ဒေဝဓမ္မ
ဒေဝဓမ္မဆိုတာ နတ်တွေက တန်ဖိုးထားတဲ့ တရား၊ နတ်လို့ဆိုတဲ့နေရာမှာ ဒေဝ ၃-မျိုးရှိတယ်၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ မင်းမျိုးတွေကို သမ္မုတိဒေဝ၊ သူတို့လည်း ဟိရီ, သြတ္တပ္ပတရားရှိတယ်၊ တိုင်းပြည်အုပ်ချုပ်တဲ့သူက ဟိရီ,သြတ္တပ္ပမရှိလို့ မရဘူးနော်၊ နောက်တစ်ခါ ဥပပတ္တိဒေဝတဲ့၊ တကယ့်ကို နတ်ဘဝရောက်သွားတဲ့ နတ်တွေကလည်း ဒီ ဟိရီ, သြတ္တပ္ပ ရှိတယ်၊ နောက် ဝိသုဒ္ဓိဒေဝ ဆိုတဲ့ ရဟန္တာပုဂ္ဂိုလ်တွေ။ စင်ကြယ်သွားတဲ့ ပုဂ္ဂိုလ်တွေ။ အဲဒီပုဂ္ဂိုလ်တွေကလည်း ဟိရီ, သြတ္တပ္ပကို တန်ဖိုးထားတာပဲ။
ဒေဝဓမ္မဇာတ်
ငါ့ရာငါးဆယ်ဇာတ်ထဲမှာ
ဒေဝဓမ္မဇာတ်ဆိုတာ ရှိတယ်၊ ဟိရီ, သြတ္တပ္ပကို ‘ဒေဝဓမ္မ’
- နတ်တို့ တန်ဖိုးထားတဲ့တရားလို့ ဒီလိုနာမည်ပေးတယ်၊ အဲဒီ ဇာတ်လမ်းလေးကလည်း
စိတ်ဝင်စားစရာကောင်းတယ်၊ ဘုရားအလောင်းက အဲဒီတုန်းက မဟိသာသကုမာရ လို့ခေါ်တယ်၊ သူ့ရဲ့
ညီငယ် ၂-ယောက်မှာ တစ်ယောက်က စန္ဒကုမာရ, တစ်ယောက်က သူရိယကုမာရဆိုပြီး ညီအစ်ကို
၃-ယောက်၊ အကြောင်းတစ်ခုကြောင့် တောထဲ ရောက်သွားကြတယ်၊
တောထဲရောက်တဲ့
အခါကျတော့ မောမော ပန်းပန်းနဲ့ ရေသောက်ချင်တာ တောထဲ အိုင်တွေမှာ ရေရှာခိုင်းတာပေါ့၊
အငယ်ဆုံး သူရိယကုမာရကို လွှတ်လိုက်တယ်၊ “ကဲ သွား၊ မင်းလည်းရေသောက်၊ တို့အတွက်လည်း
ရေခပ်ခဲ့” ဆိုပြီးတော့ ရေသွားရှာခိုင်းတာ။
တောထဲဆိုတာက
အလွန် အန္တရာယ်များတာ၊ ရေကန်ကြီးတခု တွေ့တယ်၊ အိုရေတွေက ကြည်စိမ်းနေတာပဲ၊
သူရိယကုမာရဆိုတာ လူကလည်း ခပ်ငယ်ငယ်၊ ဆင်ခြင်ဉာဏ်ကလည်း သိပ်မရှိဘူး၊
ရေမြင်လိုက်တာနဲ့ မောမောပန်းပန်း အိုက်တာနဲ့ ရေကန်ထဲကို ဆင်းဖို့ကြိုးစားတာ၊
ရေကန်ထဲလည်း
ဆင်းလိုက်ရော လက်မည်းကြီးနဲ့ ဖမ်းဆွဲထားလိုက်တာ၊ ဘီလူးလက်ထဲ ရောက်သွားတာ၊
အဲဒီရေကန်ကြီးက ရက္ခသ စောင့်ရှောက်တဲ့ ရေကန်ကြီး ဖြစ်တယ်၊ ဗမာတွေက
ရက္ခိုသ်လို့ခေါ်တယ်၊ ရက္ခိုသ်ရဲ့ အဓိပ္ပါယ်က ရိက္ခတွာ
အသတိ စောင့်ပြီး စားတာ၊ ဒီနေရှာမှာ ဘီလူးက စောင့်နေတာ၊ စောင့်နေပြီး
ဒီထဲဝင်လာရင်တော့ ဖမ်းစားတာ၊ ပင့်ကူလိုပဲ ဘီလူးက အဲဒီမင်းသားလေးကို
ဖမ်းထားလိုက်ရော၊ သူ့ရေကန်ထဲ ဆင်းတဲ့လူကို သူက ဖမ်းခွင့်ရှိတယ်။
ဖမ်းပြီးတော့
သူစားနိုင်ခွင့်က ဘာတုန်းဆိုရင် သူ့မေးခွန်းကို ဖြေရမယ်၊ သူက ဘာမေးတုန်းဆိုတော့
“မင်း ဒေဝဓမ္မဆိုတာ သိလား” ဆိုတဲ့ မေးခွန်းကို မေးတာ၊ ဒေဝဓမ္မဆိုတာ ဘာလဲ၊ နတ်တွေ
တန်ဖိုးထားတဲ့ တရားဆိုတာ ဘာလဲလို့ မေးတာ၊ မေးတော့ ဘာမှ မသိဘူး၊
ကြောက်ကြောက်လန့်လန့်နဲ့ ဖြေတာပေါ့၊ ဒေဝဓမ္မ ဆိုတာ “နေ,လ ခေါ်တာပါ” လို့ဆိုတော့ “ဟာ
ဒီကောင်မသိဘူး၊ ဖြီးတယ်” ဆိုပြီတော့ လှောင့်ချိုင့်ထဲ ထည့်ထားလိုက်တယ်။
အဲဒီလိုနဲ့
သူရိယကုမာရ ပြန်ရောက်မလာတဲ့အခါ တစ်စုံတစ်ခုဖြစ်နေပြီလား မသိဘူး၊ မင်း
ညီငယ်နောက် လိုက်သွား ဆိုတော့ စန္ဒကုမာရ လိုက်လာပြန်ရော၊ လိုက်လာတော့ သူကလည်း
မောမောပန်းပန်းနဲ့ ရေဆာလှပြီ၊ သူကလည်းပဲ ဆင်ခြင်ဉာဏ် သိပ်မရှိဘူး၊ ရေ
အရင်ချိုးလိုက်ဦးမယ် ဆိုပြီးတော့ ရေချိုးဖို့ ရေကန်ထဲ အဆင်းမှာ ခုနက
လက်မည်းကြီးနဲ့ ဖမ်းထားလိုက်ပြန်ရော၊
သူ့ကို
ဖမ်ထားပြီး ခုနက မေးခွန်းမေးတာပဲ “မင်း ဒေဝဓမ္မဆိုတာ သိလား” ဆိုတော့ “ဒေဝဓမ္မဆိုတာ
အရပ်လေးမျက်နှာကို ပြောတာပါ” လို့ ရမ်းဖြေတာ၊ ညီငယ် နှစ်ယောက်စလုံးဟာ အဖြေ
မမှန်ဘူး၊ မမှန်တော့ ဖမ်းထားတာ ခံလိုက်ကြရတယ်။
အဲဒီကျတော့
ဘုရားအလောင်း ကိုယ်တိုင် လိုက်လာတယ်၊ ဘုရားအလောင်းဆိုတာ စဉ်းစားဉာဏ်
အလွန်ရှိတာနော်၊ စဥ်းစားတဲ့ အလေ့အထဆိုတာ လုပ်ပေးရတယ်၊ ဉာဏ်ရည် ဉာဏ်သွေး ဆိုတာ
စဉ်းစားမှထက်တာ၊ ဓားဆိုတာ သူ့ဟာသူ ထက်တာလား၊ သွေးလို့ထက်တာလား၊ အေး ဉာဏ်ကလည်း
သွေးပေးရင် ထက်တယ်နော်၊ မသွေးဘဲနဲ့ ပျင်းနေရင် ဘယ်တော့မှ မထက်တော့ဘူး၊ အဲဒီဉာဏ်ကို
ဘုရားအလောင်းက သွေးနေလို့ ထက်တာ။
ဘုရားအလောင်းတွေဆိုတာ
အမြဲတမ်း စဉ်းစားဉာဏ်ရှိတယ်၊ လိုက်လာပြီး ရေကန်မြင်တဲ့အခါ စဉ်းစားတယ်၊ ငါ့ညီ
၂-ယောက်လည်း ဒီလမ်းက သွားတာပဲ၊ လှည့်ပြီး အကဲခတ်တယ်၊ ခြေရာကို ဂရုစိုက်ကြည့်တယ်၊
ဘယ်ခြေရာပဲဖြစ်ဖြစ် ဒီကန်ဘက်ကိုသွားတဲ့ ခြေရာက အဆင်းခြေရာပဲ ရှိတယ်၊ အတက်ခြေရာ
မရှိဘူးဆိုတာ သူ သတိထားမယ်တယ်။
ကြည့်၊
ဒါ စဉ်းစားဉာဏ်လို့ ခေါ်တယ်နော်၊ အရာခပ်သိမ်းမှာ စဉ်းစားတက်တယ်၊ တွေးခေါ်တက်တယ်၊
ကြည့်စမ်း၊ ခြေရာတွေ အကုန်လုံး အဆင်းခြေရာချည့်ပဲ၊ ပြန်တက်တဲ့ ခြေရာမရှိဘူး၊
ဧကန်တော့ ဒါဘီလူးစောင့်တဲ့ ရေကန်ဖြစ်မယ်၊ ဆင်းရင်တော့ လူဆင်းဆင်း၊ နွားဆင်းဆင်း
ဘာကောင် ဆင်းဆင်း၊ အစားခံရမှာပဲ၊ ဘီလူးက သူ့ရေကန်ထဲ ဆင်းသမျှအကုန် ဖမ်းတာနော်။
အဲဒီတော့
ငါ့ညီငယ် ၂-ယောက်လည်း ဒီကောင်ဖမ်းတာဖြစ်မယ်ပေါ့၊ စဉ်းစားတယ်၊ မဆင်းဘူး၊
လှည့်ပတ်ပြီး ကြည့်တယ်၊ အကဲခတ်တယ်၊ ဒါပေမယ့် လက်ထဲမှာတော့ ဓားကိုမြဲမြဲ
ဆုပ်ထားတယ်၊ အဲဒီလိုကြည့်ပြီး မဆင်းတော့ ဘီလူးက ဘာမှလုပ်လို့ မရဘူး၊ လုပ်မရတော့
သူက လာပြီးတော့ စည်းရုံးတာ၊ နောက်ကနေ ခြေသံပေးတယ်၊ လှည့်ကြည့်တော့ လူတစ်ယောက်
အသွင်ဆောင်တယ်၊
ဟာ
ခင်ဗျား ခရီးသွားနဲ့တူတယ်၊ ချွေးတွေ သံတွေနဲ့ပါလား၊ ဒီမယ်ဗျာ ရေကန်ကြီးက ရေတွေ
အေးစိမ့်လို့ပဲ ချိုးပါလား၊ သူက ဆွဲဆောင်တယ်၊ သိပ်အေးတာပဲ၊ ရေကလည်း ရေချိုဗျ၊
ချိုးပါလား သောက်ပါလား ဆိုတော့ ဘုရားလောင်းက ပြောတဲ့အကောင်ကို ကြည့်တယ်၊ ဘီလူး
ဆိုတဲ့ကောင်က နဖူးမောက်သတဲ့၊ နှာရောင်က နည်းနည်းကောက်သတဲ့၊ ဖနောင့်ကြည့်တော့
တိုတိုလေးတဲ့၊ အဲဒါကို အကဲခတ်တာ။
လူမြင်ရင်လည်း
အကဲခတ်မိပါစေနော်၊ ဒီလူရဲ့ အင်္ဂါလက္ခဏာကို အကဲခတ်တယ်၊ ဒီကောင်တော့ ဒီရေကန်စောင့်တဲ့
ဘီလူး ဖြစ်လောက်တယ်ဆိုပြီး ဓားကိုဆွဲထုတ်ပြီး “မင်း ဒီထဲစောင့်တဲ့ ဘီလူးမဟုတ်လား”
လို့ မေးတော့ ဟိုက မလိမ်ရဲဘူး၊ “ဟုတ်ပါတယ်”၊ “ငါ့ညီနှစ်ယောက် မင်း ဖမ်းထားတာ
မဟုတ်လား” လို့ ဆိုတော့ “ဟုတ်ပါတယ်”၊ “ဒါဖြင့်
ဆင်းတဲ့လူတိုင်းမင်းစားနိုင်သလား”လို့ ဆိုတော့ “မဟုတ်ဘူးတဲ့၊ သူ့ကို
ဝေဿဝဏ်နတ်မင်းကြီးက အပိုင်စား ပေးထားတာ ၊ ဆင်းတဲ့လူတိုင်းကိုတော့ မစားရဘူး၊
ဒေဝဒမ္မတရားကို
မသိတဲ့သူကိုမှ စားခွင့်ပေးထားတာ”၊ “ဒါဖြင့် မင်းက ဒေဝဓမ္မဆိုတဲ့ တရားအဖြေကို
သိချင်တယ်ပေါ့” လို့ဆိုတော့ သိချင်တယ်၊ မင်း ငါ ဟောပေးမယ်ပေါ့၊ ငါ ဟောမယ်၊
ငါအဖြေသိတယ်လို့ ပြောတော့ ကောင်းပြီ၊ အဲဒါကို သိပ်သိချင်တော့ ဟောမယ်ဆိုရင်
ဟောပါဆိုတော့ “ဒီအတိုင်းတော့ မဟောနိုင်ဘူး၊ ငါ့မှာ ချွေးတွေနဲ့ ငါအရင်
ရေချိုးရဦးမယ်”၊
ဘုရားလောင်းကလည်း
အကြပ်ကိုင်တယ်၊ သူ ရေချိုးဖို့က အရေးကြီးတယ်လေ၊ ငါ ရေလည်း ဆာလှပြီ၊ အခု
မဟောနိုင်သေးဘူး၊ ရေလည်း ချိုးချင်သေးတယ်ပေါ့၊ ဒီပုံနဲ့ ငါ မဟောနိုင်ဘူးဆိုတော့
ဟိုကရေတွေ ဘာတွေ လုပ်ပေးရတာပေါ့၊ တရားပလ္လင်တွေ ဘာတွေ ဆင်ပေးပြီးတော့မှ အဲဒီမှာ
ဘုရားလောင်းက တရားဟောတယ်။
“ဟိရီ
သြတ္တပ္ပသမ္ပန္နာ၊ သုက္ကဓမ္မသမာဟိတာ။
သန္တော
သပ္ပုရိသာ လောကေ၊ ဒေဝဓမ္မာတိ ဝုစ္စရေ။
ဟိရီနဲ့
သြတ္တပ္ပဆိုတာ ဒေဝဓမ္မပဲ၊ တခြားဟာကို ပြောတာ မဟုတ်ဘူး၊ သန္တော သပ္ပုရိသာ လောကေ၊
ဒေဝဓမ္မာတိ ဝုစ္စရေ ပညာရှိ သူတော်ကောင်တွေက ပြောကြတယ်၊ ဟောဒီ ဟိရီနဲ့ သြတ္တပ္ပကို
ဒေဝဓမ္မလို့ ခေါ်တာ၊ တခြားဟာ ခေါ်တာမဟုတ်ဘူးလို့ ဟောလိုက်တယ်။ အဲဒီမှာ ဘီလူးဟာ အဖြေမှန်ရပြီဆိုပြီးတော့
ဝမ်းသာသွားတယ်၊ တရားနာရတော့ သူ ဝမ်းသာတာပေါ့၊ ဝမ်းသာတော့ ဓမ္မပူဇာအနေနဲ့
ညီနှစ်ယောက်ထဲ တစ်ယောက်ပေးမယ်၊ လွှတ်ပေးမယ်၊ နှစ်ယောက်လုံးတော့ မပေးနိုင်ဘူး၊
ဘီလူးကလည်း ဈေးဆစ်သေးတယ်နော်။
ဓမ္မပူဇာအနေနဲ့
ညီနှစ်ယောက်ထဲက တစ်ယောက်ကို ပေးမယ်၊ ဘယ်သူ့ကို ယူမတုန်းဆိုတော့
ဘုရားအလောင်းက စဉ်းစားတယ်၊ ဘုရားအလောင်းဆိုတာ ဘာလုပ်လုပ် မစဉ်းစားဘဲ ဘာမှ
မလုပ်ဘူး၊ အဲဒီတော့ ညီနှစ်ယောက်ထဲက တစ်ယောက်က အရင်း၊ စန္ဒကုမာရက အမေတူ, အဖေတူ၊
သူရိယကုမာရ ဆိုတာ အဖေသာ တူတာ၊ အမေကွဲတယ်၊ အဖေတူ အမေကွဲ၊ ဒါကြောင့် သူက ဘယ်သူ့ ရွေးမလဲဆိုတော့
အဖေတူ အမေကွဲဖြစ်တဲ့ သူရိယကုမာရလေးကို ရွေးလိုက်တယ်။
“အငယ်
ကောင်လေးကိုပေး၊ ဓမ္မပူဇာ အနေနဲ့” ဆိုတော့ ဘီလူးကြီက “ဟား ဟား ဟားဟား” နဲ့ ရယ်ပြီး
“ခင်ဗျား ဒေဝဓမ္မတော့ သိတယ်၊ ဒါပေမယ့် ခင်ဗျား မလိုက်နာဘူး၊ လောကကျင့်ဝတ်ကို
ခင်ဗျား မလိုက်နာဘူး” တဲ့။ အဲဒီခေတ်က လောကကျင့်ဝတ်က ဘာတုံးဆိုရင် အကြီးကို
ဦးစားပေးရတယ်၊ အငယ်ကို ဦးစားမပေးရဘူး၊
“ယေ
ဝဎုာ မပစာယန္တိ၊ နရာဓမ္မဿ ကောဝိဒါ။” အကြီးကို ဦးစားပေးပါတဲ့၊
ထုံးတမ်းစဉ်လာရှိတယ်၊ အကြီးနဲ့ အငယ်မှာ ခင်ဗျားက အငယ်ကို ဦစားပေးတယ် ဆိုတော့
ခင်ဗျားက လောကကျင့်ထုံးကို မလိုက်နာဘူတဲ့၊ ဒေဝဓမ္မတော့ သိပါတယ်၊ ခင်ဗျား ဒီဘက်တော့
လိုတယ်ပေါ့။
အဲဒီကျတော့မှ
ဘုရားအလောင်းက “ငါ သိတယ်၊ ငါ မလိုက်နာတာ မဟုတ်ဘူး၊ ငါတို့ တောထဲထွက်လာရတာ
သူ့ကြောင့်မို့ ထွက်လာရတာ၊ သူ ပြဿနာကောင်၊ ဘာဖြစ်လို့တုန်းဆိုတော့ သူ့အမေက သူ့ကို
ဘုရင်မြှောက်ဖို့ အတင်းပြောလို့ တို့အဖေကနေ မင်းတို့ တောထဲ ရှောင်နေကြဦးဆိုလို့
တို့တတွေ ထွက်လာခဲ့တာ၊ ဒီကောင်က ပြဿနာကောင်ဖြစ်လို့ တောထဲမှာ ဘီလူး စားသွားတယ်လို့
ငါတို့ပြောရင် ဘယ်သူကမှ ယုံမှာ မဟုတ်ဘူး၊ ဒီကောင်ကို ဖျောက်ခဲ့တာလို့ပဲ ထင်ကြမှာ၊
ဘာဖြစ်လို့တုန်းဆိုတော့
အဖေတူ အမေကွဲ ကောင်းလေးတွေ ခေါ်သွားပြီး သတ်ပစ်ခဲ့ကြပြီးတော့ ဘီလူးစားတယ်လို့
လိမ်ပြောတယ်လို့ ငါတို့ အဲဒီလို အစွပ်စွဲခံရမှာ၊ ဒီပြဿာကို ဘယ်လိုမှ
ဖြေရှင်းလို့ရမှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့ ငါ ဒေဝဓမ္မကို သိတယ်၊ ငါ မလိုက်နာလို့
မဟုတ်ဘူး၊ ဒီလို ပြဿနာရှိလို့ ငါ အငယ်ကောင်ကို ရွေးတာ” လို့ ဖြေတော့ ဘီလူးကြီးက
သဘောကျပြီး ဒါဆိုရင် ဓမ္မပူဇာအနေနဲ့ နှစ်ယောက်လုံးပဲ ပေးပါတယ်ဆိုပြီး လွှတ်လိုက်တယ်။
ဟိရီ သြတ္တပ္ပ သဘော
ဒါကြောင့်
ဟိရီဆိုတာ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ကြည့်ပြီးတော့ ကိုယ့်ရဲ့ အရွယ်ကို ကြည့်တယ်၊
ဟိရီဖြစ်ဖို့ အကြောင်းတွေကို စဉ်းစားရမယ်၊ ကိုယ့်ကိုယ်ကို စဉ်းစားပြီးတော့
ဟိရီဖြစ်နေတယ်၊ ဘယ်လို ဟိရီဖြစ်သလဲဆိုတော့ အော် ငါ့အရွယ်နဲ့ ဒါ မလုပ်ထိုက်ဘူး၊
ဟောဒါ စဉ်းစားတာ၊ ငါ့လို ဗဟုသုတ ရှိတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဒါမလုပ်သင့်ဘူး၊
ငါ့လို အမျိုးကောင်းသား အမျိုးကောင်းသမီး ဖြစ်လျက်နဲ့ အဲဒီလို မလုပ်ထုက်ဘူး၊
ငါ့လို စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်က ဒါ မလုပ်ထိုက်ဘူး ဆိုပြီးတော့ ကိုယ့်ရဲ့
အရည်အသွေး တစ်မျိုးမျိုးကို အာရုံပြုပြီး ဟိရီကို တိုးပွားစေရမယ်တဲ့၊ မကောင်းတာ
မလုပ်ဖို့ ရှောင်ကြဉ်တဲ့ သဘောတရားတစ်ခုပဲ။
သြတ္တပ္ပကျတော့
အဲဒီလို မဟုတ်ဘူး၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို စဉ်းစားတာ၊ ဒါကြောင့်မို့ ဟိရီက ‘အဇ္ဈတ္တသမုဋ္ဌာန’
ကိုယ့်ကိုယ်ကို လေးစားပြီး ဟိရိသြတ္တပ္ပကျတော့ ‘ဗဟိဒ္ဓသမုဋ္ဌာန’ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို
ကြည့်ပြီတော့ သြတ္တပ္ပဖြစ်ရတယ်၊ နှစ်ခုလုံးကတော့ မကောင်းမှု မလုပ်တာချင်း အတူတူပဲ၊
သို့သော် စဉ်းစားပုံချင်း ကွာတယ်ပေါ့။
မစင်လူးနေတဲ့ သံပူတုံး
ကျန်းဂန်တွေမှာ
ဥပမာပေးထားတာရှိတယ်၊ သံတုံးကြီး တစ်ဖက်ကို ရဲနေအောင် မီးဖုတ်ထားတယ်၊ တစ်ဖက်ကတော့
မစင်အညစ်အကြေး လူးနေတယ်၊ အဲဒီ နှစ်ခုမှာ ဟိုဖက်က မီရဲရဲ ဖြစ်နေတယ်၊ ကိုင်ရင်
လောင်မယ်၊ အခြားတစ်ဖက်ကို ကိုင်ရင် မစင်လူးမယ်၊ လောင်မယ်နဲ့ မစင်လူးမယ်ပေါ့၊ ဘယ်ဟာ
ကိုင်မတုန်း၊ မစင်လူးမှာ ကြောက်တော့ ဟိုဖက်ကိုလည်း မကိုင်ဘူး၊ လောင်မှာ ကြောက်တော့
ဒီဖက်ကိုလည်း မကိုင်ဘူး၊ မကိုင်ဘဲနဲ့ ရှောင်ကြဉ်တာ၊
အဲဒီတော့
ဟိရီဆိုတာ မစင်လူးမှာ ကြောက်တာနဲ့ အတူတူပဲ၊ သြတ္တပ္ပဆိုတာ လောင်မှာ ကြောက်တာနဲ့
အတူတူပဲ။ နောက်ဆုံးမှာ မကောင်းမှုအလုပ်ကို မလုပ်ဖြစ်တာ အဓိကပဲလို့ ဆိုတယ်၊
ဒါကြောင့်မို့ ဒီ ဟိရီ,သြတ္တပ၌ တရားနှစ်ခုဟာ ကိုယ့်သန္တာန်မှာ မရှိသေးရင်
ရှိအောင်လုပ်ရမယ်။
ဟိရီ,
သြတ္တပ္ပ မရှိတော့ဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ အရှက်မဲ့တဲ့ ပုဂ္ဂိုလ်ဘဝရောက်ပြီး အဟိရိက၊
အနောတ္တပ္ပတွေ လွှမ်းမိုးခံရတယ်၊ I don’t care ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုပြီး
အရပ်ထဲလုပ်ချင်ရ လုပ်တာတို့၊ ပြောချင်ရာ ပြောတာတို့၊ ဖြစ်ကုန်တတက်တယ်၊
ဒါကြောင့်မို့ ဟိရီ, သြတ္တပ္ပဆိုတာ လူတော် လူကောင်းဖြစ်ဖို့ အတွက် ရေးကြီးတယ်လို့
ဒီလို ပြောတယ်။
အဲဒီတရားနှစ်ခုသည်
စိတ်ကို ဖြူစင်စေတက်တဲ့ တရားနှစ်ခုဖြစ်တယ်၊ အဟိရိက အနေတ္တပ္ပတဲ့ တရားနှစ်ခုကို
ဖယ်ရှားပစ်နိုင်တဲ့ သဘောရှိတယ်၊ ဒါကြောင့်မို့ စိတ်ဖြူစင်မှုရဲ့
အင်အားစုထဲမှာလည်းပဲ ရှေ့တန်းကရှိတဲ့ တရားနှစ်ခုလို့ ပြောရမယ်။
** ဆက်ရန် ** {အလောဘ၊ အဒေါသ၊ မေတ္တာ၊ တတြမဇ္ဈတ္တတာ}
*ကောက်နှုတ်ချက်* အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (စာ ၃၁၈- ၃၂၇) မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။
No comments:
Post a Comment