့ကို လုယက်ခြင်း၊ ပြည်ရွာကို ဖျက်ဆီးခြင်း၊ အနိုင်အထက်နှိပ်စက်ခြင်းတို့မှ ရှောင်ကြဉ်ခြင်းတို့ကြောင့် ရရှိသည်။
မြတ်စွာဘုရား ပါရမီဖြည့်သည့် (လူ့)ဘ၀အဆက်ဆက်တို့တွင် အကျင့်သီလနှင့် ပြည့်စုံစွာကျင့်ကြံနေထိုင်ခြင်း၊ ကုသိုလ်ကောင်းမှု အလှူဒါန များစွာပြုလုပ်ခြင်း၊ လူအများအပေါ် ကြင်နာထောက်ထားစွာ ဆက်ဆံပြောဆို ကူညီဆောင်ရွက်ပေးခြင်း စသည့် ကောင်းသောကံများ ပြုလုပ်ခဲ့သည့် အကျိုးကြောင့် ယခု ဘုရားဖြစ်မည့်ဘ၀တွင် ယောက်ျားမြတ်တို့၏ မဟာပုရိသလက္ခဏာ ၃၂ ပါးကို ရရှိခြင်းဖြစ်ကြောင့် သိရှိနိုင်စေရန် ဤလက္ခဏသုတ်ကို ဟောရခြင်းဖြစ်သည်။

 မြတ်စွာဘုရား၏မဟာပုရိသလက္ခဏာ (၃၂) ပါး by အညတရ

Filed under: ဒီဃနိကာယ, Suttanta Pitaka

ဆင်းတုရှိခိုးတာ အကျိုးရှိသလား



ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။
မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။
ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။
ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား?
ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။
ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။
ဂေါတမ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့
သူဟောကြားထားတဲ့ တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။
သူဘုရားဖြစ်အောင် ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။
နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။
ဒါတွေက အခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ
အားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို
ခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက်
စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။

ဘုရားရှင်ရဲ့ ဉာဏ်တော်(၁၀)ပါး‏




စာရေးသူတို့ ကျောင်းမှာ ညစဉ်ရှိခိုးကြတဲ့ ဘုရားရှင်ရဲ့ ဉာဏ်တော်(၁၀)ပါး ဘုရားရှိခိုးပါ။
ဒသဗလဉာဏေန- အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏
(၁)အကြောင်းဟုတ်သည် မဟုတ်သည်ကို သိမြင်တော်မူသော ဌာနာဌာနကောသလ္လဉာဏ်တော်၊
(၂) ကံ၏အမျိုး ကံ၏အကျိုးကို အမျိုးမျိုးပင် သိမြင်တော်မူသော ကမ္မ၀ိပါကကောသလ္လဉာဏ်တော်၊
(၃) ထိုထိုဂတိ အဂတိသို့ ရောက်ဘိအကြောင်း ကျင့်လမ်းကြောင်းကို ကောင်းစွာထင်ထင် သိမြင်တော်မူသော အနေကဓာတု နာနာဓာတု ဉာဏ်တော်၊
(၄) ဓာတ်အများနှင့် ဓာတ်အများတွင် ထူးခြားအင်ကို သိမြင်တော်မူသော အနေကဓာတု နာနာဓာတုဉာဏ်တော်၊
(၅) သတ္တ၀ါတို့၏ လွန်ကဲစွဲပိုက် စိတ်အကြိုက်ကို စိုက်စိုက်ထင်ထင် သိမြင်တော်မူသော နာနာဝိမုတ္တိကတာဉာဏ်တော်၊
(၆) သတ္တ၀ါတို့၏ ဣနြေ္ဒငါးဆင့် နုအရင့်ကို ထောက်ချင့်ကာလျှင် သိမြင်တော်မူသော ဣန္ဒြိယပရောပရိယတ္တိဉာဏ်တော်၊
(၇) ဈာန်သမာပတ် တရားမြတ်၏ ညစ်ကြောင်း ဖြူကြောင်း ထနိုင်ကြောင်းကို ကောင်းစွာထင်ထင် သိမြင်တော်မူသော ဈာနသံကိလေသာဒိဉာဏ်တော်၊

“ ဆင်းရဲခြင်း၏ အတိတ်အကြောင်း(၃)ပါး ”




ဗုဒ္ဓဒေသနာများ၏ ညွှန်ပြချက်အရ ဆင်းရဲမွဲတေခြင်း၏ အတိတ်အကြောင်းသုံးပါးကို တွေ့ရှိရသည်။

ယင်းတို့မှာ . . .

(၁) ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

(၂) သူတစ်ပါး၏ဥစ္စာကို လိမ်လည်
လှည့်ဖြားခိုးယူခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

(၃) ဣဿာမစ္ဆရိယ များခဲ့သောကြောင့်
ဆင်းရဲမွဲတေခြင်း တို့ ဖြစ်ပေသည်။

ထိုသုံးမျိုးတွင် ...

(၁) ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေရသူများသည်
လုံလ၀ီရိယဖြင့် ရှာဖွေခဲ့လျှင် စားနိုင်သောက်နိုင်
ဘ၀သို့ ရောက်သေးသည်။သနားတတ်သော သူတစ်ပါး၏
အကူအညီကိုလည်း အနည်းငယ်ရ နိုင်သေးသည်။

(၂) သူတစ်ပါး၏ဥစ္စာကို လိမ်လည်လှည့်ဖြား
ခိုးယူခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

အနိစ္စေ ဒုက္ခသညာ



 

မိမိရဲ့ စိတ်ကလေးကို မိမိနူးညံ့သွားအောင် ပျော့ပျောင်းသွားအောင် ဆိုဆုံးမနေ
တဲ့ လုပ်ငန်းခွင်တွေ ဖြစ်ပါတယ်။ အနိစ္စသညာကို ကြိမ်ဖန်များစွာ လေ့လာပြီးတဲ့
အခါ အနိစ္စဖြစ်တဲ့ ဒီခန္ဓာငါးပါးအပေါ်မှာ အနိစ္စသညာကို ပိုင်ပိုင်နိုင်နိုင် ထိုးထွင်း
သိမြင်ပြီးတဲ့အခါ ဒီအနိစ္စဖြစ်နေတဲ့ ခန္ဓာငါးပါးတို့ရဲ့ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့်
လည်းကောင်း, ပျက်ခြင်းဒဏ်ချက်ဖြင့်လည်းကောင်း အမြဲမပြတ် အညှဉ်းဆဲအနှိပ်
စက်ခံနေရသည့်အတွက် ဒုက္ခဖြစ်ပုံအခြင်းအရာကို ၀ိပဿနာဥာဏ်ဖြင့် မြင်အောင်
ကြည့်ကာ ဒုက္ခသညာကို ဆက်ပြီးပွားရတယ်။ ပွားလိုက်တဲ့အချိန်အခါမှာ ဘာဖြစ်
လာသလဲ? မိမိကိုအသေသတ်ဖို့ရန် သန်လျက်ကို မြှောက်ချီကာမိုးထားတဲ့ လူ
သတ်သမားအပေါ်မှာ ကြောက်ရွံ့ထိတ်လန့်နေတဲ့ အမှတ်သညာသည် ရှေးရှုတည်
လာသလိုပဲဒီခန္ဓာငါးပါးတို့အပေါ်၌ ကြောက်ရွံ့နေတဲ့ အမှတ်သညာ = ဘယသညာ
သည် ရှေးရှုတည်လာမယ်။ ဒီလို ခန္ဓာငါးပါးအပေါ်မှာ ကြောက်ရွံ့နေတဲ့အမှတ်သ
ညာက ဘာလုပ်မလဲ? ဘာဝနာကို ပွားများအားထုတ်ဖို့ရန်အတွက် ပျင်းရိနေတဲ့
ဒီစိတ်ဓာတ်ကိုလည်း တိုက်ဖျက်ပေးမယ်။ ]တပည့်တော်လည်း ကြိုးစားပါဦး
မယ်ဘုရား}ဆိုပြီး အိမ်ပြန်ပြန်သွားတတ်တဲ့ စိတ်ထားမျိုးကို ဖယ်ရှားပေးနိုင်တယ်။
နောက်တစ်ခု - ကောသဇ္ဇေ = ပေါ့ဆတယ်။ တွန့်ဆုတ်နေတယ်။ ဘာဝနာလုပ်
ငန်းခွင်ကို လေးလေးနက်နက် အားမထုတ်ဘူး။ ပေါ့ပေါ့ဆဆလေး အားထုတ်
တယ်။ တွန့်ဆုတ်တွန့်ဆုတ်နဲ့ စိတ်မပါ့တပါ အားထုတ်နေတယ်။ ဒီလို စိတ်ထား
တွေကိုလည်း ဒီဒုက္ခသညာက တိုက်ဖျက်ပေးမယ်။

"ပြည့်တန်ဆာမနှင့်ဝိပဿနာ"




လွန်ခဲ့သောနှစ်ပေါင်း၂၅၀၀ကျော်လောက်က တကယ့်ဖြစ်ခဲ့တဲ့ ဇာတ်လေးတစ်ပုဒ်ကို အရင်ပြောပြရအောင်ပါ။
ကာလအနေနဲ့ပြောရင် မြတ်စွာဘုရားပွင့်တော်မူနေတဲ့ ကာလပါ။ ပြည်က ဝေသာလီပြည်မှာပါ။
အဲဒီကာလ အဲဒီဝေသာလီပြည်မှာပဲ "မ၀ိမလာ" လို့ အမည်ရတဲ့ အမျိုးသမီးလေးတစ်ယောက်
ရှိခဲ့ဖူးပါတယ်။ ၀ိမလာရဲ့အဓိပ္ပာယ်က အညစ်အကြေး ကင်းစင်သူ၊ သန့်ရှင်းစင်ကြယ်သူပါ။
ဒါက တင်စားထားတဲ့ ရုဠီ နာမည်ပါ။ တကယ့်အရှိ အနွတ္ထအမည် မဟုတ်ပါဘူး။
ဝိမလာဟာ ဝေသာလီပြည်မှာ အလှဆုံးစာရင်းဝင် တစ်ယောက်ပါ။
သူ့ရဲ့ ထူးခြားချက်ကတော့ အမေဖြစ်သူက ပြည့်တန်ဆာမတစ်ယောက်ဖြစ်တဲ့အတွက် သူလည်း အရွယ်ရောက်လာတဲ့အခါ မိခင်ရဲ့
အလုပ်ကို ဆက်လုပ်ရပါတယ်။

အနာဂတ်သာသနာရေး အပိုင်း(၁၃၃) ဘုန်းကြီးပျံ, သတိပြုဖွယ်တွေ


ဘုန်းကြီးပျံ
ရွာဦး ရွာထိပ်၌  ကြည်ညို ကိုးကွယ်ထားသော ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တ်ာမူရာဝယ် ရပ်သူ ရွာသားတို့ လွမ်းဆွတ်မှု ပြေပျောက်အောင် သူ့ထက်ငါ အားကျ၍ နောက်ဆုံးပူဇော်ကြခြင်းကို အပြစ်မဆိုလိုပါ၊ သို့ရာဝယ် အသည်းအသန် မမာတုန်းက ပျံလွန်မည့်ပုဂ္ဂိုလ် စိတ်ကျေနပ်အောင် ဆရာကောင်း ဆေးကောင်း ဓာတ်စာကောင်းတို့ဖြင့် မကုသ, မပြုစုကြဘဲ ပျံလွန်ခါမှ ရာပေါင်း ထောင်ပေါင်း သောင်းပေါင်းများစွာ အကုန် အကျခံ၍ ပူဇော်ခြင်း၌ အကျိုးရှာမရသည့်အပြင် ၀မ်းနည်းဖွယ်ကို သာ မြင်နေရပါတော့သည်။
          ထင်ရှားစေပါဦးမည်…ဤစာကို ရေးရာနှစ်ကို ထောက်၍ လွန်ခဲ့သော ကိုးနှစ်လောက်က နာမည်ကျော် ဆရာတော်ကြီးတစ်ပါး အတော် စိုးရိမ်ရလောက်အောင် မကျန်းမမာ ဖြစ်၏၊  ဟိုက သည်က ဆေးအတွက် လှူကြသည်မှာ (၄၀)ကျော်တန်မျှသာ ရှိ၏၊ သို့ရာဝယ် ကံကောင်းလှ၍ ပျံတော်မမူသေးပါ၊ အကယ်၍ ပျံတော်မူပါလျှင် ထိုဒကာ ဒကာမ တပည့်တပန်းတို့ လေးရာမက လေးထောင်ကျော် အောင် အကုန်အကျခံ၍ ဘုန်းကြီးပျံပွဲ ဆင်နွှဲကြပေလိမ့်မည်။

အနာဂတ်သာသနာရေး အပိုင်း(၁၃၂) ရှင်လောင်းကို စိစစ်ပါ


ရှင်လောင်းကို စိစစ်ပါ
ရှင်သာမဏေပြုလုပ်မည့် အလောင်းအလျာကို “ရှင်လောင်း”ဟု ခေါ်၏၊  ထိုရှင်လောင်းဆိုသူတို့တွင် တချို့သည် စကားမျှ မပီသေး၊ တချို့ ကား အတော်အတန် ကြီးပါသော်လည်း ရှင်သာမဏေများ ကျင့်ရမည့် ကျင့်ဝတ်ကို နားမလည်၊ တချို့ရှင်ကလေးများမှာ မဏ္ဍပ် အတွင်း၌ သင်္ကန်းချည်၍ မဏ္ဍပ်က ထွက်လျှင် ထွက်ချင်း လူဝတ် လဲရတော့၏၊ မလဲလို့လည်း မဖြစ်ကြတော့, ရှင်သာမဏေပြုရာ၌ ““ဗုဒ္ဓံ  သရဏံ  ဂစ္ဆာမိ””  စသော  သရဏဂုံပါဠိ  ဆရာဘုန်းကြီးနှင့် ရှင်လောင်း နှစ်ဦးလုံးပင် ပီပီသသ (ဌာန် ကရိုဏ်းကျကျ) ရွတ်ဆို တတ်မှ ရှင်သာမဏေအစစ် ဖြစ်သည်ဟု ကျမ်းစာ၌ ဆိုထား၏၊ ယခုခေတ် မြန်မာလူမျိုးတို့ကား အင်မတန် ကြိုးစားမှ စာလာပေလာ အတိုင်း ပီနိုင်၏၊ ထိုသို့ မပီစေကာမူ ရှင်သာမဏေဟု ၀န်ခံ၍ ဆိုင်ရာကျင့်ဝတ်များကို ကျင့်တတ်လျှင် အပြစ်ကင်းဖွယ် ကုသိုလ် ရဖွယ် ရှိပါသေး၏၊ ယခုသော် များသောအားဖြင့် ရှင်ကျင့်ဝတ်ကို နားလည်သူများ နည်းပါး, ကျင့်သူက သာ၍ ရှားတော့၏၊ ဤကိစ္စကို တိုင်းသူပြည်သားတို့ နားလည်အောင် စီမံပြီးလျှင် မူလတန်းပညာ လောက်ကို (အနည်းငယ်) သင်ပြီး၍ ကောင်းစွာနေထိုင်တတ်မှသာ ရှင်သာမဏေပြုစေသင့်ကြပါသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၃၁) သားရှင်ပြု လှူဒါန်းကြပုံ


သားရှင်ပြု လှူဒါန်းကြပုံ
ဘုန်းကြီးဝါဒမှာ “နေ့စဉ်စိတ်ကောင်း ထား၍ နေ့စဉ် ဒါန၀တ်နှင့်ကိုယ်ကျင့် သီလ ကောင်းခြင်းကိုသာ အရာရာဝယ် သာယာအေးမြလျက် နောက်ဘ၀၌ မုချဂတိကောင်းကြောင်း အလုပ်ဖြစ်၏”ဟု ယူဆပါသည်၊ တစ်ရံတစ်ခါ ပကာသနများစွာဖြင့် ဒါနအကြီးအကျယ်ပြုမှုများကို အနှစ်အသားဟု မမှတ်ထင်သည့်အပြင် လူအများ၏ ကိုယ်ကျင့် ပျက်ကြောင်း, ရဟန်းတော်များ အလုပ် ပျက်ကြောင်း ဟုသာ ထင်ပါသည်။
          ရှင်းပြဦးအံ့… သားရှင်ပြုကိစ္စ၌ ဂုဏ်အသရေရှိ လူကြီး လူကောင်းတို့ကား ထိုကဲ့သို့သော အစာကို စားနေကျ ဖြစ်၏၊ သူက ဖိတ်လို့သာ အားနာ၍ (မသွားမကောင်းသဖြင့်) သွားရသည်၊ အိမ်မှာ အလုပ်ကိစ္စ တန်းလန်းနှင့် မအားကြ၊ ကျွေးမွေးရာ၌ ကုန်သောငွေလည်း မနည်းလှ၊ စားရသူတို့ကလည်း အားနာပါးနာ နှင့် မလွှဲသာ၍ လာကြရာဝယ် အဘယ်မှာ ကုသိုလ်ထုပ်ကြီး ရနိုင်ပါ မည်နည်း၊ ထိုအပေါ်မှာ ဂုဏ်ဖော်ချင်သော စိတ်ကောက်ကလေးက (ပကာသန, အကုသိုလ် လောဘစိတ်ကလေးက) ပါလိုက်ချေ သေး၏။

Tuesday 15 July 2014

ပဌာန်း ဒေသနာတော် မှ သိမှတ်ဖွယ်ရာများ

ပဋ္ဌာန်းကို ပြောမယ်ဆိုရင် အဘိဓမ္မာ (၇)ကျမ်းလုံးကိုလဲ နည်းနည်းစိစစ်ရမယ် ၊ သတ္တ သတ္တာယ (၇) ခုကိုလဲ နည်းနည်းတော့ ရေးဥိးမှ ကောင်းမယ် ။
ပဋ္ဌာန်းကို စပြီးဆင်ခြင်တဲ့ သမိုင်းလေးရယ် ၊ ဆက်နွယ်နေတဲ့ ဖြစ်စဉ်လေးတွေရယ် ပါ သိရတော့ ပိုကောင်းပါမယ်။ မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညု မြတ်စွာဘုရား အဖြစ် ရောက်ရှိခဲ့ပြီးနောက် -
(က) ပလ္လင်္ကသတ္တာဟ ။ ။ ဘုရားဖြစ်တဲ့ နေရာ (ပလ္လင်)ထက်မှာပဲ ကဆုန်လပြည့်ကျော် ( ၁ ) ရက်နေ့မှ (၇) ရက်နေ့အထိ မလှုပ်မရှား ဆက်ပြီး သီတင်းသုံးတော်မူပါတယ် ။ ပထမနေ့ ၊ နေ့အခါမှာ ဖလသမာပတ် ၀င်စားပြီး နေပါတယ် ။ညအခါမှာ ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အနုလုံ ၊ ပဋိလုံ သုံးသပ်ဆင်ခြင်တော်မူပါတယ်။ ” ယဒါဟဝေ …” စသော ဥဒါန်း(၃) ဂါထာကို အသံမထွက်ဘဲ စိတ်ထဲမှ ကျူးရင့်တော်မူပါတယ်။ (သတ္တာဟ-၇-ရက် )
(ခ) အနိမိသ သတ္တာဟ။ ။ ဗောဓိပင်ရဲ.အနီး အရှေ.မြောက် ယွန်းယွန်း ၁၄-လံအကွာ နေရာမှာ ကဆုန်လပြည့်ကျော် (၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ ၇-ရက် ထပ်မံသီတင်းသုံးတော်မူပါတယ် ။ ” ငါသည် ပါရမီများဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ် (၅)ပါးကိုအောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ တကား ” ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ အပရာဇိတ ပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံးကြည့်ရှုဝမ်း မြောက်နေတော်မူသည် ။[ အ = မ ၊ နိမိသ = မျက်စိမှိတ်သည် , အနိမိသ = မျက်စိမမှိတ်ဘဲ ]

Saturday 12 July 2014

အနာဂတ်သာသနာရေး အပိုင်း(၁၃၀) ကထိန်ခင်း ပြုပြင်ရေး



ကထိန်ခင်း
ဝါဆိုလပြည့်ကျော် (၁)ရက်နေ့၌ ၀ါကပ်၍… (၀ါ မပျက်စေဘဲ) သီတင်းကျွတ်လပြည့်နေ့၌ ပ၀ါရဏာပြုသော ရဟန်းရှိရာ ကျောင်းတိုက်၌ သင်္ကန်းတစ်ထည် ဖြစ်စေ, အများဖြစ်စေ “ဣမံ စီဝရံ သံဃဿ ဒေမိ-ဤသင်္ကန်းကို သံဃာတော်များအား လှူဒါန်းပါ၏”ဟု လျှောက်ထား၍ လှူရ၏၊ ထိုသင်္ကန်းကို သင်္ကန်းမရှိသော ရဟန်းအား ပေး၍ ထိုရဟန်းက (၀ိနည်းထုံးစံအရ) ကထိန်ခင်းရ၏၊ သံဃာအားလုံး သင်္ကန်းပြည့်စုံ ကြလျှင် အကြီးဆုံး မထေရ်အား ပေး၍ ထိုမထေရ်ကြီးက ကထိန် ခင်းရ၏၊ ထိုကထိန်ကို ၀မ်းမြောက်ကျေနပ်ပါကြောင်းပြောသော ရဟန်းများလည်း ကထိန်ခင်းသော ရဟန်းနှင့် အလားတူရသင့်သော အမျိုးများကို ရကြ၏၊ ရသင့်သော အကျိုးများကို စာလာအတိုင်း သိလိုသူတို့ စာတော်သော ဆရာသမားထံ မေးကြပါလေ။
ယခုခေတ်ကထိန်
အစပထမ၌  ““ကထိန်အလှူ”” ဟူသည် …သင်္ကန်းအလှူပင်ဖြစ်၏၊ နောက်မှ သင်္ကန်း၏ အခြံအရံအဖြစ်ဖြင့် အခြားလှူဖွယ်တွေ ပါလာ၏၊ ထိုအခြား လှူဖွယ်များတွင် ကျောင်း၌ မရှိမဖြစ်သော ပစ္စည်းမျိုးဆိုလျှင် သင့်တော်ပါသေး၏၊ ယခုသော် ပဒေသာပင် သီး၍ လှပအောင် တိုလီမိုလီကလေးတွေ များလှ၏၊ ပဒေသာတစ်ပင်လျှင် (၅၀)တန် တစ်ရာတန် စသည်ဖြင့် ဂုဏ်ယူကြ၏၊ ကျောင်းရောက်သော်ကား အသုံးမကျလှ၊ လူတွေမှာလည်း အကုန်မနည်းချေ၊ ဒီအထဲမှာ ပွဲတွေ ကိုလည်း ထည့်လိုက်ရသေး၏။

အနာဂတ်သာသနာရေး အပိုင်း(၁၂၉) သိမ်သမုတ်, ရဟန်းခံ


သိမ်သမုတ်
“သီမာ” ဟူသော  ပါဠိသည်  “အပိုင်းအခြား -နယ်နိမိတ် သတ်မှတ်ထားသော အရပ်” ဟု အဓိပ္ပာယ်ထွက်၏၊ “ရဟန်းများ ကံကြီးကံငယ် ပြုဖို့ရာ နယ်နိမိတ် သတ်မှတ်ထားသောအရပ်”ဟု သံဃာအများက အသိအမှတ်ပြုခြင်းကို “သိမ်သမုတ်”ဟု ခေါ်၏၊ ထို့ကြောင့် အစိုးရက နေရာတစ်ခုကို လူဝတ်ကြောင်တစ်ယောက်အား ဥပဒေနှင့်အညီ “သီးခြားရွာ”ဟု ပေးလိုက်လျှင်လည်း သိမ်သမုတ်ခြင်းကိစ္စ ပြီးတော့၏။
          သိမ်သမုတ်ရာ၌ အလွန်များစွာ ငွေကုန်ခံမည့်အစား ထိုနေရာ၌ မိုးလုံလေလုံရှိအောင် ကျောင်းဆောက်လိုက်ခြင်းသာ သာ၍ အကျိုး ရဖွယ် ရှိ၏၊ သို့ရာတွင် သိမ်သမုတ်ရာ၌ ပိဋကတတ်ကျွမ်းသော ဆရာတော်များ ပါဖို့ အရေးကြီး၏၊ နားမလည်သူများချည်းသာ သမုတ်လျှင်ကား အောင်မြင်ဖို့ မလွယ်ကူချေ။

အနာဂတ်သာသနာရေး အပိုင်း(၁၂၈) စာသင်တိုက်ကျောင်းဆောက်မှု



စာသင်တိုက်ကျောင်းဆောက်မှု
ကျောင်းဆောက်မှု၌ စဉ်းစားထိုက်သော အချက်တွေများလှ၏၊ စာသင်တိုက်ဟူသမျှ အသစ်တည်ရတော့မည်ဖြစ်လျှင် ကံကြီး ကံငယ် ပြုဖို့ရန် သိမ်လည်း ဖြစ်နိုင်, စာချကျောင်းလည်း ဖြစ်နိုင်, ဘုရားဆင်းတုတော် သီတင်းသုံး၍ ဘုရားဝတ်ပြုကြဖို့ရာ ဘုရား ကျောင်းလည်း ဖြစ်နိုင်, ကာလအားလျော်စွာ စည်းဝေးဟောပြော ဖို့ရာ ဓမ္မာရုံလည်း ဖြစ်နိုင်သော အလယ်ကျောင်းကြီးတစ်ကျောင်း (မြို့ရွာဒေသလိုက်၍) ခပ်ကောင်းကောင်း ဖြစ်ရန်လိုပေသည်၊ ထို ကျောင်းကြီးကို ပစ္စည်းတတ်နိုင်သူ တစ်ဦးတစ်ယောက်က မတည်၍ မြို့ရွာက ၀ိုင်းဝန်းကြပြီးလျှင် တစ်မြို့လုံးနှင့်ဆိုင်သော ကျောင်း ဖြစ်မှသာ ရပ်သူ ရွာသားတို့ သာ၍ ညီညွတ်ဖွယ်ရှိသည်။
          ထို့နောက် သံဃာအများ နေထိုင်ဖို့ရာ (စာချဘုန်းကြီးများနှင့် စာသင်သားများအတွက်) နှစ်ပါးနေ သုံးပါးနေ မိုးလုံ လေလုံ ခပ်ကြမ်းကြမ်း ကျောင်းကလေးတွေနှင့် ဆွမ်းစားကျောင်းကို လည်းကောင်း, သံဃာအလွန်များလျှင် စာချဖို့နေရာများကိုလည်းကောင်း အစီအစဉ်ကျကျနှင့် သပ်သပ်ရပ်ရပ် တည်ဆောက်သင့်ကြပေသည်၊ အနီးအပါး ကျောင်းဟောင်း ကျောင်းပျက် ဇရပ်ပျက်များကိုလည်း “၀ိနည်းတော်နှင့် မဆန့်ကျင်သော ကျောင်း ဇရပ်”ဟု စိတ်ချရလျှင် ရွှေ့ပြောင်း ဆောက်သင့်၏၊ နဂိုက ၀ိနည်းတော်နှင့် အပ်စပ်ပုံမရသော ကျောင်းများကို မူလစပ်ဆိုင်သော ဆွေမျိုးများက သူတို့ပိုင် ပစ္စည်းဟု သဘောထား၍ သယ်ယူရွှေ့ပြောင်း လှူလျှင် အပ်တော့သည်သာ၊ ထိုသို့ ကျောင်းဆောက်ပြီးနောက် စားရေးသောက်တာ အတွက်ကိုမူ ဂေါပကအဖွဲ့နှင့် ရပ်ရွာမြို့နယ်ကို အားထားရပေ လိမ့်မည်။ [ဤနေရာ၌ ဆိုင်ရာကျောင်းတိုက်များ၏ စည်းကမ်း ဥပဒေကိုလည်း သီးခြား ရေးသင့်၏။]

Wednesday 9 July 2014

အနာဂတ်သာသနာရေး အပိုင်း(၁၂၇) ရွာကြီးတို့၌ စာသင်တိုက်ရှိကျိုး



ရွာကြီးတို့၌ စာသင်တိုက်ရှိကျိုး
မိမိတို့ရွာကြီးမှာ (သို့မဟုတ်) ရွာ၏အနီးမှာ စာသင်တိုက်ရှိလျှင် ဆယ့်သုံးလေးနှစ်သား အရွယ် မူလတန်းအောင်ပြီး၍ ဆယ့်ငါးနှစ် သားအရွယ်မှာ စာသင်တိုက်၌ စာသင်နိုင်၏၊ ဥတု မြေ ရေ တူမျှသောကြောင့် ကျန်းမာရေး၌လည်း မစိုးရိမ်ရ၊ အကယ်၍ မကျန်းမာလျှင် ချက်ချင်း ဆရာ မိဘ ရောက်လာနိုင်၏၊ ရပ်ရွာ နယ်ပယ် တစ်နယ်လုံးမှ စာသင်တိုက် တစ်တိုက်သာ ရှိသဖြင့် စားရေး သောက်တာ ပြည့်စုံနိုင်ရကား ငွေမပါဘဲ စာသင်နိုင်၏၊ သို့ဖြစ်လျှင် ငွေနှင့်စပ်သော အပြစ်အရပ်ရပ် ကင်း၍ သန့်ရှင်းလေပြီ၊ “မည်သူ့ သား မည်သည့် ဆရာ့တပည့်” ဟု အချင်းချင်း သိကြပြီးဖြစ်၍ ဟော့ရမ်း သော့သွမ်းမှုလည်း (ပွဲကြည့်မှု အိမ်လည်မှု စသည်လည်း) မရှိနိုင်တော့ပြီ၊ [ မျက်မြင်အားဖြင့် ရွာကြီးစာသင်တိုက် မြို့ငယ် စာသင်တိုက်များ၌ အုပ်ချုပ်၍ လွယ်ကူသည်ကို တွေ့ရပေ၏၊ ထို စာသင်တိုက်သံဃာများလည်း အချိုးကျကျ သီတင်းသုံးကြသည်သာများ၏။]

အနာဂတ်သာသနာရေး အပိုင်း(၁၂၆) စာသင်ကျောင်းတိုက်များ


စာသင်ကျောင်းတိုက်များ
အိမ်ခြေ နှစ်ရာ သုံးရာ ရှိကြသော ရွာကြီးနှင့် မြို့ကလေးများ၌ အစိတ်,သုံးဆယ်အောက် မနည်းသော သံဃာအများ သီတင်းသုံးရာ စာသင်တိုက်များ တစ်တိုက်ကျစီ တည်ရှိစေသင့်ပါသည်၊ အတော်အတန် ကြီးသော မြို့၌ကား နှစ်တိုက်လောက် ရှိစေကာမူ သင့်တော်ပေမည်၊ မန္တလေး ရန်ကုန် ကျောင်းတိုက်များမှာ အနာဂတ်ကာလ၀ယ် အထက်တန်းစာသင် ပုဂ္ဂိုလ်တို့သာ နေထိုင်ရာဖြစ်၍ ပါဠိတက္ကသိုလ် အဖြစ်ဖြင့် တည်ရှိစေသင့်၏၊ စာသင်တိုက်များ တည်ရာမဟုတ်သော ရွာငယ်များ၌ကား ရပ်ရွာ၏ သုမင်္ဂလ (အလှူအတန်း) ဒုမင်္ဂလ (အသုဘ) ကိစ္စတို့ကို  ရွက်ဆောင်ဖို့ရာနှင့် ရွာသားသူငယ်တို့အား မူလတန်းပညာ သင်ပြဖို့ရာ ရွာကျောင်းတစ်ကျောင်းသာ ရှိစေသင့် ပါသည်၊ ထိုစာသင်တိုက်, စာသင်ကျောင်းမှ တစ်ပါး တည်ရှိနေသော ကျောင်းတိုက်များကား တရားကျင့်ရာဌာနကျောင်းတိုက်များသာ ဖြစ်စေသင့်၏။
          ဤပြခဲ့သော စကားအရ ကျောင်းတိုက်အမျိုးအစားသည်… 
“၁-တက္ကသိုလ်ကျောင်းတိုက်၊ 
၂-မြို့ရွာစာသင်တိုက်၊ 
၃-ရွာငယ် မူလတန်းကျောင်း၊ 
၎-တရားကျင့်ကျောင်း”ဟု လေးမျိုးလေးစား ရှိသင့်ကြောင်းကိုပြသည်၊ [ မြို့ရွာစာသင်တိုက်များ၌ ပထမတန်း, ဒုတိယတန်း, တတိယတန်းစာသင်တိုက်ဟု သုံးမျိုးခွဲထားသင့်၏၊ ထိုသို့ ခွဲခြားဖို့ရန်လည်း စာသင်နည်းကိုက အတန်းခွဲပြီး ရှိရပေလိမ့်မည်၊ ထိုသို့ ခွဲခြားရာ၌ အုပ်ချုပ်သော ဆရာတော်တို့၌ စာပေ အရည်အချင်းလိုက်၍ ခွဲခြားသင့်၏၊ အနည်း အများလိုက်၍ ခွဲခြား ခဲ့လျှင် သံဃာများမှုကိုသာ ဂရုစိုက်ကြသဖြင့် မကြာခင် အုပ်ချုပ်၍ မနိုင်မနင်းဖြစ်ပါလိမ့်မည်။]
ကျောင်းမများခြင်းအကျိုး
“ဘုရား နှစ်ဆူပွင့်လျှင် သူ့ဘုရား ငါ့ဘုရားဟု အပြိုင်အဆိုင်စိတ်ထား သဖြင့် တရားမရနိုင်ဘဲ မတရားတွေ များဖွယ်သာရှိ၏”ဟု ကျမ်းစာ တို့၌ဆိုသည်၊ ထို့အတူ တစ်ရွာလျှင် စာသင်ကျောင်း စာသင်တိုက် နှစ်ဌာနရှိလျှင် သူ့ကျောင်း ငါ့ကျောင်းဟု ရွာသူ ရွာသား စိတ်ဝမ်း ကွဲပြားရုံသာမက အချင်းချင်း ပဋိပက္ခ ဖြစ်၍ ရုံးရောက်သော အမှုတွေ ယခုမျက်မြင်ပင် များလှပေသည်။
         
ထို့ကြောင့် တစ်မြို့ တစ်ရွာတည်း၌ စာသင်ကျောင်းတိုက် နှစ်ကျောင်း နှစ်တိုက် မလိုလားအပ်၊ သို့ရာတွင် ကမ္မဋ္ဌာန်းကျောင်းတိုက်လည်း သီးခြား ရှိဦးမည်ဖြစ်၍ ကျင့်လိုသော ပုဂ္ဂိုလ်များ ကမ္မဋ္ဌာန်းတိုက်၌လည်းကောင်း, စာသင်လိုသော ပုဂ္ဂိုလ်များ စာသင် တိုက်၌လည်းကောင်း တစ်စုတစ်ဝေးတည်း နေသင့်ပေသည်။
ကျေးရွာကြီးတို့၌ စာသင်တိုက်မရှိပြစ်
ထိုထိုရွာ၌ ရှိကြသော စာသင်သား အရွယ်ငယ်ငယ် ရဟန်းငယ်တို့သည် မိမိတို့ရပ်ရွာ အနီးအပါး၌ စာသင်တိုက်မရှိခြင်းကြောင့် ငယ်ရွယ်စဉ်က စည်းကမ်းကျအောင် စာမသင်ရဘဲ အသက်အရွယ် ကြီးမှ (ရဟန်းဖြစ်မှ) မြို့က စာသင်တိုက်သို့ ရောက်တတ်ကြ၏၊ ထိုသူတို့သည် ဉာဏ် အရည်အချင်း မည်မျှပင်ရှိသော်လည်း ထိပ်တန်းရောက်အောင် မတတ်မြောက်နိုင်ကြတော့။
         
ထိုသို့ ကြီးရင့်မှ စာသင်ရသဖြင့် စာသင်မှု၌ ပျင်းရိချင် လည်ပတ်ချင်စိတ်သာများလျက် သွားလာ လည်ပတ်ကာ မြို့ရွာ အတွင်း၌ မကြည်ညိုဖွယ်တွေသာ ဖြစ်တော့၏၊ ကိုရင်တုန်းက စာသင်ထွက်ကြသူတို့မှာလည်း ဆရာ မိဘတို့နှင့် ဝေးကွာနေသည့် အတွက် ကျန်းမာရေး ကိုယ်ကျင့် ထိန်းသိမ်းရေးမှစ၍ ကြောင့်ကြ စိုးရိမ်ဖွယ်တွေ များလှ၏၊ အမှန်မှာလည်း ကျန်းမာရေး ချို့ယွင်းလျက် ကိုယ်ကျင့်ပျက်သူတွေသာ များလှတော့၏။
ဗုဒ္ဓအလိုတော် မကျ
ရှင်းပြဦးအံ့…မိဘနှင့်ဝေးကွာနေ၍ မြို့တိုက်များ၌ စာသင်ရန်ထွက်လာသူတိုင်း ငွေမပါလျှင် (ယခုအခါ) မပြီးသလောက် ဖြစ်နေ၏၊ ငွေကို ခံယူသည်ကစ၍ ၀ိနည်းတော်အရ နိသဂ္ဂိယပါစိတ် အာပတ်သင့်၏၊ ငွေကို ကိုင်တိုင်းကိုင်တိုင်း ဒုက္ကဋ်အာပတ် အပြည့်အကျပ် ထပ်နေပြန်၏၊ ထိုငွေဖြင့် ၀ယ်၍ စားသောက် သုံးစွဲသမျှ စားဖွယ်သုံးဖွယ်တွေလည်း နိသဂ္ဂိယပစ္စည်းဖြစ်၍ မစွန့်ပစ်သမျှ နိသဂ္ဂိယအာပတ်နှင့် စားတိုင်း သုံးတိုင်း ဒုက္ကဋ်အာပတ်တွေ မရေမတွက်နိုင်အောင် ဖြစ်နေ၏၊ ထိုပစ္စည်းကို အခြားသူများ သုံးစွဲလျှင်လည်း ထိုအတိုင်း ပင် အာပတ်သင့်ကြရ၏၊ ဤသို့လျှင် မိဘနှင့် ဝေးကွာနေသော မြို့စာသင်တိုက်များဝယ် ငွေမပါလျှင် မပြီးနိုင်ကြသောကြောင့် အာပတ်အပြစ်တွေ မရေမတွက်နိုင်အောင် များလှတော့၏၊ ဗုဒ္ဓရှင်တော်၏တရားတော်ကို သင်ယူနေကြပါသော်လည်း ဗုဒ္ဓရှင်တော် တားမြစ်ထားသော အပြစ်တွေကို နေ့ရှိသမျှ ကျူးလွန်နေရပါလျှင် အဘယ်မှာ ဗုဒ္ဓအလိုတော်ကျပါတော့မည်နည်း၊ ဗုဒ္ဓအလိုတော် မကျမှန်း သိလျက် နေလျှင် အဘယ်မှာ သံသရာကျိုး ရပါတော့ မည်နည်း။
သာသနာ၌မပျော်နိုင်
ထိုကဲ့သို့ အပြစ်များကို ကျူးလွန်လာခဲ့ရသော စာတတ်ပုဂ္ဂိုလ်တို့သည် … အဘယ်မှာ သာသနာတော်၌ တရားနှင့်ပျော်ပိုက်နိုင်တော့မည်နည်း၊ တစ်နည်းအားဖြင့် စဉ်းစားရသော် သူဆရာဖြစ်သောအခါ၌လည်း တပည့် ပရိသတ်များကို တော်သလိုသာ အုပ်ချုပ်ပေတော့မည်၊ သို့ဖြစ်လျှင် မြန်မာနိုင်ငံ သာသနာသည် အဘယ်မှာ ကိုယ်ကျင့် ဘက်က တိုးတက်နိုင်ပါတော့မည်နည်း၊ လှော်ရင်း နစ်ရသော လှေသဖွယ် မြုပ်ကွယ်ဖို့ အချက်သာ များတော့မည် မဟုတ်ပါလော၊ အုပ်ချုပ်သော ဆရာတော်တို့လည်း ထိုအပြစ်ကို မြင်တော်မူကြပေ သည်၊ သို့သော် မိမိကိုယ်တိုင်က ဆွမ်းမကျွေးနိုင်သော တပည့်လေးတွေကို “ငွေနှင့်ဝယ်၍ မစားကြနှင့်, အငတ်နေကြ”ဟု ဆိုရက်ကြ မည်လော၊ ထိုသို့ မဆိုရက်သဖြင့် အောင့်သက်သက်နှင့် ကြည့်နေကြရသည်၊ ထို့ကြောင့် စာသင်တိုက်များကို မိမိတို့ ရပ်ရွာ အနီးအပါး၌ မရှိ ရှိအောင် အနာဂတ်ကာလ၌ ဧကန်ကြိုးစားကြမှသာ ငွေမပါဘဲ ဖြစ်နိုင်သော စာသင်နည်းဖြင့် သန့်ရှင်းစင်ကြယ်စွာ စာသင်နိုင်ကြပေလိမ့်မည်၊ ထိုသို့ သင်နိုင်မှသာ သူတော်ကောင်း ဖြစ်ဖို့ လွယ်ကူပါတော့မည်။

အနာဂတ်သာသနာရေး အပိုင်း(၁၂၅) အနာဂတ်ကျောင်းတိုက်များ



အနာဂတ်ကျောင်းတိုက်များ
ပရိယတ်နှင့် ပဋိပတ်ကျောင်း
ဗုဒ္ဓရှင်တော်မြတ်၏ သြ၀ါဒပိဋကတ်တော်များကို တာဝန်ယူကြရသော ရဟန်းတော်တို့၏ သီတင်းသုံးရာ ကျောင်းတိုက်များသည် ဗုဒ္ဓအလိုကျ ဖြစ်ဖို့ရာ ကျမ်းစာများကို သင်ကြားပို့ချသော ပရိယတ်ကျောင်းတိုက်နှင့် တရားကျင့်သုံးနေသော ပဋိပတ်ကျောင်းတိုက်များသာ ဖြစ်စေ သင့်ပါသည်၊ [ သံဃာအနည်းငယ် သီတင်းသုံးရာဌာနကို “ကျောင်း”ဟု ခေါ်၍ သံဃာ အစိတ် သုံးဆယ် စသည်စုပေါင်းလျက် သီတင်း သုံးရာဌာနကို “ကျောင်းတိုက်”ဟု ခေါ်တွင်စေသင့်သည်၊] ထို ပရိယတ် ပဋိပတ် နှစ်မျိုးတွင် တစ်မျိုးမျိုးမျှ ကျကျနန မရှိသော ကျောင်း, ကျောင်းတိုက်များသည် နှစ်အတော်ကြာလျှင် အလိုအလျောက် ကွယ်ပျောက်လောက်အောင် အစိုးရနှင့် ၀န်ဆောင် များက ကြောင့်ကြစိုက်သင့်ပါသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၂၄)မစွဲလမ်းရာ ဆယ်ဌာန



၅။ အနာဂတ်သာသနာခန်း
ကာလာမသုတ်တော်
မစွဲလမ်းရာ ဆယ်ဌာန
ကောသလတိုင်း အပါအ၀င်ဖြစ်သော ကာလာမမင်းတို့၏  အုပ်စိုးရာ   ကေသမုတ္တ  နိဂုံးသည် တောအုပ်တစ်ခု၏ အ၀င်ဝ၌ တည်သောကြောင့် ထိုတောလမ်းခရီးသွားတို့၏ တည်းခိုရာအရပ် ဖြစ်နေ၏၊ အယူ အမျိုးမျိုးရှိသော ဆရာကြီးတို့သည် ထိုအရပ်ရောက်လျှင် မိမိတို့ အယူကို ၀ါဒဖြန့်၍ အခြားအယူများကို ဖိနှိပ်ဟောပြောတတ်ကြ ကုန်၏၊ ထိုနိဂုံးသားတို့သည် အယူဝါဒနှင့် စပ်၍ ယောင်ဝါးဝါး ဖြစ်နေကြစဉ် ဗုဒ္ဓအရှင်တော်မြတ်လည်း ထိုအရပ်သို့ ရောက်တော် မူလာ၏၊ ထိုနိဂုံးသားတို့သည် အယူဝါဒအမျိုးမျိုးကို ကြားနေကြရ သဖြင့် ဟိုသူပြောတာ ဟုတ်နိုးနိုး, ဒီသူပြောတာ ဟုတ်နိုးနိုး တွေးတောနေကြရပါကြောင်း လျှောက်ကြလေရာ ဗုဒ္ဓအရှင်တော် မြတ်က အမျိုးမျိုးကြားနေရသော သင်တို့မှာ ယုံမှားတွေးတောစရာပဲ ဟု မိန့်တော်မူပြီးလျှင် နားထောင်ကြ ကာလာမအမျိုးသားတို့…
၁။       ကလေးဘ၀မှ စ၍ ကြားနာ မှတ်သားခဲ့ခြင်းဖြင့်လည်း ““ဟုတ်တယ် မှန်တယ်””ဟု အစွဲအမြဲ မယူကြနှင့်။
၂။       မိဘဘိုးဘွား စသည်တို့မှ ဆင်းသက်၍ (ပရံပရ-အဆက်ဆက်) မှတ်ယူလုပ်ကိုင်ရိုးဖြစ်၍လည်း အစွဲအမြဲ မှတ်ယူမထားကြနှင့်။
၃။       ““ဣတိ ကိရ-ဒီဟာက ဒီလိုတဲ့””ဟု အခြားတစ်ယောက်က ပြောလိုက်ရုံမျှဖြင့်လည်း အမြဲမှတ်ယူမထားကြနှင့်။
၎။       ““ဒီအယူအဆသာ ငါတို့ သင်အပ်သော ကျမ်းစာနှင့်ညီတယ်”” ဟု မိမိတို့ ကျမ်းစာနှင့် ညီနေရုံဖြင့်လည်း အတည်တကျ မှတ်ယူမထားကြနှင့်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated