@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Sunday 8 June 2014

မီး(၁၁)ပါး ၈၊ပရိဒေ၀မီး


မျက်ရည်ယိုစီး ပရိဒေ၀မီး

လူရယ်လို့ ဖြစ်လာကြရတဲ့ သူတွေအဖို့ မငိုဖူးသူ ပရိဒေ၀မီး မလောင်ဖူးသူဆိုတာ မရှိသလောက် ရှားလှပါလိမ့်မယ် ၊ မွေးလာကတည်းက အငိုနဲ့ စခဲ့တာကပဲ များလှပါတယ် ၊ မွေးမွေးချင်း မငိုသူဆိုလို့ ထူးခြားတဲ့သူ တစ်ဦးတလေလောက်ကသာ ရှားရှားပါးပါး တွေ့ရမှာပါ ပြီးတော့ မွေးတုံးကသာ မငိုတာ ရှိကောင်းရှိနိုင်ပေမယ့် မွေးပြီးလို့ မကြာခင် စကားမပြော တတ်ခင်မှာ လိုချင်တာ ရချင်တာ ဖြစ်ချင်တာတွေကို အငိုနဲ့ပဲ အဆက်အသွယ်ပြုလုပ်ကြ ရတယ် မဟုတ်ပါလား ၊ စကားပြောတတ်ပြန်တော့လဲ ခလေးတို့ရဲ့သဘာဝ မျက်ရည်အား ကိုးနဲ့ မူရာမာယာတွေ ထုတ်ပြပြီး လိုချင်တာရအောင် လုပ်ဆောင်ကြရတယ် ၊ ထိုထက်ကြီး လာ အရွယ်ရောက်လာပြန်တော့ လိုတာကို မရ ၊ ရလာတာကို မလိုချင်တဲ့ အခါမှာလဲ ပရိဒေ၀မီး ငိုပွဲကြီးနဲ့ပဲ စခန်းသွားကြရပြန်ပါတယ် ၊ ဒါ့အပြင် သမီးရည်းစားကိစ္စ ၊ ပညာရေး ကိစ္စ ၊ စီးပွားရေးကိစ္စ ၊ အိမ်ထောင်ရေးကိစ္စ ၊ ကျန်းမာရေးကိစ္စ ၊ သားရေးသမီးရေး ကိစ္စစသ ဖြင့် အလိုမကျတိုင်း မျက်ရည်ရေချောင်းစီး ပရိဒေ၀မီးလောင်ကျွမ်းခဲ့ရတဲ့ အကြိမ်အရေ အတွက်တွေဟာ များလွန်းအားကြီးလို့ ဂဏန်းသင်္ချာနဲ့တောင် ရေတွက်လို့ မရနိုင်တော့ပြီ ၊ မမှတ်နိုင်တော့ပြီ ၊ ဒီဘ၀မျက်ရည် ဘယ်ဆီကျမှ ရပ်တော့မှာတဲ့တုံး။

လူတွေမှာ အရွယ်နဲ့လိုက်ပြီး နှလုံးထိခိုက်စရာ ပြဿနာပေါင်းများစွာနဲ့ ကြုံတွေ့ခံစားရတိုင်း မျက်ရည်ချောင်းစီး ရတာချည်းပဲ ၊ အကျင့်ပါနေပြီ ၊ ယိုစီးပေါင်းကလဲ များလွန်းလှလို့ ရိုးသလိုတောင် ဖြစ်နေပြီး ထစ်ကနဲဆို မျက်ရည်ယို မျက်ရည်ကမ်းပါးပြို တော့တာပဲ ၊ အမျိုးသမီးတွေရဲ့ အားဟာ မျက်ရည်ပါလို့ စာဆိုရှိပါတယ် ၊ မျက်ရည်အားကိုးနဲ့ ဆန္ဒပြည့်အောင် လုပ်ဆောင် ငိုယိုကြရတယ် ၊ ငိုပြခြင်းဖြင့် တစ်ဖက်သားဆီက မေတ္တာတရား ကရုဏာတရား ၊ စိတ်ဝင်စားမှုရရှိအောင် လုပ်ဆောင်ကြရတာလဲ ရှိတတ်တယ်ဆိုတာ ကိုယ်တွေ့ မျက်မြင်တွေပဲလို့ အောက်မေ့ရပါတယ်။

အသက်အရွယ်ကြီးရင့် သေရာညောင်စောင်းမှာ လျောင်းစက်ပြီး အသက် ထွက်ခါနီးအထိတောင် မျက်ရည်ကို မနှမြှောနိုင်ဘဲ ဖေါဖေါသိသိ တသွင်သွင် ယိုစီးစေပြီး ဘ၀နိဂုံးချုပ်သွားကြတဲ့ သူတွေလဲ လောကမှာ နည်းမှာ မဟုတ်ပါဘူး ၊ ကရုဏာ သက်စရာ သံဝေဂ ရစရာ အင်မတန်မှ ကောင်းလှပါတော့တယ်။

အထူးအားဖြင့် မိဘမိတ်ဆွေများ တစ်ဦးတစ်ယောက် သေဆုံးတဲ့အခါ စီးပွားဥစ္စာ အလုပ်အကိုင် ရာထူးဌာနန္တရတွေဆုံးရှုံးရတဲ့အခါ ရာဂါဝေဒနာတွေ ပြင်းပြင်းထန်ထန် ညှဉ်းဆဲနှိပ်စက်ခံ့ရတဲ့အခါမျိုးတွေမှာ ပရိဒေ၀မီးလောင် မျက်ရည်ချောင်းစီးကြရတတ်ပါတယ်။

ပရိဒေ၀မီး သိမ်းဆည်းငြိမ်းသတ် ဓမ္မဓာတ်

မသိတတ်သေးတဲ့ ခလေးဘ၀အရွယ်မှာ ငိုကြရတာ ဓမ္မတာပါ ၊ စိတ်ဓာတ်နူးညံ့ ပျော့ပြောင်းလှတဲ့ သူတွေမှာလဲ မျက်ရည်ကျလွယ်တတ်လှပါတယ် ၊ ဒါဟာ သဘာဝအရ ငိုကြရတာပဲ ဖြစ်ပါတယ် ၊ အသက်ကြီးလာ သိတတ်တဲ့အရွယ်ရောက်လာတဲ့အခါ မှန်ကန်တဲ့ နှလုံးသွင်းမှုလဲရှိ တရားဘာဝနာပါ ပွားများအားထုတ်ပြီးနေမယ်ဆိုရင် အမှန်တရားကို သဘောပေါက် မရှောင်လွဲနိုင်တဲ့ အနိစ္စတရား အနတ္တတရားအပေါ် လုံးဝ သဘော ပေါက်ပြီဆိုမှဖြင့် ဘယ်လိုလောကဓံတရားတွေနဲ့ တွေ့ရတွေ့ရ စိတ်ဓာတ်ခိုင်မာမှုကို ရရှိပြီမို့ ငိုကြွေးနေစရာ မလိုတော့ပါ ၊ ခါတိုင်းလို မလိုအပ်ဘဲနဲ့ အချောင်မျက်ရည် မကျတော့ပါဘူး ၊ မျက်ရည်ယိုစီး ပရိဒေ၀မီးလောင်ကျွမ်းခြင်းဆိုတာဟာ တကယ်တော့ ဒေါသစိတ်ဖြစ် နေခြင်းပါပဲ ၊ ပရိဒေ၀မီးတောက် ငိုကြွေးခြင်းဖြင့် သေတဲ့လူကို ပြန်မရှင် စေနိုင်သလို ဆုံးရှုံး သွားတဲ့ ပစ္စည်းဥစ္စာကိုလဲ ပြန်မရနိုင်ပါ ၊ ငိုကြွေးခြင်းဖြင့် ခံစားရတဲ့ ရောဂါ ဝေဒနာ မသက်သာ နိုင်တဲ့အပြင် ဆိုးသထက်ဆိုးဖို့သာ ရှိပါတော့တယ် ၊ မိမိငိုကြွေး လိုက်တဲ့အတွက် မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ခင်မင်သူတွေကို ဓာတ်ခိုက်ပြီး မိမိအတွက် စိတ်မချမ်းသာမှုတွေ ဖြစ်ကြရတာပဲ အဖတ်တင် နေရော့မယ် ၊ မိမိကိုယ်ကို မသနားရာလဲ ကျလိမ့်မယ်၊ တစ်နာ ပေါ်တစ်နာဆင့် အနာပေါင်း နှစ်ထပ်သုံးထပ်ကွင်း ဖြစ်သွားနိုင်တာကို ဆင်ခြင်နှလုံးသွင်းပြီး ခိုင်မာတဲ့စိတ်ဓာတ်ရှိအောင် ပြုစုပျိုးထောင် လေ့ကျင့်မြှင့်တင်ပေးရပါ့မယ် ၊ နေ့စဉ်နဲ့အမျှ တရားဘာဝနာ ပွားများအားထုတ်ကြတဲ့ သူတို့အဖို့မှာ စိတ်ဓာတ်တွေ မြင့်မြတ်ခိုင်မာလာတာ ကို တွေ့ရှိရသလို ဖြစ်ချင်တာဖြစ် စိတ်မညစ်တော့ပါဘူး ၊ ဘုရားပေးတဲ့ဆေး တရားရေအေး သြသဓဆေးကြောင့် မလွန်ဆန်နိုင်တဲ့တရား မမြဲတရား အစိုးမရ နိုင်တဲ့တရားမို့ ဒီလိုဖြစ်ရ ပေတယ်လို့ အမှန်အကန် သိရလို့ အငိုတိတ်ပြီး နေရပါတော့တယ် ၊ အစွမ်းထက်မြက် အငိုတိတ်အောင် စွမ်းဆောင်နိုင်တာ ဘုရားပေးတဲ့ သတိပဋ္ဌာန် ဆေးတော်ကြီးပါ ၊ နေ့စဉ်ဆို သလို သတိပဋ္ဌာန်နဲ့အညီ ဘာဝနာပွားရင် အငိုတိတ်မှာ သေချာပါတယ် ၊ အထူးအားဖြင့် ဘာဝနာပွားလို့ တတိယနိဗ္ဗာန် အနာဂါမ်အဆင့် ရောက်ရှိသွားရင်ဖြင့် ဒီဘ၀တင်မက ဘ၀သံသရာလုံး နိဗ္ဗာန်ဝင်စံ ပရိနိဗ္ဗာန် ပြုသွားတဲ့အထိ ငိုကြွေးမှု မရှိ ပူဆွေမျက်ရည်ကုန်ခမ်း နလံမထူနိုင်တော့ပြီ။

Credit to 

 (တအာင်း-အမေရိကန်ဆရာတော်ဦးဇေယျသုတ ဓမ္မာစရိယ၊ B.A India ၊ M.A Srilanka ၊ A.G.S USA)


No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated