ဇရာမီး
သတ္တ၀ါတိုင်းမှာ ဇာတိမီးစပြီး
လောင်မြိုက်လိုက်ပြီဆိုမှဖြင့် ဇရာမီးရဲ့တာဝန်အရ မရပ်မနား မအားမလပ် ဒလစပ်
လောင်မြဲလောင်လျက် ရှိနေပါတော့တယ် ၊ သတ္တ၀ါတွေက သာ အမေ့ကြီးမေ့ပြီး စားလိုက်
သောက်လိုက် ပျော်လိုက် ပါးလိုက် တခေါခေါနဲ့ အိပ်မော ကျပြီး နေချင်နေကြမယ် ၊
ဇရာမီးကတော့ဖြင့် မေ့တယ်ရယ်လို့ လုံးဝမရှိ ၊ မရဏအထိ တောက် လျောက်လောင်ဖို့
သူ့တာဝန် ကျေပြွန်လိုက်တဲ့ဖြစ်ခြင်းပါ ၊ ကလလရေကြည် ပဋိသန္ဓေ စတည်ပြီးတာနဲ့
တပြိုင်နက် ဒီရုပ်တရားကို အိုသထက်အို ရင့်သထက်ရင့်အောင်
လောင်ကျွမ်းလိုက်တဲ့ ဇရာရဲ့လက်ချက်ကြောင့် ရုပ်တရားကြီး
အိုမင်းရင့်ရော်ပြီးလာရတယ် ၊ တစ်နေ့ထက်တစ်နေ့ တစ်လထက်တစ်လ
တစ်နှစ်ထက်တစ်နှစ် မသိမသာနဲ့တမျိုး သိသိ သာသာနဲ့တဖုံ အိုအိုလာကြတယ် ၊
နေ့စဉ်နဲ့အမျှ မှန်မကြည့်တဲ့ရက်ရယ်လို့ မရှိကြ ပေမယ့် ဒီအိုရုပ်အိုပုံတွေ
ဖောက်ပြန်ပြောင်းလဲ လာနေပုံကို သတိမရနိုင်ကြဘဲ ငါဟာ ၀ပြီးတော့ပဲ
လှပြီးတော့ပဲ လာနေရော့မလားလို့တောင် ကိုယ့်ကိုယ်ကို အထင်ကြီး တဲ့စိတ်တောင်
ဖြစ် လိုက်သေး ၊ ဇရာမီး လောင်မှန်းမသိကြလို့ ပျော်နိုင်ကြတော့တာပေါ့ ၊
မြင်ရက်နဲ့ မသိကြ တာပါပဲ ၊ ခန္ဓာကိုယ်ကို လက်နဲ့စမ်းသပ်ကြည့်လိုက်တိုင်း
ပူပူနွေးနွေး ထိတွေ့ခံစား နေရတယ်ဆိုတာ တခြားဟုတ်ပါရိုးလား ၊ အဲဒါ--ဇရာမီး
--ဇရာမီးတဲ့ ဗျို့ ၊ ခန္ဓာကိုယ် အိုမင်းအောင် နေစဉ်နဲ့အမျှ တန်ဘိုးတွေကျ
အိုပယ်ဘ၀ရောက် မရဏ နားကပ်သွားအောင် ဇွတ်အတင်း မောင်းနှင် ပို့ဆောင်
နှိပ်စက်နေတာ ဒီဇရာမီးပဲ ၊ သူ့ကိုမသိလို့မမုန်းင်ကြတာကို ဘုရားရှင်က
ကရုဏာသက်မိရှာလွန်းလို့ ဖော်ပေးရ ဟောပေးရတာတောင် မသိမမြင်နိုင်တဲ့သူတွေကလဲ
ရှိသေး ၊ မသိမှုဆိုတဲ့ အ၀ိဇ္ဇာ အမှန်တရားကို ဖုံးလွှမ်း ထားမှုနဲ့ ဒဏ်ချက်က
မသေးပါပဲလား။
မထင်ရှားတဲ့ ဇရာမီးချက်
ရုပ်တရားတွေရဲ့ အိုမှု ဇရာမီးလောင်ကျွမ်းမှုက
သိလွယ်မြင်လွယ်ပါသေးတယ် ၊ နာမ်တရားရဲ့အိုမှုကိုတော့ သိပ်ပြီးမထင်ရှားလှပါ ၊
နာမ်တရားဆိုတာ ရုပ်တရားကိုချည်းမှီပြီး နေရပါတယ် ၊ အရူပဗြဟ္မာတွေက
လွဲလို့ပေါ့ ၊ ရုပ်တရားကြီး အိုမင်းရင့်ရော်လာတာနဲ့အမျှ
သူ့ကိုမှီပြီးနေရတဲ့ နာမ်တရားတွေကလဲ လိုက်ပြီး အားနည်းနေရတော့တာပဲ ၊ ဒါကို
နာမ်တရား တွေနဲ့ အိုမင်းခြင်းတစ်မျိုးပဲဆိုရင် မမှားပါဘူး ၊ ငယ်ငယ်တုံးက
အသိဥာဏ်ပညာနဲ့အမှတ်သညာတွေကာင်းမွန်သွက်လက်ထိန်လက် တောက်ပြောင်ကြည်လင်
ဖြတ်လတ်မှု ရှိသလောက် ဇရာမီးကြောင့် အသိဥာဏ်နဲ့ မှတ်ဥာဏ်တွေက
ယိုယွင်းလာရပါတော့တယ် ၊ အသစ်တွေကိုလဲ မကျက်မှတ်နိုင်တော့သလို
အဟောင်းတွေကိုလဲ မမှတ်မိ မေ့ပစ်နေကြ တာက များပါတယ်။
ရုပ်တရား နာမ်တရားတွေ စတင်ဖြစ်ပေါ်လာခြင်းဟာ
ဇာတိလို့ခေါ်ပြီး ချုပ်ပျောက် ခြင်း မရဏသို့ မရောက်မီ ကြားကာလ ခဏလေးလောက်မှာ
ဇရာလို့ ခေါ်နိုင်ပါသေးတယ် ၊ ဒီလိုနဲ့ပဲ ရုပ်နာမ်တိုင်းဟာ ဖြစ် အို နာ သေ
သံသရာ မပြတ်မစဲ လည်ပတ်ပြီး နေပါတော့တယ်၊ ဒီဖြစ် အို နာ သေ
သံသရာမီးပုံကြီးဟာ ရဟန္တာတို့ရဲ့ စုတိစိတ်တိုင်အောင် မပြတ်တမ်း
လောင်ကျွမ်းပြီးနေပေမှာပဲ ၊ အဲဒီကနောက်မှ လောင်စာသိမ်း မီးငြိမ်းမှာ။
ရုပ်နာမ်တို့ရဲ့သဘာဝ ခဏတိုင်းမှာ ဇာတိ ဇရာ မရဏဆိုတာ ရှိမြဲပါ ၊
ဇာတိအပြီး မရဏမရောက်ခင် ဇရာဆိုတာ ရှိနေတာပဲ ၊ တနည်းအားဖြင့်ပြောရရင်
ရုပ်နာမ်သဘာဝအရ ဖြစ်ပြီး ပျက်ရတာချည်းပဲ ၊ မပျက်ခင်လေးမှာ
ခဏမျှတည်ခြင်းသဘောဆိုတာ ရှိနေပါတယ် ၊ ဖြစ် တည် ပျက်ပေါ့လေ ၊ ခဏမျှတည်ပြီး
မရဏမီးလက်တွင်း အပ်နှင်းကြရတာဖြစ်တော့ အဲဒီခဏမျှတည်နေခြင်း
ဖြစ်ခြင်းဇာတိအပြီး ဇရာခဏကို ဇရာမီးလို့ပဲ ခေါ်ရပါတော့တယ် ၊ ဇာတိမီးမရှိရင်
ဇရာမီးမရှိနိုင် ၊ ဇရာမီးမှ မရှိရင် မရဏမီးလဲ မရှိနိုင်ပါ ၊
ပထမဇာတိမီးရှိလို့ ဒုတိယဇရာမီးထလောင် ၊ ဒုတိယဇရာမီးရှိလို့သာ မရဏမီး
ရှိကြတာပါ ၊ ဒီလို ဇာတိ ဇရာ မရဏမီး ခဏမပြတ် လောင်မြိုက်နေတာကို
ဝိပဿနာယောဂီများမှာသာ သိမြင် သဘောပေါက်နိုင်ပါတယ် ၊ တကယ့် သာသနာတော်တွင်း
တရားပါ ၊ တကယ် ရှိတဲ့တရားကို အမှန်သိမြင်နိုင်ဖို့ ၀ိပဿနာတရားကို
အားထုတ်ကြပါစို့..။Credit to
No comments:
Post a Comment