အတ္တ၏နာမည်နှင့်သတ္တိ
ပါဠိဘာသာဖြင့် “အတ္တ”ဟု ထင်ရှားသော ထိုအရာကို မြန်မာတို့က… “အသက်ကောင်, ၀ိညာဉ်ကောင်, လိပ်ပြာ”ဟု
ခေါ်ကြသည်၊ ထိုအတ္တ၏သတ္တိကား (ကာရက) ပြုဖွယ်ကိစ္စ အ၀၀တို့ကို ပြုလုပ်နိုင်၏၊ (ဝေဒက) ခံစံစရာဟူသမျှကို
ကောင်းကောင်းဆိုးဆိုး ခံနိုင်စံနိုင်၏၊ (သာမီ) ခန္ဓာအိမ်၏ အရှင်သခင်လည်း ဖြစ်၏၊ (နိဝါသီ)
ခန္ဓာအိမ်၌ အမြဲနေ၏၊ (သယံဝသီ) ခန္ဓာအိမ်နှင့်ဆိုင်သော ကိစ္စဟူသမျှကို သူ့ အလိုသို့ လိုက်စေနိုင်၏ဟု
ယူဆကြသည်။
ချဲ့ဦးအံ့…(မိမိကိုယ်ကို စဉ်းစားကြည့်ပါ၊) အဆင်းကို မြင်ရာ၌ မျက်လုံးအတွင်းရှိ
စက္ခုဟုခေါ်အပ်သောပသာဒဖြင့် အသက်ကောင် ၀ိညာဉ်ကောင်ဖြစ်သော အတ္တက မြင်၏၊ အတ္တသည် မြင်ခြင်းကိစ္စ
ကို ဖြစ်စေ၏၊ ထို့အတူ နားဖြင့် ကြားရာ, နှာခေါင်းဖြင့် အနံ့ယူရာ, လျှာဖြင့် အရသာခံရာတို့၌
အတ္တသည် ကြား၏၊ အတ္တသည် အနံ့ကို သိ၏၊ အတ္တသည် အရသာအကောင်း အဆိုးကို ခံစား၏၊ တုတ်စသည်ဖြင့်
ထိ၍ နာကျင်ရာ၌ အတ္တသည် နာ၏၊ မီးဖြင့် ထိရာ၌ အတ္တသည် ပူ၏၊ ရေဖြင့် ထိရာ၌ အတ္တသည် အေး၏၊
ဖဲမွေ့ရာ စသော အခင်းအနှီး နုနုညံ့ညံ့ကို
တွေ့ထိရာတို့၌ အတ္တသည် အရသာကို ခံစား၏၊
စိတ်ကူး၍ တရားကို အာရုံပြု၍ အာရုံတစ်ခုခု ထင်လာရာတို့၌ အတ္တသည် ထိုအာရုံကို သိ၏။
ဤသို့ စသည်ဖြင့် ပြုဖွယ် ခံဖွယ် စံဖွယ် သိဖွယ်တို့ကို အတ္တ သည်သာ
ပြီးစေနိုင် ခံစံနိုင် သိနိုင်ရကား ခန္ဓာအိမ်ကို ပိုင်ဆိုင်သော အိမ်ပိုင်ရာပိုင် ဖြစ်၏၊
စားချင် သွားချင် အိပ်ချင်စသော အလိုဆန္ဒဟူသမျှသည် အတ္တ၏ အလိုချည်းတည်း၊ အတ္တသည် (ခန္ဓာ
ကိုယ်ကို မဆွေးမြေ့ မအိုမင်းအောင် မတတ်နိုင်သော်လည်း) ခန္ဓာ ကိုယ်အဟောင်း ပျက်ချိန်၌
ခန္ဓာအသစ်ကို ရှာမှီး၏၊ ထိုသို့ ရှာမှီး သည့်အခါ အတ္တပြုထားသော ကံအားလျော်စွာ ခန္ဓာအသစ်
ရပြန်၏၊ ထို့ကြောင့် အတ္တသည် ခန္ဓာအိမ်တစ်ခု ဟောင်းလျှင် တစ်ခု ပြောင်း၍ ဖြစ်ကာ ခန္ဓာအိမ်၌
အမြဲနေသော အရာဝတ္ထု ဖြစ်၏၊
ဤသို့
စသည်ဖြင့် ကံ ဉာဏ် ၀ီရိယနှင့် စိတ်၏ အစွမ်းဟူသမျှကို အတ္တ၏ သတ္တိချည်းဟု အထင်မှားလျက်
အစစ်အမှန် မရှိသော အတ္တကိုပင် သတ္တိအမျိုးမျိုးဖြင့် အမွှမ်းတင်ကာ စိတ်ထဲ၌ ထင်လာ မြင်လာအောင်
ကြံစည်စိတ်ကူးကြလေတော့သည်။
ရုပ်ကို အတ္တဟု စွဲချက်
အတ္တစွဲလမ်းရာအချက်မှာ
ရုပ်,ဝေဒနာ, သညာ, သင်္ခါရ, ၀ိညာဉ်ဟု ငါးဌာန ရှိ၏၊
အချုပ်အားဖြင့် ရုပ်ကို အတ္တဟု စွဲလမ်းခြင်း (ဝေဒနာစသော လေးပါးတွင် တစ်ပါးပါးသော) နာမ်တရားကို
အတ္တဟု စွဲလမ်းခြင်း နှစ်မျိုးရှိ၏၊ ထိုတွင် ရုပ်ခန္ဓာကို အတ္တဟု စွဲလမ်းသူတို့ အလိုအားဖြင့်
ရုပ်ခန္ဓာကိုယ်၏ အရပ်တိုင်းမှာ အမြုတေကဲ့သို့ ခိုင်မာ၍ ခန္ဓာအိမ် တစ်ခုလုံးကို အုပ်ချုပ်စီမံနေသော
ရုပ်မှုန်ကလေးတွေ ရှိ၏၊
ဤ
ခန္ဓာကိုယ် ပျက်စီးချိန်ကျသဖြင့် ဆွေးမြေ့ ပျက်စီးရသည့်အခါ ထို အတ္တရုပ်မှုန် ကလေးများသည်
(ဥစ္ဆေဒဒိဋ္ဌိအယူရှိသူတို့အလို တစ်ခါတည်း ပျက်ပြားရတော့၏ဟု ဆိုလိုသော်လည်း သဿတဒိဋ္ဌိအယူ
ရှိသူတို့အလိုအားဖြင့် မပျက်ပြားဘဲ) မိမိပြုထားသော ကံအားလျော်စွာ ဘ၀သစ်၌ ရုပ်ခန္ဓာသစ်
ဖြစ်၍ ကြီးပွားရပြန်သည်ဟု ယူဆကြသည်။
နောက်ဆုံး ကမ္ဘာပျက်စီးချိန်ကျ၍ ကမ္ဘာမီးလောင်သောအခါ ဤ အတ္တရုပ်မှုန့်
ကလေးတွေသည် မျက်စိဖြင့် မမြင်နိုင်လောက်အောင် အလွန်ငယ်သော ပရမာဏုမြူအနေအားဖြင့် ကမ္ဘာလောက၀ယ်
အနှံ့အပြား ကျန်ရစ်၏၊ ထိုသို့ ကျန်ရစ်သောကြောင့်သာ ကမ္ဘာသစ် တည်ပြီးသောအခါ ပရမာဏုမြူ
တစ်ခုနှင့်တစ်ခု ရောနှော ပေါင်းစပ်မိ၍ ဒွိအဏုက (အဏုမြူနှစ်ခုတွဲ) ဖြစ်၏၊
ဒွိအဏူမြူချင်း
ပေါင်းမိပြန်ရာ စတုအဏုက (အဏုမြူလေးခုတွဲ) ဖြစ်၏၊ ဤသို့ စသည်ဖြင့် အဏုမြူအတ္တကလေးတွေ
ပေါင်းမိရာမှ စ၍ သတ္တ၀ါ အမျိုးမျိုးတို့ ပေါ်ပေါက်လာကာ ကမ္ဘာလောကကြီး၌ လူ နတ် ဗြဟ္မာ ထိအောင်
သတ္တ၀ါတွေ ပြည့်လာသည်ကို တွေ့ကြရသည်၊ ဤကား အဏုမြူကစ၍ သတ္တ၀ါတွေ ဖြစ်လာ၏ဟု ယူဆသော ၀ါဒတစ်မျိုးတည်း၊
“ဗြဟ္မာက လောကကို ဖန်ဆင်းပြီးနောက်
သတ္တ၀ါတွေကို ဖန်ဆင်းသည်”ဟု ယူဆသော ၀ါဒ၌လည်း ဗြဟ္မာမင်းသည် ထိုအဏုမြူကလေးတွေကိုပင် ပေါင်းစပ်
အသက်သွင်း၍ သတ္တ၀ါ ဖြစ်အောင် ဖန်ဆင်းသည်ဟု ယူဆဟန်တူသည်၊ ဤပြခဲ့သော ၀ါဒ၌ အတ္တစွဲရာဌာနသည်
ရုပ်တရားပင်ဖြစ်၏ဟု ဆိုလိုသည်။
No comments:
Post a Comment