အလောဘ
နောက်တစ်ခုက
အလောဘ၊ အလောဘဆိုတာ လောဘရဲ့ ဆန့်ကျင်ဘက်တရား၊ လောဘ မရှိရုံသက်သက်ကို အလောဘခေါ်တာ
မဟုတ်ဘူး၊ လောဘကို ဖယ်ရှားနိုင်တဲ့ စွမ်းရည်သတ္တိ ရှိလို့ လောဘရဲ့
ဆန့်ကျင်ဘက်တရားကို ခေါ်တာ၊ အလောဘဟာ လောဘကို ဖယ်ရှားပစ်နိုင်တဲ့ စွမ်းအားရှိတဲ့
သဘာဝတရားတစ်ခု ဖြစ်တယ်၊ အလောဘဟာ လောဘကို ပယ်ဖျက်ပြီး ဒါန ကောင်းမှုကို
ပြုတက်တယ်၊ဒါကြောင့်မို့ “အလောဘော
ဒါနဟေတု” အလောဘဆိုတဲ့ သဘာဝတရားသည် လှူဒါန်းမှုကို
ဖြစ်စေတက်တယ်လို့ ဆိုတာဖြစ်တယ်။
စေးကပ်နေတဲ့
ကော်သဘောမျိုးဖြစ်တဲ့ စိတ်ကို အာရုံမှာ ကပ်စေတက်တဲ့ လောဘကို လျော့ပါးစေပြီး
ကော်နဲ့ အလားတူတဲ့ လောဘကို ဖယ်ရှားပစ်လိုက်ရင် လောဘကြောင့် ဖြစ်တက်တဲ့ အကုသိုလ်တွေ
မဖြစ်တော့ဘူး၊ ဒါကြောင့်မို့ လောဘမှာ လှူကြတယ် တန်းကြတယ်ဆိုတာ အလောဘဆိုတဲ့
စွမ်းအားကြောင့် လှူနိုင်တန်းနိုင်တာ၊ အလောဘမရှိရင် မလှူနိုင်ဘူး။
အဒေါသ
အဒေါသဆိုတာကတော့
ဒေါသကို ဖယ်ရှားပစ်နိုင်တဲ့ စွမ်းအားတစ်ခုပဲ၊ ဒေါသဆိုတာ စိတ်ထဲ အလိုမကျတာတွေ
မကျေနပ်တာ, မုန်းတာ အကုန်လုံး ဒေါသ၊ ဒါတင် မကဘူး ကြောက်တာလည်း ဒေါသပဲ၊
တစ္ဆေကြောက်တာပဲ ဖြစ်ဖြစ်၊ သရဲ ကြောက်တာပဲ ဖြစ်ဖြစ်၊ ကြောက်တာဟာ ဒေါသပဲ၊
အကုသိုလ်ကြောက်တာနဲ့တော့ မဆိုင်ဘူးနော်၊
မေတ္တာ
အဲဒီ
အဒေါသကို စနစ်တကျတိုးပွားအောင် လေ့ကျင့်မယ်ဆိုရင် မေတ္တာဆိုတာ ဖြစ်လာ တယ်၊
မေတ္တာဆိုတာ ဒေါသကို ဖယ်ရှားနိုင်တဲ့ စွမ်းအား၊ ဒေါကို ဖယ်ရှားပစ်ဖို့ရန် အတွက်
လူရဲ့သန္တာန်မှာ မေတ္တာကို ထူထောင်ရမယ်၊ မေတ္တာဆိုတာ အကျိုးလိုလားတဲ့သဘော၊ ဒေါသဆိုတာ
အကျိုးစီးပွားကို ဖျက်ဆီးပစ်လိုတဲ့သဘော၊
ဒါကြောင့်
ဒေါသနဲ့ မေတ္တာဟာ ဆန့်ကျင်ဘက်ဖြစ်တယ်၊ သူတစ်ပါးရဲ့ အကျိုးစီးပွားကို ဖျက်လိုဖျက်ဆီး
လုပ်ချင်တာက ဒေါသ၊ သူတစ်ပါးကို အကျိုးရှိစေချင်တာက မေတ္တာ၊ သဘာဝချင်း မတူဘူး၊
မတူသည့် အတွက်ကြောင့် မေတ္တာဆိုတဲ့ အဒေါသသဘာဝတရားကို မိမိသန္တာန်မှာ ပျိုးထောင်ပြီး
ရင်ထဲ နှလုံးသားထဲမှာ ရှိတဲ့ အမုန်းတရားတွေကို ဖယ်ရှားရမယ်၊ ဒေါကို ဖယ်ရှားချင်ရင်
မေတ္တာကို ပွားရမယ်၊ ဒါကြောင့် သုတ္တန်တွေမှာလည်း မြတ်စွာဘုရားက ‘မေတ္တာ ဘာဝေတဗ္ဗာ ဒေါသဿ ပဟာနာယ’ ဒေါသဿ ပဟာနာယ - ဒေါသကို
ဖယ်ရှားပစ်နိုင်ဖို့ရာ မေတ္တာ
ဘာဝေတဗ္ဗာ - မေတ္တာပွားပါတဲ့။
မေတ္တာပွားဆိုတော့
သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု မနက်အစောကြီး ထရွတ်နေတာကို ပြောတာ မဟုတ်ဘူး၊ မေတ္တာဆိုတာ
မနောကံအလုပ်၊ မေတ္တာ အစစ်အမှန်သည် မနေကံ၊ စိတ်ထဲက အာရုံစိုက်ပြီး တကယ့်
ချမ်းသာစေချင်တဲ့ စိတ်ဖြစ်ဖို့ လိုတယ်နော်၊ သဗ္ဗေသတ္တာ - သတ္တဝါအားလုံးပေါ်မှာ
မေတ္တာကို ပို့ပေမယ့်လို့ တချို့က သဗ္ဗေသတ္တာဆိုတာမှာ ချွင်းချက် ထားကြသေးတယ်၊
ခြင်တို့ ကြမ်းပိုးတို့ မပါဘူးလို့ ဆိုကြသေးတယ်၊ အဲဒီလိုလည်း မလုပ်ကြနဲ့နာ်၊
သဗ္ဗေသတ္တာ
- ခြင်ရော ကြမ်းပိုးရော အပါအဝင်ပေါ့၊ အားလုံး အပေါ်မှာ မေတ္တာထားနိုင် တာကမှ အမုန်းတရား
ကင်းစင်တဲ့ မေတ္တာတရား ဖြစ်တယ်၊ မေတ္တာဆိုတာ မနောကံပဲ၊ ဘာဝနာပဲ၊ ၉-ပါးသီလ
ဆောက်တည်တဲ့ အခါမှာ သီလကတော့ ၈-ပါးပါပဲ၊ မေတ္တာဘာဝနာ ပွားပြီးတော့ နေလို့ ၉-ပါး
ဖြစ်တာ။
အဲဒီတော့
မေတ္တာတရားဟာ တည်ဆောက်ရမယ်၊ သတ္တဝါတွေ အားလုံးကို ချမ်းသာစေချင်တယ်ဆိုတဲ့ စိတ်ကလေး
ကိုယ့်သန္တာန်မှာ အထပ်ထပ် ဖြစ်နေအောင် လုပ်မယ်၊ တစ်နာရီ ဖြစ်ရင်
နှစ်နာရီဖြစ်အောင် သုံးနာရီဖြစ်အောင်ပွားတာကို ပြောတာ၊ သတ္တဝါတွေ ချမ်းသာကြပါစေ၊
ဒါကိုပဲ ပွားနေတာ၊ သူ့ဟာသူ ချမ်းသာတာ မချမ်းသာတာ ကိုယ်နဲ့မဆိုင်ဘူး၊ ကိုယ့်စိတ်က
သူတို့ကို ချမ်းသာစေချင်တဲ့ စိတ်ကလေး မွေးပေးဖို့ပဲ၊ အဲဒီလို မွေးရင်
အမုန်းစိတ်တွေ ပျောက်သွားမှာပဲ၊ မုန်းတဲ့စိတ်ဟာ မပေါ်နိုင်တောဘူး၊ ဒါကြောင့်
အဒေါသဆိုတဲ့ စိတ်ဖြူစင်စေတဲ့ သဘာဝအင်အားတရားကို ထူထောင်ပေးရမယ်။
အလောဘရှိရင်
လှူမှု ဒါန်းမှု လုပ်သလို၊ အဒေါသရှိရင် ဘာဖြစ်တုန်း၊ ‘အဒေါသော - အဒေါသ
မေတ္တာသည်၊ သီလဟေတု
- သီလ၏ အကြောင်းဖြစ်တယ် တဲ့ ၊ အဒေါသ ရှိလာလို့ ရှိရင် ကိုယ်ကျင့်တရားတွေ
ကောင်းလာတယ်၊ ဒေါသေရှိရင် ကိုယ်ကျင့်တရားတွေပါ ပျက်စီးတယ်၊ လူက စိတ်ဆိုးလာရင်
စိတ်တိုလာရင် လုပ်ချင်တာ လုပ်တက်တယ်၊ ဒါကြောင့်မို့ ‘အဒေါသော သီလဟေတု’ စိတ်ကလေးက
မေတ္တာထားတက် လာပြီ၊ အမုန်းတရားတွေ ကင်းလာပြီဆိုရင် ကိုယ်ကျင့်တရားတွေလည်း
ပြည့်စုံလာတက်တယ်၊ ဒါပြောတာ။
တတြမဇ္ဈတ္တတာ
တတြမဇ္ဈတ္တတာ
ဆိုတာ ကိုတော့ သိပ်ပြီးတော့ သိကြမယ် မထင်ဘူး၊ တတြမဇ္ဈတ္တတာ ဆိုတာ ကုသိုလ်ကောင်းမှု
လုပ်နေတဲ့ အခါမှာ စိတ်အခြေအနေတွေဟာ သူ့တာဝန်သူ ညီညီ မျှမျှထမ်းဆောင်နေတယ်၊
အကုန်လုံး တညီတည်း harmony ဖြစ်နေတာကို ပြောတာနော်၊ ဒါကလည်း တတြမဇ္ဈတ္တတာဆိုတဲ့
ဒီစေတသိက်ရဲ့ စွမ်းအားပဲ၊ အားလုံး အလယ်အလတ်ပုံစံ ဖြစ်သွားအောင် ဘယ်တစ်ခုကမှ
အစွန်းမထွက်အောင် ထိန်းပေးတာ၊
ဒီသဘာဝတရားတွေဟာ
တစ်ခုကနေတစ်ခု အစွန်းထွက်နေလို့ ရှိရင် လွန်ကဲနေတာမျိုး ဖြစ်တက်တယ်။ အဲဒီလို
လွန်ကဲမှု မဖြစ်အောင် အားလုံး တညီတည်း ဆောင်ရွက်နေအောင် တတြမဇ္ဈတ္တတာဆိုတာက ထိန်းတယ်။
အဲဒီ
တတြမဇ္ဈတ္တတာဆိုတာ စနစ်တကျ ပွားလိုက်တဲ့အခါ ကျတော့ ဗြဟ္မဝိဟာရတရားထဲမှာ
ဥပေက္ခာဆိုတဲ့ ဗြဟ္မဝိဟာရ တရားဖြစ်လာတယ်၊ အဲဒီ ဥပေက္ခာကို တတြမဇ္ဈတ္တတာလို့ ခေါ်တာ၊
ဥပေက္ခာသဟဂုဏ်ဆိုတာ ခံစားချက် ဝေဒနာကို ခေါ်တာ၊ ဒါနဲ့ မဆိုင်ဘူးနော်၊
ဗြဟ္မာဝိဟာရတရား လေးပါးထဲမှာ ပါတဲ့ ဥပေက္ခာဆိုတာ အလွန်မွန်မြတ်တယ်၊ ဥပေက္ခာက
လူတွေပေါ်မှာ လျစ်လျူရှုတာ မဟုတ်ဘူး၊
သူတို့လုပ်တဲ့
စော်ကားမှု၊ ချီးမွမ်းမှုတွေကို လျစ်လျူရှုနိုင်တာ၊ သူက သိပ်အဆင့်မြင့်တယ်၊
ဥပမာ လူတစ်ယောက် ကိုယ့်ဆဲလည်း သူ ကူညီစရာရှိ ကူညီလိုက်၊ ကိုယ့်ချီးမွမ်းနေလို့လည်း
ပို မကူဘူး၊ လူပ်သင့်လို့ လုပ်တယ်၊ ကိုယ့်အပေါ်မှာ စော်ကားမှု ဦးစားပေးမှု
ဆိုတာတွေကို မကြည့်ဘူး၊ လုပ်သင့်ရင် လုပ်ပေးလိုက်တယ်၊ ညီတူညီမျှ လုပ်ပေးနိုင်တဲ့
စိတ်ဓာတ်၊ တည်ငြိမ်တဲ့ စိတ်ဓာတ်ကို ပြောတာ၊ အဲဒါ ဥပေက္ခာဆိုတာ အလွန်မွန်မြတ်တဲ့
တရားနော်။
မြတ်စွာဘုရားက
သားတော် ရာဟုလာမို့ ပိုချစ်တာ မရှိဘူး၊ ဒေဝဒတ်ကြီးက ဆိုးလွန်းလို့ အမျိုးမျိုး
သေကြောင်းကြံလို့ ပိုမုန်းတာမျိုး မရှိဘူး၊ သူတို့နှစ်ယောက် အတူတူ ထားနိုင်တယ်။
အဲဒီလို အတူတူ ထားနိုင်တယ်ဆိုတဲ့ ဥပေက္ခာ၊ တချို့က ဥပေက္ခာပြုလိုက်တယ် ပြောရင်
မခေါ်မပြောနေတာကို ဥပေက္ခာလို့ ထင်တယ်၊ အဲဒါ “ဦးပစ်ခါ” နော်၊ ဒီ ဥပေက္ခာက
မခေါ်မပြောနေတာမျိုး မဟုတ်ဘူး၊ ကိုယ့်စိတ်ထဲမှာ အချစ်အမုန်းကင်းပြီး လုပ်သင့်တာ
လုပ်တာကို ဆိုလိုတာ။
ဘုရားအလောင်း
မျောက်ဘဝမှာ ဖြစ်နေတုန်းက လူကြီးတစ်ယောက်ဟာ ချောက်ကြီးထဲ ကျတယ်၊ ပြန်တက်နိုင်ဘူး။
အင်မတန် အားခွန်ဗလကောင်းတဲ့ မျောက်ကြီးက လူကြီးချောက်ထဲကျနေတာ မြင်တော့ သနားတယ်။
နွယ်ကြိုးယူပြီး ချောက်ထဲ ခုန်ဆင်းလိုက်တယ်၊ ခုန်ဆင်းလိုက်ပြီးတော့ ချောက်ထဲ
ကျနေတဲ့ လူကို ကျောပိုးပြီးတော့ အဲဒီချောက်ထဲကနေ ခုန်တက်တာ၊ အတော့်ကို မောသွားတယ်။
အတော်
မောသွားတဲ့အခါ ခဏ အပန်းဖြေဖို့ ချောက်ထဲ ထမ်းတင်လာတဲ့ လူကြီးပေါင်ပေါ်မှာ ခဏ
အိပ်ပါရစေဆိုပြီး အိပ်တယ်၊ သူကလည်း ယုံကြည်ချက်ရှိတယ်၊ ငါ ကယ်ထားတဲ့ သူက ငါ့ကို
ဘာမှလုပ်မယ် မထင်ဘူး၊ ပေါင်ပေါ် ခဏ အိပ်နေတုန်း ဟိုလူက စိတ်ကူး စိတ်ကူးရတယ်၊
“အိမ်ပြန်သွားရင် ငါ ဘာမှပါဘူး၊ ဒီမျောက်ရဲ့ ခေါင်းကို ကျော်ခဲနဲ့ ထုပြီးတော့
အိမ်ကို မျောက်အသား ယူသွားရရင် ကောင်းမယ်၊ ဟိုကျ ရောင်းလို့ ရမယ်” မျောက်သားနဲ့
အိမ်ပြန် မျက်နှာလုပ်ချင်သေးတာ၊ အဲဒါနဲ့ အိပ်ပျော်နေတဲ့ အချိန်မှာ
ကျောက်တုံးနဲ့ မျောက်ကြီးခေါင်းကို ထုတော့တာပဲ၊ ခေါင်းထုတော့ မျောက်ကြီးက
လန့်ပြီးတော့ သစ်ပင်ပေါ်တက်ပြေးတာပေါ့၊ ခေါင်းပေါက်သွားပြီ သွေးသံ ရဲရဲ
ဖြစ်သွားတယ်။
သို့သော်
ဒီလူဟာ လမ်းပျောက်နေတယ်၊ လူတွေရဲ သွားတဲ့လမ်းကိုပြန်ရောက်မှာ မဟုတ်ဘူး၊ အဲဒီလူ
လုပ်တဲ့ စော်ကားချက်ကို မျောက်ကြီးက အသာ မေ့ထားလိုက်တယ်၊ မေ့ထားလိုက်ပြီး “မင်းကို
ငါ လမ်းဆုံးအောင် လိုက်ပြမယ်၊ ငါ့ ကူညီမှုက မပြီးသေးဘူး၊ ငါ ခဏ အမောဖြေနေတုန်း မင်း
ငါ့ကို သတ်ဖို့ ကြံတာကိုး”၊ ဥပေက္ခာ မထားနိုင်ဘူး ဆိုလို့ရှိရင် အဲဒီကတည်းက
လစ်သွားပြီ မရှိတော့ဘူး၊ ဒီလူရဲ့ လုပ်ရပ်ကို ဥပေက္ခာထား လိုက်ပြီး လမ်းဆုံးထိအောင်
ကူညီတယ်။
ဒါပေမယ့်
အဲဒီလူ အနားတော့ ကပ်လို့ မဖြစ်တော့ဘူး၊ သူက အန္တရာယ်ပေးတဲ့ သူ၊ “ငါက
သစ်ပင်တစ်ပင်ကနေ တစ်ပင်ကူးသွားမယ်၊ ငါ့သွေးစက်ကျတဲ့နောက်က လိုက်ခဲ့၊” တောကြီးဆိုတာ
အပြင်ထွက်ဖို့ အလွန်ခက်တာ၊ နေမမြင်၊ လမမြင် ဖြစ်နေတယ်၊ အဲဒီလို သွေးစက်ပြ
လမ်းကြောင်းရှာပေးပြီး ဟိုးတောရဲ့ အထွက်ထိအောင် လိုက်ပို့ပေးလိုက်တယ်၊
ဥပေက္ခာဆိုတာ
အဲဒါမျိုးပြောတာနော်၊ အလွန် မွန်မြတ်တယ်၊ ချစ်လို့လည်း ပိုမလုပ်ဘူး၊ မုန်းလို့လည်း
ပစ်မထားဘူး၊ အဲဒါ ဥပေက္ခာတရားလို့ ပြောတာ၊ ဘာလို့တုန်းဆိုလို့ရှိရင် “သဗ္ဗေသတ္တာ
ကမ္မဿကာ” ဆိုတဲ့ အတွေး၊ လူဆိုတာ ကိုယ့်ကံနဲ့ကိုယ် သွားကြမှာပဲ၊ မုန်းနေလို့လည်း
အပိုပဲ၊ ချစ်နေလို့လည်း အပိုပဲ၊ စိတ်တည်ငြိမ်မှုကို ထိန်းထားနိုင်တာ ဥပေက္ခာ၊ အဲဒါ
တတြမဇ္ဈတ္တတာ လို့ ခေါ်ပါတယ်။
စိတ်ဖြူစင်မှု
အင်အားစုမျာကို နက်ဖြတ်ကျတော့မှ ဆက်ပြီး ဟောပါ့မယ်၊ ဒီနေ့ အရေးကြီးတာတွေကို
ပြောလို့ပြီးပြီ၊ ဒါကြောင့်မို့ ဖြူစင်တဲ့ သဘာဝတရားတွေကို မိမိတို့ သန္တာန်မှာ
မရှိသေးရင် ရှိအောင် ကြိုးစားကြဖို့၊ ရှိပြီးရင်လည်း တိုးတက်လာအောင် စနစ်တကျ
ကျင့်ကြံအားထုတ်ဖို့ စိတ်ဖြူစင်စေတဲ့ အင်အားစုတွေ မိမိရဲ့သန္တာန်မှာ ရောက်ရှိလာတဲ့
အခါကျတော့ စိတ်ရဲ့ အညစ်အကြေးတွေ နည်းသထက် နည်းသွားပြီး ထိုအညစ်အကြေးတွေကို
အကြောင်းပြုပြီး ဖြစ်ပေါ်လာမယ့် ဆင်းရဲဒုက္ခတွေက လည်း သက်သာ၊ နောက်ဆုံး
ထိုဆင်းရဲဒုက္ခတွေရဲ့ လွတ်မြောက်ရာ နိဗ္ဗာန်တည်းဟူသော လမ်းကြောင်းကြီးကို တွေ့ပြီး
ထာဝရချမ်းသာတဲ့ အငြိမ်းဓာတ်ကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေ
ကုန်သတည်း။
“
သာဓု - သာဓု - သာဓု ”
** ဆက်ရန် ** စိတ်ဖြူစင်မှု အင်အားစုများ အပိုင်း(၂) မှ {ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ ပဿဒ္ဓိသဗ္ဗောဇ္ဈင်၊ ဆန့်ကျင်ဘက်တရား}
*ကောက်နှုတ်ချက်* အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D) အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (စာ ၃၂၇- ၃၃၄) မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။
No comments:
Post a Comment