@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 14 January 2015

အမှတ်စဉ်(၄၅) {ခွဲခြမ်းစိတ်ဖြာသိခြင်း အကျိုး၊ သဗ္ဗစိတ္တသာဓာရဏ၊ ဆောင်ရွက်မှုကိစ္စများ၊ } အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ)

ခွဲခြမ်းစိတ်ဖြာသိခြင်း အကျိုး
                   ဒါဖြင့် ဒါတွေကို သိတော့ ဘာအကျိုး ရှိသလဲဆိုတော့ “ငါ” လို့ တစ်သံသရားလုံး ထင်လာတဲ့ အထင်ကြီးဟာ “သြော် - ငါ မဟုတ်ပါလား၊ သူ့ဟာသူ လုပ်နေကြတာပါလား၊ သူ့ အကြောင်းနဲ့သူ, သူ့ကိစ္စသူ လုပ်နေကြတာပါလား” ဆိုတဲ့ ဒီလို မှန်ကန်တဲ့ အမြင်တစ်မျိုး ရလာနိုင်တယ်၊ ဒါဟာ အကျိုးပဲ။ တစ်သံသရာလုံး ငါလို့ ထင်လာတဲ့ အစွဲကြီးဟာ ပျောက်သွားနိုင်တယ်၊ တစ်သံသရာလုံး ငါ့ဥစ္စာလို့ ထင်လာတာလည်း “သြော်- ငါ့ဥစ္စာ မဟုတ်ဘူး၊ သူ့အကြောင်းနဲ့သူ၊ သူတို့ ဆိုင်ရာ ဆိုင်ရ ကိစ္စတွေ သူ့ဟာသူ လုပ်နေကြတာ၊ ငါလုပ်ခိုင်းတာလည်း မဟုတ်ဘူး၊ သူ့ဟာသူ လုပ်နေကြတာ” ဆိုတဲ့သဘောလေး ပေါ်မလာဘူးလား၊ မှန်ကန်တဲ့ အမြင်ရဖို့အတွက် အခုလို Analize ခွဲခြမ်းစိတ်ဖြာတဲ့ အသိဉာဏ် ရဖို့ရာအတွက် အဘိဓမ္မာကို လေ့လာကြရတာ။

                   မလေ့လာလို့ အဘိဓမ္မာသဘောကို မသိလို့ရှိရင် ၀ိပဿနာဉာဏ် ထပ်ဆင့်ဖြစ်ဖို့ မလွယ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကြည့်လေ၊ ၀ိပဿနာဉာဏ် ဖြစ်ဖို့ရာအတွက် “နာမရူပပရိစ္ဆေဒဉာဏ်” ဆိုတဲ့ ရုပ်နဲ့နာမ် နှစ်ခု ခွဲခြားသိဖို့ဆိုတာ အရင်လာရတယ်၊ ပြီးတော့ ဒီ ရုပ်နဲ့နာမ် ဘာကြောင့် ဖြစ်တယ်ဆိုတဲ့ “ပစ္စယပရိဂ္ဂဟဉာဏ်” နဲ့ အမှန် သိဖို့လိုတယ်၊ အဲဒီ နောက်မှ ၀ိပဿနာဉာဏ်တွေက လာတာ၊ အဲဒီတော့ ၀ိပဿနာဉာဏ်ကို လမ်းခင်းပေးဖို့ရာအတွက် ဒီအဘိဓမ္မာဉာဏ်ဆိုတာ ရှိကို ရှိရမယ်နော်၊ ဒီတော့မှ လမ်းကြောင်းဟာ ရှင်းသွားပြီးတေ့ အမြင်တွေ မှန်လာမယ်၊ သံသရာက စွဲနိုင်တဲ့ အစွဲတွေကို ဖြုတ်နိုင်မယ်လို့ ဒီလို သဘောကျရမယ်။

                   စိတ်ဦးဆောင်ပြီး ဖြစ်လာတဲ့ ဒီသဘာဝ ၈-ခုဟာ ဘယ်လောက်ထိအောင် တွဲတုန်းဆိုရင် သူက တစ်ခုတည်းလို့ ထင်ရအောင် တွဲတယ်၊ တစ်ခုတည်းလို့ ထင်ရအောင် တွဲတယ် ဆိုတာ ဘယ်လိုထိအောင် တစ်ပါးတည်းလို့ ထင်ရသလဲဆိုရင် ပေါ်လာတဲ့ နေရာကလည်း တစ်နေရာတည်းက ပေါ်လာတာ၊ Base လို့ ခေါ်တယ်၊ မှီရာဝတ္ထုတစ်ခုတည်း ပေါ်လာတာ။

                  
ဥပမာ- မျက်စိက ပေးလာရင် မျက်စိဆိုတဲ့ မှီရာတစ်ခုတည်းမှာ ဒီ ၈-ခုက ပေါ်တယ်၊ အသံကို ကြားပြီးတော့ နားက ပေါ်တယ်ဆိုရင်လည်း ဒီ ၈-ခုစလုံးဟာ တစ်ခုက မျက်စိက ပေါ်ပြီး တစ်ခုက နားမှ ပေါ်တာ၊ ဒီလို  မဟုတ်ဘူး၊ နားကပေါ်တဲ့ အုပ်စုဆိုရင် နားကပဲ ပေါ်တယ်၊ နှာခေါင်းက ပေါ်လာတယ် ဆိုရင် နှာခေါင်းကချည်းပဲ ပေါ်တယ်၊ လျှာကို မှီပြီး ပေါ်လာတယ်ဆိုရင်လည်း  လျှာကပဲပေါ်တယ်၊ ခန္ဓာကိုယ် ကာယပသာဒကို မှီပြီး ပေါ်လာတယ် ဆိုရင်လည်း ခန္ဓာကိုယ်ကပဲ ပေါ်တယ်၊ မှီရာ ၀တ္ထုရုပ်ချင်း တူတယ်တဲ့။

                   ဒါတင်ပဲလားဆိုတော့ မဟုတ်ဘူး၊ သူတို့ ရရှိထားတဲ့ အာရုံကလည်း အတူတူပဲတဲ့၊ မှီရာတူသလို အာရုံလည်း တူရမယ်၊ ဒီလို တူညီနေတဲ့ ဒီသဘာဝ ၈-ခုဟာ ဖြစ်တော့လည်း တစ်ပြိုင်နက် ဖြစ်လာတယ်၊ ပျက်တော့လည်း တစ်ပြိုင်နက် ပျက်သွားတယ် ဆိုတော့ တစ်ခုတည်းကို ဖြစ်မနေပေဘူးလား၊ သို့သော် သူတို့ရဲ့ ဆောင်ရွက်ချက်တွေက တစ်ခုတည်း မဟုတ်ဘူးတဲ့။

                   ကားကြီး လမ်းပေါ်မှာ ပြေးနေတာ ဓာတ်ဆီကလည်း ဓာတ်ဆီအလုပ် လုပ်တယ်၊ အင်ဂျင်ကလည်း အင်ဂျင်အလုပ် လုပ်တယ်၊ ဒရိုင်ဘာကလည်း ဒရိုင်ဘာအလုပ် လုပ်ရတယ်၊ ဘီးကလည်း ဘီးအလုပ်လုပ်ရတယ်၊ သူ့ဆိုင်ရာ ဆိုင်ရာ အလုပ်တွေ လုပ်နေတာ၊ သို့သော် ကားလမ်းပေါ်မှာ ပြေးနေတယ် ဆိုတဲ့ တစ်ခုပဲ ဖြစ်တာ။

                   လူတွေ လမ်းလျှောက်တဲ့ နေရာမှာလည်းပဲ မျက်စိက လမ်းကို ကြည့်ပေးရတယ်၊ ခြေထောက်က လျှောက်ပေးရတယ်၊ ကျန်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက balance ဖြစ်အောင် ညှိပေးရတယ်၊ ဟောကြည့် စုပေါင်းပြီးတော့ သူ့အလုပ်သူ လုပ်သွားကြတာ၊ အဲဒီလို သဘာဝချင်း မတူတဲ့အရာတွေ ပေါင်းစပ်ပြီးတော့ သူ့အလုပ်သူ လုပ်နေတာတွေ ကိုယ့်သန္တာန်မှာ ရှိနေတယ်။

သဗ္ဗစိတ္တသာဓာရဏ
                   အဲဒီတော့ စိတ်ဖြစ်တိုင်း ဖြစ်တဲ့ စေတသိက် ၇-ခု ဆိုတာ ပါဠိလို ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတိနြ္ဒိယ, မနသိကာရ ဆိုတဲ့ သဗ္ဗစိတ္တသာဓာရဏ ၇-ခုကို ခေါ်တယ်၊ စိတ်အားလုံးနဲ့ ဆက်ဆံတဲ့ စေတသိက်။

                   (၁) ဖဿ တဲ့၊ ဖဿက စဖြစ်လို့ ဖဿကို နံပါတ် ၁-လို့ပြောတာဟုတ်ဘူး၊ ဒါက ဟောတဲ့ပြောတဲ့ အစဉ်နဲ့ ပြောတာနော်၊ သူတို့ အားလုံးက စိတ်ဖြစ်တာနဲ့ တစ်ပြိုင်တည်း ဖြစ်ကြတာ၊ ဖဿဆိုတာ အာရုံနဲ့ ထိတွေ့မှု၊ ဒီလို အဓိပ္ပါယ် ရတယ်၊ စိတ်နဲ့ အာရုံနဲ့ ထိတွေ့သွားတဲ့ သဘောဟာ ဖဿ။

                   (၂) ဝေဒနာ   - ခံစားမှု
                   (၃) သညာ     - အမှတ်အသား ပြုပြီးတော့ သိမှု၊
                   (၄) စေတနာ  - လှုံ့ဆော်စည်းရုံးမှု၊ ဖြစ်ဖက် သဘာဝတရားတွေကို လှုံ့ဆော်ပြီးတော့ စုစည်းပေးတဲ့သဘော၊
                   (၅) ဧကဂ္ဂတာ - အာရုံတစ်ခုတည်းပေါ်မှာ စုကျနေအောင် ဦးတည်ချက်တစ်ခုတည်း ထားပေးမှု၊
                   (၆) ဇီဝိတိနြ္ဒိယ         - စောင့်ရှောက်တဲ့နေရာမှာ ပိုင်စိုးတဲ့ အသက်လို့ခေါ်တဲ့ သဘာဝတရားတစ်ခု။ သူရဲ့ ဆောင်ရွက်မှု ကတော့ ဒီသဘာဝတရားတွေ ထပ်ထပ်ပြီးတော့ ဖြစ်နေအောင်။ ဖြစ်နေတဲ့ အချိန်ပိုင်းတွေ၊ သူကနေ အကာအကွယ် တော်တော်ပေးတယ်၊ ပြောမယ်ဆိုရင် Preserve လုပ်ပေးတယ်နော်၊ ဆိုင်ရာသက်တမ်းလေးအတွင်း ပျက်စီးမသွားအောင် သူက Preseeve လုပ်ပေးထားတာ၊ ထိန်းပေးတယ်လို့ ပြောတယ်။

                   နောက်နံပါတ် (၇) မနသိကာရ ဆိုတာ နှလုံးသွင်းတယ်လို့ ပြောတယ်၊ အာရုံရှိတဲ့ဘက်ကို စိတ်ကို ဦးလှည့်ပေးတာ၊ စိတ်နဲ့ အာရုံတွဲသွားအောင် အာရုံဘက် စိတ်ကို ဦးလှည့်ပေးတဲ့သဘော၊ ကဲ တစ်ခုနဲ့တစ်ခု ဆောင်ရွက်မှုချင်း တူကြရဲ့လား။

ဆောင်ရွက်မှုကိစ္စများ
                   ဖဿက အာရုံနဲ့စိတ်ကို ဆုံစည်းပေးတာ၊ ဝေဒနာက အာရုံနဲ့ သဘာဝကို အတွေ့အကြုံ ရသွားတာ၊ ခံစားတာ၊ သညာက အမှတ်အသား လုပ်ပြီး သိလိုက်တာ၊ စေတနာက လှုံ့ဆော်ပြီး စည်းရုံးတာ၊ အားလုံး အတူတူ ဆောင်ရွက်ရအောင် သူ့ကိစ္စသူ ဆောင်ရွက်အောင် စေတနာက လှုံ့ဆော်တယ်၊ စည်းရုံးတယ်၊ ဧကဂ္ဂတာဆိုတာ အာရုံတစ်ခုတည်းပေါ်မှာ ကျသွားအောင် ပေါင်းပေးတယ်၊ ဇီဝိတိနြေ္ဒဆိုတာ ဖြစ်လာတဲ့ သဘာဝတရားတွေ ထိန်းသိမ်း စောင့်ရှောက်ပြီးတော့ ပေးတယ်၊ မနသိကာရဆိုတာ စိတ်ကို အာရုံဘက်ကို လှည့်ပေးတယ်၊ နှလုံးသွင်းတယ်လို့ ပြောတယ်။

                   အဲဒီ သဘာဝတရားတွေ စိတ်ရယ်၊ ဟောဒီ သဘာဝစေတသိက် ၇-မျိုးရယ်ဟာ ခွဲလို့မရအောင် တစ်ခုတည်း အနေနဲ့ ယှဉ်တွဲပြီးတော့ ဖြစ်နေကြတယ်တဲ့၊ Unity of mind လို့ ပြောတယ်၊ လူရဲ့ ရုပ်ခန္ဓာကိုယ်မှာ အင်မတန် သေးငယ်တဲ့ cell လေးတစ်ခုမှာ တောင်မှပဲ ရုပ် ၈-ခု၊ ၉-ခု၊ ၁၀-ခု ပေါင်းနေတာနော်။ အခု စိတ်ကလည်း အတူတူပဲ၊ သာမန်စိတ်ကလေး အင်အား အနည်းဆုံး စိတ်လေးတစ်ခုမှာ စိတ်တစ်ခုနဲ့ စေတသိက် ၇-ခု၊ ဟောဒီ ၈-ခု ပေါင်းနေတာပဲ၊

                   ဒီနေရာမှာ ဘယ်လို နားလည်ရမလဲဆိုရင် စဉ်းစားကြည့်ပါ၊ စိတ်နဲ့ အာရုံနဲ့ တွေ့ဖိုရာအတွက် တွေ့ဆုံပေးတဲ့ သဘာဝမပါရင် စိတ်က အာရုံနဲ့တွေ့ဆုံတာ သူမလုပ်နိုင်ဘူး၊ ခံစားတာ သူမလုပ်နိုင်ဘူး၊ မှတ်တမ်းတင်တာ သူမလုပ်နိုင်ဘူး၊ လှုံ့ဆော်တာ စည်းရုံးတာ သူ့အလုပ် မဟုတ်ဘူး၊ အာရုံတစ်ခုတည်းပေါ်မှာ စုနေအောင်လုပ်တာ၊ သူ့အလုပ် မဟုတ်ဘူး၊ စောင့်ရှောင့် ထိန်းသိမ်းပေးတာလည်း သူ့အလုပ် မဟုတ်ဘူး၊ အာရုံရှိရာကို ဦးလှည့်ပေးတာလည်း သူ့အလုပ် မဟုတ်ဘူး။

                   သူလုပ်တာက အာရုံကို သိလိုက်တဲ့သဘောလေးပဲ၊ ဒါပဲ သူလုပ်နိုင်တာ၊ ဒီသဘာဝတရားလေးတွေဟာ သူ့ဟာသူ စုစည်းပေးတာ၊ စိတ်ကလေးကို အာရုံနဲ့ တွေ့ဖို့ရာအတွက် ဖဿဆိုတဲ့ အာရုံနဲ့ ဆုံတွေ့ပေးတဲ့ သဘာဝလေးတစ်ခု ရှိကို ရှိရတယ်၊ သူမရှိရင် အာရုံနဲ့ မဆုံတွေ့နိုင်ဘူးပေါ့၊ အာရုံနဲ့ ဆုံတွေ့သွားတဲ့အခါမှာ အာရုံရဲ့ သဘောကို ခံစားလိုက်တာ၊ အတွေ့အကြုံတစ်ခု ရလိုက်တာ၊ လူတွေက ပြောတယ်၊ အတွေ့အကြုံလို့ ပြောကြတယ်၊ ခံစားတယ်ဆိုတာ ဒီအာရုံလေး တွေ့တဲ့အခါ စိတ်ထဲမှာ ပျော်သွားတယ်၊ စိတ်ညစ်သွားတယ်၊ အဲဒါ ခံစားတာ၊ အတွေ့အကြုံ ရသွားတာ၊ အဲဒီတော့ တစ်ခုချင်း ပြောရအောင်။

** ဆက်ရန် ** အခန်း(၅) စိတ်ကို အမှီပြု အင်အားစုများ မှ - {ဖဿဖြစ်ပုံ၊ ဝေဒနာဖြစ်ပုံ}

*ကောက်နှုတ်ချက်* အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (စာ ၂၂၀-၂၂၅)  မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated