@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 3 June 2014

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၄)


အလောင်းအစားအပြစ် (၆)ပါး

အလောင်းအစား ကစားမှုစသည်ကို ပြုရာ၌…..
(၁) နိုင်သူသည် သူ့ဥစ္စာကို (အပေါင်ပြုထားသော ပုဆိုး ခေါင်းပေါင်းစသည်ကို) အများရှေ့၌ပင် ယူရ၏။ ထို့ကြောင့် နိုင်သူကို ရှုံးသူက ရန်ငြိုးထားသောကြောင့် ရန်များတတ်လေသည်။
(၂) ရှုံးသူလည်း ဆုံးရှုံးသွားသော မိမိဥစ္စာများကို တွေးကာ နှမြောရ ဝမ်းနည်းရ၏။
(၃) လက်တွေ့အားဖြင့် ဥစ္စာကုန်ခန်းရ၏။
(ကစားသမားတို့တွင် ပစ္စည်းဥစ္စာနှင့် နေနိုင်သူ အနည်းငယ်သာ ရှိ၏၊ ကစားသမားအများစုမှာ နဂိုရှိပြီးသော ပစ္စည်းပါ ကုန်တတ်လေသည်။)
(၄) တရားရုံး၌ ကစားသမားကို သက်သေပေးလျှင် တရားတွေ့ဘက်တို့က သူဟာ ကစားသမား ဖြစ်သောကြောင့် သူ၏စကားကို အတည်မယူသင့်ပါဟု ပြောဆိုတတ်ကြ၏။
(၅) မိတ်ဆွေတို့က ပြောဆိုဆုံးမ၍ မရသောကြောင့် ထိုကစားသမားကို အပေါင်းအသင်း မလုပ်ကြတော့၊ သူ့ကို အကူအညီ မပေးကြတော့၊ သူ့အတွက် တရားရုံး၌ ကိစ္စရှိလျှင်လည်း သက်သေ မလိုက်ကြတော့၊ ဤနည်း အားဖြင့် မိတ်ဆွေများ၏ လွှမ်းမိုးခြင်းကို ခံရလေသည်။
(၆) သားသမီးများ၏ လက်ထပ်ရေးကြုံလာသောအခါ ကစားသမား၏ သားသမီးကို အလိုမရှိကြ၊ ငါတို့ သားသမီးကို သူ့အိမ်ပို့ရလျှင် ဆင်းရဲလိမ့်မည်၊ သူတို့ သားသမီးကို ငါတို့အိမ် ယူဆောင်လာလျှင်လည်း “ သူ့အဖေ၏ စာရိတ္တကူးစက်လျှင် မကောင်း’’ ဟု သဘောထားကြသည်။

ဆောင်။ ။ အလောင်းအစား၊ ဖဲသမားတို့၊ နိုင်သွားလေသူ၊ ရန်များဟူ၏၊ ရှုံးသူသော်ကား၊ ကိုယ့်စီးပွားတို့၊ ပျက်ပြားသည့်တွက်၊ ဝမ်းနည်းဖက်၏၊ လက်တွေ့မှာလည်း၊ ဥစ္စာနည်းကာ၊ ပျက်စီးသာတည်း၊ တစ်ဖြာထို့ပြင်၊ တရားခွင်ဝယ်၊ တင်လျှင်သက်သေ၊ ပျက်တတ်ချေ၏၊ မိတ်ဆွေတို့က၊ ပြောမရသဖြင့်၊ လုံးဝရှောင်ခွာ၊ လွှမ်းမိုးကာဖြင့်၊ မင်္ဂလာလက်ထပ်၊ မလိုအပ်သည်၊ ခြောက်ရပ် လောင်းစားအပြစ်တည်း။


မိတ်မကောင်းနှင့်ပေါင်းခြင်းအပြစ် (၆)ပါး

(၁) လွန်လွန်ကြူးကြူး လောင်းစားတတ်သူနှင့် ပေါင်းခြင်း။
(ထိုသူနှင့် ပေါင်းခြင်းကြောင့် မိမိလည်း မကြာမီ ကစားသမားဖြစ်လျက် ဥစ္စာပျက်တတ်၏။)
(၂) မိန်းမလိုက်စားသူ၊ ထမင်းကောင်းကောင်း မုန့်ကောင်းကောင်း အစားကြီးသူများနှင့် ပေါင်းခြင်း။
(ထိုသူတို့နှင့် ပေါင်းခြင်းကြောင့် မိမိလည်း သေသောက်ကြူး အစားကြူးဖြစ်လျက် ဥစ္စာပျက်တတ်၏။)
(၃) အရက်သေရည် အသောက်ကြူးသူ။
(ထိုသူတို့နှင့် ပေါင်းခြင်းကြောင့် မိမိလည်း သေသောက်ကြူးဖြစ်လျက် ဥစ္စာပျက်တတ်၏။)
(၄) အတုအယောင်ဝတ္ထုဖြင့် လှည့်ပတ်တတ်သူ။
(ရွှေတု စိန်တုဖြင့် လှည့်ပတ်တတ်သူနှင့် ပေါင်းလျှင် မိမိပါ အညာခံရတတ်၏၊ သို့မဟုတ် သူ့လို ညာတတ်သူ ဖြစ်၍ အစိုးရအပြစ်ရကာ ဥစ္စာပျက်စီးတတ်၏။)
(၅) တိုက်ရိုက် လှည့်ပတ်တတ်သူ။
(အတုအယောင်ဖြင့် လှည့်ပတ်ခြင်းမဟုတ်ဘဲ မိမိမျက်မှောက်မှာပင် ဖဲလိမ်၍ ကစားသူကဲ့သို့ ညာသွားတတ်သူနှင့် ပေါင်းလျှင် မိမိသော်လည်း အညာခံရ၊ သူ့ကို အတုလိုက်၍ မိမိလည်း အညာတတ်ကာ အဖမ်းခံရ၍ ဥစ္စာပျက်တတ် ၏။)
(၆) သူတစ်ပါးကို နှိပ်စက် သတ်ဖြတ်တတ်သူ။
(ထိုသူနှင့် ပေါင်းမိ၍ မိမိကိုသော်လည်း အနှိပ်စက် အသတ်ဖြတ်ခံရတတ်၏၊ ထိုသူနှင့်အတူ ကူညီ၍ သူတစ်ပါးကိုသော်လည်း နှိပ်စက်မိသောကြောင့် အဖမ်းခံရ၍ ဥစ္စာပျက်တတ်၏။)

ဆောင်။ ။ အလောင်းအစား၊ အကစားနှင့်၊ လိုက်စားမိန်းမ၊ သေရည်ရလျှင်၊ မဝတည့်နိုင်၊ မရှောင်နိုင်အောင်၊ စွဲပိုင်လွန်ကြူး၊ ထိုသုံးဦးနှင့်၊ ကြည်နူးသောအား၊ ပေါင်းသင်းများ၏၊ တခြားအတု၊ ယုံအောင်ပြုလျက်၊ လှည့်သူ့တစ်ပါး၊ တိုက်ရိုက်အားဖြင့်၊ လှည့်စားတစ်ရပ်၊ ညှဉ်းဆဲတတ်ဟု၊ သုံးရပ်မိတ်ဆွေ၊ ပေါင်းတတ်ချေသော်၊ မသွေဥစ္စာ၊ ပျက်စီးရာသည်၊ ခြောက်ဖြာ မိတ်ဆိုးအပြစ်တည်း။

ပျင်းရိခြင်း၏အပြစ် (၆)ပါး

ကျေးရွာများ၌ လယ်ယာထွန်မှုစသော အလုပ်များကို နံနက်စောစောထ၍ လုပ်ကြရ၏။ ကောက်ရိတ်မှုစသော အလုပ်များကို နေပူထဲ၌လည်း ပြုလုပ်ကြရ၏။ မြို့များ၌လည်း ရောင်းဝယ်မှုကိစ္စဝယ် ကုန်သည်လာသောအခါ အလွန်စောစော အလွန်မိုးချုပ် အလွန်ထမင်းဆာနေသော်လည်း လုပ်ကြရ၏။ ထမင်းစားပြီးကာစဖြစ်၍ ဗိုက်တင်းနေသော်လည်း လုပ်ကြရ၏။

သို့ပါလျက်…..
(၁) အလွန်အေးပါသေးတယ်-ဟု မီးလှုံနေကာ အလုပ်မသွားလျှင်လည်းကောင်း။
(၂) အလွန်ပူပါသေးတယ်-ဟု အလုပ်မဆင်းဘဲ နေလျှင်လည်းကောင်း။
(၃) အလွန်မိုးချုပ်ပါပြီ-ဟု အလုပ်မလုပ်ဘဲ ရပ်ထားလျှင်လည်းကောင်း။
(၄) အလွန်စောပါသေးတယ်-ဟု အလုပ်ရှိပါလျက် အိပ်ရာက မထဘဲ နေလျှင်လည်းကောင်း။
(၅) အလွန်ဆာပါသေးတယ်-ဟု အရောင်းအဝယ် မလုပ်လျှင်လည်းကောင်း။
(၆) အလွန်ဗိုက်တင်းနေတယ်-ဟု အရောင်းအဝယ်လာလျက် မလုပ်ဘဲ နေလျှင်လည်းကောင်း စီးပွားဥစ္စာ ရသင့်သလောက် မရ၊ အမြတ်အစွန်း ရသင့်တာတွေ မရဘဲ ဆုတ်ယုတ်တတ်လေသည်။

ဆောင်။ ။ အချမ်းပြင်းဝှန်၊ အလွန်ပူနိုး၊ မိုးချုပ်လှမော၊ စောလွန်းလှယောင်၊ ဆာလောင်ပြင်းနေ၊ လွန်ထွေဝမ်းဝ၊ အကြောင်းပြ၍၊ ပျင်းကြသူများ၊ ဥစ္စာပါးသည်၊ ခြောက်ပါး ပျင်းရိအပြစ်တည်း။

ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်းမှ ပြန်လည်တင်ပြပါသည်။ 
 
Credit to 

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated