@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Sunday, 22 June 2014

အနာဂတ်သာသနာရေး အပိုင်း(၉၅) အရှင်မဟာကဿပအကြောင်း (ဗုဒ္ဓနှင့် တွေ့တော်မူပုံ)



ဗုဒ္ဓနှင့် တွေ့တော်မူပုံ
ထို မြေလှုပ်ခြင်း၏ အကြောင်းကို ဗုဒ္ဓရှင်တော်  ဆင်ခြင်တော်မူသောအခါ  သာသနာ့ဝန်ဆောင် ထိပ်ခေါင်တင် သားတော်ကြီးအလောင်း ပိပ္ပလိသတို့သားနှင့် မယ်ဘဒ္ဒါတို့ ထွက်လာ၍ လမ်းခွဲကြကြောင်းကို သိတော်မူသဖြင့် ပိပ္ပလိအရှင် လာမည့်လမ်းသို့ သုံးဂါဝုတ် ဝေးအောင် ခရီးဦးကြိုပြုကာ ပညောင်ပင်အောက်၌ ရောင်ခြည်တော် ခြောက်သွယ်ဖြင့် တင့်တယ်စွာ ထိုင်နေတော်မူနှင့်လေသည်၊ ပိပ္ပလိအရှင်လည်း ဗုဒ္ဓရှင်တော်ကို မြင်လျှင် မြင်ချင်း “မိမိရည်မှန်း ခဲ့သော ဆရာသည်  ဤပုဂ္ဂိုလ်သာတည်း” ဟု ဆုံးဖြတ်၍ အလွန် လေးမြတ်စွာ ရှိခိုးဝပ်ချလျက် တပည့်အဖြစ်ကို ခံယူလေသည်။ [ထို ပိပ္ပလိကို ကဿပအနွယ်ဝင်ဖြစ်သောကြောင့် “အရှင်မဟာကဿပ” ဟု ခေါ်ကြသည်။]
ရဟန္တာဖြစ်ပုံ
ဗုဒ္ဓရှင်တော်မြတ်သည် အရှင်မဟာကဿပအား  ထိုနေရာတွင်ပင်  ရဟန်းအဖြစ်ကို ပေးတော်မူ၍ အတူကြတော်မူလေရာ ခရီးအကြား သစ်ပင်အောက်၌ အရှင်မဟာကဿပ ခင်းပေးအပ်သော သင်္ကန်းကြီး အပေါ်မှာ ထိုင်တော်မူ၍ ထိုသင်္ကန်းကြီးကို လက်တော်ဖြင့် သုံးသတ်တော် မူကာ “ကဿပ…(လူ့ဘ၀တုန်းက အ၀တ်ဖြစ်ခဲ့သော) သင်ရဲ့ သင်္ကန်းက တယ်နူးညံ့ပါတကား”ဟု မိန့်တော်မူလေသော်…

အနာဂတ်သာသနာရေး အပိုင်း(၉၄) အရှင်မဟာကဿပအကြောင်း



အရှင်မဟာကဿပအကြောင်း
အမျိုးဂုဏ်
အရှင်မဟာကဿပ၏   အကြောင်းအရာကို    စဉ်းစားရသည်မှာ ကြက်သီးထ လောက်အောင် အရသာ ရှိပါပေ၏၊ စိတ်အား တက်ကြွ အားရဖွယ်တွေ အတုယူဖွယ် သံဝေဂဖြစ်ဖွယ်တွေ များလှပေ၏၊ သာသနာပကာလ၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို ကိုးကွယ် ဆည်းကပ်နေသော နန္ဒမင်းဘ၀မှ (ပစ္စေကဗုဒ္ဓါများ ပရိနိဗ္ဗာန်စံကြသောအခါ သံဝေဂရ၍ မင်း မိဖုရား နှစ်ပါးလုံး) ရသေ့ရဟန်း ပြုလုပ်ကာ တရားအားထုတ်၍ ဗြဟ္မာ့ ပြည်၌ ဖြစ်ကြပြီးနောက် ငါတို့ ဘုရားရှင် ပွင့်တော်မူချိန်မှာ ဗြဟ္မာ့ ပြည်မှ စုတေခဲ့ကြ၍ ဗြာဟ္မဏသူဌေးမျိုး၌ “ပိပ္ပလိ”ဟူသော အမည်ဖြင့် ထင်ရှားသော သတို့သား ဖြစ်လေသည်၊ အနွယ်အားဖြင့် ကဿပအနွယ် ဖြစ်သောကြောင့် ကျမ်းစာတို့၌ အရှင်မဟာကဿပ ဟု ထင်ရှား၏၊ မိဘပိုင် ပစ္စည်းများမှာ လယ်ထဲသို့ ရေသွင်းပေးဖို့ ရေကန်ပေါင်း (၆၀), လယ်ယာမြေ (၁၂)ယူဇနာ, လုပ်သားများ နေထိုင်ဖို့ရာ အနုရာဓမြို့ကြီးလောက် ကြီးကျယ်သော (၁၄)ရွာနှင့် မြင်းတပ် ဆင်တပ် ရထားတပ်လည်း (၁၄)တပ်စီလောက်ရှိရကား မဟာရာဇာတမျှ ကြီးကျယ် ခမ်းနားလှပေသည်။

U Kancana ( Hinthada ) Dhamma Talks ( Taiwan )

Friday, 20 June 2014

အနာဂတ်သာသနာရေး အပိုင်း(၉၃) အဂ္ဂသာဝကနှစ်ပါး နှင်ထုတ်ခံရပုံ



အဂ္ဂသာဝကနှစ်ပါး  နှင်ထုတ်ခံရပုံ               
ဗုဒ္ဓရှင်တော်မြတ်သည် စာတုမာရွာကို မှီ၍ သျှိသျှားတောကျောင်း၌ သီတင်းသုံးတော်မူ၏၊ အဂ္ဂသာဝကနှစ်ပါးလည်း ဗုဒ္ဓကို မဖူးတွေ့ဖူးသော ကျေးလက်သား ရဟန်းငါးရာကို ခေါ်၍ ကြွလာကြ၏၊ ထို့နောက် ရဟန်းများသည် ကျောင်းနေ ရဟန်းများနှင့် အတူ ကျယ်လောင် ကျယ်လောင်နှင့် စကားပြောကာ ဆူညံနေကြသည်ကို ဗုဒ္ဓရှင်တော် ကြားတော်မူ၍ “အာနန္ဒာ…တံငါသည်တွေ ငါးလုရာ၌ ဆူညံနေသလို ဆူညံနေသူတွေဟာ ဘယ်သူတွေလဲ”ဟု မေးတော် မူရာ အဂ္ဂသာဝကနှစ်ပါး၏ တပည့်များ ဖြစ်ကြောင်းကို သိတော်မူ၍ ခေါ်စေတော်မူကာ အဂ္ဂသာဝကနှစ်ပါးနှင့် ရဟန်းငယ်ငါးရာကို နှင်တော်မူသည်၊ ထိုအခါ ထွက်လာကြသည်ကို စည်းဝေးနေကြသော သာကီဝင်းမင်းများ မြင်၍ ဗုဒ္ဓအထံ လာရောက် တောင်းပန်မှ အခွင့်ရသဖြင့် ပြန်လာကြလေသည်။
          ထိုအခါ ဗုဒ္ဓရှင်တော်က “သာရိပုတ္တရာ…ငါဘုရား နှင်ထုတ်တုန်းက ဘယ်လိုများ စိတ်ထားသလဲ”ဟု မေးတော်မူရာ “ယခုအခါ ဗုဒ္ဓရှင်တော်မြတ်သည် သံဃာ့ပရိသတ်အပေါ်၌ ကြောင့်ကြစိုက် တော်မမူလိုဘဲ ဖလသမာပတ်ဝင်စားကာ ချမ်းသာစွာ နေတော်မူလိုပြီ၊ ငါတို့လည်း ဗုဒ္ဓရှင်တော်ကို အတုလိုက်၍ အေးဆေးစွာ နေကြတော့မည်”ဟု စိတ်ဖြစ်ပါကြောင်း လျှောက်လေသည်၊ ထိုအခါ “သာရိပုတ္တရာ (ဖလသမာပတ် ၀င်စား၍ အေးအေးဆေးဆေး နေဖို့ ရန်) ဆိုင်းငံ့ဦး, ဆိုင်းငံ့ဦး”ဟု မိန့်တော်မူသည်၊

အနာဂတ်သာသနာရေး အပိုင်း(၉၂) အဂ္ဂသာဝကနှစ်ပါးအကြောင်း



                                       အဂ္ဂသာဝကနှစ်ပါးအကြောင်း
အရှင်သာရိပုတ္တရာနှင့်  အရှင်မောဂ္ဂလ္လာန်                
ဗုဒ္ဓရှင်တော်မြတ်၏   လက်ယာဘက်  နေရာ၌ ထိုင်တော်မူရ၍ ပညာဘက်၌ ဧတဒဂ်ရသောကြောင့်… “လက်ယာတော်ရံ”ဟု သမုတ်အပ်သော အရှင်သာရိပုတ္တရာနှင့် လက်ဝဲဘက် နေရာ၌ ထိုင်တော်မူရ၍ တန်ခိုးဣဒ္ဓိဘက်၌ ဧတဒဂ်ရသောကြောင့် “လက်ဝဲတော်ရံ” ဟု သမုတ်အပ်သော အရှင်မောဂ္ဂလ္လာန်သည် ဗုဒ္ဓသာသနာတော်ဝယ် အမြတ်ဆုံး တပည့်များ ဖြစ်ကြသော အဂ္ဂသာဝကပေတည်း၊ [““ဧတဒဂံ္ဂ ဘိက္ခဝေ မမ သာဝကာနံ = ငါ၏ သာဝက (တပည့်) တို့တွင် ဤသူသည် အသာဆုံး””ဟု ချီးမြှောက် တော်မူရာ၌ ““ဧတဒဂံ္ဂ””ဟူသော ပါဠိတော်ကို ““ဧတဒဂ်””ဟု မြန်မာ ပြန်ထား၏၊ ထိုသို့ ““ဧတဒဂ်”” စသည်ဖြင့် ချီးမြှောက်ခံရသော ပုဂ္ဂိုလ်သည် ဧတဒဂ်ရပုဂ္ဂိုလ်မည်၏၊ ဧတဒဂံ္ဂ=ဧတံ+အဂံ္ဂ=ဤသူ အသာဆုံး၊ အဂ္ဂ+သာဝက=မြတ်သော+တပည့်၊] ထို အဂ္ဂသာဝက နှစ်ပါးတွင် တရားဟော၍ ဆုံးမရမည့် ပညာရေးကိစ္စ၌ အရှင်သာရိပုတ္တရာသည် လွန်စွာ အကူအညီ ရ၍ တန်ခိုးဖြင့် ဆုံးမရမည့် အရာဝယ် အရှင်မောဂ္ဂလ္လာန်သည် အလွန် အကူအညီရပေသည်။

Tuesday, 17 June 2014

အနာဂတ်သာသနာရေး အပိုင်း(၉၁) ပထမ၀ါ ရဟန္တာခြောက်ကျိပ်တစ်



ပထမ၀ါ ရဟန္တာခြောက်ကျိပ်တစ်                                             
ယသသတို့သား ရဟန်းပြုသွား ခြင်းကို သူငယ်ချင်းများဖြစ်ကြသော သူဌေးသား လေးယောက်တို့ကြား၍ စဉ်းစားကြသည်မှာ “ယသလို အမျိုးသားကောင်းတစ်ယောက်သည်ပင် ဆံပင်ကို ရိတ်, မုတ်ဆိတ်ကို ပယ်, သုံးထည်မျှ သင်္ကန်းကို ဆင်မြန်း၍ ရဟန်းပြုတယ်”ဆိုလျှင် “ထိုဗုဒ္ဓ၏ အဆုံးအမ သြ၀ါဒ သာသနာတော်သည် ဧကန်မုချ အောက်တန်းစား မဖြစ်တန်ရာ၊ ယသသတို့သားလို အထက်တန်း အမျိုးသားတို့၏ စိတ်ဝင်စား လောက်ဖွယ် ကြီးကျယ်သော အရာသာ ဖြစ်ပေလိမ့်မည်” ဤသို့ တွေးတောကြံဆ၍ အရှင်ယသအထံ သွားကြလေရာ အရှင်ယသမှတစ်ဆင့် ဗုဒ္ဓ၏အထံတော်သို့ ရောက်ကြလျှင် အစဉ်အတိုင်း တရားတော်ကို နာကြရသဖြင့် ရဟန္တာရဟန်းတော်များ ဖြစ်သွား ကြလေသည်။
          ထို့နောက် ဇနပုဒ်မှ အရှင်ယသ၏ သူငယ်ချင်းများဖြစ်ကြကုန် သော ဆွေကောင်း မျိုးကောင်း သတို့သားပေါင်း ငါးကျိပ်လည်း ထိုနည်းအတိုင်းပင် ကြားကြ၍ အရှင်ယသ အထံသို့ လာကြလေရာ ရဟန္တာရဟန်းတော်များ ဖြစ်ကြလေသည်၊ ဤကား မိဂဒါဝုန်တော ပထမ၀ါ၌ ရဟန္တာဖြစ်ကြကုန်သော ရဟန်းတော်များတည်း၊ ဗုဒ္ဓ, ပဉ္စ၀ဂ္ဂီငါးဦး, အရှင်ယသနှင့် အပေါင်းအဖော် ငါးကျိပ်လေးပါး ပေါင်းလျှင် ထိုပထမ၀ါ၌ ရဟန္တာ ခြောက်ကျိပ်တစ်ပါး ရှိလေပြီ၊ ဗုဒ္ဓကို ချန်ထား၍ ထိုခြောက်ကျိပ်သော အထက်တန်း အမျိုးကောင်း သား ရဟန္တာများကား ဗုဒ္ဓ၏ အဆုံးအမသြ၀ါဒ သာသနာ့ဝန်ကို အားသွန် ကြိုးပမ်းမည့် သာသနာ့ဝန်ဆောင် ထိပ်ခေါင်တင် အရှင်မြတ်များချည်း ဖြစ်ကြပါလိမ့်မည်။

အနာဂတ်သာသနာရေး အပိုင်း(၉၀) အရှင်ယသအကြောင်း


အရှင်ယသအကြောင်း
 လူ့စည်းစိမ်ခံစားပုံ                        
ဗုဒ္ဓဖြစ်မည့်  ကဆုန် လပြည့်နေ့  နံနက်  စောစောဝယ် ဃနာနို့ဆွမ်း လှူဒါန်းသော သုဇာတာမည်သော သူဌေးကတော်၏ သားဦးရတနာဖြစ်သော “ယသ”သတို့သားသည် ဗုဒ္ဓရှင်တော်မြတ်၏ ဓမ္မစကြာတရားဦး ဟောတော်မူချိန်မှာ ဗာရာဏသီမြို့၌ (ဗုဒ္ဓအလောင်း စံနေပုံကဲ့သို့) နွေ မိုး ဆောင်းဟု ဥတုသုံးပါးအလိုက် စံစားဖို့ရာ ခမ်းနားစွာသော ပြာသာဒ် သုံးဆောင်ဖြင့် တင့်တင့်တယ်တယ် ထည်ထည်ဝါ၀ါ စံနေခိုက်ဖြစ်လေသည်၊ ဇနီးသူဌေးကတော်ကလေး၏ အထိန်းအယ မောင်းမမိဿံ အခြေအရံတို့ကလည်း ယသော်ဓရာ၏ အခြွေအရံ တမျှ များပြားလှတော့၏၊ ဖြေဖျော်ယုယ တီးမှုတ်ကြသူများမှ စ၍ တံခါးစောင့်အထိ ယောက်ျားတစ်ယောက်မျှ မရှိစေရ, အားလုံး မိန်းမသားချည်း ဖြစ်ကြပေသည်။
သောတာပန်တည်ပုံ             
တစ်ညဥ့်၌ကား ထိုယသသတို့သားသည် အများ အိပ်ပျော်နေခိုက် နိုးလာလေရာ ညှိထွန်းထားသော မီးရောင်အောက်ဝယ် မတော်မလျော် အိပ်ပျော်လျက် မလှုပ်မယှက် နေကြသော မောင်းမတစ်စုကို မြင်သော် စိတ်ထဲ၌ ကြီးကျယ်ခမ်းနားသော နေရာဝယ် ဖွယ်ဖွယ်ရာရာ နေရ သည်ဟု မယူဆဘဲ သုသာန်တစ သင်္ချိုင်းဝ၌ အတုံးအရုံးဖြစ်နေသော သူကောင်တို့အလယ် ရောက်နေရသလို ထင်မြင်လာရကား ““ဥပဒ္ဒုတံ ၀တ ဘော ဥပသဋ္ဌံ ၀တ ဘော=အနှိပ်စက်ခံနေရလေစွ သြ, ဘေးရန်များလေစွ သြ””ဟု နှုတ်က တတွတ်တွတ်ပြောလျက် “ဘယ်ရောက်ရောက် ဒီနေရာက လွတ်လျှင် ပြီးရော“ဆိုတဲ့ ဆန္ဒဖြင့် ပြာသာဒ်မှ ဆင်းလာလေရာ အိမ်ဝင်းတံခါးနှင့် မြို့တံခါးကိုပါ နတ်များက ဖွင့်ထားနှင့်၍ အဆင်သင့် ထွက်ကာ မိဂဒါဝုန်လမ်းသို့ ခြေလှမ်းမိလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၈၉) သံဃံ သရဏံ ဂစ္ဆာမိ, သာသနာ့ဝန်ဆောင်များ



၃။ သံဃာ့ရတနာအခန်း
သံဃံ သရဏံ ဂစ္ဆာမိ။
သံဃာနှစ်မျိုး   “သံဃ”ဟူသော ပါဠိစကားသည် ““အပေါင်း=အသင်း = အဖွဲ့ = အစည်းအရုံး” ဟူသော အဓိပ္ပာယ်ကို ပြ၏၊ ထိုသံဃာတော်သည် “ပရမတ္ထသံဃာ, သမ္မုတိ သံဃာ”ဟု နှစ်မျိုးရှိ၏၊ “သုပ္ပဋိပန္နတာ”စသော ဂုဏ်တော်များနှင့် ပြည့်စုံ၍ အရိယာ ဖြစ်ပြီးသော သံဃာတော်များသည် ပရမတ္ထသံဃာတော်မည်၏၊ [ပရမတ္ထ-အစစ်အမှန် မဖောက်ပြန်နိုင်သော ရဟန်းတော် သံဃာတော်အဖြစ်မှ ပြောင်းလဲ၍ လူအဖြစ် စသည်သို့ ဘယ်နည်းနှင့်မျှ မရောက်နိုင်သော+သံဃ=အရိယာအပေါင်းအဖွဲ့] 
သုပ္ပဋိပန္နတာ အစရှိသော ဂုဏ်တော်များနှင့် အထိုက်အလျောက် ပြည့်စုံနိုင်၍ အရိယာသံဃာများနှင့် ၀ိနည်းသိက္ခာ အကျင့်တူသောကြောင့် ““သံဃာ””ဟု သမုတ်အပ်သော (အစစ်အမှန် မဟုတ်တတ် သော) သံဃာတော်သည် သမ္မုတိသံဃာ မည်၏။ [သမ္မုတိ= (အစစ်အမှန်မဟုတ်) အများသမုတ်အပ် အသိအမှတ်ပြုအပ်သော+ သံဃ = ပုထုဇဉ် ရဟန်းတော်များ၏ အပေါင်းအဖွဲ့။]

Monday, 16 June 2014

အနာဂတ်သာသနာရေး အပိုင်း(၈၈) ဓမ္မရတနာနိဂုံး



ဓမ္မရတနာနိဂုံး
ဤ ဓမ္မရတနာအခန်း၌ ဗုဒ္ဓရှင်တော်မြတ်၏ လေးနက်လှစွာ ဓမ္မစကြာ စသောတရား ရတနာကိုလည်းကောင်း, ဗုဒ္ဓလက်ထက်တော်က “အနာဂတဘယ” ဟု ဟောပြထားသော ဘေးများ ယခုအခါ ဆိုက်ရောက်နေကြောင်း ကိုလည်းကောင်း, သာသနာတော်ကွယ်ခြင်း၏ အကြောင်း မကောင်းတရားများ ယခု ဆိုက်ရောက်နေပုံကိုလည်းကောင်း, ဘုန်းကြီး၏ ဒုက္ခ၌ တရားကိုသာ ကိုးကွယ်ခဲ့ရပုံကိုလည်းကောင်း ပြပြီး၍ ယခုအခါ ဓမ္မရတနာအခန်းအတွက် နိဂုံးချုပ်ရပါတော့မည်။
          ဗုဒ္ဓ၏ တရားတော်များသည် ဟောပြော ရွတ်ဖတ်နေသည်ကို ကြားနာနေရလျှင်လည်း စိတ်ကို ချမ်းသာစေနိုင်၏၊ ရန်ကုန်မှာ ဘာသာခြား လူများ၏  အနီးရှိ   ကျောင်းကလေးဝယ်  ဘုန်းကြီးတစ်ပါးတည်း တည်းခိုနေရာ မဟာသမယသုတ်ကို ညစဉ် ရွတ်၏၊ ကျောင်းအမ လာသောအခါ ဘာသာခြားလူများက ထိုတရားသံကြောင့် အလွန် စိတ်ကြည်နူးကြောင်း ပြောပြကြပါသတဲ့။

အနာဂတ်သာသနာရေး အပိုင်း(၈၇)ခမည်းတော်ကြီး မကျန်းမာချိန်



ခမည်းတော်ကြီး မကျန်းမာချိန်
ဤသို့အားဖြင့် ၀မ်းနည်းညှိုးငယ်ဖွယ်ရာ ကိုယ်ခန္ဓာ  ဆင်းရဲကလေးများကို “ဘယ်သူ မပြု မိမိမှု” ဟု တွေးတော ဆင်ခြင်ကာ စိတ် သက်သာစွာဖြင့် ပညာသင်ကြားနေရာ ရဟန်းသုံးဝါ အရတွင် ပခုက္ကူ တိုက်ကြီး၌ စာချအဖြစ် ချီးမြှောက်ခံရ၍ ဆွမ်းဒုက္ခမှ ကျွတ်လွတ် ပြီးနောက် ခြောက်ဝါမြောက်မှ စ၍ သကျသီဟ စာသင်စာချနှင့် အစိုးရ ပထမကျော်ကို ရှစ်ဝါအတွင်း ပြီးမြောက်စေပြီးလျှင် စာပေ ပို့ချရင်း ကျမ်းစာများကို ရေးသား၍ နေစဉ် ခမည်းတော်ကြီး မကျန်းမမာ ဖြစ်လာလေသည်၊ ဆေးကုဖို့ရာ ငွေလည်း မည်မည်ရရ မရှိပါ၊ ဘယ်တော့ကမှလည်း ငွေကို မစုဆောင်းခဲ့၊ အကျော်အောင် စဉ်က ရခဲ့သော ခြောက်ရာကျော်လောက်ကိုလည်း ရန်ကုန်သို့ သွားဖွယ်ကိစ္စရှိသဖြင့် စရိတ်ကို ချန်၍ ဒကာကြီးအား အားလုံးကို စွန့်လိုက်၏၊
          ထိုအချိန်၌ ကျမ်းစာအုပ်များလည်း တစ်အုပ်မျှသာ ရိုက်ပြီးသေး၏၊ ရဟန်းအမကြီးများ၏ ကျန်ရစ်ခဲ့သော သမီးကလေးက တစ်လ တစ်ဆယ်တန်(နွားနို့, ညနေဖျော်ရည်သောက်ရန်) ကပ္ပိယထံ အပ်နှံထားလေ့ရှိ၏၊ ထိုကဲ့သို့ မရှိမဲ့ ရှိမဲ့ ဖြစ်နေသော်လည်း အများကမူ (ရပ်ရွာရှိ ဆွေမျိုးများကပါ) ငွေတွေ အလွန် ပေါများနေသည်ဟု ထင်နေကြလေ၏၊ ထို့ကြောင့် ဒကာကြီးအတွက် ရပ်ရွာသို့ ရောက်သောအခါ အဘိုးလေးတော်သူက “ကိုယ်တော့် ဒကာကြီးတော့ ရမယ်မထင်ဘူး၊ ငွေ ဘယ်လောက်ပါတုံး”ဟု မေးရှာလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၈၆) စာသင်သားဘ၀ ဒုက္ခ



စာသင်သားဘ၀ ဒုက္ခ 
ရဟန်း မဖြစ်မီ ဆင်းရဲသော နည်းဖြင့် ဆွမ်းမခံခဲ့ရသော်လည်း ရဟန်းဖြစ်သောအခါ ဆရာ၏ အမိန့်တော်အရ ပခုက္ကူ မူလစာသင်တိုက်ကြီး၌ စာသင်နေရစဉ်ကား  အမှတ်တရ  ဒုက္ခလေးတွေ  များလှလေ၏၊ ရောက်၍ မကြာမီ ကိုယ်တော်တစ်ပါးက “ဆွမ်းဖိတ်ရအောင်”ဟု ခေါ်သွား၍ တော်တော်ခံ့ညားသော အိမ်ကြီးရှေ့မှာ ရပ်နေကြ၏၊ အိမ်ရှေ့မှာလည်း အိမ်ရှင်များနှင့် အမျိုးသမီးတစ်ယောက် ရှိလေသည်၊ ထုံးစံအတိုင်း “ဘာအလိုရှိပါတုံးဘုရား”ဟု မေးလိုက်သော အခါ ထိုကိုယ်တော်က “ဟောဒီကိုယ်တော်လေး မိဝေးဘဝေးနှင့် စာသင်ချင်လွန်းလို့” အစချီသော ဖုန်းတောင်းယာစကာသံနှင့် အင်မတန် သနားဖွယ်ရာ မဟာကရုဏာ ဖြစ်လောက်သော အချက် များကို မိန့်မြွက်တော်မူလေသော် တစ်ခါမျှ ဆွမ်းမဖိတ်ဖူး၍ နားရိုင်းနေသော မိမိမှာ ရပ်၍ မနေနိုင်တော့ဘဲ ထိုကိုယ်တော် ပြော၍ မပြီးခင် တိတ်တိတ်ကလေး ပြန်ပြေးခဲ့ပါတော့သည်။
          ထိုကဲ့သို့ ဆွမ်းမဖိတ်လိုသည့်အတွက် အများဘုံလောင်းရာတွင် ရသမျှဖြင့် မျှတနေစဉ် တစ်ရံတစ်ခါ ရဟန်းအမကြီးများထံမှ ငွေတင်လိုက်သော်လည်း အဆင်သင့် ကပ္ပိယကျောင်းသား မရှိသောအခါ (ရဟန်းအမကြီးများနှင့် ထိုဒကာမကြီးများ၏ ကိုးကွယ်နေသော ၀ိနည်းဓိုရ် ဆရာတော်များ အထင်သေးမည်စိုးသောကြောင့်) ပြန်ပို့လိုက်ရတော့၏၊ ကျောင်းသား ကပ္ပိယ အဆင်သင့်တဲ့အခါ အပ်သောပစ္စည်းများကို သုံးစွဲခွင့်ရ၏၊ သင်္ကန်း မလုံလောက်၍ ထိုဝတ္ထုဖြင့် ခ၀ါသင်္ကန်းကို ကပ္ပိ (၀ယ်)ရဖူးသေး၏။

          အခါတစ်ပါးသော် ဆွမ်းခံ ပြန်အလာတွင် ဘုန်းရှင် ကံရှင် ဖြစ်သော မိတ်ဆွေတစ်ပါးက သပိတ်ကို ဖွင့်ကြည့်ကာ စားဖြစ်လောက်အောင် မရသော ဆွမ်းဟင်းကို မြင်၍… “မင်းလိုသာ ဆင်းရဲလျှင် ငါတော့ စာမသင်ဘူး”ဟု အားပေးရှာသေး၏၊ ရသမျှ ဘုံလောင်း ဆွမ်းဟင်းလေး ငါးခွက်သည် နံနက်စာမျှ မလောက်ပါ၊ ညနေ ကျလျှင် ဆာမည်စိုး၍ ဆွမ်းသန့်သန့်ကို နေ့စာချန်ကာ တစ်ရံတစ်ခါ သူများပေးသော ဟင်းကလေးနှင့် စားရ၏၊ တစ်ရံတစ်ခါ ထန်းလျက် ဖြင့် စားရ၏၊ တစ်ရံတစ်ခါသော် ရေနှင့်ရော၍ အလိုက်သင့် မျှောချ ခဲ့ရပါသည်။
တရားကိုသာ သတိရပုံ
ထိုမျှ ကိုယ်ဆင်းရဲပါသော်လည်း စိတ်ကား မညှိုးငယ်ပါ၊ “ငါသည် ရှေးရှေး ဘ၀က ပညာဘက်၌ အားတက်သရော ကောင်းမှုကို ပြုခဲ့သော်လည်း ဒါနဘက်၌ အမှတ်တမဲ့ နေမိခဲ့ဟန်တူသည်၊ ထို့ကြောင့် ယခုဘ၀၌ ပညာက အကျိုးပေး၍ ဒါနအကျိုးမှာ ချို့ချို့ငဲ့ငဲ့ ရှိရပေ သည်၊ ဒါနချို့တဲ့မှုကြောင့် ပညာသင်ရာမှာပင် ဆွမ်းမပြည့်စုံ၍ အားအင်နည်းစွာဖြင့် သင်ကြားနေရသည်၊ နောင်သံသရာ ပညာအကျိုးပေးရာဝယ် ဒါနကျိုးလည်း မညှိုးရအောင် ယခုဘ၀က သတိ ကြီးစွာ ကြိုးစားရပေလိမ့်မည်”ဟု တရားကိုသာ သတိရခဲ့ပါသည်။
          ထိုအချိန်မှာ စစ်ကိုင်းနှင့်မန္တလေးကို မျှော်ကြည့်လျှင် မိဘလည်း ပစ္စည်းမပြည့်စုံ၊ ဆရာရင်းလည်း (ထိုစဉ်က) ဘုန်းကံ မရှိရှာ၊ မိမိ စိတ်အလိုအားဖြင့် မည်သည့် ပစ္စည်းရှင်ကိုမျှ လောကွတ်ပျူငှာ သွားလာ ၀င်ထွက်၍ (ပစ္စည်းရမှုအတွက်) မဆက်ဆံနိုင်၊ ယခုခေတ် ဖြစ်ပုံမှာလည်း မိုးထိအောင် ပညာတတ်နေစေကာမူ သူတို့နှင့် အလွန်းမသင့်သမျှ အရေးစိုက်ကြတော့မည် မဟုတ်၊ ဤသို့သာ ထင်မြင်လာပါတော့သည်။
          ထို့ကြောင့် “ပညာသင်ရင်း သေလျှင်လည်း သေပေစေ, မသေလျှင်လည်း အပြည့်အစုံ တတ်ပေစေ၊ ပညာပြည့်စုံမှ သင့်တော် သလို စီစဉ်ရတော့မည်” ဟု ကြံစည်ကာ “ဤကဲ့သို့ ဆွမ်းဒုက္ခ ရောက်ရခြင်းသည် ပါရမီနုသော ငါ့အတွက် မထူးဆန်းချေ၊ ဗုဒ္ဓ ရှင်တော်သည်ပင် တောထွက်တော်မူစက ဆန်ကြမ်းထမင်းများကို မြင်ရ၍ ပဏ္ဍ၀တောင်ခြေမှာ ခေတ္တခဏမျှ စဉ်းစားခဲ့ဖူးသေး၏၊ ဗုဒ္ဓဖြစ်ပြီးသောအခါ ဝေရဉ္ဇာပြည်မှာ ၀ါတွင်းသုံးလပတ်လုံး မုယောဆန်ကို (နောက်ပါ သံဃာတော်ငါးရာနှင့်အတူ) ဘုဉ်းပေးတော်မူရ သေး၏၊ ဗုဒ္ဓရှင်တော်မြတ်သော်မှ သုံးလ ဆင်းရဲတော်မူရလျှင် ငါလိုလူကား သုံးနှစ် သုံးဘ၀ ဆင်းရဲသော်လည်း မထူးဆန်းလှ”ဟု တရားနှင့် ကာကွယ်ကာ အောက်ပါတေးထပ်ကို ရေးမိခဲ့ပါသည်။
ရွှေနန်းရှင် သဗ္ဗညုသို့, ကပ်ဝင်လုခါတွင်၊
နတ်တွင်လူ့ ပ၀ရာသခင်တောင်, တစ်ခါစဉ်ဆီက၊
ဆွမ်းအတွက် ပဏ္ဍ၀ါပေါ်မှာ, ကြံရှာတော်မူဖူးခဲ့သဗျ။
ရှေးဝဋ်ကြောင့် နေစံရှာ, ဝေရံဇာ ပြည်မ၊
ခြေရံပါ မကြည်မြအောင်ပ, ထွီစရာ့ဘောဇဉ်၊
မုယောဆန် သုံးဆောင်မွေ့ခဲ့ရ,        
ဘုန်းရောင်ငွေ့ တောက်တဲ့အရှင်။
ထုံးဆောင်၍ နှောက်မဲ့ယှဉ်သော်,
ကြောက်ဖွယ့်အင် ဘာမရှိပါဘူ့၊
ပါကဋိ မဟုတ်ကြ လူမှာ, နုပ်စွ သူ ငါ၊…
အစာအတွက်ကြောင့် လျှာမထွက်ပါတယ်,
ဘာအတွက်တာ ပူရပါချိမ့်လေး။   
 
Credit to
 

Sunday, 15 June 2014

အနာဂတ်သာသနာရေး အပိုင်း(၈၅) တရားကိုးကွယ်ပါ၏



တရားကိုးကွယ်ပါ၏             
                      (ကိုး= အားကိုး + ကွယ်= ကာကွယ်။)                                      
လောကတွင် မည်သူမဆို မိမိနှင့် ထိုက် တန်သော အားကိုးစရာ ကာကွယ်စရာ ရှိကြရ၏၊ မရှိသေးလျှင် ရှာထားကြရ၏၊ များစွာသော လူတို့ အားကိုးနေကြသော အရာများ ကား ဆွေမျိုးအားကိုး, ပစ္စည်းဥစ္စာ အားကိုး, ပညာ အားကိုး, ရုပ်ရည် အားကိုး, သတ္တိ အားကိုး, ခွန်အား အားကိုး, မိတ်ဆွေ အားကိုး, ဆရာ အားကိုး, လက်နက်အားကိုး (တိုင်းပြည်များ၌ စစ်တပ် အားကိုး, မဟာမိတ်များ အားကိုး)ဟူ၍ အမျိုးမျိုး ရှိကြ၏၊ ဘေးရန်ပေါ်လာလျှင်, ဆင်းရဲဒုက္ခ ရောက်လာလျှင် ထိုအားကိုးစရာ များဖြင့် ကာကွယ်ကြ၏၊ ထိုများစွာသော ကိုးကွယ် (အားကို+ ကာကွယ်)စရာတို့သည်လည်း တရားတော်ကို ကိုးကွယ်ရသလောက် အရာမရောက်ကြပါ။
          ချဲ့ဦးအံ့…ပြခဲ့သော အားကိုးစရာတို့သည် ဘေးရန်ပေါ်လာလျှင် အထိုက်အလျောက် ကာကွယ်နိုင်သဖြင့် သူ့နေရာနှင့်သူ ကိုးကွယ်ရာ ဖြစ်ကြပါပေ၏၊ သို့သော် ဆွေမျိုး ဥစ္စာ ပညာ ရုပ်ရည်စသည်တို့သည် သူတို့ကိုယ်တိုင် ပျက်စီးတတ်သောကြောင့် မိမိက အားကိုးနေတုန်း မှာပင် သူတို့က ပျက်ပြုန်းသွားတတ်ကြ၏၊ ဆွေမျိုး မိဘ မောင်နှမ သားချင်းတို့၏ သေကျေပျက်စီးမှု, ဥစ္စာ စည်းစိမ် ဂုဏ် သိန် ရာထူး ပျက်စီးမှု စသည်များကြောင့် ဒုက္ခရောက်ရသောအခါ၌လည်း ကောင်း, မိမိကိုယ်တိုင် အိုရ နာရ သေခါနီးကျသောအခါ၌လည်း ကောင်း ထိုထို လောကအားကိုးစရာတွေသည် လုံးလုံး အားကိုးရာ မရဘဲ တရားတော်သာ အားကိုးရာ ရပါတော့သည်။

အနာဂတ်သာသနာရေး အပိုင်း(၈၄) သာသနာကွယ်ခြင်း ငါးမျိုး တစ်နည်း



(ဂ) သာသနာကွယ်ကြောင်း 
  
သာသနာကွယ်ခြင်း ငါးမျိုး တစ်နည်း
ဘိက္ခုတို့…      အကြောင်းတရား ငါးမျိုးရှိသေး၏၊
၁။ အက္ခရာ ပုဒ် ပါဌ်များ မှားမှားယွင်းယွင်းနှင့် ပိဋကတော်ကို သင်ယူခြင်း၊ (အက္ခရာမှားလျှင် အနက် အဓိပ္ပာယ် အယူအဆလည်း မှားတော့မည်သာ၊ အနက် အဓိပ္ပာယ် အယူအဆ မှားလျှင် ဘုရား အဆုံးအမတော်များ ပျောက်ကွယ်သွားဖွယ် ရှိ၏-ဟူလို၊)
၂။ ရဟန်းတို့၏ ပြောဆိုဆုံးမ ခက်ခြင်း၊  
၃။  စာချနိုင်လောက်သော  ပုဂ္ဂိုလ်တို့က  စာမချခြင်း၊ (ထိုပုဂ္ဂိုလ်များ ကွယ်လွန်သွားကြသောအခါ ထိုပုဂ္ဂိုလ်များ တတ်သိထားသော တရားများ အဆက်ပြတ်၍ သာသနာကွယ်ကြောင်း တစ်မျိုး ဖြစ်၏-ဟူလို၊)
၎။ ပစ္စည်းလာဘ် ပေါများခြင်းကို အလိုရှိ ကြသဖြင့် အလျော့ဘက်သို့ လိုက်ကာ သာသနာဆုတ်ယုတ်ရေး၌ ရှေ့သွားခေါင်းဆောင်လုပ်၍ သာသနာတိုးတက်မှု၌ကား ဆန္ဒ ၀ီရိယ လျှော့ချခြင်း၊

ဓာရဏပရိတ်တော်






ဓာရဏသုတ်တော်( ဖြစ်စဉ်)
ဂေါတမ မြတ်စွာဘုရားသည် ညီတော် အာနန္ဒာအား ဓာရဏသုတ်တော်ကို ဟော၍ လူဒါယကာ-ဒါယိကာမတို့အား တစ်ဆင့် ဟောကြားရန်၊ ရှင်းလင်း သင်ပြရန် အမိန့်ရှိသော သုတ်တော် ဖြစ်ပါသည်။

ဓာရဏ ပရိတ်တော်တွင် ၀ိပဿိ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ တည်းဟူသော ဘုရားခုနှစ်ဆူအား ရှိခိုးပါ၍ ကျရောက် လတ္တံ့သော ဘေးခပ်သိမ်း ရန်ခပ်သိမ်း ကင်းငြိမ်းအောင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃဂုဏ်တော် ကျေးဇူးတော်တို့ကို ဖွဲ့ဆိုထားသည်မှစ၍ ဓာရဏသုတ်တော် ဖြစ်ပေါ်ရွတ်ဆို ပွားများခဲ့ကြပါသတည်း။


တိုက်တွန်းချက်။ ။ ဓာရဏပရိတ်တော်သည် မြတ်ဗုဒ္ဓ ရှင်တော်ဘုရား၏ အာဝေဏိကဂုဏ်တော် ၁၈-ပါးကို ဖော်ပြထားသည်။ ဤဂုဏ် ၁၈-ပါးသည် မြတ်စွာဘုရား၏ သီးခြား ကိုယ်ပိုင် ဂုဏ်တော်များ ဖြစ်သည်။ အခြား မည်သူ တစ်ဦးတစ်ယောက်၌မျှ ဤဂုဏ်မျိုး မရှိချေ။ ရဟန္တာနှင့် ပစ္စေကဗုဒ္ဓများ၌ သော်မှ ဤ ဂုဏ်သတ္တိမျိုး မရှိကြ။ စင်စစ်အားဖြင့် ဓာရဏပရိတ်တော်သည် မြတ်စွာဘုရား၏ အာဝေဏိက ဂုဏ်တော်တို့ကို ချီးကျူး ပူဇော်ခြင်းပင် ဖြစ်သည်။

ကောင်းမြတ်သော စေတနာဖြင့် တာဝန် ၀တ္တရားများကို ထမ်းဆောင်နေသူ အားလုံးတို့သည် ဓာရဏ ပရိတ်တော်ကို ရွတ်ဖတ်ပါမူ အ,ကာလ မရဏမှ လွတ်မြောက်နိုင်သည်။ အ,ကာလ မရဏနှင့် မတွေ့ကြုံရ-မတွေ့ကြုံနိုင်။

အ,ကာလ မရဏ ဆိုသည်မှာ သူတစ်ပါး လက်နက်ဖြင့် သေရခြင်း၊ သူတစ်ပါး ပယောဂဖြင့် သေရခြင်း၊ ကျားကိုက် သေရခြင်း၊ ချောက်ကမ်းပါးက သေရခြင်း၊ ကားမှောက်၍ သေရခြင်း စသည့် ဥပစ္ဆေဒက ကံကြောင့် သေရခြင်းမျိုးများကို ဆိုသည်။ ဓာရဏ ပရိတ်ကို ရွတ်ဖတ်သူမှာ အ,ကာလ မရဏ အမျိုးမျိုးတို့မှ လွတ်မြောက်သည်။

သတ္တ၀ါတိုင်း လူတိုင်းပင် တစ်နေ့နေ့၌ သေရမည်မှာ ဓမ္မတာ ဖြစ်သည်။ အ,ကာလ မရဏမှ လွတ်မြောက်သည်ဟု ဆိုသည်မှာ ဥပစ္ဆေဒက ကံကြောင့် မသေရ၊ မသေနိုင်ခြင်းကို ဆိုသည်။ ဖြစ်မြဲ ဓမ္မတာအရ သေချိန်ကျမှသာ သေရသည်။

ရှင်းပြပါဦးအံ့-သေရခြင်း လေးမျိုးရှိသည်။
(၁) အသက်တမ်း ကုန်၍ သေရခြင်း “အာယုက္ခယမရဏ”၊ အသက်တစ်ရာတမ်း၌ အနှစ်တစ်ရာ ပတ်ဝန်းကျင်မျှသာ နေကြရသည်။ မြတ်စွာဘုရားသော်မှ အနှစ် ၈၀-သာ နေရသည်။

(၂) ကံကုန်၍ သေရခြင်း “ကမ္မက္ခယမရဏ”။ မိမိ ကုသိုလ်ကံအလျောက်သာ နေရသည်။ ကံကုန်လျှင် အရွယ် ကောင်းတုန်း၌လည်း သေရသည်။ နို့စို့ အရွယ် စသည်၌လည်း သေရသည်။

(၃) သက်တမ်းနှင့် ကံ ၂-ပါးလုံး ကုန်၍ သေရခြင်း “ဥဘယက္ခယမရဏ”။

(၄) အထက် မရဏ ၃-မျိုးမှ တစ်ပါး အခြားပယောဂ တစ်ခုခုကြောင့် သစ်စိမ်းချိုး ချိုးဖြတ်သကဲ့သို့ သေရခြင်းမျိုး “ဥပစ္ဆေဒက မရဏ” ဟူ၍ သေရခြင်းမျိုး ၄-မျိုးရှိသည်။

ပထမ သေခြင်း ၃-မျိုးကို ဘုရား၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သော်မှ မလွန်နိုင်။ ယင်း မရဏ ၃-မျိုးမှာ သေရိုး သေစဉ် ဓမ္မတာ မရဏ ဖြစ်သည်။

ဥပစ္ဆေဒက မရဏကို အ,ကာလမရဏ ဟု ခေါ်သည်။ သေချိန် မရောက်သေးဘဲ သေရခြင်းသည် အ,ကာလ မရဏ ဖြစ်သည်။ ဓာရဏ ပရိတ်တော်ကို ရွတ်ဖတ်ခြင်း အားဖြင့် အ,ကာလ မရဏကို တားမြစ် ပယ်ဖျောက်နိုင်သည်။ စေတနာ ဖြူစင်သူတို့ အ,ကာလ မရဏမှ ကင်းလွတ်ကြပါစေသော်။

မဟာသမယသုတ် (မြန်မာပြန်)



၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်းဖြစ်သော ရဟန်းသံဃာများစွာနှင့်အတူ သီတင်းသုံး နေတော်မူ၏၊ (စကြာဝဠာတစ်ထောင်စီ ရှိ သော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့ သည်လည်း မြတ်စွာဘုရားကို လည်းကောင်း ရဟန်း သံဃာ ကို လည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက်ကုန်၏။



ထိုအခါ သုဒ္ဓါဝါသဘုံ၌ နေသော ဗြဟ္မာလေးဦးတို့အား ဤသို့သော အကြံသည် ဖြစ်၏-

''ဤမြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်း ဖြစ်သော ရဟန်း သံဃာများစွာနှင့်အတူ သီတင်းသုံးနေတော်မူ၏၊ (စကြာဝဠာ တစ်ထောင်စီရှိသော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်တို့သည် လည်း မြတ်စွာဘုရားကို လည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက် ကုန်၏။ ငါတို့သည်လည်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ အထံတော်၌ အသီးသီး ဂါထာ တစ်ပုဒ်စီ ရွတ်ဆိုရမူ ကောင်းလေစွ'' ဟု (အကြံဖြစ်၏)။

၂။ ထိုအခါ ထိုဗြဟ္မာ (လေးဦး) တို့သည် ဥပမာအားဖြင့် ခွန်အားရှိသော ယောက်ျားသည် ကွေးသောလက် ကို ဆန့်သကဲ့သို့ လည်းကောင်း၊ ဆန့်သော လက်ကို ကွေးသကဲ့သို့လည်းကောင်းဤအတူ သုဒ္ဓါဝါသ ဗြဟ္မာဘုံမှ ကွယ်ခဲ့၍ မြတ်စွာဘုရား၏ ရှေ့တော်၌ ထင်ရှားပေါ်လာကုန်၏။

ထို့နောက် ထိုဗြဟ္မာ တို့သည် မြတ်စွာဘုရားကို ရှိခိုးပြီး၍ တစ်ခုသော နေရာ၌ ရပ်ပြီးလျှင် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာ ဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-

''(အသျှင်ဘုရား) မဟာဝုန်တော၌ နတ်ဗြဟ္မာအပေါင်းတို့သည် စုရုံးလာကြသဖြင့် အစည်းအဝေး ကြီးဖြစ်လျက် ရှိနေပါ၏၊ အကျွန်ုပ်တို့ သည် (ကိလေသာရန်သူတို့) မအောင်နိုင်သော သံဃာတော် ကို ဖူးမြော်ခြင်းငှါ ဤတရားသဘင် အစည်းအဝေးသို့ လာရောက် ပါကုန်၏'' ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-


''(အသျှင်ဘုရား) ထို (အစည်းအဝေး) ၌ ရဟန်းတို့သည် မိမိစိတ်ကို တည်ကြည်စေလျှက် ဖြောင့်မတ်စွာ ပြုထားပါကုန်၏၊ ရထားထိန်း သည် (မြင်းဇက်) ကြိုးတို့ကို ကိုင်၍ ထိန်းသကဲ့သို့ ပညာရှိ (ရဟန်း) တို့သည် ဣနြေ္ဒတို့ကို ထိန်းသိမ်းတော်မူ ကြပါကုန်၏'' ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-

'(အသျှင်ဘုရား) မြတ်စွာဘုရား ကောင်းစွာ ဆုံးမထားပြီးဖြစ်၍ တဏှာကင်းလျက် သန့်ရှင်း စင်ကြယ်သော ထိုရဟန္တာငယ် တို့သည် (ရာဂ ဒေါသ မောဟတည်းဟူသော) ခလုတ်တံသင်းနှင့်တံခါး ကျည်မင်းတုပ်ကို ဖြတ်ပြီး လျှင် (ရာဂ ဒေါသ မောဟတည်း ဟူသော) တံခါးတိုင်ကို နုတ်၍ လှည့်လည် သွားလာ နေကြကုန် ၏'' ဟု (ရွတ်ဆို၏)။


ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-

''(အသျှင်ဘုရား) မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သူ အားလုံးတို့သည် အပါယ် ဘုံသို့ မရောက်ကြ ပါကုန် လတ္တံ့၊ လူ့ခန္ဓာကို စွန့်ပယ်၍ နတ်ပြည်၌ ဖြစ်ကြပါကုန် လတ္တံ့'' ဟု (ရွတ်ဆို၏)။

၃။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏-
''ရဟန်းတို့ (စကြာဝဠာတစ်ထောင်စီရှိသော) လောကဓာတ်ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့သည် မြတ်စွာဘုရား ကို လည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက်ကြ ကုန်၏။ ရဟန်းတို့ အတိတ်ကာလ၌ ပွင့်တော်မူကုန်သော ပူဇော်အထူးကို ခံတော်မူ ထိုက်ကုန်သော မြတ်စွာဘုရားတို့၏ လက်ထက်တော်၌လည်း ယခု ငါ၏ လက်ထက်၌ ကဲ့သို့ ဤမျှအတိုင်း အရှည်ရှိသော နတ်ဗြဟ္မာတို့သည် စည်းဝေးခဲ့ကြကုန်ပြီ။

ရဟန်းတို့ အနာဂတ်ကာလ၌ ပွင့်တော်မူလတ္တံ့ကုန်သော ပူဇော်အထူးကို ခံတော်မူ ထိုက်ကုန်သော မြတ်စွာဘုရားတို့၏ လက်ထက်တော်၌လည်း ယခုငါ၏ လက်ထက်၌ကဲ့သို့ ဤမျှ အတိုင်းအရှည် ရှိသော နတ်ဗြဟ္မာတို့သည် စည်းဝေးကြကုန်လတ္တံ့။

အလိုတော်ပြည့်ဘုရားရှိခိုး နှင့် ဆွမ်းကပ်နည်း




၁။ ရှေးဦးစွာ သစ်သီး (၉) မျိုး၊ ပန်း (၉) မျိုး၊ ရေချမ်း (၉) ခွက်၊ ဆွမ်း (၉) ခွက်၊ ဆီမီး (၉) တိုင်၊ ညှိထွန်းပြီး လှူဒါန်းရပါမည်။

(မှတ်ချက်။ ။သစ်သီး (၉) မျိုး လှူးဒါန်းရာ၌ သံပုရာသီး၊ စပျစ်သီး၊ ရှောက်သီး၊ မာလကာသီး၊ ဟင်းချက်စားရသောသီးမျိုးစုံ မပါစေရ။)

၂။ ပန်း (၉) မျိုး၌ အရွက်ပန်းကို ပယ်၍ သပြေညွန့်မှအစ အကုန် လှူဒါန်းနိုင်သည်။

၃။ ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး ပြည့်စုံအောင် လှူဒါန်းပြီးသည့်နောက် ဖော်ပြပါ ဘုရားရှိခိုးကို အစီအစဉ်အတိုင်း မလွဲမမှားရအောင် ရှိခိုးရပါမည်။

အလိုတော်ပြည့်ဘုရားရှိခိုး

"သဲအင်းဂူဆရာတော်ဘုရားကြီး၏ အတိတ်ဝဋ်ကြွေးတော်နှင့် ယနေ့ ခေတ် ဆင်ခြင်ဖွယ်"


=================================

သူများဆဲတာကို အပြစ်မပြောဘူး။
ဦးဇင်းက အတိတ်က သူများကို ဆဲခဲ့တဲ့ အပြစ်ကိုသိတယ်။
ငါ့ကိုက မကောင်းတဲ့ကံ၊ သူများကို ဆဲခဲ့လို့ အခုငါခံ။
အတိတ်အကြောင်း သိချင်လား ဒကာကြီး။
ဦးဇင်းက ဝေဿဘူဘုရားလက်ထက်က ရှင်ဘုရင်ဖြစ်ခဲ့တယ်။
ထီးနန်းအုပ်ချုပ်သူ ဘုရင်။ ပိဋကတ်သုံးပုံ
ပြောင်းပြန် ဘယ်ပြန်ညာပြန်
လှန်ခဲ့တယ်။ အတတ်မျိုးစုံလည်း တတ်ခဲ့တယ်။
ဘုရင်ကလည်း အကြီးစား၊ ဦးဇင်းအတိတ်က ကံပြောတာ။
သူများကို ဆဲခဲ့တာ ပြောတာ။

ကိုယ့်ထက် တတ်တဲ့သူ မရှိဘူးလို့ 
ဒီလို မာန်မာနတရားတွေ
လက်မကြီးထောင်ခဲ့တယ်။
အစွယ်ကြီးချိတ်ခဲ့တယ်။
မာန်တွေ မာန်တွေ၊ ငါ့ထက်တတ်တဲ့သူ
မရှိဘူးလို့ ဒီလို အစွယ်ကြီး ချိတ်ခဲ့တယ်။

Saturday, 14 June 2014

အနာဂတ်သာသနာရေး အပိုင်း(၈၃) အနာဂတ်ဘေး တစ်နည်း


၂။ အနာဂတ်ဘေး တစ်နည်း
ဘိက္ခုတို့… ယခုအခါ မဖြစ်သေးဘဲ အနာဂတ်ကာလ၌ ဖြစ်မည့် ဘေးငါးမျိုး ရှိသေး၏၊ ထိုဘေးများကို သင်တို့ သိထားနှင့်ကြ, သိထားကြပြီးလျှင် ထိုဘေးတို့ကို စွန့်ပယ်နိုင်ဖို့ရာ ကြိုးစားကြရမည်။
ဘေးငါးမျိုးဟူသည်မှာ …
၁။       အနာဂတ်ကာလ၌  ရဟန်းတို့သည်  သင်္ကန်းကောင်းကောင်း အလိုရှိကြလိမ့်မည်၊ သင်္ကန်းကောင်းကောင်းကို အလိုရှိကြ သဖြင့် ပံသုကူဓုတင် ဆောင်ကြတော့မည်မဟုတ်၊ တောကျောင်း၌လည်း နေကြတော့မည် မဟုတ်၊ ရွာ, နိဂုံး, မင်းနေပြည်များ၌ နေထိုင်ကြ၍ သင်္ကန်းကောင်းကောင်း ရဖို့ရာ အမျိုးမျိုးသော မအပ်မရာ နည်းတို့ဖြင့် ရှာမှီးကြလိမ့်မည်။
၂။       အနာဂတ်ကာလ၌    ရဟန်းတို့သည်   ဆွမ်းကောင်းကောင်း အလိုရှိကြလိမ့်မည်၊  ဆွမ်းကောင်းကောင်း  စားလိုသဖြင့် ပိဏ္ဍပါတ် ဓုတင်ကိုလည်း မဆောင်, တောကျောင်း၌လည်း မနေကြ တော့ဘဲ ရွာ, နိဂုံး, မင်းနေပြည်များ၌ နေထိုင်ကြ၍ ဆွမ်းကောင်း, ဟင်းကောင်း, မုန့်ပဲသရေစာကောင်း ရဖို့ရာ အမျိုးမျိုးသော မအပ် မရာ နည်းတို့ဖြင့် ရှာမှီးကြလိမ့်မည်။

Sayadaw U Kumara: Maha Thamaya Sutta Recitation

အနာဂတ်သာသနာရေး အပိုင်း(၈၂) အနာဂတ်ဘေးငါးမျိုး



အနာဂတဘယသုတ်တော်
၁။ အနာဂတ်ဘေးငါးမျိုး
ဘိက္ခုတို့… ဤပြလတ္တံ့သော ဘေးတို့သည် ယခု (ထို သုတ်တော်ကို ဟောတော်မူချိန်မှာ) မဖြစ်သေးဘဲ နောင်အခါ ဖြစ်ကြလိမ့်မည်၊ ထိုဘေးများကို သင်တို့ သိထားနှင့်ကြ၊ သိပြီး၍ ထိုဘေးများ မပေါ် လာအောင် ကြိုးစားကြ၊ ထိုဘေးတို့ကား…
၁။ (မိမိကိုယ်ကို ဣနြေ္ဒရရနှင့် နေတတ်အောင် ပြုပြင်သောအားဖြင့်) ခန္ဓာကိုယ်၏ တိုးတက်ကြီးပွားမှုလည်း မရှိကြသော, သီလသိက္ခာ တိုးတက်မှုလည်း မရှိကြသော, စိတ်နေစိတ်ထား သမာဓိတိုးပွားမှု လည်း မရှိကြသော, လောကုတ္တရာပညာ တိုးပွားမှုလည်း မရှိကြ သော ရဟန်းတို့သည် သူတို့ကိုယ်တိုင် ဥပဇ္ဈာယ်ဆရာကြီးလုပ်ကာ အခြားသူတို့ကို ရဟန်းပြုပေးကြလိမ့်မည်၊ ထိုသို့ အရည်အချင်း မရှိသော ဥပဇ္ဈာယ်ဆရာတို့သည် မိမိတပည့်များ ကိုယ်နေ စိတ်ထား သီလ သမာဓိ ပညာတိုးပွားအောင် ဆုံးမနိုင်ကြတော့မည် မဟုတ်၊ ထိုတပည့်များလည်း ကိုယ်နေ စိတ်ထား သီလ သမာဓိ ပညာတရား တိုးပွားခြင်း မရှိဘဲ မိမိတို့၏ လက်အောက်တပည့်များကို ရဟန်းပြု ပေးကြလိမ့်ဦးမည်၊ ဤသို့ အဆက်ဆက် တရားပျက်ခြင်းကြောင့် ၀ိနည်းပျက်ပြားခြင်းဟူသောဘေး ပေါ်လာလိမ့်မည်။
၂။       ဤ (၂)နံပါတ်၌ နိဿရည်းဆရာ လုပ်၍ တပည့်များကို နိဿရည်းပေးခြင်းသာ ထူးသည်၊ [အရပ်တစ်ပါးမှ လာနေသော တပည့်များ၏ အမှီခံဆရာကို နိဿရည်းဆရာဟု ခေါ်၏။]
၃။       ခန္ဓာကိုယ်နှင့်   သီလ သမာဓိ ပညာ တိုးပွားမှု မရှိကြသောနောက်ခေတ် ရဟန်းတို့သည် အဘိဓမ္မာတရား, ဉာဏ်ရမှုနှင့် ယှဉ်သော တရားများကို ဟောကြသောအခါ မကောင်းသော စိတ်ထားဖြင့် သူတစ်ပါးတို့ကို ပုတ်ခတ် စော်ကားခြင်း, ပစ္စည်း ရအောင် ဟောခြင်းတို့ဖြင့် စိတ်ဆိုး စိတ်ညစ်တွေ ပေါ်ပေါက်၍ တရားစစ် သဘောမှန်ကို သိကြတော့မည် မဟုတ်၊ (ဥပမာ … သင်္ဂြိုဟ်စကားပြောရင်း ငြင်းကြ ခုံကြ ကိုယ်တတ်ကြောင်းပြကြ လာဘ်ရမှုများကို လိုလားကြသဖြင့် သဘောအမှန်ကို ဝေဖန် နားလည်မှု မရှိကြတော့ဘဲ သူတို့ကိုယ်တိုင်ပင် ပစ္စည်းလိုချင်သော လောဘ, သူတစ်ပါးကို စော်ကားသော ဒေါသတွေ ဖြစ်နေတော့ သကဲ့သို့တည်း။)

Friday, 13 June 2014

အနာဂတ်သာသနာရေး အပိုင်း(၈၁) အစမရှိသော်လည်း လက်တွေ့မှန်ပုံ



အစမရှိသော်လည်း လက်တွေ့မှန်ပုံ   
ဤ ပဋိစ္စသမုပ္ပာဒ်တရားစဉ်အရ  ရှေ့အစွန်းအစကို ဉာဏ်ဖြင့်လိုက်၍ ကြည့်သောအခါ အစွန်း အစ မတွေ့ရဘဲ “လိုက်လေ ပြေးလေ”ဖြစ်နေရကား “ရှေ့အစွန်းအစ မရှိ”ဟုပင် မှတ်ထားရတော့မည်၊ သို့သော် ထိုသို့ မှတ်ထားခြင်းကား ပုထုဇဉ်တို့ ဉာဏ်ဖြင့် ဧကန် ဒိဋ္ဌ သိရှိရ၍ အားရပါးရ သဘောကျသော မှတ်ထားခြင်း မဟုတ်သေးချေ။
          ဤနေရာ၌ ပြောစမှတ်တစ်မျိုးကို ပြဦးမည်၊ ပဋ္ဌာန်းပစ္စည်း တစ်နေရာ၌ ဆရာအစဉ်အဆက် မကျေနပ်သော အယူအဆ ကလေး တစ်ချက်ရှိ၏၊ စာသင်သားတစ်ပါးက ဆရာတော်တစ်ပါးအား လျှောက်သောအခါ “အရိမေတ္တေယျဘုရားရှင် ပွင့်တော်မူလာ ပါလိမ့်မည်၊ အဲဒီအခါကျမှ သေသေချာချာ လျှောက်ပေတော့”ဟု အဖြေပေးတော်မူသတဲ့။
          ဆရာတော်တစ်ပါးကမူ “ကိုယ့်ကိုယ်တိုင် ဘုရားဖြစ်အောင် ပါရမီ ဖြည့်ပါ၊ ဘုရားဖြစ်တော့မှ သေသေချာချာ သိရပါလိမ့်မည်”ဟု အဖြေပေးသတတ်၊ ထိုဆရာတော်များ အဖြေပေးကြသလို ရှေ့ အစွန်းအစကို တွေးကြည့်ရာ၌ ယခုခေတ်ဝယ် မည်သည့် ပညာရှိမျှ ကျနစွာ ဖြေဆို နိုင်တော့မည် မဟုတ်ပါ၊ မိမိကိုယ်တိုင် အရိယာအဖြစ် ရောက်၍ တရားပေါက်မှ ဖြစ်စေ, နောက်ဘုရားတစ်ဆူ ပွင့်တော်မူမှဖြစ်စေ ပိုင်နိုင်သော အဖြေကို ရကြပေလိမ့်မည်။

အနာဂတ်သာသနာရေး အပိုင်း(၈၀) ဥပါဒါန်ကြောင့် ဘ၀ဖြစ်ပုံ



ဥပါဒါန်ကြောင့် ဘ၀ဖြစ်ပုံ       
“ဘ၀”ဟူရာ၌  ကမ္မဘ၀,  ဥပပတ္တိဘ၀ဟု ဘ၀နှစ်မျိုး ရှိ၏၊  ထိုတွင် သင်္ခါရအရ၌ ပြခဲ့သော ကုသိုလ်ကံ အကုသိုလ်ကံသည် ကမ္မ ဘ၀ မည်၏၊ ထိုကံကြောင့် နောက်ဘ၀၌ ပဋိသန္ဓေ၀ိညာဉ်နှင့် ကမ္မဇရုပ်တို့ ဖြစ်ရခြင်းသည် ဥပပတ္တိဘ၀မည်၏၊
ချဲ့ဦးအံ့… ယခု ဘ၀၌ အာရုံတစ်ခုခုကို (သား, မယား စသည်ကို) ဥပါဒါန်ဖြင့် စွဲလမ်းနေရာ ထိုဥပါဒါန် အရင်းခံ၍ သူ့ကို ရဖို့ရန်, ရပြီး ပြန်လည် ကျွေးမွေးစောင့်ရှောက်ဖို့ရန် အကုသိုလ်ကံကို ပြု၏၊ နောက်ဘ၀၌ အတူတကွ ချမ်းသာသုခရဖို့ရန် ကုသိုလ်ကံကိုလည်း ကြိုးကြိုးစားစား ပြု၏၊ ဤကံမျိုးသည် ယခုလက်ရှိအာရုံကို စွဲလမ်းသော ဥပါဒါန်ကို အရင်းခံ၍ ဖြစ်ရသော ကမ္မဘ၀တည်း။
          တချို့ကား နောက်ဘ၀ လူ့ပြည် နတ်ပြည်၌ ကာမဂုဏ်တွေကို ခံစားလိုသော ဥပါဒါန် ဖြစ်၏၊ ထိုဥပါဒါန်ကြောင့် (မသူတော်တို့၏ တရားကို နာမိ၍ ကောင်းမှု အထင်ဖြင့်)  မကောင်းမှုကံကိုလည်း ပြုမိ၏၊ (သူတော်ကောင်းတရားကို ကြားနာရ၍) ကောင်းသော ကံကိုလည်း ပြုမိ၏၊ ရူပဘုံ, အရူပဘုံ၌ကား ထိုကာမချမ်းသာ ထက်ပင် ချမ်းသာသေး၏ဟု စွဲလမ်းမှု ဥပါဒါန်ကြောင့် ရူပကံ, အရူပ ကံကိုလည်း ပြုပြန်၏၊

အနာဂတ်သာသနာရေး အပိုင်း(၇၉) ဖဿကြောင့် ဝေဒနာဖြစ်ပုံ



ဖဿကြောင့် ဝေဒနာဖြစ်ပုံ
ခံစားမှုကို “ဝေဒနာ”ဟု ခေါ်၏၊ တကယ်ကောင်းသည် ဖြစ်စေ, မကောင်းသည်ဖြစ်စေ မျိုးရိုးအလိုက် (သို့မဟုတ်) မိမိစိတ်အကြိုက် အားဖြင့် အကောင်းဟု ထင်နေသော အာရုံနှင့် တွေ့သောအခါ သာယာခံစားမှု ဝေဒနာဖြစ်၏၊ ကျမ်းစာတို့၌ “သုခဝေဒနာ”ဟု ခေါ်သည်၊ မျိုးရိုးအလိုက် စိတ်ကြိုက်အားဖြင့် “မကောင်း”ဟု ထင်နေသော အာရုံနှင့် တွေ့သောအခါ မသာယာသော ခံစားမှု ဝေဒနာဖြစ်၏၊ “ဒုက္ခဝေဒနာ”ဟု ခေါ်သည်၊ အကောင်းဘက်လည်း မပါ, မကောင်းဘက်လည်း မပါသော အာရုံနှင့် တွေ့သောအခါ သာယာမှု မသာယာမှုမရှိသော ဝေဒနာဖြစ်၏၊“ဥပေက္ခာဝေဒနာ”ဟုခေါ်သည်၊ [ဥပေက္ခာ=ဥပ+ဣက္ခာ၊ ဥပ-သင့်ရုံ တော်ရုံ+ဣက္ခာ= ခံစားခြင်း၊ ““ခံစားတယ်””ဟု ဆိုရရုံ မသိမသာ ခံစားခြင်းတည်း၊ ထို မသိမသာ ခံစားခြင်းကို ““လစ်လျူရှုခြင်း””ဟုလည်း ပြောကြသည်၊]
အာရုံနှင့် ဓာတ်ခိုက်မှု ဖြစ်မှသာ ဤဝေဒနာလည်း ဖြစ်နိုင်၏၊ ဖဿ မဖြစ်သော အာရုံ၌ ဝေဒနာ မဖြစ်၊ မျက်စိကွယ်နေသူသည် အဆင်း အာရုံ၌ ဓာတ်ခိုက်မှု ဖဿ မရှိသောကြောင့် အဆင်းအာရုံကို ခံစားမှု ဝေဒနာလည်း မဖြစ်တော့ချေ။

အနာဂတ်သာသနာရေး အပိုင်း(၇၈) သဠာယတန၏ သရုပ်နှင့်သတ္တိ



သဠာယတန၏ သရုပ်နှင့်သတ္တိ
          မျက်လုံးအတွင်း  မျက်နက်ဝန်း၏  အလယ်ကောင်၌ ““စက္ခုပသာဒ””ခေါ် အကြည်ဓာတ် ပါ၏၊ ထိုအကြည်ဓာတ်ကို ““စက္ခာယတန””ဟု ခေါ်၏၊ နားရွက်၏ လိုဏ်ခေါင်းအတွင်း၌ ““သောတပသာဒ””ခေါ် နားအကြည်ဓာတ် ပါ၏၊ ““သောတာယတန””ဟု ခေါ်၏၊ နှာခေါင်း ပေါက်၏အတွင်း၌““ဃာနပသာဒ””ခေါ် နှာခေါင်းအကြည်ဓာတ်ပါ၏၊ ””ဃာနာယတန””ဟု ခေါ်၏၊ လျှာ၏ အလယ်၌ ““ဇိဝှာပသာဒ””ခေါ် လျှာအကြည်ဓာတ် ပါ၏၊ ““ဇိဝှာယတန””ဟု ခေါ်၏၊ ခန္ဓာကိုယ်၏ ထိုထို အရပ်ဌာန၌ ““ကာယပသာဒ””ခေါ် ကိုယ်အကြည်ဓာတ် ပါ၏၊ ““ကာယာယတန””ဟု ခေါ်၏၊ ပဋိသန္ဓေ တည်သည်မှစ၍ (၀ီထိစိတ် မဖြစ်သမျှ) အမြဲဆက်၍ ဖြစ်ပျက်နေသော ၀ိညာဉ်ကို ““မနာယတန”” ဟု ခေါ်၏။

အနာဂတ်သာသနာရေး အပိုင်း(၇၆) နာမ်ရုပ်ကြောင့် သဠာယတနဖြစ်ပုံ



နာမ်ရုပ်ကြောင့် သဠာယတနဖြစ်ပုံ     
“သဠာယတန” ဟူသည် စက္ခာယတန,  သောတာယတန,  ဃာနာယတန,  ဇိဝှာယတန, ကာယာယတန, မနာယတန တည်း၊ [သ=ဆ=ခြောက်ပါး + အာယတန=အာယတန] အာယတန သဒ္ဒါသည် စိတ်စေတသိက်တရားတို့၏ “ဖြစ်ရာ တည်ရာ=ဖြစ်ကြောင်း တည်ကြောင်း” ဟူသော အနက်ကို ဟော၏၊ “စက္ခာယတနရှိမှ စက္ခုနှင့် ဆိုင်သော စိတ် စေတသိက်များ ဖြစ်နိုင်ကြ၏၊” စသည်ဖြင့် သိပါ၊ ရှေးကံသင်္ခါရကြောင့် ဤဘ၀၌ ၀ိညာဉ် နာမ် ရုပ်တို့ ဖြစ်သောအခါ စက္ခာယတန စသော အာယတနခြောက်ပါး လည်း ပါဝင်လျက် ရှိ၏၊
ချဲ့ဦးအံ့… ပဋိသန္ဓေ၀ိညာဉ်မျိုးစေ့ တည်လျှင်ပင် ၀ိညာဉ်နှင့် အလားတူသော နောက်နောက်ဝိညာဉ် များ (၀ီထိစိတ် မကျသမျှ) ဆက်ကာ ဆက်ကာ ဖြစ်ကြ၏၊ ထို ၀ိညာဉ်မျိုးကိုပင် “မနာယတန”ဟု ခေါ်၏၊ ထိုဝိညာဉ်များ ဖြစ်တိုင်း လည်း စေတသိက်နာမ်တွေ ပါရ၏၊ စေတသိက်နာမ် မပါလျှင် ၀ိညာဉ်ချည်း မဖြစ်နိုင်၊ ဤစကားအရ နာမ်ကြောင့် “မနာယတန ဖြစ်ရ၏”ဟု သိပါ။

Thursday, 12 June 2014

မဟာသမယသုတ် သမိုင်းအကျဉ်း

https://www.dropbox.com/s/ah8qruo88q4s52a/053-AshinJanakabhivamsa-MaHaThaMaYaThoat.mp3


ရှေးအခါက အိန္ဒိယနိုင်ငံတွင် ကပိလ၀တ်ပြည်မှ လယ်သမားများနှင့် ကောလိယပြည်မှ လယ်သမားတို့ ရောဟိနီမြစ်မှ ရေကို အကြောင်းပြု၍ ရေလုပွဲကြီး ဆင်နွဲခဲ့ကြဖူး၏။ လယ်သမားများကို အကြောင်းပြု၍ နှစ်ဖက်နိုင်ငံမှ မင်းညီမင်းသားများနှင့် စစ်သည်တော်များသည်လည်း ရောဟိနီမြစ် ရှိရာသို့ ရောက်ရှိလာကြ၏၊ နှစ်ဖက်နိုင်ငံမှ လူအများတို့သည် တုတ် ဓား လက်နက် ကိုင်ဆောင်၍ ထိုးခုတ်တိုက်ခိုက်တော့မည့် အခြေအနေသို့ ရောက်ရှိနေကြ၏၊

ပဋိပက္ခဖြစ်သည့်နေရာသို့ မြတ်စွာဘုရား ရောက်ရှိလာပြီး ငြိမ်းချမ်းရေးကိုရှေးရှု၍ အောက်ပါဝတ္ထုများကို သာဓကထုတ်၍ ငြိမ်းချမ်းရေးတရားကို ဟောကြားတော်မူလေသည်။

၁။ ၀က်ဝံနှင့် ရုက္ခစိုးနတ်တို့ ရန်ညိုးဖွဲ့မှား၍ နှစ်ဦးစလုံ ပျက်စီးကြပုံ ““ဖန္ဒနဇာတ်””။
၂။ မြေပြိုပါပြီ ဟု ထင်ကြေးဖြင့် ဟစ်အော်ထွက်ပြေးသော ယုန်တစ်ကောင်၏စကားကို ယုံမှား၍ တိရစ္ဆာန်များ အပြေးမှားပြီး ဆင်းရဲဒုက္ခရောက်ကြရပုံ ““ဒုဒ္ဒုဘဇာတ်၊ ပထ၀ီဥန္ဒြိယဇာတ်””။
၃။ အားသေးသော နှံစုတ်ငှက်မ က အားကြီးသော ဆင်ပြောင်ကြီးကို အနိုင်ယူဖူး၍ ရန်သူကို အထင်မသေးသင့်ပုံ ““လဋုကိကဇာတ်””။

အနာဂတ်သာသနာရေး အပိုင်း(၇၅) ရုပ်အဆင်းကွဲပြားပုံနှင့် စိတ်ချင်းကွဲပြားပုံ


ရုပ်အဆင်းကွဲပြားမှု    
ရှေးရှေးဘ၀၌  ပြုအပ်သော  ကံသင်္ခါရကြောင့်  ယခုဘ၀၀ယ်  စိတ်ဝိညာဉ် စေတသိက်နာမ်နှင့် ကံကြောင့်ဖြစ်သော ရုပ်တရားတို့ ပဋိသန္ဓေ တည်စ ပထမအချိန်မှ အစပြု၍ ဖြစ်ကြရသည်ဟု ဗုဒ္ဓရှင်တော် မိန့်တော်မူသည့်အတိုင်း ယခုကာလ၌ ရုပ်အဆင်းချင်း မတူကြပုံကို ကိုယ်တိုင်ဒိဋ္ဌ မြင်နေကြရပေပြီ၊ သို့သော် ထပ်၍ ရှင်းပြဦးအံ့… ပဋိသန္ဓေ တည်စ၀ယ် ရှေးကံသင်္ခါရကြောင့် ရုပ်မှုန့်ကလေး ဖြစ်သည်မှ စ၍ တစ်စ တစ်စ ကြီးထွားလာရာ၌ အမိအဖတို့၏ သုက်သွေးသည် ထိုရုပ်မှုန့်ကလေးအား အငွေ့ဓာတ် (တေဇော-ဥတု) ပေးလျက် ရှိ၏။
          ထို့ကြောင့် မြေနီတွင်းအောင်း ဖွတ်သတ္တ၀ါသည် “ဖွတ်နီ”ဖြစ်၍ မြေနက်တွင်းအောင်း ဖွတ်သတ္တ၀ါသည် “ဖွတ်နက်”ဖြစ်ရသကဲ့သို့ ထို့အတူ မိဘတို့၏ သုက်သွေးကို လိုက်၍ ရုပ်ဖြူ ရုပ်ဝါ ရုပ်မည်းများ ဖြစ်လာရုံသာမက  မိဘတို့နှင့်  ပုံသဏ္ဌာန်လည်း  အတော်အတန် တူလာကြပေသည်၊ ထိုသို့ ဖြစ်ရာ၌ အမြွှာမွေး ညီနောင်နှစ်ယောက် ၏ ရုပ်အဆင်း ပုံသဏ္ဌာန်ကို သေချာစွာ ကြည့်သောအခါ … တူသယောင်ယောင် ရှိနေသော်လည်း တစ်ထပ်တည်းကား မတူ နိုင်ပုံ, အဖြူ အမည်း ကွဲပြားပုံ, လက် ခြေ အနေအထား ကွဲပြားပုံ, အနိမ့် အမြင့် ကွဲပြားပုံကို တွေ့ရ၏။

Wednesday, 11 June 2014

မဟာစည်ဆရာတော်ဘုရားကြီး၏ ဉာဏ်စဉ် ၁၆-ပါး ဘုရားရှိခိုး

၁။ နာမရူပံ-ပရိစ္ဆေဒံ၊ တပ္ပစ္စယ ပရိဂ္ဂဟံ၊
တံ သမ္မသနံ ဥဒယ-ဗ္ဗယဉာဏဉ္စ ဘင်္ဂဂံ။
၂။ ဘယဉာဏံ အာဒီနဝ-ဉာဏဉ္စ နိဗ္ဗိဒံ အထ
မုဉ္စိတုကမျတံ ပဋိ-သင်္ခံ သင်္ခါရုပေက္ခကံ။
၃။ အနုလောမဉ္စ ဂေါတြဘုံ၊ မဂ္ဂဉာဏံ ဖလံ တထာ၊
ပစ္စဝေက္ခဏ ဉာဏန္တိ၊ တိလောကမှိပိ ကေနစိ။
၎။ အဒေသိယေ သာသနိကေ၊
ဉာဏိမေ သေဠ သုတ္တရေ။
ဒေသေတာရံ ပဝတ္တာရံ၊
ဗုဒ္ဓံ တီဟာဒရံ နမေ။
(၁) နာမရူပံ ပရိစ္ဆေဒံ = နာမ်ရုပ်တရားတို့ကို ပိုင်းခြား၍ သိသော နာမရူပပရိစ္ဆေဒဉာဏ်လည်းကောင်း။
(၂) တပ္ပစ္စယပရိဂ္ဂဟံ = ထိုနာမ်ရုပ်တို့၏ အကြောင်းတရားတို့ကို ပိုင်းခြား၍ သိသော ပစ္စယပရိဂ္ဂဟဉာဏ်လည်းကောင်း။

အနာဂတ်သာသနာရေး အပိုင်း(၇၄) ဘ၀ဟောင်းမှ မပြောင်း



ဘ၀ဟောင်းမှ မပြောင်း
“ရှေးရှေးဘ၀ ကံသင်္ခါရကြောင့် ဤဘ၀၌ ပဋိသန္ဓေ၀ိညာဉ်အသစ် ဖြစ်ရ၏”ဟု ဆိုရာ၌ ထပ်၍ ရှင်းပြပါဦးမည်၊ တစ်ဘ၀မှ တစ်ဘ၀၌ ဖြစ်ရသောအခါ ရုပ်ခန္ဓာကိုယ်သည် ဟောင်းနွမ်းဆွေးမြည့်၍ ဘ၀ဟောင်း၌ ပျက်စီး ချုပ်ပျောက်ရစ်ရသော်လည်း ၀ိညာဏ်ကောင် (စိတ်)ကလေးကား မိမိကံအားလျော်စွာ ဘ၀သစ်၌ ရုပ်ခန္ဓာအသစ် ရပြန်လေသည်၊ ပဋိသန္ဓေ၀ိညာဉ်ဟူသည်မှာ “ဘ၀သစ်၌ အသစ် ဖြစ်ရသော ၀ိညာဉ်မဟုတ်၊ ဘ၀ဟောင်းက ၀ိညာဉ်ပင် ဖြစ်သည်”ဟု ယခုကာလ၌ ဗုဒ္ဓဘာသာဝင် ဆိုသူတို့ပင် မှတ်ထင်နေကြ၏။
          ထို့ကြောင့် တစ်ယောက်ယောက် စုတေသောအခါ “အသက် ထွက်သွားပြီ”ဟု ယူဆကြလေသည်၊ ထိုအယူသည် အနတ္တလက္ခဏသုတ်၌ ခွဲပြခဲ့သော ၀ိညာဉ်စိတ်ကို “အသက် အတ္တ”ဟု ထင်မှားသော အတ္တဒိဋ္ဌိပင်ဖြစ်၏၊ အမှန်မှာ သူတို့ ယူဆသည့်အတိုင်း ဘ၀ဟောင်းက ရုပ်နာမ် (၀ိညာဉ်)ပါ တစ်စုံတစ်ရာမျှ ပြောင်းရွှေ့၍ အသစ်ဘ၀၌ ဖြစ်ရသည်မဟုတ်၊ ရှေးရှေးဘ၀က ပြုထားသော ကံသင်္ခါရ၏ အစွမ်းသတ္တိကြောင့် ယခုလိုဘ၀သစ်၌ ၀ိညာဉ်အသစ် စ၍ ဖြစ်ရခြင်းသာတည်း။

Tuesday, 10 June 2014

အနာဂတ်သာသနာရေး အပိုင်း(၇၃) သန္ဓေအသစ်တည်ပုံ


သန္ဓေအသစ်တည်ပုံ
ပြခဲ့သောနည်းဖြင့် ရှေးဘ၀ စုတေခါနီး၌ ကံဖြစ်စေ, ကမ္မနိမိတ်ဖြစ်စေ, ဂတိနိမိတ်ဖြစ်စေ ထင်လာပြီး၍ စုတေစိတ်(တစ်ဘ၀အတွက် နောက်ဆုံးစိတ်) ဖြစ်ပြီးသည်နှင့် တစ်ဆက်တည်းပင် ယခုဘ၀၌ ၀ိညာဉ်အသစ်သည် ရှေးသင်္ခါရကံကြောင့် အသစ်ဖြစ်ရတော့၏၊ ထိုသို့ ကံကြောင့် အသစ်ဖြစ်ရသော ၀ိညာဉ်ကို “ပဋိသန္ဓေစိတ်”ဟု ခေါ်၏။
[ဘ၀ဟောင်း၌ နောက်ဆုံး စုတေစိတ် ဖြစ်ပြီးသောအခါ နောက်ထပ် အဆက်အစပ် မရှိလျှင် ထိုသတ္တ၀ါသည် ပြတ်စဲရချေတော့မည်၊ ထိုသို့ မပြတ်စဲရအောင် နောက်ထပ် ဆက်စပ်သောစိတ်ဟု ဆိုလိုသည်၊ ပဋိ-တစ်ဖန် (ထပ်၍) + သန္ဓိ-ဆက်စပ်သောစိတ်၊ ထိုပဋိသန္ဓေစိတ် ဖြစ်ခြင်းကို “သန္ဓေတည်ခြင်း”ဟု ခေါ်စမှတ် ပြုကြသည်။]
          ဆက်ဦးအံ့…“ရှေးကံ (သင်္ခါရ)”ဟူရာ၌ “ရှေး”ဟူရာဝယ် ရှေးလွန်လေပြီးသော တစ်ဘ၀မျှကို မဆိုလို၊ ရှေးဘ၀ပေါင်းများစွာက ပြုခဲ့ဖူး၍ အကျိုးပေးခွင့် မရသဖြင့် ထိုသူ့သန္တာန်ဝယ် သတ္တိဓာတ်ခံ အနေအားဖြင့် တည်လျက်ရှိသော ကံအားလုံးတွင် အခွင့်သင့်ရာ ကံသင်္ခါရတစ်ခုခုကြောင့် ယခုဘ၀၌ ပဋိသန္ဓေ၀ိညာဉ်သစ် ဖြစ်ရသည်ဟု ဆိုလိုသည်။

အနာဂတ်သာသနာရေး အပိုင်း(၇၂) ဂတိနိမိတ်ထင်ပုံ



ဂတိနိမိတ်ထင်ပုံ        
ကံအားလျော်စွာ ရောက်ရမည့် နောက်ဘ၀ကို “ဂတိ”ဟု ခေါ်၏၊ ထိုဂတိ၌ တွေ့ကြုံရမည့် အာရုံနိမိတ်ကို “ဂတိနိမိတ်”ဟုခေါ်သည်၊ သတ္တ၀ါတို့ ရောက်ရမည့် နောက်ဘ၀ ဂတိသည်
၁။ ဒေ၀ဂတိ-နတ်ဗြဟ္မာဘ၀,
၂။ မနုဿ ဂတိ-လူ့ဘ၀,
၃။ နိရယဂတိ-ငရဲသားဘ၀,
၎။ ပေတဂတိ-ပြိတ္တာ ဘ၀ (တစ္ဆေ, မှင်စာ, အစိမ်း, သရဲ, သဘက်, ဘီလူး, အသုရကာယ် ခေါ် ပြိတ္တာအကြီးစားများသည် ဤ ပေတဂတိ၌ ပါဝင်ကြသည်၊)
၅။ တိရစ္ဆာနဂတိ - တိရစ္ဆာန်ဘ၀ (အခြေ လေးချောင်းရှိသော သားကောင်များ, အခြေနှစ်ချောင်းရှိသော ငှက်များ, အခြေမရှိသော မြွေ စသည်နှင့် ငါး လိပ်စသော ရေသတ္တ၀ါတို့ ပါဝင်ကြ၏၊ ဤသို့ ငါးမျိုးရှိသည်။

          နတ်ဘ၀ ရောက်ရမည့်သူ၌ ဘုံဗိမာန် ဥယျာဉ် ရေကန် နတ်သမီး နတ်သားစသည် ထင်လာ၏၊ လူ့ပြည်ရောက်မည့်သူ၌ အမိဝမ်းရေ ထင်လာ၏၊ တိရစ္ဆာန်ဖြစ်မည့်သူ၌လည်း တိရစ္ဆာန် အမိ၏ ၀မ်းရေ ထင်လာဖွယ်ရှိ၏၊ ငရဲရောက်ရမည့်သူ၌ ငရဲမီး စသည် ထင်လာ၏၊ ပြိတ္တာဖြစ်မည့်သူ၌ မိမိတို့ ဖြစ်ရမည့် တော တောင် စသောအရပ် ထင်လာ၏၊

ဖူးမြော်ကြပါကုန် မဟာမုနိဘုရားကြီးသမိုင်း ပုံတော်စုံ ( ဦးမောင်မောင်တင်)


ဒီတစ်ခါတော့ ဘလော့ဂ်မိတ်ဆွေများအတွက် မဟာမုနိသမိုင်းလင်္ကာလေးကို မျှဝေပေးလိုပါတယ်။ မဟာမုနိ ရုပ်ရှင်တော်ကား ကမ္ဘာကလေးစားရသော သမိုင်းဝင် ရုပ်ပွားတော် တစ်ဆူဖြစ်ပါသည်။ မန္တလေးမြို့၏ ကျက်သရေဆောင် အဓိကရ ထင်ရှားသော ဘုရားတစ်ဆူလည်း ဖြစ်သည်။ မန္တလေးသို့ ရောက်သူတိုင်း မဟာမုနိ သို့ မရောက်လျှင် မန္တလေးသို့ ရောက်သည်ဟုပင် မဆိုထိုက်ပေ။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် များသာမက မန္တလေးသို့ ရောက်လာသော ကမ္ဘာ့ခေါင်းဆောင်ကြီးများပင်လျှင် မဟာမုနိ ဘုရားရှင်တော် စံတော်မူရာ ဂန္ဓ ကုဋိကျောင်းတော်သို့ သွားရောက်၍ ဦးခိုက်ပူဇော်ခြင်း လှူဒါန်းခြင်း ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးခြင်းများ ပြုလုပ်ကြသည်။

Monday, 9 June 2014

အနာဂတ်သာသနာရေး အပိုင်း(၇၁) ကမ္မနိမိတ်ထင်ပုံ


ကမ္မနိမိတ်ထင်ပုံ        
ကံပြုစဉ်က   တွေ့ကြုံခဲ့   အသုံးပြုခဲ့သော အဆောက်အအုံအာရုံ (ကမ္မနိမိတ်)ထင်လာ ရာ၌ ကျောင်းရေစက်ချဒါန ပြုရာဝယ် ကျောင်းကြီးဖြစ်စေ, ထိုရေစက်ချပွဲ၌ လှူအပ်သော သင်္ကန်း ဆွမ်းစသည်ဖြစ်စေ, ရဟန်းတော်အများ လူအများ စားသောက်နေပုံကို ဖြစ်စေ သတိလစ်နေ သော စိတ်တွင် ထင်လာတတ်၏။
          သူ့အသက်ကို သတ်ရာ၌ အသတ်ခံရသူဖြစ်စေ, သတ်သော အခါ၌ သုံးစွဲသော လက်နက် စသည်ဖြစ်စေ ထင်လာတတ်၏၊ ထိုပြခဲ့သော ကံနှင့် ကမ္မနိမိတ်တို့သည် စုတေချိန်မကျမီ ခပ်စောစောကမူ သတိမလစ်ဘဲ မိမိဘာသာ ကောင်းမှုတွေကို ပြန်၍ တွေးသောအားဖြင့်လည်း ထင်လာနိုင်၏၊ အနီးအပါး ဆွေမျိုး စသူများက သတိပေး ပြောပြသောအားဖြင့်လည်း ထင်လာတတ်၏၊ သို့ရာဝယ် စုတေတော့မည့် အချိန်ကား သတိလစ်လျက် ထင်မြဲ ထင်နေပေလိမ့်မည်။

အနာဂတ်သာသနာရေး အပိုင်း(၇၀) ပဋိသန္ဓေတည်ခြင်း၏ အကြောင်းသုံးပါး



ပဋိသန္ဓေတည်ခြင်း၏ အကြောင်းသုံးပါး
မိခင်လောင်းသည် ရာသီပန်း ပွင့်ပြီးစ ဖြစ်၍  သားအိမ်၌ သန့်ရှင်းစင်ကြယ်နေခြင်း, ထိုမိခင်နှင့်ဖခင် ပေါင်းသင်း ပျော်မြူး၍ အဖ၏ သုက်သွေးသည် သားအိမ်၌ နည်းနည်းပါးပါး ဖြစ်စေ ရောက်ရှိနေခြင်း, ထိုအမိဝမ်း၌ ပဋိသန္ဓေ တည်နေမည့် သတ္တ၀ါလောင်းသည် ထိုအချိန်၌ ဘ၀ဟောင်းမှ စုတေခြင်း ဤအင်္ဂါ သုံးပါးစုံမှ ဂဗ္ဘသေယျကပဋိသန္ဓေ တည်နိုင်သည်၊
ရှေ့အကြောင်း တစ်ပါး နှစ်ပါးစုံနေရုံမျှဖြင့် ပဋိသန္ဓေ မတည်နိုင်၊ [ “မိမာတာ ကြာခန်းက, ပန်းရတုရာသီ, ပွင့်စဲစခါဆီ, တူယှဉ်မှီ ပျော်ပါး၊ ကိန်းထိုက်သည့် ထိုသသူငယ်, ထင်ရှေးရှု စုတေခိုက်ငြား၊ သည်အင်္ဂါ စုံစေ့မှ, ဘုံဓလေ့ ဤလူ့ပြည်, တည်သန္ဓေအများ” သတပဒိကပုစ္ဆာ]
မိဘနှစ်ပါး အတူပျော်ပါး၍ သားအိမ်၌ သုက်မရှိသော်လည်း ချက်ကို သုံးသပ်၍ သာယာမှုကြောင့် သန္ဓေတည်သော သုဝဏ္ဏသျှံ ၀တ္ထုလည်း ရှိသေး၏။

အနာဂတ်သာသနာရေး အပိုင်း(၆၉) သင်္ခါရကြောင့် ၀ိညာဉ်ဖြစ်



သင်္ခါရကြောင့် ၀ိညာဉ်ဖြစ်
ဝိညာဉ်သည် အကျိုးဝိညာဉ်, ကုသိုလ်ဝိညာဉ်, အကုသိုလ်ဝိညာဉ်, ကြိယာဝိညာဉ်ဟု လေးမျိုးရှိရာ၌ “၀ိပါက်”ဟု ခေါ်သော အကျိုးဝိညာဉ် တစ်မျိုးသာ ကံ(သင်္ခါရ)ကြောင့် ဖြစ်ရသည်၊ ထိုဝိပါက်ဝိညာဉ်စိတ် သည်လည်း ပဋိသန္ဓေ တည်နေခါစ၌ ဖြစ်ရသော ၀ိညာဉ် (ပ၀တ္တိ အခါဟု ကျမ်းစာတို့၌ ခေါ်ရသော) ပဋိသန္ဓေမှ နောက်ကာလ၌ ဖြစ်ရသော ၀ိညာဉ်ဟု နှစ်မျိုးကွဲ၏၊ ထိုတွင် ကံသင်္ခါရကြောင့် ပဋိသန္ဓေ၀ိညာဉ် ဖြစ်ပုံကို ပြမည်၊ ထိုသို့ ပြရာဝယ် ပဋိသန္ဓေလေးမျိုး ကို နားလည်ပြီးမှ ၀ိညာဉ်ဖြစ်ပုံကို နားလည်မည်ဖြစ်သောကြောင့် ရှေးဦးစွာ ပဋိသန္ဓေလေးမျိုးကို ပြပေအံ့။
သံသေဒဇသတ္တ၀ါ
သံသေဒဇပဋိသန္ဓေ, သြပပါတိကပဋိသန္ဓေ, အဏ္ဍဇပဋိသန္ဓေ, ဇလာဗုဇပဋိသန္ဓေအားဖြင့် ပဋိသန္ဓေ လေးမျိုးရှိ၏၊ [သံသေဒ-ကပ်ငြိတွယ်တာရာအရပ်၌ + ဇ- ဖြစ်သော သတ္တ၀ါ၊]
ရေပုပ်, ငါးပုပ်, ပန်းအမှိုက်ပုပ် (ကစီရည်စသည်တို့ဖြင့် စေးကပ်အောင် ပြုရသော) သက္ကလတ်စသော အ၀တ်, မစင်, ကျင်ငယ်စသည်တို့၌ ငြိတွယ်၍ဖြစ်ရ, ပဒုမ္မာကြာတိုက်စသည်၌ ဖြစ်ရသော သတ္တ၀ါတို့သည် သံသေဒဇသတ္တ၀ါများတည်း၊ ထိုသတ္တ၀ါတို့၌ မိဘ၏ သုက်သွေးကို မမှီရဘဲ ရှေးက ပြုထားသောကံ သင်္ခါရအားလျော်စွာ ဆိုင်ရာအရပ်၌ “၀ိပါက်ဝိညာဉ်”ခေါ် ပဋိသန္ဓေ စိတ် ဖြစ်ရ၏၊ ပဒုမ္မာကြာတိုက်, ၀ါးလုံးခေါင်း, မန်ကျည်းပင်စသည်၌ ဖြစ်ရသော ပဒုမ၀တီမိဖုရား,
အာသင်္ကာမိဖုရား, ဝေဠုဝတီမိဖုရား နှင့် စိဉ္စမာဏ၀ိကာတို့သည် ကုသိုလ်ကံ သင်္ခါရအစွမ်းကြောင့် ကောင်းကျိုးဝိညာဉ်ဖြင့် သန္ဓေနေရသူများတည်း၊ ထိုသူများကို “သံဒေသူ”ဟု ခေါ်ကြသည်၊ မစင်ပုပ် စသည်၌ ၀ိညာဉ်တွယ်ရသော သတ္တ၀ါတို့ကား မကောင်းသော သင်္ခါရကြောင့် ဖြစ်ရသူများတည်း။

သင်္ကြန်ရက်အတွင်း လူ့ပြည်သို့ သိကြားမင်း ဆင်း-မဆင်း



ရှင်ရေဝတရဲ့ အမေးသုံးပါးအနက် ပထမအမေးဖြစ်တဲ့ သင်္ကြန်ရက်ွင်း လူ့ပြည်သို့ သိကြားမင်း ဆင်းမဆင်းဆိုတာဟာ သင်္ကြန်စာက လာတာ ဖြစ်ပါလိမ့်မယ်

          သင်္ကြန်စာက ဘယ်လိုလာပါသလဲ ဘုရား

          သင်္ကြန်စာက လာပုံက ဒီလိုကွယ့်၊ လူ့ပြည်မှာ အဟာသင်္ကြန်ကျတယ် ဆိုတာ နှစ်တစ်နှစ် ကုန်ဆုံးသွားတာကို ဆိုလိုတယ်၊ နှစ်တစ်နှစ် ဘယ်လို ကုန်ဆုံးသွားတယ်ဆိုတာ အကျဉ်းပြောရလျှင် ကောင်းကင်မှာ နေ-လ-နက္ခတ်-တာရာတွေထဲက လမ်းစဉ်မပျက် ခရီးမှန်မှန်သွားတက်တဲ့ ကြယ်တွေကို နက္ခတ်လို့ခေါ်တယ်၊ အဲဒီနက္ခတ်တွေဟာ
(၁) အသဝတီ၊ (၂) ဘရဏီ၊ (၃) ကြက္ကိကာ၊ (၄) ရောဟဏီ၊ (၅) မိဂသီ၊ (၆) အဒြ၊ (၇) ပုန္နဖုသျှု၊ (၈) ဖုသျှ၊ (၉) အသလိဿ၊ (၁၀) မာဃ၊ (၁၁)ပြုဗ္ဗဇလဂုနီ၊ (၁၂) ဥတ္တရာဖလဂုနီ၊ (၁၃) ဟဿတ၊ (၁၄) စိတြ၊ (၁၅) သွာတိ၊ (၁၆) ဝိသာခါ၊ (၁၇) အနုရာဓ၊ (၁၈) ဇေဋ္ဌ၊ (၁၉) မူလ၊ (၂၀) ပြုဗ္ဗသာဠ်၊ (၂၁) ဥတ္တရာသာဠ်၊ (၂၂) သရဝဏ်၊ (၂၃) ဓနသိဒ္ဓ၊ (၂၄) သတဘိသျှ၊ (၂၅) ပြုဗ္ဗဘဒြဗိုဒ်၊ (၂၆) ဥတ္တရဘဒြပိုဒ်၊ (၂၇) ရေဝတီ-ရယ်လို့ ၂၇ လုံးရှိတယ်။

အနာဂတ်သာသနာရေး အပိုင်း(၆၈) အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်


အဓိပ္ပာယ်ရှင်းလင်းချက်
အ၀ိဇ္ဇာ မည်သူမဆို လွန်ခဲ့ပြီးသော ဘ၀, ယခုရနေသောဘ၀နှင့် ဖြစ်ရဦးမည့် ဘ၀ ဤသုံးဘ၀လောက်ကို ပိုင်နိုင်လျှင် အခြားဘ၀များစွာကိုလည်း ဤနည်းချည်းဟု မှန်းဆ နိုင်ဖွယ် ရှိ၏၊ ထို့ကြောင့် သုံးဘ၀လောက် ဖြစ်ပျက်စဉ်ကို ရေးပြပေအံ့၊… ဤဘ၀သို့ မရောက်ခင် ရှေးဘ၀များစွာ၌ အ၀ိဇ္ဇာနှင့် သင်္ခါရတို့ ဖြစ်ခဲ့ကြပြီ၊ ထိုတွင် အ၀ိဇ္ဇာသည် သိသင့် သိထိုက်သည်ကို သူ့ကိုယ်တိုင်လည်း မသိတတ်၊ အခြားတရားတို့ မသိအောင်လည်း ဖုံးလွှမ်းတတ်သော တရားတည်း။
          ထင်ရှားစေအံ့၊ အ၀ိဇ္ဇာသည် အမှောင်မိုက်ကြီးနှင့်လည်းကောင်း, မျက်မမြင်နှင့်လည်းကောင်း တူ၏၊  အိမ်တစ်ဆောင်အတွင်း၌ မီးမလင်းဘဲ အမှောင်ကြီး ဖြစ်နေသောအခါ ထိုအမှောင်ကြီးသည် အိမ်အတွင်း ရှိသမျှ အရာဝတ္ထုတွေကို သူကိုယ်တိုင် မမြင်နိုင်သည့် အပြင် အမှောင်အတွင်း၌ ရောက်နေသူတို့ကိုလည်း အိမ်တွင်းရှိသမျှ မြင်စရာတွေ မမြင်နိုင်အောင် ဖုံးကွယ်ထားသကဲ့သို့လည်းကောင်း, မျက်စိ မမြင်သူသည် မြင်ဖွယ်ရာ ဟူသမျှကို သူ့ကိုယ်တိုင်လည်း မမြင်, သူများကို မြင်အောင်လည်း မညွှန်ပြနိုင်သကဲ့သို့လည်း ကောင်း ထို့အတူ အ၀ိဇ္ဇာသည် သိဖွယ် ဟူသမျှကို သူကိုယ်တိုင်လည်း မသိ, အခြားတရားတို့ မသိအောင်လည်း ဖုံးကွယ်ထားတတ် လေသည်၊ မိမိ၏ ခန္ဓာအစဉ်မှာ ထိုအ၀ိဇ္ဇာဓာတ် အမြဲကပ်၍ ပါနေ ရကား ရှေးဘ၀၌ ထိုအ၀ိဇ္ဇာ ဖြစ်ခဲ့ပြီဟု မုချဆတ်ဆတ် မှတ်ထား လိုက်ပါ၊ ဤအ၀ိဇ္ဇာကို “မောဟ”ဟုလည်း ခေါ်သည်။

Sunday, 8 June 2014

လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ ဗုဒ္ဓ၀င်ဘုရားရှိခိုးနှင့် ဆုတောင်းအမျိုးမျိုး



၁။       သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်။  ။သောင်းခွင်စကြ၀ဠာ၊ နတ် ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မှုကြောင့် ရတုနဂို၊ ရွှန်းရွှန်း စိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်။      ။ နတ်လူငြိမ်းဘို့ ကိန်းပါကို။   

  ၂။    သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ ရှစ်ကြုံ၊ ကဆုန်လပြည့်၊

သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီ လှိုက်ဆူ၊ ဘွားတော်မူသည်။   ။ နတ်လူအောင်မြို့ လမ်းပါကို။
 

၃။    ဖွားမြင်မြောက်သော်၊ ဆဲ့ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ် ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊
ဆဲ့သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆဲ့ကိုးဝယ်၊ လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်း နေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်။   ။ စုံမြိုင်ပင်ရိပ် ခမ်းမှာကို။

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး၏ သတ္တဌာနဘုရားရှိခိုး


*ပလ္လင်က သတ္တာဟ*

၁။ ဘုန်းရောင်ထွန်းထိန်၊ စောမုနိန်၊ ပညိနြေ္ဒ၊ ချွေရာမှန်သိ၊ ဗောဓိကြငှန်း၊ ရွှေညောင်နန်းဝယ်၊ ထူးဆန်းအံ့လောက်၊ မြေမှပေါက်သား၊ ရောင်တောက်မာရ်နှင်၊ ရွှေပလ္လင်ထက်၊ သဗ္ဗညုတ၊ ဉာဏ်ကိုရပြီး၊ သတ္တာဟရက်၊ ဖွဲ့ခွေလျက်ပင်၊ ငြိမ်သက်တင့်တယ်၊ သုံးစံပယ်သည်-ဘုန်းကြွယ်လက်ဦး ပွဲပေကို။

* အနိမိသ သတ္တာဟ *

၂။ နှစ်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ မာရပယ်လှန်၊ ပလ္လင်ပျံမှ၊ ဧသန်တူရူ၊ ရပ်တော်မူလျက်၊ ကြည်ဖြူငြိမ်းချမ်း၊ ပလ္လင်နန်းကို၊ ဖြောင့်တန်းစက္ခု၊ စိမ်းစိမ်းရှုလျက်၊ သုံးလူ့ရှင်ပင်၊ ပျော်စံရွှင်သည်-ကြည်လင်ညွတ်နူး ဖွယ်ပေကို။


* စင်္ကမ သတ္တာဟ *

၃။ သုံးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ မြောက်ခွင်ဥတ္တရာ၊ စင်္ကြံသာ၍၊ လူးလာတုံ့ခေါက်၊ ကြွချီလျှောက်၍၊ ဘုန်းတော်ဘုရား၊ ပျော်စံစားသည်-တရားဆင်ခြင် လျက်ပေကို။

* ရတနာဃရ သတ္တာဟ *

၎။ လေးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်နှင့်၊ ပလ္လင်ထွန်းတောက်၊ အနောက်မြောက်ဝယ်၊ အံ့လောက်ဖွယ်ရာ၊ ရတနာရိပ်ငြိမ်၊ စံရွှေအိမ်၌၊ ကြိမ်ကြိမ်ဖန်ခါ၊ ဘိဓမ္မာကို၊ မဟာဉာဏ၊ သာဂရဖြင့်၊ ဗုဒ္ဓရှင်ပင်၊ သုံးဆင်ခြင်သည်-ရောင်ရှင်ခြောက်ဖြာ ညီးလို့ကို။

* အဇပါလ သတ္တာဟ *

၅။ ငါးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ ရှေ့ခွင်ပြုဗ္ဗာ၊ ရပ်ဒိသာဝယ်၊ ကြီးစွာမြင့်ခေါင်၊ ဆိတ်ကျောင်းညောင်၌၊ ဘုန်းခေါင်ပရမေ၊ စံပယ်နေသည်-ရိုသေမြတ်နိုး ဖွယ်ပေကို။

*မုစလိန္ဒ သတ္တာဟ *

၆။ ခြောက်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ပလ္လင်ရွှေညောင်၊ အရှေ့တောင်၌၊ မြရောင်လိုလို၊ ရေညို ပြည့်လျှမ်း၊ ကြာပန်းညွတ်ရုံ၊ ပန်းမျိုးစုံသည်၊ မုဉ္စလိန္ဒာ၊ အိုင်သာဖြန့်ကျင်း၊ ကျည်းပင်ရင်းဝယ်၊ သနင်းလူ့ဆွေ၊ စံပယ်နေသော်၊ မိုးလေထန်ပြင်း၊ သွန်းချခြင်းကြောင့်၊ မြွေမင်းရန်ဟန့်၊ ပါးပျဉ်းဖြန့်လျက်၊ ချီးအံ့တန်ခိုး၊ ဆောင်ကာမိုးသည်-ရှေးကျိုးသမ္ဘာတော်ကြောင့်ကို။

* ရာဇာရတန သတ္တာဟ*

၇။ ခါသတ္တမ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ တောင်ပြင်လက်ယာ၊ မြေမျက်နှာဝယ်၊ ရာဇာယတန၊ မည်ရခေါ်တွင်၊ လင်းလွန်းပင်၌၊ သဗ္ဗညုဖျား၊ ပျော်စံစားသည်-ကြီးမားဉာဏ်တော် ဖွင့်လို့ကို။

** ထိုခုနစ်ပါး၊ အရပ်များကို၊ ရှေ့သွားသဒ္ဓါ၊ ကြည်ညိုစွာလျှင်၊ ဝန္ဒနာ-မာန၊ ဂါရဝဖြင့်၊ ဦးချညွတ်ကျိုး၊ ကျွန်ရှိခိုးသည်-ကောင်းကျိုးခပ်သိမ်း ပြည့်စေသော်။

အနာဂတ်သာသနာရေး အပိုင်း(၆၇) ဉာဏ်(၄)မျိုး



ဉာဏ်(၄)မျိုး   
ထို့ကြောင့် အတ္တစွဲလမ်းချက်ကို ဖျောက်၍ အနတ္တချည်းဟု သဘောပေါက်ဖို့ရာ ယခုအခါဝယ် ပဋိစ္စ သမုပ္ပာဒ်တရားတော်ကြီးကို အကျဉ်းချုပ်မျှ ပြပါတော့မည်၊ ထိုသို့ ပြရာဝယ် သတ္တ၀ါတို့ သန္တာန်၌ သုတမယဉာဏ်, စိန္တာမယဉာဏ်, ဘာဝနာမယဉာဏ်, ပဋိဝေဓဉာဏ်ဟု လေးမျိုးရှိရာ မိမိမှာရှိသော သုတမယဉာဏ်, စိန္တာမယဉာဏ်လောက်ဖြင့်သာ ပြနိုင်ပါသည်။
 ချဲ့ဦးအံ့… စာပေ လိုက်စား၍ ရရှိသော အသိဉာဏ်သည် “သုတ မယဉာဏ်” မည်၏၊ [သုတ-ကြားနာ ကြုံတွေ့အပ်သော စာပေ စသည်ကြောင့် + မယ-ဖြစ်သောဉာဏ်၊] ထိုသုတမယဉာဏ်ကို အခြေခံ၍ ကြံစည်ခြင်းကြောင့်ဖြစ်စေ, သုတမပါဘဲ သက်သက် တွေးတောကြံစည်ခြင်းကြောင့်ဖြစ်စေ တိုးတက်နားလည်သောဉာဏ်သည် စိန္တာမယဉာဏ်မည်၏၊ ကမ္မဋ္ဌာန်း ပွားများခြင်းကြောင့်ဖြစ်သော ဉာဏ်သည် စိန္တာမယဉာဏ်ထက် သာလွန်ထက်မြက်၏၊ ထို ဉာဏ်ကို “ဘာဝနာမယဉာဏ်”ဟု ခေါ်၏၊ ထိုဘာဝနာမယဉာဏ်ကို အခြေခံ၍ ထိုးထွင်းသိမြင်သောဉာဏ်သည် ပဋိဝေဓ (မဂ်)ဉာဏ်မည်၏။

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated