@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 14 January 2015

အမှတ်စဉ်(၄၄) {စေတသိက်တရား၊ အညသမာန်းစေတသိက်၊ ၈-မျိုးပါတဲ့ တစ်ခု၊ ဆောင်ရွက်မှုချင်းမတူ၊ ပေါင်းဆုံမှ အလုပ်ဖြစ်}

အခန်း(၅)
စိတ်ကို အမှီပြု အင်အားစုများ

 စေတသိက်တရား
                   စိတ်ကို အမှီပြုအင်အားစုများ ဆိုတာ စေတသိက်များပဲ ဖြစ်ပါတယ်၊ စေတသိက်ဆိုတာ စေတသိက-စိတ်ကို မှီပြီနေတဲ့ သဘောဝတရားလို့ အဓိပ္ပါယ်ရတယ်၊ စိတ်ကို အမှီပြုဖြစ်တယ် ဆိုတာ စိတ်နှင့်စပ်ပြီး ဖြစ်နေတာ၊ စိတ်မဖြစ်ရင် သူတို့ ဖြစ်လို့ မရဘူး၊ စိတ်နဲ့အတူတကွ ဖြစ်လို့ စိတ်ကို မှီပြီးတော့ ဖြစ်ရတာ ဖြစ်သောကြောင့် စေတသိက၊ ထိုစေတသိကကိုပဲ စေတသိက်လို့ မြန်မာမှု ပြုထားတာ၊ အဲဒီတော့ ဒီ စေတသိကဆိုတဲ့ စကားလုံးမှာ စေတ-ဆိုတဲ့ စကားလုံးနဲ့ စိတ္တ-ဆိုတဲ့ စကားလုံး နှစ်ခုဟာ အဓိပ္ပါယ် တူတယ်လို့ မှတ်ရမယ်။

                   စိတ်ကို ရည်ညွှန်းတဲ့ စကားလုံးတွေထဲမှာ “စေတ” ဆိုတာလည်း စိတ်ကို ရည်ညွှန်းတယ်၊ “စိတ္တ” ဆိုတာလည်း စိတ်ကိုရည်ညွှန်းတယ်၊ မန လို့ ဆိုတာလည်း စိတ်ကို ရည်ညွှန်းတယ်၊ ၀ိညာဏ လို့ ဆိုတာလည်း စိတ်ကိုပဲ ရည်ညွှန်းတယ်၊ အားလုံး စိတ်ရဲ့ ဝေါဟာရတွေပေါ့၊ စေတသိက- စိတ်ကို အမှီပြုပြီး ဖြစ်လာတဲ့ တရားတွေ၊ အဲဒီ တရားတွေဟာ ၅၂-မျိုး ရှိတယ်၊ ဒီကနေ့ စိတ်ကို အမှီပြုပြီးတော့ စိတ်ရဲ့ အာင်အားစုများဖြစ်တဲ့ စေတသိက် ၁၃-မျိုး ရှိတယ်၊ အဲဒီ ၁၃-မျိုးကို အညသမာန လို့ အမည်ပေးထားတယ်၊ တခြားတစ်ပါး မိမိမှီရာ တရားတွေနဲ့ အလားတူတယ်လို့  အဓိပ္ပါယ်ရတယ်၊ အဲဒီစေတသိက် ၁၃-မျိုးကို “အညသမာန်းစေတသိက်” လို့ ဒီလိုပဲ မှတ်ကြမယ်။

အညသမာန်းစေတသိက်
                   အည-ဆိုတာ အခြားတစ်ပါး၊ သမာန-ဆိုတာ တူတာ၊ ဆိုလိုတာက ကောင်းနဲ့တွဲရင် အကောင်းဖြစ်တယ်၊ အဆိုးနဲ့တွဲရင် အဆိုးဖြစ်တယ်၊ ဘယ်အရာနဲ့ပဲတွဲတွဲ အကောင်းအဆိုး ဒီနှစ်မျိုးစလုံး လိုက်လျောညီထွေဖြစ်တဲ့ စေတသိက်တွေလို့ ပြောတာနော်၊ အဲဒီ အညသမာနဆိုတဲ့ ဒီစေတသိက် ၁၃-မျိုးထဲမှာ ထပ်ပြီတော့ ခွဲလိုက်တယ်။

                   သဗ္ဗစိတ္တသာဓာရ စေတသိက်က (၇)ခု၊ သဗ္ဗစိတ္တ- စိတ်အားလုံးနဲ့၊ သာဓာရဏ- ဆက်ဆံတဲ့ စေတသိက်တဲ့၊ ပကိဏ္ဏ က စေတသိက်က (၆)ခုတဲ့၊ ပကိဏ္ဏ- တချို့စိတ်နဲ့ တွဲတယ်၊ တချို့စိတ်နဲ့ မတွဲဘူး၊ ပုံမှန်မရှိတဲ့ စေတသိက်။ စိတ်နှင့်ယှဉ်မှု အစုပြုတဲ့အခါမှာ လွယ်ကူမှုရှိအောင် ဒီလို ခွဲခြားချက်ကလေးတွေနဲ့ သတ်မှတ်ထားတာနော်။

၈-မျိုးပါတဲ့ တစ်ခု
                   စိတ်ဖြစ်တိုင်း စိတ်ဖြစ်တိုင်း စေတသိက် ၇-ခုက ပါတယ်၊ စေတသိက်မပါဘဲနဲ့ စိတ်ချည့်မဖြစ်ဘူး၊ ဒါကြောင့် မို့ စေတသိက်တွေဟာ စိတ်ရဲ့ အင်အားစုတွေပဲ၊ စိတ်ဆိုသည်မှာ အာရုံကို သိတက်တဲ့ သဘောလေး တစ်ခုတည်းသာ ရှိတယ်၊ အဲဒီ အာရုံကို သိတက်တဲ့သဘောကို မှီပြီးတော့ ဖြစ်တဲ့ စေတသိက်က ၇-ခု၊ စိတ်က ၁-ခု၊ စေတသိက်က ၇-ခု၊ စုပေါင်းလိုက်တဲ့အခါ ၈-ခု၊ အဲဒီ ၈-ခုသည် ခွဲလို့ မရတဲ့ ၈-ခု၊ ခုခေတ်ဆို  လို့ရှိရင် 8 in 1 ပေါ့၊ ၈-ခုကိုမှ တစ်ခုဖွဲ့ထားတာလို့ ပြောတာ။

                   ရုပ်အကြောင်း ပြောတုန်းကလည်း အတူတူပဲ၊ ရုပ်ရဲ့ အင်းအားစုတွေက ၈-ခု၊ ရှစ်ခုနဲ့ ဖွဲ့စည်းထားတာ၊ တစ်မျိုးတည်း မဟုတ်ဘူး၊ ဘာဖြစ်လို့ ရှစ်ခုလို့ ပြောရတာတုန်းဆိုရင် သူတို့ရဲ့ သဘာဝလက္ခဏာတွေက တစ်ခုနဲ့ တစ်ခု မတူညီကြဘူး၊ ဒါကြောင့်မို့ ၈-မျိုး, ၈-ခု ဒီလို တွက်တာနော်၊ လက္ခဏာ Characteristic ချင်း မတူဘူး၊ Function ချင်းလည်း မတူဘူး၊ မတူတဲ့ သဘာဝတွေ ပေါင်းစပ်ပြီး ထားတာ၊ တူတာချည်းပဲ ဆိုရင် အလုပ်ဖြစ်ချင်မှ ဖြစ်မှာ၊ မတူတာတွေ ပေါင်းထားတယ် ဆိုတာ ဘုန်းကြီးတို့ ခန္ဓာကိုယ်ထဲမှာပဲ ကြည့်၊ မျက်စိတဲ့၊ နားတဲ့၊ နှာခေါင်းတဲ့၊ လျှာတဲ့၊ ကိုယ်တဲ့၊ တူရဲ့လား၊ မတူဘူး။

ဆောက်ရွက်မှုချင်း မတူ
                   မျက်စိရဲ့ Function က မျက်စိရဲ့ ဆောင်ရွက်မှုက အဆင်းအာရုံကို မြင်တာ၊ သို့သော် အသံမကြားနိုင်ဘူး၊ အနံ့လည်း မရှူနိုင်ဘူး၊ အရသာလည်း မသိဘူး၊ ဟုတ်ရဲ့လား၊ အရသာ မသိလို့၊ တစ်ခါတရံ ချိုတယ်ထင်ပြီး သောက်လိုက် ချဉ်တာတွေနဲ့ တွေ့နေတယ်၊ မျက်စိက ကြည့်ရုံနဲ့တော့ မသိဘူး၊ သို့သော် စိတ်က မှတ်သားထားသည့် အတွက်ကြောင့် ဒါမျိုးဆိုရင် အချိုပဲ၊ ဒါမျိုးဆိုရင် အချဉ်လို့ ဆိုတာတော့ နည်းနည်းပါးပါး ခန့်မှန်းလို့ ရတယ်ပေါ့၊ အဲဒီ ခန့်မှန်းချက်က တစ်ခါတရံ လွဲသွားတက်သေးတယ်နော်။

                   တကယ် အရသာကို လျှာနဲ့မှ သိတာလို့ ဒီလို မှတ်ရတယ်၊ ခန္ဓာကိုမှာလည်း ကြည့်၊ မတူတဲ့ သဘာဝတွေ ပေါင်းစုထားတာနော်၊ ထို့အတူပဲ ရုပ်ခန္ဓာက မတူတာတွေ စုထားသလို စိတ်မှာလည်း မတူတာတွေ စုထားတယ်၊ စိတ်လို့ တစ်လုံးတည်း ပြောနေတာ။ အနည်းဆုံး ၈-ခု စုထားတယ်၊ ဒီထက် ပိုများဖို့ပဲ ရှိတယ်၊ ၈-ခုအောက် လျှော့တာမရှိဘူး၊ ၈-ခု စုထားမှ သူက အလုပ်ဖြစ်တယ်၊ တစ်ခုနဲ့ တစ်ခု သွင်ပြင် လက္ခဏာနဲ့ ဆောင်ရွက်ပုံချင်း မတူကြတာကိုး။

                   ကားပဲ ကြည့်ပါဦး၊ ပစ္စည်းတွေ အများကြီး စုထားတာ မဟုတ်လား၊ အကြမ်းဖျင်းပြောရင် ကားဘော်ဒီ ရှိရတယ်၊ ဘီးရှိရတယ်၊ အင်ဂျင် ရှိရတယ်၊ ဓာတ်ဆီ ရှိရတယ်၊ မောင်းဖို့ဆိုရင် ဒရိုင်ဘာ ရှိရတယ်၊ အကုန်လုံးပေါင်းမှ ကားက သွားလို့ရတာနော်၊ တစ်ခုခု ပျက်နေတယ်ဆိုလို့ရှိရင် သွားလို့ မရဘူး၊ နောက်ဆုံးမှာ ၀ါယာကြိုးလေး တစ်ချောင်း ပြုတ်နေတယ် ဆိုရင်တောင် ကားစက်နှိုးလို့ရမှာ မဟုတ်ဘူး၊ ဒါတွေ အကုန်ပေါင်းလိုက်မှ အလုပ်ဖြစ်တာ၊ တစ်ခုနဲ့တစ်ခု တူလားလို့ ဆိုတော့ မတူကြဘူး၊ မတူတာတွေ ပေါင်းထားတာ။

                   ထို့အတူပဲ စိတ်မှာလည်း မတူတာတွေ ပေါင်းထားတဲ့ ၈-ခုဆိုတာ သိအောင် ကြိုးစားရမယ်၊ အဲဒီ စိတ်တိုင်းမှာ ပါဝင်နေတာ ၇-ခု၊ တချို့စိတ်တွေမှာ ပါပြီး၊ တချို့စိတ်တွေမှာ မပါတာက ၆-ခု ပေါင်းလိုက်တော့ ၁၃-ခု၊ အဲဒီ ၁၃-ခုကို အကောင်းလို့လည်း ပြောလို့မ၇ဘူး။ အဆိုးလို့လည်း ပြောလို့ မရဘူး၊ သဘာဝစိတ်ရဲ့ အင်းအားစုတွေပဲ၊ အဆိုးလို့လည်း ပြောလို့ မရဘူး၊ သဘာဝစိတ်ရဲ့ အင်အားစုတွေပဲ၊ သူတို့နဲ့ ယှဉ်တွဲနေတဲ့ စိတ်ကို စိတ်ကောင်းလို့လည်း ပြောလို့ မရဘူး၊ စိတ်ယုတ်လို့လည်း ပြောလို့မရဘူး။

ပေါင်းစုံမှ အလုပ်ဖြစ်
                   သို့သော် သူတို့မပါလို့ရှိရင် စိတ်ဆိုတာ အာရုံသိမှုက လွဲလို့ တခြား ဘာကိုမှ ဆောင်ရွက်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး၊ စိတ်ရဲ့ လုပ်ဆောင်ချက်တွေဟာ ဟောဒီ စေတသိက်တွေနဲ့ တွဲဖက်တော့မှ ဆောင်ရွက်လို့ ရတယ်။

                   ဘုန်းကြီးတို့ရဲ့  ရုပ်ခန္ဓာကိုယ်ကြီး ကြည့်၊ ခြေထောက်ပါရတယ်၊ လက် ပါရတယ်၊ ခေါင်း ပါရတယ်၊ အကုန်လုံးပေါင်းစပ်မှ သွားတာလို့, စားတာတို့ ဖြစ်တာ မဟုတ်လား၊ ကိုယ့်ဘာသာကိုယ် အသေးစိတ် စဉ်းစားကြည့်၊ ပါးစပ်တစ်ခုတည်း ရှိလို စားလို့မရဘူးနော်၊ လက်က ယူပေးရတယ်၊ လက်က ယူပေးတာ ပါးစပ်က ဖွင့်မပေးဘူးဆို မရပြန်ဘူး၊ ပါးစပ်က အနီးရောက်မှ ဖွင့်ပေးရတယ်၊
ပါးစပ်ထဲထည့်လိုက်လို့ သွားက ၀ါးမပေးပြန်ဘူးဆိုတော့လည်း မရပြန်ဘူး၊ ၀ါးတော့ဝါးတယ်၊ လျှာက နေပြီးတော့ လှည့်မပေးဘူးဆိုတော့လည်း မရပြန်ဘူး၊ သဘာဝတွေက အကုန်လုံး စုပေါင်းပြီး စက်ရုံကြိးလိုပဲ တစ်ခုပြီးတစ်ခု၊ တစ်ခုပြီးတစ်ခု ဆက်စပ်လုပ်နေတဲ့ သဘာဝတွေ၊ ကိုယ့်ခန္ဓာကိုယ်တွင်ပဲ ကြည့်လိုက်ပေါ့။


** ဆက်ရန် ** အခန်း(၅) စိတ်ကို အမှီပြု အင်အားစုများ မှ - {ခွဲခြမ်းစိတ်ဖြာသိခြင်း အကျိုး၊ သဗ္ဗစိတ္တသာဓာရဏ၊ ဆောင်ရွက်မှုကိစ္စများ}
*ကောက်နှုတ်ချက်* အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (စာ ၂၁၅-၂၂၀)  မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated