@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Thursday 3 July 2014

အနာဂတ်သာသနာရေး အပိုင်း(၁၁၉) စာပေဘက်၌လည်း အထင်ကြီး မခံရ



စာပေဘက်၌လည်း အထင်ကြီး မခံရ                     
မိမိတို့  ဘုန်းကြီးဘ၀မှာ  သူများ ပေးမှ ကမ်းမှ   စားသောက်  နေထိုင်ရသော ဘ၀မျိုး ဖြစ်၍ ပစ္စည်းလေးပါးဘက်၌ (အတောင်းအရမ်း များသူတို့ အပေါ်ဝယ်) ပစ္စည်းရှင်တို့ အထင် အမြင်သေးခြင်း ခံကြရသည်မှာ မထူးဆန်းလှပါ၊ အသက်နှင့်အမျှ ပညာဆည်းပူးရသော ဘ၀ဖြစ်၍ ပညာရေးဘက်၌မူ အများအပြားပင် အထင်သေးခြင်းကို မခံရထိုက်ပါ၊ သို့ရာဝယ် “ဘုန်းကြီးများ၏ ပါဠိဘက်၌ ကျွမ်းကျင်မှု နည်းပါးကြောင်းကို စာပြန်ပွဲ၌ ပါဠိဘာသာ ဖြေပုံကို ကြည့်၍ သိနိုင်ပါသည်”ဟူသော ပထမပြန်ကော်မတီ တစ်ဦး၏ စကားဖြင့် ပါဠိဘာသာဘက်၌လည်း အထင်သေးခံနေရကြောင်း သိရပါသည်၊ ဤသို့ အထင်သေးခံရခြင်းနှင့် စပ်လျဉ်း၍ ပါဠိဘာသာ နိုင်, မနိုင်ကို မိမိတို့ကိုယ်တိုင် စဉ်းစား၍ ပါဠိသင်နည်း ကို ပြင်ထိုက်, မပြင်ထိုက်ကိုပါ အောက်ပါအတိုင်း စဉ်းစားပါလေ။
၁။       ပါဠိဘာသာကို သဒ္ဒါနည်းလည်း မှန်၍ ပါဠိသွားနည်းလည်း ကျအောင် ရေးနိုင် ပြောနိုင်သလား၊
၂။       ပါဠိတော် အဋ္ဌကထာများကို ကြည့်ရှုပြန်လျှင် (မြန်မာဘာသာ လို) ရှင်းရှင်းလင်းလင်း နားလည်ရဲ့လား၊
၃။       နှစ်ပေါင်းများစွာ ပါဠိဘာသာကို သင်ယူနေကြပါလျက် မပြောနိုင် မရေးနိုင်ကြပါလျှင် ပါဠိသင်နည်းကို မပြင်ဘဲ နေထိုက်ပါသလား၊
၎။       လက်ရှိ စာမေးပွဲများ၌ ပါဠိတတ်လွယ်အောင် စည်ကမ်း ပြင်ထိုက်သည် မဟုတ်ပါလား။

အနာဂတ်သာသနာရေး အပိုင်း(၁၁၈) အထင်သေးခံနေရပုံ



စာသင်တိုက်နှင့် စာသင်ချိန်
များစွာသော မြို့ကြီး စာသင်တိုက်ကြီးများ၌  အမျိုးမျိုးသော အကြောင်းကြောင့် စာသင်ချိန် လည်း နည်းပါးလှ၏၊ များသောအားဖြင့် ၀ါတွင်းသုံးလလောက် ကြိုးကြိုးစားစားနှင့် သင်ယူရ၏၊ ၀ါကျွတ် သည်မှ စ၍ နောက်ဝါဆိုအထိကား ဆရာနှင့် သင်ယူရခြင်း နည်းပါးလှတော့သည်။
          ဤနည်းအတိုင်းသာ သင်နေကြရသမျှ (ခေတ်အလိုက်) စာတော်ပုဂ္ဂိုလ်တစ်ပါး မဖြစ်နိုင်ပါ၊ “စာတော်”ဟူရာ၌ မိမိကိုယ်တိုင် သဘောဉာဏ် ရှိ၍ ဆရာသမားထံ အနည်းငယ် သင်ယူပြီးနောက် ထိုထို ကျမ်းစာများကို ကြည့်ရှု၍ တော်သူ, ပင်ကိုဉာဏ်လည်း မှန်မှန်ရှိ၊ ဆရာ့အထံ၌လည်း နှစ်ရှည်လများ သင်ယူခြင်းဖြင့် တော်သူဟု နှစ်မျိုးရှိ၏၊ ပထမနည်းဖြင့် တော်သူသည် သူ့အတွက် သာ တော်၏၊ တပည့်များကို သူ့လို တော်အောင် ပို့ချတတ်ဖို့ကား မလွယ်ကူလှချေ၊ ဒုတိယနည်းဖြင့် တော်သူမှာ တပည့်များကိုလည်းတော်အောင် သင်ပြနိုင်၏၊ ယခုအခါ မြို့စာသင်တိုက်များ၌ ပထမနည်းဖြင့် စာတော်သူသာ ဖြစ်ခွင့်ရှိ၏၊ စာသင်ချိန် နည်းပါးရကား ဒုတိယနည်းဖြင့် စာတော်သူမှာမှာ အလွန် နည်းပါးပေလိမ့်မည်။
          မှန်၏၊ များစွာသော စာပြန်ပွဲတို့၌ စာအောင်ပုဂ္ဂိုလ်များသည် ဆရာ့ထံ အပြည့်အစုံ သင်ယူ၍ အောင်သူထက် ဆရာ့အထံ အနည်းငယ် သင်ယူပြီးလျှင် မိမိတို့ဘာသာ ကြိုးစား၍ အောင်သူတွေသာ များလေသည်၊ ဤအချက်ကို ထောက်၍လည်း အနာဂတ်ကာလ၌ မြို့ကလေးများနှင့် ရွာကြီးများဝယ် စာသင်တိုက်များ တည်ရှိစေလိုပေသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၁၇) စရဏ မရောက်သမျှ အကျိုးမရ



စရဏ မရောက်သမျှ အကျိုးမရ
[ကိုယ်ကျင့်တရားကို ““စရဏ””ဟု ခေါ်၏၊]
ဥဒ္ဒါလကဇာတ်၌ ဥဒ္ဒါလရသေ့သည် ဝေဒသုံးပုံကို တတ်သော ဂိုဏ်းဦးစီးနာယက ဆရာကြီးတည်း၊ သူသည် ဘုရားအလောင်း ပုရောဟိတ်ကြီးနှင့် စကားပြောကြရာ၌ ပုရောဟိတ်ကြီးက “ဝေဒသုံးပုံကို တတ်ရုံမဆိုထားနှင့်, ဝေဒအပုံတစ်ထောင်ပင် တတ်၍ နေသော်လည်း အကျင့်စရဏသို့ မရောက်သေးသမျှ (ကောင်းကောင်း မကျင့်သမျှ) ဒုက္ခမှ မလွတ်နိုင်သေးပါ”ဟု ပြောဆိုလေသော်… ရသေ့က “ဒီလိုဆိုရင် ဝေဒတွေဟာ အကျိုးမပြီး အချည်းနှီးဟု ဆိုလိုပါသလား”ဟု မေးလျှင် ပုရောဟိတ်က “ဝေဒတွေကို အချည်းနှီးတွေ”ဟု မဆိုလိုပါ၊ ဝေဒတတ်တော့ “ဝေဒကျမ်းတတ် ပညာရှိကြီး”လို့ နာမည်ကျော်တာပေါ့၊ လာဘ်ပေါ၍ အခြွေအရံများတာပေါ့၊ ဘယ်လောက်ပင် နာမည်ကျော်ကြား၍ လာဘ်ပေါများသော်လည်း ဒီတစ်ဘ၀သာ နာမည်ကျော်နိုင် လာဘ်ပေါနိုင်တာပဲ၊ အကျင့်စရဏကို ကျင့်မှသာ နောက်နောင်အခါ ဘ၀သံသရာ၌ အေးချမ်းမှု ရှိနိုင်တယ်ဟု ပြောလေသည်။
မှတ်ချက်။       ။ဤဇာတ်တော်၌ ဝေဒသုံးပုံဟူသည် ပိဋကသုံးပုံကဲ့သို့           ဗြာဟ္မဏတို့ အလွန်လေးစားအပ်သော အတတ် ပညာတည်း၊ (ယခုအခါ “ဗေဒင်သုံးပုံ”ဟု ခေါ်သည်၊) ထိုဇာတ်၌ ပုရောဟိတ်ကြီး၏ စကားသည် ယခုအခါ စာပြန်ပွဲ အောင်မှုတစ်ခုကိုသာ အဓိကထား၍ ကြိုးစားကြသူများ သတိထားသင့်သော စကားတစ်ရပ်ပေတည်း၊ ကျမ်းစာတို့၌ကား “နာမည်ကျော်ကြား လာဘ်ပေါများအောင် စာသင်ခြင်းထက် (ဘာမျှ မလုပ်ဘဲ) အိပ်နေ ခြင်းက တော်သေး၏”ဟု မိန့်တော်မူပါသည်။ [မဇ္ဈိမပဏ္ဏာသ, အလဂဒ္ဒူပမာသုတ် အဋ္ဌကထာ။]

အနာဂတ်သာသနာရေး အပိုင်း(၁၁၆) ပစ္စက္ခသာသနာ့အခြေအနေ



ပစ္စက္ခသာသနာ့အခြေအနေ
ကျောင်း ဘုရား
မြန်မာပြည်၏  ရှေးခေတ်သာသနာရေးကို ပြပြီး၍ ပစ္စက္ခ (လက်ရှိ) သာသနာ့အခြေအနေ၀ယ် ပြုပြင်သင့်သော (ပြုပြင်၍ ရနိုင်လောက်သော) အချက်များကို ပြပါဦးမည်၊ အနော်ရထာမင်းစော လက်ထက်မှစ၍ သဒ္ဓါ မျိုးစေ့ ကျသဖြင့် ပေါက်ရောက်စည်ကားနေသော သာသနာတော် ဥယျာဉ်၌ ကျောင်းဘုရား စေတီ စသည် ထူးပြား သာသနာ့ အဆောက်အအုံ သစ်ပင်များသည် သူ့ခေတ် သူ့ခါ စိုစိုပြည်ပြည် ရှိခဲ့ကြပါသော်လည်း မင်းအဆက် ပြောင်းသလောက် ကျောင်းတိုက်များလည်း အဆက်ပြောင်းကာ ထိုက်တန်သော ကျောင်းထိုင်ပုဂ္ဂိုလ်များနှင့် ကွဲကွာ၍ မကြာမကြာ ပျက်စီးရှာရတော့သည်။
          မင်းတုန်းမင်းတရားလက်ထက်တုန်းက အလွန်ကျက်သရေရှိခဲ့ကြသော မန္တလေးတိုက်ကြီးများသော်မှ အနှစ်(၆၀)ကျော် (၇၀) အတွင်းမှာ အိုမင်း ပြိုကျ၍ အနိစ္စသဘောကို ဟောပြောနေကြပြီ၊ ဗြိတိသျှအစိုးရလက်ထက်၌ တည်ဆောက်ခဲ့ကြသော တိုက်တာကြီး များလည်း မူလဆရာတော်တို့ သက်တော်ယိုယွင်းလျှင်ပင် သူတို့ လည်း အိုမင်းသောလက္ခဏာဖြင့် သာယာဖွယ် မရှိကြတော့ချေ၊ မူလဆရာတော် ကွယ်လွန်ပြီးနောက် ဒုတိယ တစ်ဆက်လောက် ဆိုလျှင် အရှိန်အ၀ါ လျှောကျရသော ကျောင်းတိုက်တွေသာ များတော့၏။

အနာဂတ်သာသနာရေး အပိုင်း(၁၁၅) အနေသန (၂၁) ပါး



အနေသန (၂၁) ပါး
မှတ်ချက်။       ။ ရဟန်း သာမဏေတို့နှင့် မအပ်စပ် (မရှာကောင်း)သော ပစ္စည်းရှာနည်းကို “အနေသန”ဟု ခေါ်၏၊ ထို့ကြောင့် အောက်ပါအလုပ်များကို ပြုလုပ်ရာ၌ ဒကာ ဒကာမတို့က ပြန်၍ လှူချင်အောင် ပြုလုပ်ခြင်းများဟု မှတ်ပါ။
၁။ လူများကို ဆေးကုပေးခြင်း၊ [ မိဘ, ကိုးကွယ်ရာမဲ့ဖြစ် ၍ ကျောင်း ရောက်လာ သူ, ကျောင်းတာဝန်ဆောင်နေသော ကပ္ပိယ စသူ, ရန်မူမည့် မင်း, ခိုးသား, ဓားပြ, သူပုန် ဤသူများကို ဆေးကုပေး ကောင်း၏၊ အခြားသူများကို ဆေးမကုကောင်း။]
၂။ လူတို့၏ စေတမန်လုပ်ခြင်း၊ (လူတို့က စေလွှတ်သဖြင့် တစ်ရွာမှ တစ်ရွာသို့ ခရီးရှည်သွား၍ စာပေးစာယူ, စကားပေး စကားယူပြုခြင်း၊) [ ရတနာသုံးပါးနှင့်စပ်သော ကိစ္စမှတစ်ပါး အခြားကိစ္စ၌ မပြုရ။]
၃။ လူတို့၏ အစေအခိုင်း ခံခြင်း၊ [ ဟိုနား သည်နား ခရီးအတို သွား၍ ယူစရာ ငင်စရာတို့ကို ယူပေးဖို့ရန် အစေအခိုင်း ခံခြင်း။]
၎။       အနာကို ဓားနှင့် ခွဲပေးခြင်း၊
၅။ ဆေးလိမ်းပေးခြင်း၊
၆။ ပျို့အန်ဆေးပေးခြင်း၊
၇။ ၀မ်းလျှောဆေးပေးခြင်း၊
၈။ နှာဆေး ပေးခြင်း၊
၉။ မျက်စဉ်းဆေးပေးခြင်း၊
၁၀။ ဆေးဝါးပေးခြင်း၊
၁၁။ သစ်ရွက် (အိမ်မိုးဖို့ရာ သက်ငယ် ဓနိ စသည်)ပေးခြင်း၊

အနာဂတ်သာသနာရေး အပိုင်း(၁၁၄) မင်းတုန်းမင်း၏သာသနာပြုအမိန့်တော်



မင်းတုန်းမင်း၏သာသနာပြုအမိန့်တော်
[တချို့ကိုသာ ကောက်နုတ်ဖော်ပြပါသည်။]
          ငါဧကရာဇ်မင်းမြတ်သည် ကိုယ်ကျိုးကို ငဲ့၍ မင်းအဖြစ်ကို ယူတော်မူသည် မဟုတ်၊ သီရိဓမ္မာသောကမင်း အစရှိသော သာသနာပြုမင်းတို့ကဲ့သို့ သာသနာတော်ကို ချီးမြှောက်တော်မူလို၍ သာသနာနုဂ္ဂဟဓမ္မရာဇာအဖြစ်ကို ယူတော်မူသည်၊ သာသနာတော်၏ တည်ရာ ၀ိနည်းတရားတော် ရှိသည့်အတိုင်း ရဟန်းတော်တို့ ကောင်းမွန်စွာ မကျင့်က သာသနာတော် ညှိုးနွမ်းသည်၊ တစ်ယောက်သော အလဇ္ဇီသည် အလဇ္ဇီတစ်ထောင်ကို ဖြစ်စေ၍ သာသနာတော်ကို ဖျက်ဆီးနိုင်သည်၊ ထိုအလဇ္ဇီတို့၏ အကျင့်ကား…
၁။       ရွှေ ငွေ စသည်ကို အလှူခံခြင်း, ကိုင်ခြင်း၊
၂။       ထိုခံယူထားသော ရွှေ ငွေဖြင့် ရောင်းဝယ် လဲလှယ်ခြင်း၊
၃။       ရဟန်းအသုံးအဆောင်(သင်္ကန်းစသော)ပရိက္ခရာဖြင့် ခ၀ါသည် စသူတို့ထံမှ ပစ္စည်းကို (ကျောင်းသားကပ္ပိယကို အလဲမခိုင်းဘဲ) ကိုယ်တိုင်လဲခြင်း၊
၎။       လူတို့အား ပန်းပေးခြင်း စသော ကုလဒူသနအမှုကို ပြုခြင်း၊
၅။       နှစ်ဆယ့်တစ်ပါးသော အနေသနအမှုကို ပြုခြင်း၊ [နောက်၌ သီခြားပြမည်။]
၆။       ရဟန်းတို့ မသင်အပ်, သင်၍ မပေးကောင်းသော ဆင်စီး မြင်းစီးအတတ် စသည်တို့ကို သင်ခြင်း, သင်ပေးခြင်း၊

အနာဂတ်သာသနာရေး အပိုင်း(၁၁၃) အကောင်းရှိလျှင် အဆိုးရှိ

အကောင်းရှိလျှင် အဆိုးရှိ
ဆုတ်ကပ်ကာလ၌ အကောင်းအဆိုး ဒွန်တွဲ၍ လာခဲ့ရသည်မှာ ထုံးစံဓမ္မတာကဲ့သို့ ဖြစ်နေ၏၊ ထို့ကြောင့် အကျင့်ကောင်းသော ပုဂ္ဂိုလ်များ ထင်ရှားနေသည့်အခါ မကောင်းသောပုဂ္ဂိုလ်များလည်း တစ်ထောင့် တစ်နားက ထွန်းကားနေကြဦးမည်သာ၊ သို့ဖြစ်ရကား ၀ိနည်းပညတ်တော်၌ … “ဆယ်ဝါပြည့်တင်း, ၀ိဘင်းနှစ်ဖြာ, ကမ္မာကမ္မ, ခန္ဓကပုဒ်, နာမ်ရုပ်ပိုင်ပိုင်, ဟောပြနိုင်, …ကျောင်းထိုင် ငါးအင်္ဂါ” ဟူသည်နှင့်အညီ…
၁။       ရဟန်းဝါ ဆယ်ဝါ ရပြီးခြင်း၊
၂။       “ဥဘတောဝိဘင်း”ဟု ခေါ်သော ပါတိမောက်အကျယ်အဖွင့်ကို နားလည်ခြင်း၊
၃။       ကံကြီး ကံငယ် ပြုထုံးကို နားလည်ခြင်း၊
၎။       မဟာဝဂ္ဂ စူဠ၀ဂ္ဂခန္ဓက၌ လာသော သိက္ခာပုဒ်များကို   နားလည်ခြင်း၊
၅။       နာမ်ရုပ်တရားတို့ကို နားလည်၍ ဟောပြနိုင်ခြင်း။
          ဤသို့ ကျောင်းထိုင်ပုဂ္ဂိုလ်၏ ဂုဏ်အင်္ဂါ အရည်အချင်း ငါးပါး တို့ကို အတင်းအကျပ် သတ်မှတ်ထားပါလျက် တစ်ဝါ နှစ်ဝါ ရနှင့် ကျောင်းထိုင်ကြ, တပည့်တပန်း ရဟန်း သာမဏေများကို မွေးကာ ဆရာလုပ်နေကြ, တချို့လည်း ဆောင်းလရောက်လျှင် စားသောက်ပွဲ ခံ၍ ပကတတ်တဲကို အလယ်မှာ ထားလျက် ၀တ်ပေါင်းကိုယ်စီနှင့် လူသိ သူသိ ၀တ်စောင့်ကြလေသည်၊ ထိုသို့ ၀တ်စောင့်နည်းကို “ပွဲကျောင်းပုဂ္ဂိုလ်တို့၏ အလေ့”ဟု မဲဓီးဆရာတော် မိန့်တော်မူသတတ်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated