@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Friday 28 November 2014

အလောဘအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၂၅)

မလိုချင်မူသဘောသည် အလောဘတရားတည်း။ ထို့ကြောင့် “အလောဘလျှင်၊ မလိုချင်တည်း”ဟု ဆိုခဲ့သည်။ ဤအလောဘ၏ မလိုချင်မူသည် လောဘနှင့် ပြောင်းပြန်ဖြစ်၏။ မီးနှင့်ရေပမာ ကမ္ဘာ့ရန်ဘက်ကဲ့သို့ ဖြစ်ရကား လောဘ၏ လိုချင်အပ်သော အရာမှန်သမျှကို အလောဘက မလိုချင်ချည်းဖြစ်သည်။ မျက်မြင်အားဖြင့် လောဘသမားနှင့် အလောဘသမားတို့ ကွာခြားပုံကို သတိပြုပါ။

"လောဘဘုန်းကြီး"

လောဘသမားသည် ဘုန်းကြီးဖြစ်လျှင် ပစ္စည်းလာဘ်ကို လိုချင်၏။ မိမိကို လှူချင်လာအောင် ဆွယ်တရားဟော၏။ ရပြန်လျှင်လည်း ထိုပစ္စည်းကို မလှူရက် မပေးရက်၊ အလွန်မက်မော၏။

ထိုပစ္စည်းရမူကို အကြောင်းပြု၍ “အာဂ---ငါပဲ”ဟု စိတ်ကြီးဝင်လိုက်သေး၏။ လှူဒါန်းနိုင်သော ဒကာ ဒကာမများကို အောက်ကျို့၍ ဆက်ဆံရသဖြင့် မိမိ၏ အောက်ကျပုံကိုကား သတိမရရှာချေ။


"လောဘလူ"

လောဘသမား လူပုဂ္ဂိုလ်များသည် ဤနည်းပင်တည်း။ ပစ္စည်း ဥစ္စာကို (တရားသည် မတရားသည် မစိစစ်နိုင်တော့ဘဲ) မရမက ရှာဖွေလေ့ရှိ၏။ ရပြန်လျှင်လည်း တင်းမတိမ်နိုင်၊ “ရလေလိုလေ အိုတစ္ဆေ”သာ ဖြစ်၏။ တစ်သက်လုံး အချိန်ရှိသမျှ စု၍ရသော ပစ္စည်းတွေကို “ငါ့ဟာ ငါ့ဟာ”ဟု လွန်စွာစွဲလမ်းစဉ် သေမင်းငင်သောအခါ ပြိတ္တာဘောင်သို့ ထိုဥစ္စာများကပင် ပို့ဆောင်တတ်လေသည်။ လောဘသည် ဤအခြေအနေရောက်အောင် ဆိုးရွားလှချေတကား။


"အလောဘဘုန်းကြီး"

အလောဘကား ဤသို့မဟုတ်။ ဘုန်းကြီးဖြစ်လျှင် ပစ္စည်ကို မခင်မင်။ အဆင်သင့်ရသည်ကို မသာယာ။ ဒကာဒကာမတို့က ကုသိုလ်လိုချင်၍ စွန့်ကြဲလိုက်သော စာလုံးစားပေါက် ကလေးများကို ဧရာမ လာဘ်လာဘကြီးဟု ထင်နေကြရာ၌ ဘုရားသားတော်အနေနှင့် စဉ်းစား၍ မကြည့်သေးဘဲ ယောက်ျားကောင်းတစ်ယောက်အနေနှင့် စဉ်းစားကြည့်ရုံမျှဖြင့် ရှက်ဖွယ်ကောင်းလှပြီဟု အယူရှိဟန်တူ၏။

“ယောက်ျားကောင်း”ဟူသည် မိမိကသာ သူတစ်ပါးတို့အား ပေးကမ်းစွန့်ကြဲသင့်သည်ဟု သဘောထားဟန်လက္ခဏာရှိသည်။ ထို့ကြောင့် အလောဘဓာတ်ခံ ရှိသူသည် ဘုန်းကြီးဖြစ်မူ ပစ္စည်း လာဘ်လာဘကို မက်မောခြင်းမရှိ။


"အလောဘလူ"

လူဖြစ်ပြန်လျှင်လည်း မလွှဲသာ၍ ပစ္စည်းဥစ္စာကို ရှာနေရစေကာမူ မတရားသဖြင့် ရှာဖွေခြင်းမရှိ။ လောကီအာရုံ ကာမဂုဏ်ကိုလည်း လိုက်စားလေ့မရှိ။ ပစ္စည်းရှာရာ၌ ဆင်းရဲသားတို့အပေါ် သနားညှာတာလေ့ ရှိ၏။ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိ၏။

လှူပြန်လျှင်လည်း တွန့်ဆုတ်တွန့်ဆုတ် မဟုတ်။ မုတ္တစာဂီ = လူကောင်းသူကောင်း ပီပီ လွတ်လွတ်ကျွတ်ကျွတ် စွန့်လေ့ရှိ၏။ ရွှေအိမ်ရွှေနန်းကိုသော်မှလည်း ပြတ်ပြတ်တောက်တောက် စွန့်ခွာ၍ ရိပ်သာပင်နန်း ကျောင်းသင်္ခမ်း၌ ရွှင်လန်းမွေ့လျော် စံပျော်နိုင်ကြပေသည်။


ဤသို့လျှင် လောဘသမားနှင့် အလောဘသမားတို့ ကျောချင်းကပ်၍ ပြေးကြသကဲ့သို့ သဘောထားချင်း ဝေးလှလေရကား မိမိကိုယ်ကို ပါရမီရှင် သူတော်စင်ဟု အထင်ရောက်နေကြသူတို့သည် ပြခဲ့သော သဘောထားကို စဉ်းစား၍
“လောဘသမားလော၊ အလောဘသမားလော”ဟု စစ်ကြောကြည့်ကြပါကုန်။ လောဘသမား ဖြစ်နေသေးလျှင် ယခုဘ၀က အမြန်ပြင်ကြပါ။

အလောဘသမားဘက်သို့ ပါဝင်နိုင်သူ ဖြစ်က အခြေခံ အတော်ကောင်းပြီးဖြစ်၍ ရှေ့သို့ အဆင့်ဆင့် တိုးတက်ဖို့ရာ အဘက်ဘက်၌ သတိထားလျက် အလောဘသမား အစစ်ဖြစ်အောင် အားထုတ်ကြပါကုန်။


အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။ 
♣ ဟိရိသြတ္တပ္ပအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။ 

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated