@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 14 January 2015

အမှတ်စဉ်(၄၁) {အသိဉာဏ် ပါ,မပါ၊ တိဟိတ်နှင့် ဒွိဟိတ်၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ပဋိသန္ဓေ, ဘဝင်, စုတိ တစ်ဘဝမှာတူ၊ ဘဝင်စိတ်နဲ့ အာရုံ}


အသိဉာဏ် ပါ,မပါ
ဒုတိယ နံပါတ်(၂)က မထက်မြက်ဘူး၊ ကျန်တဲ့ လူသား တွေက ကျန်တဲ့စိတ်နဲ့ ပဋိသန္ဓေနေကြတယ်၊ တစ်ဦးနဲ့တစ်ဦးး မတူကြဘူး၊ ပထမစိတ်နဲ့ နေချင်နေတယ်၊ ဒုတိယ၊ တတိယ၊ စတုတ္ထစိတ်နဲ့ နေချင်တယ်၊ သူ လုပ်ခဲ့တဲ့ကံစွမ်းအားရဲ့  အရှိန်ကြောင့် ဒီ သန္ဓေစိတ်ပေါ်ရတယ်လို့ ဒီလို မှတ်ရမယ်၊  ကိုယ်အကျိုးပေးတဲ့ကံက စွမ်အားကြီးပြီဆိုရင် ပထမ၊ စွမ်အား နည်းနည်းလျော့ရင် ဒုတိယ၊ တတိယနဲ့ စတုတ္ထက အသိဉာဏ် ကင်းမဲ့တယ်၊ ဒါ သောမနဿ ဆိုတဲ့ ၀မ်းသာတဲ့ ခံစားမှုပါတဲ့ မဟာဝိပါတ်စိတ် မှာနော်။
ဝမ်းသာမှု မထင်ရှားတဲ့ ဥပေက္ခာမှာလည်း ပထမ(၂)ခုက  အသိဉာဏ် ပါတယ်၊ ဒုတိယ(၂)ခုက အသိဉာဏ် မပါဘူး၊ အသိဉာဏ် ပါ,မပါဟာ အဓိက အဆုံးအဖြတ်ဖြစ်တာမို့ ဘုန်းကြီးက အသိဉာဏ်ကို ဦးတည်ပြီးပြောတာ၊ အသိဉာဏ်ပါတဲ့ မဟာဝိပါက် ဉာဏသမ၌ယုတ်(၄)ပါးနဲ့ ပဋိသန္ဓေနေတဲ့လူနဲ့ အသိဉာဏ် မပါတဲ့ မဟာဝိပါက် ဉာဏ၀ိပ္ပယုတ်(၄)ပါးနဲ့ ပဋိသန္ဓေနေတဲ့ လူဆိုပြီး ရှိပါတယ်၊ ဘာထူးခြားသွားလဲဆိုတော့ အသိဉာဏ်ပါတဲ့ ၀ိပါတ်စိတ်(၄)ပါးနဲ့ နေတဲ့သူက တရားထူး တရားမြတ်ကို ကျင့်ကြံကြိုးကုတ်အားထုတ်ရင် ဒီဘ၀မှာပင် ရနိုင်တယ်၊ သူ့ရဲ့ ပင်ကို စွမ်းရည်သတ္တိတွေ သူ့သန္ဓေစိတ်မှာ အပြည့်ပါနေတယ်၊ သို့သော် မလုပ်ရင်တော့ ဘာမှ မရဘူး။
ဆိုပါစို့၊ မျိုးစေ့ကလေးက အင်မတန် ကောင်းတယ်၊ မြေနဲ့ ရေနဲ့ ချမစိုက်ရင် မပေါက်နိုင်ဘူး၊ မျိုးစေ့လေးက အောင်တယ်၊ မြေမကောင်း ရေမကောင်းရင် အပင်မအောင်ဘူး၊ မျိုးစေ့လည်း ကောင်းနေတယ်၊ နောက်ထပ် အထောက်အပံ့ အကြောင်းတွေလည်း ကောင်းရင် သိပ်ကြီးထွားတဲ့ အပင်ကြီး ဖြစ်မယ်။


 တိဟိတ်နှင့် ဒွိဟိတ်
အသိဉာဏ်ပါတဲ့ ပဋိသန္ဓေစိတ်(၄)ပါးနဲ့ ပဋိသန္ဓေနေတဲ့ သူကို ‘တိဟိတ်ပုဂ္ဂိုလ်’ လို့ ခေါ်တယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ဉာဏ်ပါလို့၊ အလောဘ၊ အဒေါသ၊ အမောဟ ဒီ ၃-မျိုးကို ဟိတ်လို့ ခေါ်တယ်၊ အသိဉာဏ်မပါတဲ့ ပဋိသန္ဓေစိတ်(၄)ပါးနဲ့ နေတဲ့သူကို ‘ဒွိဟိတ်ပုဂ္ဂိုလ်’ လို့ခေါ်တယ်၊ ဒွိ ဆိုတာ နှစ်၊  အဲဒီ ဒွိဟေတုက, ဒွိဟိတ်ပုဂ္ဂိုလ်ဟာ ဒီဘ၀ ဘယ်လောက် ကျင့်ကျင့် တရားထူးတရားမြတ် မရနိုင်ဘူး၊ ကျင့်သည့်အတွက်တော့ နောက်ဘ၀အတွက် အထောက်အကူတွေ အများကြီးပဲ ရနိုင်ပါတယ် ဒီဘ၀မှာ အောင်မြင်နိုင်လောက်အောင် စွမ်းရည် သတ္တိတွေ မပြည့်ဘူးလို့ ပြောတာ၊ တချို့က ထင်တယ်၊ ငါတို့ ကတော့ ဒွိဟိတ်ပဲ၊ ဘာမှ အကျိုးမထူးပါဘူးဆိုရင် နောက်ဘ၀ အတွက် ပိုဆိုးသွားမယ်၊ လုပ်နေလို့ရှိရင် စွမ်းရည်သတ္တိတွေ တက်လာမှာပေါ့၊ ၀ီရိယအကျိုးနဲ့ စွမ်းရည်သတ္တိတွေ တက်ပြီး နောက်ဘ၀မှာ အဆင့်မြင်တဲ့ဆီ ရောက်သွားတာပဲ၊ မလုပ်ဘူး ဆိုရင် ဒီအဆင့်က တက်မှာ မဟုတ်ဘူး။
ဒါကြောင့်မို့ မြတ်စွာဘုရားလက်ထက်က ရဟန္တာတို့ အနာဂါမ်၊ သကဒါဂါမ်၊ သောတာပန်တို့ ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေဟာ ဉာဏ်ပါတဲ့ ပဋိသန္ဓေစိတ်နဲ့ နေသွားတဲ့ ပုဂ္ဂိုလ်တွေချည်းပဲ၊ အဲဒီ ပုဂ္ဂိုလ်တွေကျတော့ တရားနာ တရားအားထုတ်ပြီဆိုရင် လုပ်ရင် လုပ်သလောက် ဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုရင် အခြေခံကောင်းတာကိုး၊ လုပ်ရင် လုပ်သလောက် အောင်မြင်မှုရတယ်၊ ဈာန်တရားတွေ ရနိုင်တယ်၊ မဂ်တရားတွေ ရနိုင်တယ်၊ အခြေခံဖြစ်တဲ့ ဉာဏ်ပါတဲ့ စိတ်နဲ့ ဉာဏ်မပါတဲ့စိတ်ဆိုတာ အတိတ်ကံကနေ ပေးအပ်လိုက်တာ။
 သင်္ခါရပစ္စယာ ၀ိညာဏံ
ပဋိစ္စသမုပ္ပါဒ်မှာ သင်္ခါရပစ္စယာ ၀ိညာဏံလို့ ဟောတယ်၊ အကြောင်းတရား သင်္ခါရကြောင့် ၀ိပါတ်စိတ် ပေါ်လာတယ်၊ ဘုန်းကြီးတို့ မွေးရာပါဆိုတာ အဲဒီ ပဋိသန္ဓေစိတ်ကလေးကို ပြောတာ၊ လူတစ်ယောက်မှာ ပဋိသန္ဓေစိတ်က တစ်ခုတည်းသာ ဖြစ်တယ်၊ အဲဒီ တစ်ခုတည်းကိုပဲ ဘုန်းကြီးတို့တစ်တွေ အကောင်းဆုံး ဖြစ်တဲ့ ပထမ မဟာဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေရင် ဒီ တစ်သက်လုံး ဘ၀င်စိတ်ဟာလည်း ဒီစိတ်ပဲဖြစ်တယ်၊ နောက်ဆုံး သေတော့လည်း ဒီစိတ်နဲ့ သေတယ်၊ ဆိုပါစို့ ဘုန်းကြီးတို့  ဘ၀အစမှာ “သေမနဿသဟဂုတ်၊ ဉာဏသမ၌ယုတ် အသင်္ခါရိက မဟာဝိပါက်” ဆိုတဲ့ စိတ်ကလေး ပေါ်လာတယ်။
 ပဋိသန္ဓေ, ဘ၀င်, စုတိ တစ်ဘ၀မှာတူ
အဲဒီ စိတ်ကလေးကို ပဋိသန္ဓေအခိုက်မှာ သူ့ရဲ့ ဆောင်ရွက်ချက်ကို ကြည့်ပြီး “ပဋိသန္ဓေ” လို့ နာမည် တပ်လိုက်တာ၊ ပဋိသန္ဓေစိတ်ကလေး ဖြစ်ပြီး ပျက်သွားတယ်၊ ထိုပျက်သွားတဲ့ စိတ်နေရာမှာ စိတ်တစ်ခုအားထိုးတယ်၊ ထိုစိတ်ကို “ဘ၀င်စိတ်” လို့ ခေါ်တယ်၊ နောက်ထပ် ပေါ်လာတဲ့စိတ်တွေဟာ မသေမချင်း ဘ၀င်စိတ်တွေချည်းပဲ။ နောက်ဆုံးဖြစ်မယ့် စိတ်ကလေး ဒီဘ၀မှာ နောက်ဆုံးပေါ်တဲ့ စိတ်ကတော့ “စုတိစိတ်” လို့ ခေါ်တယ်၊ မွေးတော့လည်း ဒီစိတ်၊ သေတော့လည်း ဒီစိတ်၊ ကြားထဲမှာ အိပ်နေတော့လည်း ဒီစိတ်ပဲ၊ တစ်မျိုးတည်းပဲ မှတ်ရမယ်။
 ဘ၀င်စိတ်ရဲ့ အာရုံ
ဝီထိစိတ်တွေ မဖြစ်တဲ့အခါလည်း ဒီဘ၀င်စိတ်ပဲ၊ ဒီစိတ်ကလေးက ပစ္စုပ္ပန်ဘ၀ရဲ့ အခြေအနေကို ဘာမှ မသိဘူး၊ မျက်စိက မြင်တာလည်း သူမသိဘူး၊ နားကကြားတာလည်း သူ မသိဘူး၊ နှာခေါင်းနဲ့လည်း သူ မဆက်သွယ်ဘူး၊ လျှာနဲ့လည်း သူ မဆက်သွယ်ဘူး၊ ခန္ဓာကိုယ်လာထိတဲ့ ဖောဋ္ဌဗ္ဗာရုံနဲ့လည်း မဆက်သွယ်ဘူး၊ စိတ်ကူးစိတ်သန်းနဲ့လည်း မဆက်သွယ်ဘူး၊  ဘ၀င်စိတ်ကလေးတွေဟာ တစ်ခုဖြစ်ပြီရင် တစ်ခုပျက်သွားလိုက်၊ တစ်ခုဖြစ်ပြီးရင် နောက်တစ်ခုပေါ်လာလိုက် ပျက်သွားလိုက် ဖြစ်ပျက်အစဉ်ကြီးနဲ့ သွားနေတာ၊ နောက်ဆုံး စုတိအထိအောင် မရပ်မနားသွားနေမှာ ဖြစ်တယ်။
ဘယ်သူ့စွမ်းအားနဲ့ သွားနေတာလဲဆိုရင် ကံရဲ့စွမ်းအားနဲ့ သွားနေတာ၊ မျက်စိနဲ့ကြည့်တဲ့ အာရုံရဲ့စွမ်းအား မပါဘူး၊ နားက ကြားတဲ့ အသံစွမ်အားလည်း မပါဘူး၊ ဒီ ပစ္စုပ္ပန်အာရုံတွေရဲ့ စွမ်းအားတွေ မပါဘူး၊ ဒါဖြင့် ဘယ်အာရုံကို သိနေသလဲဆိုတော့ အတိတ်ဘ၀က “ကံ ကမ္မနိမိတ်၊ ဂတိနိမိတ်”၊ အာရုံတစ်ခုခုကို သိနေတယ်။
လူတွေ မသေခင်လေးမှာ အိမ်မက် မက်သလို အာရုံတွေ ထင်လာတယ်တယ်၊ သေခါနီးမှာ စောနေတဲ့ဇောကို ‘မရဏသန္နဇော’ လို့ ခေါ်တယ်၊ အဲဒီသေခါနီးဖြစ်တဲ့ စိတ်ထဲမှာ အာရုံတစ်ခုပေါ်လာတယ်၊ ဘယ်သူ့ကြောင့် ပေါ်လဲဆိုရင် ကံရဲ့ စွမ်းအားကြောင့် ပေါ်တယ်၊ လူ့ပြည်မှာ ဖြစ်မယ်ဆိုရင် ဒီအိမ်မှာ မွေးမယ်ဆိုရင် မသေခင်လေး သေငယ်ဇောနဲ့ မျောနေတဲ့ အချိန်လေးမှာ အိမ်က ၀င်းနဲ့၊ ခြံနဲ့၊ ဥယျာဉ်နဲ့ အလွန်သာယာတဲ့ အဲဒီ အိမ်ထဲ ရောက်သွားပြီး အိမ်ပေါ် တက်သွားတယ်လို့ အိမ်မက် မက်သလို စိတ်ထဲမှာ မြင်ပြီးတော့ သေသွားရင် သူ အဲဒီအိမ်မှာ ဖြစ်မှာပေါ့။
မီးပုံထဲဆင်းသွားတာ အိမ်မက်လို မြင်ရင် အဲဒါ ငရဲထဲရောက်သွားပြီ မှတ်ပေတော့၊ တောထဲ တိရစ္ဆာန်တွေ ကြားထဲ ရောက်ပြီလို့ အိမ်မက်လို မြင်ရင်တော့ အဲဒီအကောင်တွေထဲ ဖြစ်ပြီ၊ ဒီလို ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်၊ ဒီအာရုံနိမိတ် (၃)ခုထဲက တစ်ခုခုနဲ့ သေခါနီးထင်တဲ့ အာရုံတွေကြောင့် ကံရဲ့ စွမ်းအားနဲ့ ဘ၀င်စိတ်တွေက သွားနေကြတယ်၊ သေသည်အထိပဲ၊ အပြောင်းအလဲ မရှိဘူး၊ ပဋိသန္ဓေစိတ်၊ ဘ၀င်စိတ်၊ စုတိစိတ်ကို ကံကပေးလိုက်တဲ့ အတိုင်းပဲ၊ လုံးဝ ပြောင်းလို့ မရဘူး၊ ဒါကိုပဲ တစ်ဘ၀တာလို့ ခေါ်တယ်။
 ပဘဿရမိဒံ ဘိက္ခဝေ စိတံ္တ” စိတ်ကလေးဟာ ဖြူစင်နေတယ်၊ ဘယ်အညစ်အကြေးနဲ့မှ မရောဘူး၊ ဒါ ဘ၀င်စိတ်ကို ပြောတာ၊ မူလရှိတဲ့ အာရုံလေးနဲ့ပဲ နေတယ်လို့ ဘုရားရှင်က ဟောထားတယ်၊ ဘ၀င်စိတ်ကို ပြောနေတာ၊ လူတွေ ပြောတဲ့ ဘ၀င်ကျတယ် မကျဘူးဆိုတာ ကြိုက်တယ် မကြိုက်ဘူးကို ပြောတာ၊ (စိတ်တိုင်း ကျတယ်၊ စိတ်တိုင်း မကျဘူးကို ပြောနေတာပါ)၊ ဘ၀င်ဆိုတာ အိပ်ပျော်နေတဲ့အချိန်မှာ ဖြစ်တဲ့စိတ်တွေရယ်၊ နောက် ၀ီထိစိတ် မဖြစ်မီနဲ့ ဖြစ်ပြီးနောက်မှာ ဖြစ်တဲ့စိတ်တွေပဲ၊ ဒီစိတ်ကလေး တစ်ခုတည်းကိုပဲ ‘ပဋိသန္ဓေစိတ်’ လို့ ခေါ်တယ်၊ ‘ဘ၀င်စိတ်’ လို့လည်း ခေါ်တယ်၊ ‘စုတိ စိတ်’ လို့လည်း ခေါ်တယ်။
ပဋိသန္ဓေလို့ ဘာကြောင့် ခေါ်သလဲဆိုတော့ အတိတ်ဘ၀နဲ့  ပစ္စပ္ပုန်ဘ၀ကို ဆက်ပေးလို့ ဘ၀ဟောင်းနဲ့  ဘ၀သစ်ကို ဆက်ပေးတာ Relinking-Consciousness ပဋိ ဆိုတာ တစ်ဖန်၊ သန္ဓိ ဆိုတာ ဆက်စပ်လိုက်တာ၊ ဘ၀ဟောင်းနဲ့ ဘ၀သစ်ကို စပ်ပေးတာ၊ သို့မဟုတ် ပြတ်ထွက်သွားမှာပေါ့၊ သူဝင်လာလို့ ဆက်မိသွားတာလို့ ပြောတာ။
 ဘ၀င်္ဂ’ ဆိုတာ အသက်ရှင်နေဖို့ရာ အကြောင်းဖြစ်သော စိတ်၊ ဒါလေးရှိနေလို့ အသက်ရှင်နေတာ၊ ဘ၀င်စိတ် ကုန်သွားရင် အသက်ရှင်တော့မှာ မဟုတ်ဘူး၊ ဒါလေးပြတ်သွားရင် အသက်ရှိမှာ မဟုတ်တော့ဘူး၊ ဘ၀တာ တစ်ခုလုံးဟာ အပြီးသတ်သွးလို့ ‘စုတိ’ လို့ ခေါ်လိုက်တာ။ အသက်(၈၀)နေရရင် အနှစ်(၈၀)လုံး ဖြစ်-တည်-ပျက်နဲ့ သွားနေမှာ။

*ဆက်ရန်* {ဝိထိမုတ်စိတ်၊ ပဋိသန္ဓေအခါနဲ့ ပ၀တ္တိအခါ ၀ီထိစိတ်၊ ၀ိညာဏစိတ် ၁၀-မျိုး၊ သမ္ပဋိစ္ဆိုန်းစိတ်၊ သန္တီရဏစိတ်၊ အကုသိုလ်အကျိုးနဲ့ ကုသိုလ်အကျိုး} အား ဆက်လက်ရေးသား ပူဇော်ပါမည်။

*ကောက်နှုတ်ချက်* အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (စာ ၁၉၅-၂၀၁)  မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated