မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံပြီးတဲ့ နောက်ပိုင်း သီဟိုဠ်ခေတ်မှာ
ဖုဿဒေ၀လို့ခေါ်တဲ့ မထေရf မြတ်ကြီးတစ်ပါး ရှိခဲ့ဖူးပါတယ်။ အဲဒီဖုဿဒေဝ
မထေရ်မြတ်ဟာ နေ့စဉ်နေ့တိုင်း စေတီတော် ရင်ပြင်မှာ တံမြက်စည်းလှည်းတဲ့
ဝတ်ကို ဆောက်တည်ထားတယ်။ တစ်နေ့မှ မပျက်ဘူး။ စေတီရင်ပြင်မှာ နေ့တိုင်း
တံမြက်စည်း လှည်းတယ်။ တံမြက်စည်း လှည်းရင်း လှည်းရင်းနဲ့လည်း
အရဟံဂုဏ်တော်ကို ပွားများပါတယ်။
တံမြက်စည်းလှည်းလိုက်ပြီဆိုတော့
အမိုက်သရိုက်တွေ၊ မလိုအပ်တဲ့ ကျောက်စရစ်ခဲတွေ၊ သဲတွေ၊ အညစ်အကြေးတွေ
ပြောင်စင်ပြီးတော့ ရှင်းလင်းသွားတာပေါ့။ အညစ်အကြေးကင်းစင်ပြီး ကြည်လင်နေတဲ့
စေတီတော်ရင်ပြင်ကြီးကို ကြည့်ကြည့်ပြီးတော့ ဖုဿဒေ၀ မထေရ်မြတ်ကြီး
အရဟံဂုဏ်တော်ကို အာရုံယူပါတယ်။
“အမိုက်တွေရူပ်ပွနေတဲ့
စေတီရင်ပြင်၊ သစ်ရွက်ခြောက်တွေ ရူပ်ပွနေတဲ့ စေတီရင်ပြင်ပေါ်မှာ
ငါလှည်းလိုက်လို့ အမိုက်သရိုက်တွေ ပြောင်စင်ပြီးတော့ သွားသလိုပဲ
မြတ်စွာဘုရားရှင်ရဲ့ စိတ်အစဉ်မှာလည်း ကိလေသာ စတဲ့ အမိုက်သရိုက်တွေ၊
ကိလေသာဆိုတဲ့ ဆူးငြောင့်ခလုတ်တွေ၊ ကိလေသာဆိုတဲ့ သစ်ရွက်ခြောက်တွေ၊
ကိလေသာဆိုတဲ့ ကျောက်စရစ်ခဲတွေ။ သဲတွေ ကင်းစင်ပြီးတော့နေတယ်”