@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 3 June 2014

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၁)



သုတ်ပါထေယျပါဠိတော်
သိင်္ဂါလောဝါဒသုတ်မှ ထုတ်နုတ်ချက်


သိင်္ဂါလသတို့သား။ ။ သိင်္ဂါလသတို့သားသည် နဂိုက ဘုရားကို မကြည်ညို၊ ထို့နောက် ဘုရားရှင်၏ လောကကြီးပွား ရေးတရားများကို ကြားရမှ ဘုရားကို ကြည်ညို၍ တရား သံဃာတော်ကိုပါ ကိုးကွယ်ဆည်းကပ်လေသည်။ ထိုသတို့သားအား ဟောတော်မူအပ်သော တရားတော်သည် ဗျဂ္ဃပဇ္ဇသုတ်၌ ပါပြီးသော တရားတော်များနှင့် တချို့ သဘောတူ၏။ ထို့ကြောင့် သဘောမတူသော တချို့ကျင့်ဝတ်များကို ထုတ်ပြပါမည်။

အဂတိမလိုက်ရ။ ။ ဘက်လိုက်ခြင်း မျက်နှာလိုက်ခြင်းကို “ အဂတိဂမန= မလိုက်ထိုက်သည်ကို လိုက်ခြင်း၊ မပြုထိုက်သည်ကို ပြုခြင်း ’’ ဟု ခေါ်၏။ ထိုအဂတိသည် “ ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိ ’’ ဟု လေးပါးရှိ၏။

ပစ္စည်းဝေရာ၌ ဘက်လိုက်ပုံ။ ။ နှစ်ယောက် သုံးယောက်မှ စ၍ အများဆိုင်ပစ္စည်းများကို ဝေဖန်ရာ၌ ချစ်သူအား ပို၍ ပေးခြင်းသည် ဆန္ဒာဂတိလိုက်ခြင်း မည်၏။
(ဆန္ဒ= ချစ်ခြင်းကြောင့် + အဂတိ= ဘက်မလိုက်ထိုက်သည်ကို + ဂမန= လိုက်ခြင်း)။
မုန်းသူအား လျော့၍ ပေးခြင်းသည် ဒေါသာဂတိလိုက်ခြင်း မည်၏။ အနည်း အများ နားမလည်၊ အဖိုးတန် မတန် နားမလည်သောကြောင့် တစ်ယောက်မှာ များ၍ အခြားတစ်ယောက်မှာ နည်းအောင် ဝေမိခြင်းသည် မောဟာဂတိ လိုက်ခြင်း မည်၏။ ပို၍ မပေးလျှင် ရန်လုပ်မည့်အတွက် ကြောက်သောကြောင့် ပို၍ပေးလျှင် ဘယာဂတိလိုက်ခြင်း မည်၏။
(မိမိပိုင်ပစ္စည်းကိုကား အလိုရှိသလို ပေးနိုင်၏။ ချစ်သူအား ပေးခြင်းကြောင့် ဆန္ဒာဂတိလိုက်သည် မမည်။ သို့သော် မိမိသားသမီး မိမိတပည့်တို့အား ဝေ၍ပေးရာ၌ကား အဂတိ မလိုက်မိအောင် သတိထားရသေး၏။)


ရာထူးခန့်ရာ၌ ဘက်လိုက်ပုံ။ ။ လူကို ရာထူးခန့်ရမည့်ကိစ္စ၌ပင် ပင်ကိုက ချစ်နေသောကြောင့်ဖြစ်စေ၊ လာဘ်လာဘ ပေးသည့်အတွက် ယခုမှ ချစ်သောကြောင့်ဖြစ်စေ ချစ်သူအား ရာထူးခန့်ခြင်း ရာထူးတိုးပေးခြင်းသည် ဆန္ဒာဂတိ လိုက်ခြင်း မည်၏။ ပင်ကိုက မုန်းသောကြောင့်ဖြစ်စေ၊ လာဘ်မပေးသောကြောင့်ဖြစ်စေ မုန်းသူအား ရာထူးမခန့်ခြင်း၊ ရာထူးမတိုးခြင်း၊ ရာထူးလျှော့ချခြင်းသည် ဒေါသာဂတိလိုက်ခြင်း မည်၏။ သူတို့၏ အရည်အချင်းကို မသိသော ကြောင့် ခန့်သင့်သူ ရာထူးတိုးသင့်သူကို မခန့်ဘဲ မတိုးစေဘဲ၊ မခန့်သင့် မတိုးသင့်သူကို ခန့်ခြင်း ရာထူးတိုးပေးခြင်း သည် မောဟာဂတိလိုက်ခြင်း မည်၏။ ကြောက်သောကြောင့် ရာထူးခန့်ခြင်း ရာထူးတိုးပေးခြင်းသည် ဘယာဂတိ လိုက်ခြင်း မည်၏။

တရားဆုံးဖြတ်ရာ၌ ဘက်လိုက်ပုံ။ ။ တရားတွေ့သူနှစ်ဘက်တွင် နဂိုကဖြစ်စေ လာဘ်ကြောင့်ဖြစ်စေ ချစ်သူဘက်ကို အနိုင်ပေးခြင်းသည် ဆန္ဒာဂတိလိုက်ခြင်း မည်၏။ ရှေးက ရန်သူဖြစ်နေ၍ (သို့မဟုတ်) ယခုတွေ့မှ အပြောမတည့်၍ (သို့မဟုတ်) လာဘ်မပေး၍ မုန်းသောကြောင့် အရှုံးပေးခြင်းသည် ဒေါသာဂတိလိုက်ခြင်း မည်၏။ တရားအမှန်ကို နားမလည်၍ အရှုံးအနိုင်ပေးရာ၌ အမှားပေးမိခြင်းသည် မောဟာဂတိလိုက်ခြင်း မည်၏။ ကြောက်သောကြောင့် အနိုင်ပေးခြင်းသည် ဘယာဂတိလိုက်ခြင်း မည်၏။

အဂတိလိုက်ခြင်း မလိုက်ခြင်း။ ။ လဆုတ်ရက်များ၌ လ၏အရောင်သည် တစ်နေ့တစ်ခြား ဆုတ်ယုတ်ကာ နောက်ဆုံး နေ့၌ ကွယ်ပျောက်သကဲ့သို့ အဂတိလိုက်သူ၏ အခြွေအရံနှင့် ဂုဏ်သတင်း ကျော်စောခြင်းလည်း တစ်နေ့တခြား ဆုတ်ယုတ်ကာ နောက်ဆုံး၌ တိမ်မြုပ်သွားရ၏။ လဆန်းရက်များ၌ လ၏အရောင်သည် တစ်ရက်ထက် တစ်ရက် တိုးတက်လာသကဲ့သို့ အဂတိမလိုက်သူ၏ အခြွေအရံနှင့် ဂုဏ်သတင်း ကျော်စောခြင်းလည်း တစ်နေ့ထက် တစ်နေ့ တိုးတက်၍ လာနိုင်ပေမည်။

မောဟာဂတိ၏ ကြောက်ဖွယ်။ ။ မိမိကိုယ်ကို ဘက်မလိုက်သူဖြစ်အောင် သတိထား၍ စောင့်စည်းလိုသူသည် ဆန္ဒ ဒေါသ ဘယအတွက် ထိန်းသိမ်းနိုင်ဖွယ် ရှိသော်လည်း မောဟအတွက်ကား မစောင့်စည်းနိုင်ချေ။ ထို့ကြောင့် ကိစ္စ တစ်စုံတစ်ရာ ကြုံလာလျှင် အရင်းခံအကြောင်းကို သိအောင် စုံစမ်းပြီးမှသာ ပြုလုပ်ရသည်။ ထိုသို့ ပြုလုပ်နိုင်မှ အမှန်ကို ပြုလုပ်ရာရောက်၍ မောဟာဂတိမှ လွတ်မြောက်ပေလိမ့်မည်။ ထိုမျှလောက် ကြိုးစားပါလျက် လွဲသွားလျှင် ကား မိမိစွမ်းနိုင်သောအရာ မဟုတ်တော့။

ယခုခေတ်ဖြစ်ပုံ။ ။ ယခုခေတ်၌ကား ဆန္ဒာဂတိမှစ၍ အဂတိလိုက်မှု၊ ဘက်လိုက်မှုတွေ များလှသောကြောင့် ဆိုင်ရာအလုပ်ကိစ္စ၌ တာဝန်ယူရသူများပင် ဂုဏ်သတင်း ကျော်စောခြင်း ပျက်ပြယ်ကာ နောက်ဆုံး၌ တိမ်မြုပ် သွားကြရလေသည်။ ထို့ကြောင့် မိမိကိုယ်ကို ပါရမီရှင်ဟု အယူရှိသူတို့သည် မတတ်နိုင်သော မောဟမှတပါး အခြား အဂတိလိုက်မှုများ မလိုက်မိအောင် ရှောင်ကြရပေလိမ့်မည်။

မှတ်ချက်။ ။ ရာထူးပေးရာ၌ အရည်အချင်းရှိသူက မိမိစကားကို နားထောင်မည့်သူ မဟုတ်၊ မိမိအလုပ်ကို ကူညီ မည့်သူ မဟုတ်သောကြောင့် ထိုသူ့ကို မပေးဘဲ မိမိအလုပ်ကို ကူညီမည့်သူအား ပေးခြင်းမှာ ဘက်လိုက်ခြင်းဟု မဆိုနိုင်ပါ။

ဗုဒ္ဓဘာသာ သင်ခန်းစာ ဆဋ္ဌမတန်းမှ ပြန်လည်တင်ပြပါသည်။ 
 
Credit to 

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated