သူဌေးသမီးတယောက်သည်
အပျိုစင်ဘ၀ကပင် သောတာပန်တည်ခဲ့၏၊ အရွယ်ရောက်သောအခါ ကုက္ကုဋမိတ္တ မည်သော မုဆိုး၏ဇနီးဖြစ်လာပြီး
နေ့စဉ် လင်မုဆိုးအတွက် လေးမြားတို့ကို ပြင်ဆင်ပေးရ၏။ ထိုမုဆိုးနှင့် သား ၇-ယောက်ရပြီး
ချွေးမ ၇-ယောက်နှင့်အတူ ပျော်ရွှင်စွာနေကြ၏။
တနေ့သော် မြတ်စွာဘုရားသည် -- မုဆိုး ကျော့ကွင်းထောင်ထားသော နေရာအနီး သစ်ပင်ရိပ်တွင် ထိုင်နေတော်မူသည်။ မုဆိုးသည် တနေ့လုံး သားကောင် တကောင်မျှ မရ၍ လှည့်လည်ကြည့်ရှုရာ ဘုရားကို တွေ့မြင်သော်-ဤသူကြောင့် ငါ့ကျော့ကွင်းတွင် သားကောင်တကောင်မျှ မမိခြင်းဖြစ်သည်-ဟု တွေးမိကာ မြတ်စွာဘုရားကို မြားနှင့်ပစ်ရန် လေးကိုတင်၍ ချိန်ရွယ်လေသည်။ သို့သော် လေးကို ပစ်၍မရ၊ ပြန်ချရန် ကြိုးစား သော်လည်း မရဘဲ ဒုက္ခကြီးစွာ ခံစားနေရသည်။
ဖခင် ပြန်မလာ၍ သား ၇-ယောက် လိုက်လာရာ ဖခင်၏ဒုက္ခကို မြင်သောအခါ သူတို့လည်း ဘုရားကို မြားနှင့်ပစ်ရန် ချိန်ရွယ်ကြသည်။ သူတို့လည်း ဒုက္ခရောက်ကြပြန်သည်။