@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Friday, 5 December 2014

အလှူပေးရာ၌ မျိုးစေ့စိုက်ပုံနှင့် တူဟန် (ကိုယ်ကျင့်အဘိဓမ္မာ - ၄၄)

"အလှူပေးရာ၌ မျိုးစေ့စိုက်ပုံနှင့် တူဟန် "

 အလှူခံမှာ လယ်ပမာ၊ လှူရှာသူများ လယ်သမား။
အများလှူဖွယ်မျိုးစေ့နှယ်၊ နောက်ဝယ် အသီးစား။

ပေတ၀တ္ထုပါဠိတော်ဝယ် “အလှူခံပုဂ္ဂိုလ်သည် လယ်ယာနှင့် တူ၏။ အလှူ့ဒကာ အလှူ့အမတို့မှာ လယ်ယာလုပ်သူနှင့်တူ၏။ လှူဖွယ် ၀တ္ထုများက မျိုးစေ့နှင့် တူ၏။ နောက်သံသရာ၌ ရနိုင်မည့် အကျိုးတို့မှာ ထိုမျိုးစေ့ကြောင့် အပင်ပေါက်၍ အသီးသီးခြင်းနှင့် တူသည်”ဟု ဥပမာပြထား၏။ ဤဥပမာများကို လေးလေးနက်နက် စဉ်းစားသောအခါ လယ်ယာလုပ်ကိုင်မူ၌

၁။ လယ်ယာက မြေကောင်း၊ မကောင်း လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့ အလှူခံပုဂ္ဂိုလ်က ကောင်း၊ မကောင်းလိုက်၍ အကျိုးပေး ကွာခြားဖွယ်ရှိ၏။

ပုညကြိယ၀တ္ထု ၁၀-ပါး အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၄၃)


ပုညကြိယ၀တ္ထု ၁၀-ပါး
 
မိမိစိတ်အစဉ်ကို သန့်ရှင်းဖြူစင်စေတတ်သော တရားကို ပါဠိလို “ပုည”၊ မြန်မာလို “ကောင်းမူ=ကောင်းသောအမူ” ဟုခေါ်၏။ ထိုပုညစုကို ဧကန်ပြုထိုက်သောကြောင့် ပါဠိလို “ကြိယ”၊ မြန်မာလို ပြုသင့်သောတရား” ဟုခေါ်၏။ [၀တ္ထု = ကောင်းကျိုးချမ်းသာ၏ တည်ရာ] ဤစကားစဉ်ဖြင့် ကောင်းကျိုးချမ်းသာ မင်္ဂလာ၏တည်ရာ ဖြစ်သောကြောင့် စင်စစ် ပြုထိုက်သော ကောင်းမူများကို “ပုညကြိယ၀တ္ထု”ဟုခေါ်သည်ဟု မှတ်ပါ။ ထိုပုညကြိယ ၀တ္ထုတို့သည် ၁၀-ပါးရှိ၏။

၁။ ဒါန
၂။ သီလ
၃။ ဘာဝနာ
၎။ အပစာယန
၅။ ဝေယျာဝစ္စ
၆။ ပတ္တိဒါန
၇။ ပတ္တာနုမောဒန
၈။ ဓမ္မဿဝန
၉။ ဓမ္မဒေသနာ
၁၀။ ဒိဋ္ဌိဇုကမ္မ…တည်း။


ဝါသနာဘာဂီ ဆက်တိုင်းမီ (ကိုယ်ကျင့်အဘိဓမ္မာ - ၄၂)


မကောင်းသော အရာဌာန၌ ၀ါသနာဟူသည် ကိလေသာ၏ သတ္တိတည်း။ ကောင်းသော ဌာန၏ ၀ါသနာကား သမ္မာဆန္ဒပင်တည်း။ ထိုဝါသနာသည် သတ္တ၀ါတှို့၏ သန္တာန်၌ ဘ၀တိုင်းမှာ စွဲကပ်နေ၏။ ထို့ကြောင့် ရှေးကံအားလျော်စွာ ရာဂစရိုက် အားကြီးနေပါမူ ထိုရာဂအတွက် ယောက်ယက်ခတ်တတ်သော ၀ါသနာသည် စိတ်အစဉ်မှာ စွဲထုံနေရကား ထိုစရိုက်ဆိုးကို ယခုဘ၀၌ တရားသဖြင့် မနှိမ်ချိုးပါလျှင် ထိုဝါသနာ အထုံ စွဲကပ်၍ နောက်ဘ၀များသို့ လိုက်ပါသွားတတ်၏။ ဒေါသ မောဟ ၀ိတက်များလည်း ဤနည်းပင်တည်း။
ပညာစရိုက်ရှိသူလည်း စရိုက်အားလျော်စွာ အခွင့်သာသလောက် ကြိုးစားပါလျှင် ထိုပညာ၏ အထုံဝါသနာသည် မိမိ၌ စွဲကပ်လေရကား နောက်နောင်အခါ သံသရာတစ်လျှောက်လုံးပင် ပညာတုံးကြီးဖြစ်နေတတ်သည်။ ဘုရားဆုကိုပန်လျှင် ပညာဓိက၊ သာဝကဆုကို ပန်လျှင် ရှင်သာရိပုတ္တရာကဲ့သို့ ပညာဘက်၌ ဧတဒဂ်ရကြသည်မှာ ထိုဝါသနာဘာဂီက ဆက်တိုင်းမီနေသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ယခုဘ၀၌ပင် မကောင်းသော ဒုစရိုက်များ မပျောက်၍ စရိုက်ကောင်း တစ်ခု အထမြောက်အောင် ထူထောင်ကြဖို့ အရေးကား စဉ်းစားတိုင်း ကြီးလေးကြသည်။

စရိုက်အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၄၁)



တင်ပြခဲ့ပြီးသော အကြောင်းများအရ စိတ်စေတသိက်တို့ ဖြစ်ပုံကို နားလည်လောက်ပြီ။ စိတ်ကောင်း စိတ်ဆိုး အမျိုးမျိုး ဖြစ်မူများ၌ ယခု တစ်ဘ၀နှင့်သာ သက်ဆိုင်သည် မဟုတ်သေး။ ရှေးရှေးဘ၀က အထုံဝါသနာနှင့်လည်း ဆိုင်သေး၏။ ရှေးရှေးဘ၀က အထုံကောင်း ပါလာသူသည် ယခုဘ၀၌ စိတ်ကောင်းရှိတတ်၏။ ရှေးရှေးဘ၀က အထုံဝါသနာဆိုး ပါလာသူသည် ယခုဘ၀၌ စိတ်ကောင်းရှိအောင် ပြုပြင်ဖို့ ခဲယဉ်းလှ၏။
ပညာရှိသူတော်ကောင်းနှင့် ပေါင်းမိ၍ “စိတ်ကို ပြင်ပါသည်”ဟု ဆိုသော်လည်း ပညာရှိ သူတော်ကောင်းနှင့် ဝေးနေရသောအခါ “မီးဝေးသောချိပ်”ပမာ စိတ်ကြမ်း စိတ်ယုတ်မာတွေသာ ပြန်၍ ဖြစ်တတ်၏။ ခွေးမြီးကောက်ကို ဖြောင့်လာအောင် ပြုပြင်သူသည် ၁၂-နှစ်လုံးလုံး ဆီဖြင့် နှူးကာ ကျည်တောက်ကို စွပ်ထားသော်လည်း ကျည်တောက်ကို ချွတ်လိုက်သည်နှင့် တစ်ပြိုင်နက်ကောက်မြဲ ကောက်သကဲ့သို့ ဖြစ်လေသည်။

ဆန္ဒအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၄၀)



အာရုံတစ်ခုခုကို ပြုလိုခြင်း(ရယူလိုခြင်း) သဘောသည် ဆန္ဒတည်း။ “ပြုလိုခြင်း ရယူလိုခြင်း” ဟူရာ၌ လောဘကဲ့သို့ စွဲလမ်းတတ်ခြင်း၊ ကပ်ငြိခြင်းမဟုတ်၊ ပြုလိုရုံမျှ ရလိုရုံမျှသာ ဖြစ်သည်။

ထို့ကြောင့် “သက်သက်အာရုံ၊ ပြုလိုရုံမျှ၊ ဆန္ဒသဘော”ဟု ဆိုခဲ့သည်။ ဤဆန္ဒသဘောလည်း သတ္တ၀ါတို့၌ အလွန်ထင်ရှား၏။ ကလေးငယ်သည် ဖခင်လက်မှ မိခင်လက်သို့ လိုက်ချင်၍ လက်လှမ်း၏။ ဤလိုက်ချင်မူသည် ဆန္ဒတည်း။ ဟိုသွားချင် သည်လာချင်၊ တစ်စုံတစ်ယောက်ကို တွေ့ချင်မြင်ချင်၊ ကြားချင်၊ နာချင်၊ နမ်းချင်၊ စားချင်၊ ကိုင်ချင်၊ ထိချင်၊ တတ်သိနားလည်ချင်မူ အစုစုသည် ဆန္ဒချည်းတည်း။

နိဗ္ဗာန်လိုချင်၊ အဂ္ဂသာဝက မဟာသာဝက ဖြစ်ချင်၊ ဘုရားဖြစ်ချင်၊ ရှင်ဘုရင်ဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင်၊ ရသေ့ရဟန်းပြုချင်၊ လှူဒါန်းချင်၊ ဥပုသ်စောင့်၍ နေချင်၊ ကုသိုလ်ရချင်စသည်တို့လည်း ဆန္ဒပင်တည်း။ တော်ရုံတန်ရုံ လိုချင်မူ၌ ဆန္ဒအားသေး၏။ မရမကလိုချင်၊ မဖြစ်မနေ ဖြစ်ချင်မူများ၌ကား ဆန္ဒအားကြီး၏။ ဤဆန္ဒကို အရင်းခံ၍ ၀ီရိယသန်သန်ဖြင့် ပါရမီ = ဖြည့်တော်မူခဲ့သောကြောင့် နောက်ဆုံး၌ ဆန္ဒတော်အတိုင်း ဘုရားဖြစ်တော်မူရသည်။

ပီတိအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၉ )


အာရုံတစ်ခုခုကို နှစ်သက်အားရ သဘောကျခြင်းသည် ပီတိတည်း။ ထို့ကြောင့် “အားရနှစ်သက်၊ ပီတိဆက်၍”ဟု ဆိုခဲ့သည်။ ဤပီတိသည် သုခဝေဒနာကဲ့သို့ ခံစားခြင်းမဟုတ်။ နှစ်သက်အားရခြင်း၊ သဘောကျခြင်းမဟုတ်။ ရေငတ်သူသည် ရေရှိကြောင်းကို ကြားရ၊ ရေကို မြင်ရသောအခါ နှစ်သက်၏။ ပီတိဖြစ်၏။ ရေကိုသောက်ရသောအခါ သုခဝေဒနာဖြစ်သည်။

မိမိချစ်သူကို မြင်ရသည်ဖြစ်စေ၊ စကားအတူ ပြောနေရသည်ဖြစ်စေ၊ သီချင်းသံကို ကြားရသည်ဖြစ်စေ၊ တရားသံကို ကြားရသည်ဖြစ်စေ ကြက်သီးထလာအောင် နှစ်သက်ခြင်းဖြစ်၏။ ထိုနှစ်သက်မူသည် ပီတိပင်တည်း။ ရှေးတုန်းက အမျိုးသမီးတစ်ယောက်တောင်ပေါ်က ဘုရားပွဲတော်အချိန်မှာ ကိုယ်လေးလက်ဝန် ရှိနေသောကြောင့် ဘုရားပွဲသို့ မလိုက်ရသဖြင့် မိမိအိမ်မှနေ၍ တောင်ပေါ်ဘုရားကို ဖူးမြော်ရင်း ဖူးမြော်ရင်း အလွန်အမင်း နှစ်သက်ရကာား ထိုပီတိ အဟုန်ကြောင့် တစ်ကိုယ်လုံး မြောက်ပြီးလျှင် ဘုရားရင်ပြင်တော်သို့ ရောက်မှန်းမသိ ရောက်သွားဖူးသတဲ့။

ဝီရိယအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၈)

အားထုတ်ခြင်းသဘောကို “၀ီရိယ”ဟု အများနားလည်ကြပြီ။ ထိုအားထုတ်ခြင်းသဘောကို စဉ်းစားလျှင် ဆိုင်ရာ ကိစ္စကို ပြုလုပ်ဆောင်ရွက်ဖို့ရာ မကြောက်မရွံ့ ရဲဝံ့ခြင်း သဘောတည်း။ ထို့ကြောင့် “ရဲစွမ်းရောက်က၊ ၀ီရိယ”ဟု ဆိုခဲ့ပေသည်။ 
ထိုစကားမှန်၏။ ၀ီရိယ လုံ့လကင်းမဲ့သူကို “အပျင်းထူသူ”ဟု ခေါ်ကြသည်။ ထိုငပျင်းကား အလုပ်တစ်ခုရှိလျှင် “စောပါသေးတယ်၊ မိုးချုပ်လှပြီ၊ ချမ်းလှသေးတယ်၊ နေပူလွန်းပါသေးတယ်။ ယနေ့ထမင်းစားလို့ မကောင်းဘူး၊ ယနေ့ ထမင်းအများကြီးစားမိလို့ နည်းနည်း နေမကောင်းဘူး။ နေကောင်းပြီးစမို့ ခရီးသွားစရာ ရှိသေးလို့၊ ခုမှ ခရီးပြန်ရောက်စမို့” စသည်ဖြင့် ဆင်ခြေပေးလျက် အလုပ်လုပ်ရမည့် အရေးကို တွေး၍ ကြောက်နေတတ်၏။ ထိုသို့ ပျင်းနေသောစိတ်သည် ကုသိုလ်စိတ်မဟုတ်။ ထိန မိဒ္ဓ လွန်ကဲသော အကုသိုလ် စိတ်ပင်ဖြစ်သည်။

ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၇)




ဝိတက်အကြောင်း

ကြံစည်ခြင်းသဘောသည် ၀ိတက်တည်း။ ထို့ကြောင့် “ထိုထိုကြံစည်၊ ၀ိတက်မည်ရှင့်”ဟု ဆိုခဲ့သည်။ ဤကြံစည်ခြင်းကို “စိတ်ကူးခြင်း=စဉ်းစားခြင်း”ဟုလည်း ခေါ်ကြသည်။ 

ဤ၀ိတက်သည် ကာမ၀ိတက်၊ ဗျာပါဒ၀ိတက်၊ ၀ိဟိံသာဝိတက်ဟု မကောင်းဝိတက် ၃-မျိုး၊ နေက္ခမ္မ၀ိတက်၊ အဗျာပါဒ၀ိတက်၊ အ၀ိဟိံသာဝိတက် ဟု အကောင်း ၀ိတက် ၃-မျိုးအားဖြင့် ၆-မျိုးပြား၏။

ကာမနှင့် နေက္ခမ္မ၀ိတက်


ရူပါရုံ သဒ္ဒါရုံ စသော ကာမဂုဏ်အကြောင်းအရာ ကာမဂုဏ်အမူကိစ္စတို့ကို ကြံစည် စိတ်ကူးခြင်း။ ပစ္စည်းဥစ္စာ ရှာဖွေမူကို ကြံစည်စိတ်ကူးခြင်း စသော လောဘနှင့် မကင်းသော ကြံစည်စိတ်ကူးခြင်း “ကာမ၀ိတက်”ဟု ခေါ်သည်။

ဧကဂ္ဂတာ၊ ဇီဝိတိနြေ္ဒ၊ မနသိကာရ အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၆)


ဧကဂ္ဂတာအကြောင်း
တည်ငြိမ်ခြင်း ငြိမ်သက်ခြင်း သဘောသည် ဧကဂ္ဂတာတည်း။ ထို့ကြောင့် “ဧကဂ္ဂတာ၊ တည်ငြိမ်စွာသား”ဟု ဆိုခဲ့သည်။ ဤ ဧကဂ္ဂတာကို “သမာဓိ” ဟုလည်း ခေါ်ကြသည်။ 
ဧကဂ္ဂတာခေါ်သော သမာဓိ၏ အစွမ်းကြောင့် စိတ်သည် အာရုံကို ယူသောအခါ အာရုံတစ်ခု၌ အတော်ကြာအောင် ထပ်ကာထပ်ကာ ယူနိုင်၏။ ထို့ကြောင့် ဤသမာဓိကို လေငြိမ်ရာ၌ ထွန်းထားသော မီးတောက်၏ ငြိမ်သက်နေပုံကဲ့သို့ အာရုံတစ်ခု၌ တည်တံ့သော (တည်ကြည်သော) ငြိမ်သက်သော တရားဟု ဆိုရပေသည်။

စေတနာ အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၅)




"စေတနာ အကြောင်း"

မိမိနှင့်အတူဖြစ်ကြသော စိတ်စေတသိက်များကို စေ့ဆော်ခြင်းသည် စေတနာတည်း။ ထို့ကြောင့် “စေတနာတွက်၊ စေ့ဆော်ချက်နှင့်”ဟု ဆိုခဲ့သည်။

ထင်ရှားစေဦးအံ့ - အာရုံတစ်ခုကို စိတ်က ယူရာ၌ ဖဿက ထိုအာရုံကို ထိ၏။ ဝေဒနာက ခံစား၏။ သညာက မှတ်၏။ ဤသို့ စသည်ဖြင့် နောက်၌ပြမည့် ဧကဂ္ဂတာ၊ ဇီဝိတိနြေ္ဒ၊ မနသိကာရတို့လည်း ဆိုင်ရာ တာဝန်ကို ရွက်ဆောင်လျက် စိတ်နှင့် တစ်ပြိုင်နက်ဖြစ်ကြသည်။ လောဘ၊ ဒေါသ စသော မကောင်းတရား၊ သဒ္ဓါ၊ သတိစသော ကောင်းသော တရားများလည်း စိတ်ကအာရုံယူရာတွင် ပါဝင်ကြသည်။

ထိုသို့ ဆိုင်ရာယှဉ်ဖက် စေတသိက်များနှင့်အတူ စိတ် အာရုံကိုယူရာ၌ မည်သည့် စေတသိက်မျှ နောက်ချန်၍ မနေရစ်ရ၊ မည်သည့် စေတသိက်မျှလည်း မိမိ တာဝန်ကို မလစ်လပ်စေရ။ အားလုံးစေတသိက်မျှလည်း မိမိ တာဝန်ကို မလစ်လပ်စေရ။

သညာ အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၄)


မှတ်သားခြင်း သဘောသည် သညာတည်း။ ထို့ကြောင့် “မှတ် - သညာတည်း” ဟု ဆိုခဲ့သည်။ ဤမှတ်သားပုံသည် အသိဉာဏ်နည်းပါးသူ၊ ဗဟုသုတနည်းပါးသူများ၌သာ ထင်ရှား၏။ ငယ်ရွယ်သော ကလေးကို ဆွေမျိုးများက “ဟောဒီလူက အဖေ၊ ဟောဒီလူက အမေ”ဟု ပြကြ၏။ ကလေးက ထိုသူများကို “အဖေ၊ အမေ”ဟု မှတ်လိုက်၏။ လေယာဉ်ပျံကို ပထမ စ၍ မြင်ရာ၌ “အတောင်က ဘယ်နည်း၊ အမြီးက ဘယ်လို၊ အထည်ကိုယ်က ဘယ်ပုံ”ဟု မှတ်လိုက်၏။ မရောက်ဖူးသော အရပ်သို့ ရောက်သောအခါ၌လည်း အထူးအဆန်း ဟူသမျှကို မှတ်၏။ ဤသို့ သညာ၏ မှတ်သားမူတွေများစွာ ရှိပေသည်။

ဝေဒနာ အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၃)


အာရုံအရသာကို ခံစားရခြင်းသဘောသည် ဝေဒနာတည်း။ ထို့ကြောင့် “ခံစား - ဝေဒနာ”ဟု ဆိုခဲ့သည်။ ရူပါရုံ စသော အာရုံ ၆-မျိုးကို စိတ်အကြောင်း၌ ပြခဲ့ပြီ။ ထိုအာရုံ ၆-ပါးကိုပင် ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံ၊ ဣဋ္ဌာမဇ္ဈတ္တာရုံဟု ၃-မျိုးခွဲရာ၏။ ထိုတွင် လူအများတို့လိုလားတောင့်တအပ် ရှာမှီးအပ်သော အာရုံမျိုးသည် ဣဋ္ဌာရုံမည်၏။ (ဣဋ္ဌာ = လိုလားနှစ်သက်အပ်သော + အာရုံ) လှသော အဆင်း၊ ကောင်းသော အသံ၊ အနံ့၊ အရသာ အတွေ့များနှင့် ကောင်းသော နာမည်၊ ကောင်းသော အဆောက်အအုံ စသည်များတည်း။

လူအများတို့ မလိုလားအပ် မတောင့်တအပ် မရှာဖွေအပ်သော အာရုံသည် အနိဋ္ဌာရုံမည်၏။ (အနိဋ္ဌာ = အလိုမရှိအပ်သော + အာရုံ) မလှသောအဆင်း၊ မကောင်းသော အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ နာမည်၊ အိမ်အိုအိမ်ပျက် စသော အဆောက်အအုံများတည်း။ 

ဖဿ အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၂)


"စိတ်ကောင်း စိတ်ဆိုး ၂ မျိုးလုံး၌ ပါဝင်သော စေတသိက်များ"

၁။ ဖဿ         ၂။ ဝေဒနာ
၃။ သညာ        ၄။ စေတနာ
၅။ ဧကဂ္ဂတာ     ၆။ ဇီဝိတိနြေ္ဒ
၇။ မနသိကာရ   ၈။ ၀ိတက်  
၉။ ၀ိစာရ        ၁၀။ အဓိမောက္ခ
၁၁။ ၀ီရိယ       ၁၂။ ပီတိ
၁၃။ ဆန္ဒ
ဆောင်။ ။တွေ့ထိ - တရား၊ ဖဿ ထားလော့၊ ခံစား - ဝေဒနာ၊ မှတ် - သညာ၊ စေတနာတွက်၊ စေ့ဆော်ချက်နှင့်၊ ဧကဂ္ဂတာ၊ တည်ငြိမ်စွာသား၊ မကွာနာမ်သက်၊ ဇီဝိန်ဆက်၍၊ မပျက်မပြုန်း၊ နှလုံးသွင်းကို၊ မနသိ ဆို၏၊ ထိုထိုကြံစည်၊ ၀ိတက်မည်ရှင့်၊ အလီလီသုံးသပ်၊ ၀ိစာရ မှတ်လော့၊ ဆုံးဖြတ်ဓိမောက်၊ ရဲစွမ်းရောက်က၊ ၀ီရီယဟု၊ အားရနှစ်သက်၊ ပီတိဆက်၍၊ သက်သက်အာရုံ၊ ပြုလိုရုံမျှ၊ ဆန္ဒသဘော၊ ကောင်း - ဆိုးရောသည်၊ မှတ်လော့တစ်ဆယ့်သုံးပါးတည်။

ဝိရတိ သုံးပါး အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၁)

"သမ္မာဝစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ"

ဤ၀ိရတိ စေတသိက် ၃-ပါးကို လေ့လာရာ၌ ရှေးဦးစွာ ဒုစရိုက် ၁၀-ပါးကို နားလည်ပြီး ဖြစ်ရမည်။ (ဤကျမ်း၌ကား ဒုစရိုက်ကို မပြေတော့။) ထိုဒုစရိုက်များကို အသက်မွေးဝမ်းကျောင်းနှင့် ဆိုင်, မဆိုင် ၂-မျိုးခွဲရာ၏။

ထိုတွင် သူ့အသက်ကို သတ်ရာ၌ သေသူ၏ ဥစ္စာကို လိုချင်၍ဖြစ်စေ၊ သူတစ်ပါးက ငွေဖြင့် ခိုင်း၍ဖြစ်စေ၊ မုဆိုးတံငါအလုပ်ဖြင့် အသက်မွေးနေ၍ဖြစ်စေ သတ်ဖြတ်ခြင်းသည် အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်သော ကာယဒုစရိုက်တည်း။

တစ်စုံတစ်ခု ပစ္စည်းကို မမျှော်လင့်ဘဲ သက်သက်မုန်း၍ သတ်ခြင်းသည် အသက်မွေးဝမ်းကျောင်းနှင့် မဆိုင်သော ကာယဒုစရိုက်တည်း။ အခြားဒုစရိုက်တို့၌လည်း ရထိုက်သလို ခွဲခြားရာ၏။

မေတ္တာအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၂၈)


(( မေတ္တာအခါတော်နေ့ နီးလာပြီ ဖြစ်လို့ မေတ္တာအကြောင်းအရာလေးကို ပြန်လည် update လုပ် တင်ပြပေးလိုက်ပါတယ်))
 


“မေတ္တာ”ဟူသော အမည်နာမဖြင့် စေတသိက် သီးခြားမရှိချေ။ ရှေ့၌ ပြခဲ့သော အဒေါသ-စေတသိက်ကိုပင် သတ္တ၀ါများ၏ စီးပွားချမ်းသာ လိုလားချစ်ခင်ရာ၌ “မေတ္တာ”ဟု ခေါ်ဝေါ်ရပေသည်။ ထို့ကြောင့် “မှတ်ယူချစ်ငြား-မေတ္တာပွား၍”ဟု ဆိုခဲ့သည်။ သို့ဖြစ်၍ တစ်ယောက်ယောက် အပေါ်ဝယ် သူ၏ အကျိုးစီးပွားကို လိုလားသော (ကြီးပွားအောင် စောင့်ရှောက်ကူညီလိုသော) ချစ်ခင်မူကို မေတ္တာဟု မှတ်ပါ။

(မေတ္တာအတု)

ဆွေချစ် မျိုးချစ် သမီးခင်ပွန်းချစ်စသော အချစ်များလည်း တစ်ယောက်အကျိုး တစ်ယောက်က လိုလားကြ၊ ကူညီစောင့်ရှောက်လို ထောက်ပံ့လိုကြ၏။ ထိုကဲ့သို့ ချစ်နေသူအပေါ်၌ “မေတ္တာရှိသည်”ဟုလည်း ပြောဆိုကြသည်။ သို့သော် ထိုအချစ်မျိုးမှာ မေတ္တာအစစ် မဟုတ်၊ လောဘခန်း၌ ပြခဲ့သော “ဂေဟဿိတ ပေမ = အိမ်၌မှီသောအချစ်”တည်း။

Friday, 28 November 2014

ဗြဟ္မစိုရ်လေးပါး အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၀)

ဤပြခဲ့သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ၄-ပါးကို ပါဠိလို “ဗြဟ္မ၀ိဟာရ”၊ မြန်မာလို “ဗြဟ္မစိုရ်” တရားလေးပါး ဟုခေါ်သည်။ (ဗြဟ္မ = မြတ်သော + ၀ိဟာရ = နေခြင်း။) “သတ္တ၀ါတို့အပေါ်၌ မေတ္တာပွား၍ ဖြစ်စေ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့တွင် တစ်ပါးပါး ပွား၍ဖြစ်စေ နေခြင်းသည် မြင့်မြတ်သော နေခြင်းဖြစ်သည်”ဟု ဆိုလိုသည်။ ထိုကဲ့သို့ ပွားများ၍ နေထိုင်ခြင်းသည် ဒေါသစိတ် အဘိဇ္ဈာ ဣဿာစိတ်တို့ဖြင့် နေခြင်းကဲ့သို့ ခြောက်ခြောက်သွေ့သွေ့ မဟုတ်ဘဲ စိုစိုပြည်ပြည် ရှိနေသောကြောင့် “ဗြဟ္မစိုရ်”ဟု ခေါ်ဟန်တူသည်။ (အချို့က “ဗြဟ္မစရိယ”ဟူသော ပါဠိကို “ဗြဟ္မစို”ဟု မြန်မာပြန်ထားကြောင်း ပြောကြ၏။)။

မေတ္တာပွား

မေတ္တာစိတ်ကို မိမိသန္တာန်၌ အထပ်ထပ် ဖြစ်စေနိုင်လျှင် မိမိမှာ မေတ္တာစိတ်တွေ တိုးပွားများပြားနေ၏။ ဤသို့ မေတ္တာစိတ်တွေ တိုးစေ၊ ပွားစေ၊ များစေခြင်းကို “မေတ္တာပွားသည်”ဟု ခေါ်၏။ “ပွားစေ”၌ စေကိုဖြုတ်၍ “မေတ္တာပွား”ဟု ခေါ်ကြသည်။

ကရုဏာ, မုဒိတာ, ဥပေက္ခာတို့ အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၂၉)

"ကရုဏာအကြောင်း"


ဆင်းရဲသော “ဒုက္ခိတသတ္တ၀ါ”များကို မြင်ရ ကြားရသောအခါ ဖြစ်ပေါ်လာသော သနားကြင်နာမူကို “ကရုဏာ”ဟု ခေါ်သည်။ ထို့ကြောင့် “သနားကရုဏာ”ဟု ဆိုခဲ့သည်။ ထိုသို့ ကရုဏာ ဆင်းရဲမူကို သက်သာနိုင်သမျှ သက်သာအောင် စောင့်ရှောက်လို၏။ ကူညီထောက်ပံ့လို၏။ ထိုသို့ မကူညီနိုင်လျှင် များစွာ စိတ်ထိခိုက်၏။ ရင်ထဲမှာ ပူလောင်သလို ဖြစ်၏။ ဤသို့ စိတ်ကို ထိခိုက်ခြင်းကား ကရုဏာအစစ်မဟုတ်ပါ။

ကရုဏာအရင်းခံ၍ သူတော်ကောင်း သန္တာန်မှာ ဖြစ်တတ်သော ဒေါမနဿ အကုသိုလ် ကလေးမျှသာ ဖြစ်သည်။ ဤအကုသိုလ်ကလေးကား ယုတ်မာဆိုးရွားလှသည် မဟုတ်ပါ။ ဒုက္ခိတသတ္တ၀ါကို မြင်လျှင် သူတော်စင်တို့ သန္တာန်၌ ဖြစ်လေ့ရှိသော သဘောထုံးစံပင်တည်း။

အမောဟ (ပညာ) အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၂၇)


အမောဟဟူသည် ဉာဏ်ပညာတည်း။ ထို့ကြောင့် “ပညာဉာဏ်မူ၊ အမောဟဟူ၏”ဟုဆိုခဲ့သည်။ မောဟက ဖုံးလွှမ်းကွယ်ကာ ထားသောအရာဟူသမျှကို ဤဉာဏ်ပညာဟု ခေါ်သော အမောဟက မဖုံးကွယ်နိုင်အောင် စွမ်းနိုင်သမျှ ထုတ်ဖော်ပြသဖြင့် အမှန်ကိုသိရလေသည်။ သို့ဖြစ်၍ မောဟနှင့် အမောဟသည် “ခင်ပုတ်နှင့် ကျီး”ကဲ့သို့ ကမ္ဘာ့ရန်သူကြီးများပေတည်း။


"ပညာစစ်"

ဤဉာဏ်ပညာသည် ပညာစစ် ပညာတုဟု နှစ်မျိုး ရှိ၏။ ထိုတွင် ကံ ကံ၏ အကျိုးကို သိတတ်သော ဉာဏ်၊ စာပေကျမ်းဂန်၏ အဓိပ္ပာယ်မှန်ကို နားလည်သောဉာဏ်၊ ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်များနှင့် ဘုရားရှင်၏ သဗ္ဗညုတဉာဏ် တိုင်အောင် အပြစ်ကင်းသော အသိအလိမ္မာ ဉာဏ်ဟူသမျှ ပညာ အစစ်ပင်တည်း။

အဒေါသအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၂၆)


မခက်ထန် မကြမ်းတမ်းခြင်း သဘောသည် အဒေါသတည်း။ ထို့ကြောင့် “အဒေါသတွက်၊ မခက်မထန်”ဟု ဆိုခဲ့သည်။ ဤအဒေါသသည်လည်း ဒေါသကို ဆန့်ကျင်ဘက်ပြုကာ ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေနိုင်သော မြွေနှင့်တောက်တဲ့ကဲ့သို့ ဖြစ်သည်။ ဒေါသသမားတွေ ကြမ်းတမ်းသလောက် အဒေါသသမားများက ချိုသာသည်။ စိတ်နေသဘောထား အေးမြသဖြင့် သူတစ်ပါးက ဒေါနှင့်မောနှင့် ပြောသည်ကိုပင် သည်းခံခြင်း အအေးဓာတ်ဖြင့် ငြိမ်းစေနိုင်ကြ၏။


စိတ်ဓာတ်သာ အေးသည်မဟုတ်၊ ဒေါသသမားတို့၏ မျက်နှာ အနေလည်း ငွေစန္ဒာလမင်းအသွင် ကြည်လင်လှပ၍ ပသာဒရှိသည့်အပြင် ချိုသာသော စကားအသုံးအနူန်းတို့ကြောင့် တွေ့ရသူတိုင်း မမုန်းနိုင်အောင် ကျက်သရေကို ဆောင်လျက်ရှိကြပေသည်။ အဒေါသ ဓာတ်ခံသည် သို့လောက်ပင် အကျိုးကြီးမား၏။ တစ်လောကလုံး၏ အနှစ်သက်ဆုံးသော မေတ္တာဟူသည်လည်း ဤအဒေါသပင်ဖြစ်ပေသည်။

အလောဘအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၂၅)

မလိုချင်မူသဘောသည် အလောဘတရားတည်း။ ထို့ကြောင့် “အလောဘလျှင်၊ မလိုချင်တည်း”ဟု ဆိုခဲ့သည်။ ဤအလောဘ၏ မလိုချင်မူသည် လောဘနှင့် ပြောင်းပြန်ဖြစ်၏။ မီးနှင့်ရေပမာ ကမ္ဘာ့ရန်ဘက်ကဲ့သို့ ဖြစ်ရကား လောဘ၏ လိုချင်အပ်သော အရာမှန်သမျှကို အလောဘက မလိုချင်ချည်းဖြစ်သည်။ မျက်မြင်အားဖြင့် လောဘသမားနှင့် အလောဘသမားတို့ ကွာခြားပုံကို သတိပြုပါ။

"လောဘဘုန်းကြီး"

လောဘသမားသည် ဘုန်းကြီးဖြစ်လျှင် ပစ္စည်းလာဘ်ကို လိုချင်၏။ မိမိကို လှူချင်လာအောင် ဆွယ်တရားဟော၏။ ရပြန်လျှင်လည်း ထိုပစ္စည်းကို မလှူရက် မပေးရက်၊ အလွန်မက်မော၏။

ဟိရိနှင့်သြတ္တပ္ပတို့အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၂၄)

 
မကောင်းမူဒုစရိုက်ကို ပြုရမည်မှ ရှက်ခြင်းသဘောသည် ဟိရိဖြစ်၍ ကြောက်လန့်ခြင်းသဘောကား သြတ္တပ္ပဖြစ်သည်။
ထို့ကြောင့် “ဒုစရိကို-ဟိရိရှက်စွ၊ လန့်သြတ္တနှင့်”ဟု ဆိုခဲ့သည်။

ဤဟိရိ သြတ္တပ္ပ ၂-ပါးတို့တွင် မိမိ၏ ဂုဏ်သိက္ခာကို စောင့်ရှောက်လေ့ရှိသူတို့၌ ဟိရိတရား ထင်ရှားသကဲ့သို့ ဆရာ မိဘ ဆွေမျိုး စသူနှင့် အခြားလူများကို လေးစားသူ၌ သြတ္တပ္ပတရား ထင်ရှားပေသည်။


ချဲ့ဦးအံ့။ “ငါသည် အမျိုးကောင်း တစ်ယောက်ဖြစ်၏။ ငါ့လို အမျိုးကောင်းသူက မကောင်းမူပြုနေလျှင် (ဥပမာ - တံငါလုပ်နေလျှင်) ရှက်စရာ ဖြစ်လိမ့်မည်”ဟု မိမိအမျိုးဂုဏ်ကို စောင့်ထိန်းသောအားဖြင့် မကောင်းမူကို ပြုရမည်မှ ရှက်၏။

ပညာတတ်သူကလည်း “ငါ့လို ပညာရှိတစ်ယောက်က အောက်ကျသော မကောင်းမူပြုလျှင် (သူ့ဥစ္စာ မတရားယူလျှင်) ရှက်စရာ ဖြစ်တော့မည်။”

သတိအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၂၃)

အောက်မေ့ခြင်း အမှတ်ရခြင်း သဘောသည် သတိတရားတည်း။
ထို့ကြောင့် “အောက်မေ့-သတိ”ဟု ဆိုခဲ့သည်။ ဤအောက်မေ့မူ၊ အမှတ်ရမူသည် အလွန်များပြား၏။ ရှေးကကုသိုလ်ကောင်းမူ တစ်ခုခု ပြုခဲ့၏။ ယခု ထိုကုသိုလ်ကို ပြန်၍ အမှတ်ရ၏။

တရားစကား ပြောဟောနေသည့်အခါ၊ ဆုံးမသြ၀ါဒ ပေးနေသည့်အခါ မှတ်မိနားလည်အောင် သတိထား၍ နားထောင်၏။ ကမ္မဋ္ဌာန်းနှလုံးသွင်းသည့်အခါ အာရုံပျောက်မသွားအောင် စူးစူးစိုက်စိုက်နှင့် နှလုံးသွင်း၏။


နက်ဖြန်ပြုရမည့် ကုသိုလ်၊ သို့မဟုတ် နောက်အတော်ကြာမှ ပြုရမည့် ကုသိုလ်ကို ကြိုတင်၍ အမှတ်ရ၏။ မိမိဆောက်တည်အပ်သော သီလသိက္ခာပုဒ်များ မကျိုးမပေါက်ရအောင် သတိထား၏။ လောဘ၊ ဒေါသ၊ မာန်မာန စသည်မဖြစ်ရအောင် သတိထား၏။ ဆရာသမား၏ အဆုံးအမကို သတိရ၏။

သဒ္ဓါအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၂၂)

" သဒ္ဓါအကြောင်း "


ယုံကြည်ခြင်းသဘောတရားသည် သဒ္ဓါတည်း။ ထို့ကြောင့် “ယုံကြည်တတ်လေ့၊ သဒ္ဓါငွေ့တည်း”ဟု ဆိုခဲ့ပေသည်။ “ယုံကြည်”ဟူရာ၌ ယုံအတွက် အဓိပ္ပာယ်တစ်ရပ်၊ ကြည်အတွက် အဓိပ္ပာယ်တစ်ရပ် ၂-မျိုးခွဲ၍ မှတ်ရမည်။


ဒိဋ္ဌိသည် ကံတရားမရှိ၊ ကံ၏ကောင်းကျိုးဆိုးကျိုးမရှိ။ လွန်ခဲ့သောကာလက မိမိတို့ ဖြစ်ခဲ့ရသော ဘ၀ဟောင်းဟူ၍ မရှိ၊ ယခုဘ၀သေလျှင် နောက်ထပ်ဖြစ်ဖို့ ဘ၀သစ်လည်း မရှိ။ ဤဘ၀ ထိုဘ၀ ဓမ္မအားလုံးကို သိနိုင်သော လူဘုရားမရှိ၊ တရားမရှိ၊ သံဃာမရှိ။ ဤသို့ စသည်ဖြင့် ယူမှား၏။ ထိုကံစသည်ကို လုံးဝမယုံချေ။

ထိနမိဒ္ဓ၊ ဝိစိကိစ္ဆာတို့ အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၂၁ )

"ထိနမိဒ္ဓအကြောင်း"

စိတ်ရောကိုယ်ပါ သွက်လက်ခြင်း မရှိဘဲ ထိုင်းတိုင်းတိုင်း ဖြစ်ခြင်းကို “ထိန”ဟု လည်းကောင်း၊ မိုင်းတိုင်းတိုင်း ဖြစ်ခြင်ကို “မိဒ္ဓ”ဟုလည်းကောင်း ခေါ်၏။

ထို့ကြောင့် “ထိုင်းခြင်း ထိန၊ မိုင်း မိဒ္ဓနှင့်”ဟု ဆိုခဲ့သည်။ ဤစေတသိက်နှစ်ပါးသည် အတူ ဖြစ်ရိုးတည်း။ ဤ ၂-ပါးဖြစ်သည့်အခါ လုံ့လ၀ီရိယကင်း၍ ပျင်းရိသလို ဖြစ်နေ၏။ ဆိုင်ရာ အလုပ်ကိစ္စ၌ ထက်ထက်သန်သန် မရှိဘဲ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေ၏။ ဤ ၂-ပါးဖြစ်ပုံသည် အိပ်ပျော်ခါနီးအခါ၊ တရားနာရင်း ငိုက်သည့်အခါတို့၌ ထင်ရှား၏။


အိပ်ချင်တိုင်းလည်း ထိန မိဒ္ဓ မဟုတ်။ တချို့ အိပ်ချင်မှုမှာ အလုပ်အကိုင် ပင်ပန်းသဖြင့် ခန္ဓာကိုယ် ညိုးနွမ်းမူကြောင့် ဖြစ်ရလေသည်။ ထိုအိပ်ချင်မူမျိုးကား ရဟန္တာများ၌လည်း ဖြစ်ရလေသည်။
နေပူမိသဖြင့် ညိုနွမ်းသောသစ်ပင်များလည်း တွန့်ကာရူံ့ကာ အိပ်ချင်လာသကဲ့သို့ ဖြစ်ကြရလေသည်။

ကုက္ကုစ္စအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၂၀ )

 

" ကုက္ကုစ္စအကြောင်း"


နောင်တတစ်ဖန် ပူပန်ခြင်းသဘောသည် “ကုက္ကုစ္စ”တည်း။ ထို့ကြောင့် “ကုက္ကုစ္စကား၊ နောင်တစ်ဖန်၊ ပူပန်ထန်ပြင်း”ဟု ဆိုခဲ့သည်။ ချဲ့ဦးအံ့-ဤကုက္ကုစ္စ၏ နောင်တရမူသည် အကုသိုလ်ပြုပြီးမှ “ပြုမိတာ မှားလေစွ”ဟုလည်းကောင်း၊ ကုသိုလ် မပြုခဲ့မိ၍ “မပြုမိတာ မှားလေစွ”ဟု လည်းကောင်း နောင်တရခြင်း ၂-မျိုးရှိ၏။


"နောင်တရပုံ"

“ဒု-သ-န-သော”ဟု အများပြောကြသော သူဋ္ဌေးသားလေးယောက်သည် လူ့ဘ၀၌ ကုသိုလ်ကောင်းမူ ပြုလုပ်ဖို့ရာ ပစ္စည်းအလုံးအလောက် ရှိကြပါလျက် ကုသိုလ်ကောင်းမူ ပြုရမည့်အစား မိစ္ဆာစာရ ကာမမူ အကုသိုလ်ကိုသာ ပြုမှားခဲ့ကြလေသည်။ ထို့နောက် “လောဟကုမ္ဘီ” သံရည်ပူငရဲ၌ကျကာ အနှစ် ၆-သောင်းကြာမှ ပေါ်လာ၍

မစ္ဆရိယအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၁၉ )


" မစ္ဆရိယအကြောင်း "


ဝန်တိုခြင်းသဘောသည် “မစ္ဆရိယ”တည်း။ ထို့ကြောင့် “ပြောထူမစ္ဆေ ၀န်တိုလေသတဲ့”ဟု ဆိုခဲ့သည်။ ယခုကာလ၌ မလှူရက်၊ မပေးကမ်းရက်သော သူကို မစ္ဆရိယရှိသူဟု ခေါ်ကြသည်။ မစ္ဆရိယကား မလှူချင် မပေးချင်မူမျိုးမဟုတ်၊ သူတစ်ပါးတို့အား မရစေချင်သော သဘောသာတည်း။

ထို့ကြောင့် မလှူချင်မပေးချင်မူတို့မှာ မိမိပစ္စည်းကို တွယ်တာသော လောဘသဘောသာ ဖြစ်သည်။ မိမိပစ္စည်းကို ဖြစ်စေ၊ အခြားပစ္စည်းကို ဖြစ်စေ၊ ဂုဏ်ကိုဖြစ်စေသူ တစ်ပါးမရစေလိုသော သဘောကိုသာ ၀န်တိုမူ မစ္ဆရိယသဘောဟု မှတ်ပါ။ ဤမစ္ဆရိယကို ကျမ်းဂန်တို့၌ ၅-မျိုးပြ၏။

       ၁။ အာဝါသမစ္ဆရိယ = မိမိနေရာ၊ ကျောင်း၊ အိပ်ရာ၊ နေရာ၌ ၀န်တိုမူ။ သံဃာအများနှင့် သက်ဆိုင်သော သံဃိကကျောင်း၊ အိပ်ရာ၊ နေရာကို မိမိရသည့်အခါ ထိုကျောင်းသို့ အခြား သံဃာတော်များကို မလာစေလိုခြင်းမျိုးတည်း။

Friday, 14 November 2014

ဣဿာအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၁၈)

 
 
" ဣဿာအကြောင်း"


ငြူစူခြင်း၊ မနာလိုခြင်း သဘောတို့သည် “ဣဿာ”ပင်တည်း။
ထို့ကြောင့် “ဣဿာလျှံမူ၊ လွန်ငြူစူ၏” ဟုဆိုခဲ့သည်။ သူတစ်ပါးလှကြောင်း၊ ဥစ္စာပေါကြောင်း၊ ပညာတတ်ကြောင်း၊ အကျင့်ကောင်းကြောင်း စသော ဂုဏ်သတင်းများ ပြောပြလာလျှင် မနာလိုခြင်း (နားမထောင်လိုခြင်း) နားမထောင်လိုရုံသာမကတော့ဘဲ “ဇီးကွက်လောက်တော့ ငှက်တိုင်းလှရဲ့၊ သည်လိုယုန်တော့ ချုံတိုင်းရှိရဲ့” စသည်ဖြင့် နူတ်ခမ်းစူကာ၊ ပါးစပ်ရွဲ့ကာ၊ မျက်စောင်းထိုးကာနှင့် ပြောဆိုကဲ့ရဲ့တတ်ခြင်းသည် ဣဿာသဘောချည်းတည်း။ [ကျေးရွာသားတို့ ကဲ့ရဲ့ရာ၌ကား “ဒီထန်းသီးမူတ်မျိုးတော့ ဘယ်ထန်းပင်အောက်မဆို ကောက်လို့ ရနိုင်တယ်”ဟု ဆိုလေ့ရှိ၏။]

ဥပါယာသအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၁၇)

ဆွေမျိုး ဂုဏ်သိန် စည်းစိမ်ဥစ္စာ စသော သမ္ပတ္တိတို့ တစ်ခုခု ပျက်စီးသည့်အခါတို့၌ ပြင်းစွာဖြစ်သော ဒေါသကို “ဥပါယာသ”ဟု ခေါ်၏။ ရိုးရိုးဒေါသဖြစ်သောအခါ စိတ်ဆိုး၏။ သတ်ဖြတ်ချင်၏။ ဤဥပါယာသဟုခေါ်သော ဒေါသဖြစ်သောအခါ၌ကား လွန်စွာ စိတ်ပူပန်၏။ ပူပန်သော စိတ်၏ အပူဓာတ်သည် နှလုံးသွေးကို အရှိန်ဟပ်သဖြင့် နှလုံးသွေးမှ ဖြာ၍ကျသော သွေးများသည် အကြောသို့လျှောက်ကာ တစ်ကိုယ်လုံး ထူပူပြီးလျှင် မေ့မြော၍ပင် သွားတတ်၏။ အပူလုံးဆို့ကာ တက်သွားတတ်သည်။

ဆွေမျိုးတစ်ယောက်ပျက်စီးရာ၌ ငိုသံထွက်လာသော ပရိဒေ၀သည် အလွန်အမင်း ပြင်းထန်လာသောအခါ မငိုနိုင်တော့ဘဲ တက်သွား၏။ ထိုထက်သွားခြင်းကား ဥပါယာသဒေါသ၏ စနက်ပင်တည်း။ ထို့ကြောင့် ဥပါယာသသည် သောကပရိဒေ၀ တို့ထက် အပူပြင်းလေသည်။ သောက၏ ပူပုံသည် ဆီချက်ရာ၌ အိုးအတွင်းမှာ ကျက်နေခြင်းနှင့် တူ၏။ ပရိဒေ၀၏ငိုသံ အပြင်သို့ လျှံပုံသည် ဆီကျက်၍ ဝေတက်လျှံလာခြင်းနှင့် တူ၏။ ဥပါယာသ၏ ပူလောင်ပုံကား ကျန်သမျှဆီတွေ ကုန်ခန်းအောင် ကျက်နေခြင်းနှင့် တူသည်။

ဒုက္ခ, ဒေါမနဿအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၁၆)

ကိုယ်ဆင်းရဲမူကို “ဒုက္ခ”၊ စိတ်ဆင်းရဲမူကို “ဒေါမနဿ” ဟုခေါ်၏။ အသွားအလာ၊ အလုပ်အကိုင်၊ အနေအထိုင်၊ ကျပ်တည်းကျဉ်းမြောင်းမူ၊ ရောဂါဝေဒနာဒဏ်ကို ခံစားနေရမူ၊ အရိုက်အနှက်ခံရမူ၊ တစ်စုံတစ်ခုနှင့် ထိခိုက်မူ စသည်တို့ကြောင့် ခန္ဓာကိုယ်၏ ပင်ပန်းနွမ်းနယ်ခြင်းသည် ဒုက္ခချည်းတည်း။ ယခုလောက၌လည်း ကိုယ်ခန္ဓာ နာကျင်လျှင် “အလိုလေး-ဒုက္ခ ဒုက္ခ”ဟု ညည်းညူကြလေသည်။ ထိုသို့ ခန္ဓာကိုယ် ဆိုင်းရဲသော်လည်း ပါရမီဖြည့်တော်မူရာ၌ မဟော်သဓာ၊ ဝေဿန္တရာဘ၀ စသည်တို့ဝယ် ကိုယ်ခန္ဓာ မသက်သာဘဲ ဆင်းရဲဒုက္ခ ရောက်တော်မူခဲ့၏။ သို့သော် သတ္တ၀ါတို့၏ အကျိုးကို မျှော်ကိုးရင်း စေတနာကြောင့် စိတ်ဆင်းရဲမူ ဒေါမနဿကား မဖြစ်ခဲ့ပါ။



စိတ်ဆင်းရဲမူ၊ စိတ်မချမ်းသာမူ၊ စိတ်ညစ်မူ၊ စိတ်ပျက်မူ စသည်ဖြင့် စိတ်မှာဖြစ်နေသော ဒုက္ခစုကိုပင် “ဒေါမနဿ”ဟု ခေါ်ရလေသည်။ ဤဒေါမနဿ ဝေဒနာသည် စိတ်မှာ စွဲကပ်လာသော ရောဂါတစ်မျိုးပင် ဖြစ်၏။ ထို့ကြောင့် “သူ့အကြောင်း ကြားရတာ စိတ်ထဲမှာ နာလွန်းလို့ ငါ့အား သူ့အကြောင်း မပြောလာပါနဲ့” စသည်ဖြင့် စိတ်မချမ်းသာမူကိုပင် “စိတ်နာ”ဟု ပြောဆိုကြလေသည်။ ဤကဲ့သို့ စိတ်မချမ်းသာတိုင်း၊ စိတ်နာတိုင်းလည်း ကိုယ်ဆင်းရဲချင်မှ ဆင်းရဲမည်။ ခြွေရံပေါကြွယ် စည်းစိမ်လယ်မှာ ကိုယ်ခန္ဓာ ချမ်းမြပါလျက် ဓမ္မစကြာတရားတော်လာ “ယံ ပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ = ရတာမလို၊ လိုတာမရ” ဖြစ်နေကြရသူတို့၏ ဒုက္ခလည်း ဤဒေါမနဿပင်တည်း။ ဤဒေါမနဿ၏ ဆင်းရဲပုံသည် ခန္ဓာကိုယ် ဆင်းရဲပုံထက် လွန်ကဲပြင်းပြ၏။ ရွှေဘုံပေါ်မှာ စံနေရသော်လည်း ဒေါမနဿဒဏ်ကို မခံနိုင်ကြ၍ ရွှေဘုံပေါ်မှ ဆင်းကာ တူပျော်ပျော် ယှဉ်တွဲလျက် တဲအိုထဲ၌ ကိုယ်ဆင်းရဲဒဏ်ကို ခံနိုင်ကြလေသည်။

သောကအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၁၅)


ဝမ်းနည်းမူကို “သောက”ဟုခေါ်သည်။ နောက်၌ ပြမည့် ဒေါမနဿ ဝေဒနာ စေတသိက်ကိုပင် ၀မ်းနည်းစရာတွေ့၍ စိတ်မချမ်းမသာ ဖြစ်ရာ၌ “သောက”ဟုခေါ်လေသည်။ ဤသောကဖြစ်တိုင်း ဒေါသလည်း ပါနေသောကြောင့် ဒေါသနှင့်စပ်၍ သောကအကြောင်းကိုလည်း သိသင့်သည်။ သောက၏ ၀မ်းနည်းမူသည် ယခု လူတို့၌ များပြားလှချေ၏။ မိမိနှင့် ချစ်ခင်နေသော ဆွေမျိုးစသည်တို့ ပျက်စီး၍ ၀မ်းနည်းရခြင်း၊ စည်းစိမ်ဥစ္စာ ပျက်စီးဆုံးရူံး၍ ၀မ်းနည်းရခြင်း၊ မိမိအကျိုးကို လိုလားသော မိတ်ဆွေများ၌ ဥစ္စာစည်းစိမ်ပျက်၍ ၀မ်းနည်းရခြင်းများသည် သောကချည်းတည်း။


ဒေါမနဿ တစ်မျိုး
“သောက”ဟု ထင်မှားနေသော ဒေါမနဿ တစ်မျိုးလည်း ရှိသေး၏။ ချစ်ခင်သူများ ဖျားနာမည်ကို စိုးရိမ်ခြင်း၊ အရပ်တစ်ပါးသွားသောအခါ ပြန်ချိန်တန်လျက် မပြန်လာသဖြင့် စိုးရိမ်ခြင်း၊ ကလေးသူငယ် လူမမယ်အတွက် အရာရာမှာ စိုးရိမ်ခြင်း ဤသို့ စသည်ဖြင့် စိုးရိမ်ကြောင့်ကြမူများရုံတွင်မက “ငါမရှိလျှင် သူတို့တော့ ခက်ရစ်တော့မှာပဲ”ဟု နောက်ဆက်တွဲ စိုးရိမ်မူတို့မှာ သောကမဟုတ်၊ ရိုးရိုး ဒေါမနဿသာတည်း။

ပရိဒေဝအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၁၄)


 

ငိုကြွေးမူကို “ပရိဒေ၀”ဟုခေါ်၏။ ဤပရိဒေ၀ဟူသည် “ငိုသံ”ပင်ဖြစ်၏။ သို့သော် ထိုငိုသံ ဖြစ်ခြင်း၏ အကြောင်းရင်းမှာ အတွင်းက ဒေါသ ဒေါမနဿတို့သာ ဖြစ်၍ ပရိဒေ၀သဘောကိုလည်း ဤနေရာမှာပင် မှတ်ထားသင့်ပေသည်။ ရာထူးဂုဏ်သိန် စည်းစိမ်ဆွေမျိုး စသည်တို့တွင် တစ်ခုခု ပျက်စီးသောအခါ ပျက်စီးတော့မည်ဟု ထင်ရသောအခါ လွန်စွာဝမ်းနည်းကြ၏။ အားငယ်ကြ၏။ ဤ၀မ်းနည်းအားငယ်မူကား ပြခဲ့သော “သောက” အမည်ရ ဒေါမနဿသာတည်း။ ထိုဝမ်းနည်းအားငယ်မူကို မျိုသိပ်၍ မထားနိုင်သောအခါ ပရိဒေ၀ ခေါ် ငိုကြွေးသော အသံတစ်မျိုး ပေါ်လာ၏။ “ပရိဒေ၀”မီးဟု ခေါ်ရာ၌ ငိုတဲ့အသံကို ခေါ်ခြင်းမဟုတ်၊ ထိုငိုသံ ဖြစ်လောက်အောင် ၀မ်းတွင်း၌ အပြင်းအထန် ပူပန်တောက်လောင်နေသော ဒေါသ ဒေါမနဿတို့ကို အစွဲပြု၍ ခေါ်ရခြင်း ဖြစ်သည်။ ငိုကြွေးလို့ အကျိုးရှိရဲ့လား

မက္ခအကြောင်း နှင့် ပဠာသအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၁၃)


ဒေါသနှင့်စပ်၍ အများဖြစ်သော မက္ခ-ပဠာသ-သောက-ပရိဒေ၀-ဒုက္ခ-ဒေါမနဿ-ဥပါယာသ တို့သဘောကိုလည်း မှတ်သင့်ပါသည်။ ထိုတွင် “မက္ခ”ဟူသည် သူ့ကျေးဇူးကို ချေဖျက်တတ်၊ ကျေးဇူးကန်းတတ်သော ဒေါသမျိုးတည်း။ ငယ်ရွယ်စဉ်ကပင် မိဘကျေးဇူး၊ ဆရာသမားကျေးဇူး၊ မိတ်ဆွေကောင်းကျေးဇူး စသည်ဖြင့် သူတစ်ပါးတို့က ပြုထားသော ကျေးဇူးတွေ ရှိတတ်ပေသည်။ ထိုကျေးဇူးများကို ကျေးဇူးဟုမထင်၊ ကျေးဇူးလည်း မတင်နိုင်ဘဲ “ငါ့မှာ သူကျေးဇူးဘာရှိလို့လဲ”ဟု ချေဖျက်တတ်၊ ကျေးဇူးကန်းတတ်ကြလေသည်။


အချို့ကား ကျေးဇူးကန်းရုံတွင်သာမက၊ သားရေပေါ်အိပ်ပြီး သာရေနားစားကာ ကျေးဇူးရှင်ကိုပင် ကျေးစွပ်တတ်ကြသေးသည်။ ထိုသူမျိုးကို “မိတ္တာဒုဗ္ဘိ=မိတ်ဆွေပြစ်မှားသူ-လူယုတ်မာ”ဟု များစွာ အပြစ်ဆိုလေသည်။ “သူတစ်ပါးကျေးဇူး” ဟူသည်မှာ ကြွေးတင်သလို တင်နေသော အရာတစ်မျိုးတည်း။ ထိုကျေးဇူးကို အတုံ့ပြန်၍ မဆပ်နိုင်သည့်အတွက် မဆပ်ရသေးသော်လည်း ကျေးဇူးရှင်မှန်းကို အသိအမှန်ပြုကာ ကျေးဇူးတင်မိစေရမည်။ ဆပ်နိုင်သည့်နေ့ ဆပ်ခွင့်ကြုံသည့် နေ့၌ကား မြိန်မြိန်ရှက်ရှက်နှင့် နှစ်သက်ကျေနပ်စွာ ပြန်၍ ဆပ်ကြရမည်။

Thursday, 13 November 2014

ဒေါသအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၁၂)


"ဒေါသအကြောင်း"

စိတ်၏ ခက်ထန်ကြမ်းတမ်းခြင်း သဘောသည် ဒေါသမည်၏။ ထို့ကြောင့် “ဒေါသတွက်ကြောင့် - စိတ်စက်ခက်ထန်”ဟု ဆိုခဲ့သည်။
ခက်ထန်-ဆိုသော်လည်း ရူးရူးရှဲရှဲ ခက်ထန်ခြင်း တစ်မျိုးသာမဟုတ်။ စိတ်ညစ်နွမ်းနေပြန်လျှင်လည်း မညစ်နွမ်းသော စိတ်ကဲ့သို့ ညက်ညက်ညောညော မရှိ။ စိတ်ပုံမှာ ဖွာတာတာ ကြမ်းတမ်းတမ်း ရှိရကား စိတ်ညစ်နွမ်းမူ၊ စိတ်အားငယ်မူ၊ ကြောက်လန့်မူများလည်း ဒေါသဘောပင်။


အချုပ်မှာ - စိတ်ညစ်မူ၊ စိတ်မချမ်းသာမူ၊ ကြောက်ရွံ့မူ၊ စိတ်ပျက်မူ၊ စိတ်ကောက်မူ၊ စိတ်ဆိုးမူ၊ ရန်ငြိုးဖွဲ့မူ၊ ဆဲဆိုငေါက်ငမ်း ခြောက်ချမ်းမူ၊ တိုက်ခိုက်မူ၊ သေကြေပျက်စီးအောင် ကြံဆောင်မူ အစုစုသည် ဒေါသချည်းတည်း။

မာနအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၁၁)


မာနဓာတ်ခံရှိသူသည် တံခွန်အလံကို စိုက်ထောင်၍ ထားသကဲ့သို့ အများအပေါ်၌ မောက်မော်လို၏။ ကြွတတရှိ၏။ ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ ပညာအဆင်း၊ ရောဂါကင်းခြင်း စသောဂုဏ်တို့ဖြင့် သူများထက်သာနေသောအခါ “ငါက သင်တို့နှင့် တူသလား၊ ငါနှင့် အဖက်တန်သလား”ဟု ကိုယ့်ကိုယ်ကို အထင်ကြီးကာ သူတစ်ပါးကို အထင်သေးတတ်၏။


သူများထက်မသာဘဲ တန်းတူဖြစ်နေလျှင်လည်း မာနဓာတ်ခံ ရှိနေသူတို့မှာ “သင်နဲ့ငါနဲ့ ဘာထူးသေးသလဲ၊ သူ့လောက်တော့ ငါလဲရတာပဲ”ဟု တန်းတူထားလျက် မာန်တက်ပြန်၏။ ရာထူးစည်းစိမ် စသည်တို့က အောက်တန်းကျပြန်လျှင်လည်း မာနဓာတ်ခံရှိနေသူမှာ “သူတို့က ငါ့ထက်သာကော ငါကဘာအရေးစိုက်ရမှာလဲ၊ ကိုယ်ရှိမှ ကိုယ်စားရ၊ ကိုယ်လုပ်မှ ကိုယ်ရတာပဲ၊ ဘယ်သူ့ကို ခခယယ လုပ်နေရမှာတုန်း”ဟု အံမတုနိုင်သော်လည်း မာန်ပြုလျက်ပင်။

အများဖြစ်တတ်သောမာန်များနှင့် ပယ်ရှားနိုင်ဖို့ နည်းလမ်း

ဇာတိမာန်


အမျိုးကောင်းသည့်အတွက် မာန်မာနတက်နေခြင်းကို “ဇာတိမာန်”ဟုခေါ်သည်။ ယခုခေတ်၌ အတော်အတန် အမျိုးကောင်းသူတွေ ရှိပါပေသည်။ သို့သော် မာန်တက်လောက်၊ ဟန်ကြီးပန်ကြီး လုပ်လောက်အောင် တစ်ဘက်သားကို ခြေဖ၀ါးအောက်ကဟု ထင်လောက်အောင် အမျိုးကောင်းပါ။ ရှေးက မဟာသွေး မဟာမျိုးဖြစ်၍ တကယ်အမျိုးကောင်းသည်ပင် ဆိုဦးတော့ အမျိုးမြတ်သူက မာနမဖက်ဘဲ ညက်ညက်ညောညော အပြောချိုကာ အရာရာမှာ လိုက်လျောပါမူ အောက်တန်းကျသူတို့က ပိုမို၍ ချစ်ခင်ကြည်ညို ရိုသေကြမည် မဟုတ်ပါလော။ “အရောဝင်တော့ အရိုသေတန်”ဆိုသကဲ့သို့ အချို့ရိုင်းစိုင်းသူတို့က အရောဝင်၍ အရိုအသေတန်ကောင်း တန်ပေလိမ့်မည်။ သို့သော် ထိုအရိုအသေတန်မူအတွက် ထိုသူ အပြစ်သာ ဖြစ်၍ ထိုသူပင် နစ်နာပေလိမ့်မည်။ ဤသို့ အရာရာ ရှေ့နောက် စိစစ်လျက် ဇာတိမာန် မတက်မိအောင် သတိဆောင်ကြပါကုန်။


ဓနမာန်

အထိုက်အလိုက် ဥစ္စာရှိသူတို့၏ မာန်ကို “ဓနမာန်” ဟုခေါ်၏။ ယခုအခါ အတော်အတန် ဥစ္စာရှိသူတွေ ရှိပါပေသည်။ သို့သော် ဥစ္စာနည်းပါးသူများနှင့် အတူမသွားနိုင်၊ အတူမစားနိုင်၊ အတူစကားမပြောနိုင်လောက်အောင် မကုန်မခန်းပေါများကြသည် မဟုတ်ပါ။ “မမြင်ဖူးတော့ မူးမြစ်ထင်”ဆိုသလို မိမိကိုယ်ကို သူဋ္ဌေးသူကြွယ်ဟုပင် ထင်စေဦးတော့ ဆင်းရဲသူ ဆင်းရဲသားတို့အပေါ်မှာ သဘောကြီးကြီးထား၍ သနားကြင်နာ ကရုဏာသက်တတ်ပါလျှင် သာ၍ပင် ဂုဏ်မရှိပါသလော။ မိမိပစ္စည်း၌ ဘေးအန္တရာယ် မထူအောင် အကူအညီပင် ရနိုင်သေးသည် မဟုတ်ပါလော။ ဓနရှင်တို့၏ ပြုံးရွှင်သောမျက်နှာ ချိုသာသော စကားအသုံးသည် ဆင်းရဲသားတို့အတွက် အမြိန်ရှက်ဆုံး အမြိုက်ဆေး တစ်မျိုးပင် ဖြစ်နိုင်ပါသည်။


ထို့ကြောင့် ရှေးက ဒါနကုသိုလ်အကျိုးပေး၍ တစ်သက်လျာအတွက် ရရှိသော စည်းစိမ်ဥစ္စာလေးကို နောင်သံသရာ အရေးဝယ် အမျိုးအနွယ် အောက်ကျသွားဖို့အကြောင်း မကောင်းသောမာန၏ အောက်ခံကားပုံသဖွယ် မဖြစ်စေဘဲ ဓနရှင်ပီပီ တည်ကြည်သော စိတ်ထားဖြင့် အများ၏ ကိုးစားရာဖြစ်အောင် ကြိုးစား၍ သတိဆောင်ကြပါကုန်။ ယခုတစ်ဘ၀ ကြီးကျယ်သော စည်းစိမ်သည် ဘေးအန္တရာယ် အလွန်များလှ၏။ ဘေးအန္တရာယ်ကင်းစေကာမူ တစ်သက်လျာမျှသာ သုံးစွဲနိုင်ပါသည်။


“ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ မင်းစည်းစိမ်ကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။” (အနန္တသူရိယ အမတ်)

စာပေပညာ၏ လမ်း ၂သွယ်


ယခုခေတ် အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်သော လောကီပညာတို့သည် နဂိုကပင် အသက်မွေးဖို့လမ်းကို မှန်းပြီးဖြစ်၍ စိစစ်ဖွယ် မလိုပါ။ သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ ပိဋကတ်စာပေပညာမှ လမ်း ၂-သွယ် ဖြာနေပုံကို ထင်ရှားပြဦးမည်။

အောက်လမ်း


စာပေတတ်လျှင် နာမည်ကြီးလာလိမ့်မည်။ လှူဒါန်းချင်သူ ပေါလာလိမ့်မည်။ ဆွမ်း၊ သင်္ကန်း၊ ကျောင်းတို့ အကောင်းအမွန်ရလိမ့်မည်။ သူတစ်ပါးအပေါ် မောက်မော်နိုင်မည်။ ဤသို့ စသည်ဖြင့် လောဘ၊ ဒေါသ၊ မာန်မာနကို အခြေခံ၍ စာပေသင်ကြားကြ၏။ တတ်မြောက်သောအခါ၌လည်း မူလရည်ရွယ်ချက်အတိုင်း လာဘ်ပေါအောင် ကြိုးစား၍ သူတစ်ပါးအပေါ် မောက်မော် စော်ကားတတ်၏။ ထိုသူ၏ ပညာသင်ကြားမူ ပညာတတ်သိမူ အောက်လမ်းသွားဖို့အကြောင်း မကောင်းမူ ချည်းသာ ဖြစ်သည်။ ထိုကဲ့သို့ စိတ်ထားဖြင့် စာပေသင်ကြားမည့်အစား အိပ်နေခြင်းကပင် တော်သေး၏ဟု ကျမ်းဂန်၌ဆိုသည်။

အထက်လမ်း

စာပေတတ်လျှင် ဘုရားရှင်၏ တရားတော်ကို သိရလိမ့်မည်။ သူတစ်ပါးအား တစ်ဆင့်ပို့ချမည်။ စာပေပိဋကတ်တည်းဟူသော မှန်အပြင်ဝယ် အစဉ်မပြတ် ကြည့်ရူ၍ မိမိစိတ်နေစိတ်ထားကို ဖြူစင်ဖြောင့်မတ် မြင့်မြတ်အောင် ပြင်ဆင်မည်။ ဤသို့ စသော ရည်ရွယ်ချက်ဖြင့် သင်၍တတ်မြောက်သော အခါလည်း ပစ္စည်းလာဘ်လာဘ ဒကာဒကာမပေါများမူကို ဂရုမစိုက်ဘဲ မူလရည်ရွယ်ရင်းအတိုင်းပင် ကြိုးစား၏ ထိုပုဂ္ဂိုလ်၏ စာပေသင်ကြား တတ်မြောက်မူမျိုးကား အထက်လမ်းသို့ တက်လှမ်းဖို့အကြောင်း အကောင်းချည်းသာ ဖြစ်ပါသည်။


အချို့မှာကား စာပေမတတ်ခင်က စိတ်ထားမတတ်၍ စာမေးပွဲအောင်လိုခြင်း၊ နာမည်ကြီးလိုခြင်း စသော ရည်ရွယ်ချက်များ ရှိသော်လည်း စာပေတတ်မြောက်သောအခါ အရာရာ စိတ်ပြောင်း၍ စိတ်ကောင်း နှလုံးကောင်း ရှိ၏။ ထိုပုဂ္ဂိုလ်ကား ရေမပြည့်ခင် ဘောင်ဘင်ခတ်နေသော ရေအိုးသည် ရေပြည့်သောအခါ ငြိမ်သက်လာသလို ဖြစ်သည့်အတွက် အထက်တန်းသို့ တက်လှမ်းဖို့အကြောင်း လမ်းကောင်းရသူပင် ဖြစ်သည်။ ငယ်ရွယ်သူ ဟူသမျှတို့ စာတတ်သောအခါ ဤကဲ့သို့ လမ်းကောင်းရကြပါစေ။

အဆင်းမာန်

အလှဂုဏ်အတွက် မာန်တက်ခြင်းကို “အဆင်းမာန်”ဟုခေါ်၏။ ရှေးဘ၀က ဒေါသနည်းပါးခြင်း၊ ပန်းစသည်တို့ကို လှူဒါန်းခြင်း၊ ဘုရားကျောင်းဝင်း စသည်တို့၌ အမိုက်သုတ်သင်ရှင်းလင်းခြင်း စသော ကုသိုလ်ကောင်းမူကြောင့် ယခုဘ၀၌ ပရိသတ်အလယ် တင့်တယ်ဝင်းစက် အဆင်းထွက်ခြင်းမှာ မာန်တက်မည်ဆိုလျှင် တစ်လောက်ပါပေသည်။


သို့ရာတွင် မိမိအဖြစ်ဟောင်းကို ပြန်ပြောင်း၍ မှန်းဆသောအခါ ဒေါသကင်းစင် စိတ်ကြည်လင်၍ ရေလှူပန်းလှူခြင်း စသော ကုသိုလ်ကောင်းမူရှင် သူတော်စင် ဖြစ်ခဲ့ဖူးရကား ယခုဘ၀ရောက်မှ အလှဂုဏ် မာန်တက်၍ သူတစ်ပါး အဖက်မထင်နိုင်အောင် ဟန်ကြီးပန်ကြီး မလုပ်သင့်ပါ။ လှပသော ကိုယ်တွင်း၌ သန့်ရှင်းသော စိတ်အစဉ်ကို မွေးမြူကာ အရာရာ သိမ်မွေ့လျက် ဣနြေ္ဒရှင် သူတော်စင်ဖြစ်အောင် သတိထား၍ ကြိုးစားသင့်ပါသည်။

အချုပ်သတိပေးချက်

အချုပ်မှာ နိဗ္ဗာန်စံဝင်ပြီးသော သူတော်စင်ကြီးတို့သည် ယခုပြခဲ့သော ဇာတိမာန်စသည်တို့ တက်မည်ဆိုလျှင် မိုးထိအောင် လှေကားမထောင်ဘဲ တက်နိုင်ကြပေ၏။ မာန်တက်လောက်အောင်ပင် ဘုရင်မိဖုရားတို့၏ လက်ပေါ်တွင် ကြီးပွားရသော မင်းညီမင်းသားများဖြစ်ကြသည်။ ပညာဘက်ကလည်း မဟော်သဓာတသုခမိန်စသည့်ဖြင့် ကမ္ဘာ့စံချိန် ချိုးတော်မူခဲ့သည်။


အမျိုးသမီးများဘက်ကလည်း ဥပ္ပလ၀ဏ်၊ ခေမာ၊ ယသော်ဓရာ စသော သူတော်ကောင်းအမျိုးသမီးတို့မှာ အမျိုးဥစ္စာ ပညာဘက်၌ သာမက အလှဘက်ကလည်း တစ်ကမ္ဘာလုံး မျက်နှာဖုံးများပင် ဖြစ်ကြပေသည်။


ထိုမျှလောက် အထက်တန်းကျသော အမျိုးသား အမျိုးသမီးတို့သည် သူတို့၏ မျိုးရိုးဇာတိ စသည်တို့အတွက် မာန်မာနမတက်ကြပါဘဲလျက် “သည်လိုယုန်တော့ ချုံတိုင်းတွေ့နိုင်”တဲ့ အစား “တံငါစာ၍ ငါသာသာ” ရှိသူများ ရှိစုမဲ့စု စု၍ရသော ဇာတိ ပညာ ဥစ္စာ အဆင်းဖြင့် ကြက်ဆူပင်မင်းမူနေခြင်းမှာ နက်နက်နဲနဲတွေးလျှင် လေးလေးပင်ပင် ရှက်ဖွယ်ပါတကား။



ထို့ကြောင့် နှလုံးလေပင့်၍ ဘ၀မြင့်သူအလား ထောင်လွှား တက်ကြွ မာန်မာနဖြစ်ခြင်းသည် သူတစ်ပါးတို့ မြင်ပြင်းကတ်ဖွယ်ရာ အကျိုးမဲ့ကိုသာ ဖြစ်စေရုံသာမက နောက်နောက်ဘ၀တို့၌ အမျိုးညံ့ဖို့အကြောင်း မကောင်းသက်သက် ဖြစ်ရကား ဇာတိ ပညာ ဥစ္စာ အဆင်းအားဖြင့် ရောက်သင့်သလောက် အထက်တန်းရောက်နေသော်လည်း နောက်နောက်ဘ၀ အဆင့်ဆင့်၌ မြင့်သည်ထက်မြင့်ဖို့ အရေးကိုသာ ရွယ်ကိုး၍ “အစွယ်ကျိုးသောမြွေ၊ ဦးချိုကျိုးသောနွား၊ ခြေသုတ်ပုဆိုးအလား”ကဲ့သို့ တက်ကြွသော မာန်စွယ်ကို နုတ်ပယ် နှိမ်ချိုးနိုင်ကြပါစေသား။


 
အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။ 

♣ ဒိဋ္ဌိအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။ 

ဒိဋ္ဌိအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၁၀)


မှားမှားယွင်းယွင်း သိမြင်ခြင်းသည် ဒိဋ္ဌိမည်၏။ ထို့ကြောင့် “မှားသောအမြင်-ဒိဋ္ဌိတွင်သား”ဟုဆိုခဲ့သည်။ ဤအသိအမြင်မှား နေခြင်းကိုပင် ယခုကာလ၌ “အယူမှားနေခြင်း”ဟု ခေါ်ကြ၏။ ဤဒိဋ္ဌိသည် “မရှိသည်ကို အရှိ၊ ရှိသည်ကို မရှိ၊ မဟုတ်သည်ကို အဟုတ်၊ ဟုတ်သည်ကို မဟုတ်”ဟု သိမြင်နေရုံသာမက “သူ၏အယူက အမှန်၊ သူများအယူတွေ အလွဲ”ဟု စွပ်စွဲတတ်သေး၏။


ထိုတွင် ဤကမ္ဘာလောကကြီးနှင့် သတ္တ၀ါတွေကို ဖန်ဆင်းသူ မရှိပါဘဲလျက် ဖန်ဆင်းသူရှိ၏ဟု သိမြင်ခြင်း၊ သတ္တ၀ါတို့၏ ကိုယ်ခန္ဓာအတွင်း၌ အတ္တဟုခေါ်သော အသက်ကောင် မရှိဘဲလျက် “အတ္တရှိ၏၊ အသက်ကောင်ရှိ၏”ဟု သိမြင်ခြင်းသည် “မရှိသည်ကို အရှိ”ဟု သိမြင်သော ဒိဋ္ဌိတည်း။

မာယာ နှင့် သာဌေယျအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၉)


တဏှာလောဘကိုပင် တချို့အရာ၌ “မာယာ” ဟုခေါ်ရ၏။ ထို့ကြောင့် ဤနေရာဝယ် မာယာအကြောင်းကိုလည်း ထည့်သွင်းဖွင့်ပြဦးမည်။ မာယာသည် မျက်လှည့်သည်နှင့် တူ၏။ မျက်လှည့်သမားသည် ကျောက်ခဲ့ကိုကောက်၍ ရွှေတုံးထင်အောင် လှည့်စားနိုင်သကဲ့သို့ ဤမာယာလည်း လူတစ်ဖက်သား အထင်မှားအောင် မိမိမှာရှိသော အပြစ်ကို ဖုံးကွယ်တတ်လေသည်။ “မိမိမှာ အပြစ်ရှိလျက် မရှိသလို ဟန်ဆောင်တတ်သည်”ဟုဆိုလိုသည်။

မိန်းမမာယာ
 
ရှေးသရောအခါ တက္ကသိုလ်ဆရာကြီးမှာ တပည့်တစ်ယောက် ရှိလေသည်။ ထိုတပည့်၏ မိန်းမသည် အခြားယောက်ျားနှင့် ဖောက်ပြားလေ့ရှိ၏။ ထိုဖောက်ပြားသောနေ့၌ မိမိ၏ခင်ပွန်းကို ခါတိုင်းထက် ပို၍ယုယ၏။ မဖောက်ပြားသောနေ့၌ကား ကျွန်ကဲ့သို့ သဘောထား၍ စော်စော်ကားကား ပြုလုပ်လေ့ရှ၏။ ထိုကဲ့သို့ ထူးခြားသော အမူအရာကို နားမလည်၍ စိတ်ရူပ်လာသော တပည့်က မိမိ ဆရာကြီးကို အကြောင်းစုံ ပြောပြလေရာ ဆရာကြီးက မိန်းမတို့ ပြုမူတတ်ပုံ သဘောကို အမှန်အတိုင်း ပြောပြလေသည်။

လောဘအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၈)


လိုချင်မူသဘောသည် လောဘတည်း။ ထို့ကြောင့် “လောဘသဘော လိုချင်ဟော“ဟု ဆိုခဲ့သည်။

“လိုချင်” ဆိုသော်လည်း ကာမဂုဏ်ဆိုင်ရာ လိုချင်မူမျိုးကိုသာ လောဘဟု ဆိုသည်။ နိဗ္ဗာန်ကို လိုချင်မူ၊ တရားကို လိုချင်မူ၊ စာပေတတ်ချင်မူ၊ ဆင်းရဲသူများကိုပေးကမ်းလို၍ ပစ္စည်းဥစ္စာကို လိုချင်မူ စသော ကောင်းသောအရာ၌ လိုချင်မူမျိုးကား လောဘမဟုတ်။ နောက်၌ ပြမည့် ဆန္ဒသဘောသာ ဖြစ်ပေသည်။


(လောဘ၏ အခြားနာမည်များ)

ဤလောဘကို “ပေမ” ဟုလည်းကောင်း၊ “တဏှာ”ဟုလည်းကောင်း၊ “ရာဂ”ဟုလည်းကောင်း၊ “သမုဒယ”ဟုလည်းကောင်း အမျိုးမျိုး နာမည်တပ်၍ ပြောဆိုသုံးနူန်းကြ၏။

ပေမ ဟူသော အမည်ကို သားသမီး မောင်နှမ ညီအစ်ကို သမီးခင်ပွန်း စသော အိမ်သူ အိမ်သားချင်း ဆွေမျိုးသားချင်း ချစ်ခင်မူနှင့် ဆွေလိုမျိုးလို ချစ်ခင်မူတို့ သုံးနူန်းကြရသည်။

ဥဒ္ဓစ္စအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၇)

စိတ်၏ပျံ့လွင့်ခြင်း၊ မငြိမ်သက်ခြင်းသဘောသည် ဥဒ္ဓစ္စတည်း။ ထို့ကြောင့် “မှတ်ယူပျံ့လျက်-မငြိမ်သက်ထ-ဥဒ္ဓစ္စနှင့်”ဟု ဆိုခဲ့သည်။ “ပျံ့လွင့်” ဆိုသည်ကား ပြာပုံပေါ်သို့ ခဲကျသောအခါ ပြာတွေလွင့်တက်သကဲ့သို့ အာရုံတစ်ခုခုအပေါ်၌ ငြိမ်သက်စွာ မတည်နိုင်ဘဲ ဟိုအာရုံရောက်လိုက် သည်အာရုံရောက်လိုက် ဖြစ်နေခြင်းတည်း။ ထိုဥဒ္ဓစ္စနှင့် အတူတကွဖြစ်သော စိလည်း စိတ်လေ စိတ်လွင့်ဖြစ်၍ ဥဒ္ဓစ္စအားကြီးနေသောအခါ ကိုယ်ခန္ဓာလည်း မငြိမ်မသက် ဖြစ်နေရကား လူလေလူလွင့် လူပေါ်ကြော့ ဖြစ်တတ်လေသည်။

နန္ဒထေရ် စိတ်မတည်ပုံ
 
ဇနပဒကလျာဏီနှင့် လက်ထပ်မင်္ဂလာ ပြုမည့်ဆဲဆဲမှာ နန္ဒမင်းသားကို ဘုရားရှင် ခေါ်လာ၍ ရဟန်းပြုပေးလေရာ ရဟန်းတရား၌ ငြိမ်သက်စွာ မတည်နိုင်ဘဲ စိတ်လွင့်ပါး၍ ဇနပဒကလျာဏီ အထံသို့ မကြာခဏ စိတ်ရောက်သွားလေသည်။ ဤ၀တ္ထု၌ ရဟန်းတရားဝယ် ငြိမ်သက်စွာ မတည်ခြင်းမှာ ဥဒ္ဓစ္စ သဘောပင်တည်း။

ဥဒ္ဓစ္စ သတ္တိညံ့ပုံ


ဤဥဒ္ဓစ္စသည် သူ့ပင်ကို သဘောအားဖြင့် မည်သည့်အာရုံ၌မျှ တည်တည်တံ့တံ့ မရှိ။ ဟိုအာရုံရောက်လိုက်၊ သည်အာရုံရောက်လိုက်နှင့် ပျံ့လွင့်နေရကား မကောင်းတရား အကုသိုလ်တရားဟု ဆိုရစေကာမူ မည်သည့် ဒုစရိုက်ကိုမျှ ထိထိမိမိ မပြုသောကြောင့် လောဘ ဒေါသ စသည်တို့ကဲ့သို့ အပါယ်ချနိုင် လောက်အောင် သတ္တိမကြီးမားချေ။

အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
♣ အနောတ္တပ္ပအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။ 
 

အနောတ္တပအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၆)

မကြောက်လန့်ခြင်း သဘောသည် အနောတ္တပ္ပတည်း။ ထို့ကြောင့် “အနောတ္တပ္ပမူ=မလန့်ဟူ၏” ဆိုခဲ့ရပေသည်။ အကုသိုလ် ဒုစရိုက်တွေသည် မီးတောက်မီးလျှံတွေနှင့် တူ၏။ အနောတ္တပကား ပိုးပရန်နှင့် တူလေသည်။ ချဲ့ဦးအံ့ - မီးတောက်မီးလျှံသည် ကြောက်မက်ဖွယ် အလွန်ကောင်း၏။ သို့သော် “ပိုးပရန်”ဟုခေါ်သော ပိုးကောင်ကလေးကား ထိုမီးလျှံကို ကြောက်ရွံ့ဖွယ်ဟုမထင်ဘဲ ရဲရဲကြီး တိုးကြလေသည်။ ထို့အတူ အကုသိုလ်ဒုစရိုက်များသည် ဘေးဒုက္ခအမျိုးမျိုးကို ဖြစ်စေတတ်သည့်အတွက် ကြောက်မက်ဖွယ်ကောင်းလှပါသည်။

သို့သော် ထိုဘေးဒုက္ခတွေကို မောဟက ဖုံးကွယ်ထားသည့်အတွက် အနောတ္တပ္ပက ကြောက်လန့်ဖွယ်ကို မမြင်တော့ဘဲ ရဲရဲကြီး ပြုဝံ့လေသည်။ အကုသိုလ် ဒုစရိုက်များနှင့် စပ်၍တွေ့ရတတ်သော ဘေးတို့ကား -
၁။ အတ္တာနုဝါဒဘေး။ သူတစ်ပါးက “ငါ့ကို လူကြီးလူကောင်း၊ သူတော်ကောင်း” ဟု အထင်ကြီးကြသော်လည်း ငါ့အကြောင်းငါသာသိ၏။ ငါသည် သူတို့ထင်သလို ကောင်းသော သူတော်ကောင်းမဟုတ်ချေ။ မကောင်းမူ ဒုစရိုက်များကို ခိုးကြောင်ခိုးဝှက် ပြုလုပ်လေ့ရှိသော လူယုတ်မာ တစ်ယောက်ဖြစ်သည်”ဟု မိမိကိုယ်ကို မိမိပြန်၍ စွပ်စွဲကဲ့ရဲ့ခြင်း မိမိကိုယ်တိုင် မကြည်ညိုနိုင်ခြင်း ဘေးတည်း။ (အတ္တ=မိမိကိုယ်ကို + အနုဝါဒ=စွပ်စွဲခြင်း)

ကောင်းရာသုဂတိဘုံသို့။

        မြန်မာပြည်မှာ ပြောကြတယ်၊ ဗြဟ္မာ့ပြည်က အပ်တစ်စင်း၊ လူ့ပြည်ကအပ်တစ်စင်း ချ
လိုက်ရင် အဲဒီအပ်ဖျားချင်း ထိကောင်းထိလိမ့်မယ်။ လူ့ဘ၀ရောက်ဖို့ အင်မတန်မှ ခဲယဉ်းတယ်။
ခဲယဉ်းတယ်ဆိုတာ ဖြစ်ကိုမဖြစ်နိုင်ဘူးလို့တောင် ဆိုလိုတာနော်။
        မြတ်စွာဘုရားက လူ့ဘ၀ ရခဲတယ်ဆိုတာကို လိပ်ကန်းကြီးတစ်ကောင်နဲ့ ဥပမာ ပေးထား

တယ်။ လိပ်ကန်းကြီးတစ်ကောင်က ပင်လယ်ထဲမှာ ကျက်စားတယ်။ အနှစ်တစ်ရာကြာမှ ပင်
လယ်ရေ မျက်နှာပြင်ပေါ် ခေါင်းလေးပြူကြည့်ပြီး အသက်ရှူတယ်။
         အနှစ်တစ်ရာလုံးလုံး ပင်လယ်ရေ မျက်နှာပြင်ပေါ်မှာ တက်မလာဘူးတဲ့။ ပင်လယ်ရေ
နက်ပိုင်း ထဲမှာပဲ လှည့်လည်ကျက်စားပြီးနေတဲ့ လိပ်ကြီး။ အဲဒီ ပင်လယ်ပြင်ထဲမှာ ထမ်းပိုးတုံး
ကြီး တစ်ခုက အပေါက်ကလေး တစ်ပေါက်ပဲပါတယ်။ ပင်လယ်ရေဆိုတာ ငြိမ်သက်နေတဲ့ နေရာ
မဟုတ်ဘူး။ အမြဲတမ်း လှုပ်ရှားနေတာ၊ လှိုင်းက အမြဲတမ်း တိုက်ပြီးနေတဲ့ နေရာ။ အဲဒီ ထမ်း
ပိုးတုံးကြီးတစ်တုံး ပင်လယ်ထဲမှာ မျောပြီး မျောချင်ရာ မျောနေတယ်။

Wednesday, 12 November 2014

လူတိုင်း ခံစားနေရတဲ့ “ ဒုက္ခ (၇) မျိုး ” ။

        လူတိုင်းလူတိုင်း ခံစားနေရတဲ့ ဒုက္ခ ( ၇ ) မျိုးမှာ= (၁) ဒုက္ခ ဒုက္ခ။ (၂) ၀ိပရိဏာမဒုက္ခ။
(၃) သင်္ခါရဒုက္ခ။ (၄) ပဋိ စ္ဆန္နဒုက္ခ။ (၅) အပ္ပဋိ စ္ဆန္နဒုက္ခ။ (၆) ပရိယာယဒုက္ခ။ (၇) နိပ္ပရိယာယ
ဒုက္ခ တို့ ဖြစ်ပါတယ်။
                (၁)  ဒုက္ခ ဒုက္ခ =  ကိုယ်ထဲမှာ နာကျင်ကိုက်ခဲခြင်း စသည်ဖြင့် အခံခက်တဲ့ ကိုယ်ဆင်းရဲကတစ်မျိုး၊ စိတ်ထဲမှာ စိတ်ပူခြင်း၊ စိတ်ညစ်ခြင်း၊ နှလုံးမသာခြင်း၊ ၀မ်းနည်းခြင်း စသည်ဖြင့် အခံခက်တဲ့ စိတ်ဆင်းရဲကတစ်မျိုး၊ ဒီ ကိုယ်ဆင်းရဲနဲ့ စိတ်ဆင်းရဲကို ဒုက္ခ ဒုက္ခလို့ ခေါ်ပါတယ်။ သူ့သ
ဘောကလည်း အခံရခက်တဲ့ ဆင်းရဲပဲ။ သူ့အမည်ကလည်း ဒုက္ခဆင်းရဲပဲ။ ဒါကြောင့် ဒုက္ခဒုက္ခ
လို့ ခေါ်ပါတယ်။ ဆင်းရဲသဘောရှိတဲ့ ဆင်းရဲတဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကိုတော့ လူတိုင်းလူ
တိုင်းက ကြောက်ကြပါတယ်။ ကိုယ်ထဲစိတ်ထဲ၌ မခံသာတဲ့ ဆင်းရဲကို ဒုက္ခဒုက္ခလို့ ခေါ်ပါတယ်။

Tuesday, 11 November 2014

အဟိရိကအကြောင်း (ကိုယ့်ကျင့်အဘိဓမ္မာ - ၅)


အဟိရိကအကြောင်း

မရှက်ခြင်းသဘောသည် အဟိရိကတည်း။ ထို့ကြောင့် "အဟိရိက-မရှက်စွတည့်"ဟု ဆိုခဲ့သည်။ အကုသိုလ်ဒုစရိုက်ဟူသမျှ မစင်ဘင်ပုပ်နှင့်တူ၏။ အဟိရိကကား ရွာဝက်ကြီးနှင့်တူလေသည်။
ချဲ့ဦးအံ့-မစင်သည် စက်ဆုပ်ရွံရှာဖွယ်ကောင်း၏၊ မတော်တဆ လူးမိပြန်လျှင် ပရိသတ်အလယ်မှာ ရှက်ဖွယ်ရာကြီးတည်း၊ သို့သော် မစင်ကို အမွန်မြတ်အစာဟုထင်နေသော ရွာဝက်ကြီးသည်ကား ထိုမစင်ကို မစက်ဆုပ် မရွံရှာ၊ မစင်လူးနေရမှာလည်းမရှက်၊ မစင်ထဲ၌လူးကာလှိမ့်ကာ မစင်များများစားရသည်ကိုပင် ဂုဏ်တစ်မျိုးတက်သည်ဟု မှတ်ထင်လေသည်။

ထို့အတူ ပါဏာတိပါတ စသော ဒုစရိုက်တရားစုသည် သူတော်ကောင်းတို့၏ သဘောဖြင့်ကြည့်လျှင် အင်မတန် စက်ဆုပ်ရွံရှာဖွယ်ကောင်း၏၊ မတော်တဆ ပြုမိပြန်လျှင်လည်း သူတော်စင်ပရိတ်သတ်တို့၏ အလယ်မှာရှက်ဖွယ်သာ ဖြစ်၏၊ သို့သော် အဟိရိကသဘောထား ထိုဒုစရိုက်တို့ကို စကဆုပ်ရွံရှာခြင်းလည်း မရှိ၊ မပြုမိသော်လည်း မရှက်တတ်ချေ၊ စင်စစ်မှာ အဟိရိကသမား အရှက်မရှိသူများအလယ်၌ ဒုစရိုက်များများ ပြုနိုင်သည်ကိုပင် "ကြီးကျယ်သော ဂုဏ်တစ်မျိုး"ဟု မှတ်ထင်နေလေသည်။

မောဟဖြစ်လျှင် ဤအဟိရိက သဘောလည်းပါဝင်လာသဖြင့် ပညာရှိများကင် ဒုစရိုက်မှုကို မရှက်တမ်း ပြုမိကြလေသည်၊ ဤစကား မှန်-မမှန် ပညာရှိအခေါ်ခံရသူကိုယ်တိုင်ပင် ကိုယ်တွေ့အမှုများဖြင့် စဉ်းစား၍ ကြည့်ကြပါလေ။


မောဟအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၄)


မောဟ ၂-မျိုး

မသိတတ်ခြင်းသဘောသည် မောဟတည်း။ ထို့ကြောင့် “မသိတတ်ဘိ-မောဟသိလော့”ဟု ဆိုခဲ့သည်။ ထိုမောဟသည် အနုသယမောဟ၊ ပရိယုဋ္ဌာမောဟ ဟု ၂-မျိုးရှိ၏။ အနုသယဟူသော ပါဠိသည် ငြိမ်ဝပ်ခြင်း၊ ကိန်းအောင်းနေခြင်းဟု အဓိပ္ပာယ်ရှိ၏။ ပရိယုဋ္ဌာန-ဟူသော ပါဠိကား ထကြွခြင်းဟု အဓိပ္ပာယ်ရ၏။ ထို့ကြောင့် သတ္တ၀ါတို့၏ သန္တာန်တွင် အစဉ်တစိုက် လိုက်ပါနေသော မောဟသည် အနုသယမောဟမည်၏။ တစ်ခါတစ်ရံ စိတ်နှင့် တွဲဖွက်၍ ဖြစ်ပေါ်လာသော မောဟသည် ပရိယုဋ္ဌာနမောဟ မည်၏။

အနုသယမောဟ

အဆိပ်ပင်၌ အဆိပ်သီးများကို သီးစေနိုင်သော ဓာတ်သတ္တိပါရှိသကဲ့သို့ ထို့အတူသတ္တ၀ါတို့ သန္တာန်၌ သိထိုက်သော တရားများကို မသိအောင် ဖုံးကွယ်တတ်သော ဓာတ်သတ္တိတစ်မျိုး ပါရှိလေသည်။ ထိုဓာတ်သတ္တိကို အနုသယမောဟ ဟုခေါ်၏။ ဤအနုသယမောဟ၏ ဖုံးကွယ်ထားမူကြောင့် ပုထုဇဉ်တို့သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတို့ကိုလည်း နစ်နစ်နောနော မသိကြ၊ သစ္စာလေးပါးကိုလည်း ထိထိမိမိ မသိကြ၊ ပဋိစ္စသမုပ္ပါဒ်ကိုလည်း တပ်တပ်ထင်ထင် မသိမြင်ကြချေ။

စေတသိက်အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၃)


စေတသိက်က စိတ်ကိုခြယ်လှယ်ပုံ 
စိတ်အကြောင်းကို ပြရာဝယ် “စိတ်ကောင်း, စိတ်ဆိုး”ဟု ပြခဲ့ပါပြီ။ သို့သော် စိတ်သည် အာရုံကို သိဖို့ရန်ကိစ္စ တစ်ခုသာ ရှိသောကြောင့် သူ့ချည်းသက်သက် အကောင်းအဆိုး မကွဲပြားနိုင်ချေ။ စေတသိက်အမျိုးမျိုးနှင့် အတူဖြစ်ရသောကြောင့် ထိုစေတသိက်အများ၏ အကောင်းအဆိုး လိုက်၍ စိတ်သည်လည်း စိတ်ကောင်း စိတ်ဆိုး ဖြစ်ရပေသည်။ “စိတ်ကောင်းစိတ်ဆိုး ၂-မျိုးကွဲဖို့ရန် ယှဉ်ဖက် စေတသိက်များက ခြယ်လှယ်၍ ထားကြသည်”ဟု ဆိုလိုသည်။

ဥပမာ-ရေသည် ပင်ကိုအနေအားဖြင့် အရောင်တစ်မျိုးတည်းသာ ရှိသော်လည်း ဆေးနီ၊ ဆေးဝါ၊ ဆေးပြာ၊ ဆေးနက်တို့နှင့် ရောစပ်မိသောအခါ၌ ရေနီ၊ ရေ၀ါ၊ ရေပြာ၊ ရေနက် ဖြစ်ရတော့သကဲ့သို့တည်း။ ထို့ကြောင့် စိတ်ကောင်းစိတ်ဆိုးဟု နားလည်ဖို့ရာ စေတသိက်တို့၏ အကြောင်းကိုလည်း ဆက်လက်၍ လေ့လာသင့်ကြပေသည်။

စိတ်အကြောင်း (ကိုယ့်ကျင့်အဘိဓမ္မာ-၂)

 
အာရုံကို သိတတ်သော သဘောသည် စိတ်
ငါတို့သည် ဟိုဟာသိ သည်ဟာသိနှင့် အချိန်ရှိသမျှ အာရုံတွေကို သိနေကြသည်။ ထိုသို့ အာရုံတွေကို သိတတ်သော သဘောကို “စိတ်” ဟုခေါ်သည်။ “သိ” ဆိုသော်လည်း ဉာဏ်ဖြင့်သိသော အသိမဟုတ်၊ အာရုံကို ရအောင် ယူနိုင်ခြင်းကိုပင် “အသိ” ဟုခေါ်သည်။

အာရုံ ၆-ပါး၊ အသိ ၆-မျိုး ၁။ အဆင်း အရောင်ဟူသမျှ = ရူပါရုံ ၂။ အသံ ဟူသမျှ = သဒ္ဒါုရုံ ၃။ အနံ့ ဟူသမျှ = ဂန္ဓာရုံ ၄။ အရသာ ဟူသမျှ = ရသာရုံ ၅။ အတွေ့ ဟူသမျှ = ဖောာဋ္ဌဗ္ဗာရုံ ၆။ ကြွင်းသော သိဖွယ်ဟူသမျှ = ဓမ္မာရုံ

ရူပါရုံကို မြင်သောအခါ၊ မြင်သိ - သိသောစိတ် ဖြစ်၏။ သဒ္ဒရုံကို ကြားသောအခါ၊ ကြားသိ - ကြားသောစိတ်၊ ဂန္ဓာရုံကို နံသော၊ မွှေးသောအခါ နံသိ၊ မွှေးသိ - သိသောစိတ်၊ ရသာရုံကို အရသာခံသောအခါ၊ အရသာသိ - သိသောစိတ်၊ တစ်စုံတစ်ခုကို တွေ့ထိရသောအခါ၊ အတွေ့အထိ သိ - သိသောစိတ်၊ တစ်စုံတစ်ခုကို တွေ့ထိရသောအခါ၊ အတွေ့အထိ သိ - သိသောစိတ်၊ ထိုအာရုံငါးပါးနှင့်တကွ ကြွင်းသော အကြောင်းအရာတွေကို သိသောအခါ ဆိုင်ရာကို သိသောစိတ်များ ဖြစ်ကြလေသည်။ ဤသို့ ဆိုင်ရာအာရုံကို ရအောင်ယူနိုင်ခြင်းသည် စိတ်၏ သိခြင်းပင်တည်း။

ပရမတ္ထဟူသည် ကိုယ်ကျင့်အဘိဓမ္မာ ( ၁ )

ပရမတ္ထတရား ၄-ပါး 
ပရမတ္ထဆိုသည်မှာ ပါဠိစကားတည်း။ မြန်မာလို “မြတ်သောအနက်သဘော” ဟုဆိုလိုသည်။ “မြတ်”ဆိုသည်မှာလည်း “မွန်မြတ် - မြင့်မြတ် - ကောင်းမြတ်” ဆိုသော အမြတ် မဟုတ်၊ ပင်ကိုသဘောအတိုင်း မဖောက်ပြန် မပြောင်းလဲဘဲ ခိုင်မြဲတည့်မတ်သော အမြတ်တည်း။ (ပရမ = မြတ်သော + အတ္ထ= အနက်သဘော၊ ပရမတ္ထ = မြတ်သော အနက်သဘော။ ဤပရမတ္ထသဘောကို “ပရမတ်” ဟုလည်း ခေါ်၏) ထိုပရမတ္ထတရားကား - စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် အားဖြင့် ၄-ပါးရှိသည်။


မဖောက်ပြန်ပုံ 
စေတသိက်တရားတို့၌ လောဘ ဒေါသများ ပါရှိ၏၊ လောဘသည် လိုချင်ခြင်းသဘော၊ ဒေါသကား ခက်ထန်ခြင်း သဘောပင်တည်း။ လောဘသည် ပညာရှိသူတော်ကောင်း၏ သန္တာန်မှာ ဖြစ်ဖြစ်၊ သူယုတ်မာ သန္တာန်မှာ ဖြစ်ဖြစ်၊ ခွေးသန္တာန်မှာ ဖြစ်ဖြစ် လိုချင်သော သဘောမှ ဖောက်ပြန်ခြင်း၊ ပြောင်းလဲခြင်း မရှိချေ။ ထို့အတူ ဒေါသ၏ ခက်ထန်ခြင်း သဘောလည်း မည်သူ့ သန္တာန်မှာ ဖြစ်ဖြစ် မဖောက်ပြန် မပြောင်းလဲချေ။ အခြားသော ပရမတ္ထတရားတို့ မပြောင်းလဲကြပုံကိုလည်း ဤနည်းအတိုင်းသိပါ။


ဤသို့လျှင် ပရမတ်သဘောတို့သည် မျက်နှာကြီးငယ် ရွေးချယ်လိုက်စားခြင်း မရှိဘဲ မူရင်းအတိုင်း ထင်ရှားမြဲဖြစ်သောကြောင့် မိမိ သူတစ်ပါးတို့၏ စိတ်နေစိတ်ထားကို အမှန်အတိုင်း သိနိုင်ဖို့ရာ ယခုလမ်းညွှန်ပြမည့် ပရမတ်သဘောများကို ကြိုကြိုးစားစား လေ့လာသင့်ကြပါသည်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated