@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 14 January 2015

အမှတ်စဉ်(၂၅) {အဆင်းရုပ် (၀ဏ္ဏ)၊ အနံ့ရုပ် (ဂန္ဓ)၊ ရသရုပ် (ရသ)၊ သြဇာရုပ် (သြဇ)}


အဆင်းရုပ် (၀ဏ္ဏ)

အဲဒီ အခြေခံရုပ်မှာ မျက်စိက မြင်လို့ရတဲ့ အဆင်းဆိုတာ ရှိတယ်၊ ဒါကြောင့်မို့ ပန်းပွင့်ကို လူတွေ ကြည့်လို့ရတယ်ပေါ့၊ ဒီ ဓာတ်ကြီးလေးပါးကို မြင်ရတာ မဟုတ်ဘူး၊ အဲဒီ ဓာတ်ကြီးလေးပါးကို မှီနေတဲ့ အဆင်းဆိုတဲ့ ရုပ်တစ်မျိုး ရှိနေတယ်၊ ဒီဓာတ်ကြီးလေးပါးရဲ့ ပုံပန်းသဏ္ဌာန်ကို မြင်နေရတယ်၊ ပုံ သဏ္ဌာန်နဲ့ ဒီအဆင်းအရောင်ကို မျက်စိနဲ့ ကြည့်လို့ရတယ်၊ အဲဒီမျက်စိနဲ့ ကြည့်လို့ရတာတွေက  ခုန ဓာတ်ကြီးလေးပါး မဟုတ်ဘူး၊ ဓာတ်ကြီးလေးပါးကို မှီနေတဲ့ သဘာဝ တရားတစ်ခု၊ ဘာ သဘာဝတုံးလို့ ဆိုရင် ‘မြင်လို့ရတဲ့ သဘာဝ’ ကို ပြောတာပါ။
အသံကျတော့ မြင်လို့ရရဲ့လား၊ အသံနဲ့ ကွဲပြား ခြားနားတယ်၊ မျက်စိနဲ့ မြင်လို့ရတယ်ဆိုတာ သဘာဝတစ်ခု၊ မျက်စိနဲ့ ကြည့်လို့ရတယ်ဆိုတာ သဘာဝတစ်ခု၊ အရာခပ်သိမ်းကို မျက်စိနဲ့ ကြည့်လို့ ရရဲ့လား၊ အေး ဒါကြောင့် မျက်စိနဲ့ မြင်ရတယ် ဆိုတာက ခုနက ပထ၀ီ အာပေါ တေဇော ၀ါယောတို့ကို မြင်ရတာ မဟုတ်ဘူး၊ မျက်စိက မြင်ရတာ အဆင်းအာရုံကိုမြင်တာ၊ အဲဒါက “၀ဏ္ဏ” လို့ ခေါ်တဲ့ ရုပ်တစ်မျိုး၊ ဒီရုပ်ကလေး ဘယ်ပေါ်မှာ မှီနေတုန်းဆိုရင် ခုနက ဓာတ်ကြီးလေးပါးပေါ် မှီနေတာ၊ ဒီဓာတ်ကြီးလေးပါး ဖယ်လိုက်ရင် သူ ရပ်တည်လို့ မရတော့ဘူး၊ ဒါကြောင့်မို့ ‘ဥပါဒါရုပ်’ လို့ ခေါ်ရတယ်။

 အနံ့ရုပ် (ဂန္ဓ)
ကဲ နောက်တစ်ခု၊ အဲဒီ အစုလေးပေါ်မှာ နမ်းရှူလို့ရတာ ဘာတုံးဆိုရင် အနံ့တဲ့၊ ဘယ်အရာပဲ ဖြစ်ဖြစ် သူ့ဆိုင်ရာ အနံ့လေးတွေ ရှိကြတယ်၊ ပန်းမှာလည်း ပန်းရဲ့အနံ့လေး ရှိတယ်၊ အဲဒီ အနံ့လေးကရော ဓာတ်ကြီးလေးပါး ဟုတ်ရဲ့လား၊ မဟုတ်ဘူး၊ ဘာဖြစ်လို့တုန်းဆိုရင် နှာခေါင်းနဲ့ နမ်းရှူလို့ရတဲ့အရာ သက်သက်သာ ဖြစ်တယ်၊ ဓာတ်ကြီးလေးပါးက နှာခေါင်းနဲ့ နမ်းရှူလို့ မရဘူး၊ ဒါကြောင့်မို့ အနံ့ဆိုတာ ရုပ်တစ်မျိုး၊ ဒါကလည်း မဟာဘုတ်လေးပါးကို မှီပြီးဖြစ်တဲ့ ဥပါဒါရုပ်ပါပဲ။


ရသရုပ်(ရသ)
နောက်တစ်ခုကြည့်ဦးမယ်၊ ဘာတွေ့သေးတုန်းဆိုရင် ‘ရသ’ အရသာ၊ လျှာနဲ့ လျက်ကြည့်လို့ရှိရင် အရသာတစ်မျိုး တွေ့လိမ့်မယ်၊ အဲဒီ ဓာတ်ကြီးလေးပါးပေါ်မှာ တည်ပြီးတော့ လျှာနဲ့ ခံယူလို့ရတဲ့ ဇိဝှာဝိညာဏ်လို့ ခေါ်တဲ့ လျှာအသိစိတ်နဲ့သာ သိနိုင်တဲ့အရာမျိုး ဖြစ်သောကြောင့် သူကလည်း ရုပ်တစ်ခုပဲ။

 သြဇာရုပ် (သြဇ)

          အရာခပ်သိမ်းမှာ အကျိုးတစ်ခုကို ထုတ်လုပ်နိုင်တဲ့ စွမ်းဆောင်ချက် သတ္တိလေးတွေ ရှိတယ်၊ ထင်ရှားတာနဲ့ မထင်ရှားတာ ဒါပဲ ကွာတယ်နော်၊ ဗဟိဒ္ဓ၀တ္ထုမှာ စွမ်းရည်သတ္တိလေးတွေ ရှိကြတယ်၊ အဲဒီ စွမ်းရည်သတ္တိလေးတွေကို ‘သြဇ’ လို့ ခေါ်တယ်၊ Nutirtive Essence အနှစ်သာရ၊ ကြည့်လေ၊ လူတွေ အဲဒါ စားပြီးတော့ အသက်ရှင်နေကြတာပဲ၊ ကန်စွန်းရွက် စားပြီးတော့ အသက်ရှင်ရတယ်၊ 

          ဆန်စားပြီးတော့ အသက်ရှင်ရတယ်၊ ဂျုံ စားပြီးတော့ အသက်ရှင်ရတယ်၊ အဲဒီ ဂျုံထဲမှာပါတဲ့ သြဇဓာတ်၊ ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ သြဇဓာတ် Vitamin လို့ခေါ်ခေါ် ဘာခေါ်ခေါ် ပါဠိလိုက “သြဇ”၊ အဲဒီ သြဇဆိုတာလည်း နေရာတကာရှိတယ်၊ ရုပ်တိုင်းမှာ ရှိတယ်၊ ဓာတ်ကြီးလေးပါးကို မှီတည်ပြီးတော့နေရတယ်၊ ဒါကြောင့် သူကလည်း ဥပါဒါရုပ်ပဲ။
သြဇဆိုသည်မှာ တစ်စုံတစ်ခုကို ဖြစ်ပွားစေနိုင်တယ်၊ တချို့ အရွက်ကို သွားမစားနဲ့၊ ၀မ်းသွားတယ်၊ သူ့ရဲ့ စွမ်းရည်သတ္တိပဲ၊ သူက effect ဖြစ်တယ်၊ ဟုတ်ရဲ့လား၊ ‘စူလာနဖာ’ သောက်ရင် ဘာဖြစ်တယ် ညာဖြစ်တယ်၊ စူလာနဖာ သောက်ပြီးတော့ လူတွေ အမျိုးမျိုး ဖြစ်ကြတာတွေရှိတယ် မဟုတ်လား၊ အခုတစ်ခါ ‘ဗိစပ်’ ဆိုတာ လာပြန်တယ်၊ ဒီအရွက်တွေမှာ သဘာဝ သတ္တိကလေးတွေ ရှိတယ်ဆိုတ သေချာတယ်လေ။
အဆိပ်မှာလည်း အဆိပ်ရဲ့သတ္တိရှိတယ်၊ အဲဒီ သတ္တိက အကျိုးတစ်ခုခု ထုတ်လုပ်နိုင်တယ်၊ ဒါကို သြဇလို့ ပြေတာ၊ အကျိုးတစ်ခုကို ထုတ်လုပ်နိုင်တယ်၊ ဒီသြဇက လူကို အကျိုးပြုတာလည်း ဖြစ်နိုင်တယ်၊ အပြစ်အနာအဆာ ရောဂါဖြစ်စေ တက်တာလည်း ဖြစ်နိုင်တယ်၊ ဘယ်ဟာပဲဖြစ်ဖြစ် သြဇဆိုတဲ့ ဓာတ်ဟာ လူကို အကျိုးပြုတာလည်း ရှိသလို အကျိုးမပြုတာလည်း ရှိတာပေါ့၊ effect အကျိုးတစ်ခုခုကို ထုတ်လုပ်တာ မှန်သမျှက သြဇ၊ သူ ဖြစ်ပေါ်လာပြီးတဲ့ နောက်မှာဆိုရင် သူက အကျိုး တစ်ခုခုဖြစ်စေတယ်တဲ့၊ ဒါကြောင့်မို့ သြဇလို့ ခေါ်တာတဲ့။

*ဆက်ရန်* ---{အဋ္ဌကလာပ်ရုပ် ၈-ပါး} အား ဆက်လက်ရေးသား ပူဇော်ပါမည်။

*ကောက်နှုတ်ချက်* အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (စာ ၉၀ - ၉၂)  မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated