@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Friday 28 November 2014

ဗြဟ္မစိုရ်လေးပါး အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၀)

ဤပြခဲ့သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ၄-ပါးကို ပါဠိလို “ဗြဟ္မ၀ိဟာရ”၊ မြန်မာလို “ဗြဟ္မစိုရ်” တရားလေးပါး ဟုခေါ်သည်။ (ဗြဟ္မ = မြတ်သော + ၀ိဟာရ = နေခြင်း။) “သတ္တ၀ါတို့အပေါ်၌ မေတ္တာပွား၍ ဖြစ်စေ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့တွင် တစ်ပါးပါး ပွား၍ဖြစ်စေ နေခြင်းသည် မြင့်မြတ်သော နေခြင်းဖြစ်သည်”ဟု ဆိုလိုသည်။ ထိုကဲ့သို့ ပွားများ၍ နေထိုင်ခြင်းသည် ဒေါသစိတ် အဘိဇ္ဈာ ဣဿာစိတ်တို့ဖြင့် နေခြင်းကဲ့သို့ ခြောက်ခြောက်သွေ့သွေ့ မဟုတ်ဘဲ စိုစိုပြည်ပြည် ရှိနေသောကြောင့် “ဗြဟ္မစိုရ်”ဟု ခေါ်ဟန်တူသည်။ (အချို့က “ဗြဟ္မစရိယ”ဟူသော ပါဠိကို “ဗြဟ္မစို”ဟု မြန်မာပြန်ထားကြောင်း ပြောကြ၏။)။

မေတ္တာပွား

မေတ္တာစိတ်ကို မိမိသန္တာန်၌ အထပ်ထပ် ဖြစ်စေနိုင်လျှင် မိမိမှာ မေတ္တာစိတ်တွေ တိုးပွားများပြားနေ၏။ ဤသို့ မေတ္တာစိတ်တွေ တိုးစေ၊ ပွားစေ၊ များစေခြင်းကို “မေတ္တာပွားသည်”ဟု ခေါ်၏။ “ပွားစေ”၌ စေကိုဖြုတ်၍ “မေတ္တာပွား”ဟု ခေါ်ကြသည်။


မေတ္တာပို့

တစ်စုံတစ်ယောက်ကို ရည်မှန်း၍ “ချမ်းသာပါစေ” အာရုံပြုနေသောအခါ မိမိ၏ မေတ္တာသည် ထိုသူနှင့် ဆက်သွယ်လျက် ရှိ၏။ ထိုအခါ မိမိ၏ မေတ္တာကို ထိုသူအထံ ရောက်အောင် ပို့နေသကဲ့သို့ ဖြစ်သောကြောင့် မေတ္တာပွားခြင်းကိုပင် “မေတ္တာပို့သည်”ဟု ယခုကာလ သုံးစွဲကြသည်။

အများသုံးနေသော မေတ္တာပို့နည်း
ပါဠိ - “သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု၊
အဗျာပဇ္ဇာ ဟောန္တု၊
အနီဃာ ဟောန္တု၊
သုခီအတ္တာနံ ပရိဟရန္တု”။

မြန်မာ- ၁။ သတ္တ၀ါအားလုံး ဘေးရန် ကင်းကြပါစေ။
၂။ ဒေါမနဿကင်းကွာ စိတ်ချမ်းသာကြပါစေ။
၃။ ဒုက္ခကင်းကွာ ကိုယ်ချမ်းသာကြပါစေ။
၎။ ချမ်းသာခြင်းရှိ၍ မိမိကိုယ်ကို အသက်ရှည်အောင် ဆောင်ရွက်နိုင်ကြပါစေ။

အမှန်မေတ္တာပို့နည်း

သတ္တာဝါအများကို ဖြစ်စေ၊ တစ်ယောက်ယောက်ကို ဖြစ်စေ ရည်စူး၍ ထိုသူ၏ စီးပွားချမ်းသာကို လိုလားမှသာ ထိုသူ့အထံသို့ မေတ္တာပို့ရာ ရောက်၏။ တွေးချင်ရာတွေး၊ ကြံချင်ရာ ကြံပြီးလျှင် မိမိနူတ်တက်ရနေသော “အဝေရာ ဟောန္တု” စသည်ကို ရွတ်ဆိုနေသော်လည်း အမှန်မေတ္တာပို့ရာ မရောက်။ ထို့ကြောင့် မိမိနားလည်သော (ဆိုလိုရင်းအဓိပ္ပာယ်မှာ မိမိစိတ်မှာ ပေါ်မလာသော) ပါဠိဖြင့် “အဝေရာ ဟောန္တု” စသည်ဆို၍ ပို့ခြင်းထက် မြန်မာလိုပို့ခြင်းကသာ လိုရင်းကျဖွယ်ရှိသည်။ ထို့ကြောင့် မိမိမေတ္တာပို့လိုသူ၏ နာမည်သွင်းပြီးလျှင် ----

“ငါ၏မိခင်သည် ဘေးရန်ကင်းကွာ၊ စိတ်ချမ်းသာ၍၊ ကိုယ်ပါခံ့ကျန်း၊ လွန်ရွှင်လန်းလျက်၊ ချမ်းမြေ့သာချို၊ မိမိကိုယ်လျှင်၊ အသက်ရှည်အောင်၊ ရွက်ဆောင်နိုင်ပါစေ”ဟု--- စိတ်ပါလက်ပါ ရွတ်ဆို၍ ပိုသင့်သည်။

ဖခင်ကိုပို့ရာ၌ “ငါ၏ဖခင်သည်”၊ ဆရာကိုပို့ရာ၌ “ငါ၏ဆရာသည်” ဟု ပြောင်းလဲ၍ဆိုပါ။ သတ္တ၀ါအားလုံးကို သိမ်းကျုံး၍ပို့ရာ၌ “သတ္တ၀ါဟူသမျှ”ဟု ဆိုပါ။ ဤနည်းကား ပါဠိအတိုင်း တိုက်ရိုက် မြန်မာပြန်ခြင်းတည်း။ ဤပို့နည်းကို ရှည်သေးသည်ဟု ထင်လျှင်လည်း “ငါ၏ မိခင်သည် ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာပါစေ”“ငါ၏ ဆရာသမားတို့သည်…. ငါ၏ ဆွေမျိုးတို့သည်” စသည်ဖြင့်ဆို၍ စိတ်ဝင်စားစွာဖြင့် ပို့ကြပါလေ။

ကရုဏာပို့နည်း

ကရုဏာ၏ သဘောကား ဆင်းရဲနေသူကို မြင်ရကြားရသောအခါ ထိုဒုက္ခမှ လွတ်စေလိုခြင်း၊ ကယ်ဆယ်လိုခြင်း သဘောဖြစ်၏။ ထို့ကြောင့် ကရုဏာပို့ရာ၌ ပါဠိလို “ဒုက္ခာမုစ္စန္တု” မြန်မာလို “ယခုရောက်ရှိနေသော ဒုက္ခမှ လွတ်မြောက်ကြပါစေ”ဟု ပို့ရသည်။ ဆင်းရဲဒုက္ခမှ လွတ်မြောက်၍ ချမ်းသာသို့ ရောက်စေလိုခြင်းသာ ကရုဏာအစစ်ဖြစ်၏။ “ဆင်းရဲချိန် တိုပါစေတော့”ဟူသော သဘောဖြင့် “မြန်မြန်သေပါစေ”ဟု တချို့ဆုတောင်းခြင်ကား ကရုဏာပို့ရာ မရောက်သည့်အပြင် ဗျာပါ၏ဒုစရိုက်ပင် ဖြစ်သေးသည်။ ဤကရုဏာလည်း ဆင်းရဲသူကို စိတ်မှန်း၍ ပို့မှသာ ကရုဏာအစစ်ဖြစ်သည်။ နူတ်မှရနေ၍ “ဒုက္ခာ မုစ္စန္တု”ဟု ဆိုရုံမျှဖြင့် ကရုဏာ မဖြစ်နိုင်ပါ။

မုဒိတာပို့နည်း

“မုဒိတာ”ဟူသည် ချမ်းသာနေသူကို မြင်ရကြားရသောအခါ ၀မ်းမြောက်ဝမ်းသာ ဖြစ်ခြင်း။ ထိုရရှိနေသော စည်းစိမ်ချမ်းသာမှ လက်မလွတ်စေလိုခြင်းတည်း။ ထို့ကြောင့် မုဒိတာ ပို့ရာ၌ ပါဠိလို “ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု”၊ မြန်မာလို “ရရှိနေသော စည်းစိမ်မှ လက်မလွတ်ပါစေသတည်း”ဟု ပို့ရသည်။ ဤမုဒိတာ အစစ်ဖြစ်သည်။ နူတ်လွတ်ရ၍ “ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု” ဆိုရုံမျှဖြင့် မုဒိတာ မဖြစ်ပါ။

ဥပေက္ခာပို့နည်း

ဥပေက္ခာပို့ရာ၌ ပါဠိလို “ကမ္မဿကာ” မြန်မာလို “ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိသည်။ ကောင်းလည်း သူ့ကံ၊ ဆိုးလည်း သူ့ကံ”ဟု ပို့ရသည်။ ဆိုလိုရင်းကား - ငါက ချမ်းသာအောင် မေတ္တာပို့သော်လည်း သူ့ကံရှိမှ ချမ်းသာမည်။ ငါက သနားသော်လည်း သူ့ကံရှိမှ ဒုက္ခက လွတ်မည်။ သူချမ်းသာနေသည်ကို ငါက ၀မ်းမြောက်၍ ဤစည်းစိမ်ချမ်းသာမှ မလွတ်စေလိုသော်လည်း သူ့ကံရှိမှ ဤစည်းစိမ်နှင့် ဤအသက် မြဲနိုင်မည်။ သို့ဖြစ်၍ ငါကြောင့်ကြ စိုက်ဖွယ်မလို “ကမ္မဿကာပဲ”ဟု ဆိုလိုသည်။

အချုပ်မှတ်ဖွယ်

ဤမေတ္တာ စသော ဗြဟ္မစိုရ်တရား ၄-ပါးသည် တစ်ပါးနှင့်တစ်ပါး သတ္တ၀ါတို့အပေါ် အာရုံပြုပုံချင်း မတူကြချေ။ မေတ္တာသည် သတ္တ၀ါကို ချစ်စရာအနေအထားဖြင့် အာရုံပြု၏။ ကရုဏာက သနားစရာ အနေအားဖြင့်လည်း အာရုံပြု၏။ မုဒိတာကား ၀မ်းမြောက်စရာ အနေအားဖြင့်လည်း အာရုံပြု၏။ ဥပေက္ခာမှာ လျစ်လျူရူစရာ အနေအားဖြင့် အာရုံပြု၏။ ထို့ကြောင့် သတ္တ၀ါအများကိုဖြစ်စေ၊ တစ်ယောက်ယောက်ကိုဖြစ်စေ တစ်ချိန်တည်း၌ ဗြဟ္မစိုရ် ၄-ပါးလုံးကို အာရုံပြု၍ မဖြစ်နိုင်။ သို့ဖြစ်၍ တကယ်စူးရှအောင်ပြုရာ၌ မေတ္တာပို့ဖြစ်လျှင် မေတ္တာသံပါအောင် “အဝေရာဟောန္တု” မှစ၍ “သုခီ အတ္တာနံ ပရိဟရန္တု” တိုင်အောင် ၄-မျိုးကို (ပါဠိလို ဖြစ်စေ-မြန်မာလိုဖြစ်စေ) အသုံးပြုရသည်။

ထို့အတူ ကရုဏာ စသည်တို့ကိုလည်း သူနှင့်ဆိုင်ရာ ပါဠိလို၊ သို့မဟုတ် မြန်မာလိုဆို၍ ပို့ရသည်။ တကယ်စူးရှအောင် ပို့ခြင်းမဟုတ်ဘဲ မိမိရနေခြင်းကို ရွတ်ဆိုနေခြင်း “သဗ္ဗေ သတ္တာ” ကစ၍ “ကမ္မဿကာ” တိုင်အောင် ရွတ်သော်လည်း အထူးစိစစ်ဖွယ် မလိုတော့ပါ။ သို့ရာတွင် ယခုအခါ “ဗုဒ္ဓဘာသာဝင်”ဆိုသူတို့၏ ဘာသာရေးအလုပ်များ၌ ၀တ်ကျေတမ်းကျေ လုပ်သူတွေကများရကား ဘာသာရေးလေးစားသော နောင်လာနောက်သားတို့က စနစ်တကျဖြစ်အောင် ပြုပြင်ထိုက်ကြပေသည်။


အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

♣ကရုဏာ မုဒိတာ ဥပေက္ခာတို့ အကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated