ပထမ၀ါ ရဟန္တာခြောက်ကျိပ်တစ်
ယသသတို့သား
ရဟန်းပြုသွား ခြင်းကို သူငယ်ချင်းများဖြစ်ကြသော
သူဌေးသား လေးယောက်တို့ကြား၍ စဉ်းစားကြသည်မှာ “ယသလို အမျိုးသားကောင်းတစ်ယောက်သည်ပင်
ဆံပင်ကို ရိတ်, မုတ်ဆိတ်ကို ပယ်, သုံးထည်မျှ သင်္ကန်းကို ဆင်မြန်း၍ ရဟန်းပြုတယ်”ဆိုလျှင်
“ထိုဗုဒ္ဓ၏ အဆုံးအမ သြ၀ါဒ သာသနာတော်သည် ဧကန်မုချ အောက်တန်းစား မဖြစ်တန်ရာ၊ ယသသတို့သားလို
အထက်တန်း အမျိုးသားတို့၏ စိတ်ဝင်စား လောက်ဖွယ် ကြီးကျယ်သော အရာသာ ဖြစ်ပေလိမ့်မည်” ဤသို့
တွေးတောကြံဆ၍ အရှင်ယသအထံ သွားကြလေရာ အရှင်ယသမှတစ်ဆင့် ဗုဒ္ဓ၏အထံတော်သို့ ရောက်ကြလျှင်
အစဉ်အတိုင်း တရားတော်ကို နာကြရသဖြင့် ရဟန္တာရဟန်းတော်များ ဖြစ်သွား ကြလေသည်။
ထို့နောက် ဇနပုဒ်မှ အရှင်ယသ၏ သူငယ်ချင်းများဖြစ်ကြကုန် သော ဆွေကောင်း
မျိုးကောင်း သတို့သားပေါင်း ငါးကျိပ်လည်း ထိုနည်းအတိုင်းပင် ကြားကြ၍ အရှင်ယသ အထံသို့
လာကြလေရာ ရဟန္တာရဟန်းတော်များ ဖြစ်ကြလေသည်၊ ဤကား မိဂဒါဝုန်တော ပထမ၀ါ၌ ရဟန္တာဖြစ်ကြကုန်သော
ရဟန်းတော်များတည်း၊ ဗုဒ္ဓ, ပဉ္စ၀ဂ္ဂီငါးဦး, အရှင်ယသနှင့် အပေါင်းအဖော် ငါးကျိပ်လေးပါး
ပေါင်းလျှင် ထိုပထမ၀ါ၌ ရဟန္တာ ခြောက်ကျိပ်တစ်ပါး ရှိလေပြီ၊ ဗုဒ္ဓကို ချန်ထား၍ ထိုခြောက်ကျိပ်သော
အထက်တန်း အမျိုးကောင်း သား ရဟန္တာများကား ဗုဒ္ဓ၏ အဆုံးအမသြ၀ါဒ သာသနာ့ဝန်ကို အားသွန် ကြိုးပမ်းမည့်
သာသနာ့ဝန်ဆောင် ထိပ်ခေါင်တင် အရှင်မြတ်များချည်း ဖြစ်ကြပါလိမ့်မည်။