@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 3 June 2014

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၇)


အနုကမ္ပက။ ။ သနားစောင့်ရှောက်တတ် ချီးမြှောက်တတ်သော မိတ်ဆွေကို “ အနုကမ္ပက ’’ ဟု ခေါ်၏။ ထိုမိတ်ဆွေလည်း လေးမျိုးပင် ရှိ၏။

(က) မိတ်ဆွေမှာ ဥစ္စာစည်းစိမ် ဂုဏ်သိန်ရာထူး ပျက်သည်ကိုဖြစ်စေ၊ မိတ်ဆွေ၏ သားသမီး အခြွေအရံ တို့မှာ ထိုကဲ့သို့ ပျက်သည်ကို ဖြစ်စေ မြင်ရ ကြားရလျှင် စိတ်မကောင်းဖြစ်သူ။ (နဂိုက ကိုယ့်ထက်သာ၍ မနာလိုနေသူတို့ကား ထိုကဲ့သို့ ပျက်စီးသည်ကို မြင်ရ ကြားရလျှင် ပျော်ရွှင်တတ်ကြသည်။)
 

(ခ) မိတ်ဆွေမှာဖြစ်စေ၊ မိတ်ဆွေ၏ သားသမီး အခြွေအရံတို့မှာဖြစ်စေ ဥစ္စာ စည်းစိမ် ဂုဏ်သိန် ရာထူး တိုးတက်နေသည်ကို မြင်ရ ကြားရလျှင် ဝမ်းမြောက်သူ။
(နဂိုက မနာလိုနေသူတို့ကား ထိုသို့ တိုးတက်သည်ကို မြင်ရ ကြားရလျှင် စိတ်မချမ်းမသာ ဖြစ်တတ်ကြသည်။
 

(ဂ) မိမိမိတ်ဆွေ၏အပြစ်ကို အခြားသူတို့က ပြောလျှင် “ ဒီလို မပြောပါနှင့်၊ ဒီအပြစ်မျိုး မရှိပါ ” ဟု ကန့်ကွက်တားမြစ်သူ။
(နဂိုက ဣဿာ(မနာလို) ဖြစ်နေသူတို့ကား ထိုသို့ အပြစ်ပြောသံကြားလျှင် ထောက်ခံ၍ပင် ပြောတတ်ကြသည်။)
 

(ဃ) မိမိမိတ်ဆွေ၏ဂုဏ်ကို အခြားသူတို့က ပြောလျှင် “ အသင်ပြောတဲ့အတိုင်း မှန်ပါတယ် ” ဟု ထောက်ခံ၍ မိမိကလည်း ဖြည့်စွက်၍ မိတ်ဆွေ၏ဂုဏ်ကို ပြောတတ်သူ။
(နဂိုက ဣဿာဖြစ်နေသူတို့ကား ထိုကဲ့သို့ ပြောသံကို ကြားလျှင် မထောက်ခံနိုင်ဘဲ ကန့်ကွက်၍ပင် အပြစ်ပြော တတ်သေး၏။)


ဆောင်။ ။ ချစ်မိတ်ဆွေအား၊ သားမယားနှင့်၊ စီးပွားဥစ္စာ၊ တိုးတက်လာလျှင်၊ လွန်စွာချမ်းမြ၊ ပျော်ရွှင်လှ၏၊ မရစီးပွား၊ ဂုဏ်သိန်များလည်း၊ လျော့ပါးနေသော်၊ ရွှင်မပျော်တည်း၊ မိတ်ဖော်အပြစ်၊ သူများလှစ်သော်၊ တားမြစ်သည်သာ၊ ဂုဏ်ပြောခါမူ၊ မှန်ပါပေကြောင်း၊ ထောက်ခံလောင်းသည်၊ မိတ်ကောင်း လေးသွယ် နုကမ်တည်း။

ဖြည့်စွက်ချက်။ ။ သိင်္ဂါလောဝါဒသုတ်၌လာသော မိတ်ဆွေတု မိတ်ဆွေစစ်များအပြင် ဒွါဒသနိပါတ် မိတ္တာမိတ္တဇာတ်၌ လာသော ထူးခြားကောင်းမွန်ရာအချက်များကို ဖြည့်စွက် မှတ်သားထိုက်သေး၏။ မိတ်ဆွေတု(ရန်သူ)၏ အမှတ်အသားများကား …..

(က) မိမိကို မြင်လျှင် ပြုံးရွင်မှုကို မပြုခြင်း။ (တချို့ကား ဟန်ပြုံး ပြုံးတတ်သေး၏၊ ထိုဟန်ပြုံးလည်း မကောင်း။)
 

(ခ) မိမိစကားကို မနှစ်သက် မလိုလားခြင်း။ (တချို့ကား ရှေ့၌ နှစ်သက်ဟန်ဆောင်၍ ကွယ်ရာရောက်မှ အပြစ်ပြော၏၊ ထိုသူလည်း မကောင်း။)
 

(ဂ) မိမိပြောစကားကို ဆန့်ကျင်ဘက်ပြောခြင်း။ (အစည်းအဝေးစသည်၌ ဆန့်ကျင်ဘက် ပြောခြင်း။)
 

(ဃ) မျက်နှာချင်းမဆိုင်ဘဲ မိမိက ကြည့်သောအခါ သူက မျက်နှာလွှဲနေခြင်း။ (ရှက်၍ မျက်နှာလွှဲခြင်းမျိုး မဟုတ်၊ မုန်း၍ မျက်နှာလွှဲခြင်းမျိုးကို ဆိုလိုသည်။)
 

(င) မိမိ၏ ရန်ဖက်ဖြစ်သူများကို သူက အပေါင်းအသင်း လုပ်ခြင်း။
 

(စ) မိမိ၏ မိတ်ဆွေများနှင့် အပေါင်းအသင်း မလုပ်ခြင်း။
 

(ဆ) အလွန်ကောင်းသော အစားအသောက်များကို စားရသောအခါ သတိမရခြင်း။ (နဂိုက မိတ်ဆွေဟု ထင်ထားသော်လည်း ထိုအခါမျိုး၌ သတိမရလျှင် ရင်းနှီးသော မိတ်ဆွေ မဟုတ်နိုင်။)
 

(ဇ) ထိုသူ့အထံမှ မရွှင်လန်းစရာ (စိတ်ညစ်စရာ)များကို ရရှိခြင်း။

ဤအမှတ်လက္ခဏာများနှင့် သိင်္ဂါလသုတ်၌လာသော မိတ်ဆွေတု၏လက္ခဏာများကို ထောက်၍ မိတ်ဆွေအစစ် မဟုတ်၊ မိတ်ဆွေအတုသော်လည်းကောင်း၊ ရန်သူသော်လည်းကောင်း ဖြစ်ကြောင်းကို သိရသည်။

ဆောင်။ ။ မိမိကိုမြင်၊ မပြုံးရွှင်ဘဲ၊ ဆိုလျှင်စကား၊ မလိုလားတည့်၊ အများရှေ့မှာ၊ ပြောဆိုခါမူ၊ သူသာကန့်ကွက်၊ ဆန့်ကျင်ဘက်နှင့်၊ မျက်နှာချင်းပြိုင်၊ ကြည့်မဆိုင်အောင်၊ ရှောင်နိုင်ရှောင်ရှား၊ ရန်သူများကို၊ သူကားပေါင်းသင်း၊ ကိုယ့်မိတ်ရင်းကို၊ အလျှင်းမပေါင်း၊ ခွဲခွာရှောင်း၍၊ စားကောင်းသောက်ရာ၊ ကြုံသောခါလည်း၊ စိတ်မှာသတိ၊ မရရှိသည်၊ မှတ်ဘိ မိတ်တု အများတည်း။

မိတ်ဆွေများ။ ။ ပြခဲ့သော အပြစ်တို့မှ ပြောင်းပြန်အကျိုးများကို လိုလားသူ၊ အရပ်တစ်ပါးသို့ သွားသောအခါ မကြာ မကြာ အောက်မေ့တတ်သူ၊ ပြန်လာသောအခါ အလွန်နှစ်သက်သူ၊ ချစ်ချစ်ခင်ခင် ကြင်နာမြတ်နိုးသူ၊ နှစ်သက်ဖွယ် စကားကို ပြောဆိုသူ၊ ဤလူများကို မိတ်ဆွေအစစ်ဟု မှတ်ပါ။ ဤအဖြစ်မျိုးကား သားသမီးနှင့် မိဘတို့၌ လည်းကောင်း၊ ဇနီးခင်ပွန်းတို့၌လည်းကောင်း သာ၍ အထင်အရှား ဖြစ်ကြသည်။ (သို့သော် စိတ်မပါဘဲ ဟန်လုပ်၍ ပြောတတ် ပြုတတ်ကြသူများလည်း ရှိသေး၏၊ ထိုလူများကိုကား တော်တော်ကြာအောင် သတိထားကြည့်သူမှ သိနိုင်ပေလိမ့်မည်။

ဆောင်။ ။ ဖော်ပြခဲ့ငြား၊ အပြစ်များမှ၊ တခြားပြောင်းပြန်၊ တွေ့ရပြန်လျှင်၊ ဧကန်မိတ်မြတ်၊ စိတ်၌မှတ်လော၊ အရပ်တစ်ပါး၊ မိတ်ဆွေသွားလျှင်၊ စိတ်အားမကြွ၊ လွမ်းဆွတ်ရ၏၊ ထိုမှတစ်ဖြာ၊ ပြန်၍လာသော်၊ လွန်စွာရွှင်လန်း၊ ကြင်နာစွမ်းဖြင့်၊ ဝမ်းပန်းတသာ၊ ပြောဆိုလာ၏။ အခါတိုင်းဝယ်၊ နှစ်သက်ဖွယ်သာ၊ နှုတ်ဝယ်ပြောကြား၊ ထိုသူများလည်း၊ မှတ်သားမလစ်၊ မိတ်ဆွေစစ်သည်၊ ခွဲလှစ် ကျိုးကြောင်း - ဆိုးအကောင်း။

စီးပွားစုပါ။ ။ ဗုဒ္ဓမြတ်စွာသည် ဤဘဝ၌ ချမ်းသာဖို့ရာ ဥဋ္ဌာနသမ္ပဒါစသော တရားများနှင့် မိတ်တု မိတ်စစ်ကို ခွဲခြား၍ ပြတော်မူ၏။ ထိုသို့ ပြတော်မူခြင်းသည် ယခုဘဝ၌ မိတ်ဆွေအတုများကြောင့် စီးပွားပျက်တတ်၊ နောင်ဘဝအတွက် ကုသိုလ်မရဘဲ အကုသိုလ်များတတ်ခြင်း၊ မိတ်ဆွေစစ်များကြောင့် ယခုဘဝ၌ စီးပွားဖြစ်တတ်၊ နောင်ဘဝအတွက် အကုသိုလ်မများဘဲ ကုသိုလ်ပွားတတ်ခြင်းကြောင့် ဖြစ်၏။
 

ထို့ကြောင့် ဗုဒ္ဓမြတ်စွာသည် ဤဘဝချမ်းသာရေးအတွက် စီးပွားစုဖို့ရန်ကိုလည်းကောင်း၊ စီးပွားဥစ္စာရှိမှ မိတ်ဆွေကောင်းတို့ကို မပျက်အောင် ထိန်းထားနိုင်ကြောင်းကိုလည်းကောင်း ဟောတော်မူပါသည်။ မှန်ပါသည်- ယခုအခါ၌ အချင်းချင်း မိတ်ဆွေဖြစ်ရာ၌ မိမိကလည်း ပြန်၍ ပေးနိုင်မှ ကြာရှည်တည်တံ့သည်။ ဥစ္စာကို မိတ်ဆွေ ကောင်းတို့က ကူညီစောင့်ရှောက်ပါလျက် စီးပွားပျက်နေသူအတွက်မှာ ထိုမိတ်ဆွေများလည်း ကြာရှည်စွာ အဆက် ဆံ မလုပ်နိုင်ပါ။

ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်းမှ ပြန်လည်တင်ပြပါသည်။
 Credit to  

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated