@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 14 January 2015

အမှတ်စဉ်(၄၉) {ပကိဏ္ဏကစေတသိက် ၆-ခု၊ ဝိတက္က၊ မှားတဲ့အတွေး ၃-မျိုး၊ မှန်ကန်တဲ့အတွေး၊ ဝိတက်ရဲ့စွမ်းအား၊ ဝိတက်ကို လျှော့နည်း}



ပကိဏ္ဏကစေတသိက် ၆-ခု

          စိတ်တွေဟာ တစ်ခုနဲ့တစ်ခု မတူတက်ဘူး၊ ခုနက အာဝဇ္ဇန်းဆိုတဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကျတော့ စက္ခုဝိညာဏ်ထက် စေတသိက် ပိုတယ်၊ ပဉ္စဒွါရာဝဇ္ဇန်းအစရှိတဲ့ စိတ်တွေမှာ စေတသိက်တွေ ပိုလာတယ်၊ ပကိဏ္ဏကစေတသိက်တွေ ပါလာတယ်၊ ပကိဏ္ဏကစေတသိက်က ၆-မျိုးရှိတယ်၊ ဝိတက္က၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ။

ဝိတက္က

          အချို့ စိတ်တွေမှာ တစ်ခါတစ်ရံမှ ပါတဲ့ ပကိဏ္ဏက စေတသိက် ၆-ခုထဲက ဝိတက္က တဲ့၊ ဝိတက္ကဆိုတာ မြန်မာတွေက ဝိတက် ဝိတက်နဲ့ ခေါ်တဲ့အရာ၊ အင်္ဂလိပ်လို ပြန်တော့ Thouht စိတ်ကူးတယ်၊ ကြံစည်တယ်တဲ့၊ စိတ်ကူးတယ်၊ ကြံစည်တယ်ဆိုတာ ဘာလုပ်တာတုံးလို့ မေးရင် ဘယ်လိုပြောမလဲ၊ ဘယ်လို ထပ်ရှင်းမတုံး။

           စိတ်ကူးတယ်” ဆိုတာ စိတ်ကလေးက အာရုံပေါ်မှာ ကူးသွားအောင် လုပ်ပေးနေတာကို ပြောတာ၊ စိတ်ကလေးကို အာရုံပေါ်မှာ တင်ပေးနေတာကို ပြောတာ၊ ဒါကြောင့်မို့ ဝိတက် ကို အာရောဟဏလက္ခဏာ စိတ်ကို အာရုံပေါ်မှာ ပို့တင်ပေးတာ၊ စိတ်ကို အာရုံပေါ်ရောက်အောင် တွန်းတင်တာ၊ အဲဒါကို ‘ဝိတက်’ လို့ ခေါ်တယ်။

         
အဲဒါကို လူတွေက ဘာပြောသလဲဆိုရင် တွေးတယ်တို့၊ ကြံတယ်တို့၊ ကြံစည်တယ်တို့၊ စိတ်ကူးတယ်တို့၊ မြန်မာစကားတွေက စိတ်က အာရုံပေါ်ရောက်သွားအောင် ကူးသွားတယ်ပေါ့၊ စိတ်ကူးတယ်၊ ကြံစည်တယ်၊ စုစည်းနေအောင် လုပ်ပေးနေတာ။
         
          အဲဒီတော့ ဝိတက္ကဆိုတဲ့ သဘောက အာရုံပေါ် စိတ်ကို တင်ပေးတဲ့သဘောလို့ မှတ်ရမယ်၊ ဒါကြောင့်မို့လို့ အင်္ဂလိပ်လို့ ပြန်တဲ့အခါကျတော့ Initial Application လို့ ပြန်တယ်၊ Application ဆိုတာ Apply လုပ်ပေးနေတာကို ပြောတာနော်၊ အာရုံပေါ်စိတ်ကလေး ရောက်သွားအောင် သူက ပို့ပေးတာ၊ အဲဒါ ဝိတက်၊ အရပ်ခေါ် ဆိုလို့ရှိရင် တွေးတယ်၊ ကြံတယ်ပေါ့။

          ခုနက စက္ခုဝိညာဏ်စိတ်ကလေးက တွေးချိန် မရလိုက်ဘူး၊ သူက မတွေးဘူး၊ သူ့မှာ  အတွေးမပါဘူး၊ ဟုတ်ရဲ့လား၊ သူ့မှာပါတဲ့ သဘောက အာရုံနဲ့ စိတ်နဲ့ တွေ့တယ်ဆိုတဲ့ ဖဿပါတယ်၊ Experience ဆိုတဲ့ ဝေဒနာပါတယ်၊ မှတ်တမ်းတင်တဲ့ သညာလေး ပါတယ်နော်၊ တွန်းအားပေးတဲ့ စုစည်းပေးတဲ့ စေတနာဆိုတာလေး ပါတယ်၊ နောက် ဧကဂ္ဂဆိုတာ အာရုံတစ်ခုတည်းပေါ်မှာ  ရူပါရုံ တစ်ခုတည်းပေါ်မှာ  စုသွားအောင် လုပ်တာလေး ပါတယ်၊ ထိန်းသိမ်းစောင့်ရှောက်တဲ့ ဇိဝိတိနြေ္ဒဆိုတာလေး ပါတယ်၊ အာရုံဘက်ကို ဦးလှည့်ပေးတဲ့ မနသိကာရလေးပါတယ်။

          ဒီလိုပဲ စိတ်တိုင်းမှာ အတွေးမပါဘူး၊ ဝိတက်ဆိုတာ စိတ်ကူးတယ်၊ တွေးတယ်၊ ကြံစည်တယ်၊ ဒီ ဝိတက်ကလေးက ကောင်းတဲ့ အတွေးရှိသလို၊ မကောင်းတဲ့အတွေးတွေ ရှိသေးတယ်၊ သူ့ချည်းကတော့ အတွေးဟာ အတွေးပဲ။

မှားတဲ့အတွေး ၃-မျိုး

          အဲဒီအတွေးထဲမှာ ဘာတွေ ဝင်လာတုန်းဆိုတော့ လောဘနဲ့ တွေးတဲ့ အတွေးတွေ ဝင်လာတက်တယ်၊ လောဘနဲ့, လိုချင်တယ်ဆိုတဲ့ စိတ်နဲ့တွေးတယ်၊ အာရုံခံစားချင်တဲ့ စိတ်နဲ့ တွေးရင် ဒါ ‘ကာမဝိတက်’ လို့ ခေါ်တယ်နော်၊ ကာမဝိတက်ဆိုတာ လောဘနဲ့ တွေးတဲ့ အတွေးကို ပြောတာနော်၊ အဲဒီလောဘနဲ့ တွေးတဲ့ အတွေးဟာ အသိဉာဏ် ရဖို့ရာအတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ အဲဒီအတွေးတွေဟာ မှားတယ်၊ ဘာဖြစ်လို့ မှားတာတုန်း ဆိုတော့ အသိဉာဏ်ရဖို့ မဖြစ်လို့ပါပဲ။

          နောက်တစ်ခု ဗျာပါဒဝိတက်တဲ့၊ ဒေါသနဲ့တွေးတဲ့ အတွေး၊ ဒီအတွေးလည်း မှားတယ်၊ ဝိတက်ချည်းပဲ သက်သက်ကတော့ အတွေးသက်သက်ပဲ၊ ဒေါသနဲ့ တွဲလိုက်လို့ မှားသွားတယ်၊ ဒေါသနဲ့ တွေးရင် မှားသွားတယ်။
         
          နောက် ဝိဟိံသာဝိတက် တဲ့၊ သူတစ်ပါးကို သတ်ဖို့ ဖြတ်ဖို့ ညှဉ်းဆဲဖို့ဆိုတဲ့ ပြင်းထန်တဲ့ ဒေါသနဲ့ တွေးတဲ့အတွေး၊ အဲဒီ လောဘနဲ့တွေးတဲ့ အတွေးက တစ်မျိုး၊ ဒေါသနဲ့တွေးတဲ့အတွေးက နှစ်မျိုး၊ အဲဒီ အတွေးသုံးမျိုးလုံးဟာ မှားယွင်းတယ်၊ မှားယွင်းတဲ့ အတွေးတွေပဲ ဖြစ်တယ်။

မှန်ကန်တဲ့ အတွေး

          အဲဒါကြောင့်မို့ ဒီအတွေး သုံးမျိုးကို မှန်ကန်တဲ့အတွေးဖြစ်ဖို့ရာ ဘယ်လိုလုပ်ရတုံးဆိုရင် နေက္ခမ္မဝိတက် ကာမဂုဏ် အာရုံတွေ၊ အပျော်အပါးတွေ မလိုက်စားချင်တဲ့အတွေး၊ ‘ငါ ရိပ်သာသွားပြီး တရားထိုင်ဦးမှပဲ’ ဆိုတဲ့ အတွေး၊ ‘ကုသိုလ် ကောင်းမှုလေး လုပ်ဦးမှပဲ၊ တရားနာသွားဦးမှပဲ’ ဆိုတဲ့ အတွေးလေးတွေ ဟုတ်ရဲ့လား၊ ‘တရားပွဲသွားပြီး တရားနာဦးမှပဲ’ ဆိုတဲ့ အတွေးလေး၊ ဟောဒီအတွေးလေးတွေကျတော့ နေက္ခမ္မဝိတက်တဲ့၊ ခုနက ခံစားလိုတဲ့ စိတ်ကနေ ထွက်ခွါလိုက်တာ၊ ခံစားလိုတဲ့ လောဘအတွေးကနေ ထွက်ခွါလိုက်လို့ ဒါ မှန်တဲ့ အတွေးတစ်ခုလို့ ပြောတာနော်။
         
          ကိုရီးယားကား မကြည့်ဘဲနဲ့ တရားပွဲလာတယ်ဆိုတာ ဒါမှန်ကန်တဲ့ အတွေးရှိလို့ပေါ့နော်၊ ဇာတ်ကားလေး လွတ်သွားမှာ စိုးလို့ဆိုတဲ့ အတွေးကျတော့ ဒါ မှန်ကန်တဲ့ အတွေး မဖြစ်ပြန်ဘူးနော်။

          နောက်တစ်ခါ ဒေါသနဲ့ မတွေးဘဲ မေတ္တာနဲ့ တွေးတဲ့အတွေးဟာ ဒါ မှန်ကန်တဲ့ အတွေးလို့ ပြောတယ်၊ မေတ္တာနဲ့ တွေးတယ်၊ “သတ္တဝါတွေ ချမ်းသာကြပါစေ၊ အကျိုးစီးပွားတွေ ဖြစ်ထွန်းကြပါစေ” ဆိုတာ ဒီအတွေးဟာ မှန်ကန်တယ်၊ အဲဒါကို အဗျာပါဒဝိတက် လို့ ခေါ်တယ်။

          အဝိဟိံသာ ဝိတက် ဆိုတာ ဘယ်သူ့မှ မညှဉ်းဆဲဘူး၊ အားလုံးအပေါ်မှာ အကြင်နာတ၇ားထားတာ၊ ကရုဏာနဲ့ တွေးတဲ့ အတွေး၊ အဲဒီ အတွေးကလည်း မှန်ကန်တဲ့ အတွေးဆိုတော့ ဝိတက်နဲ့ ပတ်သက်ပြီးတော့ မှားတဲ့အတွေးက သုံးခု၊ မှန်တဲ့ အတွေးက သုံးခု။

          မှားတဲ့အတွေးကို မှန်တဲ့အတွေးနဲ့ ဖျောက်ပစ်ရမယ်၊ အစားထိုးရမယ်၊ ဒါက အလုပ်ပဲ၊ အဲဒီတော့ ဒီ ဝိတက်ဆိုတဲ့ သဘောလေးဟာ သူ့ဟာသူနေရင် အမှားအမှန် မရှိဘူး၊ ခုနက လောဘ,ဒေါသ ဝင်လာရင် အမှားဖြစ်သွားတယ်၊ အလောဘ အဒေါသ ဝင်လာရင် အမှန်ဖြစ်တယ်။ သူ့ဟာသူနေရင် သဘာဝပဲ ဟုတ်ရဲ့လား။

ဝိတက်ရဲ့ စွမ်းအား
         
          အဲဒီ အတွေးလေးကို မှန်ကန်တဲ့ဘက် အသုံးချမယ် ဆိုရင် ဈာန်အင်္ဂါတစ်ခု ဖြစ်တယ်၊ ဈာန်အာရုံပေါ် စိတ်ကို ပို့တင်ပေးနေရင် သူက ပထမဈာန်ဆိုတဲ့ ဒီ ဈာန်အာရုံတစ်ခု ကို ရယူဖို့အတွက် အရေးကြီးတဲ့ အင်္ဂါတစ်ရပ် ဖြစ်လာတယ်၊ ဈာန်အင်္ဂါ ငါးပါးလို့ အဘိဓမ္မာမှာ ဆိုထားတာ ရှိတယ်မဟုတ်လား၊ “ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ” ဒီငါးပါးကို စုစည်းထားတာကို ဈာန်လို့ ခေါ်တယ်၊

          ဒီအတွေးလေးက ဘယ်သူ့ကို လောင်မြိုက်လိုက်နိုင်သလဲ၊ ဘယ်သူ့ကို ဖယ်ရှားပစ်နိုင်လဲ ဆိုတော့ ထိန,မိဒ္ဓ ကို ဖယ်ရှားပစ်တာ၊ သူ့ရဲ့ စွမ်းအားနဲ့ ထိန,မိဒ္ဓကို ဖယ်ပစ်လိုက်တာ၊ ထိန ဆိုတာ စိတ်မဝင်စားတော့တာ၊ မိဒ္ဓ ဆိုတာ အိပ်ချင်တာ၊ စိတ်က ဆုတ်နစ်လာတယ်၊ ကမ္မဋ္ဌာန်းထိုင်ရင် ပိုပြီးတော့ သိသာတယ်၊ ကမ္မဋ္ဌာန်းထိုင်တော့ ပျင်းလာတယ်၊ ညောင်းလာတယ်၊ တော်ချင်လာတယ်၊ အဲဒါ ထိန ဝင်လာတာပဲပေါ့၊ အိပ်ချင်လာတယ်၊ မိဒ္ဓ ဝင်လာတယ်၊ အဲဒီ ထိနမိဒ္ဓဟာ အသိဉာဏ်ကို အားနည်းစေတက်တယ်၊ ဒါကြောင့်မို့ ထိန,မိဒ္ဓကို ဝိတက်နဲ့ ဖယ်ရှားပစ်ရတယ်။

ဝိတက်ကို လျှော့ချနည်း

          လူတွေက ပြောကြတယ်၊ ညက အတွေးတွေများလို့ အိပ်မပျော်ဘူး။ အတွေး လွန်သွားရင်လည်း အိပ်ပျော်မှု ထိန-မိဒ္ဓ မလာဘဲ ရှိတက်တယ်၊ သူရှိနေရင် ဟိုက မလာနိုင်ဘူးနော်၊ ဆန့်ကျင်ဘက်ကိုး၊ ဒါကြောင့်မို့ အတွေးတွေ သိပ်များနေရင် အာနာပါန ပွားပြီးတော့ လျှော့ပစ်ရသေးတယ်၊ ဝိတက်ကို လျှော့ချတဲ့နည်းက အာရုံတစ်ခုတည်းပေါ်မှာ စူးစိုက်ပြီး နေရတယ်၊ အဲဒီ ဝိတက်ကို စနစ်တကျ တိုးပွားလာအောင် လေ့ကျင့်ပြီးတော့ သမထ ကျင့်စဉ်တစ်ခုနဲ့ ယူနိုင်တယ်ဆိုရင် ဈာန်အင်္ဂါ ဖြစ်လာတယ်တဲ့။

** ဆက်ရန် **  {ဝိစာရ၊ ဝိတက်နှင့် ဝိစာရအထူး၊ ပီတိ၊ ပီတိရဲ့ စွမ်းဆောင်မှု၊ အဓိမောက္ခ၊ ဝီရိယ၊ ဆန္ဒ}

*ကောက်နှုတ်ချက်* အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D) အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (စာ ၂၄၄-၂၅၀)  မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated