@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Friday 28 November 2014

ထိနမိဒ္ဓ၊ ဝိစိကိစ္ဆာတို့ အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၂၁ )

"ထိနမိဒ္ဓအကြောင်း"

စိတ်ရောကိုယ်ပါ သွက်လက်ခြင်း မရှိဘဲ ထိုင်းတိုင်းတိုင်း ဖြစ်ခြင်းကို “ထိန”ဟု လည်းကောင်း၊ မိုင်းတိုင်းတိုင်း ဖြစ်ခြင်ကို “မိဒ္ဓ”ဟုလည်းကောင်း ခေါ်၏။

ထို့ကြောင့် “ထိုင်းခြင်း ထိန၊ မိုင်း မိဒ္ဓနှင့်”ဟု ဆိုခဲ့သည်။ ဤစေတသိက်နှစ်ပါးသည် အတူ ဖြစ်ရိုးတည်း။ ဤ ၂-ပါးဖြစ်သည့်အခါ လုံ့လ၀ီရိယကင်း၍ ပျင်းရိသလို ဖြစ်နေ၏။ ဆိုင်ရာ အလုပ်ကိစ္စ၌ ထက်ထက်သန်သန် မရှိဘဲ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေ၏။ ဤ ၂-ပါးဖြစ်ပုံသည် အိပ်ပျော်ခါနီးအခါ၊ တရားနာရင်း ငိုက်သည့်အခါတို့၌ ထင်ရှား၏။


အိပ်ချင်တိုင်းလည်း ထိန မိဒ္ဓ မဟုတ်။ တချို့ အိပ်ချင်မှုမှာ အလုပ်အကိုင် ပင်ပန်းသဖြင့် ခန္ဓာကိုယ် ညိုးနွမ်းမူကြောင့် ဖြစ်ရလေသည်။ ထိုအိပ်ချင်မူမျိုးကား ရဟန္တာများ၌လည်း ဖြစ်ရလေသည်။
နေပူမိသဖြင့် ညိုနွမ်းသောသစ်ပင်များလည်း တွန့်ကာရူံ့ကာ အိပ်ချင်လာသကဲ့သို့ ဖြစ်ကြရလေသည်။

ထို့ကြောင့် အိပ်ချင်တိုင်း ထိနမိဒ္ဓ မဟုတ်။ ထိုထိုကိစ္စတို့၌ စိတ်နှင့် စေတသိက်များ ထက်ထက်သန်သန် မရှိလှဘဲ တွန့်ဆုတ်ခြင်း၊ ထိုင်းမိုင်းခြင်းကိုသာ ထိနမိဒ္ဓဟု မှတ်ပါ။ ယခုကာလ၌လည်း အလုပ်အကိုင်ပျင်း၍ ထိုင်းမိုင်းနေသူကို “တယ်…..ထိနမိဒ္ဓ အားကြီးတဲ့လူ”ဟု ပြောစမှတ်ပြုကြသည်။


"၀ိစိကိစ္ဆာအကြောင်း"

ဘုရားစသည်တို့၌ ယုံမှားခြင်းသဘောသည် “၀ိစိကိစ္ဆာ”တည်း။ ထို့ကြောင့် “ဘုရား စသည့်၊ ယုံမှား ဘိမူ၊ ၀ိစိကိစ္ဆာ”ဟုဆိုခဲ့သည်။ “ယုံမှား”ဟူသည် လုံးလုံး မယုံကြည်ခြင်းမျိုးလည်း မဟုတ်၊ စိတ်ချလက်ချ မယုံကြည်ဘဲ “မယုံတစ်ဝက်၊ ယုံတစ်ဝက်” ဆိုသလို ဖြစ်နေခြင်းမျိုးတည်း။ ဤ၀ိစိကိစ္ဆာ၏ မယုံမူများကား -----


၁။ အလုံးစုံကို အကုန်သိသော ဘုရားဆိုတာ ဟုတ်ပါ့မလား။

၂။ ထိုတရားအတိုင်း ကျင့်လျှင် နတ်ရွာ နိဗ္ဗာန် ရနိုင်သည်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား။

၃။ (ကောင်းမွန်စွာ ကျင့်သော သံဃာကို ကြည့်၍) ကောင်းမွန်စွာကျင့်သော သံဃာ ဟုတ်မှ ဟုတ်ရဲ့လား။

၎။ ငါတို့ ကျင့်ကြံစောင့်ရှောက်အပ်သော သီလ သီက္ခာပုဒ်များ အကျိုးရှိမှ ရှိပါ့မလား။

၅။ ငါတို့ ရှေးရှေးဘ၀က ဖြစ်ခဲ့မှ ဖြစ်ခဲ့ဖူးရဲ့လား။ (ယခုဘ၀မှ ထာဝရဘုရား ဖန်ဆင်းလို့ ဖြစ်ရတာလေလား)

၆။ နောက်၌ ရောက်ဖို့ရာ ဘ၀ရှိသေးတယ်ဆိုတာ ဟုတ်ပါ့မလား။ (ယခုဘ၀သေလျှင် ပြီးချင်ပြီးနေမလား)။


၇။ ပြုသမျှ ကောင်းမူ မကောင်းမူသည် ကုသိုလ်ကံ အကုသိုလ်ကံ အဖြစ်ဖြင့် ခန္ဓာအစဉ်၌ သတ္တိကျန်ရစ်တယ်ဆိုတာ ဟုတ်နိုင်ပါ့မလား။ (ကံကိုမယုံကြည်ပုံ)


၈။ ထိုကံ၏ အကျိုးများ ရလိမ့်မည်ဆိုတာ ဟုတ်ပါ့မလား။ (ကံ၏ အကျိုးကို မယုံကြည်ပုံ)


၉။ အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်ခြင်း အစရှိသော အကြောင်းအကျိုးစပ်ပုံသည် ဟုတ်မှဟုတ်ပါ့မလား။ (ပဋိစ္စသမုပ္ပါဒ်ကို မယုံကြည်ပုံ)။

ဤသို့ ဘုရားစသည်၌ မယုံကြည်ခြင်းကိုသာ ၀ိစိကိစ္ဆာဟု မှတ်ပါ။ ဤ၀ိစိကိစ္ဆာကို “သံသယဖြစ်ခြင်း”ဟုလည်း ဆိုကြသည်။


"၀ိစိကိစ္ဆာအတု"

စာအဓိပ္ပာယ်ကိုဖြစ်စေ၊ တစ်စုံတစ်ခု အမူကိစ္စကို ဖြစ်စေ၊ ခရီးသွားရာ၌ လမ်းကိုဖြစ်စေ “ဟုတ်မှဟုတ်ပါ့မလား၊ ပြုလို့တော်ပါ့မလား” စသော ယုံမှားသံသယများ ဖြစ်တတ်၏။ ရဟန္တာများပင် ၀ိနည်းတော်ဆိုင်ရာ၌ “ဤအမူဟာ အပ်မှအပ်ပါ့မလား”ဟု ယုံမှားတော်မူကြသေး၏။ ဤယုံမှားသံသယကား ၀ိစိကိစ္ဆာမဟုတ်။

တချို့အရာ၌ စဉ်းစားကြံစည်တတ်သော ဉာဏ်၊ တချို့အရာ၌ အကြံသက်သက် ၀ိတက်သဘောသာ ဖြစ်၏။ ဧကန် ယုံထိုက်သော ဘုရားစသည်တို့ကို မယုံသင်္ကာဖြစ်နေရာ၌သာ ၀ိစိကိစ္ဆာအစစ်ဖြစ်သည်။ ဤသို့ ၀ိစိကိစ္ဆာ ဖြစ်သောအခါ ပညာရှိများအထံ မေးမြန်းရမည်။ သို့မှသာ ၀ိစိကိစ္ဆာ ကင်းကွာလျက် ဘုရားစသည်တို့၌ ယုံကြည်မူ၊ သဒ္ဓါတရား ဖြစ်ပေါ်လာနိုင်ပေမည်။

နိဂုံး

ဤ ပြခဲ့ပြီးသော စကားစဉ်အားဖြင့် စိတ်ကို မကောင်းအောင် ခြယ်လှယ်တတ်သော အကုသိုလ်စေတသိက်များကို နိဂုံးအုပ်ပါတော့မည်။ ပြခဲ့သော အကုသိုလ်တို့သည် သူသူကိုယ်ကိုယ် သန္တာန်၌ တွေ့မြင်နိုင်သော စေတသိက်များ ဖြစ်၏။ တစ်ကမ္ဘာလုံး ထိုတရားဆိုးများ သောင်းကျန်းလျက် ရှိသောကြောင့်သာ ဒုက္ခအဖုံးဖုံးကို နေ့စဉ်နှင့်အမျှ တွေ့ကြုံ ကြားသိနေကြရလေသည်။


ဤသို့ စိတ်ဆိုးစိတ်ယုတ်မာ ဖြစ်အောင် ခြယ်လှယ်တတ်သော အကုသိုလ်တရားစုကို သိသာထင်ရှား အများနားလည်အောင် ကြိုးကြိုးစားစားရေးသားပြုစု ဤကောင်းမူကြောင့် ငါ့သန္တာန်၌ အကုသိုလ်တရား နည်းပါးသည်ထက် နည်းပါးပါစေ။ ငါ၏ အဆက်အသွယ် ကြီးကြီးငယ်ငယ်တို့လည်း စိတ်ကောင်းရှိသူတွေသာ ဖြစ်ကြပါစေ။ ဤကျမ်းကို ကြည့်ရှုသူ အများလူလည်း စိတ်ကောင်းရှိသူတွေ ဖြစ်ကြပါစေ။


အကုသိုလ်မျိုး၊ စိတ်ယုတ်ဆိုးကို၊ ကြိုးကြိုးစားစား၊ ရေးသည်အားကြောင့်၊ အများလူပေါင်း၊ စိတ်ယုတ်ပြောင်း၍၊ စိတ်ကောင်းရစေ၊ ငါ့အနေမူ၊ ဘဝေဘ၀၊ ဖြစ်သမျှ၌၊ ပါပညစ်ညမ်း၊ အပြစ်သွမ်းတို့၊ ကုန်ခန်းပျောက်လွင့်၊ စိတ်ကောင်းတင့်၍ ငါနှင့်ဆက်သွယ်၊ ကြီးကြီးငယ်လည်း၊ ငါ့နှယ်နည်းတူ၊ စိတ်ကောင်းယူသည်။ နိဗ္ဗူထုတ်ချောက် ရောက်ရန်သောဝ်။

စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ် စေတသိက်များ ပြီး၏။




အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
♣ ကုက္ကုစ္စအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။ 
 

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated