@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Sunday 8 June 2014

မီး(၁၁)ပါး ၁၊လောဘမီးဆိုင်ရာ

 

မီးဆယ့်တစ်တန် ငြိမ်းသတ်ရန်

လောကကြီးထဲမှာ မီးမျိုးပေါင်းများစွာ ရှိနေပါတယ် ၊ သတိမထား ပေါ့ဆမှု များကြောင့် လောင်တာရှိသလို ပညာမဲ့ကင်း အကြောင်းရင်းကြောင့် လောင်ကျွမ်းခံရတာလဲ ရှိနိုင်ပါတယ် ၊ တချို့မီးတွေက ခဏတစ်ဖြုတ်သာ လောင်ပြီး တချို့မီးတွေကျတော့ မပြတ် ဒလစပ် လောင်မြဲလောင်လျက်ပဲ ၊ မီးသတ်ဌာနက မီးသတ်သမားတွေ ခေတ်ပေါ်နည်းပညာ ကိရိယာတန်ဆာပလာတွေနဲ့ ငြိမ်းသတ်လို့ မရနိုင်တဲ့ မီးတွေကတော့ အဆိုးဆုံးပဲလို့ ဆိုရမှာပဲ ၊ အဲဒီမီးတွေအကြောင်း ဆွေးနွေးတင်ပြမလို့ပါပဲ။

ခေတ်ပေါ်နည်းနဲ့ ငြိမ်းသတ်လို့မရ မီးဆယ့်တစ်ဝ
ခေတ်ပေါ်သိပ္ပံနည်းပညာတွေနဲ့ ဘယ်လိုမှ ငြိမ်းသတ်လို့ မရနိုင်တဲ့ မီးတွေက အကြမ်းဖျင်းအားဖြင့် ၁၁-ပါးလောက်ရှိပါတယ် ၊ ဘာတွေလဲဆိုတော့

(၁) လောဘမီး
(၂) ဒေါသမီး
(၃) မောဟမီး
(၄) ဇာတိမီး
(၅) ဇရာမီး
(၆) မရဏမီး
(၇) သောကမီး
(၈) ပရိဒေ၀မီး
(၉) ဒုက္ခမီး
(၁၀) ဒေါမနဿမီးနဲ့
(11) ဥပါယာသမီးတွေပဲ ဖြစ်ကြပါတယ်။
ဒီမီးတွေကို ခေတ်မှီ သိပ္ပံနည်းပညာတွေနဲ့ ငြိမ်းသတ်လို့ မရနိုင်ပေမယ့် ဗုဒ္ဓနည်း ပညာနဲ့ကျတော့ ငြိမ်းသတ်လို့ ရသားပဲ ၊ အလွန်ကံကောင်းလိုက်တဲ့ ဖြစ်ခြင်းပါပဲ။

မျက်စိကောင်းအောင် ပြုကျင့်ဆောင်
လိုချင် ရချင် ဖြစ်ချင်ခြင်းဆိုတဲ့ ဒီလောဘမီးဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေတဲ့အချိန်ကလွဲလို့ ကြုံရင် ကြုံသလို မျက်စိကနေ လောင်လိုက် ၊ နှား, နှာခေါင်း, လျှာ, ကိုယ်ကနေ လောင်လိုက်ပါပဲ ၊ တခါတလေများ နှလုံးသားကနေ လောင်လိုက်ပြီဆိုမှဖြင့် မချိမဆံ ခံလိုက်ကြရတာ ကိုယ်တွေ့ ကိုယ်စီ ရှိကြမှာပါ။

လောကသားတွေရဲ့သဘာဝ လောဘမီးမလောင်ရအောင် မျက်စိကို ပိတ်ထားလို့ကလဲ မဖြစ်နိုင်တဲ့အခြေအနေပါ ၊ ဖွင့်ကို ဖွင့်ထားရပါတယ် ၊ လိုအပ်လွန်းလို့ ကံအကျိုးပေးအရ မျက်စိ ၂-လုံးအထိတောင် ရှိပေးရတာပါပဲ ၊ ကံအကျိုးပေးကို အား,မရလို့ အမြင်ကောင်းအောင် ဆေးဝါးဓာတ်စာနဲ့တစ်မျိုး မျက်မှန်နဲ့တစ်ဖုံ အားဖြည့်ပေးရတာ တွေတောင် ရှိပါသေးတယ် ၊ မျက်မှန်တင်မက အခုခေတ်ပေါ် နည်းပညာတွေရဲ့ အကူအညီ တွေနဲ့ မျက်စိ အကြည့်အား ကောင်းအောင် လုပ်ဆောင်ပေးနေတာတွေကိုလဲ အားလုံးက သိနေကြ ၊ မြင်နေကြ ၊ ကြားနေကြရတဲ့အတိုင်းပါပဲ။


ဥာဏ်မျက်စိကဏ်း လောဘမီးလောင်ကျွမ်း

ဘယ်လောက်ပင် မျက်စိအမြင်တွေ ကောင်းနေပစေ ဥာဏ်မျက်စိကဏ်းနေလို့က တော့ ကြည့်တိုင်း မြင်တိုင်း မျက်စိမှာ မီးလောင်မြဲပါပဲ ၊ များသောအားဖြင့် နှစ်သက်ဖွယ် အာရုံတွေကို ကြုံတွေ့ ကြည့်မြင်ရတဲ့အခါမှာ လိုချင် ရချင် ဖြစ်ချင်တဲ့ လောဘမီး ရာဂမီး လောင်လို့ပါပဲ ၊ ကြည့်အုံးလေ.. လောကကြီးရဲ့သဘာဝကိုက မြင်ရသူတွေ နှစ်သက် သဘောကျအောင် ပြင်ဆင် မွမ်းမံမှု တီထွင်မှုတွေ နေရာတကာမှာ တွေ့နေကြရပါတယ် ၊ မြင်မြင်ချင်း လောဘမီး ရာဂမီးတောက်လောင်မှ အကောင်းဆုံးပစ္စည်းဝတ္ထုပဲလို့ ထင်မြင် ယူဆကြရတယ်လေ ၊ ဒါကြောင့်မို့လို့ ခေတ်သစ်နည်းပညာတွေနဲ့ တီထွင်ကြံဆ မွမ်းမံမှု ပြုလုပ်ကြတယ် ၊ တစ်ဖက်တစ်လမ်းကလဲ ကြော်ငြာမှုတွေကို ငွေကြေးအကုန်အကျခံပြီး ကြော်ငြာရပြန်ပါတယ် ၊ သက်မဲ့ဖြစ်တဲ့ ၀တ္ထုပစ္စည်းတွေတင် မဟုတ်ပါဘူး ၊ သက်ရှိဖြစ်တဲ့ လူတွေရဲ့ခန္ဓာကိုယ်မှာလဲ ကြည့်ရ မြင်ရသူ လူတကာတွေ နှစ်သက်သဘောကျအောင် ၀တ်စားဆင်ယင်မှုအမျိုးမျိုး စိန်ရွှေငွေရတနာစတာတွေနဲ့ မွမ်းမံဆင်ယင်မှုအဖုံဖုံ ပြုလုပ်ကြ ပါတယ် ၊ ဒါ့ကြောင့်လဲပဲ ပညာအမြင်ကဏ်းသူတွေအဖို့မှာ လောဘမီးအလောင်ခံနေရရှာ တော့တာပေါ့။
အဲဒီလောဘမီးကလဲ လောင်စာရှိနေသမျှ တဖြည်းဖြည်းနဲ့ ပူသထက်ပူ ပြင်းသထက်ပြင်းလာပြီးတော့ နေမထိ ထိုင်မထိ အခြေအနေရောက်သွားပြီဆိုမှဖြင့် လိုချင် တာ ရချင်တာ ဖြစ်ချင်တာတွေ ရဖို့ ဖြစ်ဖို့ လုပ်ရ ပြောရ ကြံစည်ရပါလိမ့်မယ် ၊ ဒီလိုနဲ့ပဲ ဘ၀ဇာတ်လမ်းတွေ ရှည်ပြီး ဒုက္ခပင်လယ်ကြောမှာ မျှောလိုက် မြှုပ်လိုက် ပေါ်လိုက်နဲ့ ပြဿနာပေါင်းစုံ ဒုက္ခပေါင်းစုံ ကြုံတွေ့ခံစားလိုက်ကြရတာပါပဲ ၊ ဒါကို ဘုရားရှင်က မြင်တော်မူလွန်းလို့ မဟာကရုဏာတော်ဓာတ် သက်မိရတာ အမှန်ပါ။
လောဘမီးငြိမ်းရန် ဗုဒ္ဓဥာဏ်မျက်မှန်

လောဘမီး ရာဂမီး အလောင်မခံရလေအောင် အာရုံလောင်စာနဲ့ မတွေ့ရအောင် ဝေးဝေးကနေ ရှောင်ပြီး နေပေးဖို့တော့ လိုတာပေါ့ ၊ တမင်သက်သက် အာရုံရှိရာ လောင်စာရှိရာကို အချိန်ကုန် ငွေကုန်ခံပြီး အလောင်သွားခံတာကတော့ ကိုယ့်ကိုယ်ကို မသနားရာကျလို့ပါပဲ ၊ မလွှဲသာ မရှောင်သာ အလုပ်သဘောအရ ဘ၀ပေးတာဝန်အရ ကြည့်ရ မြင်ရခဲ့သည်ရှိသော် ဘယ်လိုလုပ်ရပါ့မလဲ ၊ သိပ္ပံနည်းနဲ့ ငြိမ်းသတ်လို့ မရနိုင်တဲ့ ဒီလောဘမီး ရာဂမီးကို ဘုရားရှင်ပေးသနားတော်မူတဲ့ ဥာဏ်မျက်မှန်လေးတပ်ပြီး ကြည့်ပေးလိုက်ပါ ၊ လောဘမီး တဖြည်းဖြည်းနဲ့ အရှိန်လျှော့သွားမယ်၊ လောဘမီး မဖြစ်ပေါ်ဘဲလဲ ရှိနိုင်ပါတယ်၊ ပြီးတော့ ဖြစ်ပေါ်တဲ့ မိမိရဲ့ခန္ဓာကိုယ် ၃၂ကောဋ္ဌာသကို တစ်ခုချင်းခွဲစိတ်ကြည့် ဓာတ်သဘော မျှသာရှိပြီး ခိုင်မြဲမှုသဘောမှကင်း မတင့်တယ်တဲ့သဘောမျှသာ ရှိနေပါကလားလို့ မပြတ်နှလုံး သွင်း ရှုမြင်သုံးသပ်ရပါတယ် ၊ ဒီလိုနှလုံးသွင်း ရှုမြင်သုံးသပ်ပေးခြင်းဖြင့် ဓာတ်သဘောမှန် ဥာဏ်ထဲမှာ ရှင်းနေရင် လောဘမီး ရာဂမီး တောက်လောင်စရာ အကြောင်းမရှိနိုင်တော့ပါ။

ဒီထက်ပိုအားကောင်းတဲ့ ဥာဏ်မျက်မှန်ကို တပ်ဆင်ပြီးကြည့်လိုက်မယ်ဆိုရင် မြင်သမျှတွေဟာ ခိုင်မြဲတာ ဘာတစ်ခုမှ မရှိပါဘူး ၊ ပေါ်ပြီးပျောက် ၊ ဖြစ်ပြီးပျက်တာချည်းပါပဲ ၊ ဖြစ်လာတဲ့အရာမှန်သမျှ နောက်ဆုံးမှာ ကုန်ပျောက်ပျက်စီးရတာချည်းပါပဲ ၊ မိမိတို့ရဲ့ရုပ်နာမ် ခန္ဓာတွေကို ဘုရားပေးတော်မူတဲ့ မျက်မှန် ၀ိပဿနာဥာဏ်နဲ့ ကြည့်လိုက်တဲ့အခါမှာ စက္ကန်တိုင်းနဲ့အမျှ မရပ်မနား ဖြစ်ပျက်နေတာကို တွေ့မြင်နိုင်ကြပါတယ် ၊ မနှစ်သက်ချင်စရာ တရားတွေပါပဲပေါ့ ၊ မိမိရဲ့ အဇ္ဈတ္တသန္တာန်မှာ ၀ိပဿနာဥာဏ်မျက်မှန်နဲ့ ကြည့်လိုက်တော့ မမြဲဆင်းရဲ မနှစ်သက်ချင်စရာတွေအဖြစ် မြင်ရသလို သူတပါးရဲ့သန္တာန်နဲ့ လောကတစ်ခု လုံးမှာ ရှိရှိသမျှ သက်ရှိသက်မဲ့ အရာမှန်သမျှကလဲပဲ မမြဲဆင်းရဲ မနှစ်သက်ချင်စရာ အနှစ်သာရမဲ့ အစိုးမရတဲ့ သဘောလက္ခဏာတွေလို့ တွေ့မြင်နိုင်ပါတယ် ၊ ပုဂ္ဂိုလ်သတ္တ၀ါ ယောက်ျားမိန်းမအနေနဲ့ မမြင်ဘဲ အကြောင်းတရားရှိလို့ အကျိုးတရားအဖြစ် ဖြစ်ပေါ်လာ ကြတဲ့ ရုပ်ဓာတ်နာမ်ဓာတ်ဖြစ်စဉ် သဘောတရားမျှသာ ရှိပါပေတယ် ၊ အဲဒီလို အရှိမှန်ကို အသိဥာဏ်နဲ့ တွဲလိုက်လို့ မြင်မှုကိစ္စစတာနဲ့ပတ်သက်ပြီး ဘယ်လို့ပဲ နှစ်သက်ဖွယ်အာရုံတွေ ဖြစ်နေပစေ ၊ လောဘမီး ရာဂမီး ထတောက်စရာ အကြောင်းမရှိတော့ပါဘူး ၊ ဒါကြောင့် ကိုယ်တွေ့ဖြစ်အောင်သာ လေ့ကျင့်အားထုတ်ပါလို့ တိုက်တွန်းလိုက်ပါရစေ။

ဥာဏ်နားကင်းမဲ့ လောဘမီးထွက်

တခါတလေကျပြန်တော့ မိမိတို့နှစ်သက်တဲ့အသံ ကြားလိုက်ရပြန်တော့ နားမှာ လောဘမီး ထပြီးတောက်ပြန်ပြီး ပုထုဇဉ်တွေရဲ့ သဘာဝအရ နှစ်သက်အပ်တဲ့ ၅-ပါးအာရုံ ကာမဂုဏ်တရားတွေရဲ့နောက်က တကောက်ကောက်လိုက်လို့ မဆုံးအောင်ပါပဲ ၊ မရ ရအောင် ရှာတယ်၊ ရလာပြန်တော့ တွယ်တာငြိကပ် တပ်မက်စွဲလန်းတယ် ၊ ရရှိပြီးအာရုံတွေနဲ့ မကျေနပ်နိုင် မတင်းတိမ်နိုင် ၊ အသစ်အသစ်ဖြစ်တဲ့ အာရုံတွေကို ထပ်ပြီးလိုချင် ရချင်တယ် ၊ ဒီလိုနဲ့ပဲ လောဘအတောမတပ် ဖတ်ဖတ်မောအောင် ရှာရတယ် ၊ ညတိုင်းဆိုသလို အကြံ တွေထုတ် အခိုးတွေလွှတ်ပြီး မိုးလင်းလာတော့ လောဘမီးတွေလောင်မြှိုက် အမော ဆိုက်အောင် သွားလာလှုပ်ရှား ပြုလုပ်ပြောဆိုကြရပြန်တယ် ၊ ဒီလိုနဲ့ပဲ လောဘမီး လောင်လျက် တန်းလန်းနဲ့ တစ်ဘ၀ တစ်စခန်း သိမ်းသွားရပြန်ပါတယ်။

ယေဘုယျအားဖြင့် နှစ်သက်ဖွယ်အသံ ကြားရတယ်ဆိုမှဖြင့် ထစ်ကနဲ့ ဆိုသလို နားမှာ လောဘမီးစွဲလောင်တော့တာပဲ ၊ မီးမှန်းမသိကြလို့ သက်သက်မဲ့ အချိန်အကုန်ခံ လူပင်ပန်း ပိုက်ဆံကုန် သက်တမ်းဖြုံးနေကြတော့တာပေါ့ ၊ မီးကင်လိုက်ရလို့ ခေတ္တခဏ နူနာရောဂါ အယားသက်သာသလိုတော့ ခံစားမိတာပေါ့လေ ၊ မီးကင်နိုင်အောင် စုဆောင်းဝယ်ယူထားတဲ့ ကိရိယာတန်ဆာပလာတွေလဲ နည်းမှာမဟုတ်ပါဘူး ၊ အိမ်မှာ မီးကင်ရတာ အားမရလို့ အပြင်ဘက်သွားရောက်ပြီး မီးဖိုနားမှာ လောဘမီး ဟုန်းဟုန်း တောက်အောင် လုပ်ရက်လိုက်တဲ့ဖြစ်ခြင်း ၊ စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ သွားရောက်ပြီး တညလုံး မိုးလင်းတဲ့အထိ တန်ဘိုးရှိလှတဲ့နားကို လောဘမီး အလောင်ခံ နေကြတာကတော့ဖြင့် အချိန်ကို သိပ်ပြီး နှမြောဖို့ ကောင်းလှပါပေတယ်။

ဃာနနှာခေါင်း လောဘမီးလောင်
နေ့စဉ်ဆိုသလို လောဘမီးက လှည့်ပတ်ပြီး လောင်နေပါတယ်၊ နှစ်သက်ဖွယ် မွှေးကြိုင်တဲ့ အနံ့ကို ရှုရတဲ့အခါမှာ သတိတရား လက်ကိုင်မထားလို့ကတော့ နှာခေါင်းမှာ လောဘမီး ထတောက်တော့တာပါပဲ ၊ လောဘမီး မလောင် လောင်အောင် ရေမွှေးနံ့သာ အမွှေးအကြိုင်များကို ၀ယ်ယူစုဆောင်းထားကြတာလဲ နည်းလှမှာ မဟုတ်ပါဘူး ၊ ဒီပစ္စည်း တွေက တကယ်တော့ လောဘမီးရဲ့လောင်စာတွေပါပဲကလား ၊ တချို့အနံ့တွေဟာ မိမိတို့ အဖို့ နှစ်သက်စရာတွေ ဖြစ်နေပေမယ့်လို့ တပါးသူအဖို့မှာ အော့အန်ချင်စရာ ခေါင်းကြီးမူး နောက်စေနိုင်တဲ့အထိ ဖြစ်စေနိုင်တယ်ဆိုတာကိုလဲ မမေ့သင့်ပါဘူး ၊ လောဘမီးလောင်လို့ ရာတန် ထောင်တန်ရေမွှေးတွေဝယ်တော့ နှာခေါင်းမှာတင် မီးလောင်တာမက ပိုက်ဆံအိတ်ကိုပါ မီးလောင်ခံထိတော့တယ် ၊ လောဘမီး အလောင်ခံရုံတင်မက မာန်က ထလိုက်သေးတယ် ၊ ငါမို့လို့ ၀ယ်နိုင်သုံးနိုင်တယ်ပေါ့ ၊ အတော်ဆိုးနေပါကလား ၊ သူတော်ကောင်းတွေရဲ့ အမြင်မှာတော့ သနားစရာ သူတွေပါပဲလေ။

တနေ့ ၃-၄ကြိမ် လျှာမှာ လောဘမီးထိန်

လျှာမှာလောင်တဲ့မီးက ပိုများပါတယ် ၊ တစ်နေ့တစ်နေ့မှာ ၃-၄ကြိမ်လောက် စားရသောက်ရတာကိုး၊ သတိတရားမပါ စားသောက်သူများမှာ ထုံးစံအတိုင်းဆိုသလို လောဘမီးက တောက်လောင်မြဲ တောက်လောင်လျက်ပါ ၊ ဒီရသတဏှာ လောဘမီးဟာ ဘ၀ါဘ၀က စဉ်ဆက်မပြတ်လောင်လာတဲ့မီးပါပဲ ၊ သို့သော် ဘုရားပွင့်လာမှ မီးမှန်း သိကြရတာပေါ့ ၊ မီးမှန်းမသိကြရတဲ့ သူတွေအဖို့မှာတော့ ၊ စားသောက်တိုင်း လောဘမီး တောက်လျက် ရှိနေအုံးမှာပါပဲ ၊ အိမ်မှာ ရေခဲသေတ္တာထဲ မီးလောင်စာတွေ အပြည့်သိုမှီး သိမ်းဆည်းထားကြတာလဲ မနည်းလှပါဘူး ၊ ပညာရှိရှိ သတိရှိရှိနဲ့ မစားသောက်တတ်လို့ ကတော့ လောဘမီးကတော့ဖြင့် မညှာတမ်း လောင်လို့မဆုံး တစ်သက်လုံးပြောင်အောင် လောင်မှာသေချာပါတယ် ၊ စားဖို့ သောက်ဖို့ အသက်ရှင်နေတာ မဟုတ် ၊ အသက်ရှင်ဖို့ အတွက် စားသောက်ကြရတယ်ဆိုတာ သဘောမပေါက် မသိမမြင်သေးသရွေ့ စားတိုင်း သောက်တိုင်းမှာ လောဘမီးက အားကောင်းကောင်းနဲ့ လောင်မြဲလောင်လို့နေမှာပဲ ၊ ဒီရသတဏှာ လောဘမီးဟာ အဆိုးဆုံးပါပဲ။

ခန္ဓာကိုယ်တခုံးလုံး လောဘမီးတဟုန်းဟုန်း

မိမိတို့ ကိုယ်ကာယနဲ့ ပတ်သက်ပြီးတော့ လောဘမီး ရာဂမီးလောင်ကျွမ်းနေတာ ကလဲ ရှိသေးတယ် ၊ မိမိတို့ရဲ့ အ၀တ်အစားအပေါ် နှစ်သက်ကျေနပ်မှုတမျိုး မိမိတို့ရဲ့ ကိုယ်ခန္ဓာ သူတပါးတွေရဲ့ခန္ဓာကိုယ်ပေါ်မှာ တွယ်တာ စွဲလန်း မက်မောမှုကတဖုံ လောဘမီးတွေ ဟုန်းဟုန်းတောက်လို့ပါပဲ ၊ ဒါ့အပြင် ခန္ဓာကိုယ်ကို စိန်ရွှေငွေရတနာတွေနဲ့ ဆင်သလို လောဘမီးတောက် ခြေဖျားထောက်တဲ့သူတွေလဲ မနည်းပါဘူး ၊ လောဘမီး တောက် ခြေဖျား ထောက်နိုင်အောင် ရှာကြံရတဲ့ ဒုက္ခကလဲ မနည်းပါပဲလား ၊ လောဘမီး တောက်လောင် နေတော့ အဆိုးအကောင်းကို မမြင်နိုင်ဘဲ ရှိနေရပါတော့တယ် ၊ မိမိတို့ရဲ့ လောဘစိတ် ရာဂစိတ်ကို မနှိပ်ကွပ်နိုင်လို့ ဟိုလေးတကျော်ဖြစ် ၊ အများရဲ့ပြစ်တင် ရှုတ်ချမှုကို ခံရ ၊ အကျဉ်းထောင်မှာ ခံရသူတွေလဲ မနည်း ၊ အဲဒီလို ရာဂရဲ့ကျေးကျွန်ဖြစ်ပြီး ရှာသမျှ မလောက်နိုင် ၊ အိမ်ထောင်ရေး ပြဿနာတက် ၊ မိသားစုတွေ စိတ်ဝမ်းကွဲ ၊ ၄င်းတို့နဲ့ ပတ်သက်သူများ မျက်နှာပူ အရှက်ရ ၊ လောကအလယ်မှာ မျက်နှာငယ် အရှက်ရ များလှတဲ့ အပြစ်တွေ ၊ ခဏတဖြုတ် ပျော်ပိုက်ချမ်းသာ နောင်ခါအပါယ်ကျခံ အများအော့ နှလုံးလန် ဒီလိုအကျဉ်းတန် အမှုမျိုးကိုဖြင့် အောင်----ဒူရေ--ဝေးဝေးရှောင် အကောင်းဆုံးဖြစ်မှာပဲ။

Credit to 

(တအာင်း-အမေရိကန်ဆရာတော်ဦးဇေယျသုတ ဓမ္မာစရိယ၊ B.A India ၊ M.A Srilanka ၊ A.G.S USA)



လောဘမီးပြင်းလှ ဟဒယမှာ

တခါတလေကျပြန်တော့ မျက်စိ-နား-နှာ-လျှာ-ကိုယ်မှာ လောဘမီးမလောင် ဘဲနဲ့ နှလုံးသားမှာ လောင်လို့ပါပဲ ၊ အတိတ်က အရိပ်တွေ ပြန်းတွေး ပညာရေး စီးပွားရေး နိုင်ငံရေးနဲ့ဆိုင်တဲ့ အောင်မြင်မှုလေးတွေကို ပြန်သတိရလို့ သဘောကျ လောဘမီး ထတောက်တာကလဲ တမျိုး ၊ တွေ့ကြုံခံစားလာခဲ့ရဖူးတဲ့ နှလုံးသားရေး ချစ်ခြင်းကိစ္စ အကြောင်း ပြန်ပြောင်းသတိရပြီး နှစ်သက်အားရလို့ လောဘမီးတောက်ရတာကလဲ တဖုံ ၊ နှလုံးအိမ်မှာ မီးဟုန်းဟုန်းတောက်ရတဲ့ အချိန်လဲ နည်းမှာ မဟုတ်ပါဘူး ၊ ဒွါရခြောက်ဝ ခြောက်ဌာနမှာ လောဘမီးတွေ လောင်လို့မဆုံးနိုင်လောက်အောင် လောင်နေတာကို မမြင်နိုင်ကြရင်ဖြင့် ဆက်လက်ပြီးတော့ကာ အပါယ်မီးလောင်ဖို့သာ ခရီးဆက်ရ ပြင်ဆင် ကြပေတော့ပဲ။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated