@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Friday, 13 June 2014

အနာဂတ်သာသနာရေး အပိုင်း(၈၁) အစမရှိသော်လည်း လက်တွေ့မှန်ပုံ



အစမရှိသော်လည်း လက်တွေ့မှန်ပုံ   
ဤ ပဋိစ္စသမုပ္ပာဒ်တရားစဉ်အရ  ရှေ့အစွန်းအစကို ဉာဏ်ဖြင့်လိုက်၍ ကြည့်သောအခါ အစွန်း အစ မတွေ့ရဘဲ “လိုက်လေ ပြေးလေ”ဖြစ်နေရကား “ရှေ့အစွန်းအစ မရှိ”ဟုပင် မှတ်ထားရတော့မည်၊ သို့သော် ထိုသို့ မှတ်ထားခြင်းကား ပုထုဇဉ်တို့ ဉာဏ်ဖြင့် ဧကန် ဒိဋ္ဌ သိရှိရ၍ အားရပါးရ သဘောကျသော မှတ်ထားခြင်း မဟုတ်သေးချေ။
          ဤနေရာ၌ ပြောစမှတ်တစ်မျိုးကို ပြဦးမည်၊ ပဋ္ဌာန်းပစ္စည်း တစ်နေရာ၌ ဆရာအစဉ်အဆက် မကျေနပ်သော အယူအဆ ကလေး တစ်ချက်ရှိ၏၊ စာသင်သားတစ်ပါးက ဆရာတော်တစ်ပါးအား လျှောက်သောအခါ “အရိမေတ္တေယျဘုရားရှင် ပွင့်တော်မူလာ ပါလိမ့်မည်၊ အဲဒီအခါကျမှ သေသေချာချာ လျှောက်ပေတော့”ဟု အဖြေပေးတော်မူသတဲ့။
          ဆရာတော်တစ်ပါးကမူ “ကိုယ့်ကိုယ်တိုင် ဘုရားဖြစ်အောင် ပါရမီ ဖြည့်ပါ၊ ဘုရားဖြစ်တော့မှ သေသေချာချာ သိရပါလိမ့်မည်”ဟု အဖြေပေးသတတ်၊ ထိုဆရာတော်များ အဖြေပေးကြသလို ရှေ့ အစွန်းအစကို တွေးကြည့်ရာ၌ ယခုခေတ်ဝယ် မည်သည့် ပညာရှိမျှ ကျနစွာ ဖြေဆို နိုင်တော့မည် မဟုတ်ပါ၊ မိမိကိုယ်တိုင် အရိယာအဖြစ် ရောက်၍ တရားပေါက်မှ ဖြစ်စေ, နောက်ဘုရားတစ်ဆူ ပွင့်တော်မူမှဖြစ်စေ ပိုင်နိုင်သော အဖြေကို ရကြပေလိမ့်မည်။

အနာဂတ်သာသနာရေး အပိုင်း(၈၀) ဥပါဒါန်ကြောင့် ဘ၀ဖြစ်ပုံ



ဥပါဒါန်ကြောင့် ဘ၀ဖြစ်ပုံ       
“ဘ၀”ဟူရာ၌  ကမ္မဘ၀,  ဥပပတ္တိဘ၀ဟု ဘ၀နှစ်မျိုး ရှိ၏၊  ထိုတွင် သင်္ခါရအရ၌ ပြခဲ့သော ကုသိုလ်ကံ အကုသိုလ်ကံသည် ကမ္မ ဘ၀ မည်၏၊ ထိုကံကြောင့် နောက်ဘ၀၌ ပဋိသန္ဓေ၀ိညာဉ်နှင့် ကမ္မဇရုပ်တို့ ဖြစ်ရခြင်းသည် ဥပပတ္တိဘ၀မည်၏၊
ချဲ့ဦးအံ့… ယခု ဘ၀၌ အာရုံတစ်ခုခုကို (သား, မယား စသည်ကို) ဥပါဒါန်ဖြင့် စွဲလမ်းနေရာ ထိုဥပါဒါန် အရင်းခံ၍ သူ့ကို ရဖို့ရန်, ရပြီး ပြန်လည် ကျွေးမွေးစောင့်ရှောက်ဖို့ရန် အကုသိုလ်ကံကို ပြု၏၊ နောက်ဘ၀၌ အတူတကွ ချမ်းသာသုခရဖို့ရန် ကုသိုလ်ကံကိုလည်း ကြိုးကြိုးစားစား ပြု၏၊ ဤကံမျိုးသည် ယခုလက်ရှိအာရုံကို စွဲလမ်းသော ဥပါဒါန်ကို အရင်းခံ၍ ဖြစ်ရသော ကမ္မဘ၀တည်း။
          တချို့ကား နောက်ဘ၀ လူ့ပြည် နတ်ပြည်၌ ကာမဂုဏ်တွေကို ခံစားလိုသော ဥပါဒါန် ဖြစ်၏၊ ထိုဥပါဒါန်ကြောင့် (မသူတော်တို့၏ တရားကို နာမိ၍ ကောင်းမှု အထင်ဖြင့်)  မကောင်းမှုကံကိုလည်း ပြုမိ၏၊ (သူတော်ကောင်းတရားကို ကြားနာရ၍) ကောင်းသော ကံကိုလည်း ပြုမိ၏၊ ရူပဘုံ, အရူပဘုံ၌ကား ထိုကာမချမ်းသာ ထက်ပင် ချမ်းသာသေး၏ဟု စွဲလမ်းမှု ဥပါဒါန်ကြောင့် ရူပကံ, အရူပ ကံကိုလည်း ပြုပြန်၏၊

အနာဂတ်သာသနာရေး အပိုင်း(၇၉) ဖဿကြောင့် ဝေဒနာဖြစ်ပုံ



ဖဿကြောင့် ဝေဒနာဖြစ်ပုံ
ခံစားမှုကို “ဝေဒနာ”ဟု ခေါ်၏၊ တကယ်ကောင်းသည် ဖြစ်စေ, မကောင်းသည်ဖြစ်စေ မျိုးရိုးအလိုက် (သို့မဟုတ်) မိမိစိတ်အကြိုက် အားဖြင့် အကောင်းဟု ထင်နေသော အာရုံနှင့် တွေ့သောအခါ သာယာခံစားမှု ဝေဒနာဖြစ်၏၊ ကျမ်းစာတို့၌ “သုခဝေဒနာ”ဟု ခေါ်သည်၊ မျိုးရိုးအလိုက် စိတ်ကြိုက်အားဖြင့် “မကောင်း”ဟု ထင်နေသော အာရုံနှင့် တွေ့သောအခါ မသာယာသော ခံစားမှု ဝေဒနာဖြစ်၏၊ “ဒုက္ခဝေဒနာ”ဟု ခေါ်သည်၊ အကောင်းဘက်လည်း မပါ, မကောင်းဘက်လည်း မပါသော အာရုံနှင့် တွေ့သောအခါ သာယာမှု မသာယာမှုမရှိသော ဝေဒနာဖြစ်၏၊“ဥပေက္ခာဝေဒနာ”ဟုခေါ်သည်၊ [ဥပေက္ခာ=ဥပ+ဣက္ခာ၊ ဥပ-သင့်ရုံ တော်ရုံ+ဣက္ခာ= ခံစားခြင်း၊ ““ခံစားတယ်””ဟု ဆိုရရုံ မသိမသာ ခံစားခြင်းတည်း၊ ထို မသိမသာ ခံစားခြင်းကို ““လစ်လျူရှုခြင်း””ဟုလည်း ပြောကြသည်၊]
အာရုံနှင့် ဓာတ်ခိုက်မှု ဖြစ်မှသာ ဤဝေဒနာလည်း ဖြစ်နိုင်၏၊ ဖဿ မဖြစ်သော အာရုံ၌ ဝေဒနာ မဖြစ်၊ မျက်စိကွယ်နေသူသည် အဆင်း အာရုံ၌ ဓာတ်ခိုက်မှု ဖဿ မရှိသောကြောင့် အဆင်းအာရုံကို ခံစားမှု ဝေဒနာလည်း မဖြစ်တော့ချေ။

အနာဂတ်သာသနာရေး အပိုင်း(၇၈) သဠာယတန၏ သရုပ်နှင့်သတ္တိ



သဠာယတန၏ သရုပ်နှင့်သတ္တိ
          မျက်လုံးအတွင်း  မျက်နက်ဝန်း၏  အလယ်ကောင်၌ ““စက္ခုပသာဒ””ခေါ် အကြည်ဓာတ် ပါ၏၊ ထိုအကြည်ဓာတ်ကို ““စက္ခာယတန””ဟု ခေါ်၏၊ နားရွက်၏ လိုဏ်ခေါင်းအတွင်း၌ ““သောတပသာဒ””ခေါ် နားအကြည်ဓာတ် ပါ၏၊ ““သောတာယတန””ဟု ခေါ်၏၊ နှာခေါင်း ပေါက်၏အတွင်း၌““ဃာနပသာဒ””ခေါ် နှာခေါင်းအကြည်ဓာတ်ပါ၏၊ ””ဃာနာယတန””ဟု ခေါ်၏၊ လျှာ၏ အလယ်၌ ““ဇိဝှာပသာဒ””ခေါ် လျှာအကြည်ဓာတ် ပါ၏၊ ““ဇိဝှာယတန””ဟု ခေါ်၏၊ ခန္ဓာကိုယ်၏ ထိုထို အရပ်ဌာန၌ ““ကာယပသာဒ””ခေါ် ကိုယ်အကြည်ဓာတ် ပါ၏၊ ““ကာယာယတန””ဟု ခေါ်၏၊ ပဋိသန္ဓေ တည်သည်မှစ၍ (၀ီထိစိတ် မဖြစ်သမျှ) အမြဲဆက်၍ ဖြစ်ပျက်နေသော ၀ိညာဉ်ကို ““မနာယတန”” ဟု ခေါ်၏။

အနာဂတ်သာသနာရေး အပိုင်း(၇၆) နာမ်ရုပ်ကြောင့် သဠာယတနဖြစ်ပုံ



နာမ်ရုပ်ကြောင့် သဠာယတနဖြစ်ပုံ     
“သဠာယတန” ဟူသည် စက္ခာယတန,  သောတာယတန,  ဃာနာယတန,  ဇိဝှာယတန, ကာယာယတန, မနာယတန တည်း၊ [သ=ဆ=ခြောက်ပါး + အာယတန=အာယတန] အာယတန သဒ္ဒါသည် စိတ်စေတသိက်တရားတို့၏ “ဖြစ်ရာ တည်ရာ=ဖြစ်ကြောင်း တည်ကြောင်း” ဟူသော အနက်ကို ဟော၏၊ “စက္ခာယတနရှိမှ စက္ခုနှင့် ဆိုင်သော စိတ် စေတသိက်များ ဖြစ်နိုင်ကြ၏၊” စသည်ဖြင့် သိပါ၊ ရှေးကံသင်္ခါရကြောင့် ဤဘ၀၌ ၀ိညာဉ် နာမ် ရုပ်တို့ ဖြစ်သောအခါ စက္ခာယတန စသော အာယတနခြောက်ပါး လည်း ပါဝင်လျက် ရှိ၏၊
ချဲ့ဦးအံ့… ပဋိသန္ဓေ၀ိညာဉ်မျိုးစေ့ တည်လျှင်ပင် ၀ိညာဉ်နှင့် အလားတူသော နောက်နောက်ဝိညာဉ် များ (၀ီထိစိတ် မကျသမျှ) ဆက်ကာ ဆက်ကာ ဖြစ်ကြ၏၊ ထို ၀ိညာဉ်မျိုးကိုပင် “မနာယတန”ဟု ခေါ်၏၊ ထိုဝိညာဉ်များ ဖြစ်တိုင်း လည်း စေတသိက်နာမ်တွေ ပါရ၏၊ စေတသိက်နာမ် မပါလျှင် ၀ိညာဉ်ချည်း မဖြစ်နိုင်၊ ဤစကားအရ နာမ်ကြောင့် “မနာယတန ဖြစ်ရ၏”ဟု သိပါ။

Thursday, 12 June 2014

မဟာသမယသုတ် သမိုင်းအကျဉ်း

https://www.dropbox.com/s/ah8qruo88q4s52a/053-AshinJanakabhivamsa-MaHaThaMaYaThoat.mp3


ရှေးအခါက အိန္ဒိယနိုင်ငံတွင် ကပိလ၀တ်ပြည်မှ လယ်သမားများနှင့် ကောလိယပြည်မှ လယ်သမားတို့ ရောဟိနီမြစ်မှ ရေကို အကြောင်းပြု၍ ရေလုပွဲကြီး ဆင်နွဲခဲ့ကြဖူး၏။ လယ်သမားများကို အကြောင်းပြု၍ နှစ်ဖက်နိုင်ငံမှ မင်းညီမင်းသားများနှင့် စစ်သည်တော်များသည်လည်း ရောဟိနီမြစ် ရှိရာသို့ ရောက်ရှိလာကြ၏၊ နှစ်ဖက်နိုင်ငံမှ လူအများတို့သည် တုတ် ဓား လက်နက် ကိုင်ဆောင်၍ ထိုးခုတ်တိုက်ခိုက်တော့မည့် အခြေအနေသို့ ရောက်ရှိနေကြ၏၊

ပဋိပက္ခဖြစ်သည့်နေရာသို့ မြတ်စွာဘုရား ရောက်ရှိလာပြီး ငြိမ်းချမ်းရေးကိုရှေးရှု၍ အောက်ပါဝတ္ထုများကို သာဓကထုတ်၍ ငြိမ်းချမ်းရေးတရားကို ဟောကြားတော်မူလေသည်။

၁။ ၀က်ဝံနှင့် ရုက္ခစိုးနတ်တို့ ရန်ညိုးဖွဲ့မှား၍ နှစ်ဦးစလုံ ပျက်စီးကြပုံ ““ဖန္ဒနဇာတ်””။
၂။ မြေပြိုပါပြီ ဟု ထင်ကြေးဖြင့် ဟစ်အော်ထွက်ပြေးသော ယုန်တစ်ကောင်၏စကားကို ယုံမှား၍ တိရစ္ဆာန်များ အပြေးမှားပြီး ဆင်းရဲဒုက္ခရောက်ကြရပုံ ““ဒုဒ္ဒုဘဇာတ်၊ ပထ၀ီဥန္ဒြိယဇာတ်””။
၃။ အားသေးသော နှံစုတ်ငှက်မ က အားကြီးသော ဆင်ပြောင်ကြီးကို အနိုင်ယူဖူး၍ ရန်သူကို အထင်မသေးသင့်ပုံ ““လဋုကိကဇာတ်””။

အနာဂတ်သာသနာရေး အပိုင်း(၇၅) ရုပ်အဆင်းကွဲပြားပုံနှင့် စိတ်ချင်းကွဲပြားပုံ


ရုပ်အဆင်းကွဲပြားမှု    
ရှေးရှေးဘ၀၌  ပြုအပ်သော  ကံသင်္ခါရကြောင့်  ယခုဘ၀၀ယ်  စိတ်ဝိညာဉ် စေတသိက်နာမ်နှင့် ကံကြောင့်ဖြစ်သော ရုပ်တရားတို့ ပဋိသန္ဓေ တည်စ ပထမအချိန်မှ အစပြု၍ ဖြစ်ကြရသည်ဟု ဗုဒ္ဓရှင်တော် မိန့်တော်မူသည့်အတိုင်း ယခုကာလ၌ ရုပ်အဆင်းချင်း မတူကြပုံကို ကိုယ်တိုင်ဒိဋ္ဌ မြင်နေကြရပေပြီ၊ သို့သော် ထပ်၍ ရှင်းပြဦးအံ့… ပဋိသန္ဓေ တည်စ၀ယ် ရှေးကံသင်္ခါရကြောင့် ရုပ်မှုန့်ကလေး ဖြစ်သည်မှ စ၍ တစ်စ တစ်စ ကြီးထွားလာရာ၌ အမိအဖတို့၏ သုက်သွေးသည် ထိုရုပ်မှုန့်ကလေးအား အငွေ့ဓာတ် (တေဇော-ဥတု) ပေးလျက် ရှိ၏။
          ထို့ကြောင့် မြေနီတွင်းအောင်း ဖွတ်သတ္တ၀ါသည် “ဖွတ်နီ”ဖြစ်၍ မြေနက်တွင်းအောင်း ဖွတ်သတ္တ၀ါသည် “ဖွတ်နက်”ဖြစ်ရသကဲ့သို့ ထို့အတူ မိဘတို့၏ သုက်သွေးကို လိုက်၍ ရုပ်ဖြူ ရုပ်ဝါ ရုပ်မည်းများ ဖြစ်လာရုံသာမက  မိဘတို့နှင့်  ပုံသဏ္ဌာန်လည်း  အတော်အတန် တူလာကြပေသည်၊ ထိုသို့ ဖြစ်ရာ၌ အမြွှာမွေး ညီနောင်နှစ်ယောက် ၏ ရုပ်အဆင်း ပုံသဏ္ဌာန်ကို သေချာစွာ ကြည့်သောအခါ … တူသယောင်ယောင် ရှိနေသော်လည်း တစ်ထပ်တည်းကား မတူ နိုင်ပုံ, အဖြူ အမည်း ကွဲပြားပုံ, လက် ခြေ အနေအထား ကွဲပြားပုံ, အနိမ့် အမြင့် ကွဲပြားပုံကို တွေ့ရ၏။

Wednesday, 11 June 2014

မဟာစည်ဆရာတော်ဘုရားကြီး၏ ဉာဏ်စဉ် ၁၆-ပါး ဘုရားရှိခိုး

၁။ နာမရူပံ-ပရိစ္ဆေဒံ၊ တပ္ပစ္စယ ပရိဂ္ဂဟံ၊
တံ သမ္မသနံ ဥဒယ-ဗ္ဗယဉာဏဉ္စ ဘင်္ဂဂံ။
၂။ ဘယဉာဏံ အာဒီနဝ-ဉာဏဉ္စ နိဗ္ဗိဒံ အထ
မုဉ္စိတုကမျတံ ပဋိ-သင်္ခံ သင်္ခါရုပေက္ခကံ။
၃။ အနုလောမဉ္စ ဂေါတြဘုံ၊ မဂ္ဂဉာဏံ ဖလံ တထာ၊
ပစ္စဝေက္ခဏ ဉာဏန္တိ၊ တိလောကမှိပိ ကေနစိ။
၎။ အဒေသိယေ သာသနိကေ၊
ဉာဏိမေ သေဠ သုတ္တရေ။
ဒေသေတာရံ ပဝတ္တာရံ၊
ဗုဒ္ဓံ တီဟာဒရံ နမေ။
(၁) နာမရူပံ ပရိစ္ဆေဒံ = နာမ်ရုပ်တရားတို့ကို ပိုင်းခြား၍ သိသော နာမရူပပရိစ္ဆေဒဉာဏ်လည်းကောင်း။
(၂) တပ္ပစ္စယပရိဂ္ဂဟံ = ထိုနာမ်ရုပ်တို့၏ အကြောင်းတရားတို့ကို ပိုင်းခြား၍ သိသော ပစ္စယပရိဂ္ဂဟဉာဏ်လည်းကောင်း။

အနာဂတ်သာသနာရေး အပိုင်း(၇၄) ဘ၀ဟောင်းမှ မပြောင်း



ဘ၀ဟောင်းမှ မပြောင်း
“ရှေးရှေးဘ၀ ကံသင်္ခါရကြောင့် ဤဘ၀၌ ပဋိသန္ဓေ၀ိညာဉ်အသစ် ဖြစ်ရ၏”ဟု ဆိုရာ၌ ထပ်၍ ရှင်းပြပါဦးမည်၊ တစ်ဘ၀မှ တစ်ဘ၀၌ ဖြစ်ရသောအခါ ရုပ်ခန္ဓာကိုယ်သည် ဟောင်းနွမ်းဆွေးမြည့်၍ ဘ၀ဟောင်း၌ ပျက်စီး ချုပ်ပျောက်ရစ်ရသော်လည်း ၀ိညာဏ်ကောင် (စိတ်)ကလေးကား မိမိကံအားလျော်စွာ ဘ၀သစ်၌ ရုပ်ခန္ဓာအသစ် ရပြန်လေသည်၊ ပဋိသန္ဓေ၀ိညာဉ်ဟူသည်မှာ “ဘ၀သစ်၌ အသစ် ဖြစ်ရသော ၀ိညာဉ်မဟုတ်၊ ဘ၀ဟောင်းက ၀ိညာဉ်ပင် ဖြစ်သည်”ဟု ယခုကာလ၌ ဗုဒ္ဓဘာသာဝင် ဆိုသူတို့ပင် မှတ်ထင်နေကြ၏။
          ထို့ကြောင့် တစ်ယောက်ယောက် စုတေသောအခါ “အသက် ထွက်သွားပြီ”ဟု ယူဆကြလေသည်၊ ထိုအယူသည် အနတ္တလက္ခဏသုတ်၌ ခွဲပြခဲ့သော ၀ိညာဉ်စိတ်ကို “အသက် အတ္တ”ဟု ထင်မှားသော အတ္တဒိဋ္ဌိပင်ဖြစ်၏၊ အမှန်မှာ သူတို့ ယူဆသည့်အတိုင်း ဘ၀ဟောင်းက ရုပ်နာမ် (၀ိညာဉ်)ပါ တစ်စုံတစ်ရာမျှ ပြောင်းရွှေ့၍ အသစ်ဘ၀၌ ဖြစ်ရသည်မဟုတ်၊ ရှေးရှေးဘ၀က ပြုထားသော ကံသင်္ခါရ၏ အစွမ်းသတ္တိကြောင့် ယခုလိုဘ၀သစ်၌ ၀ိညာဉ်အသစ် စ၍ ဖြစ်ရခြင်းသာတည်း။

Tuesday, 10 June 2014

အနာဂတ်သာသနာရေး အပိုင်း(၇၃) သန္ဓေအသစ်တည်ပုံ


သန္ဓေအသစ်တည်ပုံ
ပြခဲ့သောနည်းဖြင့် ရှေးဘ၀ စုတေခါနီး၌ ကံဖြစ်စေ, ကမ္မနိမိတ်ဖြစ်စေ, ဂတိနိမိတ်ဖြစ်စေ ထင်လာပြီး၍ စုတေစိတ်(တစ်ဘ၀အတွက် နောက်ဆုံးစိတ်) ဖြစ်ပြီးသည်နှင့် တစ်ဆက်တည်းပင် ယခုဘ၀၌ ၀ိညာဉ်အသစ်သည် ရှေးသင်္ခါရကံကြောင့် အသစ်ဖြစ်ရတော့၏၊ ထိုသို့ ကံကြောင့် အသစ်ဖြစ်ရသော ၀ိညာဉ်ကို “ပဋိသန္ဓေစိတ်”ဟု ခေါ်၏။
[ဘ၀ဟောင်း၌ နောက်ဆုံး စုတေစိတ် ဖြစ်ပြီးသောအခါ နောက်ထပ် အဆက်အစပ် မရှိလျှင် ထိုသတ္တ၀ါသည် ပြတ်စဲရချေတော့မည်၊ ထိုသို့ မပြတ်စဲရအောင် နောက်ထပ် ဆက်စပ်သောစိတ်ဟု ဆိုလိုသည်၊ ပဋိ-တစ်ဖန် (ထပ်၍) + သန္ဓိ-ဆက်စပ်သောစိတ်၊ ထိုပဋိသန္ဓေစိတ် ဖြစ်ခြင်းကို “သန္ဓေတည်ခြင်း”ဟု ခေါ်စမှတ် ပြုကြသည်။]
          ဆက်ဦးအံ့…“ရှေးကံ (သင်္ခါရ)”ဟူရာ၌ “ရှေး”ဟူရာဝယ် ရှေးလွန်လေပြီးသော တစ်ဘ၀မျှကို မဆိုလို၊ ရှေးဘ၀ပေါင်းများစွာက ပြုခဲ့ဖူး၍ အကျိုးပေးခွင့် မရသဖြင့် ထိုသူ့သန္တာန်ဝယ် သတ္တိဓာတ်ခံ အနေအားဖြင့် တည်လျက်ရှိသော ကံအားလုံးတွင် အခွင့်သင့်ရာ ကံသင်္ခါရတစ်ခုခုကြောင့် ယခုဘ၀၌ ပဋိသန္ဓေ၀ိညာဉ်သစ် ဖြစ်ရသည်ဟု ဆိုလိုသည်။

အနာဂတ်သာသနာရေး အပိုင်း(၇၂) ဂတိနိမိတ်ထင်ပုံ



ဂတိနိမိတ်ထင်ပုံ        
ကံအားလျော်စွာ ရောက်ရမည့် နောက်ဘ၀ကို “ဂတိ”ဟု ခေါ်၏၊ ထိုဂတိ၌ တွေ့ကြုံရမည့် အာရုံနိမိတ်ကို “ဂတိနိမိတ်”ဟုခေါ်သည်၊ သတ္တ၀ါတို့ ရောက်ရမည့် နောက်ဘ၀ ဂတိသည်
၁။ ဒေ၀ဂတိ-နတ်ဗြဟ္မာဘ၀,
၂။ မနုဿ ဂတိ-လူ့ဘ၀,
၃။ နိရယဂတိ-ငရဲသားဘ၀,
၎။ ပေတဂတိ-ပြိတ္တာ ဘ၀ (တစ္ဆေ, မှင်စာ, အစိမ်း, သရဲ, သဘက်, ဘီလူး, အသုရကာယ် ခေါ် ပြိတ္တာအကြီးစားများသည် ဤ ပေတဂတိ၌ ပါဝင်ကြသည်၊)
၅။ တိရစ္ဆာနဂတိ - တိရစ္ဆာန်ဘ၀ (အခြေ လေးချောင်းရှိသော သားကောင်များ, အခြေနှစ်ချောင်းရှိသော ငှက်များ, အခြေမရှိသော မြွေ စသည်နှင့် ငါး လိပ်စသော ရေသတ္တ၀ါတို့ ပါဝင်ကြ၏၊ ဤသို့ ငါးမျိုးရှိသည်။

          နတ်ဘ၀ ရောက်ရမည့်သူ၌ ဘုံဗိမာန် ဥယျာဉ် ရေကန် နတ်သမီး နတ်သားစသည် ထင်လာ၏၊ လူ့ပြည်ရောက်မည့်သူ၌ အမိဝမ်းရေ ထင်လာ၏၊ တိရစ္ဆာန်ဖြစ်မည့်သူ၌လည်း တိရစ္ဆာန် အမိ၏ ၀မ်းရေ ထင်လာဖွယ်ရှိ၏၊ ငရဲရောက်ရမည့်သူ၌ ငရဲမီး စသည် ထင်လာ၏၊ ပြိတ္တာဖြစ်မည့်သူ၌ မိမိတို့ ဖြစ်ရမည့် တော တောင် စသောအရပ် ထင်လာ၏၊

ဖူးမြော်ကြပါကုန် မဟာမုနိဘုရားကြီးသမိုင်း ပုံတော်စုံ ( ဦးမောင်မောင်တင်)


ဒီတစ်ခါတော့ ဘလော့ဂ်မိတ်ဆွေများအတွက် မဟာမုနိသမိုင်းလင်္ကာလေးကို မျှဝေပေးလိုပါတယ်။ မဟာမုနိ ရုပ်ရှင်တော်ကား ကမ္ဘာကလေးစားရသော သမိုင်းဝင် ရုပ်ပွားတော် တစ်ဆူဖြစ်ပါသည်။ မန္တလေးမြို့၏ ကျက်သရေဆောင် အဓိကရ ထင်ရှားသော ဘုရားတစ်ဆူလည်း ဖြစ်သည်။ မန္တလေးသို့ ရောက်သူတိုင်း မဟာမုနိ သို့ မရောက်လျှင် မန္တလေးသို့ ရောက်သည်ဟုပင် မဆိုထိုက်ပေ။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် များသာမက မန္တလေးသို့ ရောက်လာသော ကမ္ဘာ့ခေါင်းဆောင်ကြီးများပင်လျှင် မဟာမုနိ ဘုရားရှင်တော် စံတော်မူရာ ဂန္ဓ ကုဋိကျောင်းတော်သို့ သွားရောက်၍ ဦးခိုက်ပူဇော်ခြင်း လှူဒါန်းခြင်း ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးခြင်းများ ပြုလုပ်ကြသည်။

Monday, 9 June 2014

အနာဂတ်သာသနာရေး အပိုင်း(၇၁) ကမ္မနိမိတ်ထင်ပုံ


ကမ္မနိမိတ်ထင်ပုံ        
ကံပြုစဉ်က   တွေ့ကြုံခဲ့   အသုံးပြုခဲ့သော အဆောက်အအုံအာရုံ (ကမ္မနိမိတ်)ထင်လာ ရာ၌ ကျောင်းရေစက်ချဒါန ပြုရာဝယ် ကျောင်းကြီးဖြစ်စေ, ထိုရေစက်ချပွဲ၌ လှူအပ်သော သင်္ကန်း ဆွမ်းစသည်ဖြစ်စေ, ရဟန်းတော်အများ လူအများ စားသောက်နေပုံကို ဖြစ်စေ သတိလစ်နေ သော စိတ်တွင် ထင်လာတတ်၏။
          သူ့အသက်ကို သတ်ရာ၌ အသတ်ခံရသူဖြစ်စေ, သတ်သော အခါ၌ သုံးစွဲသော လက်နက် စသည်ဖြစ်စေ ထင်လာတတ်၏၊ ထိုပြခဲ့သော ကံနှင့် ကမ္မနိမိတ်တို့သည် စုတေချိန်မကျမီ ခပ်စောစောကမူ သတိမလစ်ဘဲ မိမိဘာသာ ကောင်းမှုတွေကို ပြန်၍ တွေးသောအားဖြင့်လည်း ထင်လာနိုင်၏၊ အနီးအပါး ဆွေမျိုး စသူများက သတိပေး ပြောပြသောအားဖြင့်လည်း ထင်လာတတ်၏၊ သို့ရာဝယ် စုတေတော့မည့် အချိန်ကား သတိလစ်လျက် ထင်မြဲ ထင်နေပေလိမ့်မည်။

အနာဂတ်သာသနာရေး အပိုင်း(၇၀) ပဋိသန္ဓေတည်ခြင်း၏ အကြောင်းသုံးပါး



ပဋိသန္ဓေတည်ခြင်း၏ အကြောင်းသုံးပါး
မိခင်လောင်းသည် ရာသီပန်း ပွင့်ပြီးစ ဖြစ်၍  သားအိမ်၌ သန့်ရှင်းစင်ကြယ်နေခြင်း, ထိုမိခင်နှင့်ဖခင် ပေါင်းသင်း ပျော်မြူး၍ အဖ၏ သုက်သွေးသည် သားအိမ်၌ နည်းနည်းပါးပါး ဖြစ်စေ ရောက်ရှိနေခြင်း, ထိုအမိဝမ်း၌ ပဋိသန္ဓေ တည်နေမည့် သတ္တ၀ါလောင်းသည် ထိုအချိန်၌ ဘ၀ဟောင်းမှ စုတေခြင်း ဤအင်္ဂါ သုံးပါးစုံမှ ဂဗ္ဘသေယျကပဋိသန္ဓေ တည်နိုင်သည်၊
ရှေ့အကြောင်း တစ်ပါး နှစ်ပါးစုံနေရုံမျှဖြင့် ပဋိသန္ဓေ မတည်နိုင်၊ [ “မိမာတာ ကြာခန်းက, ပန်းရတုရာသီ, ပွင့်စဲစခါဆီ, တူယှဉ်မှီ ပျော်ပါး၊ ကိန်းထိုက်သည့် ထိုသသူငယ်, ထင်ရှေးရှု စုတေခိုက်ငြား၊ သည်အင်္ဂါ စုံစေ့မှ, ဘုံဓလေ့ ဤလူ့ပြည်, တည်သန္ဓေအများ” သတပဒိကပုစ္ဆာ]
မိဘနှစ်ပါး အတူပျော်ပါး၍ သားအိမ်၌ သုက်မရှိသော်လည်း ချက်ကို သုံးသပ်၍ သာယာမှုကြောင့် သန္ဓေတည်သော သုဝဏ္ဏသျှံ ၀တ္ထုလည်း ရှိသေး၏။

အနာဂတ်သာသနာရေး အပိုင်း(၆၉) သင်္ခါရကြောင့် ၀ိညာဉ်ဖြစ်



သင်္ခါရကြောင့် ၀ိညာဉ်ဖြစ်
ဝိညာဉ်သည် အကျိုးဝိညာဉ်, ကုသိုလ်ဝိညာဉ်, အကုသိုလ်ဝိညာဉ်, ကြိယာဝိညာဉ်ဟု လေးမျိုးရှိရာ၌ “၀ိပါက်”ဟု ခေါ်သော အကျိုးဝိညာဉ် တစ်မျိုးသာ ကံ(သင်္ခါရ)ကြောင့် ဖြစ်ရသည်၊ ထိုဝိပါက်ဝိညာဉ်စိတ် သည်လည်း ပဋိသန္ဓေ တည်နေခါစ၌ ဖြစ်ရသော ၀ိညာဉ် (ပ၀တ္တိ အခါဟု ကျမ်းစာတို့၌ ခေါ်ရသော) ပဋိသန္ဓေမှ နောက်ကာလ၌ ဖြစ်ရသော ၀ိညာဉ်ဟု နှစ်မျိုးကွဲ၏၊ ထိုတွင် ကံသင်္ခါရကြောင့် ပဋိသန္ဓေ၀ိညာဉ် ဖြစ်ပုံကို ပြမည်၊ ထိုသို့ ပြရာဝယ် ပဋိသန္ဓေလေးမျိုး ကို နားလည်ပြီးမှ ၀ိညာဉ်ဖြစ်ပုံကို နားလည်မည်ဖြစ်သောကြောင့် ရှေးဦးစွာ ပဋိသန္ဓေလေးမျိုးကို ပြပေအံ့။
သံသေဒဇသတ္တ၀ါ
သံသေဒဇပဋိသန္ဓေ, သြပပါတိကပဋိသန္ဓေ, အဏ္ဍဇပဋိသန္ဓေ, ဇလာဗုဇပဋိသန္ဓေအားဖြင့် ပဋိသန္ဓေ လေးမျိုးရှိ၏၊ [သံသေဒ-ကပ်ငြိတွယ်တာရာအရပ်၌ + ဇ- ဖြစ်သော သတ္တ၀ါ၊]
ရေပုပ်, ငါးပုပ်, ပန်းအမှိုက်ပုပ် (ကစီရည်စသည်တို့ဖြင့် စေးကပ်အောင် ပြုရသော) သက္ကလတ်စသော အ၀တ်, မစင်, ကျင်ငယ်စသည်တို့၌ ငြိတွယ်၍ဖြစ်ရ, ပဒုမ္မာကြာတိုက်စသည်၌ ဖြစ်ရသော သတ္တ၀ါတို့သည် သံသေဒဇသတ္တ၀ါများတည်း၊ ထိုသတ္တ၀ါတို့၌ မိဘ၏ သုက်သွေးကို မမှီရဘဲ ရှေးက ပြုထားသောကံ သင်္ခါရအားလျော်စွာ ဆိုင်ရာအရပ်၌ “၀ိပါက်ဝိညာဉ်”ခေါ် ပဋိသန္ဓေ စိတ် ဖြစ်ရ၏၊ ပဒုမ္မာကြာတိုက်, ၀ါးလုံးခေါင်း, မန်ကျည်းပင်စသည်၌ ဖြစ်ရသော ပဒုမ၀တီမိဖုရား,
အာသင်္ကာမိဖုရား, ဝေဠုဝတီမိဖုရား နှင့် စိဉ္စမာဏ၀ိကာတို့သည် ကုသိုလ်ကံ သင်္ခါရအစွမ်းကြောင့် ကောင်းကျိုးဝိညာဉ်ဖြင့် သန္ဓေနေရသူများတည်း၊ ထိုသူများကို “သံဒေသူ”ဟု ခေါ်ကြသည်၊ မစင်ပုပ် စသည်၌ ၀ိညာဉ်တွယ်ရသော သတ္တ၀ါတို့ကား မကောင်းသော သင်္ခါရကြောင့် ဖြစ်ရသူများတည်း။

သင်္ကြန်ရက်အတွင်း လူ့ပြည်သို့ သိကြားမင်း ဆင်း-မဆင်း



ရှင်ရေဝတရဲ့ အမေးသုံးပါးအနက် ပထမအမေးဖြစ်တဲ့ သင်္ကြန်ရက်ွင်း လူ့ပြည်သို့ သိကြားမင်း ဆင်းမဆင်းဆိုတာဟာ သင်္ကြန်စာက လာတာ ဖြစ်ပါလိမ့်မယ်

          သင်္ကြန်စာက ဘယ်လိုလာပါသလဲ ဘုရား

          သင်္ကြန်စာက လာပုံက ဒီလိုကွယ့်၊ လူ့ပြည်မှာ အဟာသင်္ကြန်ကျတယ် ဆိုတာ နှစ်တစ်နှစ် ကုန်ဆုံးသွားတာကို ဆိုလိုတယ်၊ နှစ်တစ်နှစ် ဘယ်လို ကုန်ဆုံးသွားတယ်ဆိုတာ အကျဉ်းပြောရလျှင် ကောင်းကင်မှာ နေ-လ-နက္ခတ်-တာရာတွေထဲက လမ်းစဉ်မပျက် ခရီးမှန်မှန်သွားတက်တဲ့ ကြယ်တွေကို နက္ခတ်လို့ခေါ်တယ်၊ အဲဒီနက္ခတ်တွေဟာ
(၁) အသဝတီ၊ (၂) ဘရဏီ၊ (၃) ကြက္ကိကာ၊ (၄) ရောဟဏီ၊ (၅) မိဂသီ၊ (၆) အဒြ၊ (၇) ပုန္နဖုသျှု၊ (၈) ဖုသျှ၊ (၉) အသလိဿ၊ (၁၀) မာဃ၊ (၁၁)ပြုဗ္ဗဇလဂုနီ၊ (၁၂) ဥတ္တရာဖလဂုနီ၊ (၁၃) ဟဿတ၊ (၁၄) စိတြ၊ (၁၅) သွာတိ၊ (၁၆) ဝိသာခါ၊ (၁၇) အနုရာဓ၊ (၁၈) ဇေဋ္ဌ၊ (၁၉) မူလ၊ (၂၀) ပြုဗ္ဗသာဠ်၊ (၂၁) ဥတ္တရာသာဠ်၊ (၂၂) သရဝဏ်၊ (၂၃) ဓနသိဒ္ဓ၊ (၂၄) သတဘိသျှ၊ (၂၅) ပြုဗ္ဗဘဒြဗိုဒ်၊ (၂၆) ဥတ္တရဘဒြပိုဒ်၊ (၂၇) ရေဝတီ-ရယ်လို့ ၂၇ လုံးရှိတယ်။

အနာဂတ်သာသနာရေး အပိုင်း(၆၈) အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်


အဓိပ္ပာယ်ရှင်းလင်းချက်
အ၀ိဇ္ဇာ မည်သူမဆို လွန်ခဲ့ပြီးသော ဘ၀, ယခုရနေသောဘ၀နှင့် ဖြစ်ရဦးမည့် ဘ၀ ဤသုံးဘ၀လောက်ကို ပိုင်နိုင်လျှင် အခြားဘ၀များစွာကိုလည်း ဤနည်းချည်းဟု မှန်းဆ နိုင်ဖွယ် ရှိ၏၊ ထို့ကြောင့် သုံးဘ၀လောက် ဖြစ်ပျက်စဉ်ကို ရေးပြပေအံ့၊… ဤဘ၀သို့ မရောက်ခင် ရှေးဘ၀များစွာ၌ အ၀ိဇ္ဇာနှင့် သင်္ခါရတို့ ဖြစ်ခဲ့ကြပြီ၊ ထိုတွင် အ၀ိဇ္ဇာသည် သိသင့် သိထိုက်သည်ကို သူ့ကိုယ်တိုင်လည်း မသိတတ်၊ အခြားတရားတို့ မသိအောင်လည်း ဖုံးလွှမ်းတတ်သော တရားတည်း။
          ထင်ရှားစေအံ့၊ အ၀ိဇ္ဇာသည် အမှောင်မိုက်ကြီးနှင့်လည်းကောင်း, မျက်မမြင်နှင့်လည်းကောင်း တူ၏၊  အိမ်တစ်ဆောင်အတွင်း၌ မီးမလင်းဘဲ အမှောင်ကြီး ဖြစ်နေသောအခါ ထိုအမှောင်ကြီးသည် အိမ်အတွင်း ရှိသမျှ အရာဝတ္ထုတွေကို သူကိုယ်တိုင် မမြင်နိုင်သည့် အပြင် အမှောင်အတွင်း၌ ရောက်နေသူတို့ကိုလည်း အိမ်တွင်းရှိသမျှ မြင်စရာတွေ မမြင်နိုင်အောင် ဖုံးကွယ်ထားသကဲ့သို့လည်းကောင်း, မျက်စိ မမြင်သူသည် မြင်ဖွယ်ရာ ဟူသမျှကို သူ့ကိုယ်တိုင်လည်း မမြင်, သူများကို မြင်အောင်လည်း မညွှန်ပြနိုင်သကဲ့သို့လည်း ကောင်း ထို့အတူ အ၀ိဇ္ဇာသည် သိဖွယ် ဟူသမျှကို သူကိုယ်တိုင်လည်း မသိ, အခြားတရားတို့ မသိအောင်လည်း ဖုံးကွယ်ထားတတ် လေသည်၊ မိမိ၏ ခန္ဓာအစဉ်မှာ ထိုအ၀ိဇ္ဇာဓာတ် အမြဲကပ်၍ ပါနေ ရကား ရှေးဘ၀၌ ထိုအ၀ိဇ္ဇာ ဖြစ်ခဲ့ပြီဟု မုချဆတ်ဆတ် မှတ်ထား လိုက်ပါ၊ ဤအ၀ိဇ္ဇာကို “မောဟ”ဟုလည်း ခေါ်သည်။

Sunday, 8 June 2014

လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ ဗုဒ္ဓ၀င်ဘုရားရှိခိုးနှင့် ဆုတောင်းအမျိုးမျိုး



၁။       သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်။  ။သောင်းခွင်စကြ၀ဠာ၊ နတ် ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မှုကြောင့် ရတုနဂို၊ ရွှန်းရွှန်း စိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်။      ။ နတ်လူငြိမ်းဘို့ ကိန်းပါကို။   

  ၂။    သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ ရှစ်ကြုံ၊ ကဆုန်လပြည့်၊

သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီ လှိုက်ဆူ၊ ဘွားတော်မူသည်။   ။ နတ်လူအောင်မြို့ လမ်းပါကို။
 

၃။    ဖွားမြင်မြောက်သော်၊ ဆဲ့ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ် ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊
ဆဲ့သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆဲ့ကိုးဝယ်၊ လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်း နေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်။   ။ စုံမြိုင်ပင်ရိပ် ခမ်းမှာကို။

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး၏ သတ္တဌာနဘုရားရှိခိုး


*ပလ္လင်က သတ္တာဟ*

၁။ ဘုန်းရောင်ထွန်းထိန်၊ စောမုနိန်၊ ပညိနြေ္ဒ၊ ချွေရာမှန်သိ၊ ဗောဓိကြငှန်း၊ ရွှေညောင်နန်းဝယ်၊ ထူးဆန်းအံ့လောက်၊ မြေမှပေါက်သား၊ ရောင်တောက်မာရ်နှင်၊ ရွှေပလ္လင်ထက်၊ သဗ္ဗညုတ၊ ဉာဏ်ကိုရပြီး၊ သတ္တာဟရက်၊ ဖွဲ့ခွေလျက်ပင်၊ ငြိမ်သက်တင့်တယ်၊ သုံးစံပယ်သည်-ဘုန်းကြွယ်လက်ဦး ပွဲပေကို။

* အနိမိသ သတ္တာဟ *

၂။ နှစ်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ မာရပယ်လှန်၊ ပလ္လင်ပျံမှ၊ ဧသန်တူရူ၊ ရပ်တော်မူလျက်၊ ကြည်ဖြူငြိမ်းချမ်း၊ ပလ္လင်နန်းကို၊ ဖြောင့်တန်းစက္ခု၊ စိမ်းစိမ်းရှုလျက်၊ သုံးလူ့ရှင်ပင်၊ ပျော်စံရွှင်သည်-ကြည်လင်ညွတ်နူး ဖွယ်ပေကို။


* စင်္ကမ သတ္တာဟ *

၃။ သုံးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ မြောက်ခွင်ဥတ္တရာ၊ စင်္ကြံသာ၍၊ လူးလာတုံ့ခေါက်၊ ကြွချီလျှောက်၍၊ ဘုန်းတော်ဘုရား၊ ပျော်စံစားသည်-တရားဆင်ခြင် လျက်ပေကို။

* ရတနာဃရ သတ္တာဟ *

၎။ လေးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်နှင့်၊ ပလ္လင်ထွန်းတောက်၊ အနောက်မြောက်ဝယ်၊ အံ့လောက်ဖွယ်ရာ၊ ရတနာရိပ်ငြိမ်၊ စံရွှေအိမ်၌၊ ကြိမ်ကြိမ်ဖန်ခါ၊ ဘိဓမ္မာကို၊ မဟာဉာဏ၊ သာဂရဖြင့်၊ ဗုဒ္ဓရှင်ပင်၊ သုံးဆင်ခြင်သည်-ရောင်ရှင်ခြောက်ဖြာ ညီးလို့ကို။

* အဇပါလ သတ္တာဟ *

၅။ ငါးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ ရှေ့ခွင်ပြုဗ္ဗာ၊ ရပ်ဒိသာဝယ်၊ ကြီးစွာမြင့်ခေါင်၊ ဆိတ်ကျောင်းညောင်၌၊ ဘုန်းခေါင်ပရမေ၊ စံပယ်နေသည်-ရိုသေမြတ်နိုး ဖွယ်ပေကို။

*မုစလိန္ဒ သတ္တာဟ *

၆။ ခြောက်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ပလ္လင်ရွှေညောင်၊ အရှေ့တောင်၌၊ မြရောင်လိုလို၊ ရေညို ပြည့်လျှမ်း၊ ကြာပန်းညွတ်ရုံ၊ ပန်းမျိုးစုံသည်၊ မုဉ္စလိန္ဒာ၊ အိုင်သာဖြန့်ကျင်း၊ ကျည်းပင်ရင်းဝယ်၊ သနင်းလူ့ဆွေ၊ စံပယ်နေသော်၊ မိုးလေထန်ပြင်း၊ သွန်းချခြင်းကြောင့်၊ မြွေမင်းရန်ဟန့်၊ ပါးပျဉ်းဖြန့်လျက်၊ ချီးအံ့တန်ခိုး၊ ဆောင်ကာမိုးသည်-ရှေးကျိုးသမ္ဘာတော်ကြောင့်ကို။

* ရာဇာရတန သတ္တာဟ*

၇။ ခါသတ္တမ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ တောင်ပြင်လက်ယာ၊ မြေမျက်နှာဝယ်၊ ရာဇာယတန၊ မည်ရခေါ်တွင်၊ လင်းလွန်းပင်၌၊ သဗ္ဗညုဖျား၊ ပျော်စံစားသည်-ကြီးမားဉာဏ်တော် ဖွင့်လို့ကို။

** ထိုခုနစ်ပါး၊ အရပ်များကို၊ ရှေ့သွားသဒ္ဓါ၊ ကြည်ညိုစွာလျှင်၊ ဝန္ဒနာ-မာန၊ ဂါရဝဖြင့်၊ ဦးချညွတ်ကျိုး၊ ကျွန်ရှိခိုးသည်-ကောင်းကျိုးခပ်သိမ်း ပြည့်စေသော်။

အနာဂတ်သာသနာရေး အပိုင်း(၆၇) ဉာဏ်(၄)မျိုး



ဉာဏ်(၄)မျိုး   
ထို့ကြောင့် အတ္တစွဲလမ်းချက်ကို ဖျောက်၍ အနတ္တချည်းဟု သဘောပေါက်ဖို့ရာ ယခုအခါဝယ် ပဋိစ္စ သမုပ္ပာဒ်တရားတော်ကြီးကို အကျဉ်းချုပ်မျှ ပြပါတော့မည်၊ ထိုသို့ ပြရာဝယ် သတ္တ၀ါတို့ သန္တာန်၌ သုတမယဉာဏ်, စိန္တာမယဉာဏ်, ဘာဝနာမယဉာဏ်, ပဋိဝေဓဉာဏ်ဟု လေးမျိုးရှိရာ မိမိမှာရှိသော သုတမယဉာဏ်, စိန္တာမယဉာဏ်လောက်ဖြင့်သာ ပြနိုင်ပါသည်။
 ချဲ့ဦးအံ့… စာပေ လိုက်စား၍ ရရှိသော အသိဉာဏ်သည် “သုတ မယဉာဏ်” မည်၏၊ [သုတ-ကြားနာ ကြုံတွေ့အပ်သော စာပေ စသည်ကြောင့် + မယ-ဖြစ်သောဉာဏ်၊] ထိုသုတမယဉာဏ်ကို အခြေခံ၍ ကြံစည်ခြင်းကြောင့်ဖြစ်စေ, သုတမပါဘဲ သက်သက် တွေးတောကြံစည်ခြင်းကြောင့်ဖြစ်စေ တိုးတက်နားလည်သောဉာဏ်သည် စိန္တာမယဉာဏ်မည်၏၊ ကမ္မဋ္ဌာန်း ပွားများခြင်းကြောင့်ဖြစ်သော ဉာဏ်သည် စိန္တာမယဉာဏ်ထက် သာလွန်ထက်မြက်၏၊ ထို ဉာဏ်ကို “ဘာဝနာမယဉာဏ်”ဟု ခေါ်၏၊ ထိုဘာဝနာမယဉာဏ်ကို အခြေခံ၍ ထိုးထွင်းသိမြင်သောဉာဏ်သည် ပဋိဝေဓ (မဂ်)ဉာဏ်မည်၏။

မီး(၁၁)ပါး ၁၁၊ဥပါယာသမီး


လွန်စွာပြင်းပြ ဥပါယာသမီး

မီးဆယ့်တစ်ပါးအကြောင်း တင်ပြဆွေးနွေးလာခဲ့တာ အခုဆိုရင် နောက်ဆုံးနံပါတ် ဥပါယာသမီးအကြောင်း တင်ပြဆွေးနွေးဖို့အချိန် ကျရောက်ပြီးတော့ လာပါပြီ ၊ ဥပါယာသမီးဆိုတာ စိတ်ထဲမှာ အလွန်အမင်း ပြင်းစွာ ပူပန်ဖြင်ရှိတာကို ဆိုလိုပါတယ် ၊ ထိမ်းမရ သိမ်းမနိုင် နှလုံးသားအိမ်းမှာ လောင်မြိုက်နေတဲ့ ဒီမီးအရှိန်ဟာ ပြင်းထန်လွန်းလို့ နှလုံးစို့ မိုက်လာနဲ့ ခန္ဓာကိုယ်ပစ်လဲ သတိလွတ်ကင်း တောင့်တင်းခိုင်မာ ကိုယ်ခန္ဓာကြီးကို သတိပြန်ရအောင် မနည်းပြီး နှိပ်နယ်ဆွဲဆန့်ပေးနေရတဲ့အထိပဲ ဆိုပါတော့ ၊ ဒီဥပါယာသ မီးလျံဟာ ဘယ်အချိန်အခါမှာ လောင်ကျွမ်းတတ်ပါသလဲဆိုရင်တော့ ပျက်စီးခြင်းတရား ငါးပါးနဲ့ ကြုံတွေ့ရတဲ့အခါမှာပေါ့။
ပျက်စီးခြင်းတရားငါးပါး
(၁) မိဘဆွေမျိုး ခင်သူမင်သူ တစ်ဦးတစ်ယောက် ပျက်စီးဆုံးရှုံးခြင်း၊
(၂) မိမိတို့ရဲ့ ပစ္စည်းဥစ္စာ ရတနာရွှေငွေ အလုပ်အကိုင် ရာထူးဌာနန္တရပျက်စီး ဆုံးရှုံးရခြင်း၊
(၃) ရောဂါဝေဒနာ ဖိစီးနှိပ်စက်လို့ လောက ဓမ္မအကျိုးတွေ လက်လွှတ်ဆုံးရှုံးခဲ့ရခြင်း၊
(၄) ကိုယ်ကျင့်သီလတို့ ပျက်စီးဆုံးရှုံးခြင်း၊
(၅) ကောင်းတဲ့အယူအဆ အတွေးအခေါ် အမြော်အမြင်တို့ ပျက်စီးယိုယွင်းခြင်း။
မိမိတို့ အင်မတန်မှ အားကိုးတကြီးထား ချစ်ခင်လေးစားရသူ မိဘဆွေမျိုး ညီကိုမောင်နှမ ဇနှီး ခင်ပွန်းဖြစ်သူ တစ်ဦးတစ်ယောက် ကွယ်လွန်အနိစ္စရောက်သွားတဲ့အခါမှာ သက်ဆိုင်သူများထဲက တရားလက်လွတ် ရှိနေတဲ့ တချို့သောသူတွေအဖို့ နှလုံးအိမ်မှာ ပြင်းထန်လှတဲ့ ဥပါယာသမီး အလောင်ခံလိုက်ရပြီဆိုမှဖြင့် အကြီးအကျယ် ငိုယိုမြည်တမ်း ရာကနေပြီးတော့ အရှက်တရားလဲ မရှိ ၊ သတိလွတ်ကင်း မေ့မျောခြင်းသို့ ရောက်သွားကြ ရတဲ့သူတွေကို တွေ့မြင်ဖူးကြမှာပါ ၊ ဒါဟာ ဥပါယာသမီးရဲ့ ဒဏ်ချက်ပါပဲ ၊ တချို့များကျတော့ နှလုံး သားထဲမှာ တမြေ့မြေ့ပူလောင် လူ့ဘောင်မှာ မနေချင်တော့တဲ့စိတ်ပေါက် စိတ်ဓာတ်တွေ ဂယောင်ချောက်ချားဖြစ် ဆေးရုံကို အမြန်ဆုံးပို့လိုက်ရတဲ ဒုက္ခသည် ဥပါယာသမီးတရားခံတွေလဲ မနည်းပါဘူး။
အကြောင်းအမျိုးမျိုးကြောင့် ချစ်ခင်သူ သမီးရီးစား ပျက်ပြားဆုံးရှုံးသွားရလို့ ပြင်းထန်တဲ့ စိတ်ဆင်းရဲမှုဝေဒနာ ခံစားရသူတွေလဲ ရှိနေပါတယ် ၊ ဖြစ်လွယ် ပျက်လွယ်တဲ့ ခုခေတ်သမယ ၂၁ရာစု ကာလမှာ သေကွဲမဟုတ်ဘဲ ရှင်ကွဲ ကွဲနေကြရတဲ့ ရင်ကွဲနာ ဒုက္ခသည်ပေါင်းဟာ နည်းမှာ မဟုတ်ပါဘူး ၊ ရိုးသား ဖြောင့်မတ် သစ္စာရှိတဲ့ ရင်ကွဲနာ ဒုက္ခသည်တွေအဖို့ကိုတော့ ကရုဏာသက်မိ ရပါတယ် ၊ ရိုးသားဖြောင့်မတ် သစ္စာရှိတဲ့ မောင်မယ်တွေမှာ မိမိတို့နဲ့ ဘ၀လက်တွဲပြီး ပါရမီ ဖြည့်ဖက်အဖြစ် သက်ဆုံးတိုင် လက်တွဲမဖြုတ် ဘ၀စခန်းကို လျှောက်လှမ်းသွားတော့ မယ်လို့ ဆိုပြီးတော့ အနာဂတ်ကို ပုံဖော်စိတ်ကူးယဉ် အိပ်မက်မက်ထားလိုက်တာ ၀မ်းသာလို့မဆုံး ရှိနေတုံးမှာပင် ကိုယ့်လူက နောက်တစ်ယောက်နဲ့ တွဲလို့ ပါသွားချေပြီလို့ သိလိုက်မြင်လိုက် ကြားလိုက်ရတယ်ဆိုရင်ဖြင့် ဘယ်လောက်အထိ နှလုံးကွဲနာ ခံစားလိုက်ရမယ်ဆိုတာ စဉ်းစားသာ ကြည့်ကြပေတော့ ၊ သေချင်စော် နံ့သွားမှာ သေချာပါတယ် ၊ မိမိကိုယ်ကို သေကြောင်းကြံတဲ့အထိ ဖြစ်သွား နိုင်ပါတယ် ၊ စိတ်ကူးယဉ်နဲ့ အနာဂတ် ကောင်းကင်မှာ တည်ဆောက်ထားခဲ့တဲ့ တိုက်ကြီး ဗိမာန်ကြီးဟာ လေမုန်းတိုင်းကြီး လေဆင်နှာမောင်းကြီး တိုက်ခတ်လို့ ဘာမှအကျန်မရှိ လုံးဝပါသွားရပါချေပြီ ၊ မသေချာ မရေရာတဲ့ လောကကြီးပါကလား ၊ ကြံစည်တိုင်းလဲ မဖြစ်ဘဲ ပျက်တတ်တာပါကလား ၊
တပါးသူရဲ့အချစ်မေတ္တာကို ရချင်လို့ အချစ်ဓားပြတိုက်တာရော သူ့အချစ်မေတ္တာကို မရနိုင်လို့ ကိုယ်အသက်နဲ့လဲ သေပွဲဝင်လိုက်တဲ့ ပုဂ္ဂိုလ်တွေပါ အာဇာနည် သူရဲကောင်းတွေ မဟုတ်ကြ ပါ ၊ စိတ်ဓာတ် ဖျင်းသိမ် အရှုံးသမားတွေရဲ့ စက်ဆုပ်ဖွယ် ဖြစ်ရပ် အမူအရာတွေပါ ၊ နှလုံး အိမ်မီးလောင် ဒေါမနဿမီး အကြီးအကျယ် နှိပ်စက်ခံရရင်းနဲ့ ကိုယ့်ကိုယ်ကိုသက်သေ ဘ၀ဇာတ်လမ်းသိမ်းသွားရှာတဲ့ ပုဂ္ဂိုလ်များမှာ နောက်ထပ်မီးတစ်ပုံ ဆက်လောင်ဖို့က အသင့် စောင့်ကြိုနေမှာပဲ ၊ အလျှံတပြောင်ပြောင် တောက်လောင်ပြီး စောင့်ကြိုနေတဲ့ မီးဟာ လူ့ဘ၀ လူ့လောကက လွန်စွာပြင်းပြ ဥပါယာသမီးထက် အဆအရာအထောင်မက ပြင်းပြပူလောင် ကြာညောင်းလှစွာ လောင်ကျွမ်းနေမဲ့ ငရဲမီးပါဗျာ။
ဆွေမျိုးပျက်စီး ပြင်းပြမီးလျှံ ငြိမ်းသတ်ရန်
အဲဒီလို နှလုံးအိမ်မှ ပြင်းပြလှတဲ့ ဒီမီးလျှံကို ငြိမ်းသတ်နိုင်ဖို့ သတိပဋ္ဌာန် ဘာဝနာဥာဏ်မှတပါး တခြားနည်းလမ်းဆိုတာ မရှိပါ ၊ မိဘဆွေမျိုးတွေအပေါ်မှာ မေတ္တာ တရားသာ အတတ်နိုင်ဆုံးထား ပြုစုထောက်ပံ့ပြီး စိတ်ချမ်းသာမှုရှိအောင် ပြုလုပ်ပေးရပါ့မယ် ၊ လောဘသံယောဇဉ်နဲ့ ငြိတွယ် ဖွဲ့နှောင်လွန်အားကြီးမရှိရင်တော့ သိပ်ကောင်းမှာပါပဲ ၊ သံယောဇဉ်ဆိုတဲ့ တရားဟာ ပယ်ရမဲ့အကုသိုလ်တရားတွေပါ ၊ လောဘ ဒိဋ္ဌိဆိုတဲ့ သံယောဇဉ်နှောင်ကြိုး သိပ်ပြီးတော့ အတင်းအကြပ် ဖွဲ့ချည် တုတ်နှောင်ထားမှု မရှိခဲ့ရင် တစ်ဦးတစ်ယောက် ပျက်စီးကွယ်လွန် ဆုံးရှုံးသွားတဲ့အခါမှာ နှလုံးအိမ်မီးဟပ်ပြီး မေ့မျော သွားရတဲ့အဆင့်ကို ကျော်လွှားသွားနိုင်မှာ ဖြစ်ပါတယ် ၊ မွေးလာတဲ့သူမှန်သမျှ မသေတာ တစ်ယောက်မျှ မရှိပါ ၊ အဲဒီအသိ ရင်ထဲရှိက သက်သာလှပါတယ် ၊ မိဘဆွေမျိုး ချစ်သူခင်သူ သေတိုင်း သံဝေဂဥာဏ်ယူ ဘာဝနာဥာဏ်အကူနဲ့ သုံးသပ်ဆင်ခြင် ရှုမှတ်မှုရှိနေမယ်ဆိုရင် ဥပါယာသမီးငြိမ်း ခန္ဓာဒုက္ခ ဇာတ်သိမ်းသွားတဲ့အထိ အကျိုးပြုပေးနိုင်ပါလိမ့်မယ်။
ရင်ကွဲနာမီး ငြိမ်းသတ်နည်း
သမီးရည်းစား ဇနှီးခင်ပွန်းနဲ့ ပတ်သက်ပြီး ဆုံးရှုံး လက်လွှတ်လိုက်ရတဲ့အခါမှာ ရင်ကွဲနာ မရရှိဖို့ နှလုံးသွင်းမှန်ရမယ် ၊ ကမ္ဘာ့လူဦးရေး သန်းပေါင်း ခုနှစ်ထောင် (ခုနစ်ဘီလျံ) ခန့်ရှိတဲ့နေရာမှာ မိမိနဲ့အတူ ပါရမီဖြည့်ဖက်အဖြစ် လက်တွဲ လှမ်းလျှောက်ရမဲ့သူဟာ အတိတ် ဘ၀က ကုသိုလ်ပါရမီအတူ ပြုဖူးခဲ့တဲ့ပုဂ္ဂိုလ်ပဲ ဖြစ်ရပါ့မယ် ၊ တကယ့်ဖူးစားရေစက် လို့ဆိုရ ပါ့မယ် ၊ စိတ်သဘောချင်း မတိုက်ဆိုင်လို့ တွဲလိုက် ပျက်လိုက် ဖြစ်နေရတဲ့သဘောဟာ ကိုယ့်ရဲ့ဖူးစာရေစက် တွဲဖက်ရမဲ့ပုဂ္ဂိုလ်မှန် လူမှန်မဟုတ်သလိုပဲလို့ တွက်ဆ ဆင်ခြင်ပေး လိုက်ပါ ၊ အဲဒီလူနဲ့ လက်တွဲပြီး တစ်သက်လုံး ပူပန်သောက ပြင်းပြမီးလျံ လောင်ခံရခြင်းထက် စောစောစီးစီး တကြိမ်တည်းဖြင့် နှလုံးသွေး ပူလောင်ခံရတာက ပိုကောင်းသေးတယ်လို့ ဆိုရတယ်၊ ပါရမီဖြည့်ဖက် ဖူးစာရေစက် လူမှန် ပုဂ္ဂိုလ်မှန်က On the way မှာ ရောက်ရှိ နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ၊ ဆုံးရှုံးပျက်ကွယ် လမ်းခွဲသွားလေသူအတွက် ၀မ်းနည်း ကြေကွဲမှု မဖြစ်စေဘဲ မိမိထံမှောက် ဦးတည်လျှောက်လှမ်းလာနေတဲ့ လူမှန် ပုဂ္ဂိုလ်မှန် ပါရမီဖြည့်ဖက် လက်တွဲမပျက်မဲ့သူကို ၀မ်းမြောက်စွာနဲ့ ကြိုဆိုဖို့သာ ပြင်ထားပေတော့ ၊ တကယ်လို့များ အတိတ်ဘ၀က ကုသိုလ်ပါရမီ အဓိဋ္ဌာန်ရှိထားလို့ အမတကြငှန်း နိဗ္ဗာန်နန်းကို အမြန် ရောက်နိုင်ဖို့ ပလိဗောဓ ကြောင့်ကြမှု မရှိ လွတ်လွတ်ကျွတ်ကျွတ် သက်သက်သာ လွတ်လပ် စွာဖြင့် ပါရမီကုသိုလ် များထိုထိုကို ဖြည့်ကျင့်ဆည်းပူးနိုင်ဖို့ မြတ်သောမနသီ ရှိခဲ့ဖူးမယ်ဆိုရင်လဲ တစ်ဦးတည်းနေ ကုသိုလ်တွေပွား လင့်ကျွန် မယားကျွန် ဖြစ်စရာ မရှိတော့ပါ ၊ လွတ်လွတ် လပ်လပ် အကောင်းတကာ့ အကောင်းဆုံး ကုသိုလ်ပါရမီတွေ ရင့်သထက်ရင့်အောင် ကျင့်ဆောင်ဖြည့်ဆည်းနိုင်တော့မှာ အမှန်ပါ။
ဘောဂပျက်စီး ဥပါယာသမီး
စည်းစိမ်ဥစ္စာတွေ ရန်သူမျိုးငါးပါးနဲ့ တွေ့ကြုံရလို့ ဆုံးရှုံးရတဲ့အခါ အလုပ်အကိုင် တွေပြုတ် ရာထူးတွေ အဖြုတ်ခံရတဲ့အခါမှာ အကြီးအကျယ် စိတ်မချမ်းမသာ ဖြစ်တတ်ကြ ပါတယ် ၊ ဒီစာကို ရေးနေတဲ့ ရက်ပိုင်းအတွင်းမှာပဲ မိမိနေထိုင်ရာ မြို့က Water District Departmentက အရာရှိတစ်ဦး Lay off ထိသွားလို့ ရက်ပိုင်းအတွင်းမှာပဲ Red-Rock ဆိုတဲ့ နေရာမှာ သွားရောက်ပြီး သူ့ကိုယ်ကို အဆုံးစီရင်ပစ်လိုက်တယ် ၊ သူ့မိတ်ဆွေက သူ့ကို ရည် စူးပြီး ကျောင်းမှာ အလှူဒါနပြု ရေစက်ချ အမျှပေးဝေခဲ့ပါတယ် ၊ ခပ်ပေါ့ပေါ့ ခပ်လွယ်လွယ်နဲ့ ပဲ ဆုံးဖြတ်ချက်ချ ဘ၀ကို အရှုံးပေးလိုက်တဲ့အတွက် ကျန်ရှိနေသေးတဲ့ ဇနှီးမယား သမီးသား တွေအတွက် ဘယ်လောက်ထိ ကသိကအောက်ဖြစ် ကျန်ရစ်ခဲ့မယ်ဆိုတာ မစဉ်း စားဝံ့စရာပါ ၊ နှလုံးအိမ်ကို အကြီးအကျယ် မီးလောင်ခံရတဲ့အခါမှာ တရားမရှိ တရား မသိကြ တဲ့သူတွေအဖို့ အန္တရာယ်များလှပါတယ် ၊ မိမိတစ်ဦး အဆင်ခြင်မဲ့ ဆုံးဖြတ်ချက်မှား ပြုလုပ် သွားခြင်းကြောင့် မှီခိုသူများ ခင်မင်သူများ ဒုက္ခပွားရတာကတော့ဖြင့် အတော့်ကို မကောင်းတာပါပဲ။
ဘောဂပျက်စီး ငြိမ်းပါဥပါယာသမီး
ကုန်ရှုံးလျှင် တစ်ခေါက်ဆိုသလို ပစ္စည်းဥစ္စာဆိုတာ မသေရင် ပြန်ရှာလို့ ရနိုင်ပါသေးတယ် ၊ ပစ္စည်းဥစ္စာ ဆုံးရှုံးလို့ အပြင်းအထန် ပူပန်ပှု မရှိသင့်ပါဘူး ၊ စိတ်အေး အေးထား တဖြည်ဖြည်း ကြိုးစားပြီး ရှာလိုက်ရင် ပြန်ပြီး ရရှိနိုင်ပါတယ် ၊ လက်ရှိအလုပ် အကိုင်ပြုတ် အလုပ်လက်မဲ့ဘ၀ ရောက်ရလဲ သိပ်ပြီး မပူပန်စေချင်ပါ ၊ ရရာအလုပ် ခဏ၀င်လုပ်ပြီး မိမိနဲ့သင့်လျှောက် ကောင်းမွန်တဲ့အလုပ် အချိန်ယူ လိုက်ရှာလိုက်ရင် ရနိုင် ကောင်းပါတယ်။
ရာထူးပြုတ်တဲ့အခါမှာလဲ အကောင်းမြင်ဝါဒ ထားရှိပြီး ဘ၀ကို မျှမျှတတ အေးအေးဆေးဆေး စီမံခန့်ခွဲ ထိန်းကျောင်းပြီး ရတာ ရှိတာလေးနဲ့ နှစ်သိမ့်ကျေနပ်မှု ရှိရ ပါ့မယ် ၊ တရားသဘောအရ လောကမှာ ဘာတစ်ခုမျှ မြဲတယ် အစိုးရတယ်ရယ်လို့ မရှိနိုင်ပါ၊ အခြေအနေပေးတုံး အတတ်နိုင်ဆုံး လုံ့လစိုက်ပြီး ပစ္စည်းရှာရမယ် ၊ စိတ်တိုင်းကျ အစစ အရာရာ အဆင်ပြေနေတုံးမှာ ဘ၀မမေ့ ဘ၀င်မမြင့်ဖို့ လိုအပ်ပါတယ် ၊ အောင်မြင်မှုတွေ ရရှိ ပစ္စည်းဥစ္စာတွေ တိုးပွားလာတဲ့အခါမှာ လှူဒါန်းပေးကမ်း စွန့်ကြဲမှုကို ပြုပေးရမယ် ၊ ဒါနမှုမှ မပြုလုပ်ရင် ရရှိထားတဲ့ပစ္စည်းဥစ္စာ တာရှည်ခံဖို့ မလွယ်ပါဘူး ၊ ပစ္စည်းဥစ္စာ တိုးတက်လေ ကုသိုလ်ဆက်ပေးလေ ၊ ဘယ်တော့မှ အခြေမပျက်ပါ ၊ မကောင်းကံ အကျိုးပေးလို့ ပစ္စည်း ဥစ္စာ လျော့နည်း ဆုံးရှုံးမှုနဲ့ ကြုံတွေ့ရတဲ့အခါမှာ စိတ်ဓာတ်အကြီးအကျယ်ကျ အိပ်မရ စားမ ၀င် ပူပင်မှုသိပ်ပြီး မဖြစ်ဖို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး နည်းပေးညွှန်ပြ ဆုံးမသတိပေး တော်မူခဲ့တာကို ကျင့်သုံးလိုက်နာ နိုင်ကြမယ်ဆိုရင် စိတ်ဓာတ်အကြီးအကျယ် ထိခိုက်ဖွယ် မရှိနိုင်တော့ပါ။
တရားဘာဝနာ ပွားများအားထုတ်ကြတဲ့သူတို့အဖို့မှာ ရုပ်နာမ်ဓမ္မ သင်္ခါရတရား တွေ မမြဲကြောင်း အစိုးမရကြောင်း ကောင်းကောင်းသိထားကြတဲ့သူတွေပီပီ တကယ်လက် တွေ့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့အခါမှာ စိတ်သက်သာရာ အများကြီး ရရှိစေနိုင်ပါတယ် ၊ မမြဲတဲ့တရားမို့ အစိုးမရနိုင်တဲ့တရားမို့ ဒီလိုဒီပုံ ဒီအခြေအနေမျိုးဖြစ်ရ ရောက်ရတာပဲလို့ ဖြေသိပ်လို့ ရနိုင်ကောင်းပါတယ် ၊ ပစ္စုပ္ပန်မှာ စိတ်ခံစားမှုရှိတဲ့အတိုင်း စိတ်ပူပန်ရင် ပူပန်မှန်းသိ ရှုမှတ်လိုက်ရင် ချက်ချင်းပျောက်သွားတာကို ဥာဏ်နဲ့တွေ့မြင် နိုင်ပါတယ် ၊ စိတ်ပူပန်မှုကို ဥာဏ်က အနိုင်ရအောင် လေ့ကျင့်ပျိုးထောင် မပြတ်တမ်း ရှုမှတ်မှုပြုလုပ်ပေးခြင်းဖြင့် ပြင်းစွာပူပန်ခြင်း ဥပါယာသမီး လျော့နည်းကျဆင်း ပျောက်ကင်း ချုပ်ငြိမ်းသွားတာကို ကိုယ်တွေ့ ဖြစ်သွားမှာပါ။
ကိုယ်ကျင့်သီလပျက်စီး ဥပါယာသမီး
ငါးပါးသီလ တစ်ပါးမှမရှိ ကိုယ်ကျင့်တရား ပျက်စီးသူတို့မှာ မိမိကိုယ်ကိုလဲ မကျေနပ် ၊ သက်ဆိုင်ရာ အာဏာပိုင်တို့က မိမိကို အရေးယူ ပြစ်ဒဏ်ချမှတ်လာမှာကိုလဲ စိုးရိမ်ကြောင့်ကြ ၊ လူ့အဖွဲ့အစည်း အသိုင်းအ၀ိုင်းထဲမှာလဲ မျက်နှာ မပြရဲကြ ၊ အပူလုံးတွေ တကြွကြွ တရွရွနဲ့မို့ သေရကောင်း မလားလို့တောင် တွေးမိကောင်းတွေးမိမှာပါပဲ။
သီလပျက်စီး ဥပါယာသမီးငြိမ်း
ပျက်အစဉ် ပြင်ခဏဆိုသလို ပြုလုပ်နေကျ ဒုစရိုက်အလုပ်မျိုးကို ရပ်ဆိုင်း ၊ ဘ၀သစ် အတွေးသစ် ကောင်းကျင့်တွေကိုသာ ပြုလုပ်သွားတော့မယ်ဆိုရင် ဘုရားရှင်ကြိုက် နှစ်သက်တဲ့ အလုပ်ပါပေပဲ ၊ အတိတ်က အမှားတွေကို သင်္ခဏ်းစာယူ သူတော်ကောင်း စိတ်မွေး တောင်းပန်သင့်သူကို တောင်းပန်မှုပြု ၊ နောက်ထပ်မပြုဘဲနေမယ်ဆိုရင် ကိုယ့်ကိုယ် ကို လေးစားဂုဏ်ယူ ခွင့်လွှတ်နိုင်သည့်အလျှောက် နှလုံးသားကို အကြီးအကျယ် မီးလောင်ခံရ ခြင်းမှ ကင်းလွတ်သွားနိုင်တော့မှာပါပဲ၊
ကိုယ်ကျင့်သီလ ပျက်စီးခြင်းဟာ ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးရတာထက် ပိုပြီးဆိုးဝါးလှပါတယ် ၊ ပစ္စည်းဥစ္စာ ဆုံးရှုံးရုံနဲ့တော့ နှလုံးမီးလောင်ခံရရုံပဲ ရှိမှာပေါ့ ၊ ဒါပေမယ့် လို့ ကိုယ်ကျင့်သီလ ပျက်စီးသွားပြီဆိုမှဖြင့် ငရဲမီးအလောင်ခံရတဲ့အထိ အပြစ်ကြီးလေး လှပါတယ်၊ သီလရှိခြင်းရဲ့အကျိုး ပျက်စီးခြင်းရဲ့အပြစ်ကို ဝေဘန်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို ကြည်ညိုနိုင်အောင် ကိုယ်ကျင့်သီလ ခိုင်မြဲဖြူစင်သူတစ်ယောက် ဖြစ်ပါစေ…..လို့ပဲ တိုက်တွန်းလိုက်ပါရတယ်။
အယူမှောက်မှားပျက်စီး ဥပါယာသမီး
အများအတွေးအခေါ်နဲ့ဆန့်ကျင် အမှန်တရား ဓမ္မတရားကို သွေဖီ နောင်ဘ၀ဆို တာ မရှိ ၊ ကံအကျိုးပေးဆိုတာ မရှိ ၊ မိဘဂုဏ်ကျေးဇူးဆိုတာ မရှိစသဖြင့် မရှိဝါဒကို လက်ခံ ယုံကြည်ထားပြီး ထင်ရာစိုင်း မိုက်ရိုင်းခဲ့တဲ့ပုဂ္ဂိုလ်မှာ အချိန်တန်လို့ တစ်နေ့တစ်ချိန်မှာ ကံကောင်းချင်တော့ မှားမှန်းသိ နောင်တတရား ရရှိလို့လာပြန်တယ် ၊ မိမိရဲ့အတိတ်က မိုက်မဲချက် အယူအဆမှားယွင်းချက်ကြောင့် ပြုလုပ် ပြောဆိုခဲ့တာကို ပြန်ပြောင်းသတိရတိုင်း နှလုံးသား ပူလောင် လူတောင်းမဖြစ်ချင်တော့တဲ့အထိ ခံစားမိမှာ သေချာပါတယ် ၊ ဒါဟာ အယူမှောက်မှားမှုမှ ဖြစ်ပေါ်လာရတဲ့ နှလုံးသား ပြင်းစွာပူလောင် ဥပါယာသမီးဒဏ် ခံနေရခြင်းပဲ ဖြစ်ပါတော့တယ်။
မှားသောအယူအဆမှ ဥပါယာသမီးငြိမ်း
အတွေးအခေါ် အယူအဆ ကမောက်ကမ မှားယွင်းလှတဲ့အတွက် မကောင်းမှုပေါင်းစုံ ပြုလုပ် အများတကာတွေကို ဒုက္ခအကြီးအကျယ်ပေး ပြည်သူတွေအော့နှလုံးနာအောင် ပြုလုပ်ခဲ့မိတာကို ပြန်ပြောင်းသတိရ သံဝေဂယူသင့်ပါတယ် ၊ လောကမှာ လူရယ်လို့ ဖြစ်လာ ရတဲ့အခါမှာ မိမိအယူအဆမှားမှုကြောင့် အများတကာတွေ ဒုက္ခမရောက်စေသင့်ပါ ၊ ရခဲလှတဲ့ လူ့ဘ၀ကို ရရှိလာပြီးတဲ့နောက်မှာ တန်ဘိုးရှိတဲ့ဘ၀ဖြစ်အောင် လုပ်ဆောင်ကြရမယ် ၊ အကြောင်းအကျိုး ဆက်သွယ်မှု သဘာဝကို ဘယ်သူမှ လွန်ဆန်လို့ မရနိုင်တာ အမှန်ပါ ၊ မနေ့ရှိလို့ ဒီကနေ့ရှိလာတာ-ဒီကနေ့ပြီးရင် မနက်ဖြန်လာအုံးမှာ ၊ ဘ၀ဆိုတာ နာရီလက်တံလို့ အတိတ် ပစ္စုပ္ပန် အနာဂတ် လည်ပတ်လို့မဆုံး ဓာတ်ခဲမကုန်မချင်း ရပ်တယ်ရယ်လို့မရှိပါ ၊ လူ့ဘ၀မှာ ပစ္စုပ္ပန်လဲကောင်း နောင်အနာဂတ်လဲ ကောင်းအောင် အယူအဆကောင်း ရှိဖို့လိုပါတယ် ၊ အယူအဆကောင်းတော့ စိတ်ကောင်းရှိလာမယ် ၊ စိတ်ကောင်းရှိတော့ အများ အကျိုးသယ်ပိုး ရွက်ဆောင်နိုင်မယ် ၊ ဒါမှပဲ လူဖြစ်ကျိုးနပ် ၊ လူ့တာဝန်ကျေပွန်ပါတော့မယ် ၊ ကောင်းမှန်မြင့်မြတ်တဲ့ အယူအဆ အတွေးအခေါ်ရှိလာခဲ့သော် ကိုယ်ချင်းစာတရား မေတ္တာ တရား သစ္စာတရား ရှိရုံတင်မက ပြုလုပ်သမျှ ပြောဆိုသမျှတွေဟာလဲ နောင်လာနောက်သား တွေအတွက် အသိဥာဏ်အမွေ စံပြ သင်္ခဏ်းစာအမွေတွေ ပေးအပ်ရာလဲ ရောက်ပါတယ် ၊ အမြင်မှန် ရရှိလာပြီဆိုမှဖြင့် အတိတ်က မှားခဲ့တာကို ပြည်လည်ချေဆပ်သောအနေအားဖြင့် အများ အကျိုး အမျိုးဘာသာ သာသနာအကျိုးအတွက် ၃-၄ထပ်ကွင်း အတိုးချပြီး ပြုလုပ်သွား ပေးခြင်းဖြင့် အတိတ်က မှားခဲ့လို့ နောင်တတဖန် ပူပန်မှု အကြီးအကျယ်ဖြစ်ရခြင်းကနေ လုံးဝ ကင်းစင်သွားနိုင်ပါတယ် ၊ ဒီလောက်တင်မက ၀ိပဿနာတရား ဘာဝနာကိုပါ ပွားများ အား ထုတ်လိုက်မယ်ဆိုလို့ရှိရင် ရုပ်နာမ်တရားကသာ အမှန်ရှိနေတာပါကလားလို့လဲ သိရမယ် ၊ အစစ အရာရာမှာ အကြောင်းရှိလို့သာ အကျိုးက ထင်ရတာ ၊ အရင်တုံးက ထင်ထားတာနဲ့ တခြားစီပါလားဆိုတာ ကိုယ်တွေ့ဖြစ်သွားပါလိမ့်မယ် ၊ ဖြစ်ပေါ်လာသမျှ အမြဲမတည် ရုပ်ချည်း ချုပ်ပျောက်သွားတာဖြစ်လို့ မနှစ်သက်နိုင်စရာတွေပါပဲလို့ သိလာနိုင် ပါတယ် ၊ အကြောင်းရှိလို့ အကျိုးပေါ် ၊ ပေါ်ပြီးတခါ ချုပ်ပျောက်သွားပြန်ပါတယ် ၊ မဖြစ်အောင် မပျောက်အောင် လုပ်နိုင် စွမ်းမရှိ အစိုးမရတဲ့တရားတွေပါကလားလို့ သိရမယ် ၊ ဒီလိုနဲ့ပဲ ဆက်လက်ပြီး ရှုမှတ်ပွားများ အားထုတ်သွားမယ်ဆိုရင် ပစ္စုပ္ပန်မှာ ပေါ်လာတဲ့အာရုံအပေါ် စိတ်ကရောက်ရောက်ပြီးနေမှာပဲ၊ အတိတ်က အရိပ်တွေဆီ စိတ်မရောက်တော့လို့ အယူမှားခဲ့မှုနဲ့ ပတ်သက်ပြီး စိတ်ရဲ့ပြင်းစွာ ပူပန်ခြင်း ဥပါယာသမီး ငြိမ်းပြီးတော့ နေမှာပဲ ၊ ကောင်းတဲ့အမြင် ကောင်းတဲ့အသိတွေ တိုးတက်ရင့်သန်လာပြီး ဥပါယာသမီးရော အပါယ်ငရဲမီးပါ ငြိမ်းနိုင်တော့မှာ ဖြစ်ပါတယ်။
မီး၁၁-ပါးတို့ရဲ့အကြောင်းရင်းမှန်နဲ့ ငြိမ်းသတ်ရန်
မီး၁၁-ပါးကို လောကလူသားတွေ ပြေးမလွတ်နိုင်ပါ ၊ ဆိုခဲ့ပြီး တစ်ဆယ့်တစ်သီးသော မီးတို့ လောင်ကျွမ်းနေပုံနဲ့ ငြိမ်းသတ်ပုံအကြောင်း တစ်စေ့တစ်စောင်း တင်ပြဆွေးနွေးလို့ ပြီးသွားပါပြီ ၊ ဇာတိမီး ဇရာမီး မရဏမီး ဒီသုံးမီးကို ဒီဘ၀မှာ ဘယ်လိုမှ ငြိမ်းသတ်လို့ မရနိုင်တဲ့မီးတွေပါ ၊ လောဘမီး ဒေါသမီး မောဟမီးတွေ မဖြစ်ပေါ်လာရလေအောင် ဘာဝနာတရား ပွားများရှုမှတ်ခြင်းဖြင့် ငြိမ်းသတ်နိုင်ပါတယ် ၊ ကျန်တဲ့ သောကမီး ပရိဒေ၀မီး ဒုက္ခမီး ဒေါမနဿမီးနဲ့ ဥပါယာသမီးတွေဆိုတာ မိခင်လောဘမီး ဒေါသမီး မောဟမီး ကနေတစ်ဆင့် ပေါက်ဖွားဖြစ်ပေါ်လောင်ကျွမ်းလာတဲ့ နောက်ဆက်တွဲ အဆွယ်အပွား မီးတွေ ပါပဲ ၊ ဒါကြောင့်မို့လို့ မူလဘူတ အကြောင်းရင်း သူတို့ရဲ့မိခင်ဖခင်သဖွယ်ဖြစ်ကြတဲ့ လောဘမီး ဒေါသမီး မောဟမီးတွေကို ပယ်သတ်ချုပ်ငြိမ်းစေဖို့ လိုရင်းပဓာန ဖြစ်ပါပေတော့တယ်။
ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်တွေကို လေ့လာကြည့်ရင် ဒုက္ခသစ္စာ မီးမဟာတွေကို လွန်မြောက်ကင်းပ ချမ်းသာရအောင် ညွန်ပြဟောကြားတော်မူတာကို တွေ့နိုင်ပါတယ် ၊ ဒါနတရားပြုလုပ်ကြတဲ့ သူတွေမှာ ကိုယ်တွင်းလောဘ မစ္ဆရိယ ၀န်တိုမှုကို လျော့နည်းအောင် ပြုလုပ်ခြင်းဖြင့် ကောင်းတဲ့ဘ၀အဆင့်အတန်း အခြေအနေမှာ ရောက်ရှိရပြီး အဲဒီကနေ တစ်ဆင့် ကုသိုလ်ပါရမီတွေ လွတ်လွတ်လပ်လပ် ချမ်းချမ်းသာသာ ပြုလုပ်နိုင်ကြပြီးတော့ နောက်ဆုံးမှာ ဇာတိ ဇရာ မရဏ အစရှိတဲ့ မီးတစ်ဆယ့်တစ်တန် ငြိမ်းရာမှန်တဲ့ နိဗ္ဗာန်ချမ်း သာအထိ ရရှိခံစားသွားနိုင်ကြမှာ အမှန်ပါ။
ကိုယ်ကျင့်သီလ ပြည့်စုံရဖို့ ကိုယ်ချင်းစာတရားထား မေတ္တာရှေ့သွား ပြုပြီး စောင့်စည်းကြရပါတယ် ၊ ဒေါသဆိုတဲ့တရားကို လျော့ပါးကျဆင်းအောင်ပြုလုပ် ကိုယ်ကျင့်တရားနဲ့ ပြည့်စုံကြတဲ့ သူတွေမှာ ခုဘ၀ရော နောင်ဘ၀မှာပါ ကောင်းတဲ့ ပတ်ဝန်း ကျင် ဘုံဘ၀မှာ ပြည့်စုံကုံလုံမှုရှိ ကျန်းမာသက်ရှည်ပြီး ပြင်သင့်ပြုထိုက်တဲ့ ပါရမီကုသိုလ် များထိုထိုကို တစ်ဆင့်ထက်တစ်ဆင့် ရင့်သထက်ရင့်အောင် ပြုလုပ်ကျင့် ဆောင်နိုင်မှာဖြစ်လို့ မီးစာသိမ်းပြီး ဒုက္ခတွေအကုန်လုံး ချုပ်ငြိမ်း ဇာတ်သိမ်း အေးချမ်းရာအမှန် မြတ်နိဗ္ဗာန်အထိ ရောက်ရှိသွားနိုင်ကြောင်းပါ။
သမထ , ၀ိပဿနာတရား ပွားများအားထုတ်ကြတဲ့ ပါရမီရှင်အပေါင်း သူတော်ကောင်းတို့မှာ လောဘ ဒေါသ မောဟလို့ဆိုတဲ့ ကိလေသာ မီးမဟာကို တဖြည်းဖြည်း နဲ့ ခေါင်းပါးလျော့နည်း တဒင်္ဂတခဏ ကင်းပချုပ်ငြိမ်းရာကနေပြီး အချိန်အတော်ကြာကြာငြိမ်း အဲဒီကနေတစ်ဆင့် အမြစ်ပြတ်ချုပ်ငြိမ်းသွားစေနိုင်တဲ့ အခြေအနေ အခွင့်အလမ်းအထိ ရှိပြီးနေ ပါတော့တယ် ၊ ဒါကြောင့်မို့လို့ ဒုက္ခမီးတွေအကြောင်း ကောင်းကောင်းသိရပြီးတဲ့အခါ ဒီဆယ့်တစ်သီးသော မီးမဟာ ဒုက္ခကမ္ဘာကြီးကို အမြစ်ပြတ်ချုပ်ငြိမ်းစေပြီး သန္တိသုခလို့ဆိုတဲ့ နိဗ္ဗာနဓာတ် ချမ်းသာမြတ်ကို ရရှိခံစားကြရလေအောင် ဘုရားရှင်ကိုယ်တော်မြတ်ကြီး နည်းပေးညွှန်ပြဆုံးမထားတဲ့အတိုင်း တတ်အားသမျှ ဒါနတရား မြတ်မင်္ဂလာကို နေ့စဉ်နဲ့ အမျှပြု ၊ ကိုယ်ကျင့်သီလ မြတ်ဓမ္မကို အမြဲနိစ္စ ထာဝရစောင့်ထိန်း ၊ သမထ ၀ိပဿနာ ဘာဝနာတရားကို အရေးကြီးဆုံးအလုပ်မှတ် မရပ်မနား ကြိုးစားအားထုတ်နိုင်ကြပါစေ ၊ ပြုလုပ်အားထုတ်နိုင်ကြတဲ့အတိုင်း မီးတစ်ဆယ့်တစ်တန်း ငြိမ်းအေးရာမှန် မြတ်နိဗ္ဗာန်ကို မဂ်ဥာဏ် ဖိုလ်ဥာဏ် ဖြင့် မျက်မှောက်ပြုနိုင်ကြပါစေသောဝ်...........။
မေတ္တာဖြင့်
ဦးဇေယျ
အန န္တဂိုဏ်းဝင် ကျေးဇူးရှင်အပေါင်းကို ဓမ္မစာစောင်ဖြင့် ပူဇော်ပါ၏ ၊
ဓမ္မစာစောင်ကို စိတ်ဝင်တစား အားပေး ဖတ်ရှုကြသူများကိုလည်း ကျေးဇူးတင်ပါ၏ ၊ ပြုသမျှကုသိုလ် များထိုထိုကို သဗ္ဗေသတ္တာ များဝေနေယျအား အမျှပေးဝေပါ၏ ၊ တစ်ဦးတစ်ယောက်မျှမကျန် ဝေဘန် ရရှိခံစားနိုင်ကြပါစေ ၊ ဒုက္ခမီးဟုန် အကုန်လုံး ချုပ်ဆုံး ငြိမ်းသတ်နိုင်ရပါလို၏........။

Credit to 

 (တအာင်း-အမေရိကန်ဆရာတော်ဦးဇေယျသုတ ဓမ္မာစရိယ၊ B.A India ၊ M.A Srilanka ၊ A.G.S USA)


 
ဂျွန်လ ၄-ရက် ၊ ၂၀၁၄။
၁၃၇၆-ခု၊ နယုန်လဆန်း (၇)ရက်၊ ဗုဒ္ဓဟူးနေ့။

မီး(၁၁)ပါး ၁၀၊ဒေါမနဿမီး


ဒေါမနဿမီးလျှံ ရုပ်ဟဒယံမှာ

ကိုယ်ဒုက္ခမီးအကြောင်းနဲ့ ငြိမ်းသတ်နည်း နိသျည်းကိုပါ တင်ပြဆွေးနွေးလို့ ပြီးသွားပါ ပြီ ၊ အခု ဆက်လက်ပြီးတော့ နှလုံးမသာယာမှု ဒေါမနဿမီးအကြောင်း တင်ပြပါရစေ ၊ ဒေါမနဿ ဆိုတာ စိတ်နှလုံးနဲ့ပတ်သက်တဲ့ ခံစားမှု ဒုက္ခဝေဒနာပါပဲ ၊
စိတ်ဒုက္ခခံစားကြရတဲ့သူတွေမှာ ဘယ်လိုများ ညည်းညူတတ်ကြသလဲဆိုတော့ ၊ သူတို့ကို ကြည့်ရ မြင်ရတာ စိတ်မချမ်းသာလိုက်တာ ၊ သားသမီးတွေအတွက် ၊ အိမ်ထောင် ရေးအတွက် ၊ စီးပွားရေးအတွက် ၊ အလုပ်အကိုင်အတွက် ၊ ဆွေမျိုးအတွက်စသဖြင့် စိတ်မချမ်း မသာ ဖြစ်လိုက်ရ ခံစားလိုက်ရတယ်ဆိုတာတွေဟာ ဒီဒေါမနဿမီး လောင်နေခြင်း ကို ဆိုလိုပါတယ် ၊ ဒီမီးက နှလုံးထဲမှာ တမြေ့မြေ့နဲ့ လောင်ကျွမ်းနေတာဖြစ်လို့ အပြင်က လူတွေ မသိ မမြင်နိုင်တဲ့မီးပါပဲ ၊ အိပ်ပျော်နေတဲ့အချိန်ကလွဲလို့ အချိန်မရွေး ရိယာ ပုထ်မရွေး နေရာမရွေး အမြဲမပြတ် ဒလစပ် လောင်မြိုက်ပြီး နေတတ်ပါတယ် ၊ ခန္ဓာကိုယ်ရဲ့ အလယ်ဗဟိုရ် နှလုံးသားမှာ လောင်ကျွမ်းနေတဲ့မီးမို့ ကြောက်စရာ အင်မတန် ကောင်း လှပါတယ် ၊ အဲဒီမီး အလောင်ခံရတဲ့ ပုဂ္ဂိုလ်များမှာ မကြာခင်မှာပဲ ရုပ်ရည်ရူပကာယတွေ ပိန်ချုံးပြီး လူလုံးမလှ အရွယ်တွေကျ အိုရုပ်ပေါက်သွားက များပါတယ်။
 
နှလုံးမသာယာ မီးမဟာကြီး ငြိမ်းသတ်နည်း

နှလုံးမီးလောင်ပုံကို ပြောပြပြီးတဲ့နောက် မီးငြိမ်းသတ်နည်း နိသျည်းကို ဆက်ပြီးတင်ပြလိုပါတယ် ၊ နှလုံးမသာယာ ခံစားနေရခြင်းဟာ နှလုံးသွင်းမှု မမှန် ရှုမှတ်မှု ဘာဝနာဥာဏ် မရှိလို့ပဲ ဖြစ်ပါတယ် ၊ ပြင်ပဗဟိဒ္ဓရုပ်ဝတ္ထုနဲ့ လူပုဂ္ဂိုလ်တွေဟာ တပါးသော ပုဂ္ဂိုလ်တွေရဲ့ ပြင်ပဗဟိဒ္ဓ ခန္ဓာကိုယ်ကိုသာလျှင် နာကျင်အောင် ပြုနိုင်စွမ်း ရှိတာပါ ၊ နှလုံးသားထိ နာကျင်အောင် မလုပ်နိုင်ပါဘူး ၊ နှလုံးနာကျင် ခံစားရခြင်းဟာ ကာယကံ ရှင်ရဲ့နှလုံးသွင်း မမှန်ချက်ကြောင့် နှလုံးနာရတာပါ ၊ ဒါ့ကြောင့်မို့လို့ ခန္ဓာကိုယ် အရိုက်ခံထိတဲ့ အနာဂါမ် ရဟန္တာတွေမှာ ကိုယ်ကသာ နာချင်နာမယ် နှလုံးမသာမယာ နှလုံးနာကျင်ခြင်း ဆိုတာ လုံးဝမရှိတော့ပါ ၊ သာမာန်ပုဂ္ဂိုလ်တွေအနေနဲ့ကလဲ မကောင်းတာတွေကို မြင်ရ ကြားရ တဲ့အခါမှာ နှလုံးမသာမယာ မဖြစ်ဖို့ နှလုံးသားမီး မလောင်စေဖို့ နှလုံးသွင်းမှန်ကန်မှုရှိခြင်း ဘာဝနာတရား ရှုမှတ်မှုရှိခြင်းဖြင့် ကာကွယ်မှု ပြုပေးရမယ် ၊ မိမိတို့အနေနဲ့ ကာကွယ်မှုမပေး ငြိမ်းသတ်ဆေး ဘာဝနာရှုမှတ်မှုမှ မရှိခဲ့ရင်တော့ နှလုံးမသာယာမှုကြီး ဒေါမနဿမီးက လောင်တော့မှာပဲ။
ခဏတာမျှ မြင်ရကြားရတဲ့ အာရုံအပေါ် အခြေခံပြီး မိမိရဲ့နှလုံးသားကို မီးအလောင် ခံခြင်းဟာ အင်မတန်မှ နစ်နာလှပါတယ် ၊ ဒီလိုသာ မိမိမကြိုက်မနှစ်သက်တဲ့ အမြင် အကြား အာရုံတွေကို မြင်ရ ကြားရတိုင်း နှလုံးသားကို မီးအလောင်ခံနေရမယ်ဆိုရင်တော့ လူဖြစ်လဲ ရှုံး သာသနာတော်နဲ့ ကြုံတွေ့ရလဲ အမြတ်မထွက် သက်သက်အရှုံးကြီး ရှုံးရပါတော့မယ် ၊ မိမိကိုယ်ကိုလဲ မသနားရာရောက် ဘုရားစကားတော်ကိုလဲ သပိတ်မှောက် နောက်လိုက် တပည့်ကောင်း တစ်ယောက် မဖြစ်နိုင်တော့ပါဘူး။
နှလုံးသွေးပူလောင် ညီးညီးပြောင်ပြောင် မီးလောင်ခံရတဲ့ သူမှာ မိမိရဲ့ဘေးမှာ မီးငြိမ်းသတ်ဆေး ရှိနေပါလျက်နဲ့ အခွင့်အရေးရယူ မီးငြိမ်းမှုမပြုဘဲ ညည်းရုံသာ ညည်းညူနေကြမယ်ဆိုရင် မသိတတ်ရာအလွန်ကျ ဗုဒ္ဓရဲ့တပည့်သားကောင်းတစ်ယောက် မဟုတ်တော့ပေဘူးလို့သာ မှတ်လိုက်ပါတော့ ၊ မကောင်းတဲ့ အမြင် အကြား , ကောင်းတဲ့ အမြင် အကြား ဘာကိုပဲ မြင်ရမြင်ရ, ကြားရကြားရ မြင်ရုံမျှ ကြားရုံမျှမှာထားပြီး ပုဂ္ဂိုလ် သတ္တ၀ါ မိန်းမ ယောက်ျား ချောမချော လှမလှ ကောင်းမကောင်းအဆင့်အထိ ဆင်ခြင်ကြည့် မနေသင့်ပါ ၊ မြင်ပြီး ကြားပြီးတဲ့နောက်မှာ မြင်ရတဲ့ ကြားရတဲ့အာရုံတွေလဲ ကုန်ဆုံးချုပ်ပျောက် မျက်စိကွယ်ရာ နားကွယ်ရာမှာ ရောက်ရှိသွားကြပါပြီ ၊ မြင်တဲ့စိတ် ကြားတဲ့စိတ်တွေလဲ အလျင်အမြန်ကြီး လျှပ်ပြက်သလို ဖြစ်ချုပ်သွားကြလေကုန်ပြီ ၊ ပစ္စုပ္ပန်တည့်တည့်မှာ စိတ်ကိုမထားဘဲ အတိတ်ကို ပြန်ပြီး နှလုံးသွင်းဆင်ခြင် ရှိနေခြင်းကြောင့် နှလုံးမသာယာ ဒေါမနဿမီး အားကြီးလောင်ကျွမ်းနေရခြင်းပါ၊

အိပ်ပျော်ချိန်နဲ့ ဘာဝနာတရား ပွားများအားထုတ်ချိန်တို့ကလွဲလို့ မျက်စိနဲ့ နားကို အမြဲတမ်း ဖွင့်ကြည့် နားစွင့်နေရခြင်းဟာ လူ့သဘာဝပါ ၊ နေ့စဉ်နဲ့အမျှဆိုသလို အကောင်း အဆိုး အမြင်အကြားတွေနဲ့ မြင်တွေ့ ကြားရနေမှာပဲ ၊ ကောင်းဆိုးနှစ်တန် မြင်ရ ကြားရတာ မှန်သမျှ ကိလေသာမီးစာတွေ မဖြစ်စေဘဲ သံဝေဂဥာဏ် ၀ိပဿနာဥာဏ်ရဲ့ အာရုံအဖြစ် မဂ်ဥာဏ်ထိရောက်အောင် အသုံးချ ဆင်ခြင်သုံးသပ် ရှုမှတ်နိုင်ကြပါစေ ၊ ရှုမှတ်လိုက်ပါ တော့လို့ တိုက်တွန်းလိုက်ပါရစေ....။

လူ့ဘ၀ဆိုတာ မိုးကျရွှေကိုယ် မဟုတ်ကြပါ ၊ မိသားစု အပေါင်းအသင်း အဖွဲ့အစည်းနဲ့ နေကြရပါတယ် ၊ မိဘဆွေမျိုး ညီကိုမောင်နှမတွေ ရှိကြတာချည်းပဲ ၊ စားဝတ်နေရေးအတွက် အလုပ်အကိုင်ရှိရ စီးပွားဥစ္စာ ရှာကြရပါတယ် ၊ လူရဲ့ခန္ဓာကိုယ်မှာ ဓာတ်ကြီးလေးပါး ဖောက်ပြန်လာတဲ့အခါ ရောဂါဝေဒနာတွေလဲ ရရှိလာကြပါတယ်။

လောကသဘာဝအရ ခိုင်တာမြဲတာရယ်လို့ ဘာတစ်ခုမှ မရှိပါဘူး ၊ သက်ရှိလဲ သက်ရှိအလျှောက် သက်မဲ့လဲ သက်မဲ့အလျှောက် အချိန်တန်တော့လဲ ပျက်စီးယိုယွင်း အိုမင်း ချုပ်ပျောက်ကြရတာချည်းပဲ ၊ မပျက်စီးအောင် အမိန့်ပေးလို့ မရနိုင်တဲ့ အနတ္တတရားတွေပဲ မဟုတ်ပါလား ၊ ဒါ့ကြောင့် အချိန်တန်လို့ မိသားစု ဆွေမျိုးထဲက တစ်ယောက်ယောက် သေပျောက်ပျက်စီးရတာ ဓမ္မတာပါပဲလေ ၊ မိမိတို့လဲ ဒီလမ်းဒီစခန်းအတိုင်း နောက်က လိုက်ရ ပေဦးမယ် ၊ တရားသဘောအတိုင်း ဖြစ်ပျက်နေတာကို သံဝေဂယူ ဥာဏ်ကူလိုက်ရင် နှလုံးမီး ပူလောင် ခံစားရခြင်းမှ သက်သာခွင့်ရနိုင်ပါတယ် ၊ သတိပဋ္ဌာန်တရားနဲ့အညီ ပွားများ အားထုတ်လို့ နှလုံးသားမှာ ဓမ္မဥာဏ်ကြာပွင့် ကိန်းဝပ်သွားပြီဆိုမှဖြင့် ကိုယ်ဆင်းရဲမှုရော စိတ်ဆင်းရဲမှုပါ ကင်းပျောက်ချုပ်ငြိမ်းနိုင်ကြောင်းပါဗျာ။

စီးပွားဥစ္စာအလုပ်အကိုင်ရာထူးဌာနန္တရတွေတည်မြဲခြင်းမရှိလက်လွှတ်ဆုံးရှုံးရတဲ့အခါမှာလဲ လောကဓမ္မတာတစ်ခုအနေနဲ့ ဖြေသိမ့် ကျေနပ်ကြရမှာပဲ ၊ ဘ၀ဆိုတာ အနိမ့်အမြင့် အတက်အကျ ရှိစမြဲပါ ၊ မိမိတို့ရဲ့ ကံ ဥာဏ် ၀ီရိယအပေါ်မှာ မှီတည်ပြီးတော့ ဖြစ်ပျက်နေရပါတယ် ၊ အသိဥာဏ်တစ်ချက် လွဲလိုက်တာနဲ့ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်လာရသလို လုံးလ၀ီရိယမဖက် ပေါ့ဆမှုရှိတဲ့အတွက်ကြောင့် နစ်နာဆုံးရှုံးရတာလဲ တပုံကြီးပဲ။
ပညာဥာဏ်အဆင်ခြင်နဲ့ လုံ့လ၀ီရိယအပြည့် ရှိပင်ရှိငြားသော်လဲ အတိတ်ကံ မကောင်းခဲ့မှုကြောင့် မမျှော်လင့်ဘဲ စီးပွားရေး ချွတ်ခြုံကျ ၊ အလုပ်အကိုင် ရာထူးဌာနန္တရတွေ ပြုတ်လို့ နေရတဲ့အခါလဲ ရှိတတ်ပါသေးတယ် ၊ ဒါတွေကလဲ ယာယီခဏတာပါ ၊ တစ်သက်လုံး ဒီလိုချည်း ဖြစ်မနေပေဘူး ၊ ကောင်းတဲ့ကံတွေကို ကြိုးစားပြု အဖက်ဖက်က ဆင်ခြင်စဉ်းစား ဥာဏ်အသစ်တွေထုတ် ၊ တတ်အားသမျှ လုံ့လဥဿာဟထုတ် ပြန်ပြီးကြိုးစားလိုက်ရင် လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ စီးပွားရေးတွေ ပြန်လည်ပြီး ဦးမော့လာနိုင်ပါတယ် ၊ အရင်က ထက်လဲ စီးပွားတိုးတက်ဖြစ်ထွန်းနိုင်ခွင့် ရှိပါတယ်၊ သင့်လျှော်ကောင်းမွန်းတဲ့အလုပ်အကိုင် ရာထူးဌာနန္တရတွေကိုလဲ ပြန်လည်ရရှိနိုင်ပါတယ် ၊ လူသာ အဓိကပါ ၊ ကံ . ဥာဏ် . ၀ီရိယ
သုံးဝနဲ့ ပြစုံအောင်သာ ကြိုးစားလိုက်ပါတော့ ၊ နှလုံးပူဆွေး ဒေါမနဿမီးဘေးကနေ အမြန်ထွက်ခဲ့စမ်းပါလော့ ၊ ဘုရားပေးတဲ့နည်းအတိုင်း ယုံယုံကြည်ကြည် လိုက်နာ ပြုလုပ်ခြင်း ဖြင့် ကိုယ်တွေ့အကျိုးတရားရရှိ တွေ့မြင် ဘုရားသခင်ကို ကျေးဇူးတင်မဆုံးဖြစ်မှာ သေချာပါ တယ်။
ခန္ဓာကိုယ်ရရှိလာလို့ကတော့ ရောဂါဝေဒနာဆိုတာ ခန္ဓာကိုယ်ရဲ့ အမွှာပူးပဲ ၊ ပူလိုက်အေးလိုက် ၊ ဆာလောင်မွတ်သိပ် ခြင်းဖြစ်လိုက် ၊ ကျင့်ကြီးကျင့်ငယ် စွန့်ရနဲ့ ဒီရောဂါ ဝေဒနာတွေက မွေးလာကတည်းက သေတဲ့အထိ ကပ်ပြီးနှိပ်စက်မြဲ နှိပ်စက်နေပေမှာပဲ ၊ အသက်ရလာတာနဲ့အမျှ ဓာတ်လေးဝ ကမောက်ကမဖြစ်လို့ ရောဂါဝေဒနာဆိုးတွေ ၀င်ရောက်ပြီး နှိပ်စက်တတ်တာလဲ ဓမ္မတာတစ်ခုလို ဖြစ်နေပါတယ် ၊ ခန္ဓာရှိလို့ နာရတာပဲ ၊ နောက်ထပ်ခန္ဓာမရအောင် ပြုလုပ်အားထုတ်သွားဖို့သာ ရှိပါတော့တယ် ၊ နှလုံးသားကို မီး လောင်ခံ နှလုံးမသာမယာ အိပ်မပျော် စားမ၀င်ရှိနေခြင်းဖြင့် ဘာမှအကျိုးမရသလို အသက် တိုဖို့သာ ရှိပါပေတော့တယ် ၊ ဒါကြောင့်မို့လို့ နှလုံးမသာမယာ စိတ်ဆင်းရဲမှု ခံစားရရင် ‘‘စိတ် ဆင်းရဲတယ်’’လို့ ရှုမှတ်ပေးပါ ၊ သတိပညာနဲ့ ရှုမှတ်သိမြင်ပေးတဲ့အတိုင်း ဒေါမနဿဝေဒနာ မီးဟာ ချက်ချင်းပဲ ငြိမ်းသွားပါလိမ့်မယ် ၊ စိတ်ဆိုတာဟာ တစ်ကြိမ်တစ်ကြိမ်မှာ နှစ်စိတ် ပြိုင်တူ မဖြစ်ကောင်းပါဘူး ၊ စိတ်ဆင်းရဲမှု ဖြစ်နေတဲ့အချိန်မှာ သတိ ပညာဦးစီးတဲ့ ကုသိုလ် စိတ်ဆိုတာ မဖြစ်နိုင်ပါ ၊ ဘာဝနာကုသိုလ်စိတ် ဖြစ်လိုက်တဲ့အခါမှာ စိတ်ဆင်းရဲမှုဆိုတဲ့ အကုသိုလ်စိတ် ဖြစ်ခွင့်မရှိနိုင်တော့ပါ ၊ ရှုမှတ် ပွားများမှု ဘာဝနာ ကုသိုလ်စိတ်ဖြစ်နေသမျှ ဒေါမနဿမီး ငြိမ်းမြဲငြိမ်းနေမှာပဲ။
ရှုမှတ်မှု ဘာဝနာတရားမှ မရှိခဲ့ရင် ဒီဒေါမနဿမီးလျှံဟာ မီးကုန်ယမ်းကုန် စိတ်တိုင်းကျ လောင်ကျွမ်းပြီး နေပေတော့မယ် ၊ တန်ဘိုးရှိတဲ့လူ့ဘ၀ အချိန်ရဲ့တန်ဘိုးကို စိတ်ဆင်းရဲမှုဖြင့် အလဟဿ မဖြုန်းပစ်သင့်တာ အမှန်ပါ ၊ ဒေါမနဿမီးကို အရှုံးမပေး သတိပဋ္ဌာန်ဆေးနဲ့ပဲ ငြိမ်းသတ်ပစ်လိုက်ပါတော့လို့ ထပ်မံပြီး တိုက်တွန်းလိုက်ပါရစေ...။

Credit to 

 (တအာင်း-အမေရိကန်ဆရာတော်ဦးဇေယျသုတ ဓမ္မာစရိယ၊ B.A India ၊ M.A Srilanka ၊ A.G.S USA)

မီး(၁၁)ပါး ၉၊ဒုက္ခမီး


                                                                      ခန္ဓာကိုယ်ကြီး ဒုက္ခမီး

ငိုကြွေးရခြင်းလို့ဆိုတဲ့ ပရိဒေ၀မီးအကြောင်းနဲ့ အငိုတိတ်နည်း နိသျည်းကို တင်ပြပြီးတဲ့နောက်မှာ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဒုက္ခမီးလောင်ပုံကို ဆက်ကြရအောင်၊ လူတွေမှာ အမိဝမ်းက မွေးဖွားရတဲ့ အချိန်မှာ ခန္ဓာကိုယ် နာကျင်မှုကို အစဦးဆုံး ခံစားကြရပြီ ၊ အပြင်ဖက်ကိုလဲ ထွက်လာကရော နူးညံ့လှတဲ့ ခလေးခန္ဓာကိုယ်မှာ သူနာပြု ၀မ်းဆွဲဆရာမ ဆရာဝန်တွေရဲ့ လက်ဝါးနဲ့ မိတ်ဆက် ထိတွေ့လိုက်ရတော့ နာကျင်လိုက်တာကို အငိုဖြင့် အချက်ပေး သိစေတာပါပဲ ၊ ဒါ့ကြောင့် ဇာတိပိ ဒုက္ခာလို့ ဘုရားရှင်က ဟောတော်မူတာပေါ့ ၊ ပဋိသန္ဓေနေရခြင်း ဖွေးဖွားလာရခြင်းဟာ အင်မတန်မှ ဆင်းရဲလှပါတယ်တဲ့ ၊ ခန္ဓာကိုယ်ရဲ့ ဒုက္ခက အင်မတန်မှ ကြီးမားလှပါတယ် ၊ အကြာကြီး အိပ်ရ, ထိုင်ရ, ရပ်ရ, သွားရလို့ ဆင်းရဲတာက တမျိုး ၊ ဒါကြောင့်မို့လို့ က္ကရိယာပုထ် တစ်ခုထဲနဲ့ တည်တည်ငြိမ်ငြိမ် မနေနိုင် ကြလို့ တလှုပ်လှုပ်နဲ့ ရိယာပုထ်ကို ပြုပြင်ပြောင်းလဲ ပေးနေရတယ် ၊ တစ်နေ့တစ်နေ့မှာ ပြောင်းလိုက်ရတဲ့ အကြိမ်ရေဟာ မနည်းလိုက်တဲ့ဖြစ်ခြင်းပါပဲ ၊ ဒါပေမယ့်လို့ ဒုက္ခဖြစ်နေတာ ကို မသိမမြင်နိုင်ဘဲ ပြောင်းလဲ ပြုပြင်နေတာက များပါလိမ့်မယ်။

ဒါ့အပြင် မှက် ခြင် ယင် ဖြုတ်တွေ ကိုက်လို့ နာရတာက တစ်မျိုး ၊ နေပူ လေပူ အအေးဒဏ်ကြောင့် ခန္ဓာကိုယ်ဆင်းရဲ့ရတာက တစ်ဖုံ ဒုက္ခပေါင်းစုံလို့ပါပဲ ၊ မတော်တဆ ချော်လဲလို့ အနာရတာကလဲ ရှိသေး၊ ဒုတ် ဓါး ထိရှလို့ အနာတရ ဖြစ်ရတာကလဲ မနည်းပါဘူး၊ အားကစား လေ့ကျင့်ကစားလို့ ခန္ဓာကိုယ်နာရတာရှိသလို စိတ်ဆိုး ရန်ဖြစ်လို့ ထိုးကြ ပုတ်ကြလို့ နာရတာလဲ ရှိသေးတယ် ၊ ပြောလို့ ဆုံးနိုင်ဖွယ် မရှိပါဘူး ၊ အသက်အရွယ်က လဲကြီးရင့် ရောဂါဝေဒနာပါ အဆစ်ပါလာပြီဆိုမှဖြင့် အထိုင်အထလုပ်တိုင်း ‘‘အမလေး အမလေး’’ နဲ့ ညည်းညူနေရတာ ခန္ဓာကိုယ်ကြီး နာနေလို့ပဲ မဟုတ်ပါလား ၊ ပြင်းထန်တဲ့ ရောဂါဝေဒနာကိုပါ ရရှိခံစား နေရမယ်ဆိုရင်တော့ ဒီခန္ဓာဒုက္ခမီးကြီးဟာ သေတဲ့အထိ လောင်သွားဖို့ပဲ ရှိပါတော့တယ် ၊ မွေးစက သေဆုံး ဒုက္ခတုံး ဒုက္ခကြီး ဒုက္ခမီး အစစ်ပါပေပဲ။
 
ကိုယ်ဒုက္ခမီးငြိမ်းရန် သတိပဋ္ဌာန်

ငယ်စဉ်တောင်ကျေး ခလေးဘ၀က ကြုံတွေ့ရတဲ့ ကိုယ်ဒုက္ခကိုတော့ သဘာဝအရ ခံကြရမှာပါပဲ ၊ သို့သော် အသက်တွေရလာ သိတတ်တဲ့အရွယ်မှာ သတိထားပြီး နေထိုင် သွားလာ လုပ်ကိုင်သွားမယ်ဆိုရင် မတော်တဆဖြစ်မှု ဒုက္ခအစုတွေ လျော့နည်း ကျဆင်း သွားမှာကတော့ အမှန်ပါပဲ ၊ လက်လွတ်စပယ် သတိဆင်ခြင်မှု မရှိတဲ့သူတွေအဖို့မှာ မတော် တဆ ဒဏ်ရာ ရရှိတတ်ကြပါတယ် ၊ ဒါကြောင့် အစဉ်အမြဲ သတိရှိဖို့ အင်မတန် လိုအပ်လှ ပါတယ် ၊ ဘယ်ကိုပဲသွားသွား ဘာကိုပဲလုပ်လုပ် ဆင်ခြင်မှု သတိတရားရှိအောင် သွားလာ လုပ်ဆောင်ရင်းဖြင့် ကျင့်သာရရှိသွားတဲ့အခါမှာ အမှားတွေနည်းပြီး ကိုယ်ဆင်းရဲမှုတွေ ကင်းလွတ်သွားစေနိုင်ပါတယ် ၊ အသက်ကြီးလာလို့ ရောဂါရလာတာပဲဖြစ်ဖြစ် ၊ အသက်မကြီး သေးဘဲနဲ့ ရောဂါရရှိလာတာပဲထား တရားသဘောနဲ့ဖြေ ကိုယ်သာနာပစေ ၊ စိတ်မနာစေဖို့ သတိပြု ဆင်ခြင်ပေးရမယ် ၊ ခန္ဓာရရင် ခန္ဓာဒုက္ခဆိုတာ ရှိနေမှာပဲ ရှောင်ပြေးလို့ မရနိုင်ပါ ၊ ခန္ဓာမရှိမှပဲ ဒုက္ခက မရှိမှာ ၊ ခန္ဓာနဲ့တူတဲ့ဒုက္ခဆိုတာ မရှိဘူးလို့ ဘုရားရှင်ဟောထားပါတယ် ၊ နောက်ထပ်ခန္ဓာဒုက္ခ မရရှိအောင်သာ မဂ်ဖိုလ်ရတဲ့အထိ သတိပဋ္ဌာန်တရားကို ပွားများ အားထုတ်သွားဖို့ပဲ လိုပါတော့တယ်။
တရားထိုင်ရှုမှတ်တဲ့အခါမှာလဲ ညှာတာမှု မပေး ဒီခန္ဓာဒုက္ခမီးက လောင်လိုက်သေးတာပဲ ၊ အဲဒီလို အခါမျိုးမှာ သတိ သမာဓိကောင်းကောင်းနဲ့ အနီးကပ် စူးစိုက်ကြည့်ပြီး သူ့ရဲ့သဘော သဘာဝ အခြေအနေ အခြင်းအရာ အမူအရာကို အသေးစိပ် မြင်အောင်သိအောင် ကြည့်ပေးရမယ် ၊ နာတာဟာ တဖြည်းဖြည်းနဲ့ ကြီးလာသလား ၊ သေးငယ်မှေးမှိန်သွားနေသလား ၊ နေရာရွေ့ပြောင်းပြီး နာနေသလား ၊ ဘယ်ပုံဘယ်နည်း ဘယ်ပုံဘယ်ဟန်နဲ့ နာကျင်ကိုက်ခဲ ညှဉ်းဆဲနှိပ်စက်ပြီးနေသလဲဆိုတာတွေကို သိအောင် ကြည့်ရပါ့မယ် ၊ ဒီကိုယ်နာကျင်ခြင်း ဒုက္ခကို အကြောင်ပြုပြီး ဝေဒနာရဲ့ မမြဲတဲ့သဘော အခံရခက်တဲ့သဘော အစိုးမရတဲ့သဘောကို ကိုယ်တိုင်ကိုယ်ကျ သိရပါတော့မယ် ၊ နာကျင်မှု ရဲ့ ဆွဲဆောင်မှုကြောင့် စိတ်တွေအပြင်မရောက် နာတဲ့ဝေဒနာပေါ်မှာတင် ဧကဂ္ဂတာကြပြီး ဝေဒနာရဲ့သဘောမှန်ကို သိပြီး လက္ခဏာရေးသုံးတန် သစ္စာဥာဏ်ရရှိပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ် နိဗ္ဗာန်တိုင်အောင် ပို့ဆောင်ပေးရာရောက်တာမို့လို့ နာကျင်မှုဆိုတဲ့ ဒီဒုက္ခဝေဒနာ ဒုက္ခမီးစာ သည် ယောဂီများရဲ့ မိတ်ဆွေကောင်းအဖြစ် ပြောင်းလဲ ဖြစ်ရှိသွားတာဖြစ်လို့ ကျေးဇူးတောင် တင်ရတော့မလို ဖြစ်သွားပါချေပြီ ၊ ဒီနာကျင်မှုဒုက္ခ ဝေဒနာကို သည်းခံနိုင် ၊ လျစ်လျှူရှု နိုင်သွားပြီဖြစ်လို့ ဒီဒုက္ခမီးကို သတိပဋ္ဌာန်နည်းနဲ့ ငြိမ်းသတ်လိုက်ခြင်းပဲ ဖြစ်ပါပေတော့တယ် ၊ ၀ိပဿနာဥာဏ်အဆင့်ဆင့်တက်လို့ အထွဋ်အထိပ်ရောက်သွားတဲ့အခါမှာ ဒုက္ခကို လုံးဝ မမှု လုံးလုံးကြီး လျစ်လျှူရှုနိုင်ပါတော့မယ်။
ခန္ဓာဒုက္ခကို နေ့တိုင်းရှု ကောင်းမွန်မှန်ကန်စွာ ပိုင်းခြားသိပြီး ဒုက္ခရဲ့အဆုံးကို မဂ်ဥာဏ်တော်နဲ့ သိခွင့်ရလိုက်မယ်ဆိုမှဖြင့် ခန္ဓာကိုယ် ဒုက္ခမီးတင်မက အပါယ်ငရဲမီးပါမကျန် အပြီးအပိုင် ငြိမ်းသတ်ချုပ်ငြိမ်းစေနိုင်ပါတော့တယ် ၊ တုနှိုင်းမရ ကောင်းမြတ်လှတဲ့ မီးသတ် ကိရိယာ ဆေးဝါးစစ်မှန် သတိပဋ္ဌာန်လက်နက်ကြီး ပါပေပဲ ၊ သုံးဖြစ်အောင်သာ သုံးလိုက်ပါ ယောဂီအပေါင်း သူတော်ကောင်းတို့......။

Credit to

(တအာင်း-အမေရိကန်ဆရာတော်ဦးဇေယျသုတ ဓမ္မာစရိယ၊ B.A India ၊ M.A Srilanka ၊ A.G.S USA)

မီး(၁၁)ပါး ၈၊ပရိဒေ၀မီး


မျက်ရည်ယိုစီး ပရိဒေ၀မီး

လူရယ်လို့ ဖြစ်လာကြရတဲ့ သူတွေအဖို့ မငိုဖူးသူ ပရိဒေ၀မီး မလောင်ဖူးသူဆိုတာ မရှိသလောက် ရှားလှပါလိမ့်မယ် ၊ မွေးလာကတည်းက အငိုနဲ့ စခဲ့တာကပဲ များလှပါတယ် ၊ မွေးမွေးချင်း မငိုသူဆိုလို့ ထူးခြားတဲ့သူ တစ်ဦးတလေလောက်ကသာ ရှားရှားပါးပါး တွေ့ရမှာပါ ပြီးတော့ မွေးတုံးကသာ မငိုတာ ရှိကောင်းရှိနိုင်ပေမယ့် မွေးပြီးလို့ မကြာခင် စကားမပြော တတ်ခင်မှာ လိုချင်တာ ရချင်တာ ဖြစ်ချင်တာတွေကို အငိုနဲ့ပဲ အဆက်အသွယ်ပြုလုပ်ကြ ရတယ် မဟုတ်ပါလား ၊ စကားပြောတတ်ပြန်တော့လဲ ခလေးတို့ရဲ့သဘာဝ မျက်ရည်အား ကိုးနဲ့ မူရာမာယာတွေ ထုတ်ပြပြီး လိုချင်တာရအောင် လုပ်ဆောင်ကြရတယ် ၊ ထိုထက်ကြီး လာ အရွယ်ရောက်လာပြန်တော့ လိုတာကို မရ ၊ ရလာတာကို မလိုချင်တဲ့ အခါမှာလဲ ပရိဒေ၀မီး ငိုပွဲကြီးနဲ့ပဲ စခန်းသွားကြရပြန်ပါတယ် ၊ ဒါ့အပြင် သမီးရည်းစားကိစ္စ ၊ ပညာရေး ကိစ္စ ၊ စီးပွားရေးကိစ္စ ၊ အိမ်ထောင်ရေးကိစ္စ ၊ ကျန်းမာရေးကိစ္စ ၊ သားရေးသမီးရေး ကိစ္စစသ ဖြင့် အလိုမကျတိုင်း မျက်ရည်ရေချောင်းစီး ပရိဒေ၀မီးလောင်ကျွမ်းခဲ့ရတဲ့ အကြိမ်အရေ အတွက်တွေဟာ များလွန်းအားကြီးလို့ ဂဏန်းသင်္ချာနဲ့တောင် ရေတွက်လို့ မရနိုင်တော့ပြီ ၊ မမှတ်နိုင်တော့ပြီ ၊ ဒီဘ၀မျက်ရည် ဘယ်ဆီကျမှ ရပ်တော့မှာတဲ့တုံး။

မီး(၁၁)ပါး ၇၊သောကမီး


သောကမီးလျှံ အဖန်ဖန် အဆက်ဆက် လောင်မြဲလောင်လျက်

မရဏမီးအကြောင်း တစေ့တစောင်း တင်ပြဆွေးနွေးပြီးတဲ့နောက်မှာ သောက မီးလျှံအကြောင်း ဆက်ပြီးတင်ပြလိုပါတယ် ၊ လူရယ်လို့ ဖြစ်လာကြရင် သောကတရားဆိုတာ အနည်းနဲ့အများဆိုသလို ဖြစ်တတ်ကြပါတယ် ၊ သို့သော် တရားဘာဝနာ ပွားများအားထုတ်လို့ အနာဂါမ်အဆင့် ရောက်သွားကြရင်တော့ သောကဆိုတာ လုံးဝမရှိတော့ပါဘူး ၊ ပြီးတော့တခါ တရားဘာဝနာပွားများအားထုတ်လို့ ဈာန်တရားတွေ ရရှိပြီး သေသွားတဲ့အခါမှာ ဗြဟ္မာဘုံ ကိုရောက်ရှိကြပါတယ် ၊ ရရှိထားတဲ့ ဈာန်တရားအဆင့်အတန်း အားလျှော်စွာ သက်ဆိုင်ရာ ဗြဟ္မာဘုံတွေမှာ သွားရောက်ပြီး ပဋိသန္ဓေနေကြရတဲ့ ဗြဟ္မာတွေမှာလဲ သောကတရား လုံးဝ မရှိကြပေဘူး။
စိုးရိမ်ခြင်းလို့ဆိုတဲ့ ဒီသောကတရားဟာ ကြီးငယ်မရွေး ပုဂ္ဂိုလ်တိုင်းမှာ ဖြစ်တတ်ကြပါတယ် ၊ စိတ်ဓာတ်ခိုင်မာမှုရှိသူ ၊ ကောင်းသောတွေးခေါ် မြော်မြင်မှုရှိသူ ၊ တရားနှလုံးသွင်းမှုရှိသူနဲ့ ဘာဝနာတရား ရှုမှတ်မှုရှိသူတွေမှာတော့ သောကတရားအဖြစ်နည်း ဖွယ်ရှိပါတယ် ၊ ခလေးဘ၀မှာလဲ ခလေးအလျှောက် သူများတွေလို မစားရ , မ၀တ်ရ, မပျော်ပါးရမှာကို တွေးပြီး ပူပန်မှု စိုးရိမ်မှုဆိုတဲ့ သောက်မီးက လောင်ပြီးနေတာပဲ ၊ ဆယ်ကျော်သက်ရွယ်ရောက်လာပြန်တော့ ပညာရေးအတွက် စာမေးပွဲအတွက် ၀တ်ရေး စာရေးအတွက် စိုးရိမ်ပူပန်မှုတွေ ရှိလာရပြန်ပါတယ်။

မီး(၁၁)ပါး ၆၊မရဏမီး

                                                                      အပြီးသတ်ဖီစီး မရဏမီး

၃၁-ဘုံမှာ ရှိနေကြတဲ့ သတ္တ၀ါတွေဟာ ဇာတိဆိုတဲ့ ပဋိသန္ဓေ ရရှိလာလို့ကတော့ ဖြင့် မရဏလို့ဆိုတဲ့ သေခြင်းတရားကို ရှောင်ပြေးလို့ မရတော့ပါဘူး ၊ အနှေးနဲ့ အမြန် ရင်ဆိုင် ကြုံတွေ့ရမှာချည်းပဲ ၊ အသက်ကြီးမှ အိုမှ နာမှ မဟုတ်ပါဘူး ၊ ငယ်ငယ်ရွယ်ရွယ်နဲ့လဲ သေနိုင်သလို အမိဝမ်းမှာ နေစဉ်ကတည်းက လပိုင်း ရက်ပိုင်း နာရီပိုင်း မိနစ်ပိုင်း အတွင်းမှာတင်ပဲ သေခွင့် သေလမ်းက ရှိနေပါတယ် ၊ များသောအားဖြင့် သတ္တ၀ါတွေရဲ့ ကံ အားလျှော်စွာ အသက်တိုရှည်နေကြရတယ် ၊ လူ့ပြည်လူ့လောကမှာ နေရတာ ကြာညောင်း ခဲ့သလို စုဆောင်းထားခဲ့တဲ့ ပစ္စည်းတွေလဲ နည်းမှာ မဟုတ်ပါဘူး ၊ ခင်သူ မင်သူ သံယောဇဉ် တွေကလဲ တပုံကြီးဆိုတော့ အဲဒါတွေကို အပြီးပိုင် စွန့်ခွာသွားရတော့မယ်ဆိုတော့ တရား ကသာ မကိန်းတည်ခဲ့ရင် နှလုံးအိမ်ထဲမှာ လောင်လိုက်မဲ့ မရဏမီးကများ ပြောမနေနဲ့တော့ ၊ မသေချင်ဘဲနဲ့ သေရတော့မဲ့သူအဖို့ ဒီမရဏမီး လောင်ကျွမ်းမှု ဒဏ်ချက်ဟာ အင်မတန်မှ ပြင်းထန်လှပါတယ် ၊ အသေ တတ်အောင် ကျင့်ဆောင်အားထုတ် ပြုလုပ်ရမှာက ကြိုတင်ပြီး ၀ိပဿနာ ပွားများအားထုတ်ခြင်းပါပဲ ၊ အနေတတ်မှ အသေတတ်မှာပါ ၊ အသေတတ်မှ အပါယ်လွတ် ငရဲမီးမှ ကျွတ်နိုင်မှာ။

မီး(၁၁)ပါး ၅၊ဇရာမီး


ဇရာမီး

သတ္တ၀ါတိုင်းမှာ ဇာတိမီးစပြီး လောင်မြိုက်လိုက်ပြီဆိုမှဖြင့် ဇရာမီးရဲ့တာဝန်အရ မရပ်မနား မအားမလပ် ဒလစပ် လောင်မြဲလောင်လျက် ရှိနေပါတော့တယ် ၊ သတ္တ၀ါတွေက သာ အမေ့ကြီးမေ့ပြီး စားလိုက် သောက်လိုက် ပျော်လိုက် ပါးလိုက် တခေါခေါနဲ့ အိပ်မော ကျပြီး နေချင်နေကြမယ် ၊ ဇရာမီးကတော့ဖြင့် မေ့တယ်ရယ်လို့ လုံးဝမရှိ ၊ မရဏအထိ တောက် လျောက်လောင်ဖို့ သူ့တာဝန် ကျေပြွန်လိုက်တဲ့ဖြစ်ခြင်းပါ ၊ ကလလရေကြည် ပဋိသန္ဓေ စတည်ပြီးတာနဲ့ တပြိုင်နက် ဒီရုပ်တရားကို အိုသထက်အို ရင့်သထက်ရင့်အောင် လောင်ကျွမ်းလိုက်တဲ့ ဇရာရဲ့လက်ချက်ကြောင့် ရုပ်တရားကြီး အိုမင်းရင့်ရော်ပြီးလာရတယ် ၊ တစ်နေ့ထက်တစ်နေ့ တစ်လထက်တစ်လ တစ်နှစ်ထက်တစ်နှစ် မသိမသာနဲ့တမျိုး သိသိ သာသာနဲ့တဖုံ အိုအိုလာကြတယ် ၊ နေ့စဉ်နဲ့အမျှ မှန်မကြည့်တဲ့ရက်ရယ်လို့ မရှိကြ ပေမယ့် ဒီအိုရုပ်အိုပုံတွေ ဖောက်ပြန်ပြောင်းလဲ လာနေပုံကို သတိမရနိုင်ကြဘဲ ငါဟာ ၀ပြီးတော့ပဲ လှပြီးတော့ပဲ လာနေရော့မလားလို့တောင် ကိုယ့်ကိုယ်ကို အထင်ကြီး တဲ့စိတ်တောင် ဖြစ် လိုက်သေး ၊ ဇရာမီး လောင်မှန်းမသိကြလို့ ပျော်နိုင်ကြတော့တာပေါ့ ၊ မြင်ရက်နဲ့ မသိကြ တာပါပဲ ၊ ခန္ဓာကိုယ်ကို လက်နဲ့စမ်းသပ်ကြည့်လိုက်တိုင်း ပူပူနွေးနွေး ထိတွေ့ခံစား နေရတယ်ဆိုတာ တခြားဟုတ်ပါရိုးလား ၊ အဲဒါ--ဇရာမီး --ဇရာမီးတဲ့ ဗျို့ ၊ ခန္ဓာကိုယ် အိုမင်းအောင် နေစဉ်နဲ့အမျှ တန်ဘိုးတွေကျ အိုပယ်ဘ၀ရောက် မရဏ နားကပ်သွားအောင် ဇွတ်အတင်း မောင်းနှင် ပို့ဆောင် နှိပ်စက်နေတာ ဒီဇရာမီးပဲ ၊ သူ့ကိုမသိလို့မမုန်းင်ကြတာကို ဘုရားရှင်က ကရုဏာသက်မိရှာလွန်းလို့ ဖော်ပေးရ ဟောပေးရတာတောင် မသိမမြင်နိုင်တဲ့သူတွေကလဲ ရှိသေး ၊ မသိမှုဆိုတဲ့ အ၀ိဇ္ဇာ အမှန်တရားကို ဖုံးလွှမ်း ထားမှုနဲ့ ဒဏ်ချက်က မသေးပါပဲလား။

မီး(၁၁)ပါး ၄၊ဇာတိမီး

ဇာတိမီး
မျက်စိ , နား, နှာ, လျှာ, ကိုယ် နဲ့ မနောဒွါရမှာ လောဘမီး ဒေါသမီး မောဟမီး လောင်ပုံနဲ့ ငြိမ်းသတ်ပုံအကြောင်း တစေ့တစောင်း တင်ပြဆွေးနွေးလို့ ပြီးသွားပါပြီ ၊ ခုတခါ ဇာတိမီးအကြောင်းဆက်လက်ပြီး တင်ပြလိုက်ပါရစေ ၊ ဘ၀ တခုမှာ စတင်ဖြစ်ပေါ်လာခြင်းကို ဇာတိလို့ ခေါ်ပါတယ် ၊ ဘုံနဲ့ ပုဂ္ဂိုလ်အလိုက် ဖြစ်ပေါ်လာပုံခြင်းကတော့ မတူကြဘူးပေါ့ ၊ အုပ်စုလိုက် ခွဲခြားလိုက်မယ်ဆိုလို့ရှိရင် လေးမျိုးလေးစားလောက် ကွဲပြားလာပါတယ် ၊ (၁) လူပုဂ္ဂိုလ်တွေလို အမိဝမ်းကနေပြီးတော့ ဇာတိရ ပေါက်ဖွားလာတာက တစ်မျိုး၊ (၂) ကြက်ငှက် တွေလို ဥခွံကနေ တစ်ဆင့် ဇာတိရ ပေါက်ဖွားလာတာက တစ်မျိုး ၊ (၃) ခြင်ကောင် လောက်ကောင် ပိုးကောင်တွေလို သားပုပ် ငါးပုပ် ရေပုပ် အညှိကနေ ပေါက်ဖွားလာတာက တစ်မျိုး ၊ (၄) ဆိုခဲ့ပြီး သုံးပါးတို့မှ အလွတ်ဘွားကနဲ ဖြစ်ပေါ်လာကြတဲ့ နတ် ဗြဟ္မာတွေ၊ တစ်ချို့သော ပြိတ္တာတွေရဲ့ ဇာတိဖြစ်ခြင်းက တစ်ဖုံ လေးစုံခန့် ရှိကြပါတယ်။
လူ့ဇာတိမီး
ဒိပြင်ပုဂ္ဂိုလ်သတ္တ၀ါတွေရဲ့ ဇာတိမီးလောင်ပုံကို အသာထား လူသားတွေရဲ့ ဇာတိ မီးလောင်ပုံကို ရှုကြည့်ကြပါစို့ ၊ မိမိတို့ရဲ့ ကံအားလျှော်စွာ မိခင်ရဲ့ဝမ်းကြာတိုက်မှာ စတင်ရောက်ရှိ သန္ဓေတည်မိကြတဲ့ သူငယ်လေးမှာ အဦးအစ ဖြစ်ခြင်းလို့ဆိုတဲ့ ဇာတိမီးဟာ စတင်ပြီး လောင်တော့တာပါပဲ ၊ သန္ဓေ တည်စက စပြီး ၉-လ ၊ ၁၀-လကြာ မွေးဖွားလိုက်ရတဲ့ အချိန်တိုင်အောင် ကျဉ်းကျပ် ပိတ်လှောင်မှောင်မိုက်လှတဲ့ အမိဝမ်းမှာ ငုတ်တုတ်ထိုင် နေရရှာတဲ့ ခလေးငယ်ရဲ့ ဒုက္ခကတော့ဖြင့် စိတ်နဲ့သာ မှန်းပြီး ကြည့်လိုက်စမ်းပါတော့ ၊ လူ့ဘ၀ လူ့လောကမှာ ဦးစွာပထမ ပဋိသန္ဓေ တည်နေရခြင်းရဲ့ ဆင်းရဲဒုက္ခ ဇာတိမီးအစပျိုး လောင်ကျွမ်းမှု ပြုလိုက်ခြင်းပါပေပဲ ၊ ကံ, စိတ်, ဥတု, အာဟာရတို့ကြောင့် ဖြစ်ပေါ်လာကြတဲ့ ရုပ်တရားတွေနဲ့အတူ ပဋိသန္ဓေစိတ် ဘ၀င်စိတ် အစဉ်တွေကလဲ ဆီမီးလျှံပမာ တဖြတ်ဖြတ် တဖြန်းဖြန်းနဲ့ စဉ်ဆက် မပျက် ဖြစ်ပေါ်လာပြီးတာနဲ့ တပြိုင်နက် ချက်ချင်းပျက် အသစ်တဖန် ဆက်ဖြစ်ပြန် အဖြစ်ဆိုတဲ့ ဇာတိမီးက လောင်မြဲလောင်လျက်ပဲ ၊ လူ့ပြည်မှတပါး တခြားသော လောကသား သတ္တ၀ါတွေရဲ့ ပဋိသန္ဓေအစ ရုပ်အစဉ် နာမ်အစဉ်တွေ စတင်ဖြစ်ပေါ်လာတာ မှန်သမျှ ဇရာမီး မရဏမီး ဆက်ပွားလောင်နိုင်အောင် စပြီးမီးမွှေး ပေးလိုက်ခြင်းပင်ဖြစ်ပါတယ် ၊ ဒါကြောင့်မို့လို့ ဘယ်ဘုံဘ၀ ဘယ်သတ္တ၀ါတွေရဲ့ ပဋိသန္ဓေအစ ဇာတိရလာတာပဲဖြစ်ဖြစ် ဇာတိမီးလို့ပဲ ခေါ်ရပါ တော့တယ် ၊ ‘‘ဘ၀အစ ဇာတိမီးက’’လို့ ပြောလို့ရပါတယ်။

မီး(၁၁)ပါး ၃၊မောဟမီး

ဒွါရခြောက်ပေါက် မောဟမီးတောက် ငြိမ်းပျောက်စေနိုင်တာ ၀ိပဿနာ
လောဘမီးနဲ့ ဒေါသမီးလောင်ကျွမ်းတဲ့အခါမှာ သိသာမြင်သာလှပေမယ့် မောဟမီး လောင်နေတာကတော့ တယ်ပြီးမသိသာ မထင်ရှားလှပါ ၊ ဆိုကြပါစို့ ၊ လိုချင် ရချင် သွားချင် ရောက်ချင် ဖြစ်ချင်ဇော လွန်ကဲပြီး လောဘမီးအလောင်ခံရတဲ့ပုဂ္ဂိုလ်မှာ အိပ်မပျော်နိုင်ပါ ၊ စိတ်ညစ် စိတ်ဆိုး ပူဆွေးမှုလွန်ကဲ ဒေါသမီး အိုးပေါက်ကွဲ လောင်မြိုက်နေရတဲ့အခါမှာလဲ နေမထိ ထိုင်မသာ အိပ်လို့ မပျော်နိုင်ပါ ၊ အဲဒီလိုပဲ သူတို့ရဲ့လောင်ပုံက သိသာ မြင်သာရှိလှပါတယ် ၊ မောဟမီးကျတော့ ဖွဲမီးလိုပဲ လောင်နေမှန်းတောင် မသိလိုက်တာက များပါတယ်။
မျက်စိဒွါရမှာ မောဟမီးလောင်ပုံကို ကြည့်ကြပါစို့ ၊ အဆိုးကြီး အကောင်းကြီးလဲ မဟုတ်လှတဲ့ မကောင်းတကောင်း သက်ရှိသက်မဲ့ အဆင်းရူပါရုံ တစ်ခုခုကို တွေ့မြင်ရ တဲ့အခါမှာ မောဟမီးလောင်တတ်ပါတယ် ၊ မောဟဆိုတာ အမှန်တရားကို မသိ ၊ အမှားကို သိ တွေဝေနေတဲ့သဘောပါပဲ ၊ တကယ် စင်စစ်မှာတော့ ဒီမောဟဟာ လောဘဒေါသတို့ထက် ကြောက်စရာကောင်းလှပါတယ် ၊ မျက်စိ နား နှာ လျှာ ကိုယ်စိတ်လို့ဆိုတဲ့ ဒွါရခြောက်ပါး တံခါးခြောက်ပေါက်မှာ ထင်လာတဲ့ အဆင်း အသံ အနံ အရသာ အတွေ့အထိ ဓမ္မာရုံ တွေအပေါ်မှာ တွေဝေမိန်းမော အမှန်သဘောကို မသိနိုင်လို့ ဒီမောဟမီးက စပြီးလောင် လိုက်တော့တာပါပဲ ၊ သူလောင်ပြီးမှ လောဘမီး သို့မဟုတ် ဒေါသမီးကို ဆက်ပြီးလောင် ခွင့်ပြုပေးလိုက်တာ သူပါပဲ ၊
သူမှ မစခဲ့ရင် လောဘနဲ့ဒေါသမီး လောင်ခွင့်ကို မရှိနိုင်ပါ ၊ မောဟက ပေးအပ်လာတဲ့ အမွေအနှစ်ကို လောဘ သို့မဟုတ် ဒေါသက ဆက်ခံရယူပြီး လောင်ကျွမ်းမှု ကို ပြုနေရတာပါ ၊ ဒါကြောင့်မို့လို့ ကောင်းတဲ့အာရုံမှာရော မကောင်းတဲ့အာရုံမှာပါ အမှန်တရားကို မသိမှု အမှားကို သိမှုဆိုတဲ့ ဒီမောဟမီးက ဦးစွာပထမ လောင်ပြီးကာမှ လောဘဒေါသတွေက နောက်လိုက်ပြီး လောင်နေရတဲ့ အနေအထားမှာ ရှိနေပါတယ် ၊ အဆင်းကို မြင်ရတဲ့အခါမှာ ရုပ်တရားအဆင်းပဲလို့ မမြင်ဘဲနဲ့ ပုဂ္ဂိုလ် သတ္တ၀ါ မိန်းမ ယောက်ျား အင်္ဂါခြေလက် လှ မလှ ပညတ်ကြီးအနေနဲ့ မြင်လို့ မောဟမီးက စလောင်တော့တာပါ ၊ အဆင်းကို အဆင်းမှန်းသိ မြင်ကာမျှတင်ရပ်ပြီး ထိုထက်အပိုမမြင်စေလိုပါ ၊ အဆင်းကလဲ ဖြစ်ပြီးပျက် ၊ မြင်စိတ်ကလဲ ဖြစ်ပြီးပျက်နဲ့ ပရမတ်အမြင်သန် ဖြစ်ပျက်မှုမှာ ဥာဏ်သွင်းပြီး ရှုမှတ်လိုက်ရင် မောဟမီးလောင်ခွင့် မရရှိနိုင်တော့ပါ။
နားသောတမှာ မောဟမီးမဟာ
နေ့စဉ်နဲ့အမျှ အသံကို ကြားနေရပါတယ် ၊ အကောင်းအဆိုး ရိုးရိုးအသံ ကြား ရတိုင်းမှာ သတိ ပညာ ကင်းမဲ့နေမယ်ဆိုရင် မောဟမီးလောင်တော့တာပါပဲ ၊ များသောအား ဖြင့် မိမိတို့ နှစ်သက်တဲ့ အသံကို ကြားရရင် လောဘမီးလောင်ပြီး မနှစ်သက်တဲ့ အသံဖြစ်မယ် ဆိုရင်တော့ ဒေါသမီးက လောင်လို့ပါပဲ ၊ အလယ်အလတ် မကောင်းမဆိုး ကြားမြဲတိုင်းဖြစ်တဲ့ ရိုးရိုးအသံကိုကြားရတဲ့အခါမှာ ရှုမှတ်မှု မရှိက မောဟမီးက လောင်မြဲ လောင်လျက် ရှိနေမှာပဲ၊ ကြားရတဲ့အခါမှာ သူက ဘယ်လိုပြောတာပဲလို့ အဓိပ္ပါယ်တွေ အကျယ်ချဲ့ပြီး ဘာသာပြန် ၊ ငါ့နားနဲ့ ဒီလိုဒီလိုကို ကြားခဲ့ရတယ်လို့ အတ္တဆိုတဲ့ငါစွဲကို ရှေ့တန်းတင် ပညတ်အပေါ်မှာတင်ပဲ စိတ်ကရောက် အမှန်တရားကင်းပျောက်လို့ မောဟမီး တောက် ရတာပါပဲ။
ဝိပဿနာဥာဏ်ကိန်း မောဟမီးငြိမ်း
ကြားရတဲ့အသံကို အသံပဲလို့သိ ၊ ဒီအသံတွေကလဲ အက္ခရာတစ်လုံးချင်း တန်းစီသီကုံးထားလို့ ၀ါကျတစ်ခုဖြစ်ပြီး အဓိပ္ပါယ် ဖော်ဆောင်ကြတာပါ ၊ နားမှာ ကြားနေရတဲ့ ဒီအသံတွေကို စူးစူးစိုက်စိုက် ရှုမှတ်လိုက်မယ်ဆိုရင် အက္ခရာတစ်လုံးချင်း လျင်မြန်စွာ ဖြစ်ပေါ် ချုပ်ပျောက်သွားတာကို သိနိုင်ပါတယ် ၊ နာမည်ကြီး ဆိုင်းဆရာက ဆိုင်းကြီးကို လျင်မြန်စွာ တီးသလို မထမအသံ ဖြစ်ပြီးပျက် နောက်တခါ ဒုတိယအသံ နောက်ကလိုက် ဒီလိုနဲ့ပဲ ရှေ့အသံပျောက်ပြီး နောက်အသံပေါ် လျင်မြန်စွာနဲ့ အသံတွေဟာ ပေါ်ပျောက် ပေါ်ပျောက် ရှိနေခြင်းမျှသာပဲ ၊ အသံရဲ့ဖြစ်မှု ပျက်မှု အစီအရီတွေအပေါ်မှာ ဥာဏ်ရောက်သွားမယ်ဆိုရင် မောဟလောင်မီး လောင်ဖို့အချိန်ကို မရှိနိုင်တော့ပါဘူး ၊ ဥာဏ်ဆိုတာ အမောဟကို ပြောတာပဲ ၊ အမောဟဆိုတာ မောဟရဲ့ဆန့်ကျင်ဘက်ပဲ ၊ သတိတရား ရှေ့ထားပြီး နောက်နားက ဥာဏ်က ကပ်ပါပြီး ရှိနေမယ်ဆိုရင် မောဟဖြစ်ဖို့ အခွင့်အလမ်း လုံးဝမရှိနိုင်တော့ပါ ၊ ဒါကြောင့် ကြားတိုင်းကြားတိုင်းမှာ သတိပညာ အမြဲကပ်ပါနေဖို့ အလေ့အကျင့်လုပ် ပွားများအားထုတ်ပေးသွားမယ်ဆိုရင် မောဟမီး လောင်ခွင့်မရှိ ၊ အစွယ်အပွား လောဘဒေါသမီးများလဲ လောင်ခွင့် မရှိနိုင်တော့ပါ။
နှာခေါင်းပေါက်က မီးမောဟ
မိမိတို့ နေထိုင်ရာ အလုပ်လုပ်ရာ ဖြတ်သန်းသွားလာရာ ချက်ပြုတ်ရာ နေရာ ဌာနတွေမှာ ကောင်းတဲ့အနံ့ မကောင်းတဲ့အနံ့ ရှိနိုင်သလို မသိမသာ အနံမျိုးတွေဆိုတာလဲ ရှိတတ်စမြဲပါ ၊ ဘယ်လောက်ပဲ အနံ့တွေဆိုးဆိုး ကောင်းကောင်း ကြာတော့လဲ ကျင့်သာရပြီး ယဉ်သွားတော့တာပါပဲ ၊ အဲဒီအပေါ်မှာ အာရုံစူးစိုက်မှု မပြုတော့ဘဲ ဘာသိဘာသာ နေလိုက်တယ်ဆိုရင် တွေဝေမှုဆိုတဲ့ မောဟမီးလောင်ဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်သွားမှာပဲ ၊ မဆိုးမကောင်း မသိမသာ အနံ့မျိုးဆိုရင် လျစ်လျူရှုပစ်တာက များတတ်လို့ တွေဝေမှု မောဟဖြစ်ဖို့ စံချိန်က များနေပါတယ် ၊ ဒီလိုပါပဲ ၊ မောဟမီးဆိုတာ ၀ုန်းကနဲ ထတောက်တတ်တဲ့ ကောက်ရိုးမီး မဟုတ်ဘူး ၊ အမြေ့မြေ့နဲ့ လောင်ကျွမ်းနေတဲ့ ဖွဲမီးနဲ့ တူပါတယ် ၊ မီးခိုးတထောင်ထောင် မီးတောက်မီးလျံ တ၀င်းဝင်း လောင်ကျွမ်းနေတာ မဟုတ် လို့ အသိရခက်နေပါတယ် ၊ ပညာနဲ့ အနီးကပ် ဂရုစိုက်ပြီး မကြည့်မိရင် လောင်အားကောင်းပြီး တာရှည်တတ်ပါတယ် ၊ လောဘမီးနဲ့ဒေါသမီးထက် ငြိမ်းသတ်ဖို့ ခဲယဉ်းတယ်လို့ ဆိုရမှာပဲ။
နှာခေါင်းပေါက်ကမောဟမီး ငြိမ်းသတ်နည်း
နှာခေါင်းပေါက်က မောဟမီး မလောင်ရအောင် သတိဆောင်ပြီး ထားရပါ့မယ် ၊ ကျင့်သားရပြီးဖြစ်တဲ့ အနံ့အပေါ်မှာရော မသိသာ မထင်ရှားလှတဲ့ အနံ့တွေအပေါ်မှာပါ လုံးလစိုက်လို့ သတိထားပြီး ဥာဏ်နဲ့ရှုကြည့်လိုက်မယ်ဆိုရင် အနံ့ဆိုတာ ပုဂ္ဂိုလ် သတ္တ၀ါ မဟုတ် ၊ ပုံသဏ္ဍာန်အနေနဲ့လဲ ရှာမရပါဘူး ၊ အမြဲတမ်း တည်ရှိနေတဲ့ အနံ့လဲ မဟုတ်ပါဘူး ၊ အနံ့တွေ တစ်နံ့ပြီးတစ်နံ့ ဆက်ပြီးထွက်နေတာတောင်မှ မိမိရဲ့ဘက်ကို လေက တိုက်လာပါမှ အနံ့ကို ရှုရတာပါ ၊ နံ့တဲ့ အရာဝတ္ထု မီးစာတွေ ရှိနေလို့သာ အနံ့က ရှိရတာပါ ၊ အကြောင်းရှိလို့ အကျိုးထင်ခြင်းမျှပါပဲ ၊ အကြောင်းကုန်ဆုံးပျောက်ပျက်သွားရင် အကျိုးလဲ ပေါ်လာနိုင်စရာ မရှိပါ ၊ အနံ့ကို သိနေတဲ့ စိတ်ကလဲ တစ်စိတ်ပြီးတစ်စိတ် ဖြစ်ပြီး ပျက် သိပြီး ပျက်ပဲ မဟုတ်ပါလား ၊ ဒီလိုနဲ့ နံ့သိပျက် နံ့သိပျက် သဘောကို ရှုမြင်နိုင်လိုက်မယ်ဆိုရင် အနံ့ရတိုင်း ပညာက ဖြစ်နေတာပဲ ၊ ပညာဆိုတာ အမောဟပါပဲ ၊ မတွေဝေဘူး ၊ အမှန်တရားကို သိနေခြင်းပါ ၊ သိနေရှုနေသမျှ မောဟမီးလောင်ခွင့်ကို မရနိုင်တော့ပါ ၊ အင်မတန် ကောင်းတဲ့ မီးသတ်ကိရိယာ တန်ဆာတစ်ခုပါပဲ။
လျှာပေါက်က မီးမောဟ တရွရွ
စားသောက်ရတာ ခံတွင်းတွေ့တော့ လောဘမီး ဆွေ့ဆွေ့လောင် ၊ စားသောက် မကောင်းတဲ့ အခါများကျပြန်တော့ ဒေါသမီးက တဖွားဖွား ၊ သတိလက်လွတ် စားသောက် တိုင်းမှာ မောဟမီး တဖြတ်ဖြတ် မပြတ်လောင်မြိုက်ခံကြရတယ် ၊ စားသောက်နေကျ အာဟာရတွေမို့ စိတ်လှုပ်ရှားလောက်အောင် သိပ်ပြီး ကြိုက်လှတယ်လို့ မဟုတ်သလို စားသောက်ရတာ မကောင်းလို့ သိပ်ကြီး စိတ်ပျက်ရလောက်အောင် မဖြစ်တဲ့ အနေအထားမှာ မသိမသာလေးနဲ့ မောဟမီးက လောင်နေတာပါပဲ ၊ စားသောက်နေတုံး စိတ်ကူးတွေယဉ် အပြင်ဗဟိဒ္ဓမှာ စိတ်တွေတောင်ရောက် မြောက်ရောက် စားသောက်နေတဲ့အပေါ် စူးစိုက်မှု စိတ်ဝင်စားမှု မရှိ အရသာကိုတောင် မသိလိုက်နိုင်တဲ့အခါလဲ ရှိသေး ၊ အဲဒီလို အနေအထား မျိုးမှာဆိုရင်လဲ မောဟမီးက လောင်မြဲလောင်လျက်ပဲ ၊ စားသောက်နေတုံး နာရီဝက် တစ်နာရီလောက် အချိန်ကုန် ၊ စားပွဲခုံပေါ်ရှိ အစားအသောက်တွေကသာ အကုန်ပြောင် သတိ ပညာကင်းကွာ စားသောက်ကြမယ်ဆိုရင် အချိန်ရော အစားအသောက်ပါ သိပ်ပြီး နှမြောဖို့ ကောင်းလှပါလိမ့်မယ် ၊ ၀မ်းဗိုက်ကသာ ပြည့်ပြီး အနှစ်ကင်းမဲ့ သတိပညာမဖက်တဲ့ စားသုံးနည်း မောဟမီးရဲ့လောင်စာ အကျိုးဆိုလို့ ဗလာနတ္ထိ ဖြစ်ရှိနေမှာပဲ။
လျှာပေါက်က မောဟမီး ငြိမ်းသတ်နည်း
တစ်နေ့တစ်နေ့ကို ၄-၅-၆ကြိမ်မျှ စားကြ သောက်ကြနဲ့ ခန္ဓာကိုယ်ကြီးကို ဆီးဖြည့် ဆေးကု ပြုစုပေးနေကြရတယ် ၊ သတိလက်လွတ် ရှုမှတ်မှုမပါ စားကြ သောက်ကြမယ် ဆိုရင်တော့ မောဟမီး တလှိုက်လှိုက် လောင်မြိုက်ပြီးနေမှာပဲ ၊ ဘုရားပေးတော်မူတဲ့ နည်း အသုံးချ သတိ သမ္ပဇညနဲ့ စားသောက်နိုင်ကြမယ်ဆိုရင် မောဟမီး လောင်ခွင့် မရှိပါ ၊ စားနည်းသောက်နည်း နိသျည်းတွေကတော့ အင်မတန်မှ လွယ်ကူလှပါတယ် ၊ အလေ့အကျင့် လုပ်ပေးဖို့သာ လိုတာပါ ၊ အနည်းဆုံး စားတိုင်း သောက်တိုင်း ၀ါးမျိုတိုင်းမှာ သတိလေးကပ် ရှုမှတ်ပေးသွားရုံပါ ၊ ၀ါးနေရင်းလဲ ၀ါးမှန်းသိ ၊ သောက်နေရင်းလဲ သောက်မှန်းသိ ၊ မျိုနေ ရင်းလဲ မျိုမှန်းသိ ၊ သတိကပ် ရှုမှတ်နိုင်မယ်ဆိုရင် ၀ါးချင် သောက်ချင် မျိုချင်တဲ့ စိတ်အဆင့် ဆင့် ကြောင့် ၀ါးမှု သောက်မှု မျိုမှု အမူအရာတွေ ဆက်ခါဆက်ခါ လှုပ်ရှား ဖြစ်ပျက်နေရ တာလို့ ရှင်းရှင်းကြီး သိမြင်နိုင်ပါတယ်၊ ရှုမှတ်တိုင်းမှာ ၀ါးချင် စားချင် သောက်ချင်တဲ့ စိတ်ဆို တဲ့ နာမ်တရားနဲ့ လှုပ်ရှားနေတဲ့ ပါးစပ် လျှာ သွားဆိုတဲ့ ရုပ်တရား ၊ ဒီနာမ်ရုပ်နှစ်ပါးမျှသာ ရှိပါပေါ့လားဆိုတာလဲ ကွက်ကွက်ကွင်းကွင်း သိမြင်နိုင်ပါတယ် ၊ နာမ်ရုပ်အစဉ်မျှသာ ကြောင်းကျိုးဆက်စပ် မပြတ် ဖြစ်ပျက်နေတာကို ပိုပိုပြီ သိလာရလေပါပဲ ၊ အသိတစ်လုံးဝင်လို့ မောဟစင်ရတာပါပဲ ၊ မောဟမီး မလောင်တော့ရင် လောဘဒေါသမီးတွေလဲ ပြောင်တော့ တာပါပဲ ၊ ဒါကြောင့် စားတိုင်း သောက်တိုင်းမှာ သတိကပ် ရှုမှတ်နိုင်အောင်သာ အလေ့အကျင့် ပြုပေးဖို့ လိုပါတယ် ၊ ဘယ်အရာမဆို အလေ့အကျင့် ရသွားတယ်ဆိုရင် ခက်ခဲတယ်ရယ်လို့ မရှိတော့ပါဘူး ၊ အလေ့အကျင့် မရှိလို့ မေ့မေ့နေတတ်တယ်ဆိုတာ မောဟပဲ မဟုတ်ပါလား ၊ လေ့ကျင့်မပြတ် သတိကပ် ရှုမှတ်ပေးဖို့သာ လိုပါတော့တယ် ၊ တစ်နေ့ကို သုံးလေးကြိမ် ၊ တစ်ကြိမ်တစ်ကြိမ်မှ ၃-၄ဆယ်မိနစ် နှစ်ရှည်လများ တစ်သက်တာ ကာလပတ်လုံး စားသုံးတတ်အောင် ပြုလုပ် ကျင့်ဆောင်သွားမယ်ဆိုရင် ကုသိုလ်တွေ အများကြီးရ ဘာဝနာတရားတွေ အပါးဝ ဒီဘ၀မှာတင် တရားထူးရယူနိုင်ခွင့် ရှိနေပါတယ် ၊ ဒီလိုသာ သတိကပ် ရှုမှတ် စားသောက်သွားမယ်ဆိုရင် အသက်ရှည်ကြာ စားသောက်နေရတာနဲ့အမျှ စားသောက်နေတုံးခဏမှာပင် မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်နိုင်တဲ့အထိ အကျိုးရှိသွားစေနိုင် ကြောင်းပါဗျာ . စားသောက်တတ်အောင် လေ့ကျင့်ပေးပါလို့ပဲ တိုက်တွန်းလိုက်ပါရစေ...။
ခန္ဓာကိုယ်မှ မီးမောဟ လောင်ပါမကြာခဏ
မိမိတို့ရဲ့မျက်နှာ ခန္ဓာကိုယ်က ဘယ်လောက်ပဲ အရုပ်ဆိုးနေနေ ဘယ်လိုပဲ အိုရုပ်တွေ ပေါက်ပေါက် နေ့ဆက်ရက်စဉ် မွမ်းမံပြုပြင်လို့မဆုံး မှန်ကြည့်လို့ မမုန်းနိုင် မမောနိုင် ပြုံးနိုင်ကြတုံးပါပဲ၊ ကိုယ်ကာယ မျက်နှာအလှပြင် အနိစ္စနဲ့အသုဘ တရားပြနေတာကို လုံးဝ မမြင်နိုင်တာက မောဟမီး လောင်နေတာပါပဲ ၊ မမြဲတဲ့ ခန္ဓာကိုယ်မို့ မမြဲတဲ့ လက္ခဏာကို ပြမြဲ ပြပါလျက် မောဟမီးလောင်နေလို့ မြင်အောင် မကြည့်နိုင်ပဲ ဖြစ်ရတယ် ၊ ဒီအသုဘ ခန္ဓာကိုယ် ကြီးတော့ဖြင့် မွေးတဲ့နေ့က စပြီး သေတဲ့နေ့အထိ ဒွါရ ၉-ပေါက်ကနေပြီးတော့ တစ်နေ့မပြတ် ယိုစီး အန်ထုတ် ထွက်ပေါ်လာတဲ့ မတင့်တယ်ဖွယ်ရာ အညစ်အကြေးတွေကို သုတ်သင် သန့်ရှင်း ဆေးကြောနေရတာကိုလဲ မမောနိုင် မပန်းနိုင် မငြီးငွေ့နိုင် ဖြစ်နေကြတယ် မောဟရဲ့ လက်ချက်ပဲ မဟုတ်ပါလား ၊ နှစ်ရှည်လများ ခန္ဓာကိုယ်ကြီးကို သုတ်သင်ပေးရတာ ၊ အညစ် အကြေးစွန့်ထုတ်ပေးရတာ ၊ ရေမိုးချိုးပေးရတာ ၊ မျက်နှာသစ် သွားတိုက်ပေးရတာ ငြီးငွေ့ လှပြီလို့ ညည်းငြူသူ မရှိသလောက်ပါပဲ ၊ ခန္ဓာကျွန်လုပ်နေရတာကိုပဲ ပျော်ပိုက်နေ သလို တောင် ရှိသေး ၊ အမှန်တရား မသိတဲ့ ဒီမောဟက တယ်ဆိုးလှပါလား ၊ ခန္ဓာကိုယ် အတွက် ၀ယ်ယူသုံးဆောင်ထားတဲ့ အ၀တ်အစား ဥစ္စာပစ္စည်း နေရာထိုင်ခင်း အတွေ့အထိ စတာ တွေဟာ ဘယ်လောက်ပင် ကြာညောင်း ဟောင်းနွမ်း ယိုယွင်းနေပေမယ့်လို့ မသိမသာနဲ့ သာယာ ကျေနပ် နှစ်သက် အားကျနေတာချည်းပဲ ၊ မောဟတရားရဲ့ဖုံးကွယ်မှုကြောင့် အမှန် တရားကို မမြင်နိုင် ၊ ဓမ္မဘက်ကို မလှည့်နိုင်ကြဘူး ၊ နေ့စဉ်နဲ့အမျှ မောဟမီးလောင်ကျွမ်း နေတာကို မသိမမြင်နိုင်တော့ မီးပုံကို တိုးဝှေ့ဝင်ရောက်နေကြတဲ့ ပိုးဖလံပမာလို ဖြစ်ကြရရှာ ပါတော့တယ်။
ခန္ဓာကိုယ်မှ မီးမောဟ ငြိမ်းသတ်ကြ
ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး သတိမထား ရှုမှတ်ပွားများမှု မရှိရင် မောဟမီးက လောင်တော့တာပါပဲ ၊ အိပ်ရာထချိန်မှ အိပ်ရာဝင် အိပ်ပျော်သွားတဲ့အချိန်ထိ ခန္ဓာ ကိုယ်ကြီး ထိတွေ့ လှုပ်ရှား သွားလာ ဆန့်ကွေး ၊ ပူနွေး အေးစက် သက်တောင့်သက်သာ ရှိ မရှိ အဖြစ် သနစ်တွေမှန်သမျှ သတိထားပြီး ရှုမှတ်ပေးရပါ့မယ် ၊ ထိတွေ့ လှုပ်ရှားစသည်များကို ပစ္စုပ္ပန် ကျကျ ရှုမှတ်တိုင်းမှာ မိန်းမ ယောက်ျား သူ ငါ ခြေလက်သည် မမြင်တော့ဘဲ ရုပ်တရားနဲ့ နာမ်တရားမျှသာ အမှန်တကယ် ရှိပါတယ်ဆိုတာ မြင်တွေ့ရပါလိမ့်မယ် ၊ ရုပ်တရားဆိုတာ သိတတ်တဲ့သဘော မရှိဘဲ စိတ်ဆိုတဲ့ နာမ်တရားရဲ့အလိုကျအတိုင်း ဆိုင်ရာဆိုင်ရာ ရုပ်ခန္ဓာတွေရဲ့အပိုင်းမှာ ၀ါယောဓာတ်လို့ဆိုတဲ့ လေက ပြန့်နှံ့ပြီး လှုပ်ရှား သွားလာ ကွေးခြင်း ဆန့်ခြင်းအမှုတွေ ဖြစ်ပေါ်နေရခြင်းပါပဲ ၊ ဖြစ်စေလိုတဲ့ စိတ်ဆိုတဲ့ နာမ်တရားတွေရဲ့ အဆင့်ဆင့် ဖြစ်ပေါ်လာမှုကြောင့် လှုပ်ရှားသွားလာ ဆန့်ခြင်းကွေးခြင်းစတဲ့ ရုပ်တရားတွေ အဆင့်ဆင့် ဖြစ်ပေါ်လာရတဲ့ သဘောပါပဲ ၊ ဒီလိုအမှန်တကယ်ရှိတဲ့ ရုပ်တရားကို နာမ်တရား ဆိုတဲ့စိတ်က သိသိနေသမျှ အမောဟလို့ဆိုတဲ့ ဥာဏ်က ဖြစ်ဖြစ်နေတာပဲ ၊ အသိ, ဥာဏ်, ပညာ, ၀ိဇ္ဇာ, အမောဟဆိုတာ အဓိပ္ပါယ်တူတွေပါ ၊ ဒါကြောင့် အမှန်ရှိတရားကို သိနေသမျှ အမောဟပါပဲ ၊ အမောဟဆိုတာ တွေဝေမှုမရှိ အမှန်သိဆိုတာပါပဲ ၊ အမောဟ ဆက်ခါမပြတ် ဖြစ်နေကာမှတော့ မောဟလို့ဆိုတဲ့ အမှန်တရားအပေါ်မှာ တွေဝေနေမှု မသိမှု ပုဂ္ဂိုလ် သတ္တ၀ါ မိန်းမ ယောက်ျား ခြေလက်အင်္ဂါအနေအားဖြင့် အမှားသိနေမှု အဖြစ်မှ ကင်းဝေးရပါတော့ တယ် ၊ အဲဒီအမှန် မသိ ၊ အမှားသာ သိနေတဲ့ မောဟတရားကြောင့် လိုချင်မှုဆိုတဲ့ လောဘမီး တွေတောက် စိတ်ဆိုးစိတ်ကောက် အလိုမကျခြင်းလို့ဆိုတဲ့ ဒေါသမီးတွေ တောက်လျှောက် လိုက်လာ လောင်ကျွမ်းတော့တာပါပဲ ၊ ဒါကြောင့် အဦးအစ မောဟမီး အလောင်မခံရအောင် အမြဲမပြတ် သတိကပ်ပြီး ရှုမှတ်ပွားများအားထုတ်ကြပါစို့...။
နှလုံးအိမ်မှ မီးမောဟ
မျက်စိ နား နှာ လျှာ ကိုယ်မှ မောဟမီးလောင်ပုံနဲ့ ငြိမ်းသတ်ပုံကို အကျဉ်းမျှ တင်ပြပြီးတဲ့နောက်မှာ နှလုံးအိမ်မှာ မောဟမီးလောင်ပုံကို ဆက်ပြီးတင်လိုပါတယ် ၊ နှလုံး အိမ်မှ မောဟမီးတောက်ကတော့ဖြင့် တဖြောက်ဖြောက် တဖြန်းဖြန်းနဲ့ လောင်ကျွမ်းမှု အသန်ဆုံးပါပဲ ၊
လူတွေက သိပ်ပြီး စိတ်ကူးယဉ်တတ်ကြပါတယ် ၊ အတိတ်က ကြုံတွေ့ ဖြတ် သန်းလာခဲ့ရတဲ့ အကောင်းအဆိုးအဖုံဖုံ ဘ၀ဇာတ်ခုံမျိုးစုံကို အပ်ကြောင်ထပ်အောင် ပြန် ပြောင်းစိတ်ကူးလို့ ကြည်နူးဝမ်းသာဖြစ်ရလိုက် စိတ်ထိခိုက်ဖွယ် နာကျည်းဖွယ် ၀မ်းနည်း ဖွယ်ရာတွေ ဖြစ်လိုဖြစ်နဲ့ ပစ္စုပ္ပန်မှာ ဖြစ်ပေါ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ်ခန္ဓာအကြောင်း မသိနိုင် မမြင်နိုင်ရှာကြပါ ၊ အတိတ်အကြောင်း ပြန်ပြောင်းသတိရ စမြုံ့ပြန်လို့ ပြီပြန်းတော့ အနာဂတ် အရေးကို မျှော်တွေးပြီး ကြံပြန်ပါပြီ ၊ မဖြစ်ပေါ်သေးတဲ့ အဖြစ်အပျက် အခြေအနေကို မှန်းမျှော် ကြံဆပြီး ပူဆွေးရ စိုးရိမ်ရနဲ့ စိတ်ဒုက္ခကို ကြိုတင်ရယူ ဖန်တီးယူတတ်ကြပါတယ် ၊ တခါ တလေကျပြန်တော့ လေထဲမှာ တိုက်အိမ်ဆောက်လို့ စိတ်ကူးတွေယဉ်လိုက်တာလဲ ပြော မနေနဲ့တော့ ဘေးပတ်ဝန်းကျင်တွေကိုလဲ မေ့ ၊ ကိုယ့်နာမည်ခေါ်တာကိုတောင် မကြား နိုင် ၊ မောဟစိတ်တွေ အကြီးအကျယ်ဖြစ် ၊ ပျံလွင့် ယုံမှားစိတ်တွေ ထင်တိုင်းကြဲ ကိုယ်နဲ့စိတ် မကပ် နိုင်တော့ဘဲ ပြာပုံလေတိုက်လိုက်သလို စိတ်တွေက တောင်ရောက်မြောက်ရောက်လို့ ပါပဲ ၊ ဒါဟာ ဖြစ်ပေါ်ဆဲ ရုပ်နာမ်ဓမ္မ သဘာဝတွေကို မသိနိုင် မမြင်နိုင်ဘဲ မောဟဆိုတဲ့ ကိလေသာ မီး ဖိစီးလောင်ကျွမ်းနေခြင်းပါပဲ မဟုတ်ပါလား။
နှလုံးအိမ်မှ မီးမောဟ ကင်းပစေရမည်
နှလုံးအိမ်မှ မောဟမီးကို သတိပဋ္ဌာန်နည်းနဲ့ ငြိမ်းသတ်ပစ်ရမယ် ၊ အမှန်တရား တွေကို မမြင်သမျှ မသိသမျှ ၊ ရှုမှတ်သိမြင်သင့်တဲ့ ရုပ်နာမ်သဘာဝတွေကို ရှုမှတ်သိမြင်ဖို့ မေ့မေ့နေကြတာကလဲ မောဟရဲ့ လက်ချက်ပါပဲ ၊ ဒါကြောင့်မို့လို့ နှလုံးအိမ်မှ မောဟမီး အလောင်မခံရအောင် မိမိရဲ့စိတ်ကို မပြတ်ကြည့်ရှုပေးပါ ၊ ဒီမျောက်စိတ်ကို လက်လွတ်စပယ် လွှတ်မထားသင့်တာ အမှန်ပါ။
နေ့စဉ်ဘ၀မှာ အာရုံကောင်းနဲ့ နေနိုင်အောင် လေ့ကျင့်ပေးရမယ် ၊ စိတ်ကို အအားမပေးဘဲ မိမိတို့ အလွတ်နှုတ်တက်ရထားတဲ့ သံဝေဂဂါထာတွေ ဘုရားစာတွေ ပရိတ်တွေ ပဋ္ဌာန်းတွေကို ရွတ်ဆိုလို့ သတ္တ၀ါတွေ ကျန်းမာချမ်းသာအောင် မေတ္တာပို့သလို့ နေနေသမျှ ကုသိုလ်တွေ တပုံကြီးရတော့တာပါပဲ ၊ ဒါဟာ အာရုံကောင်းမှာ စိတ်ကိုသွင်းထားလိုက်တဲ့ သဘောပါပဲ ၊ တစ်နည်းအားဖြင့် ပြောရရင် မိမိရဲ့စိတ်ထဲမှာ အာရုံကောင်းတွေ သွင်းထားပေးလိုက်တဲ့သဘောပါ ၊ ဒီလိုဆို စိတ်တွေပျံ့လွင့်တွေဝေမှုမရှိ ၊ မောဟမီး လောင်ငြိစရာ အကြောင်း မရှိနိုင်တော့ပါ၊ ဒါတွေဟာ လူတိုင်းလူတိုင်း လုပ်နိုင်တဲ့ ကိစ္စပါပဲ ၊ ဒါပေမယ့်လို့ မေ့တတ်တာရယ် အလေ့အကျင့်မရှိလို့ မလုပ်ဖြစ်တာရယ်ကြောင့် တန်ဘိုးရှိတဲ့ အချိန်ကို အသုံးမချနိုင်ကြဘဲ ကုန်လွန်ကြရတယ် ၊ တန်ဘိုးရှိတဲ့ ဘ၀ကို ရရှိပြီး ဖြစ်နေတဲ့ ဒို့တတွေဟာ တန်ဘိုးရှိလှတဲ့ တရားကို ရရှိအောင် ကြိုးစားသင့်လှပါတယ် ၊ နှလုံးသားမှာ မောဟမီး အလောင်ခံပြီး စိတ်ကူးယဉ် ပျော်ပိုက်နေလို့ မသင့်တာ အမှန်ပါ ၊ မောဟမီး မလောင်ရလေအောင် အကောင်းတကာ့ အကောင်းဆုံးကတော့ ပစ္စုပ္ပန်မှာ ဖြစ်ပေါ်လာနေတဲ့ ထင်ရှားတဲ့ ရုပ်တရား နာမ်တရားတွေကို မပြတ်တမ်း ရှုမှတ်နေခြင်းပဲ ဖြစ်ပါတယ် ၊ တရံမဆဲ အမြဲမပြတ် ဖြစ်ပျက်နေတဲ့ ရုပ်နာမ်ဓမ္မ ဒုက္ခသစ္စာ အမှန်တရားကို သိသိပြီးနေခြင်းဟာ မဂ္ဂသစ္စာကို ပွားများနေခြင်းပါ ၊ ဒုက္ခတရားကို ရှုမှတ် သိမြင်ပေးနေသမျှ မောဟမီးတွေ ခဏငြိမ်း ခေတ္တငြိမ်းရာကနေ ထာဝရငြိမ်းတဲ့အထိ ဖြစ်သွားနိုင်ပါတယ် ၊ လေ့ကျင့်ပွားများ အားထုတ်ကြပါစို့.....။

(တအာင်း-အမေရိကန်ဆရာတော်ဦးဇေယျသုတ ဓမ္မာစရိယ၊ B.A India ၊ M.A Srilanka ၊ A.G.S USA)


ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated