@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။
Wednesday 14 January 2015
အမှတ်စဉ်(၄၃) {အာဝဇ္ဇန်းစိတ်သည် ကြောင်ကျိုးလွတ်စိတ် ဖြစ်ပုံ၊ လူ့ဘ၀ မွေးရာပါစိတ် (၄၅)ခု၊ ဈာန်,မဂ်,ဖိုလ်စိတ်များသည် . . . }
အာဝဇ္ဇန်းစိတ်သည် ကြောင်ကျိုးလွတ်စိတ် ဖြစ်ပုံ
          အာဝဇ္ဇန်း ဆိုတဲ့ စိတ်ဟာ နှစ်ခုရှိတယ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ဆိုတာ ဒွါရ(၅)ခုမှာ တိုက်ခိုက်လာတဲ့ အာရုံကို ဦးလှည့်ပေးတဲ့စိတ်ကို ပဉ္စဒွါရာဝဇ္ဇန်း လို့ ခေါ်တယ်။
           မျက်စိနဲ့လည်း မဆိုင်၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်နဲ့လည်း မဆိုင်ဘဲ သက်သက်ပေါ်နေတဲ့ အာရုံကို ဦးလှည့်ပေးတာကို ‘မနောဒွါရာဝဇ္ဇန်း’ လို့ ခေါ်တယ်၊ မနေ့ကအဆင်း ဒီနေ့ မြင်လို့ မရဘူး၊ မနေ့က အသံ ဒီနေ့ ကြားလို့ရသေးလား၊ မရဘူး၊ တွေးလို့တော့ ရတယ်၊ အဲဒါ မနောဒွါရာဝဇ္ဇန်းက တွေးတာ၊ သူက တံခါးဖွင့်ပေးတာ၊ ဟိုနှစ်က အာရုံကိုလည်း တံခါးဖွင့်ပေးတယ်၊ စိတ်ကူးထဲမှာ ၀င်လာရင် သူက တံခါးဖွင့်ပေးလိုက်တယ်။
          အဲဒီ အာဝဇ္ဇန်း နှစ်ခုသည် ‘နေ၀ ကုသလာ၊ နာကုသလာ’ - ကုသိုလ်လည်း မဟုတ် အကုသိုလ်လည်း မဟုတ်ဘူး၊ ‘န စ ကမ္မ၀ိပါကာ’ - ကံရဲ့ အကျိုးတရားလည်း မဟုတ်ဘူး၊ ကြိယာသက်သက် function အလုပ်တစ်ခုကို လုပ်တာ၊ ဘယ်သူ့ရဲ့ စွမ်းအားနဲ့ လုပ်တာလဲဆိုရင် အာရုံနဲ့ဝတ္ထု ဆုံးဆည်းမှု စွမ်းအားနဲ့ လုပ်တာလို့ ပြောရမယ်၊ ဒါကြောင့် အာဝဇ္ဇန်းစိတ် ၂-ခုသည် ကြောင်းကျိုးလွတ်တဲ့စိတ် ကြိယာစိတ်သာ ဖြစ်တယ်။
လူ့ဘ၀ မွေးရာပါစိတ် (၄၅)ခု
                   ခုန (၂၃)ခု၊ ယခု ဒီနှစ်ခု ထည့်လိုက်တော့ (၂၅)ခု ဖြစ်သွားတယ်၊ ဒါဘုန်းကြီးတို့တစ်တွေ မွေးရာပါ စိတ်တွေနော်၊ အလွယ်တကူ မှတ်ရမယ်၊ အကုသိုလ်စိတ်ကလေး (၁၂)ခု ထည့်လိုက် ဘယ်လောက်ဖြစ်သွားလဲ၊ (၃၇)ခု ဖြစ်သွားတယ်၊ တစ်ခါတစ်ရံ စိတ်ကောင်း နှလုံးကောင်းလေး မွေးတဲ့အခါကျတော့ မဟာကုသိုလ်စိတ် (၈)ခု ဖြစ်သွားတယ်၊ ဒါနကောင်းမှုပြုတဲ့အခါ၊ သီလ ဆောက်တည်တဲ့အခါ၊ တရားနာတဲ့အခါဖြစ်တဲ့ ကုသိုလ်စိတ်တွေပါ၊ အဲဒီ(၈)ခု ထည့်လိုက်ရင် (၄၅)ခု ဖြစ်သွားတယ်၊ မွေးရာပါလာတဲ့ စိတ်ဟာ ဒီ(၄၅)ခုသော စိတ်နဲ့ပဲတဲ့။
(၄၅)ထဲမှာ အဖြစ်များတာက ကုသိုလ်(၁၂)နဲ့ (၂၅)ခုသော စိတွေပဲ အဖြစ်များတယ်၊ မဟာကုသိုလ်စိတ်(၈)ခုက တစ်ခါ တစ်ရံမှသာ ဖြစ်တာ၊ ကျန်တဲ့စိတ်တွေက အမြဲတမ်းလိုလို ဖြစ်နေတာ၊ လူ့သန္တာန်မှာ (၄၅)ပဲ ရှိတာ၊ စိတ်(၈၉)ခုလုံး ရှိတာ မဟုတ်ဘူး။
ဈာန်,မဂ်,ဖိုလ်စိတ်များသည် မွေရာပါစိတ်များ မဟုတ်ကြ
                   သမထကျင့်စဉ်အရ ဈာန်တရားတွေ အားထုတ်လိုက်ကြပြီ ဆိုရင်တော့ ပထမဈာန် ရနိုင်မယ်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန် ရမယ်၊ အဲဒီအခါ ရူပါဝစရ ကုသိုလစိတ်တွေ ဖြစ်ပြန်ရော၊ အဲဒါက ရနေတဲ့အခိုက်မှာ ဖြစ်ပေါ်တာ၊ ဒီဈာန်စိတ်တွေ ဖြစ်လာတာက ပညာသင်လို့ တက်လာတဲ့ သဘောမျိုး၊ ကြိုးစားလို့ ရလာတာနော်၊ မွေးရာပါ မဟုတ်ဘူး၊ ဒီလိုရနိုင်တာလည်း ဉာဏ်ပါတဲ့ သန္ဓေစိတ်နဲ့မှ ရနိုင်တာ၊ ဉာဏ်မပါရင် အဆင့်မမှီဘူး၊ ဉာဏ်မပါတဲ့စိတ်နဲ့ မရနိုင်ဘူး။
                   မိဘလက်ထက်က တစ်ပြားမှ မရှိဘူး၊ သူ့လက်ထက် ကိုယ်တိုင် ကြိုးစားအားထုတ်လို့ ချမ်းသာလာတဲ့ လူများလိုပေါ့၊ လူချမ်းသာ ဖြစ်သွားတာ၊ သူ ကြိုးစားလိုက်လို့ မိဘလက်ထက်က ကုန်းကောက်စရာ မရှိရာကနေ လူချမ်းသာ ဖြစ်သွားတဲ့ လူတွေ မရှိဘူးလား၊ အခြေခံကောင်း အသိဉာဏ်ကောင်းတဲ့ လူတစ်ယောက်ဟာ ကြိုးစားလိုက်တဲ့အခါ ရလာတယ်။
                   ယခုလည်းပဲ ဉာဏ်နဲ့ယှဉ်တဲ့ သန္ဓေစိတ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဈာန်တရား အားထုတ်ရင် ဈာန်စိတ်တွေ ရတယ်၊ ရူပါဝစရကုသိုလ် ရမယ်၊ အရူပါဝစရကုသိုလ် ရမယ်၊ ရတဲ့အတိုင်း သူ့မှာ စိတ်တွေ တိုးလာတယ်၊ ၀ိပဿနာတရား အားထုတ်ရင် မဟာကုသိုလ်စိတ်တွေချည်းပဲ၊ ၀ိပဿနာဆိုတာ မဟာကုသိုလ်စိတ် ဉာဏသမ္ပယုတ် အားလုံးကိုပဲ ခေါ်တယ်။
                   နောက်ဆုံး ၀ိပဿနာအဆင့်မြင့်သွားလို့ မဂ်စိတ် ပေါ်လာပြီဆိုရင် မဂ်စိတ်က ထုတ်လွှတ်တဲ့ ဖိုလ်စိတ် ပေါ်လာပြီးဆိုရင် တော့ ကြိုးစားလို့ရလာတဲ့ အကျိုးအမြတ်သာ ဖြစ်တယ်၊ အဲဒီ စိတ်တွေက လူတိုင်းမှာ ရတာမဟုတ်ဘူး၊ နေ့စဉ်ဘ၀မှာ လည်း ရှိနေတာ မဟုတ်ဘူး၊ ပထမဈာန်စိတ်ဆိုတာ အိပ်နေတုန်း ရှိနေတာမဟုတ်ဘူး၊ သောတာပန်ဖြစ်လို့ သောတာပတ္တိဖိုလ်စိတ် ဆိုတာ အိပ်နေတုန်း ရှိနေတာ မဟုတ်ဘူး၊ ပြောရင်တော့ ပေါ်စိတ်တွေပေါ့၊ ကမ္မဋ္ဌာန်း အားထုတ်မှ ပေါ်လာတဲ့တရားတွေပါ၊ တရားထိုက်တဲ့ အခိုက်လေးမှာ ပေါ်လာတယ်။
 ကြိယာစိတ်
                  မြတ်စွာဘုရား သမာပတ်ဝင်စားတဲ့ အခိုက်ကလေးမှာ ဈာန်ဝင်စားရင် ဈာန်စိတ်ဖြစ်တယ်၊ ဖိုလ်ဝင်စားရင် ဖိုလ်စိတ်ဖြစ်တယ်၊ သာမန်နေတဲ့အခါမှာ မဖြစ်ဘူး၊ သာမန်အခါမှာ သာမန် စိတ်နဲ့ပဲ နေတယ်၊ ဈာန်ဝင်စားတဲ့အခါ ဈာန်စိတ် ဖြစ်တယ်၊ အဲဒီဈာန်စိတ်ဟာ ကြိယာစိတ် သက်သက်ဖြစ်တယ်၊ ကြိယာစိတ်တွေက ပုထုဇဉ်နဲ့ မဆိုင်ဘူး၊ သာမန်ပုဂ္ဂိုလ်တွေရဲ့ စိတ်ဖြစ်ရင် မဟာကုသိုလ်၊ မဟာကုသိုလ်စိတ်ကိုပဲ ကိလေသာ ကုန်ခန်းသွားတဲ့ ပုဂ္ဂိုလ်တွေမှာဖြစ်ရင် ‘မဟာ ကြိယာစိတ်’ လို့ ခေါ်လိုက်တာ။
                  ထို့အတူပဲ၊ ဈာန်ရသွားတဲ့ ရဟန္တာပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဖြစ်တဲ့ ရူပ၀စရကုသိုလ်စိတ်ကိုပဲ ရူပ၀စရကြိယာစိတ်လို့ ခေါ်လိုက်တာ ပုထုဇဉ်သေက္ခဆိုရင် အရူပဈာန်ရသွားက ‘အရူပါသစရကုသိုလ်’၊ ရဟန္တာသန္တာန်မှာဖြစ်ရင် ‘အရူပကြိယာစိတ်’၊ မဟဂ္ဂုတ်ကုသိုလ်ဖြစ်လျှင် ‘မဟဂ္ဂုတ်ကြိယာစိတ်’ လို့ ခေါ်လိုက်တာပဲ။
                  အာဝဇ္ဇန်းဒွေးမှလွဲရင် ကျန်တဲ့ ကြိယာစိတ်ဟာ ရဟန္တာသန္တာန်မှာ ဖြစ်တာကို ခေါ်တာ၊ ရဟန္တာမှာ ကိလေသာ မရှိတော့လို့ ကုသိုလ်လို့ မခေါ်တော့ဘူး၊ ကုသိုလ်နဲ့ အကုသိုလ်ဆိုတာ အမြဲတိုက်ခိုက်နေတာ၊ ရဟန္တာကျတော့ တိုက်ခိုက်စရာ မလိုတော့လို့ ကုသိုလ်ဆိုတဲ့ နာမည်မပေးတော့ဘဲ ကြိယာဆိုတဲ့ နာမည်ပေးတာ၊ ကြိယာဆိုတာ ဆောက်ရွက်ရုံသက်သက်ပဲ၊ အလုပ် ဖြစ်ရုံလေးပဲ ရှိတယ်၊ ဘာမှ ကံအရာ မမြောက်တော့ဘူး။
ကိလေသာရှိမှ ကံဖြစ်ပုံ
                  ကံဆိုသည်မှာ ကိလေသာရှိတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဖြစ်တာ၊ ကိလေသာ မရှိတော့ရင် ကံအရာ မမြောက်တော့ဘူး၊ ကောင်းတာလုပ်လည်း ကုသိုလ်ကံက မဖြစ်တော့ဘူး၊ မကောင်းတာကိုတော့ မလုပ်ကြတော့ဘူးပေါ့။ 
ကုသိုလ် အကုသိုလ်တို့ရဲ့ အကြောင်းတရား
                  ကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ်က ဘာကြောင့်ဖြစ်သလဲ၊ အတိတ်ဘ၀က ကံကြောင့်ဖြစ်တာ မဟုတ်ဘူး၊ ဘာက ကုသိုလ်ဖြစ်အောင် လုပ်သလဲ၊ ဘာက အကုသိုလ်ဖြစ်အောင် လုပ်သလဲ ဆိုရင် အာဝဇ္ဇန်းနဲ့ ၀ုဋ္ဌောစိတ်တွေက မှန်မှန်ကန်ကန် နှလုံးသွင်းခြင်းဆိုတဲ့ ယောနိသော မနသိကာရဖြစ်ခြင်း ကုသိုလ်ဖြစ်သွားတယ်၊ အယောနိသော မနသိကာရ မသင့်မတင့် နှလုံးသွင်းရင် အကုသိုလ်ဖြစ်ရော၊ သူတို့ဟာ အဓိကပဲ၊ “ယေ ကေစိ ကုသလာဓမ္မာ သဗ္ဗေ တေ ယောနိသောမနသိကာရ မူလကာ’၊ ကုသိုလ်တရားမှန်သမျှတွေဟာ မှန်မှန်ကန်ကန် နှလုံးသွင်းဖြင်းလို့ ခေါ်တဲ့ ယောနိသေ မနသိကာရသာလျှင် အကြောင်းရှိကြပါတယ်၊ ယောနိသော မနသိကာရနော်၊ မျက်စိက မြင်တဲ့ အာရုံပေါ်မှာ အသင့်အတင့် နှလုံးသွင်းရင်၊ အကုသိုလ် မဖြစ်အောင် နှလုံးသွင်းတာကို ယောနိသော မနသိကာရလို့ ပြောတာ၊ နားက ကြားတဲ့အသံ၊ နှာခေါင်းက နံတဲ့အပေါ် ဒီလို နှလုံးသွင်း မှန်လို့ရှိရင် ကုသိုလ်စိတ် ဖြစ်တယ်၊ ကုသိုလ်ဇော စောတယ်၊ ကုသိုလ်နဲ့ အကုသိုလ်ကို ဇောလို့မှတ်။        
စိတ်တို့၏ ဖြစ်စဉ်
                  ပထမဆုံး မွေးရာပါ စဖြစ်တာက ၀ိပါတ်စိတ်တွေ ဖြစ်တယ်၊ ၀ိပါတ်စိတ်ကလည်း နှစ်မျိုး၊ အခြေခံစိတ်နဲ့  နောက်မှ ပေါ်တဲ့ ၀ိပါတ်စိတ်က တစ်မျိုး၊ ပြီးတော့ အာဝဇ္ဇန်းစိတ် နှစ်ခု ဖြစ်တယ်၊ အာရုံနဲ့ဝတ္ထု တိုက်ခိုက်မှုကြောင့် ဖြစ်လာတယ်၊ အာဝဇ္ဇန်းကို အကြောင်းပြုပြီး ကုသိုလ်ပေါ်တယ်၊ အကုသိုလ်ပေါ်တယ်။
                  လူ့ဘ၀မှာ ပထမအခြေခံက ပဋိသန္ဓေစိတ်ပဲ ကံတရားက ပေးလိုက်တာ ပဋိသန္ဓေစိတ်ကို ပေါ်လိုက်တာ၊ ပေးလိုက်တဲ့ အခါကျတော့ ပဋိသန္ဓေစိတ် ပေါ်လာတယ်၊ ပေါ်လာတဲ့အခါ ပဋိသန္ဓေစိတ်နောက် ပ၀တ္တိအခါမှာ ကံကဆက်ပြီး ထုတ်လုပ်တဲ့ ဘ၀င်စိတ် ပေါ်တယ်၊ ပ၀တ္တိအခါမှာ ဆက်ပြီး ထုတ်လုပ်တဲ့အခါ ပစ္စုပ္ပန်အကြောင်းတရားတွေနဲ့ ပေါင်းပြီးမှ ထုတ်လုပ်ပေးတာ။
                  စက္ခုဝိညာဏ်စိတ်ဆိုတာ သူ့ဟာသူ အမြဲပေါ်တာ မဟုတ်ဘူး၊ မျက်စိနဲ့ ရူပါရုံ ဆုံလိုက်မှပေါ်တာ၊ ပစ္စုပ္ပန်အကြောင်းလို့ ခေါ်တယ်၊ ယခုလောလောဆယ် အကြောင်းကြောင့် ဖြစ်တာ၊ အာရုံကို ဆင်ခြင်တဲ့ အာဝဇ္ဇန်းဆိုတဲ့ စိတ်ပေါ်လို့ တိုက်ခိုက်မှုကြောင့် သူ ပေါ်လာတာ၊ ပေါ်လာတဲ့အာရုံကို ယောနိသော၊ အယောနိသောဆိုတဲ့ သူ့ ဆင်ခြင်ပေးမှုပေါ်မှာ ကုသိုလ်ဇော၊ အကုသိုလ်ဇော ဒီလို ဖြစ်သွားတယ်၊ ဒါ စိတ်ရဲ့သဘာဝ၊ စိတ်ဆိုသည်မှာ အာရုံကို သိတက်သော သဘောတစ်မျိုးတည်းသာ ရှိတယ်။
                  ဒါဖြင့် စိတ်(၈၉) အကျယ်(၁၂၁)ခွဲတာ၊ ၀ိပါတ်(၂၃)လို့ ဘာကြောင့် ခွဲတာလဲဆိုရင် အခြေအနတွေကြောင့်ခွဲတာ၊ ဖြစ်ပေါ်လာတဲ့နရာ မတူ၊ အကြောင်းတရား မတူ၊ ဖြစ်ချိန် မတူလို့ ခွဲသွားတယ်၊ စက္ခုဝိညာဏ်စိတ်ဖြစ်ပြီးမှ သမ္ပဋိစ္ဆိုင်းဆိုတာ ဖြစ်ရမယ်၊ သမ္ပဋိစ္ဆိုန်း ဖြစ်ပြီးမှ သန္တီရဏ ဖြစ်ရတယ်၊ အဆင့်ဆင့် ဒီလိုဖြစ်ပုံချင်း မတူတဲ့အတွက်ကြောင့် အမျိုးအမည် ကွဲပြားခြားနားသွားတယ်၊ စိတ်မှန်သမျှ အာရုံကို သိခြင်းသဘောမှ လွဲပြီး တခြားဘာမှ မရှိဘူး၊ ကောင်းဆိုးဝေဖန်တာ မဖြစ်ဘူး၊ သိရုံပဲ သိတယ်၊ စေတသိက်တွေနဲ့ ပေါင်းတဲ့အခါ  စိတ်စွမ်းအား တွေက ဒီထက် တိုးတက်လာပါတယ်။
                  ဒီကနေ့ စိတ်ရဲ့အခြေခံ သဘောတရားများကို ရှင်းလင်း ဟောကြားပြီးလို့ စိတ်ကို လေ့လာသုံးသက်ခြင်း အကြောင်းတရားကို နိဂုံးချုပ်ပါပြီ၊ နောက်ထပ် ဆက်လေ့လာကြပါ၊ စိတ် အကြောင်းကို သိပြီးတဲ့အခါ တို့ရဲ့ နှလုံးသားထဲ ဦးနှောက်ထဲမှာ စိတ်ဆိုတာ ရှိပြီးနေတာ မဟုတ်ဘူး၊ ဆိုင်ရာဆိုင်ရာ အကြောင်းရှိမှ ဖြစ်တာ၊ လောကမှာ သတ္တ၀ါလို့ ခေါ်စရာ တစ်ခုမှ မရှိဘူး၊ သူ့ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားက ထုတ်လုပ်တဲ့ အကျိုးဆိုကာမျှသာ ရှိတာကို ကိုယ်စီကိုယ်စီ သဘောကျပြီး တရားထူး တရားမြတ်များရှိရှိကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေကုန် သတည်း။
 “ သာဓု - သာဓု -  သာဓု ”
** ဆက်ရန် **  အခန်း(၅) စိတ်ကို အမှီပြု အင်အားစုများ မှ - စေတသိက်တရား၊ အညသမာန်းစေတသိက်၊ ၈-မျိုးပါတဲ့ တစ်ခု၊ ဆောင်ရွက်မှုချင်းမတူ၊ ပေါင်းဆုံမှ အလုပ်ဖြစ်
*ကောက်နှုတ်ချက်*
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (စာ ၂၀၇-၂၁၄)  မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။
No comments:
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။
Gold price estimated