@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 3 June 2014

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၅)


မိတ်ဆွေတု (၄)ယောက်

(၁) အညဒတ္ထုဟရ - စင်စစ်အားဖြင့် သူကသာ ဆောင်ယူတတ်သူ။
(၂) ဝစီပရမ - စကားအားဖြင့် ပေးတတ်သူကဲ့သို့ ဖြစ်သူ။
(၃) အနုပိယဘာဏီ - အလိုလိုက်၍ အကြိုက်ကိုသာ ပြောတတ်သူ။
(၄) အပါယသဟာယ - ပျက်စီးကြောင်းအမှုတို့၌ အပေါင်းအဖော်ဖြစ်သူ။
ဤလေးယောက်သည် မိတ်ဆွေခေါ်ရသော်လည်း မိတ်ဆွေအစစ် မဟုတ်ကြ၊ စီးပွားပျက်စီးကြောင်းဖြစ်သော မိတ်ဆွေအတုများသာ ဖြစ်ကြသည်။

အညဒတ္ထုဟရ။ ။ အညဒတ္ထု= စင်စစ်အားဖြင့် + ဟရ= သူကသာ ဆောင်ယူတတ်၊ သူကသာ အသာယူတတ်သော မိတ်ဆွေတုသည် လေးယောက်ရှိ၏။
(က) မိတ်ဆွေ၏အိမ်သို့ သွားသောအခါ မိမိက ပေးဖို့ မရည်ရွယ်ဘဲ ထိုအိမ်၌ အဝတ်စသည်ကို မြင်၍ လိုချင်သောကြောင့် ထိုပစ္စည်းကို ချီးမွမ်း၏။ အိမ်ရှင်က မပေးလိုက်လျှင်မကောင်းသောကြောင့် ထိုပစ္စည်းကို ပေး လိုက်ရ၏။ ထိုသူလည်း မိတ်ဆွေတု တစ်ယောက်။
(ခ) မိတ်ဆွေအိမ်သို့ သွားသောအခါ မိမိက လက်ဆောင် အနည်းငယ်ကို ယူသွား၍ မိတ်ဆွေထံမှ များများရဖို့ရန် မျှော်လင့်သူ။
(ဂ) မိမိမှာ ဘေးတစ်စုံတစ်ခု ဖြစ်နေချိန်ဝယ် မိတ်ဆွေ၏ အကူအညီကို လိုလား၍ အလုပ်ကို (အစေ အပါးကဲ့သို့) အလွန်ပြုလုပ်ပေးတတ်သော်လည်း မိမိမှာ ဘေးရန်မရှိလျှင်ကား ထိုကဲ့သို့ မလုပ်သူ။
(ဃ) မိတ်ဆွေအဖြစ်ဖြင့် ပေါင်းသော်လည်း တကယ်အကျိုးလိုလား၍ ပေါင်းသည်မဟုတ်၊ မိမိအတွက် တစ်စုံတစ်ခုသော အကျိုးကို မျှော်၍ပေါင်းသူ။
ဤလေးယောက်သည် သူ့ဘက်ကချည်း အသာယူ၍ ပေါင်းသောကြောင့် မိတ်ဆွေစစ် မဟုတ်၊ မိတ်ဆွေအတုသာ ဖြစ်သည်။

ဆောင်။ ။ မိတ်ဆွေအိမ်မှာ၊ လက်ချည်းလာ၍၊ ပြန်ခါယူသွား၊ နည်းငယ်အားဖြင့်၊ အများယူလို၊ မိမိကိုယ်တုံ၊ ဘေးရန်ကြုံမှ၊ ဖုံဖုံကိစ္စ၊ ပြုတတ်လှ၏၊ မိတ္တအနေ၊ ပေါင်းပါချေလည်း၊ ထွေထွေကိုယ်ကျိုး၊ ရည်မျှော်ကိုးသား၊ သူကျိုးမမျှ၊ ဤလေးဝသည်၊ အညဒတ္ထု - မိတ်ဆွေတု။


ဝစီပရမ။ ။ ဝစီ= စကားသာလျှင် + ပရမ= အလွန်ဆုံးအတိုင်းအရှည်ရှိသူ။ စကားအားဖြင့်သာ ပေးတတ်သူကဲ့သို့ ဖြစ်၍ စင်စစ်အားဖြင့်ကား မပေးတတ်သော (နှုတ်သာပါ၍ လက်မပါသော) မိတ်ဆွေတုလည်း လေးမျိုးရှိပြန်၏။
(က) လွန်ပြီးသော ပစ္စည်းဖြင့် လောကွတ်လုပ်တတ်သူ။
(မိမိအိမ်သို့ မိတ်ဆွေလာလျှင် အို…မနေ့က မလာဘဲကိုး၊ မနေ့က စားစရာတွေ ပေါလိုက်တာ၊ ကျုပ်က လမ်းကို တောင် မိတ်ဆွေ လာမလားလို့ မျှော်မိသေးတယ်၊ အခုတော့ အားလုံးကုန်သွားပြီ၊ မနှစ်က မလာဘဲကိုး၊ မနှစ်က စပါးအတော်ရတယ်၊ သည်နှစ်တော့ မရဘူး၊ ဤသို့ စသည်ဖြင့် လွန်ခဲ့သော ပစ္စည်းအရာဝတ္ထုတို့ဖြင့် လောကွတ်လုပ် တတ်သူ။)
(ခ) နောက်လာမည့် ပစ္စည်းဝတ္ထုဖြင့် လောကွတ်လုပ်တတ်သူ။
(မည်သည့်အခါမှာ စားသောက်ဖွယ် လုပ်ပါဦးမယ်၊ အဲဒီအခါတော့ မိတ်ဆွေကို အကြောင်းကြားနိုင်ပါလိမ့်မယ်၊ ယခုနှစ် လယ်တွေ အတော်ကောင်းပါတယ်၊ လယ်ပြီးစီးတဲ့အခါတော့ မိတ်ဆွေကို ကြည့်ရှုထောက်ပံ့နိုင်စရာ ရှိပါ တယ်၊ ဤသို့ စသည်ဖြင့် မပေါ်လာသေးသော အရာဝတ္ထုဖြင့် လောကွတ်လုပ်တတ်သူ။)
(ဂ) စကားဖြင့် လောကွတ်လုပ်တတ်သူ။
(သူက မြင်းပေါ်မှာ စီးနေတုန်း မိတ်ဆွေကို မြင်လျှင် “ လာလေ စီးလှည့်ပါဦးလား ’’ ဟု လည်းကောင်း၊ သူက အဝတ်ကောင်းကောင်း ဝတ်နေစဉ် မိတ်ဆွေကို မြင်၍ “ ဒီအဝတ်ဟာ မိတ်ဆွေနဲ့ သိပ်တော်တာပဲ၊ ဒါပေမယ့် ကျုပ်မှာ ဒီ တစ်ထည်တည်း ရှိနေလို့ ’’ ဟု လည်းကောင်း ဤသို့စသောစကားဖြင့် လောကွတ်လုပ်တတ်သူ။)
(ဃ) အကူအညီတောင်းလျှင် အကြောင်းမညီညွတ်သူ။
(တစ်စုံတစ်ခု ကိစ္စရှိ၍ အကူအညီတောင်းလာလျှင် ဥပမာ- လှည်းကို ခဏငှားလာလျှင် “ လှည်းဘီး ပျက်နေတယ်၊ ဝင်ရိုး ကျိုးနေတယ်’’ စသည်ဖြင့်လည်းကောင်း၊ ငွေကို ချေးငှားလျှင် “ မလွယ်သေးလို့ပါ ’’ စသည်ဖြင့်လည်းကောင်း မည်သည့်ကိစ္စအတွက် လိုက်ခဲ့စမ်းပါဟု ပြောလျှင် “ ကျုပ်မှာ သွားစရာ ရှိနေလို့ ’’ စသည့်ဖြင့်လည်းကောင်း ချက်ချင်း ပြုဖွယ်ကိစ္စအတွက် ကူညီဖို့ ပြောလာလျှင် အကြောင်းမညီညွတ်သည်ကို ပြောဆိုတတ်သူ။)

ဆောင်။ ။ လွန်လေပစ္စည်း၊ နောင်ပစ္စည်းနှင့်၊ လက်လည်းမပါ၊ နှုတ်ဖြင့်သာဟု၊ လောကွတ်ပြုသည့်၊ မိတ်တုသုံးဖြာ၊ ခုတောင်းလာသော်၊ ဘယ်ဟာဘယ်သို့၊ ပျက်နေလို့ဟု၊ ပေးဖို့ရှောင်ဖီ၊ လူလေးလီသည်၊ ဝစီပရမ မိတ်တုတည်း။

အနုပိယဘာဏီ။ ။ (အနုပိယ= လျှော်သော ချစ်ဖွယ်စကားကိုသာ + ဘာဏီ= ပြောလေ့ရှိသူ။) အလိုလိုက်၍ အကြိုက်ကိုသာ ပြောလေ့ရှိသူလည်း လေးယောက်ရှိ၏။
(က) သတ်မှု ခိုးမှု မိန်းမလိုက်စားမှု သေရည်သောက်မှုစသော မကောင်းမှုတစ်ခုခုကို ပြုဖို့ရန် တိုင်ပင်လာ သောအခါ “ ကောင်းသားပဲ ပြုကြစို့ ’’ ဟု သဘောကျကို လိုက်၍ ပြောတတ်သူ။
(ခ) “ ကုသိုလ်ကောင်းမှု တစ်ခုခုကို ပြုကြစို့ ’’ ဟု တိုင်ပင်လာသောအခါ “ ပြုကြစို့ ’’ ဟုပင် လိုက်လိုက် လျောလျော ပြောတတ်သူ။ ဤသို့ ပြောဆိုခြင်းကား မိတ်ဆွေ၏အကျိုးကို လိုက်သောကြောင့် မဟုတ်၊ တစ်စုံတစ်ခု ရည်ရွယ်ချက်ရှိ၍ အယုံအကြည်ရှိအောင် လိုက်လျောခြင်းသာ ဖြစ်၏။
(ဂ) မိမိရှေ့ကျလျှင် ချီးမွမ်းစကားကို ပြောတတ်သူ။
(ဃ) ကွယ်ရာ၌ကား အပြစ်ကို ပြောတတ်၊ အကျိုးပျက်စီးအောင် လုပ်တတ်သူ။

(ဤသူမျိုးကို ဟိတောပဒေသ-ဝယ် “ အိုးနှုတ်ခမ်း၌ နို့ရည်တွေကို ပြ၍ အတွင်းက အဆိပ်ပြည့်နေသော အဆိပ်ရည်အိုးနှင့် တူသူ ’’ ဟု ဆို၏။)

ဤသူလေးမျိုးလည်း မိမိအလိုလိုက်၍ အကြိုက်ကို ပြောနေစေကာမူ စင်စစ်အားဖြင့် အကျိုးပျက်အောင် ပြုနေ သောကြောင့် မိတ်ဆွေတုပင် ဖြစ်သည်။

ဆောင်။ ။ မကောင်းအမှု၊ ကောင်းအမှုကို၊ ပြုကြဖို့ရာ၊ တိုင်ပင်လာလျှင်၊ လျော်စွာပြော၍၊ လိုက်လျောလေ့၏၊ သူ့ရှေ့၌တွင်၊ သူ့ဂုဏ်အင်ကို၊ အစဉ်ချီးမြှောက်၊ ကွယ်ရာရောက်က၊ လွန်ရှုတ်ချသဖြင့်၊ အနုပိယဘာဏီ၊ ခေါ်တွင်မည်သည်၊ လေးလီ မိတ်တုတစ်မျိုးတည်း။

မှတ်ချက်။ ။ ယခုခေတ်၌ ဆရာကြီး မင်းကြီးတို့အပါး၌ ထိုကဲ့သို့ မင်းလိုလိုက်၍ မင်းကြိုက်ပြောကြသော အနုပိယဘာဏီ မင်းမြှောင်စိုးကပ် ရှိတတ်၏၊ ဆရာကြီး မင်းကြီးတို့လည်း ထိုကဲ့သို့လူမျိုး၏စကားကို သဘောကျတတ်၏၊ ထို့ကြောင့် ထိုမိတ်တုတပည့်များ၏ စကားကို အလိုက်မှား၍ ပျက်ပြားရသူတွေ မနည်းလှချေ။

အပါယသဟာယ။ ။ (အပါယ= ပျက်စီးကြောင်းအမှုတို့၌ + သဟာယ= အပေါင်းအဖော်ဖြစ်သူ။)
(က) သေရည်အရက် သောက်ရာ၌ သောက်ဖော် သောက်ဖက်ဖြစ်သူ။

(ခ) အချိန်မတော်လမ်းထွက်၍ လှည့်လည်ရာ၌ လည်ဖော် လည်ဖက်ဖြစ်သူ။

(ဂ) ပွဲသဘင်ကို ပျော်ရွှင်လှည့်လည်၍ အလုပ်ပျက်အောင် ကြည့်ရှုရာ၌ သွားဖော်သွားဖက်ဖြစ်သူ။

(ဃ) အလောင်းအစား အကစားအလုပ်၌ ကစားဖော်ဖြစ်သူ။
ဤလေးယောက်လည်း ဥစ္စာပျက်စီးကြောင်းကိစ္စ၌ အဖော်ဖြစ်သောကြောင့် မိတ်ဆွေအတုပင်တည်း။

ဆောင်။ ။ သေရည်သောက်ဖက်၊ ညဥ့်လှည့်ဖက်နှင့်၊ ပွဲထွက်လှည့်ကာ၊ လောင်းစားရာ၌၊ မကွာတွဲခေါ်၊ ဤလေးဖော်သည်၊ မတော် ပျက်ကြောင်း မိတ်တုတည်း။

ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်းမှ ပြန်လည်တင်ပြသည်။ 
 
Credit to

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated