@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 22 July 2014

အာဋာနာဋိယသုတ်ပရိတ်တော်၏ နောက်ခံသမိုင်း



အရှင်အာစာရာလင်္ကာရ (စစ်ကိုင်းရွှေဟင်္သာ)
တစ်ခါတုန်းက မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ကြီးဟာ ရာဇဂြိုလ်မြို့နားက ဂိဇ္ဈကုဋ်တော်ကျောင်းတော်မှာ သီတင်းသုံးတော်မူနေခဲ့ပါတယ်။ အဲဒီအခိုက်မှာ သာသနာ တော်စောင့်နတ်မင်းကြီး ၄ ပါးတို့ဟာ ကုဝေရ နတ်မင်းကြီး နေတဲ့ အာဋာနာဋ နတ်မြို့တော်မှာ စည်းဝေးကြပြီး ဝိပဿီ အစရှိတဲ့ ရှေးဘုရားရှင် ၇ ဆူတို့ရဲ့ ဂုဏ်တော်တွေကို အာရုံပြု ရှိခိုးကြပြီးတော့ ဒီ အာဋာနာဋိယ ပရိတ်တော်ကို စီကုံးဖွဲ့ဆိုခဲ့ကြပါတယ်။
အဲဒီလို ဖွဲ့ဆိုကြပြီးတော့ မြတ်စွာဘုရားထံမှောက် ညသန်းခေါင်အချိန်မှာ ရောက်လာကြပြီးတော့ ကုဝေရ နတ်မင်းကြီးလို့ ခေါ်ရတဲ့ ဝေဿဝဏ် နတ်မင်းကြီးက မြတ်စွာဘုရားရှင်ကို ဒီလို လျှောက်တင်ခဲ့ဖူးပါတယ်။
” မြတ်စွာဘုရား …
ဟောဒီ ကမ္ဘာလောကမှာ သာသနာတော်ကို ကြည် ညိုတဲ့ နတ်ဘီလူးတွေရှိသလို မကြည်ညိုတဲ့ နတ်ဘီလူး တွေလည်း ရှိကြပါတယ်ဘုရား၊ အဲဒီအထဲမှာတောင်မှ သာသနာတော်ကို မကြည်ညိုတဲ့ နတ်ဘီလူးတွေကတောင် ပိုပြီး များကြပါသေးတယ်ဘုရား၊ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားက သတ်၊ ခိုး၊ ကာမ၊ လိမ်၊ သေရည် ဆိုတဲ့ ဒုစရိုက်တရားတွေကနေရှောင်ဖို့ ဟောကြားတော် မူပြီး သူတို့က မရှောင်ချင်ကြလို့ဖြစ်ပါတယ်ဘုရား”
” မြတ်စွာဘုရား …

မြတ်စွာဘုရားရဲ့ တပည့်သား သံဃာတော်အများ စုဟာ တောစွန်တောင်ဖျား အရပ်တွေမှာ အနေများ ကြတာမို့ အဲဒီ သံဃာတော်အရှင်မြတ်တွေကို နတ်ဘီလူး တွေက မညှဉ်းဆဲနိုင်အောင်၊ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်အောင် မြတ်စွာဘုရားရဲ့ ဓမ္မစက် တပည့်တော်ရဲ့ အာဏာစက်ကို မလိုက်နာကြတဲ့ နတ်ဘီလူးတွေကို ဒဏ်ခတ်မယ်လို့ နတ်မင်းကြီးတွေ သဘောတူ အမိန့်ဖြစ်တဲ့ ဒီ အာဋာနာဋိယသုတ် ပရိတ်တော်ကို ရဟန်းတော်များအား သင်ကြားပေးတော်မူပါဘုရား”
လို့ ဝေဿဝဏ် နတ်မင်းကြီးရဲ့ လျှောက်ထားချက် ကို မြတ်စွာဘုရားက ဆိတ်ဆိတ်နေခွင့်ပြုလက်ခံတော်မူ ခဲ့ပါတယ်။
ညှဉ်းဆဲ နှိပ်စက် ဒုက္ခပေးကြမယ့် ဘီလူး၊ သရဲ၊ သင်းကွဲ၊ ပြိတ္တာ၊ တစ္ဆေ၊ မြေဘုတ်၊ နတ်ဘီလူး၊ နတ်မိစ္ဆာတွေရဲ့ ဘေးရန်တွေကနေ ကာကွယ်ပေးနိုင်တဲ့ အလွန် အစွမ်းထက်လှတဲ့ ဒီ အာဋာနာဋိယသုတ် ပရိတ်ဒေသနာတော်ကို ကြည်ညိုသဒ္ဓါ ရိုသေစွာနဲ့ ရွတ်ကြ ဖတ်ကြ နာကြ ကြည်ညိုပူဇော်ကြပါစို့ သူတော်ကောင်းတို့။
¸
အာဋာနာဋိယသုတ်တော်အမွှန်း
==========
(၁) အပ္ပသန္နေဟိ နာထဿ ၊ သာသနေ သာဓု သမ္မတေ။
အမနုေဿဟိ စဏ္ဍေဟိ၊ သဒါ ကိဗ္ဗိသကာရိဘိ။
(၂) ပရိသာနံ စတဿန္နံ၊ အဟိံ သာယ စ ဂုတ္တိယာ။
ယံ ဒေသေသိ မဟာဝီရော၊ ပရိတ္တံ တံ ဘဏာမ ဟေ။
(၁-၂) အို သူတော်ကောင်းတို့ မြတ်စွာဘုရား၏ အကောင်းအမြတ်ဟု သမုတ်အပ်သော ဘုရားရှင် သာသနာတော်၌ မကြည်ညိုကုန်သော ကြမ်းတမ်းကုန် သော အခါခပ်သိမ်း မကောင်းမှုကို ပြုလေ့ရှိကုန်သော ဘီလူးတို့သည် လေးပါးကုန်သော ပရိတ်သတ်တို့ကို မညှဉ်းဆဲခြင်းငှာလည်းကောင်း၊ ကာကွယ်စောင့်ရှောက် ခြင်းငှာလည်းကောင်း၊ ဝီရိယကြီးမား မြတ်စွာဘုရားသည် အကြင်အာဋာနာဋိယသုတ်ပရိတ်တော်ကို ဟောတော် မူအပ်ပြီ၊ ထိုအာဋာနာဋိယသုတ်တော်ကို ငါတို့သည် ရွတ်ကြကုန်စို့။
(၃) ဝိပဿိဿ စ နမတ္ထု၊ စက္ခုမန္တဿ သိရီမတော။
သိခိဿပိ စ နမတ္ထု၊ သဗ္ဗဘူတာနုကမ္ပိနော။
(၃) စက္ခုငါးတန် ဉာဏ်အမြင်မျိုးရှိတော်မူသော ဘုန်း ကျက်သရေ ရှိတော်မူသော ဝိပဿီမည်တွင် ရှင်တော် မြတ်ဘုရားအားလည်း အကျွန်ုပ်၏ ရှိခိုးခြင်းသည်ဖြစ်ပါစေ၊ အလုံးစုံသော သတ္တဝါတို့ကို အစဉ်သနားစောင့်ရှောက်တော် မူတတ်သော သိခီမည်တွင် ရှင်တော်မြတ်ဘုရားအားလည်း အကျွန်ုပ်၏ ရှိခိုးခြင်းသည်ဖြစ်ပါစေ။
(၄) ဝေဿဘုဿ စ နမတ္ထု၊ နှာတကဿ တပဿိနော။
နမတ္ထု ကကုသန္ဓဿ၊ မာရသေနာ ပမဒ္ဒိနော။
(၄) မဂ်အရဟတ် ရေစင်မြတ်ဖြင့် ဆေးအပ်ပြီးသည့် ကိလေသာရှိတော်မူထသော ချီးမွမ်းထိုက်ဘိ အကျင့်မြတ် ရှိတော်မူထသော ဝေဿဘူမည်တွင် ရှင်တော်မြတ် ဘုရားအားလည်း အကျွန်ုပ်၏ရှိခိုးခြင်းသည်ဖြစ်ပါစေ၊ မာရ်စစ်သည်တသင်းကို နှိမ်နှင်းဖျက်ဆီးတော်မူတတ်သော ကကုသန္ဓမည်တွင် ရှင်တော်မြတ်ဘုရားအားလည်း အကျွန်ုပ်၏ ရှိခိုးခြင်းသည်ဖြစ်ပါစေ။
(၅) ကောဏာဂမနဿ နမတ္ထု၊ ဗြာဟ္မဏဿ ဝုသီမတော။
ကဿပဿ စ နမတ္ထု၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။
(၅) မြစ်တားပယ်ရှားအပ်သည့် မကောင်းမှုရှိ၍ ဝိသုဒ္ဓိ ဗြာဟ္မဏဖြစ်တော်မူထသော ကျင့်သုံးခဲ့ပြီးသည့် အရိယာမဂ် အကျင့်မြတ်ရှိတော်မူထသော ကောဏာ ဂမနမည်တွင် ရှင်တော်မြတ်ဘုရားအားလည်း အကျွန်ုပ် ၏ ရှိခိုးခြင်းသည်ဖြစ်ပါစေ၊ ကိလေသာခပ်သိမ်းတို့မှ အရှင်းကျွတ်၍ ကင်းလွတ်တော်မူပြီးဖြစ်တော်မူသော ကဿပမည်တွင် ရှင်တော်မြတ်ဘုရားအားလည်း အကျွန်ုပ်၏ ရှိခိုးခြင်းသည်ဖြစ်ပါစေ။
(၆) အင်္ဂီရသဿ နမတ္ထု၊ သကျပုတ္တဿ သိရီမတော။
ယော ဣမံ ဓမ္မံ ဒေသေသိ၊ သဗ္ဗဒုက္ခာပနူဒနံ။
(၆) အကြင်သာကီဝင်မင်းသား ဂေါတမရှင်တော်မြတ် ဘုရားသည် ဒုက္ခခပ်သိမ်းကို ငြိမ်းစေဘိတောင်း ပယ်နုတ် ကြောင်းဖြစ်သော ဤတရားမြတ်ဒေသနာတော်ကို ဟောတော်မူပြီ၊ ကိုယ်အင်္ဂါမှ ဖြာဖြာရွှန်းလက်ထွက်သော ရောင်ခြည်ရှိတော်မူသော ကျက်သရေရှင်ဖြစ်တော်မူသော ထိုသာကီဝင်မင်းသား ဂေါတမရှင်တော်မြတ်စွာဘုရား အား အကျွန်ုပ်၏ ရှိခိုးခြင်းသည်ဖြစ်ပါစေ။
(၇) ယေစာပိ နိဗ္ဗုတာ လောကေ၊ ယထာဘူတံ ဝိပဿိသုံ။
တေဇနာ အပိသုဏာထ၊ မဟန္တာ ဝီတသာရဒါ။
(၇) လောက၌ အကြင်ရဟန္တာပုဂ္ဂိုလ်တို့သည်လည်း ကိလေသာဟု အပူငြိမ်းတော်မူကြကုန်ဖြစ်၍ အမှန်အတိုင်း ထူးသော ဉာဏ်အရသိတော်မူကြကုန်ပြီ၊ ထိုရဟန္တာ ပုဂ္ဂိုလ်တို့သည် ချောပစ်ကုန်းတိုက်ခြင်း မရှိကြကုန်၊ ထို့ပြင် သီလစသည် ဂုဏ်ရည်တွေ စုံမြတ်တော်မူကြကုန်၏၊ အရှင်း ကင်းသည့် ကြောက်ရွံ့ခြင်းရှိတော်မူကြကုန်၏။
(၈) ဟိတံ ဒေဝမနုဿာနံ၊ ယံ နမဿန္တိ ဂေါတမံ။
ဝိဇ္ဇာစရဏသမ္ပန္နံ၊ မဟန္တံ ဝီတသာရဒံ။
(၈) ထိုရဟန္တာပုဂ္ဂိုလ်တို့သည် နတ်လူတို့၏ အစီး အပွားကို ပြုတော်မူတတ်သော ဝိဇ္ဇာဉာဏ်၊အကျင့် စရဏနှင့် ပြည့်ဝကုံလုံတော်မူသော ဂုဏ်ပေါင်းညွန့်လူ မြတ်တော်မူသော အရှင်းကင်းသည့် ကြောက်ရွံ့ခြင်း ရှိတော်မူသော ဂေါတမရှင်တော်မြတ်ကို ရှိခိုးကြကုန်၏၊ ထိုရဟန္တာအရှင်မြတ်တို့အားလည်း အကျွန်ုပ်၏ ရှိခိုးခြင်း သည်ဖြစ်ပါစေ။
(၉) ဧတေ စညေ စ သမ္ဗုဒ္ဓါ၊ အနေကသတ ကောဋိယော။
သဗ္ဗေ ဗုဒ္ဓါ သမသမာ၊ သဗ္ဗေ ဗုဒ္ဓါ မဟိဒ္ဓိတာ။
(၉) ထိုဝိပဿီအစရှိသော ဘုရားမြတ်ခုနစ်ဆူတို့သည် လည်းကောင်း၊ ဘုရားခုနစ်ဆူတို့မှ တစ်ပါးကုန်သော ကုဋေရာပေါင်းများစွာကုန်သော ဘုရားမြတ်တို့သည် လည်းကောင်း၊ အလုံးစုံကုန်သော ရှင်တော်မြတ်ဘုရား တို့သည် ယှဉ်ပြိုင်နိုင်သူ ရည်တူမရ ရှေးဘုရားတို့နှင့်သာ တူတော်မူကြကုန်၏၊ အလုံးစုံကုန်သော ရှင်တော်မြတ် ဘုရားတို့သည် ကြီးသောတန်ခိုးရှိတော်မူကြကုန်၏။
(၁ဝ) သဗ္ဗေ ဒသဗလူပေတာ၊ ဝေသာရဇ္ဇေဟုပါဂတာ။
သဗ္ဗေ တေ ပဋိဇာနန္တိ၊ အာသဘံ ဌာန မုတ္တမံ။
(၁ဝ) အလုံးစုံသော ဘုရားမြတ်တို့သည် ဉာဏ်တော် ဆယ်ပါး ဘုရားတို့စွမ်းအားနှင့် ပြည့်စုံတော်မူကြကုန်၏၊ ဝေသာရဇ္ဇဉာဏ်တော်တို့နှင့် ပြည့်စုံတော်မူကြကုန်၏၊ အလုံးစုံကုန်သော ထိုဘုရားမြတ်တို့သည် မြတ်သော မြင့်မြတ်ထူးခြား ဘုရားတို့ အရိုက်အရာစစ် သဗ္ဗညုအဖြစ်ကို ဝန်ခံတော်မူကြကုန်၏။
(၁၁) သီဟနာဒံ နဒန္တေ တေ၊ ပရိသာသု ဝိသာရဒါ။
ဗြဟ္မစက္ကံ ပဝတ္တေန္တိ၊ လောကေ အပ္ပဋိဝတ္တိယံ။
(၁၁) ထိုဘုရားရှင်တို့သည် ပရိသတ်ရှစ်ပါးတို့၌ ကြောက်ရွံ့ခြင်းကင်း ရဲတင်းတော်မူကြကုန်သည်ဖြစ်၍ ခြင်္သေ့မင်း၏ အသံအလား တရားအသံတော်ကို ကျူးရင့် တော်မူကြကုန်၏၊ လောက၌ ဗြဟ္မာနတ်လူ ဘယ်သူတစ် ယောက်မျှ မကန့်ကွက်အား မမြစ်တားနိုင်သော မြတ်သော ဓမ္မစက်ကို ဖြစ်စေတော်မူကြပေကုန်၏။
(၁၂) ဥပေတာ ဗုဒ္ဓဓမ္မေဟိ၊ အဋ္ဌာရသဟိ နာယကာ။
ဗာတ္တိံသလက္ခဏူပေတာ၊ သီတာနုဗျဉ္ဇနာ ဓရာ။
(၁၂) လောက၏ အကြီးအမှူး ဦးစီးပဲ့ပြင် ရှင်တော်မြတ် ဘုရားတို့သည် တစ်ဆယ့်ရှစ်ပါးကုန်သော ဘုရားမြတ်တို့၏ သာ ရရာပိုင်ရာ ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူကြပါပေ ကုန်၏၊ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်တို့နှင့် ပြည့်စုံတော်မူကြပါပေကုန်၏၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့ကို ဆောင်တော်မူ ကြပါပေကုန်၏။
(၁၃) ဗျာမပ္ပဘာယ သုပ္ပတာ၊ သဗ္ဗေ တေ မုနိကုဉ္ဇရာ။
ဗုဒ္ဓါ သဗ္ဗညုနော ဧတေ၊ သဗ္ဗေ ခီဏာသဝါ ဇိနာ။
(၁၃) အလုံးစုံကုန်သော မုနိထွတ်ဖျား ထိုဘုရားမြတ်တို့ သည် ဗျာမပ္ပဘာ လျှံဝါတင့်ရွှန်း ရောင်ခြည်ဝန်းဖြင့် တင့်တယ်ထွန်းညှိ ရောင်ခြည်တော်ရှိကြကုန်၏။ တရား အလုံးစုံ အကုန်သိမြင် သဗ္ဗညုဖြစ်တော်မူကြကုန်သော အလုံးစုံကုန်သော ထိုရှင်တော်မြတ်ဘုရားတို့သည် ကုန်ပြီးသော အာသဝေါရှိကြကုန်သော ငါးမာရ်အောင်မြင် ဇိနချည်းပင် ဖြစ်တော်မူကြပေကုန်၏။
(၁၄) မဟာပဘာ မဟာတေဇာ၊ မဟာပညာ မဟဗ္ဗလာ။
မဟာကာရုဏိကာ ဓိရာ၊ သဗ္ဗေသာနံ သုခါဝဟာ။
(၁၄) ထိုရှင်တော်မြတ်ဘုရားတို့သည် ကိုယ်ရောင် ဉာဏ်ရောင် ပြောင်တဝင်းဝင်း ထူးမြတ်သောအရောင် အလင်း ရှိတော်မူကြကုန်၏၊ အစွမ်းအမျိုးမျိုးကြီးမြတ်သော တန်ခိုးရှိတော်မူကြကုန်၏၊ ချီးမွမ်းအပ်ဘိ ကြီးမြတ်သော ပညာရှိတော်မူကြကုန်၏၊ ကာယ၊ ဉာဏ ဗလနှစ်ပါး ကြီးမားသောစွမ်းအား ရှိတော်မူကြကုန်၏၊ သတ္တဝါများ လွန်သနားသည့် မဟာကရုဏာ ရှိကြကုန်၏၊ မြဲခိုင်လှ သည့် သမာဓိရှိကြကုန်၏။ သတ္တဝါအလုံးစုံတို့၏ ချမ်းသာ ကို ရွက်ဆောင်တော်မူတတ်ကုန်၏။
(၁၅) ဒီပါ နာထာ ပတိဋ္ဌာ စ၊ တာဏာ လေဏာ စ ပါဏိနံ။
ဂတီ ဗန္ဓူ မဟေဿာသာ၊ သရဏာ စ ဟိတေသိ နော။
(၁၅) ထိုရှင်တော်မြတ်တို့သည် သတ္တဝါတို့၏ ကျွန်းကြီး ပမာ မှီခိုရာလည်း ဖြစ်တော်မူကြကုန်၏၊ ကိုးကွယ်ရာ အားထားရာလည်း ဖြစ်တော်မူကြကုန်၏။ ထောက်တည်ရာလည်း ဖြစ်တော်မူကြကုန်၏၊ ဝဋ်ဒုက္ခမှလည်း ကယ်တင် စောင့်ရှောက်တော်မူကြကုန်၏၊ ဘေးမရောက်အောင် တိမ်းရှောင်ပုန်းအောင်းရာလည်း ဖြစ်တော်မူကြကုန်၏၊ နတ်လူအများ အားထားချဉ်းကပ်ရာလည်း ဖြစ်တော်မူ ကြကုန်၏၊ မိတ်ကောင်းဆွေကောင်းလည်း ဖြစ်တော်မူ ကြကုန်၏၊ ထူးမြတ်သော ထောက်တည်ရာ မှီခိုရာလည်း ဖြစ်တော်မူကြကုန်၏၊ ဆင်းရဲဒုက္ခကို ဖျက်ဆီးတော် မူကြကုန်၏။ အကျိုးစီးပွားကိုသာ ရှာမှီးတော်မူလေ့ ရှိကြကုန်၏။
(၁၆) သဒေဝကဿ လောကဿ၊ သဗ္ဗေ ဧတေ ပရာယဏာ။
တေသာဟံ သိရသာ ပါဒေ၊ ဝန္ဒာမိ ပုရိသုတ္တမေ။
(၁၆) အလုံးစုံကုန်သော ထိုရှင်တော်မြတ်ဘုရားတို့သည် နတ်နှင့်တကွသော သတ္တဝါအပေါင်း၏ ထူးမြတ်သော မှီခိုဆည်းကပ်ရာ ဖြစ်တော်မူကြပါပေကုန်၏၊ ဂုဏ်တော် ကဲလွန် ယောက်ျားမွန်ပုဂ္ဂိုလ်မြတ် ဖြစ်တော်မူကြ ကုန်သော ထိုရှင်တော်မြတ်ဘုရားတို့ကိုလည်းကောင်း၊ ထိုရှင်တော်မြတ်တို့၏ ခြေတော်တို့ကိုလည်းကောင်း အကျွန်ုပ်သည် ဦးခေါင်းရတနာမြတ်အင်္ဂါဖြင့် ရှိခိုးကန် တော့ပါ၏။
(၁၇) ဝစသာ မနသာ စေဝ ၊ ဝန္ဒာမေ တေ တထာဂ တေ။
သယနေ အာသနေ ဌာနေ၊ ဂမနေ စာပိ သဗ္ဗဒါ။
(၁၇) အကျွန်ုပ်သည် ထိုရှင်တော်မြတ်ဘုရားတို့ကို အိပ် သောအခါ၌လည်းကောင်း၊ ထိုင်သောအခါ၌လည်းကောင်း၊ ရပ်သောအခါ၌လည်းကောင်း၊ သွားသောအခါ၌လည်း ကောင်း၊ အခါခပ်သိမ်းနှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့် လည်းကောင်း ရှိခိုးပါ၏။
(၁၈) သဒါ သုခေန ရက္ခန္တု ဗုဒ္ဓါ သန္တိ ကရာ တုဝံ။
တေဟိ တွံ ရက္ခိတော သန္တော၊ မုတ္တော သဗ္ဗ ဘယေဟိ စ။
(၁၈) ဒုက္ခခပ်သိမ်း ငြိမ်းအေးမှုကို ပြုတော်မူတတ် ကုန်သော ရှင်တော်မြတ်ဘုရားတို့သည် သင့်ကို အခါ ခပ်သိမ်း ချမ်းသာရေးဖြင့် စောင့်ရှောက်တော်မူကြစေ ကုန်သတည်း၊ ထိုမြတ်စွာဘုရားတို့သည် စောင့်ရှောက် အပ်သည်ဖြစ်သော သင်သည် ဘေးခပ်သိမ်းတို့မှ ကင်း လွတ်ရသည်လည်းဖြစ်ပါစေ။
(၁၉) သဗ္ဗရောဂါ ဝိနီမုတ္တော၊ သဗ္ဗသန္တာပဝဇ္ဇိတော။
သဗ္ဗဝေရ မတိက္ကန္တော၊ နိဗ္ဗုတောစ တုဝံ ဘဝ။
(၁၉) သင်သည် ရောဂါမှန်သမျှမှ အထူးလွတ်ကင်း ရသည်လည်းကောင်း၊ ပူပန်ခပင်း ရှောင်ကွင်းအပ်သည် လည်းကောင်း၊ ရန်မျိုးမှန်သမျှကို ကျော်လွှားလွန်မြောက်ရ သည်လည်းကောင်းဖြစ်၍ ငြိမ်းအေးသည်လည်းဖြစ်ပါစေ။
(၂ဝ) တေသံ သစ္စေန သီလေန၊ ခန္တီ မေတ္တာ ဗလေန စ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
(၂ဝ) ထိုရှင်တော်မြတ်ဘုရားတို့၏ သစ္စာတော်ဖြင့် လည်းကောင်း၊ သီလတော်ဖြင့်လည်းကောင်း၊ ခန္တီမေတ္တာ တရားတို့၏ စွမ်းပကားဖြင့်လည်းကောင်း၊ ထိုဘုရားမြတ် တို့သည်လည်း ရောဂါကင်းရှင်းရေးအားဖြင့်လည်းကောင်း၊ ချမ်းသာရေးအားဖြင့်လည်းကောင်း၊ ငါတို့ကိုအစဉ် စောင့် ရှောက်တော်မူကြပါစေကုန်သတည်း။
(၂၁) ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊ သန္တိဘူတာ မဟိဒ္ဓိကာ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
(၂၁) အရှေ့ဘက်အရပ်မျက်နှာ၌ ကြီးသောတန်ခိုး ရှိကုန်သော ဂန္ဓဗ္ဗနတ်တို့သည်ရှိကုန်၏၊ ထိုဂန္ဓဗ္ဗနတ် တို့သည်လည်း ငါတို့ကို ရောဂါကင်းရေးအားဖြင့်လည်း ကောင်း၊ ချမ်းသာရေးအားဖြင့်လည်းကောင်း အစဉ် စောင့်ရှောက်ကြပါစေကုန်သတည်း။
(၂၂) ဒက္ခိဏသ္မိံ ဒိသာဘာဂေ သန္တိ ဒေဝါ မဟိဒ္ဓိကာ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
(၂၂) တောင်ဘက်အရပ်မျက်နှာ၌ ကြီးသောတန်ခိုးရှိ ကုန်သော ကုမ္ဘဏ်နတ်တို့သည် ရှိကုန်၏၊ ထိုကုမ္ဘဏ်နတ် တို့သည်လည်း ငါတို့ကို ရောဂါကင်းရေးအားဖြင့်လည်း ကောင်း၊ ချမ်းသာရေးအားဖြင့်လည်းကောင်း အစဉ်စောင့် ရှောက်ကြပါစေကုန်သတည်း။
(၂၃) ပစ္ဆိမသိံ္မ ဒိသာဘာဂေ၊ သန္တိ နာဂါ မဟိဒ္ဓိကာ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
(၂၃) အနောက်ဘက်အရပ်မျက်နှာ၌ ကြီးသောတန်ခိုး ရှိကုန်သော နဂါးတို့သည်ရှိကုန်၏၊ ထိုနဂါးတို့သည် လည်း ငါတို့ကို ရောဂါကင်းရေးအားဖြင့်လည်းကောင်း၊ ချမ်းသာရေးအားဖြင့်လည်းကောင်း အစဉ်စောင့်ရှောက် ကြပါစေကုန်သတည်း။
(၂၄) ဥတ္တရသ္မိံ ဒိသာဘာဂေ၊ သန္တိ ယက္ခာ မဟိဒ္ဓိကာ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
(၂၄) မြောက်ဘက်အရပ်မျက်နှာ၌ ကြီးသောတန်ခိုးရှိ ကုန်သော ဘီလူးတို့သည်ရှိကုန်၏၊ ထိုဘီလူးတို့သည် လည်း ငါတို့ကို ရောဂါကင်းရေးအားဖြင့်လည်းကောင်း၊ ချမ်းသာရေးအားဖြင့်လည်းကောင်း အစဉ်စောင့်ရှောက် ကြပါစေကုန်သတည်း။
(၂၅) ပုရတ္တိမေန ဓတရဋ္ဌော၊ ဒက္ခိဏေန ဝိရူဠှကော။
ပစ္ဆိမေန ဝိရူပက္ခော၊ ကုဝေရော ဥတ္တရံ ဒိသံ။
(၂၅) အရှေ့အရပ်၌ ဓတရဋ္ဌနတ်မင်းသည်ရှိ၏၊ တောင်အရပ်၌ ဝိရုဠ္ဇကနတ်မင်းသည်ရှိ၏၊ အနောက် အရပ်၌ ဝိရူပက္ခနတ်မင်းသည်ရှိ၏၊ မြောက်အရပ်၌ ကုဝေရနတ်မင်းသည်ရှိ၏။
(၂၆) စတ္တာရော တေ မဟာရာဇာ၊ လောကပါလာ ယသဿိနော။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
(၂၆) လေးယောက်ကုန်သော ထိုနတ်မင်းကြီးတို့ သည် လောကကို စောင့်ရှောက်တတ်ကုန်၏၊ များသော အခြံအရံရှိကြကုန်၏၊ ထိုလောကပါလ နတ်မင်းကြီး လေးယောက်တို့သည်လည်း ငါတို့ကို ရောဂါကင်းရေး အားဖြင့်လည်းကောင်း၊ ချမ်းသာရေးအားဖြင့်လည်းကောင်း အစဉ်စောင့်ရှောက်ကြပါစေကုန်သတည်း။
(၂၇) အာကာသဋ္ဌာ စ ဘူမဋ္ဌာ၊ ဒေဝါ နာဂါ မဟိဒ္ဓိကာ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
(၂၇) ကောင်းကင်၌ တည်ကုန်သော ကြီးသော တန်ခိုးရှိကုန်သော နတ်တို့သည်လည်းကောင်း၊ မြေ၌ တည်ကုန်သော ကြီးသောတန်ခိုးရှိကုန်သော နတ်တို့သည် လည်းကောင်း၊ နဂါးတို့သည်လည်းကောင်းရှိကုန်၏၊ ထိုနတ်နဂါးတို့သည်လည်း ငါတို့ကို ရောဂါကင်းရေး အားဖြင့်လည်းကောင်း၊ ချမ်းသာရေးအားဖြင့်လည်းကောင်း၊ အစဉ် စောင့်ရှောက်ကြပါစေကုန်သတည်း။
(၂၈) ဣဒ္ဓိမန္တော စ ယေ ဒေဝါ၊ ဝသန္တာ ဣဓ သာသနေ။
တေ ပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
(၂၈) ဤမြတ်စွာဘုရားသာသနာတော်၌ နေကြကုန် သော လွန်ကဲသော တန်ခိုးရှိကြကုန်သော အကြင်နတ်တို့ သည်လည်းရှိကုန်၏၊ ထိုနတ်တို့သည်လည်း ငါတို့ကို ရောဂါကင်းရေးအားဖြင့်လည်းကောင်း၊ ချမ်းသာရေးအား ဖြင့်လည်းကောင်း အစဉ်စောင့်ရှောက်ကြကုန်ပါစေကုန် သတည်း။
(၂၉) သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။
မာတေ ဘဝနန္တရာယာ၊ သုခီ ဒီဃာ ယုကော ဘဝ။
(၂၉) အလုံးစုံသော ဘေးရန်တို့သည် ကွင်းဖယ် ရှောင်ရှားကြပါစေကုန်သတည်း၊ စိုးရိမ်ပူပန်ခြင်းသည် လည်းကောင်း၊ အနာရောဂါမျိုးသည်လည်းကောင်း မကျမရောက် ကင်းပျောက်ပါစေသတည်း၊ သင့်အား ဘေးရန်အန္တရာယ်တို့သည် မဖြစ်ပါစေကုန်သတည်း၊ သင်သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိသည်ဖြစ်၍ ရှည်သော အသက်ရှိသည် ဖြစ်ပါစေသား။
(၃ဝ) အဘိဝါဒနသီလိဿ၊ နိစ္စံ ဝဍ္ဍာပစာယိနော။
စတ္တာရော ဓမ္မာ ဝဍ္ဍန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။
(၃ဝ) ရှိခိုးခြင်း အလေ့ရှိထသော အမြဲမပြတ် အသက်ဂုဏ်သိက္ခာ သာသူကြီးသူတို့ကို ရိုသေမှု ပြုလေ့ ရှိသူအား အသက်တမ်းသည်လည်းကောင်း၊ ရုပ်ရည် အဆင်းသည်လည်းကောင်း၊ ချမ်းသာခြင်းသည်လည်း ကောင်း၊ ခွန်အားသည်လည်းကောင်း လေးပါးကုန်သော တရားတို့သည် တိုးပွားကြလေကုန်၏။
အာဋာနာဋိယသုတ္တံ နိဋ္ဌိတံ
အာဋာနာဋိယသုတ်တော် ပြီး၏။
Atanatiya Sutta: Discourse on Atanatiya (အာဋာနာဋိယသုတ်ပရိတ်တော်၏ နောက်ခံသမိုင်း) by Ashin Asaralakkara (အရှင်အာစာရာလင်္ကာရ (စစ်ကိုင်းရွှေဟင်္သာ))

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated