ဒွါရခြောက်ပေါက် မောဟမီးတောက် ငြိမ်းပျောက်စေနိုင်တာ ၀ိပဿနာ
လောဘမီးနဲ့ ဒေါသမီးလောင်ကျွမ်းတဲ့အခါမှာ
သိသာမြင်သာလှပေမယ့် မောဟမီး လောင်နေတာကတော့ တယ်ပြီးမသိသာ မထင်ရှားလှပါ ၊
ဆိုကြပါစို့ ၊ လိုချင် ရချင် သွားချင် ရောက်ချင် ဖြစ်ချင်ဇော လွန်ကဲပြီး
လောဘမီးအလောင်ခံရတဲ့ပုဂ္ဂိုလ်မှာ အိပ်မပျော်နိုင်ပါ ၊ စိတ်ညစ် စိတ်ဆိုး
ပူဆွေးမှုလွန်ကဲ ဒေါသမီး အိုးပေါက်ကွဲ လောင်မြိုက်နေရတဲ့အခါမှာလဲ နေမထိ
ထိုင်မသာ အိပ်လို့ မပျော်နိုင်ပါ ၊ အဲဒီလိုပဲ သူတို့ရဲ့လောင်ပုံက သိသာ
မြင်သာရှိလှပါတယ် ၊ မောဟမီးကျတော့ ဖွဲမီးလိုပဲ လောင်နေမှန်းတောင်
မသိလိုက်တာက များပါတယ်။
မျက်စိဒွါရမှာ မောဟမီးလောင်ပုံကို ကြည့်ကြပါစို့ ၊
အဆိုးကြီး အကောင်းကြီးလဲ မဟုတ်လှတဲ့ မကောင်းတကောင်း သက်ရှိသက်မဲ့
အဆင်းရူပါရုံ တစ်ခုခုကို တွေ့မြင်ရ တဲ့အခါမှာ မောဟမီးလောင်တတ်ပါတယ် ၊
မောဟဆိုတာ အမှန်တရားကို မသိ ၊ အမှားကို သိ တွေဝေနေတဲ့သဘောပါပဲ ၊ တကယ်
စင်စစ်မှာတော့ ဒီမောဟဟာ လောဘဒေါသတို့ထက် ကြောက်စရာကောင်းလှပါတယ် ၊ မျက်စိ
နား နှာ လျှာ ကိုယ်စိတ်လို့ဆိုတဲ့ ဒွါရခြောက်ပါး တံခါးခြောက်ပေါက်မှာ
ထင်လာတဲ့ အဆင်း အသံ အနံ အရသာ အတွေ့အထိ ဓမ္မာရုံ တွေအပေါ်မှာ တွေဝေမိန်းမော
အမှန်သဘောကို မသိနိုင်လို့ ဒီမောဟမီးက စပြီးလောင် လိုက်တော့တာပါပဲ ၊
သူလောင်ပြီးမှ လောဘမီး သို့မဟုတ် ဒေါသမီးကို ဆက်ပြီးလောင်
ခွင့်ပြုပေးလိုက်တာ သူပါပဲ ၊
သူမှ မစခဲ့ရင် လောဘနဲ့ဒေါသမီး လောင်ခွင့်ကို
မရှိနိုင်ပါ ၊ မောဟက ပေးအပ်လာတဲ့ အမွေအနှစ်ကို လောဘ သို့မဟုတ် ဒေါသက
ဆက်ခံရယူပြီး လောင်ကျွမ်းမှု ကို ပြုနေရတာပါ ၊ ဒါကြောင့်မို့လို့
ကောင်းတဲ့အာရုံမှာရော မကောင်းတဲ့အာရုံမှာပါ အမှန်တရားကို မသိမှု အမှားကို
သိမှုဆိုတဲ့ ဒီမောဟမီးက ဦးစွာပထမ လောင်ပြီးကာမှ လောဘဒေါသတွေက
နောက်လိုက်ပြီး လောင်နေရတဲ့ အနေအထားမှာ ရှိနေပါတယ် ၊ အဆင်းကို
မြင်ရတဲ့အခါမှာ ရုပ်တရားအဆင်းပဲလို့ မမြင်ဘဲနဲ့ ပုဂ္ဂိုလ် သတ္တ၀ါ မိန်းမ
ယောက်ျား အင်္ဂါခြေလက် လှ မလှ ပညတ်ကြီးအနေနဲ့ မြင်လို့ မောဟမီးက
စလောင်တော့တာပါ ၊ အဆင်းကို အဆင်းမှန်းသိ မြင်ကာမျှတင်ရပ်ပြီး
ထိုထက်အပိုမမြင်စေလိုပါ ၊ အဆင်းကလဲ ဖြစ်ပြီးပျက် ၊ မြင်စိတ်ကလဲ
ဖြစ်ပြီးပျက်နဲ့ ပရမတ်အမြင်သန် ဖြစ်ပျက်မှုမှာ ဥာဏ်သွင်းပြီး ရှုမှတ်လိုက်ရင်
မောဟမီးလောင်ခွင့် မရရှိနိုင်တော့ပါ။
နားသောတမှာ မောဟမီးမဟာ
နေ့စဉ်နဲ့အမျှ အသံကို ကြားနေရပါတယ် ၊ အကောင်းအဆိုး
ရိုးရိုးအသံ ကြား ရတိုင်းမှာ သတိ ပညာ ကင်းမဲ့နေမယ်ဆိုရင်
မောဟမီးလောင်တော့တာပါပဲ ၊ များသောအား ဖြင့် မိမိတို့ နှစ်သက်တဲ့ အသံကို
ကြားရရင် လောဘမီးလောင်ပြီး မနှစ်သက်တဲ့ အသံဖြစ်မယ် ဆိုရင်တော့ ဒေါသမီးက
လောင်လို့ပါပဲ ၊ အလယ်အလတ် မကောင်းမဆိုး ကြားမြဲတိုင်းဖြစ်တဲ့
ရိုးရိုးအသံကိုကြားရတဲ့အခါမှာ ရှုမှတ်မှု မရှိက မောဟမီးက လောင်မြဲ လောင်လျက်
ရှိနေမှာပဲ၊ ကြားရတဲ့အခါမှာ သူက ဘယ်လိုပြောတာပဲလို့ အဓိပ္ပါယ်တွေ
အကျယ်ချဲ့ပြီး ဘာသာပြန် ၊ ငါ့နားနဲ့ ဒီလိုဒီလိုကို ကြားခဲ့ရတယ်လို့
အတ္တဆိုတဲ့ငါစွဲကို ရှေ့တန်းတင် ပညတ်အပေါ်မှာတင်ပဲ စိတ်ကရောက်
အမှန်တရားကင်းပျောက်လို့ မောဟမီး တောက် ရတာပါပဲ။
ဝိပဿနာဥာဏ်ကိန်း မောဟမီးငြိမ်း
ကြားရတဲ့အသံကို အသံပဲလို့သိ ၊ ဒီအသံတွေကလဲ
အက္ခရာတစ်လုံးချင်း တန်းစီသီကုံးထားလို့ ၀ါကျတစ်ခုဖြစ်ပြီး အဓိပ္ပါယ်
ဖော်ဆောင်ကြတာပါ ၊ နားမှာ ကြားနေရတဲ့ ဒီအသံတွေကို စူးစူးစိုက်စိုက်
ရှုမှတ်လိုက်မယ်ဆိုရင် အက္ခရာတစ်လုံးချင်း လျင်မြန်စွာ ဖြစ်ပေါ်
ချုပ်ပျောက်သွားတာကို သိနိုင်ပါတယ် ၊ နာမည်ကြီး ဆိုင်းဆရာက ဆိုင်းကြီးကို
လျင်မြန်စွာ တီးသလို မထမအသံ ဖြစ်ပြီးပျက် နောက်တခါ ဒုတိယအသံ နောက်ကလိုက်
ဒီလိုနဲ့ပဲ ရှေ့အသံပျောက်ပြီး နောက်အသံပေါ် လျင်မြန်စွာနဲ့ အသံတွေဟာ
ပေါ်ပျောက် ပေါ်ပျောက် ရှိနေခြင်းမျှသာပဲ ၊ အသံရဲ့ဖြစ်မှု ပျက်မှု
အစီအရီတွေအပေါ်မှာ ဥာဏ်ရောက်သွားမယ်ဆိုရင် မောဟလောင်မီး လောင်ဖို့အချိန်ကို
မရှိနိုင်တော့ပါဘူး ၊ ဥာဏ်ဆိုတာ အမောဟကို ပြောတာပဲ ၊ အမောဟဆိုတာ
မောဟရဲ့ဆန့်ကျင်ဘက်ပဲ ၊ သတိတရား ရှေ့ထားပြီး နောက်နားက ဥာဏ်က ကပ်ပါပြီး
ရှိနေမယ်ဆိုရင် မောဟဖြစ်ဖို့ အခွင့်အလမ်း လုံးဝမရှိနိုင်တော့ပါ ၊ ဒါကြောင့်
ကြားတိုင်းကြားတိုင်းမှာ သတိပညာ အမြဲကပ်ပါနေဖို့ အလေ့အကျင့်လုပ်
ပွားများအားထုတ်ပေးသွားမယ်ဆိုရင် မောဟမီး လောင်ခွင့်မရှိ ၊ အစွယ်အပွား
လောဘဒေါသမီးများလဲ လောင်ခွင့် မရှိနိုင်တော့ပါ။
နှာခေါင်းပေါက်က မီးမောဟ
မိမိတို့ နေထိုင်ရာ အလုပ်လုပ်ရာ ဖြတ်သန်းသွားလာရာ
ချက်ပြုတ်ရာ နေရာ ဌာနတွေမှာ ကောင်းတဲ့အနံ့ မကောင်းတဲ့အနံ့ ရှိနိုင်သလို
မသိမသာ အနံမျိုးတွေဆိုတာလဲ ရှိတတ်စမြဲပါ ၊ ဘယ်လောက်ပဲ အနံ့တွေဆိုးဆိုး
ကောင်းကောင်း ကြာတော့လဲ ကျင့်သာရပြီး ယဉ်သွားတော့တာပါပဲ ၊ အဲဒီအပေါ်မှာ
အာရုံစူးစိုက်မှု မပြုတော့ဘဲ ဘာသိဘာသာ နေလိုက်တယ်ဆိုရင် တွေဝေမှုဆိုတဲ့
မောဟမီးလောင်ဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်သွားမှာပဲ ၊ မဆိုးမကောင်း
မသိမသာ အနံ့မျိုးဆိုရင် လျစ်လျူရှုပစ်တာက များတတ်လို့ တွေဝေမှု မောဟဖြစ်ဖို့
စံချိန်က များနေပါတယ် ၊ ဒီလိုပါပဲ ၊ မောဟမီးဆိုတာ ၀ုန်းကနဲ ထတောက်တတ်တဲ့
ကောက်ရိုးမီး မဟုတ်ဘူး ၊ အမြေ့မြေ့နဲ့ လောင်ကျွမ်းနေတဲ့ ဖွဲမီးနဲ့ တူပါတယ် ၊
မီးခိုးတထောင်ထောင် မီးတောက်မီးလျံ တ၀င်းဝင်း လောင်ကျွမ်းနေတာ မဟုတ် လို့
အသိရခက်နေပါတယ် ၊ ပညာနဲ့ အနီးကပ် ဂရုစိုက်ပြီး မကြည့်မိရင်
လောင်အားကောင်းပြီး တာရှည်တတ်ပါတယ် ၊ လောဘမီးနဲ့ဒေါသမီးထက် ငြိမ်းသတ်ဖို့
ခဲယဉ်းတယ်လို့ ဆိုရမှာပဲ။
နှာခေါင်းပေါက်ကမောဟမီး ငြိမ်းသတ်နည်း
နှာခေါင်းပေါက်က မောဟမီး မလောင်ရအောင် သတိဆောင်ပြီး
ထားရပါ့မယ် ၊ ကျင့်သားရပြီးဖြစ်တဲ့ အနံ့အပေါ်မှာရော မသိသာ မထင်ရှားလှတဲ့
အနံ့တွေအပေါ်မှာပါ လုံးလစိုက်လို့ သတိထားပြီး ဥာဏ်နဲ့ရှုကြည့်လိုက်မယ်ဆိုရင်
အနံ့ဆိုတာ ပုဂ္ဂိုလ် သတ္တ၀ါ မဟုတ် ၊ ပုံသဏ္ဍာန်အနေနဲ့လဲ ရှာမရပါဘူး ၊ အမြဲတမ်း
တည်ရှိနေတဲ့ အနံ့လဲ မဟုတ်ပါဘူး ၊ အနံ့တွေ တစ်နံ့ပြီးတစ်နံ့
ဆက်ပြီးထွက်နေတာတောင်မှ မိမိရဲ့ဘက်ကို လေက တိုက်လာပါမှ အနံ့ကို ရှုရတာပါ ၊
နံ့တဲ့ အရာဝတ္ထု မီးစာတွေ ရှိနေလို့သာ အနံ့က ရှိရတာပါ ၊ အကြောင်းရှိလို့
အကျိုးထင်ခြင်းမျှပါပဲ ၊ အကြောင်းကုန်ဆုံးပျောက်ပျက်သွားရင် အကျိုးလဲ
ပေါ်လာနိုင်စရာ မရှိပါ ၊ အနံ့ကို သိနေတဲ့ စိတ်ကလဲ တစ်စိတ်ပြီးတစ်စိတ်
ဖြစ်ပြီး ပျက် သိပြီး ပျက်ပဲ မဟုတ်ပါလား ၊ ဒီလိုနဲ့ နံ့သိပျက် နံ့သိပျက်
သဘောကို ရှုမြင်နိုင်လိုက်မယ်ဆိုရင် အနံ့ရတိုင်း ပညာက ဖြစ်နေတာပဲ ၊ ပညာဆိုတာ
အမောဟပါပဲ ၊ မတွေဝေဘူး ၊ အမှန်တရားကို သိနေခြင်းပါ ၊ သိနေရှုနေသမျှ
မောဟမီးလောင်ခွင့်ကို မရနိုင်တော့ပါ ၊ အင်မတန် ကောင်းတဲ့ မီးသတ်ကိရိယာ
တန်ဆာတစ်ခုပါပဲ။
လျှာပေါက်က မီးမောဟ တရွရွ
စားသောက်ရတာ ခံတွင်းတွေ့တော့ လောဘမီး ဆွေ့ဆွေ့လောင် ၊
စားသောက် မကောင်းတဲ့ အခါများကျပြန်တော့ ဒေါသမီးက တဖွားဖွား ၊ သတိလက်လွတ်
စားသောက် တိုင်းမှာ မောဟမီး တဖြတ်ဖြတ် မပြတ်လောင်မြိုက်ခံကြရတယ် ၊
စားသောက်နေကျ အာဟာရတွေမို့ စိတ်လှုပ်ရှားလောက်အောင် သိပ်ပြီး
ကြိုက်လှတယ်လို့ မဟုတ်သလို စားသောက်ရတာ မကောင်းလို့ သိပ်ကြီး
စိတ်ပျက်ရလောက်အောင် မဖြစ်တဲ့ အနေအထားမှာ မသိမသာလေးနဲ့ မောဟမီးက
လောင်နေတာပါပဲ ၊ စားသောက်နေတုံး စိတ်ကူးတွေယဉ် အပြင်ဗဟိဒ္ဓမှာ
စိတ်တွေတောင်ရောက် မြောက်ရောက် စားသောက်နေတဲ့အပေါ် စူးစိုက်မှု စိတ်ဝင်စားမှု
မရှိ အရသာကိုတောင် မသိလိုက်နိုင်တဲ့အခါလဲ ရှိသေး ၊ အဲဒီလို အနေအထား
မျိုးမှာဆိုရင်လဲ မောဟမီးက လောင်မြဲလောင်လျက်ပဲ ၊ စားသောက်နေတုံး နာရီဝက်
တစ်နာရီလောက် အချိန်ကုန် ၊ စားပွဲခုံပေါ်ရှိ အစားအသောက်တွေကသာ အကုန်ပြောင်
သတိ ပညာကင်းကွာ စားသောက်ကြမယ်ဆိုရင် အချိန်ရော အစားအသောက်ပါ သိပ်ပြီး
နှမြောဖို့ ကောင်းလှပါလိမ့်မယ် ၊ ၀မ်းဗိုက်ကသာ ပြည့်ပြီး အနှစ်ကင်းမဲ့
သတိပညာမဖက်တဲ့ စားသုံးနည်း မောဟမီးရဲ့လောင်စာ အကျိုးဆိုလို့ ဗလာနတ္ထိ
ဖြစ်ရှိနေမှာပဲ။
လျှာပေါက်က မောဟမီး ငြိမ်းသတ်နည်း
တစ်နေ့တစ်နေ့ကို ၄-၅-၆ကြိမ်မျှ စားကြ သောက်ကြနဲ့
ခန္ဓာကိုယ်ကြီးကို ဆီးဖြည့် ဆေးကု ပြုစုပေးနေကြရတယ် ၊ သတိလက်လွတ်
ရှုမှတ်မှုမပါ စားကြ သောက်ကြမယ် ဆိုရင်တော့ မောဟမီး တလှိုက်လှိုက်
လောင်မြိုက်ပြီးနေမှာပဲ ၊ ဘုရားပေးတော်မူတဲ့ နည်း အသုံးချ သတိ သမ္ပဇညနဲ့
စားသောက်နိုင်ကြမယ်ဆိုရင် မောဟမီး လောင်ခွင့် မရှိပါ ၊ စားနည်းသောက်နည်း
နိသျည်းတွေကတော့ အင်မတန်မှ လွယ်ကူလှပါတယ် ၊ အလေ့အကျင့် လုပ်ပေးဖို့သာ
လိုတာပါ ၊ အနည်းဆုံး စားတိုင်း သောက်တိုင်း ၀ါးမျိုတိုင်းမှာ သတိလေးကပ်
ရှုမှတ်ပေးသွားရုံပါ ၊ ၀ါးနေရင်းလဲ ၀ါးမှန်းသိ ၊ သောက်နေရင်းလဲ သောက်မှန်းသိ
၊ မျိုနေ ရင်းလဲ မျိုမှန်းသိ ၊ သတိကပ် ရှုမှတ်နိုင်မယ်ဆိုရင် ၀ါးချင်
သောက်ချင် မျိုချင်တဲ့ စိတ်အဆင့် ဆင့် ကြောင့် ၀ါးမှု သောက်မှု မျိုမှု
အမူအရာတွေ ဆက်ခါဆက်ခါ လှုပ်ရှား ဖြစ်ပျက်နေရ တာလို့ ရှင်းရှင်းကြီး
သိမြင်နိုင်ပါတယ်၊ ရှုမှတ်တိုင်းမှာ ၀ါးချင် စားချင် သောက်ချင်တဲ့ စိတ်ဆို
တဲ့ နာမ်တရားနဲ့ လှုပ်ရှားနေတဲ့ ပါးစပ် လျှာ သွားဆိုတဲ့ ရုပ်တရား ၊
ဒီနာမ်ရုပ်နှစ်ပါးမျှသာ ရှိပါပေါ့လားဆိုတာလဲ ကွက်ကွက်ကွင်းကွင်း
သိမြင်နိုင်ပါတယ် ၊ နာမ်ရုပ်အစဉ်မျှသာ ကြောင်းကျိုးဆက်စပ် မပြတ်
ဖြစ်ပျက်နေတာကို ပိုပိုပြီ သိလာရလေပါပဲ ၊ အသိတစ်လုံးဝင်လို့ မောဟစင်ရတာပါပဲ
၊ မောဟမီး မလောင်တော့ရင် လောဘဒေါသမီးတွေလဲ ပြောင်တော့ တာပါပဲ ၊ ဒါကြောင့်
စားတိုင်း သောက်တိုင်းမှာ သတိကပ် ရှုမှတ်နိုင်အောင်သာ အလေ့အကျင့် ပြုပေးဖို့
လိုပါတယ် ၊ ဘယ်အရာမဆို အလေ့အကျင့် ရသွားတယ်ဆိုရင် ခက်ခဲတယ်ရယ်လို့
မရှိတော့ပါဘူး ၊ အလေ့အကျင့် မရှိလို့ မေ့မေ့နေတတ်တယ်ဆိုတာ မောဟပဲ
မဟုတ်ပါလား ၊ လေ့ကျင့်မပြတ် သတိကပ် ရှုမှတ်ပေးဖို့သာ လိုပါတော့တယ် ၊
တစ်နေ့ကို သုံးလေးကြိမ် ၊ တစ်ကြိမ်တစ်ကြိမ်မှ ၃-၄ဆယ်မိနစ် နှစ်ရှည်လများ
တစ်သက်တာ ကာလပတ်လုံး စားသုံးတတ်အောင် ပြုလုပ် ကျင့်ဆောင်သွားမယ်ဆိုရင်
ကုသိုလ်တွေ အများကြီးရ ဘာဝနာတရားတွေ အပါးဝ ဒီဘ၀မှာတင် တရားထူးရယူနိုင်ခွင့်
ရှိနေပါတယ် ၊ ဒီလိုသာ သတိကပ် ရှုမှတ် စားသောက်သွားမယ်ဆိုရင် အသက်ရှည်ကြာ
စားသောက်နေရတာနဲ့အမျှ စားသောက်နေတုံးခဏမှာပင် မဂ်ပေါက်ဖိုလ်ဝင်
နိဗ္ဗာန်မြင်နိုင်တဲ့အထိ အကျိုးရှိသွားစေနိုင် ကြောင်းပါဗျာ .
စားသောက်တတ်အောင် လေ့ကျင့်ပေးပါလို့ပဲ တိုက်တွန်းလိုက်ပါရစေ...။
ခန္ဓာကိုယ်မှ မီးမောဟ လောင်ပါမကြာခဏ
မိမိတို့ရဲ့မျက်နှာ ခန္ဓာကိုယ်က ဘယ်လောက်ပဲ
အရုပ်ဆိုးနေနေ ဘယ်လိုပဲ အိုရုပ်တွေ ပေါက်ပေါက် နေ့ဆက်ရက်စဉ်
မွမ်းမံပြုပြင်လို့မဆုံး မှန်ကြည့်လို့ မမုန်းနိုင် မမောနိုင်
ပြုံးနိုင်ကြတုံးပါပဲ၊ ကိုယ်ကာယ မျက်နှာအလှပြင် အနိစ္စနဲ့အသုဘ တရားပြနေတာကို
လုံးဝ မမြင်နိုင်တာက မောဟမီး လောင်နေတာပါပဲ ၊ မမြဲတဲ့ ခန္ဓာကိုယ်မို့
မမြဲတဲ့ လက္ခဏာကို ပြမြဲ ပြပါလျက် မောဟမီးလောင်နေလို့ မြင်အောင်
မကြည့်နိုင်ပဲ ဖြစ်ရတယ် ၊ ဒီအသုဘ ခန္ဓာကိုယ် ကြီးတော့ဖြင့် မွေးတဲ့နေ့က
စပြီး သေတဲ့နေ့အထိ ဒွါရ ၉-ပေါက်ကနေပြီးတော့ တစ်နေ့မပြတ် ယိုစီး အန်ထုတ်
ထွက်ပေါ်လာတဲ့ မတင့်တယ်ဖွယ်ရာ အညစ်အကြေးတွေကို သုတ်သင် သန့်ရှင်း
ဆေးကြောနေရတာကိုလဲ မမောနိုင် မပန်းနိုင် မငြီးငွေ့နိုင် ဖြစ်နေကြတယ်
မောဟရဲ့ လက်ချက်ပဲ မဟုတ်ပါလား ၊ နှစ်ရှည်လများ ခန္ဓာကိုယ်ကြီးကို
သုတ်သင်ပေးရတာ ၊ အညစ် အကြေးစွန့်ထုတ်ပေးရတာ ၊ ရေမိုးချိုးပေးရတာ ၊
မျက်နှာသစ် သွားတိုက်ပေးရတာ ငြီးငွေ့ လှပြီလို့ ညည်းငြူသူ မရှိသလောက်ပါပဲ ၊
ခန္ဓာကျွန်လုပ်နေရတာကိုပဲ ပျော်ပိုက်နေ သလို တောင် ရှိသေး ၊ အမှန်တရား
မသိတဲ့ ဒီမောဟက တယ်ဆိုးလှပါလား ၊ ခန္ဓာကိုယ် အတွက် ၀ယ်ယူသုံးဆောင်ထားတဲ့
အ၀တ်အစား ဥစ္စာပစ္စည်း နေရာထိုင်ခင်း အတွေ့အထိ စတာ တွေဟာ ဘယ်လောက်ပင်
ကြာညောင်း ဟောင်းနွမ်း ယိုယွင်းနေပေမယ့်လို့ မသိမသာနဲ့ သာယာ ကျေနပ် နှစ်သက်
အားကျနေတာချည်းပဲ ၊ မောဟတရားရဲ့ဖုံးကွယ်မှုကြောင့် အမှန် တရားကို
မမြင်နိုင် ၊ ဓမ္မဘက်ကို မလှည့်နိုင်ကြဘူး ၊ နေ့စဉ်နဲ့အမျှ
မောဟမီးလောင်ကျွမ်း နေတာကို မသိမမြင်နိုင်တော့ မီးပုံကို
တိုးဝှေ့ဝင်ရောက်နေကြတဲ့ ပိုးဖလံပမာလို ဖြစ်ကြရရှာ ပါတော့တယ်။
ခန္ဓာကိုယ်မှ မီးမောဟ ငြိမ်းသတ်ကြ
ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး သတိမထား ရှုမှတ်ပွားများမှု
မရှိရင် မောဟမီးက လောင်တော့တာပါပဲ ၊ အိပ်ရာထချိန်မှ အိပ်ရာဝင်
အိပ်ပျော်သွားတဲ့အချိန်ထိ ခန္ဓာ ကိုယ်ကြီး ထိတွေ့ လှုပ်ရှား သွားလာ ဆန့်ကွေး ၊
ပူနွေး အေးစက် သက်တောင့်သက်သာ ရှိ မရှိ အဖြစ် သနစ်တွေမှန်သမျှ သတိထားပြီး
ရှုမှတ်ပေးရပါ့မယ် ၊ ထိတွေ့ လှုပ်ရှားစသည်များကို ပစ္စုပ္ပန် ကျကျ
ရှုမှတ်တိုင်းမှာ မိန်းမ ယောက်ျား သူ ငါ ခြေလက်သည် မမြင်တော့ဘဲ ရုပ်တရားနဲ့
နာမ်တရားမျှသာ အမှန်တကယ် ရှိပါတယ်ဆိုတာ မြင်တွေ့ရပါလိမ့်မယ် ၊
ရုပ်တရားဆိုတာ သိတတ်တဲ့သဘော မရှိဘဲ စိတ်ဆိုတဲ့ နာမ်တရားရဲ့အလိုကျအတိုင်း
ဆိုင်ရာဆိုင်ရာ ရုပ်ခန္ဓာတွေရဲ့အပိုင်းမှာ ၀ါယောဓာတ်လို့ဆိုတဲ့ လေက
ပြန့်နှံ့ပြီး လှုပ်ရှား သွားလာ ကွေးခြင်း ဆန့်ခြင်းအမှုတွေ
ဖြစ်ပေါ်နေရခြင်းပါပဲ ၊ ဖြစ်စေလိုတဲ့ စိတ်ဆိုတဲ့ နာမ်တရားတွေရဲ့ အဆင့်ဆင့်
ဖြစ်ပေါ်လာမှုကြောင့် လှုပ်ရှားသွားလာ ဆန့်ခြင်းကွေးခြင်းစတဲ့ ရုပ်တရားတွေ
အဆင့်ဆင့် ဖြစ်ပေါ်လာရတဲ့ သဘောပါပဲ ၊ ဒီလိုအမှန်တကယ်ရှိတဲ့ ရုပ်တရားကို
နာမ်တရား ဆိုတဲ့စိတ်က သိသိနေသမျှ အမောဟလို့ဆိုတဲ့ ဥာဏ်က ဖြစ်ဖြစ်နေတာပဲ ၊
အသိ, ဥာဏ်, ပညာ, ၀ိဇ္ဇာ, အမောဟဆိုတာ အဓိပ္ပါယ်တူတွေပါ ၊ ဒါကြောင့်
အမှန်ရှိတရားကို သိနေသမျှ အမောဟပါပဲ ၊ အမောဟဆိုတာ တွေဝေမှုမရှိ
အမှန်သိဆိုတာပါပဲ ၊ အမောဟ ဆက်ခါမပြတ် ဖြစ်နေကာမှတော့ မောဟလို့ဆိုတဲ့
အမှန်တရားအပေါ်မှာ တွေဝေနေမှု မသိမှု ပုဂ္ဂိုလ် သတ္တ၀ါ မိန်းမ ယောက်ျား
ခြေလက်အင်္ဂါအနေအားဖြင့် အမှားသိနေမှု အဖြစ်မှ ကင်းဝေးရပါတော့ တယ် ၊ အဲဒီအမှန်
မသိ ၊ အမှားသာ သိနေတဲ့ မောဟတရားကြောင့် လိုချင်မှုဆိုတဲ့ လောဘမီး တွေတောက်
စိတ်ဆိုးစိတ်ကောက် အလိုမကျခြင်းလို့ဆိုတဲ့ ဒေါသမီးတွေ တောက်လျှောက် လိုက်လာ
လောင်ကျွမ်းတော့တာပါပဲ ၊ ဒါကြောင့် အဦးအစ မောဟမီး အလောင်မခံရအောင်
အမြဲမပြတ် သတိကပ်ပြီး ရှုမှတ်ပွားများအားထုတ်ကြပါစို့...။
နှလုံးအိမ်မှ မီးမောဟ
မျက်စိ နား နှာ လျှာ ကိုယ်မှ မောဟမီးလောင်ပုံနဲ့
ငြိမ်းသတ်ပုံကို အကျဉ်းမျှ တင်ပြပြီးတဲ့နောက်မှာ နှလုံးအိမ်မှာ
မောဟမီးလောင်ပုံကို ဆက်ပြီးတင်လိုပါတယ် ၊ နှလုံး အိမ်မှ
မောဟမီးတောက်ကတော့ဖြင့် တဖြောက်ဖြောက် တဖြန်းဖြန်းနဲ့ လောင်ကျွမ်းမှု
အသန်ဆုံးပါပဲ ၊
လူတွေက သိပ်ပြီး စိတ်ကူးယဉ်တတ်ကြပါတယ် ၊ အတိတ်က
ကြုံတွေ့ ဖြတ် သန်းလာခဲ့ရတဲ့ အကောင်းအဆိုးအဖုံဖုံ ဘ၀ဇာတ်ခုံမျိုးစုံကို
အပ်ကြောင်ထပ်အောင် ပြန် ပြောင်းစိတ်ကူးလို့ ကြည်နူးဝမ်းသာဖြစ်ရလိုက်
စိတ်ထိခိုက်ဖွယ် နာကျည်းဖွယ် ၀မ်းနည်း ဖွယ်ရာတွေ ဖြစ်လိုဖြစ်နဲ့
ပစ္စုပ္ပန်မှာ ဖြစ်ပေါ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ်ခန္ဓာအကြောင်း မသိနိုင်
မမြင်နိုင်ရှာကြပါ ၊ အတိတ်အကြောင်း ပြန်ပြောင်းသတိရ စမြုံ့ပြန်လို့
ပြီပြန်းတော့ အနာဂတ် အရေးကို မျှော်တွေးပြီး ကြံပြန်ပါပြီ ၊ မဖြစ်ပေါ်သေးတဲ့
အဖြစ်အပျက် အခြေအနေကို မှန်းမျှော် ကြံဆပြီး ပူဆွေးရ စိုးရိမ်ရနဲ့
စိတ်ဒုက္ခကို ကြိုတင်ရယူ ဖန်တီးယူတတ်ကြပါတယ် ၊ တခါ တလေကျပြန်တော့ လေထဲမှာ
တိုက်အိမ်ဆောက်လို့ စိတ်ကူးတွေယဉ်လိုက်တာလဲ ပြော မနေနဲ့တော့
ဘေးပတ်ဝန်းကျင်တွေကိုလဲ မေ့ ၊ ကိုယ့်နာမည်ခေါ်တာကိုတောင် မကြား နိုင် ၊
မောဟစိတ်တွေ အကြီးအကျယ်ဖြစ် ၊ ပျံလွင့် ယုံမှားစိတ်တွေ ထင်တိုင်းကြဲ
ကိုယ်နဲ့စိတ် မကပ် နိုင်တော့ဘဲ ပြာပုံလေတိုက်လိုက်သလို စိတ်တွေက
တောင်ရောက်မြောက်ရောက်လို့ ပါပဲ ၊ ဒါဟာ ဖြစ်ပေါ်ဆဲ ရုပ်နာမ်ဓမ္မ သဘာဝတွေကို
မသိနိုင် မမြင်နိုင်ဘဲ မောဟဆိုတဲ့ ကိလေသာ မီး ဖိစီးလောင်ကျွမ်းနေခြင်းပါပဲ
မဟုတ်ပါလား။
နှလုံးအိမ်မှ မီးမောဟ ကင်းပစေရမည်
နှလုံးအိမ်မှ မောဟမီးကို သတိပဋ္ဌာန်နည်းနဲ့
ငြိမ်းသတ်ပစ်ရမယ် ၊ အမှန်တရား တွေကို မမြင်သမျှ မသိသမျှ ၊
ရှုမှတ်သိမြင်သင့်တဲ့ ရုပ်နာမ်သဘာဝတွေကို ရှုမှတ်သိမြင်ဖို့ မေ့မေ့နေကြတာကလဲ
မောဟရဲ့ လက်ချက်ပါပဲ ၊ ဒါကြောင့်မို့လို့ နှလုံးအိမ်မှ မောဟမီး
အလောင်မခံရအောင် မိမိရဲ့စိတ်ကို မပြတ်ကြည့်ရှုပေးပါ ၊ ဒီမျောက်စိတ်ကို
လက်လွတ်စပယ် လွှတ်မထားသင့်တာ အမှန်ပါ။
နေ့စဉ်ဘ၀မှာ အာရုံကောင်းနဲ့ နေနိုင်အောင်
လေ့ကျင့်ပေးရမယ် ၊ စိတ်ကို အအားမပေးဘဲ မိမိတို့ အလွတ်နှုတ်တက်ရထားတဲ့
သံဝေဂဂါထာတွေ ဘုရားစာတွေ ပရိတ်တွေ ပဋ္ဌာန်းတွေကို ရွတ်ဆိုလို့ သတ္တ၀ါတွေ
ကျန်းမာချမ်းသာအောင် မေတ္တာပို့သလို့ နေနေသမျှ ကုသိုလ်တွေ
တပုံကြီးရတော့တာပါပဲ ၊ ဒါဟာ အာရုံကောင်းမှာ စိတ်ကိုသွင်းထားလိုက်တဲ့
သဘောပါပဲ ၊ တစ်နည်းအားဖြင့် ပြောရရင် မိမိရဲ့စိတ်ထဲမှာ အာရုံကောင်းတွေ
သွင်းထားပေးလိုက်တဲ့သဘောပါ ၊ ဒီလိုဆို စိတ်တွေပျံ့လွင့်တွေဝေမှုမရှိ ၊
မောဟမီး လောင်ငြိစရာ အကြောင်း မရှိနိုင်တော့ပါ၊ ဒါတွေဟာ လူတိုင်းလူတိုင်း
လုပ်နိုင်တဲ့ ကိစ္စပါပဲ ၊ ဒါပေမယ့်လို့ မေ့တတ်တာရယ် အလေ့အကျင့်မရှိလို့
မလုပ်ဖြစ်တာရယ်ကြောင့် တန်ဘိုးရှိတဲ့ အချိန်ကို အသုံးမချနိုင်ကြဘဲ
ကုန်လွန်ကြရတယ် ၊ တန်ဘိုးရှိတဲ့ ဘ၀ကို ရရှိပြီး ဖြစ်နေတဲ့ ဒို့တတွေဟာ
တန်ဘိုးရှိလှတဲ့ တရားကို ရရှိအောင် ကြိုးစားသင့်လှပါတယ် ၊ နှလုံးသားမှာ
မောဟမီး အလောင်ခံပြီး စိတ်ကူးယဉ် ပျော်ပိုက်နေလို့ မသင့်တာ အမှန်ပါ ၊
မောဟမီး မလောင်ရလေအောင် အကောင်းတကာ့ အကောင်းဆုံးကတော့ ပစ္စုပ္ပန်မှာ
ဖြစ်ပေါ်လာနေတဲ့ ထင်ရှားတဲ့ ရုပ်တရား နာမ်တရားတွေကို မပြတ်တမ်း
ရှုမှတ်နေခြင်းပဲ ဖြစ်ပါတယ် ၊ တရံမဆဲ အမြဲမပြတ် ဖြစ်ပျက်နေတဲ့ ရုပ်နာမ်ဓမ္မ
ဒုက္ခသစ္စာ အမှန်တရားကို သိသိပြီးနေခြင်းဟာ မဂ္ဂသစ္စာကို ပွားများနေခြင်းပါ ၊
ဒုက္ခတရားကို ရှုမှတ် သိမြင်ပေးနေသမျှ မောဟမီးတွေ ခဏငြိမ်း ခေတ္တငြိမ်းရာကနေ
ထာဝရငြိမ်းတဲ့အထိ ဖြစ်သွားနိုင်ပါတယ် ၊ လေ့ကျင့်ပွားများ
အားထုတ်ကြပါစို့.....။
No comments:
Post a Comment