@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Saturday 1 November 2014

မစ္ဆရိယအကြောင်း


ဝန်တိုခြင်းသဘောသည် “မစ္ဆရိယ”တည်း။ ထို့ကြောင့် “ပြောထူးမစ္ဆေ ၀န်တိုလေသတဲ့”ဟု ဆိုခဲ့သည်။ ယခုကာလ၌ မလှူရက်၊ မပေးကမ်းရက်သော သူကို မစ္ဆရိယရှိသူဟု ခေါ်ကြသည်။ မစ္ဆရိယကား မလှူချင် မပေးချင်မူမျိုးမဟုတ်၊ သူတစ်ပါးတို့အား မရစေချင်သော သဘောသာတည်း။ ထို့ကြောင့် မလှူချင်မပေးချင်မူတို့မှာ မိမိပစ္စည်းကို တွယ်တာသော လောဘသဘောသာ ဖြစ်သည်။ မိမိပစ္စည်းကို ဖြစ်စေ၊ အခြားပစ္စည်းကို ဖြစ်စေ၊ ဂုဏ်ကိုဖြစ်စေသူ တစ်ပါးမရစေလိုသော သဘောကိုသာ ၀န်တိုမူ မစ္ဆရိယသဘောဟု မှတ်ပါ။ ဤမစ္ဆရိယကို ကျမ်းဂန်တို့၌ ၅-မျိုးပြ၏။

၁။ အာဝါသမစ္ဆရိယ = မိမိနေရာ၊ ကျောင်း၊ အိပ်ရာ၊ နေရာ၌ ၀န်တိုမူ။ သံဃာအများနှင့် သက်ဆိုင်သော သံဃိကကျောင်း၊ အိပ်ရာ၊ နေရာကို မိမိရသည့်အခါ ထိုကျောင်းသို့ အခြား သံဃာတော်များကို မလာစေလိုခြင်းမျိုးတည်း။ သို့သော် မကောင်းဆိုးရွားသော ရဟန်းများ မလာစေလိုခြင်းကား မစ္ဆရိယ မဟုတ်ပါ။ ဤ အာဝါသမစ္ဆရိယ ရှိသူသည် သေသောအခါ ထိုကျောင်း၌ပင် ပြိတ္တာ ဖြစ်နေတတ်သည်။ သို့မဟုတ် သံအိမ်ငရဲ၌ ကျက်ရတတ်သည်။

၂။ ကုလမစ္ဆရိယ = မိမိအမျိုးနှင့် ဒကာ ဒကာမများကို ၀န်တိုမူ။ မိမိဆွေမျိုးကို ဖြစ်စေ၊ ဒကာ ဒကာမမျိုးကို ဖြစ်စေ၊ အခြားသံဃာများ မလာစေလို၊ မဆက်ဆံစေလိုခြင်းတည်း။ သို့သော် သဒ္ဓါတရားကို ဖျက်ဆီးမည့် ယုတ်မာဆိုးရွားသော ရဟန်းများနှင့် မဆက်ဆံစေလိုခြင်းမှာ မစ္ဆရိယ မဟုတ်ပါ။ ဤ ကုလမစ္ဆရိယ ရှိသူသည် မိမိ ဒကာ ဒကာမတို့၌ သူများ ဆက်ဆံနေသည်ကို မြင်တွေ့ရသောအခါ ၀မ်းထဲ၌ ပူပူလောင်လောင် ဖြစ်၍ သွေးအန်တတ်၏။ ၀မ်းလျှောတတ်၏။ အူအပိုင်းပိုင်း ပြတ်တတ်၏။ သို့မဟုတ် နောက်ဘ၀၌ လာဘ်လာဘ ပါးရှားတတ်သည်။

၃။ လာဘမစ္ဆရိယ = ပစ္စည်း လာဘ်လာဘကို ၀န်တိုမူ သူတစ်ပါးတို့အား ပစ္စည်း လာဘ်လာဘ မရစေလိုခြင်းတည်း။ သို့သော် ရရှိသော လာဘ်လာဘကို မတရားသုံစွဲမည့် ရဟန်းကို မရစေလိုဘဲ တရားသဖြင့် သုံးစွဲရသော ရဟန်းတို့ကို ရစေလိုခြင်းမှာ လာဘမစ္ဆရိယ မဟုတ်ပါ။ ဤ လာဘမစ္ဆရိယ ရှိသူသည် ဘင်ပုပ်ငရဲ၌ ကျက်၍ ဘင်ပုပ်ကို စားနေရတတ်၏။ (ဤ လာဘမစ္ဆရိယကြောင့် အပြစ်ရသော လောသကတိဿဝတ္ထုကို ကံအခန်း၌ ပြအံ့။)

၎။ ၀ဏ္ဏမစ္ဆရိယ = ကိုယ်အဆင်း ဂုဏ်သတင်း ၂-မျိုးလုံး၌ ၀န်တိုမူ။ မိမိထက် အဆင်းလှမည်ကို ၀န်တိုမူ၊ မိမိထက် ဂုဏ်ကြီးမည်ကို ၀န်တိုမူသည် ၀ဏ္ဏမစ္ဆရိယပင်တည်း။ ဤ ၀ဏ္ဏမစ္ဆရိယ ရှိသူသည် ဘ၀သံသရာဝယ် ရုပ်အဆင်း ဆိုးရွားတတ်၏။ ဂုဏ်သတည်းလည်း ညံ့ဖျင်းတတ်သည်။

၅။ ဓမ္မမစ္ဆရိယ = မိမိတတ်သိသောတရား(အတတ်ပညာ)ကို ၀န်တိုမူ။ ဓမ္မမစ္ဆရိယ ရှိသူသည် မိမိတတ်သိသော အတတ်ပညာ၊ စာပေပညာ၊ လက်မူပညာ၊ နူတ်မူပညာများကို သူတစ်ပါး တတ်သိမှာ စိုးသောကြောင့် မေးလာလျှင် ကောင်းမွန်စွာ မပြောလိုခြင်း၊ ရေးကူးထားသော ပညာကို မပြလိုခြင်း၊ စာချသောအခါ မိမိလိုတတ်မည်စိုး၍ အကုန်မပြောလိုခြင်း ဖြစ်တတ်သည်။ သို့သော် စာပေ တတ်ပြီးနောက် ထိုစာကို မတရားသုံးစွဲမည့်သူ၊ သာသနာကို ဖျက်ဆီးမည့်သူတို့အား ပြောမပြခြင်းတို့မှာ မစ္ဆရိယ မဟုတ်ပါ။ ဤ ဓမ္မမစ္ဆရိယ ရှိသူသည် ဖြစ်လေရာ ဘ၀တိုင်း၌ အဖျင်း အအ ဖြစ်တတ်၏။ သို့မဟုတ် ပြာပူငရဲ၌ ကျက်ရတတ်သည်။

စဉ်းစားဖွယ်

ကျမ်းဂန်လာ မစ္ဆရိယ ၅-ပါးကို စဉ်းစားလျှင် သူတစ်ပါး လှူဒါန်းမှ နေထိုင်စားသောက်ရသော ရဟန်းများ၊ သီလရှင်များ၌ အဖြစ်များဖွယ်ရှိ၏။ ယခု မျက်မြင်အားဖြင့်လည်း ထိုသူများ၌ ဤမစ္ဆရိယ သောင်းကျန်းလျက်ရှိသည်။ လူအများ၌လည်း ကိုယ့်ထက် အိမ်ကောင်းရာကောင်းရှိမှာစိုးခြင်း၊ ကိုယ့်ထက်ဆွေမျိုး ဉာတိပေါမှာစိုးခြင်း၊ ကိုယ့်ထက်ဥစ္စာပေါမှာစိုးခြင်း၊ ကိုယ့်ထက်ရောင်းဝယ်ကောင်းမှာ စိုးခြင်း၊ ကိုယ့်ထက်လှမှာစိုးခြင်း၊ ကိုယ့်ထက်ဂုဏ်ကြီးမှာစိုးခြင်း၊ ကိုယ့်ထက်တတ်သိမှာ စိုးခြင်း စသောအားဖြင့် အများပင် ဖြစ်တတ်ပါသည်။ ထိုသဘောများကား မစ္ဆရိယပင်တည်း။ ထိုသို့ မစ္ဆရိယ ဖြစ်သည့်အတွက် ထိုအဖြစ်ခံရသူမှာ အကျိုးမယုတ်ဘဲ မိမိမှာ ဖြစ်သည့်အတွက် ထိုအဖြစ်ခံရသူမှာ အကျိုးမယုတ်ဘဲ မိမိမှာ စိတ်ယုတ်မာရှိကြောင်း ထင်ရှားရကား ဤမစ္ဆရိယကို ၀ါသနာနှင့်တကွ အမြစ်ပါပြုတ်အောင် ကြိုးစား၍ ဖြုတ်သင့်ကြပေသည်။ ဤကဲ့သို့ တရားသိသော ဘ၀၌သော်မှ မစ္ဆရိယကို မတားလျှင် ပြိတ္တာဖြစ်ဖို့သာ ပြင်ကြပါတော့။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
တောသူမလေး at 2:32 PM

အိမ်ထောင်ရှင်မ ဖြစ်တော့မည့် ၀ိသာခါကို သူ့မိဘများ မှာကြားလိုက်သော စကား(၁၀)ခွန်း

၁) အိမ်တွင်းမီး အပြင်မထုတ်ရ
၂) အိမ်ပြင်မီး အတွင်းမသွင်းရ
၃) ပြန်ပေးမည့်သူကိုသာပေး။
၎) ပြန် မပေးမဲ့သူကို မပေးနဲ့။
၅) ပေးသင့်သူကိုလည်း ပေး။
၆) ချမ်းသာစွာထိုင်။

၇) ချမ်းသာစွာ စား။
၈) ချမ်းသာစွာ အိပ်။
၉) မီးကို ရိုသေစွာလုပ်ကျွေး။
၁၀) အိမ်တွင်းနတ်ကို ရှိခိုးပူဇော်။
တို့ဖြစ်ပါသည်။
၁) အိမ်တွင်းမီး အပြင်မထုတ်ရဆိုတာ.. အိမ်တွင်းမှာရှိတဲ့ အိမ်တွင်းရေးပြဿနာ ကိစ္စအဝဝကို အပြင် ဖောက်သည်မချနဲ့ဆိုလိုတာပါ။
၂) အိမ်ပြင်မီး အတွင်းမသွင်းရဆိုတာ…ပြင်ပမှာဖြစ်လာတဲ့ ပြဿနာတွေကိုလည် အိမ်တွင်းသည်မလာနဲ့ လို့ဆိုလိုတာပါ။
၃) ပြန်ပေးမယ့်သူကို ပေးဆိုတာ.. ချေးငှားတဲ့အခါ ပြန်တောင်းရမည့်သူကိုသာ ချေးငှားလို့ဆိုတာပါ။
၎) ပြန်မပေးမယ့်သူကို မပေးနဲ့ဆိုတာ…ပစ္စည်းဥစ္စာချေးငှားတဲ့အခါ ပြန်တောင်းရမ်းလို့မရမည့်သူကို မချေးငှားနဲ့လို့ ဆိုလိုတာပါ။
၅) ပေးသင့်သည်ဖြစ်စေ၊ မပေးသင့်သည်ဖြစ်စေ ပေးပါဆိုတာက…မိမိဆွေမျိုးအသိုင်းအဝိုင်းထဲမှာ.. ဘဝပေးအရ မပြည့်စုံတဲ့သူတွေကိုတော့ ဘာမှမျှော်လင့်တောင့်တမနေပဲ ထောက်ပံ့လိုက်ပါဟု ဆိုလိုတာပါ။
၆) ချမ်းသာစွာထိုင်ပါဆိုတာ.. မိမိလင်ယောက်ျား၊ယောကမ္ခတွေရဲ့အထက်အရပ်၊လေညာအရပ်စသော မပြစ်မလွတ်သောနေမှာ မထိုင်ဘဲ အပြစ်ကင်းသော နေရာမှာထိုင်လို့ပြောတာပါ။
၇) ချမ်းသာစွာစားပါဆိုတာ…မိဘ၊ ယောက္ခမ၊ခင်ပွန်းတို့ကို ရှေးဦးစွားကျွးပြီး နောက်မှစားပါလို့ ပြောတာပါ။
၈) ချမ်းသာစွာအိပ်ပါဆိုတာ.. မိဘ၊ ယောက္ခမ၊ လင်ယောက်ျားတို့ ကို သင့်တင့်သော ဝေယျာဝစ္စပြုပြီးမှာ အိပ်ပါလို့ပြောတာပါ။
၉) မီးကိုရိုသေစွာလုပ်ကျွေးဆိုတာ.. ယောက္ခမတွေကို ကောင်းစွာစောင့်ရှောက်လို့ပြောတာပါ။
၁၀) အိမ်ဦးနတ်ကိုရိုသေဆိုတာ.. မိမိလင်ယောက်ျားကို အိမ်ဦးနတ်ကဲ့သို ဆက်ဆံရမယ် လို့ ဆိုလိုတာပါ။
(ဖေ့ဘုတ်မှတဆင့်တင်ပြသည်)
မူကြိုဆရာ at 5:00 AM

သီတဂူဆရာတော်ဘုရားဟောကြားသောဗုဒ္ဓဘုရားပွင့်ရခြင်းအကြောင်း(၅)ချက်...။

ဘုရားရှင်တွေ တိုးတက်တဲ့.ဒီဘက်ခေတ်မှာ ဘာလို့ မပွင့်တာလဲ..လို့ မေးထားတာပါ။..
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး ရဲ့ ဗုဒ္ဓ၀င် တရားလေးကို နာဖြစ်ခဲ့ပါတယ်။ ဒီတရားလေး နာဖြစ်လိုက်ရင်..အဲသံသယကို ပြေလည်စေနိုင်ပါတယ်။..အခု အဲတရားလေးထဲက..ဆရာတော်ကြီး ဟောထားတဲ့ ဘုရားအလောင်းတော်ရဲ့ ဘုရားဖြစ်ဖို့ရန် ..ကြည့်ခြင်းကြီး (၅)ပါးကို ရေးလိုက်ချင်ပါတယ်။...
မြတ်စွာဘုရားအလောင်းတော်..သိဒ္ဓတ္ထ မင်းသားဘ၀သို့ မရောက်မီ..
တုသိတာနတ်ပြည်တွင် သေတကေတု နတ်မင်းကြီး..ဖြစ်နေခဲ့ပါတယ်။ သေတကေတု နတ်မင်းဟာ..လူပြည်မှာ. ဘုရားရှင် ဖြစ်ဖို့ ရန်အတွက် ကြည့်ခြင်းကြီး ၅ ပါးဖြင့် သုံးသပ်တော်မူခဲ့ပါတယ်။ ကြည့်ခြင်းကြီး ၅ ပါးကတော့..
ကာလ
ဒီပ
ဒေသ
ကုလ
မာတုအာယု
တို့ ဖြစ်ပါတယ်။
၁။ ကာလ
လူ့သက်တမ်း နှစ် (၁၀၀၀၀၀) ထက်မပိုသော ခေတ် ၊ နှစ် ၁၀၀ အောက်လည်း မကျသော ခေတ်ကာလကို သေသေချာချာ ရွေးချယ်တော်မူရပါတယ်။..
လူ့သက်တမ်း နှစ် (၁၀၀၀၀၀) ထက်မကအသက်ရှည်ကြပါက..လူတို့ လွန်စွာ ကျန်းမာ အသက်ရှည်ကြပြီး..ထိုသူတို့ကို အနိစ္စ ဒုက္ခ အနတ္တ ဟုဟောရင်လည်းပဲ ထိုသူတို့က..ဘယ်လိုမှ ယုံနိုင်ကြလိမ့်မည် မဟုတ်သောကြောင့်..ထိုလောက်အသက်ရှည်လွန်းသော ခေတ်ကာလ ကို ဘုရားရှင်တို့ မပွင့်ပါ။..ထိုကြောင့် လူ့သက်တမ်း နှစ် (၁၀၀၀၀၀) အောက် ခေတ်ကာလ ကို ရွေးတော်မူပါတယ်။
တဖန် လူ့သက်တမ်း နှစ် (၁၀၀) အောက်ရောက်သောခေတ်ကာလ၌လည်းပဲ ဘုရားရှင်တို့ မပွင့်ပါ။ နှစ် (၁၀၀) အောက် အသက်တိုလွန်းပါက..လူတို့ဟာ.ဒုစရိုက်လွန်စွာ ထူပြောပြီး မိုက်မဲလွန်းကြပါမယ်။ အဲလို မှောင်မိုက်လွန်းတဲ့ခေတ်ကာလ မှာ တရားအလင်းရောင်ထိုးပြရင်လည်း လူတွေက.ဘုရားရှင်ရဲ့ စကားကို..မသိနိုင်.မယုံနိုင် လက်ခံနိုင်ကြလိမ့်မယ်မဟုတ်သောကြောင့်. (၁၀၀) အောက်ရောက်သောခေတ်ကာလ အသက်တိုသော ခေတ်ကာလ ၌လည်းပဲ ဘုရားရှင်တို့ မပွင့်ပါ.။
ထို့ကြောင့် လူ့သက်တမ်း နှစ် (၁၀၀) မှ စ၍ နှစ် (၁၀၀၀၀၀) အောက်..ကာလ..လူ့သက်တမ်း မရှည်လွန်းသောကာလ..မတိုလွန်းသော ကာလ အလယ်အလတ် ခေတ်ကာလကို သာ ရွေးချယ်တော်မူခြင်းဖြစ်ပါတယ်။ ထိုကာလတွင် လူတို့ဟာ ချမ်းသာ တလှည့် ဆင်းရဲတလှည့် ကောင်းတလှည့် ဆိုးတလှည့် ဖြစ်နေကြပြီး..ထိုကာလတွင် တရားပြပါက.သတ္တ၀ါဝေနေယျ တို့ဟာ..နားလည်နိုင်တယ်..တရားထူးရနိုင်တယ်..တရားတော်ပိုပြီး..ကျယ်ပြန့်နိုင်တာ ဖြစ်တဲ့အတွက်ကြောင့် ထို ကာလကိုသာ ရွေးချယ်တော်မူခြင်းဖြစ်ပါတယ်။
၂။ ဒီပ (ကျွန်း)
တောင်ဘက်ကျွန်း (ဇမ္ဗူဒီပကျွန်း) ကိုသာ ဘုရားပွင့်ဖို့ရန်အတွက် ရွေးချယ်တော်မူပါတယ်။
မြင့်မိုရ်တောင်ကို အလယ်ဗဟိုထားပါက..အရှေ့ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်း၊ တောင်ကျွန်း တို့ရှိကြတယ့် အထဲမှာမှ.. အရှေ့ကျွန်းမှာလည်း ဘုရားမပွင့်..အနောက်ကျွန်းမှာလည်း ဘုရားမပွင့်.မြောက်ကျွန်းမှာလည်း ဘုရားမပွင့်ဘဲ တောင်ကျွန်း၌ သာ ဘုရားပွင့်ခြင်းဖြစ်ပါတယ်။
၃။ ဒေသ (အရပ်)
အထက်ပါ..တောင်ဘက်ကျွန်း (ဇမ္ဗူဒီပကျွန်း) ကြီးရဲ့ အလယ်ဗဟိုဒေသ(မဇ္ဈိမ ဒေသ)အရပ်.ကိုသာ ဘုရားပွင့်ရန် ထပ်မံ ရွေးချယ်တော်မူပါတယ်။
အစွန်အဖြားကျသော ဒေသဆိုလျင် ပညာနည်းမည် အသိဥာဏ်နည်းမည်..ဖြစ်ခြင်းကြောင့် အစွန်အဖြား ဒေသမှာ မပွင့်ဘဲ အလယ်ဒေသဖြစ်သော မဇ္ဈိမ ဒေသကိုသာ ရွေးချယ်တော်မူပါတယ်။ မဟာဗောဓိပင်ကို အလယ်ဗဟိုထားပြီး အရှေ့ ၊အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ ယူဇနာ (၉၀၀) အကျယ်အ၀န်းရှိသော ဒေသသည် မဇ္ဈိမ ဒေသ ပင်ဖြစ်ပါတယ်။ မဟာဗောဓိပင်ကြီးဟာ အလယ်ဗဟို အကျဆုံးနေရာပါ။ ဘုရားရှင်တို့ဟာ.. အလယ်ဗဟိုကျသော ဒေသမျိုးကိုသာ ဘုရားဖြစ်ဖို့ လောကအကျိုးစီးပွားဆောင်ရွက်ဖို့..ရွေးချယ်တော်မူပါတယ်။
၎။ ကုလ (အမျိုး)
မြင့်မြတ်သော ခတ္တိယအမျိုး (မင်းမျိုး) ၌သာ..ဘုရားပွင့်ရန် လောကအကျိုးစီးပွားဆောင်ရွက်ဖို့ ရွေးချယ်တော်မူပါတယ်။
ဘုရားရှင် ဖြစ်မည့် လူသားဟာ. လူသားတော့လူသားပါပဲ..ဒါပေမယ့် မဟာလူသားဖြစ်ပါတယ် ဒါကြောင့် သာမာန်အမျိုး..မမြတ်မြတ်တဲ့အမျိုးမှာ ဘုရားမဖြစ်ပါဘူး..ဘုရားဖြစ်မည့် အမျိုးဟာ.
လူတကာတို့ အလေးအမြတ်ပြုသော အမျိုး ဖြစ်ရမည်
အမျိုးမပြတ်သော အမျိုး ဖြစ်ရပါမယ်..
ဒါကြောင့် တန်ခိုးအာဏာကြီးသော မြင့်မြတ်သော ခတ္တိယ အမျိုး၊ ထို ခတ္တိယ အမျိုးမှာမှ..အမျိုးသန့်သော မပြတ်သော သာကီယအမျိုး ၌သာ. ဘုရားဖြစ်ရန်လောကအကျိုးစီးပွားဆောင်ရွက်ဖို့ရန်. ရွေးချယ်တော်မူပါတယ်။
၅။ မာတုအာယု (မယ်တော့်အသက်)
မိခင်ဖြစ်မယ့်သူရဲ့ အသက်အရွယ်ကို ရွေးခြင်းဖြစ်ပါတယ်။
မိခင်ဖြစ်မည့်သူသည် (၁၀)လ နှင့် (၇)ရက်သာ အသက်ကြွင်းမယ့် သီလစင်ကြယ်သော သူကိုသာ ရွေးချယ်တော်မူပါတယ်။ မိခင်မယ်တော်ဖြစ်မည့်သူဟာ သဘာဝအလျောက်..နောက် (၁၀လ နှင့် ၇ရက်) မှာ သေမည့် သူသာ ဖြစ်ရပါမယ်..ဘုရားအလောင်းတော် ၀င်လာလို့ သေပေးရတဲ့ သဘော(လုံးဝ) မဟုတ်ပါ။ သူရဲ့ သဘာဝအလျောက် အဲကာလကြာရင်..သေမယ့်..အသက်အရွယ်ရှိသော.သူကိုသာ သေချာ စောင့်ပြီး ရွေးချယ်ခြင်းမျိုးဖြစ်ပါတယ်။ မိခင်ဖြစ်မည့်သူ၏ ၀မ်းကြာတိုက်ဟာ. ရှိခိုးထိုက်လောက်အောင်..အလွန်မြင့်မြတ်ပါတယ်။ ရှိရှိသမျှ မိခင်တွေထဲမှာ..အမြတ်ဆုံးမိခင် ဖြစ်မယ့်သူပါ။အဲလို..မြင့်မြတ်မယ့်.. ၀မ်းကြာတိုက်မှာ..ဘုရားအလောင်းတော်သာလျင် ပဋိသန္ဓေ ယူထိုက်ခြင်းဖြစ်ပါတယ်။ ဘုရားမဖြစ်မည့် သူနောက်တစ်ယောက်ဟာ.ဒီဝမ်းကြာတိုက်မှာ မကိန်းကောင်းပါဘူး..တစ်ခေတ်ထဲမှာ လည်းပဲ ဘုရားဆိုတာ..တစ်ဆူပဲ ပွင့်တာဖြစ်ခြင်းကြောင့် မိခင်ဖြစ်မည့်သူဟာ.. (၁၀လ နှင့် ၇ရက်)သာ အသက်ကြွင်းမယ့် သူဖြစ်ပြီး..ထိုသူ၌သာလျင် ပဋိသန္ဓေယူဖို့ ရွေးချယ်ခြင်းဖြစ်ပါတယ်။
-----------------------------------------
အထက်ပါ..အကြောင်းအရာကတော့ ဘုရားအလောင်းတော် ပွင့်မည့် လောကအကျိုးစီးပွားဆောင်ရွက်မည့်. ခေတ်ကာလ ဒေသ..စတဲ့..ငါးပါးကို ညီညွတ်စွာ သေသေချာချာ ရွေးချယ်ခြင်းပါပဲ..အထက်ပါ..ခေတ်ကာလကလွဲလို့ ဘုရားရှင်များမပွင့်ပါ..ဒီလို ကြည့်ခြင်းကြီး ငါးပါးနှင့် ညီညွတ်သော ခေတ်ကာလ.ဒေသ အမျိုး..များ၌သာ ပွင့်ခြင်းဖြစ်ပါတယ်..
ယခုခေတ်ကာလကတော့..သက်တမ်း နှစ် (၁၀၀) အောက်မှာရှိပါတယ်..လက်ရှိ life expectancy အများဆုံးနိုင်ငံဂျပန်တောင်မှပဲ..၈၆လောက်ပဲရှိပါတယ်..ကျန်တဲ့နို်င်ငံတွေဆိုတာ အတော်နည်းကြပါတယ်.(life expectancy table , wikipedia.)
အဲတော့ အခုခေတ်ဟာ.နည်းပညာတွေ တိုးတက်နေလည်းပဲ...လောဘ ဒေါသ မောဟတွေ ထူပြော..ဒုစရိုက်တွေ ထူပြောနေတဲ့ခေတ်ဖြစ်နေတဲ့အတွက်.ဘုရားရှင်တို့ မပွင့်နိုင်ပါဘူး..မိမိကိုယ်တိုင်..ခန့်မှန်းကြည့်လည်းပဲ သိနိုင်ပါတယ်..
အခုခေတ်မှာ.မြတ်ဗုဒ္ဓဘုရားရှင်ထားခဲ့တဲ့.အနိစ္စ ဒုက္ခ အနတ္တ ကောင်းပေ့ဆိုတဲ့ တရားတွေဟာ ရှိနေပါလျက်နဲ့..ကျွန်တော်တို့ မြန်မာမှာပဲ နားလည် လက်ခံ သူများနေတာပါ..ကျန်တဲ့ နားမလည်တဲ့နိုင်ငံတွေဆိုတာ အများကြီးပါ..
အထက်ပါ..ဘုရားရှင် ပွင့်နိုင်မယ့် ကာလ၊ ဒေသ၊ အရပ်၊ အမျိုး၊ မိခင်အသက် တွေ လေ့လာခြင်းအားဖြင့်..ဘုရားရှင် ပွင်မယ့်ခေတ်ကို နားလည်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်..အဲ အချက် ငါးပါးနဲ့ ပြည့်စုံ ညီညွတ်နေမှသာ လောကအားလုံးရဲ့ ပူဇော်အထူးခံထိုက်တဲ့ သုံးလောက ထွဋ်ထား မြတ်ဗုဒ္ဓ ဘုရားရှင်ဟာ ပွင့်ပါတယ်လို့...ဖြေလိုက်ပါတယ်။...
အထက်ပါ ရေးတဲ့ စာသားများကတော့
သီတဂူဆရာတော်ဘုရားကြီး..၁၃၄၃ ခုနှစ် ကဆုန်လဆန်း (၁၅) ရက်တုန်းကဟောတဲ့ ခုနှစ်နေ့ ဗုဒ္ဓ၀င်တရားတော်မှ..ကောက်နုတ်ရေးထားတာဖြစ်ပါတယ်။ ထိုတရားကို dhammaweb.netကနေဒေါင်းလုပ်ချနာနိုင်ပါတယ်..
ဆန်းကိုဦး
ထေရ၀ါဒတည်တံ့ရေး |
မူကြိုဆရာ at 5:00 AM

အလှူဒါန ( ၇ ) မျိုး



အခါတစ်ပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံ သို့ ချဉ်းကပ်၍ " အရှင်မြတ်ဘုရား အကျွန်ုပ်သည် မည်သည့်အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။ အဘယ့်ကြောင့် မအောင်မမြင် ဖြစ်နေရပါသနည်း ဘုရား " ဟုမေးလျှောက်၏။
" ချစ်သားသည် အလှူဒါန မပြုတတ်၍ ဖြစ်သည် " ဟု မြတ်စွာဘုရားက ဖြေကြားတော်မူသည်။ " ငွေကြေးတစ်ပြား တစ်ချပ်မျှ မရှိသော အကျွန်ုပ်အဖို့  မည်ကဲ့သို့ သော အလှူဒါန ပြုနိုင်ပါမည်နည်း " ဟု လူငယ်က မေးလျှောက်သည်တွင် မြတ်စွာဘုရားက " ချစ်သား ဤသို့ မဟုတ် သည်ကိုမှတ်သားလော့။ တစ်ဦးတစ်ယောက် သောသူသည် ငွေကြေးမရှိသော်လည်း သူတစ်ပါးကို ပေးကမ်းနိုင်သော အလှူဒါန (၇) မျိုးရှိသည် " ဟု မိန့် တော်မူခဲ့လေ၏။ ထို (၇) မျိုးမှာ -
(၁) မျက်နှာ ဟန်ပန်အမူအရာဖြင့် အလှူဒါနပြုခြင်း
အပြုံးဖြင့် ဖေါ်ရွေစွာ ဆက်ဆံခြင်း ကိုဆိုလိုပါသည်။
(၂) နှုတ်ဖြင့် အလှူဒါနပြုခြင်း
အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသော စကားများ ပြေဆိုခြင်းကို ဆိုလိုပါသည်။
(၃) စိတ်ဖြင့် အလှူဒါနပြုခြင်း
စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်းကို ဆိုလိုပါသည်။
(၄) အမြင်ဖြင့် အလှူဒါနပြုခြင်း
ကောင်းသောစေတနာ အမြင်ဖြင့် သူတစ်ပါးကို ကြည့်မြင်တတ်ခြင်း ကိုဆိုလိုပါသည်။
(၅) ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း
ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကိုကူညီပေးခြင်း ကိုဆိုလိုပါသည်။
(၆) နေရာထိုင်ခင်းဖြင့် အလှူဒါနပြုခြင်း
လှေစီး၊ ကားစီး သည့်အခါ အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူနှင့် ကလေးသူငယ် တို့ အား မိမိထိုင်ခုံနေရာကို ပေးကမ်း၍ ထိုင်စေခြင်းကို ဆိုလိုပါသည်။
(၇) နေအိမ်တည်းခိုရာ အခင်းအကျင်းဖြင့် အလှူဒါနပြုခြင်း
မိမိ၏ နေအိမ်နေရာကို သူတစ်ပါးတို့ အား ခေတ္တသော်လည်းကောင်း တည်းခိုရာနေရာ ပေးခြင်းကို ဆိုလိုပါသည်။
မည်သူမဆို၌ ဤအလှူဒါန (၇) မျိုးသော ကောင်းမှုကုသိုယ်ကို ပေးကမ်းလေ့ရှိသည့် အကျင့်ကောင်းရှိလျှင် အောင်မြင်ခြင်းသည် ထပ်ကြပ်မကွာ လိုက်ပါလာမည်သာ ဖြစ်ပေသည်။
ပါမောက္ခ ဒေါ်ခင်ဖြူ ( မြင်းခြံ ) ဘာသာပြန်ဆိုပေးပါသည်။
မူကြိုဆရာ at 8:36 AM

အလှူခံပုဂ္ဂိုလ်လိုက်၍ အကျိုးပေးကွာခြားပုံ

“အလှူခံ ပုဂ္ဂိုလ်သည် လယ်ယာမြေနှင့်တူ၏”ဟု ဆိုခဲ့ပြီ။ သို့ဖြစ်၍ လယ်မြေသည် ပထမတန်း ဒုတိယတန်း တတိယတန်း ရှိသကဲ့သို့ အလှူခံ ပုဂ္ဂိုလ်ဟူသော လယ်များသည် အတန်းအစား အမျိုးမျိုးရှိ၏။ လယ်ယာတို့၌ မြက်စသော အနှောင့်အယှက်မရှိလေ အပင်သန်လေ ဖြစ်သကဲ့သို့ ထို့အတူ အလှူခံရာ၌လည်း ရာဂ၊ ဒေါသ၊ မောဟနည်းလေ လှူရသူမှာ အကျိုးများလေဖြစ်၏။ လယ်ယာတို့၌ နွားချေးစသော မြေသြဇာများ၍ ရေအဆင်သင့်လေ ကောက်ပင်သန်လေ ဖြစ်သကဲ့သို့ အလှူခံပုဂ္ဂိုလ်များ၌လည်း သီလ၊ သမာဓိ၊ ပညာကြီးလေ လှူရသူ၌ အကျိုးများလေ ဖြစ်၏။
သံဃိကဒါန
ပါဠိလို “သံဃ”၊ မြန်မာလို အပေါင်းအဖွဲ့ကို “သံဃာ”ဟု ခေါ်၏။ ထိုသံဃာ့အဖွဲ့အစည်းကို ရည်မှန်း၍ လှူဒါန်းအပ်သော ဒါနသည် သံဃိကဒါနမည်၏။ အသင်းတစ်သင်း၌ ငွေ ၁-ကျပ်လောက် ထည့်ဝင်လျှင် ထိုငွေ ၁-ကျပ်သည် အသင်းဝင်အားလုံး (သူဋ္ဌေး ဆင်းရဲသားမကျန်) သက်ဆိုင်သကဲ့သို့ ဆွမ်းတစ်အုပ်ဖြစ်စေ၊ သင်္ကန်းတစ်ထည်ဖြစ်စေ သာသနာတော်၌ ရှိသမျှ သံဃာ့အဖွဲ့အစည်းကို ရည်မှန်း၍ လှူဒါန်းလျှင် တစ်သာသနာလုံး (ရဟန္တာနှင့် အောက်တန်းစား ပုထုဇဉ်မကျန်) သက်ဆိုင်၏။ ထိုသံဃာအားလုံးကို ရည်မှန်း၍ လှူဒါန်းသော ပစ္စည်းကို တစ်ကမ္ဘာလုံးရှိ သံဃာတော်များအား လိုက်၍ ဝေငှနေဖွယ်မလို။ ထိုအသင်း၌ ထည့်ဝင်သော ငွေ ၁-ကျပ်ကို အသင်းဝင်သူ မည်သူမဆို သုံးခွင့်ရသကဲ့သို့ သံဃိက ပစ္စည်းကိုလည်း တွေ့ကြုံနေသော သံဃာက ဝေငှ၍ သုံးစွဲစားသောက် နိုင်ကြပါသည်။
သံဃာ၌ စိတ်ရောက်မှ သံဃိကဒါနမြောက်ပုံ
ထိုကဲ့သို့ သံဃိကဒါနဖြစ်အောင်လှူဒါန်းရာတွင် စိတ်ကလည်း သံဃာသို့ ညွှတ်နိုင်မှသာ သံဃိကဒါန အစစ်ဖြစ်နိုင်ပေသည်။ နူတ်က “သံဃဿဒေမိ=သံဃာအားလှူပါ၏”ဟု ဆိုနေသော်လည်း စိတ်က ကိုယ်ကြည်ညိုနေသော ကျောင်းတိုက် သံဃာ၊ ကိုယ်ကြည်ညိုနေသော ဘုန်းကြီးကိုသာ လှူလိုလျှင် သံဃိကအစစ် မဖြစ်နိုင်။ တကယ့်ကို (ပုဂ္ဂိုလ်မခွဲခြားဘဲ) သံဃာအားလုံးကို ရည်စူးနိုင်မူကား နေ့စဉ် ဆွမ်းလောင်းရာ၌လည်းကောင်း၊ သံဃာမှညွှန်ပြ၍ရသော ပုဂ္ဂိုလ်တစ်ပါးအား ဆွမ်းကျွေးရာ၌လည်းကောင်း သံဃိကဒါနအစစ် ဖြစ်နိုင်ပါသည်။
ဆွမ်းလောင်းရာ၌ သံဃာညွှတ်ပုံ
ဘုရားရှင်ကို ကြည်ညိုလှသဖြင့် ဘုရားရှင် တည်ထောင်တော်မူအပ်သော သာသနာကိုလည်းကောင်း၊ သာသနာ့ဝန်ထမ်း ရဟန်းကောင်း အဆက်ဆက်ပေါ်ထွက်၍ သာသနာတော် ကြီးပွားရေးကိုလည်းကောင်း မြော်တွေးမိသော အမျိုးသား အမျိုးသမီးတို့သည်ဆွမ်းလောင်းဖို့ရာ ပြင်ဆင်သောအခါ (ငါ့ဘုန်းကြီး၊ ငါ့ဦးပဉ္စင်း စသော အစွဲကို ပယ်ရှား၍) ဤဆွမ်းကို (ဤဆွမ်းနှင့် ဟင်းကို) “သံဃဿဒေမိ၊ သံဃဿဒေမိ = သံဃာအားလှူပါ၏။ သံဃာအားလှူပါ၏”ဟု နူတ်ကလည်းရွတ်၊ စိတ်ကလည်း ညွှတ်ပါစေ။ ဤသို့ လှူနိုင်လျှင် နေ့စဉ် ဆွမ်းလောင်းရာ၌လည်း သံဃိကဒါန ဖြစ်နိုင်ပါသည်။ ပုဂ္ဂိုလ်စွဲ၊ ကျောင်းတိုက်စွဲ၍ လောင်းလှူလျှင်ကား သံဃိကဒါန မဖြစ်နိုင်။ ပုဂ္ဂလိက (ပုဂ္ဂိုလ်အများ ဆိုင်သော) ဒါနသာ ဖြစ်နိုင်သည်။
ဆွမ်းပင့်ကျွေးရာ၌ သံဃိကဒါန
အနီးအပါး ကျောင်းတိုက်သို့ သွားပြီးလျှင် “နက်ဖြန်ဆွမ်းကပ်လိုပါ၍ သံဃာတော်ထဲမှ တစ်ပါး (အလိုရှိသလို ၂-ပါး ၃-ပါး စသည်) နံနက် ၆-နာရီ အချိန် ချီးမြှင့်တော်မူပါ”ဟု လျှောက်ရမည်။(“ဘုန်းကြီးနှင့်တကွ၊ ဆရာတော်နှင်တ့ကွ”ဟု မပါစေရ။) ထိုကဲ့သို့ လျှောက်ပြီးနောက် နက်ဖြန်၌ ဆွမ်းဟင်းစများ ချက်ပြုတ်တုန်းကပင် သတိရတိုင်း “သံဃဿဒေမိ၊ သံဃဿဒေမိ”ဟု စိတ်ကလည်း ညွှတ်၊ နူတ်ကလည်း ရွတ်ပါ။ အချိန်ကျ၍ ကြွလာသော ပုဂ္ဂိုလ်သည် တော်စွလျော်စွ အညံ့စား ဖြစ်နေလျှင်လည်း စိတ်မပျက်ပါနှင့်။ “ငါသည် သူ့ကို လှူသည်မဟုတ်၊ သံဃာကို လှူသည်”ဟု သတိထား၍ သံဃာအား ရိုသေသလို ထိုကိုယ်တော်အား ရိုသေစွာ ဆွမ်းကပ်ပါ။ “ဆရာတော်အား ဆမ်းကပ်လှူခြင်းမဟုတ်။ ဆရာတော်ပါဝင်သော သံဃာအားလုံးကို ကပ်လှူခြင်းဖြစ်သည်”ဟု သတိထားပါ။ ထိုသို့ သံဃာ၌ စိတ်ညွှတ်နိုင်လျှင် သံဃာက ညွှန်ပြ၍ရသော တစ်ပါးကို လှူရာ၌လည်း သံဃိကဒါနအစစ် ဖြစ်နိုင်ပါသည်။
ဒကာတစ်ဦး စိတ်ထားတတ်ပုံ
ရှေးတုန်းက ဒကာတစ်ဦးသည် ဆွမ်းကပ်လို၍ သံဃာထဲမှ ရဟန်းတစ်ပါးကို လျှောက်တောင်းလေရာ လူအများ မကြည်ညိုနိုင်လောက်အောင် ထင်ရှားသောဒုဿီလရဟန်းကို ရလေသည်။ သို့သော် သံဃာကို ရည်မှန်းထားသူဖြစ်၍ စိတ်မပျက်။ နေရာကို ကျနစွာ ခင်းပြီးလျှင် အပေါ်၌ မျက်နှာကြက်မိုး၍ ပန်းနံ့သာတို့ဖြင့် ဆေးပေး၍ ဘုရားရှင်ကို အရေးပါသလို အရေးပါလျက် လှူဖွယ်များကို လှူဒါန်းလေသည်။ ဤမျှလောက် အရေးပါနိုင်ပါမူကား သံဃာတော်ကိုသာ အာရုံပြုထားခြင်းကြောင့် ဖြစ်၏။ ထို့ကြောင့် ထိုဒကာ၏ ဒါနမှာဒုဿီလကို လှူရသော်လည်း သံဃိကဒါန ဖြစ်လေပြီ။
ဆက်ဦးအံ့ - ထိုကဲ့သို့ အရေးတယူပြုစုလိုက်သည့်အတွက် ဒုဿီလကြီကား “သူ့ကို အတော်ကြည်ညိုတဲ့ ဒကာ”ဟု အထင်ကြီးသွားဟန်တူသည်။ ညနေအချိန်ကျတော့ သူ၏ ကျောင်းကို ပြင်လို၍ ထိုဆွမ်းဒကာအထံ ကိုယ်တိုင်လာပြီး ပေါက်တူးကို ငှားလေသော် ဒကာက ပေါက်တူးကို ခြေဖြင့်ညှပ်၍ “ရော့”ဟု ပေးလိုက်သတဲ့။ ထိုအခြင်းအရာကို အိမ်နီးချင်းတို့က မြင်ကြ၍ မနက်က ရိုသေပုံနှင့် ယခုရိုသေပုံတို့မှာ ကွာခြားလှသဖြင့် ထိုဒကာ၏ စိတ်ထားကို မေးကြလေရာ “မနက်က ဒီကိုယ်တော်ကို ရိုသေလေးစားခြင်း မဟုတ်ပါ။ သံဃာကိုသာ ရိုသေခြင်း ဖြစ်ပါတယ်။ ယခုတော့ ဒီကိုယ်တော်ကို မရိုသေခြင်း ဖြစ်ပါတယ်”ဟု ရှင်းလင်းလေသည်။ ဤ၀တ္ထုကိုထောက်၍ သံဃိက ဒါနဖြစ်အောင် လှူဒါန်းသောအခါ သံဃာ၌ စိတ်ညွှတ်နိုင်အောင်စိတ်ထားကိုပြုပြင်ကြပါကုန်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
တောသူမလေး at 9:49 AM

ဒါန ၂-မျိုး အကျိုးပေးကွာပုံ


၁-ပါး၊ ၂-ပါး၊ ၃-ပါးစသော ပုဂ္ဂိုလ်များကို သီးခြားရွေးချယ်၍ လှူသော အလှူမှန်လျှင် အလှူခံက တစ်ထောင်မက များသော်လည်း ပုဂ္ဂိုလ်ကို ရည်စူးသောကြောင့် ပုဂ္ဂလိကဒါနချည်းသာ ဖြစ်သည်။ ထိုပုဂ္ဂလိကဒါန၌ ဘုရား ပစ္စေကဗုဒ္ဓါမှတစ်ပါး အခြားသော ပုဂ္ဂလိက ဒါနထက် သံဃိကဒါနက အကျိုးပေးသာသည်ဟု ကျမ်းဂန်၌ဆို၏။ သဘောယုတ္တိကို စဉ်းစားလျှင်လည်း သံဃိကဒါနလှူရာ၌ ရဟန္တာအရှင်တို့လည်း ထိုသံဃာအဖွဲ့အစည်းတွင် ပါဝင်၏။ ပုဂ္ဂလိက ဒါနပြုရာ၌ကား ထိုကဲ့သို့ ရဟန္တာပါချင်မှပါမည်။ ပါစေကာမူ သံဃိကဒါနလောက် မများနိုင်ပေ။ သံဃိက ဒါနလှူရာ၌ အကျင့်အကောင်းဆုံး ပုဂ္ဂိုလ်ကိုလည်း လှူရာရောက်၏။ ပုဂ္ဂလိက ဒါနကား အတော်ရွေးချယ်တတ်မှသာ သင့်တင့်သော ပုဂ္ဂိုလ်ကို ရနိုင်စရာရှိ၏။ ထို့ကြောင့် ဘယ်အခါမဆို ပုဂ္ဂလိကဒါနထက် သံဃိကဒါနက အကျိုးပေးသာလွန်သည်ဟူသော စကားသည် ကောင်းစွာ ယုတ္တိရှိပါပေတည်း။
ဘုရားရှင်အား ရည်မှန်း၍ လှူဒါန်းပုံ
သက်တော်ထင်ရှား ရှိတော်မူစဉ်တုန်းက ဘုရားရှင်အား တိုက်ရိုက် လှူဒါန်းနိုင်ခဲ့ကြသော်လည်း ယခုအခါ ဘုရားရှင်မရှိတော့ရကား ဘုရားရှင်အား ရည်မှန်း၍ လှူဒါန်းပုံကို ကျမ်းဂန်အတိုင်း သိထိုက်၏။ ဘုရားအစစ်ကို ရည်မှန်း၍ ဆွမ်းလှူလိုလျှင် ရဟန်းတစ်ပါး ဆွမ်းကပ်ရာ၌ ပြင်သလို တစ်ပါးစာလောက်အောင် ပြင်ဆင်၍ ရုပ်ပွားတော်၏ ရှေ့မှာဖြစ်စေ၊ အနီး၌ ရုပ်ပွားတော်မရှိလျှင် ရုပ်ပွားတော်ကို ရည်မှန်း၍ဖြစ်စေ ကပ်လှူရမည်။ နဂိုကဘုရားရှင်၌ ဝေယျာဝစ္စ (တံမြက်လှည်းမူ၊ အမိုက်သုတ်သင်မူ စသည်ကို) ပြုလုပ်နေသူရှိလျှင် ဘုရားရှင်အား ကပ်လှူသောဆွမ်းကို ထိုဝေယျာဝစ္စပြုသူ စားထိုက်၏။ ထိုကဲ့သို့ အမြဲပြုသူမရှိလျှင် ယခုလောလောဆယ် ပြု၍ (ရဟန်းဖြစ်စေ၊ လူဖြစ်စေ) စားထိုက်၏။ ဥပုသ်သည်ဖြစ်သူကား မွန်းတည့်ခါနီးနေလျှင် စားပြီးမှလည်း ဝေယျာဝစ္စကို ပြုနိုင်၏ အလှူကြီးပေးရာ၌ ဘုရာအးမှူးရှိသော သံဃာအား ဆွမ်းကပ်လှူလိုလျှင်လည်း ဤနည်းအတိုင်း ဘုရားအတွက် ပြင်ဆင်ကပ်ရာ၏။
ဘုရားရှင်အား ရည်မှန်း၍ သင်္ကန်း လှူဒါန်းရာ၌လည်း ထိုကဲ့သို့ ဝေယျာဝစ္စ ပြုသော ရဟန်သံဃာများ ၀တ်ကောင်း၏။ ထိုသင်္ကန်းကို ကပ္ပိယ ဒါယကာက အခြားပစ္စည်းနှင့် လဲလှယ်၍လည်း ဘုရားအတွက် လိုနေရာ၌ သုံးစွဲထိုက်၏။ ပန်း၊ ဆီမီး၊ အမွှေးတိုင် စသည်မှာ ယခုကာလ ပူဇော်နည်းအတိုင်းပင် သင့်တော်ပါ၏။ သို့သော် ရုပ်ပွားတော် စေတီရင်ပြင်၌ စိုရွှဲနေအောင် ရေပူဇော်ခြင်း၊ ပန်းအမိုက်တွေ ရူပ်ပွေနေအောင် ပူဇော်ခြင်း၊ ဆီမီး ဖယောင်းစက် ပေတေနေအောင် ပူဇော်ခြင်းတို့မှာ (မိမိ၏ အိမ်၊ ဘုန်းကြီးကျောင်းများ၌ ထိုကဲ့သို့ လာ၍ပူဇော်လျှင် အိမ်ရှင်နှင့် ကျောင်းပိုင်တို့က ကျေနပ်မည်မဟုတ်သလို) ကျေနပ်ဖွယ် မဟုတ်သော ပူဇော်ခြင်း ဖြစ်သည်။ ထို့ကြောင့် မိမိ၏ ရေချမ်း၊ ပန်း၊ ဆီမီးများအတွက် ဘုရားရှေ့တော်မှာ မသန့်မရှင်း မဖြစ်အောင် ပူဇော်နိုင်မှသာ လောကရော သံသရာရော ချောမော သန့်ရှင်း၍ အပြစ်ကင်းသော ပူဇော်ခြင်းဟု ဆိုလိုပါသည်။
အဝေးကနေ၍ ပူဇော်နည်း
ယခုကာလ၌ ရုပ်ပွား စေတီတော်ရှိရာ အရပ်သို့ ရောက်အောင် သွားခွင့်မရသောကြောင့် အိမ်မှာပင် ဘုရားကို ရည်မှန်း၍ ပန်း စသည်တို့ကို ပူဇော်ကြ၏။ ထိုကဲ့သို့ ပူဇော်ရာ၌ အကျိုးရ၊ မရ ရှေးကပင် စဉ်းစားဖူးကြလေပြီ။ အကျိုးရမူ မရမူမှာ ပူဇော်သူများ၏ စေတနာသာ ပဓာန ဖြစ်၏။ မိမိ၏ စိတ်စေတနာက ဘုရားကို ရည်မှန်း၍ လှူဒါန်းပူဇော်ပါလျှင် ကုသိုလ်စေတနာက ဘုရားကိုရည်မှန်း၍ လှူဒါန်းပူဇော်ပါလျှင် ကုသိုလ်စေတနာ ဖြစ်သောကြောင့် အဘယ်မှာ အကျိုးမရဘဲ ရှိအံ့နည်း။ ဧကန် အကျိုးရနိုင်ပါသည်။
ဤကမ္ဘာမှ ပြန်၍ ရေတွက်သော် တစ်ရာ့တစ်ဆယ့်ရှစ်ကမ္ဘာထက်၌ အတ္ထဒဿီဘုရား ပွင့်တော်မူ၏။ တစ်နေ့သ၌ အမျိုးသားတစ်ယောက်သည် ကောင်းကင်၌ သံဃာတော် အခြံအရံနှင့် ကြွလာတော်မူသော ဘုရားရှင်ကို ဖူးမြင်လိုက်ရ၏။ ထို့နောက် အရပ်တစ်ပါးသို့ ရောက်တော်မူနေသော ဘုရားရှင်ကို ရည်မှန်း၍ ပန်းနံ့သာ စသည်တို့ကို အဝေးမှ လှူဒါန်းပူဇော်လေသည်။ ထိုကောင်းမူကြောင့် ဒုဂ္ဂတိဘ၀သို့ မလားရဘဲ ငါတို့ ဘုရားလက်ထက်၌ “ဒေသပူဇကမထေရ်”ဟု ထင်ရှားသော ရဟန္တာတစ်ပါး ဖြစ်လာလေသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
တောသူမလေး at 9:50 AM
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated