@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။
Sunday 8 June 2014
မီး(၁၁)ပါး ၂၊ဒေါသမီး
ဒေါသမီးဟုန် ဒွိစက္ခုံ
မျက်စိနဲ့ပတ်သက်ပြီး လောဘမီး
မျက်စိအစရှိတဲ့ ဒွါရခြောက်ပေါက်မှာ လောဘမီးလောင်ကျွမ်းပုံနဲ့ ၄င်းကို ငြိမ်းသတ်ပုံအကြောင်း ဆွေးနွေးတင်ပြပြီးတဲ့နောက်မှာ ဒွါရခြောက်ပေါက်မှာ ဒေါသမီး လောင်ပုံကို တင်ပြဆွေးနွေးလိုပါတယ် ၊ မီးမလောင်ရလေအောင် မျက်စိကို ပိတ်ထားလို့လဲ မဖြစ်နိုင်တဲ့ကိစ္စပါပဲ ၊ လိုအပ်လွန်းလို့ မျက်စိနှစ်လုံးအထိ ရှိပေးနေရတယ် ၊ ပညာရှိရှိ တန်ဘိုးသိသိနဲ့ အသုံးချတတ်ရင် သိပ်ကို အကျိုးများလှပါတယ် ၊ အသုံးမချတတ်လို့ကတော့ ကိလေသာမီးတွေသာ တောက်ပြီး နောက်ဆုံးမှာတော့ ငရဲမီးတွေ အလောင်ခံရတဲ့အထိ ဖြစ်သွားစေနိုင်ပါတယ် ၊ သာဓကတခုလောက် ထုတ်ပြချင်ပါတယ် ၊ ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဗိုလ်လုပွဲကို များသောအားဖြင့် အမေရိကန်နိုင်ငံ ၊ နေဗားဒါးပြည်နယ် ၊ လတ်ဗေးဂတ်စ်မြို့ရှိ အကြီးဆုံး ဟိုတည်တစ်ခုခုမှာ ကျင်းပပြုလုပ်လေ့ရှိတတ်ပါတယ် ၊ အနီးကပ် ရှေ့တန်းထိုင်ခုံ မှာ နေရာရရှိဖို့အတွက် ဒေါ်လာပေါင်း ထောင်ချီ သောင်းချီပြီး ၀ယ်ယူကြရပါတယ် ၊ မိုက်ရူးရဲ တဲ့ စိတ်ဓာတ်ပဲလို့ ဆိုရတော့လေမလား မပြောတတ်တော့ပါဘူး ၊ အပြောမှားရင်လဲ ခွင့်လွှတ်ပါလို့တောင်းပန်ပါရစေ၊ ကမ္ဘာ့လက်ဝှေ့ချန်ပီယံဗိုလ်လုပွဲဆိုတာ တကယ့်သူသတ်ပွဲ အစစ်ပါပဲ စည်းမျည်းစည်းကမ်းနဲ့ အညီ အပြစ်လွတ် ထိုးကြိတ်သတ်ဖြတ်နိုင်တဲ့ မိုက်ရူးရဲပွဲပဲ လို့ ခေါ်ရမှာပဲ။
သတိပညာကင်းမဲ့နေလို့ကတော့ မိမိတို့ မကြိုက် မနှစ်သက်တဲ့အမြင်အာရုံနဲ့ တွေ့ကြုံရတဲ့အခါမှာ ဒေါသမီး ဟုန်းကနဲ ထတောက်တတ်ပါတယ် ၊ ဒီဒေါသမီးရဲ့ အကျိုးဆက်အနေနဲ့ ပြဿနာပေါင်းစုံ ဒုက္ခမျိုးစုံအောင် တွေ့ကြုံခံစားကြရပါတော့တယ် ၊ ဒါကြောင့်မို့လို့ မျက်စိဖွင့်တတ်ဖို့ ကြည့်မြင်တတ်ဖို့ လိုအပ်လှပါတယ် ၊ ဒါမှမဟုတ်ရင် ငရဲမီး အလောင်ခံရတဲ့အထိ အကျိုးနဲသွားစေနိုင်ပါတယ်။
ဒေါသမီးလျှံ နားသောတံ
မနှစ်သက်ဖွယ်ရာအသံကို ကြားရတဲ့အခါသမယမှာ ဒေါသမီးလျှံ လောင်ကျွမ်းခံရတာ သတိမဲ့ကင်း သမ္ပဇဉ်မရှိသူတို့ရဲ့ ဓမ္မတာပါပဲ ၊ နေ့စဉ်နဲ့အမျှ မနှစ်သက်တဲ့အသံ ကြားရတိုင်း စိတ်တိုနေရမယ်ဆိုရင် အဘယ်မှာ မင်္ဂလာရှိနိုင်ပါတော့မလဲ ၊ ကြားရုံနဲ့တင် မပြီး ဆက်ပြီးတော့လဲ နားထဲက ကြားယောင် ဒေါသမီးထပ်ကာလောင်နေလို့ကတော့ တန်ဘိုးရှိတဲ့ မိမိတို့ရဲ့အသက်အချိန်ကို အကျိုးမဲ့ ဖြုန်းပစ်လိုက်သလို ရှိပေတော့မှာပဲ ၊၊ ပြောတဲ့သူက မကြာခင်မှာ မေ့ပျောက်သွားလောက်ပါပြီ ၊ မိမိတို့ကသာ လွန်ပြီးဖြစ်တဲ့ အတိတ်ဆီကို မကြာခဏ ပြန်ပြန်ပြီး ရောက်နေတတ်လို့ ဒေါသမီးက မငြိမ်းနိုင်ဘဲ ရှိရတာ ၊ ဒီဒေါသမီးဆိုတဲ့ အဆိပ်သီး ကို ပွေ့ပိုက်ထားသဖြင့် နေမထိ ထိုင်မသာ ဖြစ်နေကြရတယ် ၊ အဲဒီလို မဖြစ်ရအောင် မိမိကိုယ်ကို သနားတတ်ဖို့တော့ လိုပါလိမ့်မယ်။
နှာခေါင်းမှာ မကောင်းနံ့ ဒေါသမီးဟပ်
မကောင်းတဲ့အနံ့ကို ရှုရတဲ့အခါ သတိပညာ ဗလာနတ္ထိ ဖြစ်နေကြရင် ဒေါသမီး ထလောင်တော့တာပါပဲ ၊ သူများအပြစ်တွေထုတ်ပြော တိုင်တောမှုအမျိုးမျိုး အိမ်နီး ချုပ်စပ် တွေနဲ့ ရန်ဖြစ် ရဲကိုခေါ်ရတဲ့အထိလဲ ရှိတတ်ပါတယ် ၊ ကိုယ့်နှာခေါင်းကို ထိန်းကျောင်းမှု မတတ်လို့ ဒေါသမီး ထလောင်လိုက်တာ ပြဿနာကို ရှည်တော့တာပဲ ၊ စားသောက်တဲ့ အခါမှာ မကောင်းနံ့ရတာက တမျိုး ၊ အလုပ်ခွင်မှာ မလွဲမရှောင်သာ ကြုံတွေ့ ရှုရှိုက်ရတာက တဖုံ ၊ သွားရင်လာရင်းမှာလဲ မကောင်းတဲ့အနံ့ကို ရှုလိုက်ရ ၊ အိမ်နီးနားချင်းတွေရဲ့ ချက်ပြုတ် ကြော်လှော်မှုမှတဆင့် ပြင်းထန်တဲ့ အနံ့ကို ရှုလိုက်ရတာတွေ စုံလို့ပါပဲ ၊ မကောင်းနံ့ ရတိုင်း သာ စိတ်မချမ်းမြေ့ ဒေါသမီးလောင်လေ့ ရှိနေလို့ကတော့ မျက်နှာကြီးပုပ်သိုး အရုပ်ဆိုး အကျည်းတန် အရွယ်နဲ့မလိုက် အိုရုပ်ပေါက်မှာ အမှန်ပါ။
စားသောက်ရတာ အားမရ ဒေါသမီးထ
တချို့သော ပုဂ္ဂိုလ်များကဆိုရင် စားမှုသောက်မှုကို အဓိကထားတတ်ကြပါတယ် ၊ စားသောက်မှုနဲ့ပတ်သက်ပြီး နှစ်သက်အားရမှု မရှိတိုင်း မျက်နှာမသာမယာနဲ့ ရှိနေ တတ်ကြပါတယ် ၊ ဒီတခါ စားသောက်မကောင်းလဲ နောက်တခါတော့ ကောင်းလောက်ပါရဲ့၊ ချက်ပြုတ်တဲ့အခါမှာ တခါတလေ မမျှော်လင့်ဘဲနဲ့ အချို အချဉ် အခါး အငန် အစပ် တစ်ခုခု လွန်ကဲသွားစေတာ ဖြစ်တတ်မြဲပါ ၊ ချက်ပြုတ်သူတွေရဲ့ စေတနာကိုလဲ ငဲ့ညှာဖို့ မမေ့သင့်ပါ ၊ မကျေမနပ် ဒေါသမီး လောင်လျက်တန်းလန်းနဲ့ စားသောက်နေရင် အဆီသြဇာဖြစ်ဖို့ ရာခိုင်နှုန်း အင်မတန်မှ နည်းလှပါတယ် ၊ စားနေဆဲ အစားအသောက်ကြောင့်ပဲဖြစ်ဖြစ် ဒိပြင်အကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒေါသမီးလောင်မြိုက်ချိန်မှာ စားသောက်သမျှ အာဟာရတွေဟာ ဒေါသမီးရဲ့ လောင်စာတွေပဲ ဖြစ်ကုန်တော့မှာပေါ့။
ခန္ဓာကိုယ်နဲ့စပ် ဒေါသမီး တဖြတ်ဖြတ်
ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး မကောင်းတဲ့အ၀တ်အစားကို ၀တ်ဆင်ရ ၊ မနှစ်သက်ဖွယ် အိပ်ရာနေရာမှာ အိပ်ရ နေရ ထိုင်ရ ၊ မနှစ်သက်တဲ့ကားကို စီးနင်းသွားလာရမယ်ဆိုရင် စိတ်ထဲမှာ မပျော်ပိုက်လှ ၊ စိတ်ဓာတ်ကျ ၊ အားငယ်မှုတွေဖြစ် ၊ မျက်နှာသိပ်ငယ်ရတယ်လို့ ရင်ထဲမှာ ခံစားရတာဟာလဲ အမှန်စင်စစ်ကတော့ ကိုယ်ကာယနဲ့ ပတ်သက်ပြီး ဒေါသမီး လောင်နေခြင်းပါပဲ ၊ အဲဒီဒေါသမီး လောင်ခံနေရလို့ အလောင်သက်သာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်ရှိအခြေအနေထက် ပိုကောင်းတဲ့ အ၀တ်အစား အိပ်ရာ နေရာ မော်တော်ယာဉ်စတာတွေကို ရအောင်ကြိုးစားကြရပြန်တယ် ၊ လူစိတ်ရဲ့သဘာဝအရ ရှိတာ လေးနဲ့ အားမရ မတင်းတိမ်တတ်ဘဲ အားမရမှု မကျေနပ်မှုဆိုတဲ့ ဒေါသမီးလောင်ရာနောက် တကောက်ကောက်လိုက်ရင်း ဘ၀ဇာတ်လမ်းတစ်ပုဒ် နိဂုံးချုပ် အပြီးသတ်သွားကြရတာ ချည်းပါပဲ၊
ဗောဋ္ဌဗ္ဗာရုံလို့ ဆိုတဲ့ အတွေ့အထိအပေါ် အားမရနိုင်ရှာကြတဲ့ ပုဂ္ဂိုလ်တို့မှာ ဒေါသမီး အကြီးအကျယ်လောင်ခံနေရတာ မြင်သာ ထင်ရှားလှပါတယ် ၊ ဒီမီးရဲ့ လောင် ချက်က ပိုပြီး ပြင်းထန်နေသလိုပါပဲ ၊ မူလပိုင်ရှင်ကိုသာ လောင်နေတာ မဟုတ်တော့ဘဲ ပတ်သက်ဆက်နွယ်သမျှ ပုဂ္ဂိုလ်အားလုံးတွေကိုပါ ကူးစက်လောင်ကျွမ်းနေတာကို တွေ့မြင် နိုင်ပါတယ်။
ဒေါသမီးရှိန် နှလုံးအိမ်မှာ
နှလုံးအိမ်မှာ လောင်ကျွမ်းနေတဲ့ဒေါသမီးကတော့ အခံရ အဆိုးဆုံးပဲလို့ ဆိုရပါ့မယ်၊ အနည်းနဲ့အများ အကြီးနဲ့အသေးသာ ကွာခြားမှုရှိမယ် ၊ အားလုံးရဲ့ကိုယ်တွေ့တွေပဲ ဖြစ်မှာပါ ၊ အတိတ်က ကြုံတွေ့ ဖြတ်သန်းလာခဲ့ရတဲ့ အမြင်အာရုံကို ပြန်ပြီး စာမြုံးပြန်ရင် ၊ ရင်ထဲမှာ မခံချိ မခံသာ ခံစားကြရတယ် ၊ မိမိတို့ကို အထင်အမြင်သေး စော်ကားမော်ကားပြုပြီး ဆဲဆို ကဲ့ရဲ့ ရှုတ်ချ နှိမ်ချ ပြစ်တင် မဟုတ် မတရား ပြောဆို စွပ်စွဲခဲ့တာတွေကို ပြန်တွေးပြီး ဒေါသယမ်းမီး ပြန်လည်အသက်ဝင် လောင်ကျွမ်းတာလဲ ရှိတတ်ပါတယ်။
ပုထုဇဉ်လူသားတွေရဲ့သဘာဝ ပညာသင်ကြားရတဲ့အချိန်အခါမှာ မှန်းချက်နဲ့ မကိုက်လို့ ခံစားလိုက်ရတဲ့ ဒေါသလောင်မီး ၊ အချစ်ရေး အိမ်ထောင်ရေးကိစ္စနဲ့ ပတ်သက်ပြီး တော့လဲ ကံမကောင်းခဲ့လို့ ပူလောင်လိုက်ရတဲ့ ဒေါသလောင်မီး ၊ ဒီမီးက အဆိုးတကာ့ အဆိုးဆုံးပါပဲ၊ ဒီအချစ်ပူမီးကြောင့် ကြားလိုက်ရတဲ့ဖြစ်အင် သတင်းတွေကတော့ဖြင့် ရင်နင့်စရာ ကောင်းလှပါပေတယ် ၊ တချို့များကျပြန်တော့ အိမ်ထောင်ရေးမှာ ပြဿနာ မရှိကြပေမယ့် စီးပွားရေးကိစ္စမှာ ဆန္ဒမပြည့်ဘဲ ရှိတတ်ပြန်ပါတယ် ၊ ဒါ့ကြောင့် စီးပွားရေးကိစ္စ မိသားစုကိစ္စအတွက် ပူလို့မဆုံး နှလုံးမချမ်းမြေ့ ဒေါသမီးတဆွေ့ဆွေ့ လောင်မြိုက်လို့ပါပဲ။
နိုင်ငံရေးအကြောင်း ၀ါသနာပါသူ စိတ်ဝင်စားသူတွေမှာဆိုရင်လဲ မိမိတို့မကြိုက် မနှစ်သက်တဲ့ ပုဂ္ဂိုလ် ပါတီ အဖွဲ့အစည်းတွေရဲ့ အပြစ်အနာအဆာတွေကို ပြောဆိုလို့ မဆုံးနိုင်အောင် ရှိနေလို့ကတော့ နှလုံးထဲက ဒေါသမီးကလဲ လောင်မြဲလောင် လျက်နေမှာပဲ ၊ ဘယ်အရေးကိစ္စမှာပဲဖြစ်ဖြစ် မိမိတို့ရဲ့အလိုအကြိုက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပြီဆိုလို့ရှိရင် နှလုံးသားထဲမှာ ဒေါသမီးလောင်နေပြီပေါ့ ၊ နှလုံးဟဒယမှာ လောင်နေတဲ့ ဒီဒေါသမီးကို မငြိမ်းမသတ်နိုင်ရင် နောက်ထပ် တဆင့်တက်ပြီး ငရဲမီးလောင်ဖို့သာ ကျန်တော့မယ် ၊ သတိပြုပါ ၊ ကိုယ့်ကိုယ်ကို သနားပါ။
မျက်လုံးမှာ ဒေါသမီးငြိမ်းနည်း နိသျည်း
ဒေါသမီးပူကို ဗြဟ္မစိုရ်တရား ရေစင်နဲ့တမျိုး ၀ိပဿနာဥာဏ် သန်လျက်နဲ့တဖုံ ကြုံသလို ငြိမ်းသတ်ပေးရပါတယ် ၊ ဗုဒ္ဓတရားတော် ရေစင်တော်မြတ် ဥာဏ်သန်လျက်ဟာ ခုပစ္စုပ္ပန်မှာ ဖြစ်ပေါ်ထတောက်လာတဲ့ ကိလေသာမီးတင်မက အနာဂတ်မှာ ကြုံတွေ့နိုင်စရာ ဖြစ်တဲ့ ငရဲမီးကိုရော ကမ္ဘာ့လောင်မီးကိုပါ ကင်းဝေးပပျောက် ငြိမ်းအေးစေနိုင်ပါတယ် ၊ လက်တွေ့သာ အသုံးချပေးရုံပါပဲ ၊ မယုံမရှိ ကိုယ်တွေ့ဖြစ်သွားမှာပါ ၊ ဘုရားရဲ့ တရား တော်ဆိုတာ သိထားတဲ့ အတိုင်းအတာအလျှောက် လက်တွေ့နဲ့ပေါင်းစပ် အသုံးချလိုက်ရင် ကောင်းမှန်း အကျိုးရှိမှန်း သက်သေခံနိုင်ပါတယ် ၊ သိပ္ပံနည်းကျ မှန်ကန်လှတဲ့ တရားတော် ကြီးပါ ၊ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကန့်ကွက် ဆန့်ကျင် ငြင်းဆိုနိုင်ဖွယ် မရှိပါ။
ရူပါရုံအဆင်းနဲ့ပတ်သက်ပြီး ဒေါသမီးအလောင်မခံရလေအောင် နှလုံးသွင်း ကောင်းရှိဖို့လိုပါတယ် ၊ မိမိတို့မနှစ်သက်တဲ့ သက်ရှိ သက်မဲ့ အဆင်းအာရုံတွေနဲ့ မြင်တွေ့ နေရခြင်းဟာ အတိတ်ဘ၀က ပြုခဲ့ဖူးတဲ့ ကံရဲ့အကျိုးဆက်ပါ ၊ မိမိပြုခဲ့တဲ့ ကံကြောင့် မြင်တွေ့ ခံစားနေရခြင်းပါပဲ ၊ ခံစားလိုက်ရခြင်းဖြင့် ကံရဲ့အကျိုးကို တနည်းအားဖြင့် ပြောရရင် ကံကြွေး ကို ပေးဆပ်လိုက်ရသလိုပဲလို့ အောက်မေ့စေချင်ပါတယ် ၊ တင်ထားတဲ့ ကြွေးကို ပေးဆပ် လိုက်ရလို့ စိတ်ထဲမှာ ပေါ့ပါးလာသလို ခံစားလိုက်စမ်းပါ။
မိမိမနှစ်သက်တဲ့အာရုံဟာ လူပုဂ္ဂိုလ်ဖြစ်နေမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်အပေါ် မေတ္တာ စိတ်မွေးပေးပါ ၊ ဘ၀သံသရာမှာ ညီကို မောင်နှမ တော်ခဲ့ဖူးတဲ့ သူပဲလို့ နှလုံးသွင်းပေးလိုက်ပါ၊ မေတ္တာ တင်မက ကရုဏာတရားလဲ ပွားပေးရပါ့မယ်၊ အဲဒီပုဂ္ဂိုလ်ဟာ ခုလဲ သနားစရာကောင်း သူတစ်ယောက်ဖြစ်နေသလို နောင်အနာဂတ်မှာလဲ ပိုပြီးသနားစရာ ကောင်းသူတစ်ယောက် ဖြစ်နိုင်ခြေရှိနေပါတယ် ၊ နောင်ဘ၀သံသရာမှာဆို ဒီထက်ပိုပြီး အခြေ အနေ ဆိုးနိုင်စရာ ရှိနေတာကို တွေးပြီး သနားစိတ်ဝင်ပေးလိုက်ပါ ၊ ခုပစ္စုပ္ပန်မှာ အဖက် ဖက်က အဆင်ပြေ ပြည့်စုံနေသူဖြစ်ခဲ့ရင်လဲ ထိုသူရဲ့အဆင်ပြေမှု ပြည့်စုံနေမှုအတွက် မုဒိတာ စိတ်ဖြင့် ၀မ်း မြောက်ပေးလိုက်စမ်းပါ၊ လူတိုင်းမှာ သူ့ကံနဲ့သူ ရှိနေကြတာပဲ ၊ မိမိတို့ ပြုတဲ့ ကံအားလျှော်စွာ တွေ့ကြုံခံစား စံစားကြရပေတယ်လို့ ဥပေက္ခာပွားသင့်တဲ့အခါလဲ ပွားပေးရ တာပါပဲ ၊ မိမိနဲ့ ထိုပုဂ္ဂိုလ်ဟာ ခဏတစ်ဖြုတ်သာ တွေ့ကြတာဖြစ်ရပြီး နောင်တော့လဲ ကိုယ့် လမ်းကိုယ်သွား သူလမ်းသူသွား ရှင်ကွဲ သို့မဟုတ် သေကွဲ ကွဲရမှာ အမှန်ပါ ၊ တွေ့တဲ့ခဏ ဒေါသမီး အလောင် မခံရအောင် ဆင်ခြင် နှလုံးသွင်းတတ်ဖို့ လိုအပ်ပါတယ် ၊ မြင်ရင်မြင်ကာမျှ ရှုမှတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ ၊ မြင်ခံရသူ မြင်သူ အရှုခံအာရုံနဲ့ မြင်သိစိတ်တွေဟာ အနိစ္စတရား တွေချည်းပါ ၊ ခိုင်မြဲတဲ့သဘောမရှိလို့ ဖြစ်လိုက် ပျက်လိုက်နဲ့ မဆုံးနိုင်အောင်ပါပဲ ၊ အနှစ် သာရရယ်လို့ ဘာမှရှာလို့ မရနိုင်တာလဲ အမှန်ပါပဲ ၊ မမြင်ချင်ဘဲနဲ့ မြင်နေရတာကိုကပဲ မိမိ အလိုအကြိုက် လိုက်ပြီး ဖြစ်မလာပေဘူးဆိုတဲ့သဘောကလဲ အင်မတန်မှ ထင်ရှားလှပါတယ် ၊ အဲဒီလိုနဲ့ နှလုံးသွင်းမှန်ပြီး ရှုမှတ်ပေးလိုက်နိုင်မယ်ဆိုရင် မြင်တိုင်း မြင်တိုင်းမှာ ဒေါသလောင် မီးစာအဖြစ်မှ ကင်းလွတ်ခွင့် ရသွားနိုင်ပါတယ်။
နားမှာ ဒေါသမီးငြိမ်းသတ် တရားမြတ်
မနှစ်သက်ဖွယ်ရာ အသံကို ကြားလိုက်ရလို့ ချက်ချင်းဆိုသလို နားမှာ ဒေါသမီး ထတောက်တတ်ပါတယ် ၊ ရက်လရှည်ကြာ နှစ်များစွာပင် လွန်လာပြီး ဖြစ်သော်လဲပဲ ပြန်ပြီး အမှတ်ရ ကြားယောင်မိတိုင်း ဒီဒေါသမီးက လောင်လို့မဆုံးနိုင်အောင် ဖြစ်တတ်ပါတယ် ၊ တန်ဘိုးရှိလှတဲ့အချိန်ကို အလွဲသုံးစား ဖြုန်းပစ်လိုက်သလို ကျနေတော့တာပဲ ၊ အမှန်တကယ် ဖြစ်သင့်တာက ပစ္စုပ္ပန်နဲ့ နေနိုင်အောင် ကျင့်ရမယ်။
ဒေါသဖြစ်စေတဲ့ အာရုံကို မတွေးဘဲ ဒိပြင် ကောင်းတဲ့အာရုံတစ်ခုခုနဲ့ အစားထိုး ပေးသင့်ပါတယ် ၊ ဘုရားဂုဏ်တော်ပဲ ပွားမလား ၊ မေတ္တာပဲပွားမလား ၊ ပရိတ်ပဲ ရွတ်မလား ပေါ့လေ ၊ ဒေါသမီး အလောင်ခံရတော့ စိတ်ထဲမှာ အတော့်ကို မချမ်းမသာ ဖြစ်နေတာကို သိလျက်နဲ့ ဘာဖြစ်လို့ ဆက်ပြီး ဖြစ်ခွင့်ပြုရမှာလဲ ၊ မိမိရဲ့ကိုယ်တွင်း နှလုံးသားမှာ ဖြစ်ပေါ် လာနေတဲ့ ဒီကိလေသာမီးကို အောင်နိုင်အောင် လုပ်ရပါ့မယ် ၊ ဒါမှ အောင်မြင်သူ အစစ်ဖြစ် တော့မှာပေါ့ ၊ မိမိရဲ့အတွင်း အဇ္ဈတ္တ သန္တာန်မှာ တန်ဘိုး အရည်အချင်းတွေ တိုးတက်အောင် မြှင့်တင်ပေးရမယ် ၊ ခွင့်လွှတ်ခြင်း ၊ သည်းခံခြင်း ၊ နှလုံးသွင်းမှန်ခြင်း စတာတွေဟာ သူတော်ကောင်းတွေရဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ အရည်အချင်းတွေပါ ၊ နှလုံးသွင်းမှန်ပြီး သည်းခံခွင့်လွှတ်နိုင်သလို လောင်နေတဲ့ ဒေါသမီးဟာ ချက်ချင်းဆိုသလို ငြိမ်းသွားနိုင်ပါတယ်။
ဒါမှမဟုတ် ၀ိပဿနာအလုပ်သဘောအရ ဖြစ်ပေါ်လာတဲ့ ဒေါသမီးကို ဒေါသမီးမှန်းသိပြီး ရှုမှတ်လိုက်ရင် ဒေါသမီး မရှိတော့တာကိုလဲ သိနိုင်ပါတယ် ၊ ပေါ်ပြီး ပျောက်သွားတဲ့ ဒုက္ခသစ္စာတရားပါလားလို့ ၀ိပဿနာမဂ္ဂင်ဥာဏ်နဲ့ သိလိုက်ခြင်းပါပဲ ၊ အတိတ်က အကြောင်းအရာတွေကို ပြန်တွေးပြီး ဖြစ်ပေါ်လာတဲ့ ဒေါသမီး မဟုတ်ဘဲ အခုလက်ငင်း ကြားနေရတဲ့ မနှစ်သက်ဖွယ်အသံဆိုရင်တော့ ကြားကာမျှတွင်ထားပြီး စကားသံကို အဓိပ္ပါယ် မပြန်ဆိုသင့်ပါဘူး ၊ မမှန်မကန် ယုတ်ညံ့ ရိုင်းစိုင်းတဲ့ စကားကို ပြောဆိုသူဟာ လူ့ယဉ်ကျေး မဟုတ်တာ သေချာပါတယ် ၊ သူ့ကို အံတုပြီး ဒေါသမီးလောင်ခံ ပြန်လှန်ပြောဆိုချေပမယ်ဆိုရင် သူ့ထက် ကိုယ်က ပိုပြီး ဆိုးနေသလို ဖြစ်သွားရော့မယ် ၊ မဟုတ်မမှန် ပြောဆိုကဲ့ရဲ့ ဆဲရေး တိုင်းထွာမှုပြုသူကို ခွင့်လွှတ်သည်းခံပေးခြင်းဖြင့် သည်းခံခြင်း ခန္တီပါရမီကို ဖြည့်ကျင့် ဆည်းပူးခွင့် ရရှိနေခြင်းပါပဲ ၊ မိမိတို့အတွက် တစ်စုံတစ်ရာ အကျိုးယုတ်ဖွယ် မရှိနိုင်ပါ ၊ ဘယ်လို ကောင်း မကောင်းအာရုံနဲ့ပဲ တွေ့ကြုံရ စိတ်ထားတတ်က အမြတ်ချည်းပါပဲ ၊ အရှုံးမရှိနိုင်ပါ ၊ အချောင်ကုသိုလ်တွေရ တစ်ဆတစ်ဆနဲ့ ပါရမီရေချိန်တွေ တိုးလို့နေမှာပဲ။
ဆဲဆိုသံကို ကြားလိုက်ရတဲ့အခါမှာ လူပုဂ္ဂိုလ်ကိုလဲ မမြင် အသံကိုလဲ ဘာသာမပြန် ကြားတဲ့စကားကို ကြားကာမျှဖြင့် နားမှစိုက်ပြီး စူးစူးစိုက်စိုက်မှတ်လိုက်ရင် အသံရုပ် တစ်လုံးပြီးတစ်လုံး အလွန်လျင်မြန်စွာ ဖြစ်ပေါ်ပျောက်ဆုံးသွားကို သိနိုင်ပါတယ် ၊ စိတ်ဆိုးရမဲ့သူ ရှာမတွေ့နိုင်တော့ပါ ၊ သဘာဝအားဖြင့် လူတွေဆိုတာ ကောင်းတာချည်းပါပဲ ၊ ဆဲဆိုမှု ဖြစ်ပေါ်လာတယ်ဆိုတာ ဒေါသကြောင့်ပါ ၊ ဒေါသက အဓိကတရားခံပါ ၊ ဒေါသဆိုတဲ့တရားက အမှန်တကယ် မကောင်းတာ ၊ ဒါ့ကြောင့် စိတ်ဆိုးမယ်ဆိုရင် ဆဲဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ဒေါသကို စိတ်ဆိုးရမှာ ၊ ဆဲတဲ့ပုဂ္ဂိုလ်ကို စိတ်မဆိုးသင့်ပါဘူး ၊ ရာဇ၀တ်ကောင်အစစ် မဟုတ်တဲ့သူကို ဖမ်းဆီးတဲ့ ရဲအရာရှိနဲ့ တူသွားပေလိမ့်မယ် ၊ စင်စစ် ဆဲဆိုသူရဲ့ ဒေါသကို စိတ်ဆိုးရလောက်အောင် သူ့မှာ ထင်ရှားမရှိတော့ပေဘူး ၊ သူ့မှာ ဖြစ်ပေါ်လာပြီး ချက်ချင်းဆိုသလို သေသွားရှာပြီ ၊ ချုပ်သွားရှာပြီ ၊ အဲဒီဒေါသကို စိတ်ဆိုးဖို့ဆိုတာ အချိန်တောင် မရရှိလိုက်ပဲ ဖြစ်နေပါပြီ ၊ ဒေါသဖြစ်နေသူ မိမိတို့မှာသာ နှစ်ခါနာ ဖြစ်သွားပါလိမ့်မယ် ၊ သူများ ဆဲဆိုလာလို့ နာရတာရယ် ၊ အခဲမကြေလို့ စိတ်နှလုံးမသာယာ ထပ်ခါထပ်ခါ မိမိရဲ့ခန္ဓာကို ပြန်ပြီးနှိပ်စက်နေသလို ရှိသွားရော့မယ် ၊ အတိတ်က အရိပ်တွေကို အတိတ်မှာ မထားဘဲ သယ်ဆောင်လာ ၊ ပစ္စုပ္ပန်နဲ့ မနေတတ်တဲ့ ဘာဝနာလက်မဲ့သူတွေအဖို့ တစ်နာပေါ် နှစ်နာဆင့် ဖြစ်နေရတော့တယ် ၊ ၀ိပဿနာ အလုပ်သဘောနဲ့ လက်တွေ့ ရှုပေးလိုက်ပါ ၊ ကြားရတဲ့အသံရုပ်ကလဲ ပေါ်ပြီးပျောက် ၊ ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကလဲ ဖြစ်ပြီးချုပ် ဖြစ်ပေါ်လာတာ ပုဂ္ဂိုလ် သတ္တ၀ါ မဟုတ် ၊ အမှန်ဖြစ်ပေါ်လာတာက နာမ်နဲ့ရုပ်ပါပဲ ၊ နာမ်ရုပ်ဖြစ်ချုပ် ဒုက္ခသစ္စာ ဆင်ရဲအမှန်ပါလို့ နောက်ကသိပေးလိုက်ရင် ဆဲဆိုသံနဲ့ ဒေါသတရားဟာ သိပေးသူ ပစ္စုပ္ပန်ကျကျ ရှုမှတ်ပေးသူကို ဒုက္ခချုပ်ငြိမ်းအောင် ကူညီပို့ဆောင်ပေးနေတဲ့ မိတ်ဆွေကောင်းအဖြစ် ပြောင်းလဲဖြစ်ပေါ်စေနိုင်ပါတယ်ဆိုတာ ကိုယ်တွေ့ဖြစ်သွားမှာပါ ၊ မယုံရင် စမ်းကြည့် ကိုယ်တိုင်သိ ဖြစ်ပါလိမ့်မယ်။
နှာခေါင်းက ဒေါသမီးလျံ ငြိမ်းသတ်ရန်
မကောင်းတဲ့ အနံ့အသက်တွေကို ရှုရှိုက်ရတဲ့အခါမှာ သတိထားရှိဖို့ လိုပါတယ် ၊ သတိနောက်မှာ ပညာလိုက်လာမြဲပါ ၊ မကောင်းနံ့ ရှုရှိုက်ရတယ်ဆိုတာ ခဏမျှတာပါ ၊ အနံ့မခံ နိုင်ရင် ရှောင်လို့ တိမ်းလို့ ရနိုင်ပါတယ် ၊ တမင်တကာ မကောင်းနံ့ထွက်အောင် ပြုလုပ်သူ မရှိ နိုင်ပါ ၊ မလွဲသာလို့ အခြေအနေအရ မကောင်းနံ့က ထွက်ခဲ့ရတာပါ ၊ တရားသဘောအရ ဆင်ခြင်ကြည့်မယ်ဆိုရင် မကောင်းနံ့ ရှုရှိုက်ရတယ်ဆိုတာ မိမိတို့ရဲ့ အတိတ်က အကုသိုလ် ကံအကြောင်းမကင်းပါ ၊ ဒါကြောင့်မို့လို့ အကျိုးတရားအနေနဲ့ ခံယူပေးဆပ်လိုက်ရတဲ့ သဘော ပါလို့ ဆင်ခြင်သဘောပေါက်လိုက်မယ်ဆိုရင် ဘယ်သူ့ကိုမှလဲ အပြစ်တင်စရာ မရှိတော့သလို စိတ်ဆိုးစရာ နှလုံးမသာယာဖွယ်လဲ ကင်းကွယ်ပပျောက် ဒေါသမီးတောက် ငြိမ်းအေးခြင်းသို့ ရောက်ရှိသွားစေနိုင်ပါတယ် ၊ အနံ့လဲ ပေါ်ပြီးပျောက် ၊ နံစိတ်လဲ ဖြစ်ပြီးပျက် ၊ သဘောမကျ ဒေါသစိတ်လဲ ဖြစ်ပြီးချုပ် ၊ ရှုမှတ်နေတဲ့ စိတ်လဲ ဖြစ်ပြီးပျောက် အဲဒီလောက် ထိအောင် သိမြင်နိုင်ရင်တော့ ဒေါသမီးလျှံ အတော်အတန် ငြိမ်းသတ်တော်လှန်ပစ်နိုင်ပြီလို့ ဆိုရပါ့မယ်။
လျှာမှ လောင်တဲ့ဒေါသမီး ငြိမ်းသတ်နည်း
တနေ့မှာ ၃-၄ကြိမ်မျှ စားသောက်နေရတဲ့ လူ့ဘ၀မှာ အပြစ်ကင်းတဲ့စားသောက်နည်း သိရှိနားလည်ထားဖို့ အင်မတန်မှ လိုအပ်လှပါတယ် ၊ စားသောက်တဲ့အကြိမ်တိုင်း စိတ်တိုင်း ကျ ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ပါ ၊ ဒီတကြိမ်စားလို့သောက်လို့ မကောင်းခဲ့ပေမယ့် နောက်တကြိမ် နောက်တနေ့မှာ ကောင်းနိုင်ပါတယ် ၊ စိတ်မကြည်မသာ မဖြစ်သင့်ပါ ၊ စားရ သောက်ရတယ် ဆိုတာ ဆာလောင် ပွတ်သိပ်ခြင်းလို့ဆိုတဲ့ ဒီနာတာရှည် ရောဂါကြီး သက်သာအောင် ဆေးသောက်ပေးနေရခြင်းမျှသာပါ ၊ ဒါကြောင့် ဆေးဝါးမှီဝဲရတဲ့သဘောဖြစ်လို့ ဇိမ်ခံပြီး စားသောက်နေရမဲ့ အရာမဟုတ်ပါ ၊ မလွဲသာလို့ ဆေးဝါးအဖြစ် မှီဝဲ စားသောက်နေရတဲ့ သဘောပါလို့ သဘောပေါက်ထားရင် စားသောက်မှုနဲ့ ပတ်သက်ပြီး မကျေနပ်စရာ ဒေါသမီး ထတောက်ဖို့ လုံးဝရှိတော့မှာ မဟုတ်ပါ ၊ လျှာမှာ ဒေါသမီး မလောင်အောင် ကြိုတင်ပြီး တားဆီး ကာကွယ် ဆင်ခြင်နှလုံးသွင်းထားရသလို မတော်လို့ လောင်လာခဲ့ရင်လဲ ချက်ချင်း ဆိုသလို ငြိမ်းသတ်ပစ်နိုင်ဖို့ လေ့ကျင့်ပေးရပါ့မယ် ၊ ဘုရားရှင် နည်းပေးညွှန်ပြ ထားတဲ့အတိုင်း မီးငြိမ်းသတ်စက် ၀ိပဿနာ လောကီမဂ်ကို အသုံးပြုနိုင်ပါတယ် ၊ စားသောက်တဲ့အခါမှာ သဘောမကျတဲ့စိတ်ဖြစ်ပေါ်လာတာကို အချိန်မှီ ချက်ချင်း ရှုမှတ် သိပေးလိုက်ပါ ၊ အဲဒီမှာ ပျောက်ပျက်သွားတာကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရမှာပါ ၊ သဘောမကျ မနှစ်သက်တဲ့ အရသာလဲ ပေါ်ပြီးပျက်ပဲ ၊ မနှစ်သက်တဲ့စိတ်လဲ ဖြစ်ပြီးပျက် ၊ ရှုမှတ်နေတဲ့ စိတ်လဲဖြစ်ပြီး ပျက်ပဲ ၊ တခုမှ မြဲတာ မရှိပါဘူး ၊ အဲဒီလိုသာ သတိကပ် ရှုမှတ်သွားမယ်ဆိုရင် မကျေနပ်မှု ဒေါသမီး ဆက်လက်ပြီး လောင်ကျွမ်းမှု မရှိနိုင်ပါ ၊ အဲဒီဒေါသလောင်မီးဟာ အသိဥာဏ်မီး ရောင် ထွန်းလင်းပြောင်ဖို့ စွမ်းအင်တစ်ရပ်အဖြစ် ပြောင်းလဲပြီး အသုံးတည့်သွားတာကို သိမြင် နိုင်ပါတယ် ၊ အသုံးချတတ်ဖို့သာ လိုပါတော့တယ် နည်းပေး လမ်းပြ မြတ်ရှင်တော်ဗုဒ္ဓကို မဟာကျေးဇူး အထူးတင်ရမှာပါပဲ။
ကိုယ်ကာယမှ ဒေါသမီး ငြိမ်းသတ်နည်း
ကိုယ်ကာယမှာ လောင်ကျွမ်းတဲ့ ဒေါသမီးရဲ့စားကျက်လောင်ပြင်ဟာ ကျယ်ဝန်းကြီးမား များပြားလှပါတယ် ၊ ကြည့်လေ ၊ မျက်စိ-နား-နှာ-လျှာမှာ လောင်ကျွမ်းနေတဲ့ မီးရဲ့စားကျက် လောင်ပြင် ဧရိယာ နယ်ပယ်ဟာ ကျဉ်းကျဉ်းလေးပါ ၊ မျက်နှာဝန်းကျင်တ၀ိုက်မျှလောက်သာပါ ၊ မျက်စိ-နား-နှာ-လျှာမှ ကြွင်းကျန်တဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒေါသမီး တောက်လောင်နိုင်တဲ့ နယ်ပယ် ဧရိယာတွေပါ ၊ မီးလောင်ပြင် စားကျက် ကျယ်ဝန်းတာနဲ့အမျှ သတိထား ရှုကြည့်ရမဲ့ တာဝန် ပိုပြီး ဂရုစိုက်ရပါတယ် ၊ ဒေါသမီး မလောင်ရလေအောင် မျက်စိ-နား-နှာ-ပါးစပ်ကို ပိတ်ထားခြင်းဖြင့် ရှောင်တိမ်းလို့ ရတန်သလောက် ရနိုင်ကောင်းပေမယ့် ကိုယ်ကာယ ကြီးကိုတော့ဖြင့် ပိတ်လှောင် ချုပ်နှောင်ထားလို့ မရနိုင်တဲ့ကိစ္စကြီးပါ ၊ ဒါကြောင့် အသင့် အတင့် နှလုံးသွင်း သတိနဲ့ဥာဏ်ယှဉ် မီးမလောင်ခင်တား မြတ်ဘုရားရဲ့ သိပ္ပံနည်းကျ မြတ်ဓမ္မ ကို တန်ဆာဆင်ပေးနေရမှာပဲ ၊ ခန္ဓာကိုယ်ပေါ်မှာ တွယ်တာမှုကြီးသလောက် မနှစ်သက် ဖွယ်ရာပေါ်ပေါက် ဒေါသမီးတောက်တဲ့ နေရာဟာ ကျယ်ဝန်းလှပါတယ် ၊ ဆံပင်အရောင် တွေပြောင်းလို့ မနှစ်သက်မှုဖြစ် ၊ ဆံပင်တွေ ကျွတ်ပြန်လဲ သဘောမကျ မျက်နှာမလှ မျက်နှာပေါ်မှာ မှက်မည်း ၀က်ခြံ အကွက်တွေပေါ်တာကို မြင်ရတော့လဲ စိတ်မချမ်းသာမှုဖြစ် ၊ ခန္ဓာကိုယ်မှာ ပွေးညှင်း တင်းတိပ်ပေါက်တာ မြင်ရ နှလုံးမသာယာလှ ၊ ဒေါသမီး ထတော့တာပါပဲ။
ကိုယ်နဲ့ပတ်သက်တဲ့ အ၀တ်အစား နေရာ ထိုင်ခင်း ကုတင် ကုလားထိုင် ထိုင်စရာကူရှင် မော်တော်ယာဉ် အိမ်ယာနဲ့ပတ်သက်ပြီး သဘောမကျ မနှစ်သက်တိုင်းမှာ ဒေါသမီး အလောင်ခံနေရခြင်းပါပဲ ၊ လူဆိုတာ ကိုယ့်အတိုင်အတာနဲ့ကိုယ် ကျေနပ်နိုင်ရမယ် ၊ ရှာလို့ဖွေလို့ ကြိုးစားလို့ ရရှိလာသမျှအပေါ်မှာ ကျေနပ်မှု တင်းတိမ်မှုရှိသင့်ပါတယ် ၊ အချောင်နဲ့ အလကား ဒေါသမီး အလောင်မခံချင်စမ်းပါနဲ့ ၊ အဆိုပါပစ္စည်းတွေနဲ့ မိမိတို့ကိုယ်ဟာ နှစ်ရှည်လများ တသက်လုံး ယှဉ်တွဲ နေထိုင်နေကြရမှာ မဟုတ်ပါ ၊ အသစ်ကနေ အဟောင်း ၊ အဟောင်းကနေ အပျက် နောက်ဆုံးကျတော့ စွန့်ပစ်ကြရ တာချည်းပါ ၊ မိမိပိုင်ကနေ သူများပိုင် ဖြစ်သွားနိုင်တယ် ၊ ပစ္စည်းလဲ မမြဲသလို လူလဲမမြဲ ခန္ဓာကိုယ်လဲ မမြဲပါ ၊ အချိန်တန်တော့ မိမိတို့ထံကနေ ပစ္စည်းတွေက စွန့်ခွာ ပျက်စီး ကုန်ပျောက်သွားတာရှိသလို ပစ္စည်းတွေက ထင်ရှားရှိနေသေးပါလျက်နဲ့ မိမိတို့က ရှင်ကွဲ သေကွဲသဘောမျိုးနဲ့ စွန့်ခွာသွားရတယ်ဆိုတာ အားလုံးရဲ့ အသိပါပဲ ၊ ဒါကြောင့်မို့လို့ ယာယီခဏတာမျှ ယှဉ်တွဲ နေရခြင်းမျှသာဖြစ်လို့ ကိုယ့်အတိုင်အတာနဲ့အမျှ ကျေနပ်မှု တင်းတိမ်မှုထားရှိပြီး ဒေါသမီး အလောင်မခံသင့်တာ အမှန်ပါ ၊ စင်စစ်မှာတော့ မိမိတို့ဝတ်ဆင် သုံးဆောင်နေတဲ့ အရာမှန်သမျှတွေဟာ ခန္ဓာကိုယ်လူပမာတဦးရဲ့ မလွဲမရှောင်သာ မှီဝဲ သုံးဆောင်နေရတဲ့ အရာတွေပဲ မဟုတ်ပါလား ၊ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ခန္ဓာကိုယ် ရုပ်တရားဆိုတာ ရောဂါသည်ကြီးပါလို့ ဟောထားတယ်လေ ၊ အ၀တ်အစားတွေဆိုတာ ခန္ဓာကိုယ် အနာသည်ကြီးကို ပတ်စည်းဖို့ လူနာသုံး အ၀တ်အထည်တွေပါပဲ ၊ ကျန်တဲ့ အိပ်ရာ ထိုင်ရာ အိမ်ယာများတွေကလဲ ခန္ဓာကိုယ် လူနာတဦးရဲ့ ဆေးကုသရာ ခေတ္တနားခိုရာ ဌာနတစ်ခုမျှသာပါ ၊ ဒါကြောင့်မို့လို့ ခန္ဓာကိုယ်နဲ့ ပတ်သက်လာတာမှန်သမျှ မနှစ်သက် ဖွယ်ရာတွေချည်း ဖြစ်ပေါ်ကြုံတွေ့ ရင်ဆိုင် နေထိုင်ခဲ့ရမယ်ဆိုရင် သဘာဝအမှန်တရားကို လက်ခံပေးရမယ် ၊ တင်းတိမ်ရောင့်ရဲ့မှုရှိပေးရမယ် ၊ အနိစ္စသဘောနဲ့ အနတ္တသဘောကို နာနာကြီး နှလုံးသွင်း ဆင်ခြင်ပေးရမယ် ၊ ဒါဆို ကိုယ်နဲ့ ပတ်သက်တဲ့ ဒေါသလောင်မီး လျော့နဲ ကျဆင်း ကင်းရှင်းသွားစေနိုင်မှာပါ။
နှလုံးအိမ်မှာ ဒေါသမီး ငြိမ်းသတ်နည်း
Credit to 
(တအာင်း-အမေရိကန်ဆရာတော်ဦးဇေယျသုတ ဓမ္မာစရိယ၊ B.A India ၊ M.A Srilanka ၊ A.G.S USA)
No comments:
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။
Gold price estimated