@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Sunday, 8 June 2014

မီး(၁၁)ပါး ၄၊ဇာတိမီး

ဇာတိမီး
မျက်စိ , နား, နှာ, လျှာ, ကိုယ် နဲ့ မနောဒွါရမှာ လောဘမီး ဒေါသမီး မောဟမီး လောင်ပုံနဲ့ ငြိမ်းသတ်ပုံအကြောင်း တစေ့တစောင်း တင်ပြဆွေးနွေးလို့ ပြီးသွားပါပြီ ၊ ခုတခါ ဇာတိမီးအကြောင်းဆက်လက်ပြီး တင်ပြလိုက်ပါရစေ ၊ ဘ၀ တခုမှာ စတင်ဖြစ်ပေါ်လာခြင်းကို ဇာတိလို့ ခေါ်ပါတယ် ၊ ဘုံနဲ့ ပုဂ္ဂိုလ်အလိုက် ဖြစ်ပေါ်လာပုံခြင်းကတော့ မတူကြဘူးပေါ့ ၊ အုပ်စုလိုက် ခွဲခြားလိုက်မယ်ဆိုလို့ရှိရင် လေးမျိုးလေးစားလောက် ကွဲပြားလာပါတယ် ၊ (၁) လူပုဂ္ဂိုလ်တွေလို အမိဝမ်းကနေပြီးတော့ ဇာတိရ ပေါက်ဖွားလာတာက တစ်မျိုး၊ (၂) ကြက်ငှက် တွေလို ဥခွံကနေ တစ်ဆင့် ဇာတိရ ပေါက်ဖွားလာတာက တစ်မျိုး ၊ (၃) ခြင်ကောင် လောက်ကောင် ပိုးကောင်တွေလို သားပုပ် ငါးပုပ် ရေပုပ် အညှိကနေ ပေါက်ဖွားလာတာက တစ်မျိုး ၊ (၄) ဆိုခဲ့ပြီး သုံးပါးတို့မှ အလွတ်ဘွားကနဲ ဖြစ်ပေါ်လာကြတဲ့ နတ် ဗြဟ္မာတွေ၊ တစ်ချို့သော ပြိတ္တာတွေရဲ့ ဇာတိဖြစ်ခြင်းက တစ်ဖုံ လေးစုံခန့် ရှိကြပါတယ်။
လူ့ဇာတိမီး
ဒိပြင်ပုဂ္ဂိုလ်သတ္တ၀ါတွေရဲ့ ဇာတိမီးလောင်ပုံကို အသာထား လူသားတွေရဲ့ ဇာတိ မီးလောင်ပုံကို ရှုကြည့်ကြပါစို့ ၊ မိမိတို့ရဲ့ ကံအားလျှော်စွာ မိခင်ရဲ့ဝမ်းကြာတိုက်မှာ စတင်ရောက်ရှိ သန္ဓေတည်မိကြတဲ့ သူငယ်လေးမှာ အဦးအစ ဖြစ်ခြင်းလို့ဆိုတဲ့ ဇာတိမီးဟာ စတင်ပြီး လောင်တော့တာပါပဲ ၊ သန္ဓေ တည်စက စပြီး ၉-လ ၊ ၁၀-လကြာ မွေးဖွားလိုက်ရတဲ့ အချိန်တိုင်အောင် ကျဉ်းကျပ် ပိတ်လှောင်မှောင်မိုက်လှတဲ့ အမိဝမ်းမှာ ငုတ်တုတ်ထိုင် နေရရှာတဲ့ ခလေးငယ်ရဲ့ ဒုက္ခကတော့ဖြင့် စိတ်နဲ့သာ မှန်းပြီး ကြည့်လိုက်စမ်းပါတော့ ၊ လူ့ဘ၀ လူ့လောကမှာ ဦးစွာပထမ ပဋိသန္ဓေ တည်နေရခြင်းရဲ့ ဆင်းရဲဒုက္ခ ဇာတိမီးအစပျိုး လောင်ကျွမ်းမှု ပြုလိုက်ခြင်းပါပေပဲ ၊ ကံ, စိတ်, ဥတု, အာဟာရတို့ကြောင့် ဖြစ်ပေါ်လာကြတဲ့ ရုပ်တရားတွေနဲ့အတူ ပဋိသန္ဓေစိတ် ဘ၀င်စိတ် အစဉ်တွေကလဲ ဆီမီးလျှံပမာ တဖြတ်ဖြတ် တဖြန်းဖြန်းနဲ့ စဉ်ဆက် မပျက် ဖြစ်ပေါ်လာပြီးတာနဲ့ တပြိုင်နက် ချက်ချင်းပျက် အသစ်တဖန် ဆက်ဖြစ်ပြန် အဖြစ်ဆိုတဲ့ ဇာတိမီးက လောင်မြဲလောင်လျက်ပဲ ၊ လူ့ပြည်မှတပါး တခြားသော လောကသား သတ္တ၀ါတွေရဲ့ ပဋိသန္ဓေအစ ရုပ်အစဉ် နာမ်အစဉ်တွေ စတင်ဖြစ်ပေါ်လာတာ မှန်သမျှ ဇရာမီး မရဏမီး ဆက်ပွားလောင်နိုင်အောင် စပြီးမီးမွှေး ပေးလိုက်ခြင်းပင်ဖြစ်ပါတယ် ၊ ဒါကြောင့်မို့လို့ ဘယ်ဘုံဘ၀ ဘယ်သတ္တ၀ါတွေရဲ့ ပဋိသန္ဓေအစ ဇာတိရလာတာပဲဖြစ်ဖြစ် ဇာတိမီးလို့ပဲ ခေါ်ရပါ တော့တယ် ၊ ‘‘ဘ၀အစ ဇာတိမီးက’’လို့ ပြောလို့ရပါတယ်။

မီး(၁၁)ပါး ၃၊မောဟမီး

ဒွါရခြောက်ပေါက် မောဟမီးတောက် ငြိမ်းပျောက်စေနိုင်တာ ၀ိပဿနာ
လောဘမီးနဲ့ ဒေါသမီးလောင်ကျွမ်းတဲ့အခါမှာ သိသာမြင်သာလှပေမယ့် မောဟမီး လောင်နေတာကတော့ တယ်ပြီးမသိသာ မထင်ရှားလှပါ ၊ ဆိုကြပါစို့ ၊ လိုချင် ရချင် သွားချင် ရောက်ချင် ဖြစ်ချင်ဇော လွန်ကဲပြီး လောဘမီးအလောင်ခံရတဲ့ပုဂ္ဂိုလ်မှာ အိပ်မပျော်နိုင်ပါ ၊ စိတ်ညစ် စိတ်ဆိုး ပူဆွေးမှုလွန်ကဲ ဒေါသမီး အိုးပေါက်ကွဲ လောင်မြိုက်နေရတဲ့အခါမှာလဲ နေမထိ ထိုင်မသာ အိပ်လို့ မပျော်နိုင်ပါ ၊ အဲဒီလိုပဲ သူတို့ရဲ့လောင်ပုံက သိသာ မြင်သာရှိလှပါတယ် ၊ မောဟမီးကျတော့ ဖွဲမီးလိုပဲ လောင်နေမှန်းတောင် မသိလိုက်တာက များပါတယ်။
မျက်စိဒွါရမှာ မောဟမီးလောင်ပုံကို ကြည့်ကြပါစို့ ၊ အဆိုးကြီး အကောင်းကြီးလဲ မဟုတ်လှတဲ့ မကောင်းတကောင်း သက်ရှိသက်မဲ့ အဆင်းရူပါရုံ တစ်ခုခုကို တွေ့မြင်ရ တဲ့အခါမှာ မောဟမီးလောင်တတ်ပါတယ် ၊ မောဟဆိုတာ အမှန်တရားကို မသိ ၊ အမှားကို သိ တွေဝေနေတဲ့သဘောပါပဲ ၊ တကယ် စင်စစ်မှာတော့ ဒီမောဟဟာ လောဘဒေါသတို့ထက် ကြောက်စရာကောင်းလှပါတယ် ၊ မျက်စိ နား နှာ လျှာ ကိုယ်စိတ်လို့ဆိုတဲ့ ဒွါရခြောက်ပါး တံခါးခြောက်ပေါက်မှာ ထင်လာတဲ့ အဆင်း အသံ အနံ အရသာ အတွေ့အထိ ဓမ္မာရုံ တွေအပေါ်မှာ တွေဝေမိန်းမော အမှန်သဘောကို မသိနိုင်လို့ ဒီမောဟမီးက စပြီးလောင် လိုက်တော့တာပါပဲ ၊ သူလောင်ပြီးမှ လောဘမီး သို့မဟုတ် ဒေါသမီးကို ဆက်ပြီးလောင် ခွင့်ပြုပေးလိုက်တာ သူပါပဲ ၊
သူမှ မစခဲ့ရင် လောဘနဲ့ဒေါသမီး လောင်ခွင့်ကို မရှိနိုင်ပါ ၊ မောဟက ပေးအပ်လာတဲ့ အမွေအနှစ်ကို လောဘ သို့မဟုတ် ဒေါသက ဆက်ခံရယူပြီး လောင်ကျွမ်းမှု ကို ပြုနေရတာပါ ၊ ဒါကြောင့်မို့လို့ ကောင်းတဲ့အာရုံမှာရော မကောင်းတဲ့အာရုံမှာပါ အမှန်တရားကို မသိမှု အမှားကို သိမှုဆိုတဲ့ ဒီမောဟမီးက ဦးစွာပထမ လောင်ပြီးကာမှ လောဘဒေါသတွေက နောက်လိုက်ပြီး လောင်နေရတဲ့ အနေအထားမှာ ရှိနေပါတယ် ၊ အဆင်းကို မြင်ရတဲ့အခါမှာ ရုပ်တရားအဆင်းပဲလို့ မမြင်ဘဲနဲ့ ပုဂ္ဂိုလ် သတ္တ၀ါ မိန်းမ ယောက်ျား အင်္ဂါခြေလက် လှ မလှ ပညတ်ကြီးအနေနဲ့ မြင်လို့ မောဟမီးက စလောင်တော့တာပါ ၊ အဆင်းကို အဆင်းမှန်းသိ မြင်ကာမျှတင်ရပ်ပြီး ထိုထက်အပိုမမြင်စေလိုပါ ၊ အဆင်းကလဲ ဖြစ်ပြီးပျက် ၊ မြင်စိတ်ကလဲ ဖြစ်ပြီးပျက်နဲ့ ပရမတ်အမြင်သန် ဖြစ်ပျက်မှုမှာ ဥာဏ်သွင်းပြီး ရှုမှတ်လိုက်ရင် မောဟမီးလောင်ခွင့် မရရှိနိုင်တော့ပါ။
နားသောတမှာ မောဟမီးမဟာ
နေ့စဉ်နဲ့အမျှ အသံကို ကြားနေရပါတယ် ၊ အကောင်းအဆိုး ရိုးရိုးအသံ ကြား ရတိုင်းမှာ သတိ ပညာ ကင်းမဲ့နေမယ်ဆိုရင် မောဟမီးလောင်တော့တာပါပဲ ၊ များသောအား ဖြင့် မိမိတို့ နှစ်သက်တဲ့ အသံကို ကြားရရင် လောဘမီးလောင်ပြီး မနှစ်သက်တဲ့ အသံဖြစ်မယ် ဆိုရင်တော့ ဒေါသမီးက လောင်လို့ပါပဲ ၊ အလယ်အလတ် မကောင်းမဆိုး ကြားမြဲတိုင်းဖြစ်တဲ့ ရိုးရိုးအသံကိုကြားရတဲ့အခါမှာ ရှုမှတ်မှု မရှိက မောဟမီးက လောင်မြဲ လောင်လျက် ရှိနေမှာပဲ၊ ကြားရတဲ့အခါမှာ သူက ဘယ်လိုပြောတာပဲလို့ အဓိပ္ပါယ်တွေ အကျယ်ချဲ့ပြီး ဘာသာပြန် ၊ ငါ့နားနဲ့ ဒီလိုဒီလိုကို ကြားခဲ့ရတယ်လို့ အတ္တဆိုတဲ့ငါစွဲကို ရှေ့တန်းတင် ပညတ်အပေါ်မှာတင်ပဲ စိတ်ကရောက် အမှန်တရားကင်းပျောက်လို့ မောဟမီး တောက် ရတာပါပဲ။
ဝိပဿနာဥာဏ်ကိန်း မောဟမီးငြိမ်း
ကြားရတဲ့အသံကို အသံပဲလို့သိ ၊ ဒီအသံတွေကလဲ အက္ခရာတစ်လုံးချင်း တန်းစီသီကုံးထားလို့ ၀ါကျတစ်ခုဖြစ်ပြီး အဓိပ္ပါယ် ဖော်ဆောင်ကြတာပါ ၊ နားမှာ ကြားနေရတဲ့ ဒီအသံတွေကို စူးစူးစိုက်စိုက် ရှုမှတ်လိုက်မယ်ဆိုရင် အက္ခရာတစ်လုံးချင်း လျင်မြန်စွာ ဖြစ်ပေါ် ချုပ်ပျောက်သွားတာကို သိနိုင်ပါတယ် ၊ နာမည်ကြီး ဆိုင်းဆရာက ဆိုင်းကြီးကို လျင်မြန်စွာ တီးသလို မထမအသံ ဖြစ်ပြီးပျက် နောက်တခါ ဒုတိယအသံ နောက်ကလိုက် ဒီလိုနဲ့ပဲ ရှေ့အသံပျောက်ပြီး နောက်အသံပေါ် လျင်မြန်စွာနဲ့ အသံတွေဟာ ပေါ်ပျောက် ပေါ်ပျောက် ရှိနေခြင်းမျှသာပဲ ၊ အသံရဲ့ဖြစ်မှု ပျက်မှု အစီအရီတွေအပေါ်မှာ ဥာဏ်ရောက်သွားမယ်ဆိုရင် မောဟလောင်မီး လောင်ဖို့အချိန်ကို မရှိနိုင်တော့ပါဘူး ၊ ဥာဏ်ဆိုတာ အမောဟကို ပြောတာပဲ ၊ အမောဟဆိုတာ မောဟရဲ့ဆန့်ကျင်ဘက်ပဲ ၊ သတိတရား ရှေ့ထားပြီး နောက်နားက ဥာဏ်က ကပ်ပါပြီး ရှိနေမယ်ဆိုရင် မောဟဖြစ်ဖို့ အခွင့်အလမ်း လုံးဝမရှိနိုင်တော့ပါ ၊ ဒါကြောင့် ကြားတိုင်းကြားတိုင်းမှာ သတိပညာ အမြဲကပ်ပါနေဖို့ အလေ့အကျင့်လုပ် ပွားများအားထုတ်ပေးသွားမယ်ဆိုရင် မောဟမီး လောင်ခွင့်မရှိ ၊ အစွယ်အပွား လောဘဒေါသမီးများလဲ လောင်ခွင့် မရှိနိုင်တော့ပါ။
နှာခေါင်းပေါက်က မီးမောဟ
မိမိတို့ နေထိုင်ရာ အလုပ်လုပ်ရာ ဖြတ်သန်းသွားလာရာ ချက်ပြုတ်ရာ နေရာ ဌာနတွေမှာ ကောင်းတဲ့အနံ့ မကောင်းတဲ့အနံ့ ရှိနိုင်သလို မသိမသာ အနံမျိုးတွေဆိုတာလဲ ရှိတတ်စမြဲပါ ၊ ဘယ်လောက်ပဲ အနံ့တွေဆိုးဆိုး ကောင်းကောင်း ကြာတော့လဲ ကျင့်သာရပြီး ယဉ်သွားတော့တာပါပဲ ၊ အဲဒီအပေါ်မှာ အာရုံစူးစိုက်မှု မပြုတော့ဘဲ ဘာသိဘာသာ နေလိုက်တယ်ဆိုရင် တွေဝေမှုဆိုတဲ့ မောဟမီးလောင်ဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်သွားမှာပဲ ၊ မဆိုးမကောင်း မသိမသာ အနံ့မျိုးဆိုရင် လျစ်လျူရှုပစ်တာက များတတ်လို့ တွေဝေမှု မောဟဖြစ်ဖို့ စံချိန်က များနေပါတယ် ၊ ဒီလိုပါပဲ ၊ မောဟမီးဆိုတာ ၀ုန်းကနဲ ထတောက်တတ်တဲ့ ကောက်ရိုးမီး မဟုတ်ဘူး ၊ အမြေ့မြေ့နဲ့ လောင်ကျွမ်းနေတဲ့ ဖွဲမီးနဲ့ တူပါတယ် ၊ မီးခိုးတထောင်ထောင် မီးတောက်မီးလျံ တ၀င်းဝင်း လောင်ကျွမ်းနေတာ မဟုတ် လို့ အသိရခက်နေပါတယ် ၊ ပညာနဲ့ အနီးကပ် ဂရုစိုက်ပြီး မကြည့်မိရင် လောင်အားကောင်းပြီး တာရှည်တတ်ပါတယ် ၊ လောဘမီးနဲ့ဒေါသမီးထက် ငြိမ်းသတ်ဖို့ ခဲယဉ်းတယ်လို့ ဆိုရမှာပဲ။
နှာခေါင်းပေါက်ကမောဟမီး ငြိမ်းသတ်နည်း
နှာခေါင်းပေါက်က မောဟမီး မလောင်ရအောင် သတိဆောင်ပြီး ထားရပါ့မယ် ၊ ကျင့်သားရပြီးဖြစ်တဲ့ အနံ့အပေါ်မှာရော မသိသာ မထင်ရှားလှတဲ့ အနံ့တွေအပေါ်မှာပါ လုံးလစိုက်လို့ သတိထားပြီး ဥာဏ်နဲ့ရှုကြည့်လိုက်မယ်ဆိုရင် အနံ့ဆိုတာ ပုဂ္ဂိုလ် သတ္တ၀ါ မဟုတ် ၊ ပုံသဏ္ဍာန်အနေနဲ့လဲ ရှာမရပါဘူး ၊ အမြဲတမ်း တည်ရှိနေတဲ့ အနံ့လဲ မဟုတ်ပါဘူး ၊ အနံ့တွေ တစ်နံ့ပြီးတစ်နံ့ ဆက်ပြီးထွက်နေတာတောင်မှ မိမိရဲ့ဘက်ကို လေက တိုက်လာပါမှ အနံ့ကို ရှုရတာပါ ၊ နံ့တဲ့ အရာဝတ္ထု မီးစာတွေ ရှိနေလို့သာ အနံ့က ရှိရတာပါ ၊ အကြောင်းရှိလို့ အကျိုးထင်ခြင်းမျှပါပဲ ၊ အကြောင်းကုန်ဆုံးပျောက်ပျက်သွားရင် အကျိုးလဲ ပေါ်လာနိုင်စရာ မရှိပါ ၊ အနံ့ကို သိနေတဲ့ စိတ်ကလဲ တစ်စိတ်ပြီးတစ်စိတ် ဖြစ်ပြီး ပျက် သိပြီး ပျက်ပဲ မဟုတ်ပါလား ၊ ဒီလိုနဲ့ နံ့သိပျက် နံ့သိပျက် သဘောကို ရှုမြင်နိုင်လိုက်မယ်ဆိုရင် အနံ့ရတိုင်း ပညာက ဖြစ်နေတာပဲ ၊ ပညာဆိုတာ အမောဟပါပဲ ၊ မတွေဝေဘူး ၊ အမှန်တရားကို သိနေခြင်းပါ ၊ သိနေရှုနေသမျှ မောဟမီးလောင်ခွင့်ကို မရနိုင်တော့ပါ ၊ အင်မတန် ကောင်းတဲ့ မီးသတ်ကိရိယာ တန်ဆာတစ်ခုပါပဲ။
လျှာပေါက်က မီးမောဟ တရွရွ
စားသောက်ရတာ ခံတွင်းတွေ့တော့ လောဘမီး ဆွေ့ဆွေ့လောင် ၊ စားသောက် မကောင်းတဲ့ အခါများကျပြန်တော့ ဒေါသမီးက တဖွားဖွား ၊ သတိလက်လွတ် စားသောက် တိုင်းမှာ မောဟမီး တဖြတ်ဖြတ် မပြတ်လောင်မြိုက်ခံကြရတယ် ၊ စားသောက်နေကျ အာဟာရတွေမို့ စိတ်လှုပ်ရှားလောက်အောင် သိပ်ပြီး ကြိုက်လှတယ်လို့ မဟုတ်သလို စားသောက်ရတာ မကောင်းလို့ သိပ်ကြီး စိတ်ပျက်ရလောက်အောင် မဖြစ်တဲ့ အနေအထားမှာ မသိမသာလေးနဲ့ မောဟမီးက လောင်နေတာပါပဲ ၊ စားသောက်နေတုံး စိတ်ကူးတွေယဉ် အပြင်ဗဟိဒ္ဓမှာ စိတ်တွေတောင်ရောက် မြောက်ရောက် စားသောက်နေတဲ့အပေါ် စူးစိုက်မှု စိတ်ဝင်စားမှု မရှိ အရသာကိုတောင် မသိလိုက်နိုင်တဲ့အခါလဲ ရှိသေး ၊ အဲဒီလို အနေအထား မျိုးမှာဆိုရင်လဲ မောဟမီးက လောင်မြဲလောင်လျက်ပဲ ၊ စားသောက်နေတုံး နာရီဝက် တစ်နာရီလောက် အချိန်ကုန် ၊ စားပွဲခုံပေါ်ရှိ အစားအသောက်တွေကသာ အကုန်ပြောင် သတိ ပညာကင်းကွာ စားသောက်ကြမယ်ဆိုရင် အချိန်ရော အစားအသောက်ပါ သိပ်ပြီး နှမြောဖို့ ကောင်းလှပါလိမ့်မယ် ၊ ၀မ်းဗိုက်ကသာ ပြည့်ပြီး အနှစ်ကင်းမဲ့ သတိပညာမဖက်တဲ့ စားသုံးနည်း မောဟမီးရဲ့လောင်စာ အကျိုးဆိုလို့ ဗလာနတ္ထိ ဖြစ်ရှိနေမှာပဲ။
လျှာပေါက်က မောဟမီး ငြိမ်းသတ်နည်း
တစ်နေ့တစ်နေ့ကို ၄-၅-၆ကြိမ်မျှ စားကြ သောက်ကြနဲ့ ခန္ဓာကိုယ်ကြီးကို ဆီးဖြည့် ဆေးကု ပြုစုပေးနေကြရတယ် ၊ သတိလက်လွတ် ရှုမှတ်မှုမပါ စားကြ သောက်ကြမယ် ဆိုရင်တော့ မောဟမီး တလှိုက်လှိုက် လောင်မြိုက်ပြီးနေမှာပဲ ၊ ဘုရားပေးတော်မူတဲ့ နည်း အသုံးချ သတိ သမ္ပဇညနဲ့ စားသောက်နိုင်ကြမယ်ဆိုရင် မောဟမီး လောင်ခွင့် မရှိပါ ၊ စားနည်းသောက်နည်း နိသျည်းတွေကတော့ အင်မတန်မှ လွယ်ကူလှပါတယ် ၊ အလေ့အကျင့် လုပ်ပေးဖို့သာ လိုတာပါ ၊ အနည်းဆုံး စားတိုင်း သောက်တိုင်း ၀ါးမျိုတိုင်းမှာ သတိလေးကပ် ရှုမှတ်ပေးသွားရုံပါ ၊ ၀ါးနေရင်းလဲ ၀ါးမှန်းသိ ၊ သောက်နေရင်းလဲ သောက်မှန်းသိ ၊ မျိုနေ ရင်းလဲ မျိုမှန်းသိ ၊ သတိကပ် ရှုမှတ်နိုင်မယ်ဆိုရင် ၀ါးချင် သောက်ချင် မျိုချင်တဲ့ စိတ်အဆင့် ဆင့် ကြောင့် ၀ါးမှု သောက်မှု မျိုမှု အမူအရာတွေ ဆက်ခါဆက်ခါ လှုပ်ရှား ဖြစ်ပျက်နေရ တာလို့ ရှင်းရှင်းကြီး သိမြင်နိုင်ပါတယ်၊ ရှုမှတ်တိုင်းမှာ ၀ါးချင် စားချင် သောက်ချင်တဲ့ စိတ်ဆို တဲ့ နာမ်တရားနဲ့ လှုပ်ရှားနေတဲ့ ပါးစပ် လျှာ သွားဆိုတဲ့ ရုပ်တရား ၊ ဒီနာမ်ရုပ်နှစ်ပါးမျှသာ ရှိပါပေါ့လားဆိုတာလဲ ကွက်ကွက်ကွင်းကွင်း သိမြင်နိုင်ပါတယ် ၊ နာမ်ရုပ်အစဉ်မျှသာ ကြောင်းကျိုးဆက်စပ် မပြတ် ဖြစ်ပျက်နေတာကို ပိုပိုပြီ သိလာရလေပါပဲ ၊ အသိတစ်လုံးဝင်လို့ မောဟစင်ရတာပါပဲ ၊ မောဟမီး မလောင်တော့ရင် လောဘဒေါသမီးတွေလဲ ပြောင်တော့ တာပါပဲ ၊ ဒါကြောင့် စားတိုင်း သောက်တိုင်းမှာ သတိကပ် ရှုမှတ်နိုင်အောင်သာ အလေ့အကျင့် ပြုပေးဖို့ လိုပါတယ် ၊ ဘယ်အရာမဆို အလေ့အကျင့် ရသွားတယ်ဆိုရင် ခက်ခဲတယ်ရယ်လို့ မရှိတော့ပါဘူး ၊ အလေ့အကျင့် မရှိလို့ မေ့မေ့နေတတ်တယ်ဆိုတာ မောဟပဲ မဟုတ်ပါလား ၊ လေ့ကျင့်မပြတ် သတိကပ် ရှုမှတ်ပေးဖို့သာ လိုပါတော့တယ် ၊ တစ်နေ့ကို သုံးလေးကြိမ် ၊ တစ်ကြိမ်တစ်ကြိမ်မှ ၃-၄ဆယ်မိနစ် နှစ်ရှည်လများ တစ်သက်တာ ကာလပတ်လုံး စားသုံးတတ်အောင် ပြုလုပ် ကျင့်ဆောင်သွားမယ်ဆိုရင် ကုသိုလ်တွေ အများကြီးရ ဘာဝနာတရားတွေ အပါးဝ ဒီဘ၀မှာတင် တရားထူးရယူနိုင်ခွင့် ရှိနေပါတယ် ၊ ဒီလိုသာ သတိကပ် ရှုမှတ် စားသောက်သွားမယ်ဆိုရင် အသက်ရှည်ကြာ စားသောက်နေရတာနဲ့အမျှ စားသောက်နေတုံးခဏမှာပင် မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်နိုင်တဲ့အထိ အကျိုးရှိသွားစေနိုင် ကြောင်းပါဗျာ . စားသောက်တတ်အောင် လေ့ကျင့်ပေးပါလို့ပဲ တိုက်တွန်းလိုက်ပါရစေ...။
ခန္ဓာကိုယ်မှ မီးမောဟ လောင်ပါမကြာခဏ
မိမိတို့ရဲ့မျက်နှာ ခန္ဓာကိုယ်က ဘယ်လောက်ပဲ အရုပ်ဆိုးနေနေ ဘယ်လိုပဲ အိုရုပ်တွေ ပေါက်ပေါက် နေ့ဆက်ရက်စဉ် မွမ်းမံပြုပြင်လို့မဆုံး မှန်ကြည့်လို့ မမုန်းနိုင် မမောနိုင် ပြုံးနိုင်ကြတုံးပါပဲ၊ ကိုယ်ကာယ မျက်နှာအလှပြင် အနိစ္စနဲ့အသုဘ တရားပြနေတာကို လုံးဝ မမြင်နိုင်တာက မောဟမီး လောင်နေတာပါပဲ ၊ မမြဲတဲ့ ခန္ဓာကိုယ်မို့ မမြဲတဲ့ လက္ခဏာကို ပြမြဲ ပြပါလျက် မောဟမီးလောင်နေလို့ မြင်အောင် မကြည့်နိုင်ပဲ ဖြစ်ရတယ် ၊ ဒီအသုဘ ခန္ဓာကိုယ် ကြီးတော့ဖြင့် မွေးတဲ့နေ့က စပြီး သေတဲ့နေ့အထိ ဒွါရ ၉-ပေါက်ကနေပြီးတော့ တစ်နေ့မပြတ် ယိုစီး အန်ထုတ် ထွက်ပေါ်လာတဲ့ မတင့်တယ်ဖွယ်ရာ အညစ်အကြေးတွေကို သုတ်သင် သန့်ရှင်း ဆေးကြောနေရတာကိုလဲ မမောနိုင် မပန်းနိုင် မငြီးငွေ့နိုင် ဖြစ်နေကြတယ် မောဟရဲ့ လက်ချက်ပဲ မဟုတ်ပါလား ၊ နှစ်ရှည်လများ ခန္ဓာကိုယ်ကြီးကို သုတ်သင်ပေးရတာ ၊ အညစ် အကြေးစွန့်ထုတ်ပေးရတာ ၊ ရေမိုးချိုးပေးရတာ ၊ မျက်နှာသစ် သွားတိုက်ပေးရတာ ငြီးငွေ့ လှပြီလို့ ညည်းငြူသူ မရှိသလောက်ပါပဲ ၊ ခန္ဓာကျွန်လုပ်နေရတာကိုပဲ ပျော်ပိုက်နေ သလို တောင် ရှိသေး ၊ အမှန်တရား မသိတဲ့ ဒီမောဟက တယ်ဆိုးလှပါလား ၊ ခန္ဓာကိုယ် အတွက် ၀ယ်ယူသုံးဆောင်ထားတဲ့ အ၀တ်အစား ဥစ္စာပစ္စည်း နေရာထိုင်ခင်း အတွေ့အထိ စတာ တွေဟာ ဘယ်လောက်ပင် ကြာညောင်း ဟောင်းနွမ်း ယိုယွင်းနေပေမယ့်လို့ မသိမသာနဲ့ သာယာ ကျေနပ် နှစ်သက် အားကျနေတာချည်းပဲ ၊ မောဟတရားရဲ့ဖုံးကွယ်မှုကြောင့် အမှန် တရားကို မမြင်နိုင် ၊ ဓမ္မဘက်ကို မလှည့်နိုင်ကြဘူး ၊ နေ့စဉ်နဲ့အမျှ မောဟမီးလောင်ကျွမ်း နေတာကို မသိမမြင်နိုင်တော့ မီးပုံကို တိုးဝှေ့ဝင်ရောက်နေကြတဲ့ ပိုးဖလံပမာလို ဖြစ်ကြရရှာ ပါတော့တယ်။
ခန္ဓာကိုယ်မှ မီးမောဟ ငြိမ်းသတ်ကြ
ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး သတိမထား ရှုမှတ်ပွားများမှု မရှိရင် မောဟမီးက လောင်တော့တာပါပဲ ၊ အိပ်ရာထချိန်မှ အိပ်ရာဝင် အိပ်ပျော်သွားတဲ့အချိန်ထိ ခန္ဓာ ကိုယ်ကြီး ထိတွေ့ လှုပ်ရှား သွားလာ ဆန့်ကွေး ၊ ပူနွေး အေးစက် သက်တောင့်သက်သာ ရှိ မရှိ အဖြစ် သနစ်တွေမှန်သမျှ သတိထားပြီး ရှုမှတ်ပေးရပါ့မယ် ၊ ထိတွေ့ လှုပ်ရှားစသည်များကို ပစ္စုပ္ပန် ကျကျ ရှုမှတ်တိုင်းမှာ မိန်းမ ယောက်ျား သူ ငါ ခြေလက်သည် မမြင်တော့ဘဲ ရုပ်တရားနဲ့ နာမ်တရားမျှသာ အမှန်တကယ် ရှိပါတယ်ဆိုတာ မြင်တွေ့ရပါလိမ့်မယ် ၊ ရုပ်တရားဆိုတာ သိတတ်တဲ့သဘော မရှိဘဲ စိတ်ဆိုတဲ့ နာမ်တရားရဲ့အလိုကျအတိုင်း ဆိုင်ရာဆိုင်ရာ ရုပ်ခန္ဓာတွေရဲ့အပိုင်းမှာ ၀ါယောဓာတ်လို့ဆိုတဲ့ လေက ပြန့်နှံ့ပြီး လှုပ်ရှား သွားလာ ကွေးခြင်း ဆန့်ခြင်းအမှုတွေ ဖြစ်ပေါ်နေရခြင်းပါပဲ ၊ ဖြစ်စေလိုတဲ့ စိတ်ဆိုတဲ့ နာမ်တရားတွေရဲ့ အဆင့်ဆင့် ဖြစ်ပေါ်လာမှုကြောင့် လှုပ်ရှားသွားလာ ဆန့်ခြင်းကွေးခြင်းစတဲ့ ရုပ်တရားတွေ အဆင့်ဆင့် ဖြစ်ပေါ်လာရတဲ့ သဘောပါပဲ ၊ ဒီလိုအမှန်တကယ်ရှိတဲ့ ရုပ်တရားကို နာမ်တရား ဆိုတဲ့စိတ်က သိသိနေသမျှ အမောဟလို့ဆိုတဲ့ ဥာဏ်က ဖြစ်ဖြစ်နေတာပဲ ၊ အသိ, ဥာဏ်, ပညာ, ၀ိဇ္ဇာ, အမောဟဆိုတာ အဓိပ္ပါယ်တူတွေပါ ၊ ဒါကြောင့် အမှန်ရှိတရားကို သိနေသမျှ အမောဟပါပဲ ၊ အမောဟဆိုတာ တွေဝေမှုမရှိ အမှန်သိဆိုတာပါပဲ ၊ အမောဟ ဆက်ခါမပြတ် ဖြစ်နေကာမှတော့ မောဟလို့ဆိုတဲ့ အမှန်တရားအပေါ်မှာ တွေဝေနေမှု မသိမှု ပုဂ္ဂိုလ် သတ္တ၀ါ မိန်းမ ယောက်ျား ခြေလက်အင်္ဂါအနေအားဖြင့် အမှားသိနေမှု အဖြစ်မှ ကင်းဝေးရပါတော့ တယ် ၊ အဲဒီအမှန် မသိ ၊ အမှားသာ သိနေတဲ့ မောဟတရားကြောင့် လိုချင်မှုဆိုတဲ့ လောဘမီး တွေတောက် စိတ်ဆိုးစိတ်ကောက် အလိုမကျခြင်းလို့ဆိုတဲ့ ဒေါသမီးတွေ တောက်လျှောက် လိုက်လာ လောင်ကျွမ်းတော့တာပါပဲ ၊ ဒါကြောင့် အဦးအစ မောဟမီး အလောင်မခံရအောင် အမြဲမပြတ် သတိကပ်ပြီး ရှုမှတ်ပွားများအားထုတ်ကြပါစို့...။
နှလုံးအိမ်မှ မီးမောဟ
မျက်စိ နား နှာ လျှာ ကိုယ်မှ မောဟမီးလောင်ပုံနဲ့ ငြိမ်းသတ်ပုံကို အကျဉ်းမျှ တင်ပြပြီးတဲ့နောက်မှာ နှလုံးအိမ်မှာ မောဟမီးလောင်ပုံကို ဆက်ပြီးတင်လိုပါတယ် ၊ နှလုံး အိမ်မှ မောဟမီးတောက်ကတော့ဖြင့် တဖြောက်ဖြောက် တဖြန်းဖြန်းနဲ့ လောင်ကျွမ်းမှု အသန်ဆုံးပါပဲ ၊
လူတွေက သိပ်ပြီး စိတ်ကူးယဉ်တတ်ကြပါတယ် ၊ အတိတ်က ကြုံတွေ့ ဖြတ် သန်းလာခဲ့ရတဲ့ အကောင်းအဆိုးအဖုံဖုံ ဘ၀ဇာတ်ခုံမျိုးစုံကို အပ်ကြောင်ထပ်အောင် ပြန် ပြောင်းစိတ်ကူးလို့ ကြည်နူးဝမ်းသာဖြစ်ရလိုက် စိတ်ထိခိုက်ဖွယ် နာကျည်းဖွယ် ၀မ်းနည်း ဖွယ်ရာတွေ ဖြစ်လိုဖြစ်နဲ့ ပစ္စုပ္ပန်မှာ ဖြစ်ပေါ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ်ခန္ဓာအကြောင်း မသိနိုင် မမြင်နိုင်ရှာကြပါ ၊ အတိတ်အကြောင်း ပြန်ပြောင်းသတိရ စမြုံ့ပြန်လို့ ပြီပြန်းတော့ အနာဂတ် အရေးကို မျှော်တွေးပြီး ကြံပြန်ပါပြီ ၊ မဖြစ်ပေါ်သေးတဲ့ အဖြစ်အပျက် အခြေအနေကို မှန်းမျှော် ကြံဆပြီး ပူဆွေးရ စိုးရိမ်ရနဲ့ စိတ်ဒုက္ခကို ကြိုတင်ရယူ ဖန်တီးယူတတ်ကြပါတယ် ၊ တခါ တလေကျပြန်တော့ လေထဲမှာ တိုက်အိမ်ဆောက်လို့ စိတ်ကူးတွေယဉ်လိုက်တာလဲ ပြော မနေနဲ့တော့ ဘေးပတ်ဝန်းကျင်တွေကိုလဲ မေ့ ၊ ကိုယ့်နာမည်ခေါ်တာကိုတောင် မကြား နိုင် ၊ မောဟစိတ်တွေ အကြီးအကျယ်ဖြစ် ၊ ပျံလွင့် ယုံမှားစိတ်တွေ ထင်တိုင်းကြဲ ကိုယ်နဲ့စိတ် မကပ် နိုင်တော့ဘဲ ပြာပုံလေတိုက်လိုက်သလို စိတ်တွေက တောင်ရောက်မြောက်ရောက်လို့ ပါပဲ ၊ ဒါဟာ ဖြစ်ပေါ်ဆဲ ရုပ်နာမ်ဓမ္မ သဘာဝတွေကို မသိနိုင် မမြင်နိုင်ဘဲ မောဟဆိုတဲ့ ကိလေသာ မီး ဖိစီးလောင်ကျွမ်းနေခြင်းပါပဲ မဟုတ်ပါလား။
နှလုံးအိမ်မှ မီးမောဟ ကင်းပစေရမည်
နှလုံးအိမ်မှ မောဟမီးကို သတိပဋ္ဌာန်နည်းနဲ့ ငြိမ်းသတ်ပစ်ရမယ် ၊ အမှန်တရား တွေကို မမြင်သမျှ မသိသမျှ ၊ ရှုမှတ်သိမြင်သင့်တဲ့ ရုပ်နာမ်သဘာဝတွေကို ရှုမှတ်သိမြင်ဖို့ မေ့မေ့နေကြတာကလဲ မောဟရဲ့ လက်ချက်ပါပဲ ၊ ဒါကြောင့်မို့လို့ နှလုံးအိမ်မှ မောဟမီး အလောင်မခံရအောင် မိမိရဲ့စိတ်ကို မပြတ်ကြည့်ရှုပေးပါ ၊ ဒီမျောက်စိတ်ကို လက်လွတ်စပယ် လွှတ်မထားသင့်တာ အမှန်ပါ။
နေ့စဉ်ဘ၀မှာ အာရုံကောင်းနဲ့ နေနိုင်အောင် လေ့ကျင့်ပေးရမယ် ၊ စိတ်ကို အအားမပေးဘဲ မိမိတို့ အလွတ်နှုတ်တက်ရထားတဲ့ သံဝေဂဂါထာတွေ ဘုရားစာတွေ ပရိတ်တွေ ပဋ္ဌာန်းတွေကို ရွတ်ဆိုလို့ သတ္တ၀ါတွေ ကျန်းမာချမ်းသာအောင် မေတ္တာပို့သလို့ နေနေသမျှ ကုသိုလ်တွေ တပုံကြီးရတော့တာပါပဲ ၊ ဒါဟာ အာရုံကောင်းမှာ စိတ်ကိုသွင်းထားလိုက်တဲ့ သဘောပါပဲ ၊ တစ်နည်းအားဖြင့် ပြောရရင် မိမိရဲ့စိတ်ထဲမှာ အာရုံကောင်းတွေ သွင်းထားပေးလိုက်တဲ့သဘောပါ ၊ ဒီလိုဆို စိတ်တွေပျံ့လွင့်တွေဝေမှုမရှိ ၊ မောဟမီး လောင်ငြိစရာ အကြောင်း မရှိနိုင်တော့ပါ၊ ဒါတွေဟာ လူတိုင်းလူတိုင်း လုပ်နိုင်တဲ့ ကိစ္စပါပဲ ၊ ဒါပေမယ့်လို့ မေ့တတ်တာရယ် အလေ့အကျင့်မရှိလို့ မလုပ်ဖြစ်တာရယ်ကြောင့် တန်ဘိုးရှိတဲ့ အချိန်ကို အသုံးမချနိုင်ကြဘဲ ကုန်လွန်ကြရတယ် ၊ တန်ဘိုးရှိတဲ့ ဘ၀ကို ရရှိပြီး ဖြစ်နေတဲ့ ဒို့တတွေဟာ တန်ဘိုးရှိလှတဲ့ တရားကို ရရှိအောင် ကြိုးစားသင့်လှပါတယ် ၊ နှလုံးသားမှာ မောဟမီး အလောင်ခံပြီး စိတ်ကူးယဉ် ပျော်ပိုက်နေလို့ မသင့်တာ အမှန်ပါ ၊ မောဟမီး မလောင်ရလေအောင် အကောင်းတကာ့ အကောင်းဆုံးကတော့ ပစ္စုပ္ပန်မှာ ဖြစ်ပေါ်လာနေတဲ့ ထင်ရှားတဲ့ ရုပ်တရား နာမ်တရားတွေကို မပြတ်တမ်း ရှုမှတ်နေခြင်းပဲ ဖြစ်ပါတယ် ၊ တရံမဆဲ အမြဲမပြတ် ဖြစ်ပျက်နေတဲ့ ရုပ်နာမ်ဓမ္မ ဒုက္ခသစ္စာ အမှန်တရားကို သိသိပြီးနေခြင်းဟာ မဂ္ဂသစ္စာကို ပွားများနေခြင်းပါ ၊ ဒုက္ခတရားကို ရှုမှတ် သိမြင်ပေးနေသမျှ မောဟမီးတွေ ခဏငြိမ်း ခေတ္တငြိမ်းရာကနေ ထာဝရငြိမ်းတဲ့အထိ ဖြစ်သွားနိုင်ပါတယ် ၊ လေ့ကျင့်ပွားများ အားထုတ်ကြပါစို့.....။

(တအာင်း-အမေရိကန်ဆရာတော်ဦးဇေယျသုတ ဓမ္မာစရိယ၊ B.A India ၊ M.A Srilanka ၊ A.G.S USA)


မီး(၁၁)ပါး ၂၊ဒေါသမီး

ဒေါသမီးဟုန် ဒွိစက္ခုံ

မျက်စိနဲ့ပတ်သက်ပြီး လောဘမီး

မျက်စိအစရှိတဲ့ ဒွါရခြောက်ပေါက်မှာ လောဘမီးလောင်ကျွမ်းပုံနဲ့ ၄င်းကို ငြိမ်းသတ်ပုံအကြောင်း ဆွေးနွေးတင်ပြပြီးတဲ့နောက်မှာ ဒွါရခြောက်ပေါက်မှာ ဒေါသမီး လောင်ပုံကို တင်ပြဆွေးနွေးလိုပါတယ် ၊ မီးမလောင်ရလေအောင် မျက်စိကို ပိတ်ထားလို့လဲ မဖြစ်နိုင်တဲ့ကိစ္စပါပဲ ၊ လိုအပ်လွန်းလို့ မျက်စိနှစ်လုံးအထိ ရှိပေးနေရတယ် ၊ ပညာရှိရှိ တန်ဘိုးသိသိနဲ့ အသုံးချတတ်ရင် သိပ်ကို အကျိုးများလှပါတယ် ၊ အသုံးမချတတ်လို့ကတော့ ကိလေသာမီးတွေသာ တောက်ပြီး နောက်ဆုံးမှာတော့ ငရဲမီးတွေ အလောင်ခံရတဲ့အထိ ဖြစ်သွားစေနိုင်ပါတယ် ၊ သာဓကတခုလောက် ထုတ်ပြချင်ပါတယ် ၊ ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဗိုလ်လုပွဲကို များသောအားဖြင့် အမေရိကန်နိုင်ငံ ၊ နေဗားဒါးပြည်နယ် ၊ လတ်ဗေးဂတ်စ်မြို့ရှိ အကြီးဆုံး ဟိုတည်တစ်ခုခုမှာ ကျင်းပပြုလုပ်လေ့ရှိတတ်ပါတယ် ၊ အနီးကပ် ရှေ့တန်းထိုင်ခုံ မှာ နေရာရရှိဖို့အတွက် ဒေါ်လာပေါင်း ထောင်ချီ သောင်းချီပြီး ၀ယ်ယူကြရပါတယ် ၊ မိုက်ရူးရဲ တဲ့ စိတ်ဓာတ်ပဲလို့ ဆိုရတော့လေမလား မပြောတတ်တော့ပါဘူး ၊ အပြောမှားရင်လဲ ခွင့်လွှတ်ပါလို့တောင်းပန်ပါရစေ၊ ကမ္ဘာ့လက်ဝှေ့ချန်ပီယံဗိုလ်လုပွဲဆိုတာ တကယ့်သူသတ်ပွဲ အစစ်ပါပဲ စည်းမျည်းစည်းကမ်းနဲ့ အညီ အပြစ်လွတ် ထိုးကြိတ်သတ်ဖြတ်နိုင်တဲ့ မိုက်ရူးရဲပွဲပဲ လို့ ခေါ်ရမှာပဲ။
သတိပညာကင်းမဲ့နေလို့ကတော့ မိမိတို့ မကြိုက် မနှစ်သက်တဲ့အမြင်အာရုံနဲ့ တွေ့ကြုံရတဲ့အခါမှာ ဒေါသမီး ဟုန်းကနဲ ထတောက်တတ်ပါတယ် ၊ ဒီဒေါသမီးရဲ့ အကျိုးဆက်အနေနဲ့ ပြဿနာပေါင်းစုံ ဒုက္ခမျိုးစုံအောင် တွေ့ကြုံခံစားကြရပါတော့တယ် ၊ ဒါကြောင့်မို့လို့ မျက်စိဖွင့်တတ်ဖို့ ကြည့်မြင်တတ်ဖို့ လိုအပ်လှပါတယ် ၊ ဒါမှမဟုတ်ရင် ငရဲမီး အလောင်ခံရတဲ့အထိ အကျိုးနဲသွားစေနိုင်ပါတယ်။

ဒေါသမီးလျှံ နားသောတံ
မနှစ်သက်ဖွယ်ရာအသံကို ကြားရတဲ့အခါသမယမှာ ဒေါသမီးလျှံ လောင်ကျွမ်းခံရတာ သတိမဲ့ကင်း သမ္ပဇဉ်မရှိသူတို့ရဲ့ ဓမ္မတာပါပဲ ၊ နေ့စဉ်နဲ့အမျှ မနှစ်သက်တဲ့အသံ ကြားရတိုင်း စိတ်တိုနေရမယ်ဆိုရင် အဘယ်မှာ မင်္ဂလာရှိနိုင်ပါတော့မလဲ ၊ ကြားရုံနဲ့တင် မပြီး ဆက်ပြီးတော့လဲ နားထဲက ကြားယောင် ဒေါသမီးထပ်ကာလောင်နေလို့ကတော့ တန်ဘိုးရှိတဲ့ မိမိတို့ရဲ့အသက်အချိန်ကို အကျိုးမဲ့ ဖြုန်းပစ်လိုက်သလို ရှိပေတော့မှာပဲ ၊၊ ပြောတဲ့သူက မကြာခင်မှာ မေ့ပျောက်သွားလောက်ပါပြီ ၊ မိမိတို့ကသာ လွန်ပြီးဖြစ်တဲ့ အတိတ်ဆီကို မကြာခဏ ပြန်ပြန်ပြီး ရောက်နေတတ်လို့ ဒေါသမီးက မငြိမ်းနိုင်ဘဲ ရှိရတာ ၊ ဒီဒေါသမီးဆိုတဲ့ အဆိပ်သီး ကို ပွေ့ပိုက်ထားသဖြင့် နေမထိ ထိုင်မသာ ဖြစ်နေကြရတယ် ၊ အဲဒီလို မဖြစ်ရအောင် မိမိကိုယ်ကို သနားတတ်ဖို့တော့ လိုပါလိမ့်မယ်။

နှာခေါင်းမှာ မကောင်းနံ့ ဒေါသမီးဟပ်

မကောင်းတဲ့အနံ့ကို ရှုရတဲ့အခါ သတိပညာ ဗလာနတ္ထိ ဖြစ်နေကြရင် ဒေါသမီး ထလောင်တော့တာပါပဲ ၊ သူများအပြစ်တွေထုတ်ပြော တိုင်တောမှုအမျိုးမျိုး အိမ်နီး ချုပ်စပ် တွေနဲ့ ရန်ဖြစ် ရဲကိုခေါ်ရတဲ့အထိလဲ ရှိတတ်ပါတယ် ၊ ကိုယ့်နှာခေါင်းကို ထိန်းကျောင်းမှု မတတ်လို့ ဒေါသမီး ထလောင်လိုက်တာ ပြဿနာကို ရှည်တော့တာပဲ ၊ စားသောက်တဲ့ အခါမှာ မကောင်းနံ့ရတာက တမျိုး ၊ အလုပ်ခွင်မှာ မလွဲမရှောင်သာ ကြုံတွေ့ ရှုရှိုက်ရတာက တဖုံ ၊ သွားရင်လာရင်းမှာလဲ မကောင်းတဲ့အနံ့ကို ရှုလိုက်ရ ၊ အိမ်နီးနားချင်းတွေရဲ့ ချက်ပြုတ် ကြော်လှော်မှုမှတဆင့် ပြင်းထန်တဲ့ အနံ့ကို ရှုလိုက်ရတာတွေ စုံလို့ပါပဲ ၊ မကောင်းနံ့ ရတိုင်း သာ စိတ်မချမ်းမြေ့ ဒေါသမီးလောင်လေ့ ရှိနေလို့ကတော့ မျက်နှာကြီးပုပ်သိုး အရုပ်ဆိုး အကျည်းတန် အရွယ်နဲ့မလိုက် အိုရုပ်ပေါက်မှာ အမှန်ပါ။
စားသောက်ရတာ အားမရ ဒေါသမီးထ
တချို့သော ပုဂ္ဂိုလ်များကဆိုရင် စားမှုသောက်မှုကို အဓိကထားတတ်ကြပါတယ် ၊ စားသောက်မှုနဲ့ပတ်သက်ပြီး နှစ်သက်အားရမှု မရှိတိုင်း မျက်နှာမသာမယာနဲ့ ရှိနေ တတ်ကြပါတယ် ၊ ဒီတခါ စားသောက်မကောင်းလဲ နောက်တခါတော့ ကောင်းလောက်ပါရဲ့၊ ချက်ပြုတ်တဲ့အခါမှာ တခါတလေ မမျှော်လင့်ဘဲနဲ့ အချို အချဉ် အခါး အငန် အစပ် တစ်ခုခု လွန်ကဲသွားစေတာ ဖြစ်တတ်မြဲပါ ၊ ချက်ပြုတ်သူတွေရဲ့ စေတနာကိုလဲ ငဲ့ညှာဖို့ မမေ့သင့်ပါ ၊ မကျေမနပ် ဒေါသမီး လောင်လျက်တန်းလန်းနဲ့ စားသောက်နေရင် အဆီသြဇာဖြစ်ဖို့ ရာခိုင်နှုန်း အင်မတန်မှ နည်းလှပါတယ် ၊ စားနေဆဲ အစားအသောက်ကြောင့်ပဲဖြစ်ဖြစ် ဒိပြင်အကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒေါသမီးလောင်မြိုက်ချိန်မှာ စားသောက်သမျှ အာဟာရတွေဟာ ဒေါသမီးရဲ့ လောင်စာတွေပဲ ဖြစ်ကုန်တော့မှာပေါ့။

မီး(၁၁)ပါး ၁၊လောဘမီးဆိုင်ရာ

 

မီးဆယ့်တစ်တန် ငြိမ်းသတ်ရန်

လောကကြီးထဲမှာ မီးမျိုးပေါင်းများစွာ ရှိနေပါတယ် ၊ သတိမထား ပေါ့ဆမှု များကြောင့် လောင်တာရှိသလို ပညာမဲ့ကင်း အကြောင်းရင်းကြောင့် လောင်ကျွမ်းခံရတာလဲ ရှိနိုင်ပါတယ် ၊ တချို့မီးတွေက ခဏတစ်ဖြုတ်သာ လောင်ပြီး တချို့မီးတွေကျတော့ မပြတ် ဒလစပ် လောင်မြဲလောင်လျက်ပဲ ၊ မီးသတ်ဌာနက မီးသတ်သမားတွေ ခေတ်ပေါ်နည်းပညာ ကိရိယာတန်ဆာပလာတွေနဲ့ ငြိမ်းသတ်လို့ မရနိုင်တဲ့ မီးတွေကတော့ အဆိုးဆုံးပဲလို့ ဆိုရမှာပဲ ၊ အဲဒီမီးတွေအကြောင်း ဆွေးနွေးတင်ပြမလို့ပါပဲ။

ခေတ်ပေါ်နည်းနဲ့ ငြိမ်းသတ်လို့မရ မီးဆယ့်တစ်ဝ
ခေတ်ပေါ်သိပ္ပံနည်းပညာတွေနဲ့ ဘယ်လိုမှ ငြိမ်းသတ်လို့ မရနိုင်တဲ့ မီးတွေက အကြမ်းဖျင်းအားဖြင့် ၁၁-ပါးလောက်ရှိပါတယ် ၊ ဘာတွေလဲဆိုတော့

(၁) လောဘမီး
(၂) ဒေါသမီး
(၃) မောဟမီး
(၄) ဇာတိမီး
(၅) ဇရာမီး
(၆) မရဏမီး
(၇) သောကမီး
(၈) ပရိဒေ၀မီး
(၉) ဒုက္ခမီး
(၁၀) ဒေါမနဿမီးနဲ့
(11) ဥပါယာသမီးတွေပဲ ဖြစ်ကြပါတယ်။
ဒီမီးတွေကို ခေတ်မှီ သိပ္ပံနည်းပညာတွေနဲ့ ငြိမ်းသတ်လို့ မရနိုင်ပေမယ့် ဗုဒ္ဓနည်း ပညာနဲ့ကျတော့ ငြိမ်းသတ်လို့ ရသားပဲ ၊ အလွန်ကံကောင်းလိုက်တဲ့ ဖြစ်ခြင်းပါပဲ။

မျက်စိကောင်းအောင် ပြုကျင့်ဆောင်
လိုချင် ရချင် ဖြစ်ချင်ခြင်းဆိုတဲ့ ဒီလောဘမီးဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေတဲ့အချိန်ကလွဲလို့ ကြုံရင် ကြုံသလို မျက်စိကနေ လောင်လိုက် ၊ နှား, နှာခေါင်း, လျှာ, ကိုယ်ကနေ လောင်လိုက်ပါပဲ ၊ တခါတလေများ နှလုံးသားကနေ လောင်လိုက်ပြီဆိုမှဖြင့် မချိမဆံ ခံလိုက်ကြရတာ ကိုယ်တွေ့ ကိုယ်စီ ရှိကြမှာပါ။

လောကသားတွေရဲ့သဘာဝ လောဘမီးမလောင်ရအောင် မျက်စိကို ပိတ်ထားလို့ကလဲ မဖြစ်နိုင်တဲ့အခြေအနေပါ ၊ ဖွင့်ကို ဖွင့်ထားရပါတယ် ၊ လိုအပ်လွန်းလို့ ကံအကျိုးပေးအရ မျက်စိ ၂-လုံးအထိတောင် ရှိပေးရတာပါပဲ ၊ ကံအကျိုးပေးကို အား,မရလို့ အမြင်ကောင်းအောင် ဆေးဝါးဓာတ်စာနဲ့တစ်မျိုး မျက်မှန်နဲ့တစ်ဖုံ အားဖြည့်ပေးရတာ တွေတောင် ရှိပါသေးတယ် ၊ မျက်မှန်တင်မက အခုခေတ်ပေါ် နည်းပညာတွေရဲ့ အကူအညီ တွေနဲ့ မျက်စိ အကြည့်အား ကောင်းအောင် လုပ်ဆောင်ပေးနေတာတွေကိုလဲ အားလုံးက သိနေကြ ၊ မြင်နေကြ ၊ ကြားနေကြရတဲ့အတိုင်းပါပဲ။

သဒ္ဓမ္မရံသီ-ဆရာတော်၏ ဒါနကုသိုလ်ကံ၏ အကျိုးပေးရာကာလ ကွဲပြားပုံ ၄-မျိုး



သဒ္ဓမ္မရံသီ-ဆရာတော်၏ ဒါနကုသိုလ်ကံ၏ အကျိုးပေးရာကာလ ကွဲပြားပုံ ၄-မျိုး
ဒါနကုသိုလ်ကံ၏ အကျိုးပေးရာကာလ ကွဲပြားပုံ ၄-မျိုး ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့ ပြုနေကြသော ဒါန-စသော ကုသိုလ်ကံတို့သည်-၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ-ယခုမျက်မှောက်ဘ၀၌ အကျိုးပေးသောကံ။ ၂။ ဥပပဇ္ဇဝေဒနီယကံ-ဒုတိယဘ၀၌ အကျိုးပေးသောကံ။ ၃။ အပရာပရိယဝေဒနီယကံ-တတိယဘ၀မှစ၍ နိဗ္ဗာန်ရောက်သည့်ဘ၀တိုင်အောင် အကျိုးပေးသောကံ။ ၄။ အဟောသိကံ-ကံသာဖြစ်၍ အကျိုးမပေးသောကံ-ဟူ၍ ၄-မျိုးကွဲပြားလျက် ရှိပေသည်။

၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ-ယခုမျက်မှောက်ဘ၀၌ အကျိုးပေးသောကံ-ဟူသည် ဒါနစသော ကောင်းမှုကုသိုလ်များ ပြုသောအခါ ကုသိုလ်ဇောတို့သည် ၇-ကြိမ် ရ-ကြိမ် ဖြစ်သွားကြပေသည်။ ထို ၇-ကြိမ်တို့တွင် ပထမဇောကုသိုလ်စေတနာကံသည် ဒိဋ္ဌဓမ္မဝေဒနီယကံ ဖြစ်ပေသည်။ ထိုဒိဋ္ဌဓမ္မဝေဒနီယ ကံသည် ယခုမျက်မှောက်ဘ၀၌ပင် အကျိုးပေးနိုင်ေ ပသည်။

ယခုမျက်မှောက်ဘ၀၌ပင် အကျိုးပေးသော်လည်း သူ့ရှေ့မှ ဇောအကူအညီကိုမရ၍ ရှေးဦးစွာ ဖြစ်ရသည့် ပထမဇောကုသိုလ်ကံ ဖြစ်သောကြောင့် မွေးဖွားခါစ ကလေးငယ်များကဲ့သ အားနည်းလှပေသည်။ ထို့ကြောင့် အကျိုးပေးသောအခါ ပထမဇောကုသိုလ် စေတနာကံသည် ထင်ထင်ရှားရှား အကျိုးမပေးနိုင် ပေ။ မထင်မရှားသာ အကျိုးပေးနိုင်ပေသည်။

အနာဂတ်သာသနာရေး အပိုင်း(၆၆) ပဋိစ္စသမုပ္ပာဒ်တရားတော်



ပဋိစ္စသမုပ္ပာဒ်တရားတော်
[အကြောင်းရှိ၍ အကျိုးဖြစ်ပုံကို ပြသော တရားတော်]
အတ္တ၀ါဒ စခဲ့ပုံ ကမ္ဘာလောက၌ များစွာသောသတ္တ၀ါတို့သည် မိရိုးဖလာ ထုံးစံအတိုင်း လိုက်နာကျင့်ကြံကာ နက်နက်နဲနဲ စဉ်းစားလေ့ မရှိကြသော်လည်း အချို့သူတို့ကား မိရိုးဖလာမျှဖြင့် အားမရနိုင်သေးဘဲ လေးလေးနက်နက် တွေးတော ကြံစည်လေ့ရှိကြသည်၊ “ဤလူသတ္တ၀ါတွေ ဘယ်က စ၍ ဖြစ်လာသနည်း” “မျက်မြင်လူတွေကို မိဘတို့ကြောင့် ဖြစ်လာကြသည်”ဟု ဆိုလျှင် ထိုမိဘတို့၏ မိဘအစဉ်အဆက်တွေ မရေမတွက်နိုင်အောင် များသည်ပင် ဆိုစေဦးတော့၊ အစ ပထမ မိဘဖြစ်သူသည် ဘယ်လို ဖြစ်လာသနည်း၊ “လူသတ္တ၀ါတွေသာမက တိရစ္ဆာန် စသော အခြား သတ္တ၀ါတွေ ဘယ်လို စ၍ ဖြစ်နေကြသနည်း” ဤသို့ စသည်ဖြင့် တွေးတော ကြံစည်သောအခါ…
          “ဤကမ္ဘာလောကကြီးနှင့်တကွ သက်ရှိသတ္တ၀ါ သက်မဲ့အရာ ၀တ္ထုတွေကို ဗြဟ္မာမင်းကြီးက ဖန်ဆင်းလိုက်သည်၊ သက်ရှိသတ္တ၀ါ တို့၏ ကိုယ်တွင်း၌ ဗြဟ္မာမင်း၏ အစိတ်အပိုင်းဖြစ်သော အတ္တ (ဇီဝ) ကလေး ပါရှိ၏၊ ဖန်ဆင်းသူ ဗြဟ္မာမင်းကား ဘယ်တော့မှ မပျက်စီး နိုင်ဘဲ မြဲ၏၊ ၀ါ-ထာဝရ တည်ရှိနေသော ဘုရားတည်း၊ ဗြဟ္မာမင်း ဖန်ဆင်းထားသော သတ္တ၀ါတို့ကား မမြဲကြ၊ တစ်ဘ၀မှ တစ်ဘ၀သို့ ပြောင်းသွားကြရ၏၊ သို့ရာတွင် ထိုသတ္တ၀ါတို့၏ ကိုယ်တွင်း၌ရှိသော အတ္တကား ဗြဟ္မာမင်း၏ အစိတ်အပိုင်း ဖြစ်သောကြောင့် မပျက်နိုင်” ဤသို့ စသည်ဖြင့် ဗြဟ္မာမင်းကို “ပရမအတ္တ=ပရမီသွာ”ဟု ခေါ်ဝေါ် ကြ၍ သတ္တ၀ါတို့၏ အသက်ကို ဇီဝအတ္တဟု ခေါ်ဝေါ်ကာ အလွန် စွဲမြဲသော အတ္တအယူဝါဒကြီးသည် သူတို့စိတ်မှာ ထင်မြင်လာလေ သည်။ [ပရမ-အလွန် + ဤသွရ-အစိုးရသူ၊ ၀ါ-ပရမီသွာ။]

          တချို့ကလည်း သတ္တ၀ါတို့၏ အစသည် “ပကတိ”ခေါ် ပရမာ ဏုမြူက စ၍ ဖြစ်သည်၊ ခွဲ၍ မရနိုင်သော အသေးဆုံး မြူမှုန်ကို “ပရမာဏုမြူ”ဟု ခေါ်၏၊ ထိုမြူမှုန်ကလေးတွေ နှစ်ခုပေါင်း လေးခု ပေါင်း ရှစ်ခုပေါင်း စသည်ဖြင့် ပေါင်းစပ်မိရာမှ အကောင်အထည် အမျိုးမျိုး ပြောင်းကာ သတ္တ၀ါအမျိုးမျိုး ဖြစ်ရသည်၊ သတ္တ၀ါအမျိုးမျိုး ဖြစ်ဖို့အရေး၌ မည်သူမျှ ဖန်ဆင်းရသည် မဟုတ်၊ အဏုမြူတွေ ပေါင်းချင်သလို ပေါင်းမိကာ သတ္တ၀ါအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုး များချင်တိုင်း များလာပေသည်၊ “သတ္တ၀ါတွေ၏ အရင်းအစမှာ ပရမာဏုမြူပင်တည်း”ဟု တွေးတော ကြံဆကြ၏၊
ဤ၀ါဒ၌ ဖန်ဆင်းသူလည်း မရှိ၊ သတ္တ၀ါတို့၏ ကိုယ်တွင်းဝယ် မပျက်စီးနိုင်ဟု ယူဆအပ်သော အဏုမြူကလေးကိုကား “အတ္တ”ဟု တချို့က ယူဆလိုကြပေလိမ့်မည်။ [ယခုကာလ၌ “လူ၏ အစသည် ရေမှုန် ရေမွှားက”ဟု ယူကြသေး၏၊ ထိုအယူကား ဤအဏုမြူဝါဒနှင့် သဘောခပ်ဆင်ဆင်ပင် ဖြစ်သည်။]
အတ္တဖျက်တရား        
ဤသို့ အမျိုးမျိုး ကြံစည်တွေးတောကြသော်လည်း နောက်ထပ်ကြံစည်သူတို့က အားရ နှစ်သက်လက်ခံနိုင်လောက်သောဝါဒ မဟုတ်ကြသဖြင့် နောက်ထပ် စဉ်းစားသူတို့မှာ မရေမရာ ဇဝေဇ၀ါ ဖြစ်လျက် တိုးတက်၍လည်း မကြံနိုင်တော့ရကား ချီတုံချတုံ ယုံမှားသံသယကြီးတွေနှင့်သာ အချိန် ကုန်ရတော့၏၊ ဗုဒ္ဓရှင်တော်မြတ်သည် “အမေမှာ မှာတဲ့အတိုင်း” ဆိုသလို မိရိုးဖလာလိုက်သောပုဂ္ဂိုလ် မဟုတ်ရကား ထီးနန်းကို စွန့်ခွာ၍ ရဟန်းပြုကာ ကောင်းနိုးရာရာ ဆရာ့အထံ ချဉ်းကပ်၍ ထူးမြတ်သော တရားတော်ကို နည်းယူပါသော်လည်း မရခဲ့ဘဲ ကိုယ်တော်တိုင် မဇ္ဈိမပဋိပဒါ (မဂ္ဂင်ရှစ်ပါး)ကို ကြိုးစားရှာဖွေတော် မူခါမှ ဤအကြောင်းအကျိုး ဆက်သွယ်သော ပဋိစ္စသမုပ္ပာဒ်နည်းကို သိတော်မူ၍ အတ္တစွဲလမ်းချက်နှင့်တကွ ယုံမှားသံသယဟူသမျှ အလိုလို ကင်းရှင်းသွားပေသည်၊ ထိုအခါ အလွန် ရွှင်ပျ နှစ်သက် တော်မူရကား “ယဒါ ဟဝေ ပါတုဘ၀န္တိ ဓမ္မာ”” စသော ဂါထာကို ကျူးရင့်တော်မူပါသည်၊
ဂါထာ၏ မြန်မာပြန်ကား…
          “အကြင်အခါ၌ ကိလေသာတစ်သိုက်ကို မီးဖြင့်တိုက်သကဲ့သို့ လောင်မြိုက်ဖို့ရန် အပြင်းအထန် ကြိုးစားသဖြင့် ဈာန်ဝင်စားနိုင်သော ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်၌ သစ္စာလေးပါး တရားတို့သည် ထင်ရှားပေါ်လာကုန်၏၊ ထိုအခါ ယုံမှားသံသယအားလုံး ကင်းသွားလေပြီ၊ ဘာ့ကြောင့်နည်း၊ ပဋိစ္စသမုပ္ပာဒ် (ကြောင်းကျိုးဆက်စပ်ပုံ)ကို အစုံအလင် သိမြင်နိုင်ခြင်း ကြောင့်တည်း။”

အနာဂတ်သာသနာရေး အပိုင်း(၆၅) အနိစ္စ ဒုက္ခဖြင့် အနတ္တထင်ပုံ



အနိစ္စ ဒုက္ခဖြင့် အနတ္တထင်ပုံ   
၂။  အတ္တဟု  စွဲလမ်းသူတို့က “အတ္တသည် မပျက်မစဲ ခိုင်မြဲ၏”ဟုလည်း ယူကြ၏၊ သို့သော် “ဤရုပ်ခန္ဓာသည် မြဲသလား, မမြဲ ဘူးလား”ဟု စစ်ဆေးကြည့်လျှင် မမြဲကြောင်း ထင်ရှား၏၊ [၀ိပဿနာ သမ္မာဒိဋ္ဌိအခန်း၌ အနိစ္စဖြစ်ပုံကို ပြခဲ့ပြီ၊]  မမြဲသည့်အတွက် တစ်ပျက်တည်း ပျက်နေသော ရုပ်ခန္ဓာကို “ဒုက္ခလို့ ဆိုမည်လား, သုခလို့ ဆိုမည်လား”ဟု မေးလျှင်  ဒုက္ခဟုပင် ဖြေကြပေလိမ့်မည်၊ 
ထိုသို့ မခိုင်မြဲ၍ ဒုက္ခအတုံးအခဲ ဖြစ်လျက် ပျက်စီးတတ်သော ဤရုပ်ခန္ဓာ ကို “ငါ့ရုပ်, ငါ့ခန္ဓာ, ငါ့ဥစ္စာ”ဟု တဏှာသဘောအားဖြင့်လည်း စွဲလမ်းသင့်ပါဦးမည်လော၊ “ငါဆိုတာ ဒီရုပ်ခန္ဓာပဲကွ”ဟု မာန သဘောအားဖြင့်လည်း စွဲလမ်းသင့်ပါဦးမည်လော၊ “ဒီရုပ်ခန္ဓာ သည်ပင် ငါ၏ အတ္တ=ငါ၏ အသက်ကောင်, လိပ်ပြာကောင်”ဟု ဒိဋ္ဌိသဘောအားဖြင့်လည်း စွဲလမ်းသင့်ပါဦးမည်လော၊ “မစွဲလမ်း သင့်တော့ပြီ။” [ဝေဒနာစသည်ကိုလည်း ဤသို့ စစ်ဆေးကြည့်ပါ။]

အနာဂတ်သာသနာရေး အပိုင်း(၆၄) အနတ္တလက္ခဏသုတ်မြန်မာပြန်

အနတ္တလက္ခဏသုတ်မြန်မာပြန်                   
၁။ ဘိက္ခုတို့…ရုပ်သည် အတ္တမဟုတ်၊ (ရုပ်မှာ အတ္တမရှိ၊) ထင်ရှားစေဦးမည်၊    ဘိက္ခုတို့… ရုပ်ခန္ဓာသည် အကယ်၍ အတ္တမဟုတ်အံ့၊ (အတ္တဟုတ်ရိုးမှန်လျှင်) ဤရုပ်သည် နာကျင်ခြင်း မဖြစ်ရာ၊ ““ငါ၏  ရုပ်သည်  ဤကဲ့သို့ ကျန်းကျန်းမာမာ  လှလှပပဖြစ်ပါစေ, ဤသို့ မကျန်းမမာ ဆိုးဆိုးရွားရွား မဖြစ်ပါစေနှင့်””ဟု ကိုယ်အလိုကျအောင် တောင့်တ၍ ရကောင်းရာ၏၊ ဘိက္ခုတို့… ရုပ်သည် အတ္တ မဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်၏၊ ““ငါ၏ ရုပ်သည် ဤသို့ ကျန်းမာ လှပစွာ ဖြစ်ပါစေ, မကျန်းမမာဘဲ ဆိုးဆိုးရွားရွား မဖြစ်ပါစေလင့်””ဟု တောင့်တ၍လည်း မရနိုင်။
၂။ ဘိက္ခုတို့… သင်တို့ ဘယ်လို ထင်မြင်ကြသနည်း၊ “ရုပ်သည် မြဲသလား, မမြဲဘူးလား။”
ပဉ္စ၀ဂ္ဂီ  ။         ။ ရုပ်သည် မမြဲပါဘုရား။
ဗုဒ္ဓ      ။         ။ မမြဲသောအရာသည် သုခလား, ဒုက္ခလား။
ပဉ္စ၀ဂ္ဂီ  ။         ။ မမြဲသောအရာဟူသမျှ ဒုက္ခချည်းပါဘုရား။
ဗုဒ္ဓ      ။         ။         မြဲလည်း မမြဲ, ဆင်းလည်း ဆင်းရဲ, ဖောက်ပြန်ခြင်း သဘောလည်းရှိသော အရာကို ““ဤဟာသည် ငါ့ဟာ, ဤဟာသည် ငါ, ဤဟာသည် ငါ၏အတ္တ”ဟု တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲတို့ဖြင့် စွဲစွဲလမ်းလမ်း ကြည့်ရှု ဖို့ရာ သင့်ပါဦးမည်လော။ [ငါ့ဟာ (ငါ့ဥစ္စာ)ဟု စွဲလမ်းခြင်းသည် တဏှာ, ငါဟု စွဲလမ်းခြင်းသည် မာန, ငါ၏ အတ္တဟု စွဲလမ်းခြင်းသည် ဒိဋ္ဌိ။]

အနာဂတ်သာသနာရေး အပိုင်း(၆၃) သာတိရဟန်း၏အတ္တစွဲ



သာတိရဟန်း၏အတ္တစွဲ         
ဗုဒ္ဓလက်ထက်တော်၌ … “သာတိ”မည်သော ရဟန်းတော်တစ်ပါးသည် ဇာတ်တော်များကို အထူးလိုက်စားသူ ဖြစ်၏၊ ဇာတ်ပေါင်းသောအခါ “ရှေးတုန်းက ဝေဿန္တရာမင်းသည်, မဟာဇနကမင်းသည်, တေမိမင်းသည်, သုမေဓာရသေ့သည် ယခုအခါ ငါဘုရား ဖြစ်လာ၏” ဤသို့ စသော စကားအသုံးအနှုန်းများကို လေးနက်စွာ စဉ်းစား၍ “သုမေဓာရသေ့ဘ၀တုန်းက စိတ်ဝိညာဉ်သည် မပျက်မစဲ ခိုင်မြဲစွာ တည်တံ့လျက် တေမိမင်းစသော ဘ၀ရောက်ကာ ဘုရားဖြစ်သောအခါ အလွန်ရင့်မာသော ၀ိညာဉ်တော် ဖြစ်လာရသည်၊ ကံကောင်း ကံဆိုး အမျိုးမျိုးကို ပြု၍ မိမိပြုအပ်သော ကံ၏အကျိုးကို ဤ၀ိညာဉ် သည်ပင် ခံစားရ၏၊ ပြုလုပ်သူလည်း ဤ ၀ိညာဉ်,  ခံစားသူလည်း ဤ ၀ိညာဉ်ပင်တည်း”ဟု ယူဆလေသည်၊ ဤသာတိရဟန်းကား ယခုခေတ် မြန်မာလူမျိုး, တရုတ်လူမျိုး စသူတို့ကဲ့သို့ ၀ိညာဉ် ကိုပင် အတ္တဟု ယူဆသူတည်း။
ဝိညာဉ်အတ္တ၏ သံသရာလည်ပုံ
ရုပ်ကို အတ္တစွဲသူတို့က ကမ္ဘာပျက်သော်လည်း  ပရမာအဏုမြူရုပ်မှုန့်ကလေးတွေ အနှံ့အပြားတည်ရှိနေရစ်၏ဟု ယူဆကြသဖြင့် သူတို့အလို သတ္တ၀ါအဆက်မပြတ်နိုင်သလို ၀ိညာဉ်ကို အတ္တဟု စွဲသူတို့ကလည်း သတ္တ၀ါအဆက်မပြတ်အောင် ကြံစည်စဉ်းစားကြ၏။

Friday, 6 June 2014

အနာဂတ်သာသနာရေး အပိုင်း(၆၂) ၀ိညာဉ်ကို အတ္တဟုစွဲပုံ



ဝိညာဉ်ကို အတ္တဟုစွဲပုံ
ခံစားတတ်သော ဝေဒနာကို အတ္တဟုလည်းကောင်း, ဟိုဟာ သည်ဟာ မှတ်သားတတ်သော သညာကို အတ္တဟုလည်းကောင်း, ထိုထိုကိစ္စ တို့၌ လှုံ့ဆော်ပေးတတ်သော စေတနာသင်္ခါရကို အတ္တဟုလည်းကောင်း, (တွေ့ထိမှု ဖဿ စသည်ကို အတ္တဟုလည်းကောင်း), စိတ် ၀ိညာဉ်ကို “အတ္တ”ဟုလည်းကောင်း တချို့က စွဲလမ်းကြ၏။
          ထိုတွင် ၀ိညာဉ်ကို “အတ္တ”ဟု စွဲလမ်းခြင်းသည် ယခုအခါ ဗုဒ္ဓကျမ်းစာတို့၌ (အထူးအားဖြင့် အဘိဓမ္မာသဘော၌) မကျွမ်းကျင်သူ မြန်မာလူမျိုးတို့ စွဲလမ်းပုံနှင့် ထပ်တူကျ၏၊ မြန်မာလူမျိုးတို့သည် လူတစ်ယောက်သေဆုံးသောအခါ၌ အသက်ကောင် ၀ိညာဉ်ကောင် ဟု ထင်မှတ်ထားသောအရာသည် ဤခန္ဓာအိမ်မှ ထွက်ခွာသွား၍ ကံအားလျော်စွာ ခန္ဓာအိမ်အသစ်မှာ ငြိတွယ်၏၊ ခန္ဓာအိမ်အသစ် တွယ်စရာ မရှိလျှင် ခန္ဓာအိမ် အဟောင်းကိုပင် မလွှတ်သေး၊ ခန္ဓာဟောင်း၌ တစ်စွန်းတစ်စ တွယ်ကပ်လျက် ခန္ဓာအသစ်ကို ထောက်လှမ်း ရှာဖွေနေ၏၊
ခန္ဓာသစ်တွေ့၍ ထိုခန္ဓာသစ်၌ တစ်စွန်းတစ်စ ငြိတွယ်မှ ခန္ဓာအဟောင်းကို စွန့်လွှတ်သည်ဟု ကြံစည်ယူဆ ကြလေသည်၊ အကယ်၍ ခန္ဓာအသစ် မရသေးခင် ခန္ဓာအဟောင်း ကို မနေသာသဖြင့် စွန့်လွှတ်ရပြန်သော် ခန္ဓာအသစ် မရသေးသမျှ အတ္တကလေးသည် မိမိအိမ် အနီးအပါးဝယ် သွားလာ လှည့်ပတ် နေ၏၊ (တစ္ဆေ ဖြစ်နေသည်ဟု ဆိုလိုသည်၊) ကလေး ငယ်ငယ် ရွယ်ရွယ် လန့်သွား၍ မေ့သွား၍ မတုန်မလှုပ် ဖြစ်နေလျှင် “၀ိညာဉ် ကောင် လိပ်ပြာ စဉ်ထွက်သွားသည်”ဟု ယူဆ၍ လိပ်ပြာ ပြန်လာအောင် ခေါ်နည်းကို (ရှေးလူကြီးသူမတို့) ပြုကြလေသည်။

          တရုတ်လူမျိုးတို့ကား ၀ိညာဉ်လိပ်ပြာ၏ နေထိုင်ရာ အိမ်ကိုပင် တခမ်းတနား ပြုလုပ်ထားကြသေး၏၊ တစ်ရံတစ်ခါ သေသူ၏ လိပ်ပြာသည် သား သမီး အစရှိသော ကျန်ရစ်သူများ၏ လိပ်ပြာကို မကြာခဏလာခေါ်နေသဖြင့်(ကျန်ရစ်သူကိုပါ သေ၍ လိုက်သွားမည် စိုးသောကြောင့်) လိပ်ပြာခွဲနည်း အစီအစဉ်ကိုပင် ပြုလုပ်ကြရသေး၏၊ ဤကား စိတ်ဝိညာဉ်ကို အတ္တဟု ယူဆ၍ (ထိုအတ္တကိုပင် အသက်ကောင်, ၀ိညာဉ်ကောင်, လိပ်ပြာဟု ခေါ်ကြသော မြန်မာ လူမျိုးတို့) အတ္တစွဲလမ်းချက်တည်း။
မှတ်ချက်။       ။ သေပြီးသည့်နောက် အိမ် စသည်ကို တွယ်တာ၍ အနီးအပါးမှာ တစ္ဆေဖြစ်နေသူသည် ၀ိညာဉ်ကောင် မဟုတ်၊ ပြိတ္တာဘ၀ ရောက်နေသူသာတည်း၊ သေပြီးနောက် ရောက်ဖို့ရာဘ၀ကို ဂတိဟု ခေါ်၏၊ ထိုဂတိသည် လူ, နတ်, ငရဲ, ပြိတ္တာ, တိရစ္ဆာန်အားဖြင့် ငါးမျိုးရှိသည်။
Credit to

အနာဂတ်သာသနာရေး အပိုင်း(၆၁) အတ္တ၏နာမည်နှင့်သတ္တိ



အတ္တ၏နာမည်နှင့်သတ္တိ
ပါဠိဘာသာဖြင့် “အတ္တ”ဟု ထင်ရှားသော ထိုအရာကို မြန်မာတို့က… “အသက်ကောင်, ၀ိညာဉ်ကောင်, လိပ်ပြာ”ဟု ခေါ်ကြသည်၊ ထိုအတ္တ၏သတ္တိကား (ကာရက) ပြုဖွယ်ကိစ္စ အ၀၀တို့ကို ပြုလုပ်နိုင်၏၊ (ဝေဒက) ခံစံစရာဟူသမျှကို ကောင်းကောင်းဆိုးဆိုး ခံနိုင်စံနိုင်၏၊ (သာမီ) ခန္ဓာအိမ်၏ အရှင်သခင်လည်း ဖြစ်၏၊ (နိဝါသီ) ခန္ဓာအိမ်၌ အမြဲနေ၏၊ (သယံဝသီ) ခန္ဓာအိမ်နှင့်ဆိုင်သော ကိစ္စဟူသမျှကို သူ့ အလိုသို့ လိုက်စေနိုင်၏ဟု ယူဆကြသည်။
          ချဲ့ဦးအံ့…(မိမိကိုယ်ကို စဉ်းစားကြည့်ပါ၊) အဆင်းကို မြင်ရာ၌ မျက်လုံးအတွင်းရှိ စက္ခုဟုခေါ်အပ်သောပသာဒဖြင့် အသက်ကောင် ၀ိညာဉ်ကောင်ဖြစ်သော အတ္တက မြင်၏၊ အတ္တသည် မြင်ခြင်းကိစ္စ ကို ဖြစ်စေ၏၊ ထို့အတူ နားဖြင့် ကြားရာ, နှာခေါင်းဖြင့် အနံ့ယူရာ, လျှာဖြင့် အရသာခံရာတို့၌ အတ္တသည် ကြား၏၊ အတ္တသည် အနံ့ကို သိ၏၊ အတ္တသည် အရသာအကောင်း အဆိုးကို ခံစား၏၊ တုတ်စသည်ဖြင့် ထိ၍ နာကျင်ရာ၌ အတ္တသည် နာ၏၊ မီးဖြင့် ထိရာ၌ အတ္တသည် ပူ၏၊ ရေဖြင့် ထိရာ၌ အတ္တသည် အေး၏၊ ဖဲမွေ့ရာ စသော  အခင်းအနှီး  နုနုညံ့ညံ့ကို  တွေ့ထိရာတို့၌  အတ္တသည် အရသာကို ခံစား၏၊ စိတ်ကူး၍ တရားကို အာရုံပြု၍ အာရုံတစ်ခုခု ထင်လာရာတို့၌ အတ္တသည် ထိုအာရုံကို သိ၏။

အနာဂတ်သာသနာရေး အပိုင်း(၆၀) အတ္တ၏ပုံသဏ္ဌာန်နှင့် တည်နေရာ

အနတ္တလက္ခဏသုတ်တော်
အတ္တ၏ပုံသဏ္ဌာန်နှင့် တည်နေရာ
အနတ္တလက္ခဏသုတ်ကို   သိလိုသူတို့သည်   ရှေးဦးစွာ   အတ္တအယူဝါဒကို နားလည်သင့်ကြ၏၊  အတ္တနှင့် စပ်၍ နားလည်ဖွယ်တို့ကား… အတ္တ၏ ပုံသဏ္ဌာန်, အတ္တ၏ တည်ရာ, အတ္တ၏ နာမည်, အတ္တ၏ သတ္တိ, အတ္တ၏ စွဲချက်များတည်း၊ “အတ္တ” ဟူသည် အစစ်အမှန်ရှိသောအရာ မဟုတ်၊ ဗုဒ္ဓမပွင့်ရာခေတ်၌ ပရမတ္ထသဘာဝဓမ္မကို ကျနစွာ မသိသော ပညာရှိတို့ အမျိုးမျိုး အဖုံဖုံ တွေးဆကြည့်သောအခါ “ဒီလို ဖြစ်တန်ရာ၏”ဟု ကြံစည် မှန်းဆအပ်သော အရာသာတည်း၊
ထို့ကြောင့် အစစ်အမှန်မဟုတ်သော အတ္တ၏ပုံသဏ္ဌာန်ကို ကြံစည်ကြရာ၌ ဆရာ တစ်ဦးနှင့်တစ်ဦး အယူအဆ မတူကြသည်မှာ ဓမ္မတာပင် ဖြစ်၏၊ ဥပမာ…မိန်းမမြုံမ၏ သားကလေးပုံသဏ္ဌာန်ကို ကြံကြံဖန်ဖန် တွေးရာ၌ တစ်ယောက် နှင့်တစ်ယောက် မတူနိုင်သကဲ့သို့တည်း။
          ထို့ကြောင့် ဆရာတချို့က “အတ္တသည် အလွန့်အလွန် သေးငယ်၏၊ ပရမာဏုမြူခေါ်(လူတို့မျက်စိဖြင့် ကြည့်၍ မမြင်နိုင်သော) အသေးငယ်ဆုံး မြူမှုန်မျှလောက်သာ ရှိ၏”ဟု ယူဆကြ၏၊

အနာဂတ်သာသနာရေး အပိုင်း(၅၉) သစ္စာလေးပါး အကြောင်းအကျိုးဆက်ပုံ

သစ္စာလေးပါး   အကြောင်းအကျိုးဆက်ပုံ
ယခု အချိန်အခါသည် မြန်မာနိုင်ငံကို  လက်အောက်ခံ ဘ၀မှလွတ်အောင် ကြိုးစား၍ လွတ်လုခါနီး ဖြစ်နေသော အချိန်အခါတည်း၊ ဘာ့ကြောင့် ကျွန်ဘ၀သို့ ရောက်ခဲ့ရပါသလဲ၊ (၁၂၄၇ တစ်ထောင့်နှစ်ရာလေးဆယ်ခုနစ်)ခုနှစ် မရောက်မီက မြန်မာပြည်သူ ရှင်လူဟူသမျှတို့သည် တိုင်းရေးပြည်ရာဝယ် အမြင်မကျယ်ခဲ့ကြ၊ (အသိဉာဏ် နည်းခဲ့ကြ၏၊) မြန်မာပြည် အောက်ပိုင်းကို ပေးလိုက်ရသည့်တိုင်အောင်လည်း သတိမရခဲ့ကြ၊
တိုင်းရေးပြည်ရာဝယ်လည်း အမြင်မကျယ်ခြင်းသည် အကြောင်း, ကျွန်ဘ၀၌ ဒုက္ခဖြစ်ရခြင်းသည် အကျိုး၊ ယခုအခါ လွတ်လပ်အောင် ကြိုးစားကြခြင်းသည် အကြောင်း, နောင် လွတ်လပ်ခွင့်ရခြင်းသည် အကျိုး၊ ဤသို့လျှင် လက်ရှိ နိုင်ငံရေး၌ မကောင်းသော အကြောင်း နှင့် အကျိုးသည်လည်းကောင်း, လွတ်လပ်ရေးနှင့်ဆိုင်သော ကောင်းသော အကြောင်းနှင့် အကျိုးသည်လည်းကောင်း ဆက်သွယ် နေသကဲ့သို့ ထို့အတူပင် တဏှာလောဘ သမုဒယသစ္စာသည် အကြောင်း, ဇာတိမီး အစရှိသည်တို့၏ လောင်စာဖြစ်သော ရုပ် နာမ် ခန္ဓာသည် အကျိုးတည်း၊ (ဤကား မကောင်းကြောင်းနှင့် မကောင်းကျိုးတည်း၊) သမုဒယသစ္စာ တဏှာ လောဘကြောင့် ကျွန် ဘ၀ရောက်နေသော ဒုက္ခသစ္စာ ခန္ဓာအနေမှ ထွက်မြောက်အောင် ကြိုးစားသော ၀ိပဿနာအခြေခံပါသော မဂ္ဂသစ္စာသည် အကြောင်း, ဒုက္ခအားလုံးမှ ကုန်ဆုံးလွတ်လပ်ရာ နိရောဓသစ္စာသည် အကျိုး၊ (ဤကား ကောင်းသော အကြောင်းနှင့် အကျိုးတည်း။)

Thursday, 5 June 2014

(၁.၆.၂၀၁၄)ပဋ္ဌာန်းအဘိဓမ္မာသင်တန်း (ပထမနေ့)

ဗောဓိပက္ခိယတရား (၃၇) ပါး


ဗောဓိပက္ခိယရဲ့ ပါဠိတိုက်ရိုက်အဓိပ္ပါယ်ကို ဗောဓိ၊ ပက္ခ၊ ဣယလို့ ပုဒ်ခွဲပြီး ဗောဓိ- သစ္စာလေးပါးကို သိတတ်သော မဂ်ဉာဏ်၊ ပက္ခ- အသင်းအပင်း၊ ဣယ-ဖြစ်ခြင်းလို့ အသီးသီး အဓိပ္ပါယ်ရကာ ဗောဓိဉာဏ်၏ အသင်းအပင်းဖြစ်သော တရားများလို့ နားလည်နိုင်ပါတယ်။

အလွယ်နားလည်အောင် ပြောရရင် ဗောဓိပက္ခိယဆိုတာ အရိယာမဂ်ဉာဏ်ကို ရရာရကြောင်းဖြစ်တဲ့ တရားများ၊ အရိယာမဂ်ဉာဏ်နှင့် အတူတကွ ဖြစ်တဲ့တရားများလို့ အဓိပ္ပါယ်ရပါတယ်။ အရေအတွက်အားဖြင့် ဗောဓိပက္ခိယတရား ၃၇ပါးရှိပါတယ်။ အဲဒါတွေက
သတိပဋ္ဌာန် ၄ ပါး၊ သမ္မပ္ပဓာန် ၄ ပါး၊ ဣဒ္ဓိပါဒ် ၄ ပါး၊ ဣနြေ္ဒ ၅ ပါး၊ ဗိုလ် ၅ ပါး၊ ဗောဇ္ဈင် ၇ ပါး၊ မဂ္ဂင် ၈ ပါး အားဖြင့် ပေါင်း (၃၇) ပါးတို့ပဲ ဖြစ်ပါတယ်။

" မြတ်ဗုဒ္ဓ၏ ဘုန်းတော်ခြောက်ပါး"


မြတ်စွာဘုရားရှင်သည် သူတကာတို့ထက်သာလွန်သော ဘုန်းတော်(၆)ပါး နှင့် ပြည့်စုံတော်မူသည်မှာ

(၁)။ ဣဿရိယဘုန်းတော်- မြတ်စွာဘုရားရှင်၏ စိတ်တော်သည် ကိုယ်တော်မြတ်၏ အလိုအတိုင်းလောကီ ဈာန်၊ သမာပါတ်နှင့်တကွ တန်ခိုးပြဋိဟာ ပြတော်မူရာ၌ဖြစ်စေ၊ (နိဗ္ဗာန်)ကို လိုအပ်သလို ဝင်စားနေရာ၌ ဖြစ်စေ အစိုးရတော်မူခြင်း။

(၂)။ဓမ္မဘုန်းတော်

ထူးခြားမြင့်မြတ်သည့် တရားတော်ကိုဟောနိုင်ခြင်း၊ မဂ်လေးပါး ၊ ဖိုလ်လေးပါးနှင့် နိဗ္ဗာန်တရားများကို ဗြဟ္မာ နတ်လူတို့အား
တစ်ဦး၏ စရိုက်နှင့် လျော်ညီစွာ ဟောပြနိုင်ခြင်း။


မေတ္တာလေ.ကျင်.ခန်း




မေတ္တာဟာ မိမိရဲ.သန္တာန်မှာ ပင်ကိုယ်က ရှိနေပေမယ်.လို. လေ.ကျင်.ပေးမှ အစွမ်းထက်မယ်၊ မလေ.ကျင်.ရင် အစွမ်းမထက်ဘူး။
အဲဒီတော. မေတ္တာဆိုတဲ. သဘောတရားကို ဘာနဲ.လေ.ကျင်.ရမလဲ၊ အာရုံနဲ.ပဲ လေ.ကျင်.ရမယ်။ စိတ်တစ်ခုကို ထက်မြက်လာအောင် လေ.ကျင်.ချင်ရင် အာရုံနဲ.လေ.ကျင်.ရမယ်။ ဓားထက်အောင် ဘာနဲ.လုပ်ရမလဲ၊ ကျောက်နဲ.သွေးရတယ်၊ ကျောက်ပေါ်တင်ပြီးသွေးမှ ဓားထက်တယ်။ ထို.အတူပဲ ဒီ မေတ္တာစိတ်ဓာတ်လေးဟာ ခိုင်မာကြီးထွားလာအောင် ဘာနဲ.လုပ်ရမလဲ၊ အာရုံပေါ်တင်ပြီးတော. လေ.ကျင်.ရမယ်။

မေတ္တာကို လေ.ကျင်.ခန်းလုပ်တဲ. နည်းတစ်ခု။ သာမာန်ကုသိုလ်ရရုံပို.တဲ.မေတ္တာမျိုး မဟုတ်ဘူး၊ သာမာန်ကုသိုလ်ရရုံ ပို.တဲ.မေတ္တာကတော. “သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု” ဆိုတာပေါ.။ ဘုရားရှိခိုးရင်လည်း မေတ္တာပို.တာပဲလေ၊ သတ္တ၀ါတွေချမ်းသာကြပါစေ၊ အဲဒီဟာမျိုးကို ပြောတာမဟုတ်ဘူး။
မေတ္တာလေ.ကျင်.ခန်းဝင်ပြီဆိုတာ meditation အလုပ်ကို လုပ်ရမှာကိုပြောတာ။ meditation ပုံစံနဲ.မေတ္တာကို အာရုံနဲ.လေ.ကျင်.ရမယ်။ အာရုံဆိုတာဘာလဲ၊ မိတ်ဆွေသူငယ်ချင်းစတဲ. သက်ရှိသတ္တ၀ါနဲ. လေ.ကျင်.ရမယ်။ သေသွားတဲ.သူနဲ. လေ.ကျင်.လို.မရဘူး။ ဒီဘ၀မှာ ရှိနေတဲ. ပုဂ္ဂိုလ်နဲ.လေ.ကျင်.ရမယ်။

Wednesday, 4 June 2014

အနာဂတ်သာသနာရေး အပိုင်း(၅၈) မဂ္ဂသစ္စာရှင်းလင်းချက်



မဂ္ဂသစ္စာရှင်းလင်းချက်
“မဇ္ဈိမပဋိပဒါ” ဟူသော နာမည်ဖြင့် ပြခဲ့သော မဂ္ဂင်ရှစ်ပါးကိုပင်“မဂ္ဂသစ္စာ” ဟု ခေါ်၏၊ [မဂ္ဂ=နိဗ္ဗာန်သို့ ရောက်ကြောင်းလမ်း+သစ္စာ=အမှန်၊] သမ္မာဒိဋ္ဌိ အစရှိသော တရားရှစ်ပါးသည် မိမိသန္တာန်၌ ဖြစ်ပေါ်လာ သောအခါ၌ အရိယာအဆင့်သို့ တိုးတက်တော့၏၊ ထိုအရိယာ အဆင့်သို့ ရောက်လျှင် နိဗ္ဗာန်ကို ထင်ထင်ရှားရှား (မျက်စိဖြင့် မြင်ရသလို) မြင်နိုင်ပြီ၊ ချဲ့ဦးအံ့သမ္မာဒိဋ္ဌိသည် ကံနှင့်ကံ၏အကျိုး လောက်ကိုသာ သိမြင်နိုင်သော ကမ္မဿကတာသမ္မာဒိဋ္ဌိ, အနိစ္စ ဒုက္ခ အနတ္တဟု ရုပ်နာမ်တရားကို ရှုနိုင် သိမြင်နိုင်သော ၀ိပဿနာ သမ္မာဒိဋ္ဌိအပြင် မဂ္ဂသစ္စာ အဆင့်အတန်းသို့ ရောက်သော မဂ္ဂ သမ္မာဒိဋ္ဌိလည်း ရှိသေး၏။
          ထိုသုံးမျိုးတွင် ရှေ့နှစ်ပါးကို မဇ္ဈိမပဋိပဒါအခန်း၌ ပြခဲ့ပြီ၊ ရုပ် နာမ် ခန္ဓာကို အနိစ္စ ဒုက္ခ အနတ္တဟု ၀ိပဿနာသမ္မာဒိဋ္ဌိဖြင့် ရှုဖန် များလာသော် ကိလေသာ အနောက်အကျုတွေ စိတ်အစဉ်မှာ ကင်း၍ (၀ိပဿနာသမ္မာဒိဋ္ဌိ အဖြစ်မှ အဆင့်အတန်း တိုးတက် ရင့်သန်ကာ)  မဂ်ဉာဏ် အဖြစ်သို့  ရောက်သော  (မဂ္ဂသစ္စာတွင်ပါဝင်သော) မဂ္ဂသမ္မာဒိဋ္ဌိ ဖြစ်လာ၏၊ ဤနည်းအားဖြင့် အဆင့် အတန်း မြင့်၍ ရင့်သန်လာသော မဂ္ဂင်ရှစ်ပါးသည် နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်အစစ် ဖြစ်ရကား “မဂ္ဂသစ္စာ”ဟု အမည်ရလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၅၇) သန္တိသုခကို အတ္တလည်း မခံစား

 
သန္တိသုခကို အတ္တလည်း မခံစား
တချို့ကမူ သန္တိသုခကို မှန်းဆ၍ သဘောပေါက်ကြ၏၊ သို့သော် “ရုပ်လည်း မဟုတ်, နာမ်လည်းမဟုတ်၊ ရုပ်နာမ်ချုပ်၍ အနှစ် အမြုတေကဲ့သို့ ကျန်နေသော အတ္တရှိ၏၊  ထိုအတ္တသည် သန္တိသုခကို ခံစား၏”ဟု တွေးဆကြ၏၊  တရားတော်အလို အတ္တဆိုသော အရာသည်ပင် မရှိသောကြောင့် ထိုအတွေးအဆသည် အတွေးအဆမျှသာ ဖြစ်၏၊ မခံစားရဘဲ ချမ်းသာပုံကို ဥပမာတစ်မျိုးဖြင့် ပြဦးအံ့…
          အလွန်စည်းစိမ်ကြီးသော လူချမ်းသာတစ်ယောက်သည် တီးကြ မှုတ်ကြ ကခုန်ကြနှင့် ယုယဖျော်ဖြေသူကလေးများ၏ အလယ်မှာ ထည်ထည်ဝါ၀ါ အိပ်ပျော်နေ၏၊ ဆင်းရဲသား လယ်သမားကလေး တစ်ယောက်ကား နေပူကျဲတောက် သစ်ပင်အောက်၌ လယ်ကန်သင်းရိုးကို ခေါင်းအုံးကာ အိပ်ပျော်နေရှာ၏၊  အိပ်ပျော်ချိန်၌ ထိုနှစ်ယောက်လုံးပင် ဘာမျှ မခံစားကြရ၊ အိပ်ရာမှ နိုးကြသော် ကိုယ်စီကိုယ်င “အိပ်ရ-ကောင်းလိုက်တာ”ဟု ကျူးရင့်ကြ၏၊ ဘာ ကောင်းသလဲ၊ အေးငြိမ်းချမ်းသာသော အကောင်းပင် မဟုတ်ပါလော၊ ထိုအကောင်းကို မည်သည့် အတ္တမျှ မခံစားပါ။

အနာဂတ်သာသနာရေး အပိုင်း(၅၆) သုခ နှစ်မျိုး



အသင်္ခတဓာတ်   ကမ္မဋ္ဌာန်းပေါက်၍ ရဟန္တာအဖြစ်သို့  ရောက်နေသူ၏သန္တာန်၌ (သမုဒယသစ္စာခန်း၌ ပြအပ် ခဲ့သော) တဏှာသည် လုံးဝမရှိတော့၊ တဏှာမရှိလျှင် နောက်ဘ၀ ခန္ဓာအသစ်ကို မလိုလားတော့ချေ၊ ကံကြောင့် ခန္ဓာအသစ် ဖြစ်ရသော်လည်း ထိုကံသည် သူ့ချည်းသက်သက် ခန္ဓာအသစ်ဖြစ်အောင် ပြုစီမံခြင်းငှာ မစွမ်းနိုင်၊ တဏှာအဖော် ပါမှသာ စီမံနိုင်သည်၊
ထို့ကြောင့် ရဟန္တာသန္တာန်၌ ရှိသမျှ ကောင်းမှုတွေသည် (အသီး မသီးသော လေပွင့်များကဲ့သို့) နောင်သံသရာဝယ် ခန္ဓာအသီးကို မသီးစေနိုင်တော့ရကား ရဟန္တာတို့၏ နောက်ဆုံးရုပ်နာမ် ချုပ်သည် နှင့် တစ်ပြိုင်နက် (စုတေသည်နှင့်တစ်ပြိုင်နက်) ရုပ်နာမ်ခန္ဓာအဆက် မရှိတော့ဘဲ အသင်္ခတဓာတ်သာ တည်ရစ်တော့သည်။ [အသင်္ခတ= ကံလည်း မပြုရ, စိတ် ဥတု အာဟာရလည်း မပြုရဘဲ + ဓာတု = အေးငြိမ်းခြင်းသဘောကို ဆောင်နေသောဓာတ်။]
အရိယာဖြစ်လျှင် မြင်ရပြီ
ဗုဒ္ဓမြတ်စွာသည် ထိုအသင်္ခတဓာတ်ဖြစ်သော နိရောဓသစ္စာကို ဗုဒ္ဓဖြစ်ခါနီးဝယ် သစ္စာ လေးပါးကို မဂ်ဉာဏ်လေးပါးဖြင့် မြင်တုန်းကပင် မြင်ခဲ့ရပြီ၊ ထိုနိရောဓသစ္စာနိဗ္ဗာန်ချမ်းသာကို ဖလသမာပတ် ၀င်စားတော်မူကာ မကြာ မကြာ ခံစားတော်မူ၏၊ ပရိနိဗ္ဗာန်စံတော် မူခါနီး၌လည်း စုတိတော် မရောက်မီ ဈာန်သမာပတ် ၀င်စားတော် မူ၏၊ ထိုသို့ မ၀င်စားမီ ထိုဖလသမာပတ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုကာ လွန်စွာချမ်းသာတော်မူသည်၊ အခြားအရိယာများလည်း ထိုဖလ သမာပတ်ဖြင့် မိမိ၏ နိဗ္ဗာန်ကို အာရုံပြုကာ ချမ်းသာတော်မူနိုင်ကြပေသည်။

Tuesday, 3 June 2014

အနာဂတ်သာသနာရေး အပိုင်း(၅၅) နိရောဓသစ္စာ ရှင်းလင်းချက်



နိရောဓသစ္စာ ရှင်းလင်းချက်   
[နိရောဓ = ချုပ်ရာ, ကုန်ခန်းရာ၊]
ပြခဲ့သော သစ္စာ နှစ်ပါးတို့တွင်  သမုဒယတဏှာသည် ဒုက္ခဖြစ်ဖို့ရန် “အကြောင်းသစ္စာ”ပင်တည်း၊ ဒုက္ခဟူသမျှကား… တဏှာအရင်းခံ၍ ဖြစ်ရသော “အကျိုးသစ္စာ” ပင်တည်း၊ အကြောင်း တဏှာသမုဒယ ချုပ်ဆုံးလျှင် အကျိုးဒုက္ခအားလုံးလည်း ချုပ်ဆုံးရမည်သာ ဖြစ်၏၊ ကမ္မဋ္ဌာန်းကို အားထုတ် နေသူတို့သည် ကမ္မဋ္ဌာန်းလမ်းစဉ်ဖြင့် တက်သွားသောအခါ ဤ “နိရောဓ’’ မည်သော နိဗ္ဗာန်ကို ဉာဏ်ဖြင့် အထင်အရှား မြင်ကြ၏၊
ပထမအကြိမ် မြင်လိုက်လျှင်ပင် (သောတာပန်ဖြစ်၍) သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ နှစ်မျိုးနှင့် တွဲဖက်ဖြစ်သော ဘ၀တဏှာ, ၀ိဘ၀တဏှာ နှစ်မျိုးလုံး ထိုပုဂ္ဂိုလ်၏သန္တာန်မှ ကင်းသွားတော့၏၊ ဆက်လက် အားထုတ်၍ ထိုနိဗ္ဗာန်တရားကို ဒုတိယအကြိမ် မြင်လာသောအခါ (သကဒါဂါမ် ဖြစ်၍) ကာမတဏှာသည် အတော်နည်းသွား၏၊ တတိယအကြိမ် မြင်ပြန်သောအခါ (အနာဂါမ် ဖြစ်၍) ကာမတဏှာ အားလုံး ကုန်လေပြီ။

အနာဂတ်သာသနာရေး အပိုင်း(၅၄) သမုဒယသစ္စာရှင်းလင်းချက်

 
သမုဒယသစ္စာရှင်းလင်းချက်
ပြခဲ့သောဒုက္ခတွေသည် အကြောင်းမဲ့သက်သက်  ဖြစ်ရသည် မဟုတ်၊ ဗြဟ္မာမင်း စသူတို့ ဖန်ဆင်းမှုကြောင့် ဖြစ်ရခြင်းလည်း မဟုတ်၊ “သမုဒယ”ဟု ခေါ်သော တဏှာ လောဘကြောင့်သာ ဖြစ်ရသည်၊ ချဲ့ဦးအံ့… သတ္တ၀ါတို့၌ ကိုယ့်ကိုယ်ကို နှစ်သက်တွယ်တာမှု (တဏှာ)သည် လွန်စွာအားကြီး၏၊ “သူများကို ချစ်ပါသည်”ဟု ဆိုသော်လည်း ထို အချစ်ခံရသူက ကိုယ့်အလိုကို ဖြည့်ပေးခြင်း, ကိုယ့်မှာရှိသော တဏှာ၏ အလိုမကျ ဖြစ်နေခြင်းကြောင့် သူ့ကို ချစ်ရခြင်း ဖြစ်သည်၊
မိဘက သား သမီးကို ချစ်သည်ဟု ဆိုရာ၌ သား သမီးတို့ကို ကြည့်နေရလျှင် ကိုယ့်သန္တာန် တဏှာသည် သာသာယာယာ ရှိ၏၊ ထို့ကြောင့် မိဘက သား သမီးကို ချစ်၏၊ ထိုချစ်ပါသည်ဟု ဆိုရသော သားက (သမီးက) ကိုယ့်နာမည် ပျက်အောင် ကိုယ့်စီးပွား ဆုတ် ယုတ်အောင် လုပ်လိုက်လျှင် ထိုသားအပေါ် (သမီးအပေါ်)၌ အချစ် လျော့သွား၏၊ ကြပ်ကြပ် အပြစ်ပြုသောအခါ ထိုသား သမီးကိုပင် မုန်းလာသည်၊ (သား သမီးအပေါ် တဏှာချစ် ကင်း၍ ဒေါသ ဖြစ်လာသည်)ဟု ဆိုရသည်၊ သမီး ခင်ပွန်း အချင်းချင်း ချစ်ကြခြင်း မုန်းကြခြင်းများလည်း ဤနည်းနှင်နှင်တည်း၊ အမှန်မှာ “အတ္တသမံ ပေမံ နတ္ထိ=ကိုယ့်ကိုယ်ကို ချစ်ခြင်းနှင့် တန်းတူသော ချစ်ခြင်း မရှိ” ဟုသာ မှတ်ပါ။

ပဋ္ဌာန်း အမွှန်း

( ပဋ္ဌာန်း အမွှန်း )

နီလာ နီလာ နိစ္ဆရန္တိ ၊ ပီတာ ပီတာ စ ရံသိယော ။
လောဟိတာ လောဟိတာ စာဘာ ၊ သြဒါတောဒါတရံသိယော ။

တမှာ တမှာ စ မဉ္ဇိဋ္ဌာ ၊ ပဘာသန္တိ ပဘဿရာ ။
ဧ၀ံ ဆဗ္ဗဏ္ဏရံသီ သော ၊ ဌာတု မေ ဘဂ၀ါ သိရေ ။

ပဋ္ဌာနံ-နက်နဲထူးဆန်း ပဋ္ဌာန်းကျမ်းကို။ သမ္မသန္တဿ-အနုလုံ ပဋိလုံ အစုန်အဆန် အဖန်ဖန် ဆင်ခြင်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်၏။
နီလာ-ဆံတော် မုတ်ဆိတ်တော် မျက်ဝန်းတော်တခို စိမ်းညိုသောအရပ်ဌာနမှ။
နီလာ-ကြာညို ခွါညို, ရတနာအညိုကဲ့သို့ စိမ်းတစိုစို မြသားလိုဖြင့် ညိုမှောင်သော ရောင်ခြည်တော်တို့သည်။
နိစ္ဆရန္တိ-နေ-အထောင်, လ-အထောင်, ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၁)



သုတ်ပါထေယျပါဠိတော်
သိင်္ဂါလောဝါဒသုတ်မှ ထုတ်နုတ်ချက်


သိင်္ဂါလသတို့သား။ ။ သိင်္ဂါလသတို့သားသည် နဂိုက ဘုရားကို မကြည်ညို၊ ထို့နောက် ဘုရားရှင်၏ လောကကြီးပွား ရေးတရားများကို ကြားရမှ ဘုရားကို ကြည်ညို၍ တရား သံဃာတော်ကိုပါ ကိုးကွယ်ဆည်းကပ်လေသည်။ ထိုသတို့သားအား ဟောတော်မူအပ်သော တရားတော်သည် ဗျဂ္ဃပဇ္ဇသုတ်၌ ပါပြီးသော တရားတော်များနှင့် တချို့ သဘောတူ၏။ ထို့ကြောင့် သဘောမတူသော တချို့ကျင့်ဝတ်များကို ထုတ်ပြပါမည်။

အဂတိမလိုက်ရ။ ။ ဘက်လိုက်ခြင်း မျက်နှာလိုက်ခြင်းကို “ အဂတိဂမန= မလိုက်ထိုက်သည်ကို လိုက်ခြင်း၊ မပြုထိုက်သည်ကို ပြုခြင်း ’’ ဟု ခေါ်၏။ ထိုအဂတိသည် “ ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိ ’’ ဟု လေးပါးရှိ၏။

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၂)


ဥစ္စာပျက်ကြောင်း (၆)ပါး

(၁) သေရည်အရက် ဘိန်းကစော် သောက်စားမှုကို အထပ်ထပ် ပြုလုပ်ခြင်း။
(၂) အချိန်မရှိမှ လမ်းထွက်မှုကို ပြုခြင်း။
(၃) ပွဲသဘင်၌ လှည့်လည်ခြင်း။
(၄) အလောင်းအစား အကစားမှုကို အဖန်ဖန်ပြုခြင်း။
(၅) မကောင်းသော မိတ်ဆွေနှင့် အခါခါ ပေါင်းခြင်း။
(၆) ပျင်းရိမှုကို အဖန်ဖန် ပြုခြင်း။
ဤ(၆)ပါးသည် စည်းစိမ်ဥစ္စာ ပျက်စီးခြင်း၏ အကြောင်းများ ဖြစ်ကြသည်။

ဆောင်။ ။ အရက်သေရည်၊ ဘိန်းစသည်ကို၊ အလီလီရက်၊ သောက်စားဖက်၏။ လမ်းထွက်လည်သော်၊ ချိန်မတော်တည့်၊ ရွှင်ပျော်ပျော်ပင်၊ ပွဲသဘင်ဝယ်၊ အစဉ်လောင်းစား၊ အကစားနှင့်၊ တရားပျက်ချော်၊ မသူတော်ကို၊ မိတ်ဖော်အပေါင်း၊ ချစ်ဆွေကောင်းတဲ့၊ အကြောင်းပေါ်ငြား၊ အပျင်းများသည်…. ခြောက်ပါး ဥစ္စာပျက်ကြောင်းတည်း။

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၃)



အချိန်မတော် လှည့်လည်ပြစ် (၆)ပါး

(၁) မိမိကိုယ်ကိုသော်မှ လုံခြုံအောင် မစောင့်ရှောက်နိုင်ခြင်း။
(ညဥ့်အခါ အချိန်မတော်မှ လမ်းထွက်လျှင် မီးမပါသူမှာ သစ်ငုတ်စသည်ကိုလည်း နင်းမိတတ်၏၊ ညဥ့်အခါ၌ မြွေများထွက်တတ်၊ တစ္ဆေသရဲတို့ လှည့်လည်တတ်ရကား ထိုမြွေ၊ ထိုတစ္ဆေသရဲတို့နှင့် တွေ့ရတတ်၏၊ ရန်သူတို့ကသော်လည်း ချောင်း၍ ဖမ်းတတ် သတ်တတ်၏၊ ထို့ကြောင့် မိမိကိုယ်ကို လုံခြုံအောင် မစောင့် ရှောက်နိုင်။)
(၂) သားမယားကိုလည်း လုံခြုံအောင် မစောင့်ရှောက်နိုင်ခြင်း။
(အိမ်ရှင်လုပ်သူက အချိန်မတော် လမ်းထွက်သွားသောအခါ သားသမီးများနှင့် အိမ်ရှင်မသည်လည်း အချိန်မတော် လမ်းထွက်တတ်ကြ၏၊ ထို့ကြောင့် သားသမီးများလည်း ဘေးရန်တွေ့ရတတ်၏၊ အိမ်ရှင်မလည်း အခြားယောက်ျား နှင့် ဖောက်ပြား၍ ပျက်စီးတတ်၏၊ မိမိအိမ်မှာပင်လည်း အိမ်ရှင်ယောက်ျားမရှိသော ညဥ့်အချိန်မှာ အခြားယောက်ျား က အတင်းဖျက်သောကြောင့် ပျက်စီးရတတ်၏၊ ဤနည်းအားဖြင့် သားသမီး မယားများပင် မလုံခြုံဘဲ ရှိရသည်။)

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၄)


အလောင်းအစားအပြစ် (၆)ပါး

အလောင်းအစား ကစားမှုစသည်ကို ပြုရာ၌…..
(၁) နိုင်သူသည် သူ့ဥစ္စာကို (အပေါင်ပြုထားသော ပုဆိုး ခေါင်းပေါင်းစသည်ကို) အများရှေ့၌ပင် ယူရ၏။ ထို့ကြောင့် နိုင်သူကို ရှုံးသူက ရန်ငြိုးထားသောကြောင့် ရန်များတတ်လေသည်။
(၂) ရှုံးသူလည်း ဆုံးရှုံးသွားသော မိမိဥစ္စာများကို တွေးကာ နှမြောရ ဝမ်းနည်းရ၏။
(၃) လက်တွေ့အားဖြင့် ဥစ္စာကုန်ခန်းရ၏။
(ကစားသမားတို့တွင် ပစ္စည်းဥစ္စာနှင့် နေနိုင်သူ အနည်းငယ်သာ ရှိ၏၊ ကစားသမားအများစုမှာ နဂိုရှိပြီးသော ပစ္စည်းပါ ကုန်တတ်လေသည်။)
(၄) တရားရုံး၌ ကစားသမားကို သက်သေပေးလျှင် တရားတွေ့ဘက်တို့က သူဟာ ကစားသမား ဖြစ်သောကြောင့် သူ၏စကားကို အတည်မယူသင့်ပါဟု ပြောဆိုတတ်ကြ၏။
(၅) မိတ်ဆွေတို့က ပြောဆိုဆုံးမ၍ မရသောကြောင့် ထိုကစားသမားကို အပေါင်းအသင်း မလုပ်ကြတော့၊ သူ့ကို အကူအညီ မပေးကြတော့၊ သူ့အတွက် တရားရုံး၌ ကိစ္စရှိလျှင်လည်း သက်သေ မလိုက်ကြတော့၊ ဤနည်း အားဖြင့် မိတ်ဆွေများ၏ လွှမ်းမိုးခြင်းကို ခံရလေသည်။

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၅)


မိတ်ဆွေတု (၄)ယောက်

(၁) အညဒတ္ထုဟရ - စင်စစ်အားဖြင့် သူကသာ ဆောင်ယူတတ်သူ။
(၂) ဝစီပရမ - စကားအားဖြင့် ပေးတတ်သူကဲ့သို့ ဖြစ်သူ။
(၃) အနုပိယဘာဏီ - အလိုလိုက်၍ အကြိုက်ကိုသာ ပြောတတ်သူ။
(၄) အပါယသဟာယ - ပျက်စီးကြောင်းအမှုတို့၌ အပေါင်းအဖော်ဖြစ်သူ။
ဤလေးယောက်သည် မိတ်ဆွေခေါ်ရသော်လည်း မိတ်ဆွေအစစ် မဟုတ်ကြ၊ စီးပွားပျက်စီးကြောင်းဖြစ်သော မိတ်ဆွေအတုများသာ ဖြစ်ကြသည်။

အညဒတ္ထုဟရ။ ။ အညဒတ္ထု= စင်စစ်အားဖြင့် + ဟရ= သူကသာ ဆောင်ယူတတ်၊ သူကသာ အသာယူတတ်သော မိတ်ဆွေတုသည် လေးယောက်ရှိ၏။
(က) မိတ်ဆွေ၏အိမ်သို့ သွားသောအခါ မိမိက ပေးဖို့ မရည်ရွယ်ဘဲ ထိုအိမ်၌ အဝတ်စသည်ကို မြင်၍ လိုချင်သောကြောင့် ထိုပစ္စည်းကို ချီးမွမ်း၏။ အိမ်ရှင်က မပေးလိုက်လျှင်မကောင်းသောကြောင့် ထိုပစ္စည်းကို ပေး လိုက်ရ၏။ ထိုသူလည်း မိတ်ဆွေတု တစ်ယောက်။
(ခ) မိတ်ဆွေအိမ်သို့ သွားသောအခါ မိမိက လက်ဆောင် အနည်းငယ်ကို ယူသွား၍ မိတ်ဆွေထံမှ များများရဖို့ရန် မျှော်လင့်သူ။
(ဂ) မိမိမှာ ဘေးတစ်စုံတစ်ခု ဖြစ်နေချိန်ဝယ် မိတ်ဆွေ၏ အကူအညီကို လိုလား၍ အလုပ်ကို (အစေ အပါးကဲ့သို့) အလွန်ပြုလုပ်ပေးတတ်သော်လည်း မိမိမှာ ဘေးရန်မရှိလျှင်ကား ထိုကဲ့သို့ မလုပ်သူ။
(ဃ) မိတ်ဆွေအဖြစ်ဖြင့် ပေါင်းသော်လည်း တကယ်အကျိုးလိုလား၍ ပေါင်းသည်မဟုတ်၊ မိမိအတွက် တစ်စုံတစ်ခုသော အကျိုးကို မျှော်၍ပေါင်းသူ။
ဤလေးယောက်သည် သူ့ဘက်ကချည်း အသာယူ၍ ပေါင်းသောကြောင့် မိတ်ဆွေစစ် မဟုတ်၊ မိတ်ဆွေအတုသာ ဖြစ်သည်။

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၆)


မိတ်ဆွေစစ် (၄)ယောက်

(၁) ဥပကာရ - ကျေးဇူးပြုတတ်သူ။
(၂) သမာနသုခဒုက္ခ - ကောင်းတူ ဆိုးဖက်ဖြစ်သူ။
(၃) အတ္ထက္ခာယီ - ကောင်းသော စီးပွားရေး ချမ်းသာရေးကို ပြောပေးလေ့ရှိသူ။
(၄) အနုကမ္ပက - မိမိကို သနားစောင့်ရှောက်တတ်သူ။
ဤလေးယောက်သည် အလွန် ချစ်စရာကောင်းသော မိတ်ဆွေအစစ်များ ဖြစ်ကြ၏။

ဥပကာရ။ ။ ကြုံလာသော ကိစ္စအားလျော်စွာ ကျေးဇူးပြုဖော်ရသော မိတ်ဆွေကို “ ဥပကာရမိတ်ဆွေ ’’ ဟု ခေါ်၏။
(က) မိမိမိတ်ဆွေ သေရည်အရက်သောက်၍ မူးနေသည်ကိုသော်လည်းကောင်း၊ အခြားတစ်စုံတစ်ခုသော အကြောင်းကြောင့် မေ့နေသည်ကိုသော်လည်းကောင်း တွေ့ရလျှင် ထိုသူ၏ အဝတ်အထည် လက်ဝတ်တန်ဆာများ ကို သူတစ်ပါး ယူသွားမည်စိုး၍ အနားက မခွာဘဲ စောင့်ရှောက်ဖော်ရသူ။
(ခ) ထိုကဲ့သို့ မူးမေ့နေသောကြောင့်ဖြစ်စေ၊ အရပ်တစ်ပါးသို့ သွားနေသောကြောင့်ဖြစ်စေ အိမ်ကဥစ္စာကို သူတစ်ပါးတို့ ခိုးယူသွားမည်စိုး၍ ဥစ္စာကို စောင့်ရှောက်ပေးသူ။
(ဂ) မိတ်ဆွေ၌ ကြောက်စရာဘေး ပေါ်လာလျှင် ထိုဘေးကို ကာကွယ်သောအားဖြင့်ဖြစ်စေ၊ စိတ်အားမငယ်အောင် “ ဘာကြောက်ရမှာလဲ ’’ စသည်ကို ပြော၍ အားပေးသောအားဖြင့်ဖြစ်စေ အားကိုးရသူ။
(ဃ) မိတ်ဆွေ၌ ငွေကုန်ဖို့ရန် ကိစ္စတစ်ခုခုကြုံလျှင် (မိမိကလည်း ထောက်ပံ့နိုင်ပါမူ) သူက တောင်းလာ သော အကူအညီထက် ပို၍ပင် ပေးသူ။

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၇)


အနုကမ္ပက။ ။ သနားစောင့်ရှောက်တတ် ချီးမြှောက်တတ်သော မိတ်ဆွေကို “ အနုကမ္ပက ’’ ဟု ခေါ်၏။ ထိုမိတ်ဆွေလည်း လေးမျိုးပင် ရှိ၏။

(က) မိတ်ဆွေမှာ ဥစ္စာစည်းစိမ် ဂုဏ်သိန်ရာထူး ပျက်သည်ကိုဖြစ်စေ၊ မိတ်ဆွေ၏ သားသမီး အခြွေအရံ တို့မှာ ထိုကဲ့သို့ ပျက်သည်ကို ဖြစ်စေ မြင်ရ ကြားရလျှင် စိတ်မကောင်းဖြစ်သူ။ (နဂိုက ကိုယ့်ထက်သာ၍ မနာလိုနေသူတို့ကား ထိုကဲ့သို့ ပျက်စီးသည်ကို မြင်ရ ကြားရလျှင် ပျော်ရွှင်တတ်ကြသည်။)
 

(ခ) မိတ်ဆွေမှာဖြစ်စေ၊ မိတ်ဆွေ၏ သားသမီး အခြွေအရံတို့မှာဖြစ်စေ ဥစ္စာ စည်းစိမ် ဂုဏ်သိန် ရာထူး တိုးတက်နေသည်ကို မြင်ရ ကြားရလျှင် ဝမ်းမြောက်သူ။
(နဂိုက မနာလိုနေသူတို့ကား ထိုသို့ တိုးတက်သည်ကို မြင်ရ ကြားရလျှင် စိတ်မချမ်းမသာ ဖြစ်တတ်ကြသည်။
 

(ဂ) မိမိမိတ်ဆွေ၏အပြစ်ကို အခြားသူတို့က ပြောလျှင် “ ဒီလို မပြောပါနှင့်၊ ဒီအပြစ်မျိုး မရှိပါ ” ဟု ကန့်ကွက်တားမြစ်သူ။
(နဂိုက ဣဿာ(မနာလို) ဖြစ်နေသူတို့ကား ထိုသို့ အပြစ်ပြောသံကြားလျှင် ထောက်ခံ၍ပင် ပြောတတ်ကြသည်။)
 

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၈)



ပျားကို ပုံပြု။ ။ စီးပွားကို တရားသဖြင့် စုဆောင်းရာ၌ လုံးခနဲ ခဲခနဲ တစ်ခါတည်း စုပုံ၍ ရဖို့ရာ မလွယ်ကူပါ။ ရှေးဦးစွာ ပျားတို့၏ ပျားရည်စုပုံကို စဉ်းစားပါ။ ပျားတို့သည် ပန်းပွင့်ပေါင်းများစွာမှ ဝတ်ရည်ကို စုပ်ယူကြ၏။ ထိုသို့ စုပ်ယူသည့် အတွက် ပန်းပွင့်တို့သည် ညှိုးနွမ်း ခြောက်သွေ့၍ မနေရစ်၊ လန်းမြဲလန်း၊ လှမြဲလှ၊ မွှေးမြဲမွှေးနေရစ်၏။ သို့သော် ပျားတို့၌ကား ပျားရည်တွေ များစွာ စုမိလေသည်။ ထို့အတူ အရောင်းအဝယ်လုပ်ရာ၌လည်းကောင်း၊ အလုပ်ရှင် အလုပ်သမားဖြစ်ရာ၌လည်းကောင်း မိမိနှင့် စီးပွားဖက်ဖြစ်ကြသူတို့ကို ဆင်းရဲမနေရစ်စေဘဲ သူတို့အထံမှ ထိုက်တန် သော ရစရာများကို နည်းနည်းစီ (သို့မဟုတ်) နေ့စဉ်ရအောင် ယူသောအားဖြင့် မိမိမှာ စီးပွားစုမိအောင် တရားသဖြင့် စုရပါသည်။

ခြကို တု။ ။ “ ခြ ” ဟု ခေါ်အပ်သော သတ္တဝါကလေးတို့သည် မြေမှုန့််ကလေးများကို အနည်းငယ်စီ သယ်ယူကြ၏။ ထိုသို့ သယ်ယူပုံကို ကြည့်ရလျှင် တောင်ပို့ကြီး ဖြစ်လိမ့်မည်ဟု ထင်နိုင်စရာ မရှိ။ သို့သော် ထိုခြကလေးများသည် လုံ့လဝီရိယ အလွန်ကောင်းရကား မကြာမီပင် သူတို့နေဖို့ရာ တောင်ပို့ကြီး ဖြစ်လာလေသည်။ ထို့အတူ တစ်နေ့ တစ်နေ့လျှင် တစ်မူး တစ်မတ်မျှလောက် စုနိုင်ရုံဖြင့် ဥစ္စာကြွယ်ဝသူ ဖြစ်နိုင်မည်ဟု မထင်နိုင်ပါ။ သို့ရာတွင် မှန်မှန်စုလိုက်သောအခါ အတော်ကြာလျှင် ဥစ္စာအထုပ်ကလေးကို မြင်ရ၍ ထိုအထုပ်ကလေးမှ အထုပ်ကြီးဖြစ်ကာ ဥစ္စာရှင် ဖြစ်လာနိုင်ပါသည်။

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၉)



မိဘနှစ်ပါး

ဗုဒ္ဓမြတ်စွာသည် မိဘနှစ်ပါးကို ဗြဟ္မာဟုလည်းကောင်း၊ ဆရာဟုလည်းကောင်း၊ အလှူခံထိုက်သော ပုဂ္ဂိုလ် ဟု လည်းကောင်း တင်စား၍ ဟောတော်မူ၏။
(တိက အင်္ဂုတ္တိုရ်၊ ပထမပံ၊ ဒေဝဒူတဝဂ်၊ ပထမသုတ်)

ဗြဟ္မာနှင့်တူပုံ။ ။ ဗြဟ္မာတို့သည် သတ္တဝါတို့အပေါ်၌ မေတ္တာစိတ် ကရုဏာစိတ် မုဒိတာစိတ် ဥပေက္ခာစိတ် ထားနိုင်ကြသကဲ့သို့ မိဘတို့လည်း သားသမီးတို့အပေါ်၌ ထိုစိတ်လေးမျိုးစလုံး ထားနိုင်ကြသည်။ ထို့ကြောင့် မိဘနှစ်ပါးကို ဗြဟ္မာနှင့် စိတ်ခြင်းတူသောကြောင့် “ ဗြဟ္မာ ” ဟု တင်စား၍ ခေါ်နိုင်ပေသည်။

မိဘ၏ မေတ္တာစိတ်။ ။ ကလေးငယ်သည် ဝမ်းထဲ၌ ပဋိသန္ဓေ တည်နေစဉ် “ ငါ၏ ကလေးမျက်နှာကို ကိုယ်အင်္ဂါ ပြည့်ပြည့်စုံစုံဖြင့် ဘယ်တော့ မြင်ရပါ့မတုံး ” ဟု ကလေးကို မြင်လိုသော မေတ္တာစိတ်သည် မိဘတို့မှာ မဖွားမီကပင် ဖြစ်နေ၏။ ဖွားမြင်လာသော ကလေးမျက်နှာကို မြင်ရ၍ အလွန်ခင်မင်သော မေတ္တာစိတ် ဖြစ်ပြန်လေသည်။ (ဤသို့ ကလေးမျက်နှာကို မြင်ရခြင်းကိုအကြောင်းပြု၍ မွေးဖွားခြင်းကို “ မျက်နှာမြင် ” ဟု ခေါ်ကြသည်။)
မိဘ၏ ကရုဏာစိတ်။ ။ မိမိ၏ ကလေးငယ်သည် ပက်လက်ကလေး အိပ်နေတုန်းဝယ် ခြင်ကိုက်ခြင်း၊ ကြမ်းပိုး ကိုက်ခြင်း၊ နို့ဆာခြင်းကြောင့် ငိုသော အသံကို မိဘတို့ ကြားလိုက်ရလျှင် သနားသော ကရုဏာစိတ် ဖြစ်၏။ ထိုကရုဏာကြောင့် အပြေးလာ၍ ခြင်ကို ခြောက်ကြ၊ နို့တိုက်ကြ၏။ မကျန်းမမာ ဖြစ်ပြန်လျှင် အလွန်သနားသော ကရုဏာစိတ် ဖြစ်ကြပြန်၏။ ဤသို့လျှင် မိဘတို့မှာ အခါအားလျော်စွာ ကရုဏာစိတ်လည်း ဖြစ်ရလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၅၃) သစ္စာလေးပါးပါဠိတော်မြန်မာပြန် နှင့် ဒုက္ခသစ္စာရှင်းလင်းချက်



သစ္စာလေးပါးပါဠိတော်မြန်မာပြန်
ဒုက္ခသစ္စာ
ဘိက္ခုတို့ … ယခုပြမည့် တရားသည် ““ဒုက္ခ””ဟုခေါ်အပ်သော အရိယသစ္စာတည်း၊ ပဋိသန္ဓေ နေရခြင်းလည်း ဒုက္ခ, အိုရခြင်းလည်း ဒုက္ခ, နာရခြင်းလည်း ဒုက္ခ, သေရခြင်းလည်း ဒုက္ခ, မုန်းသူတို့နှင့် အတူနေရခြင်းလည်း ဒုက္ခ, ချစ်သူတို့နှင့် ကွဲရခြင်းလည်း ဒုက္ခ, လိုတာမရခြင်းလည်း ဒုက္ခ, အချုပ်အားဖြင့်ကား…(ဥပါဒါန်ဟု ခေါ်ရသော တဏှာ, ဒိဋ္ဌိတို့၏ အာရုံဖြစ်သော) ဤ ခန္ဓာတစ်ကိုယ်လုံး ဒုက္ခတုံးကြီး ဖြစ်သည်။
သမုဒယသစ္စာ
ဘိက္ခုတို့  …  ယခုပြမည့်  တရားသည်  ““ဒုက္ခသမုဒယ””ဟု ခေါ်အပ်သော အရိယသစ္စာတည်း၊ တဏှာသည် နောက်ဘ၀သစ်ကို ပြုလေ့ရှိ၏၊ နှစ်သက်မှု တပ်မက်မှု နှင့်အတူ ဖြစ်၏၊ ခန္ဓာကိုယ် အတ္တဘော ဖြစ်ဖြစ်သမျှ၌ လွန်စွာ စုံမက် နှစ်သက်တတ်၏၊ ဤတဏှာဟူသည် အဘယ်နည်း၊… ကာမဂုဏ်တို့၌ တပ်မက်မှု ကာမတဏှာ, သဿတဒိဋ္ဌိနှင့်အတူ ဖြစ်သော ဘ၀တဏှာ, ဥစ္ဆေဒဒိဋ္ဌိနှင့်အတူဖြစ်သော ၀ိဘ၀တဏှာ ဤသုံးပါးတည်း။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated