@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Friday 5 December 2014

မေတ္တာအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၂၈)


(( မေတ္တာအခါတော်နေ့ နီးလာပြီ ဖြစ်လို့ မေတ္တာအကြောင်းအရာလေးကို ပြန်လည် update လုပ် တင်ပြပေးလိုက်ပါတယ်))
 


“မေတ္တာ”ဟူသော အမည်နာမဖြင့် စေတသိက် သီးခြားမရှိချေ။ ရှေ့၌ ပြခဲ့သော အဒေါသ-စေတသိက်ကိုပင် သတ္တ၀ါများ၏ စီးပွားချမ်းသာ လိုလားချစ်ခင်ရာ၌ “မေတ္တာ”ဟု ခေါ်ဝေါ်ရပေသည်။ ထို့ကြောင့် “မှတ်ယူချစ်ငြား-မေတ္တာပွား၍”ဟု ဆိုခဲ့သည်။ သို့ဖြစ်၍ တစ်ယောက်ယောက် အပေါ်ဝယ် သူ၏ အကျိုးစီးပွားကို လိုလားသော (ကြီးပွားအောင် စောင့်ရှောက်ကူညီလိုသော) ချစ်ခင်မူကို မေတ္တာဟု မှတ်ပါ။

(မေတ္တာအတု)

ဆွေချစ် မျိုးချစ် သမီးခင်ပွန်းချစ်စသော အချစ်များလည်း တစ်ယောက်အကျိုး တစ်ယောက်က လိုလားကြ၊ ကူညီစောင့်ရှောက်လို ထောက်ပံ့လိုကြ၏။ ထိုကဲ့သို့ ချစ်နေသူအပေါ်၌ “မေတ္တာရှိသည်”ဟုလည်း ပြောဆိုကြသည်။ သို့သော် ထိုအချစ်မျိုးမှာ မေတ္တာအစစ် မဟုတ်၊ လောဘခန်း၌ ပြခဲ့သော “ဂေဟဿိတ ပေမ = အိမ်၌မှီသောအချစ်”တည်း။

ရှေးတုန်းက ဒါယကာတစ်ယောက်သည် “မေတ္တာပွားသောအခါ မည်သူကစ၍ ပွားများရပါသနည်း”ဟု ဆရာ့အထံ လျှောက်လေရာ၊ ဆရာက “မေတ္တာအရှိဆုံးသူကစ၍ ပွားများရမည်”ဟု မိန့်သဖြင့် ညဥ့်အခါ အိပ်ခန်းအပြင်ဘက်၌ ထိုင်၍ သူ၏ ဇနီးကို ရည်မှန်းလျက် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းလေလျှင် ဇနီးအပေါ်၌ ချစ်ခင်မူ တိုးလာရကား ချက်ချင်းထ၍ ဇနီးအထံ သွားလေသည်။

သို့သော် အတွင်းက မင်းတုပ်ထိုးထားသဖြင့် ၀င်ခွင့်မရသောကြောင့် နံရံကို ဦးခေါင်းဖြင့် ဝှေ့ကာ မေတ္တာ၏ အကျိုးကို ခံစားနေရှာသတဲ့။ ထို့ကြောင့် ထိုအချစ်မျိုးကို “ဂေဟဿိတပေမ”ဟု မှတ်ရမည်။


(နွားမကြီး၏ မေတ္တာ)

ထိုတဏှာပေမမျိုးဖြင့် ချစ်ခင်နေသူ၏ အပေါ်မှာ “မည်သည့် အခါမျှ မေတ္တာအစစ် ကုသိုလ်စိတ်မဖြစ်နိုင်”ဟု မဆိုထိုက်ပါ။ မကြာမကြာ မေတ္တာအစစ် ကုသိုလ်ဖြစ်သောအခါလည်း ရှိနိုင်ပါသည်။

ရှေးသောအခါ မိခင်နွားမကြီးသည် မေတ္တာအစစ်ဖြင့် သားငယ် နွားကလေးကို နို့ချိုတိုက်ကျွေးနေစဉ် မုဆိုးက လှံဖြင့် ထိုးသတ်လေရာ မေတ္တာတန်ခိုးကြောင့် လှံမစူးဘဲ ထန်းရွက်ကဲ့သို့ ပျော့ကျသွားလေသတဲ့။ ဤသို့လျှင် ဆွေမျိုးဉာတိ သားသမီး ဇနီးမောင်နှံတို့၏ အတွင်းမှာလည်း အချင်းချင်း မေတ္တာအစစ်များ ဖြစ်နိုင်ကြပေသည်။

(သာမာဝတီ၏ မေတ္တာ)

ကောသမ္ဗီပြည် ဥတေနမင်းဝယ် သာမာဝတီ၊ မာဂဏ္ဍီ၊ ၀ါသုလဒတ္တဒေ၀ီဟု မိဖုရားကြီး ၃-ယောက်ရှိသည်။ သာမာဝတီသည် ရတနာသုံးပါးကို ကြည်ညို၏။ မာဂဏ္ဍီကား မိဖုရားမဖြစ်ခင် အပျိုစင်ဘ၀ကပင် ဘုရားရှင်အပေါ်မှာ ရန်ငြိုးထားခဲ့သော ပုဏ္ဏေးမကလေးတည်း။ ထို့ကြောင့် မာဂဏ္ဍီသည် သာမာဝတီအပေါ် အမြဲအပြစ်ရှာ၏။

သာမာဝတီကား မေတ္တာတရား အထူးပွားများနေသူဖြစ်သည်။ ဥတေနမင်းသည် မိဖုရား ၃-ယောက်တို့၏ အဆောင်ဝယ် တစ်လှည်စီစံစားကာ စောင်းတီးဝါသနာပါသော ဘုရင်တစ်ဦးတည်း။

အခါတစ်ပါး၌ သာမာဝတီ အထံ အဆောင်တော်ကူးရန် နီးလေသော် မာဂဏ္ဍီသည် သူ၏ ဘထွေးထံ အဆိပ်ပြင်းသော မြွေကိုမှာ၍ အဆိပ်ကို ဖြေစေလျက် စောင်းခွက်အတွင်းသို့ သွင်းထားလေသည်။

ထို့နောက် အပေါက်ကို ပန်းကုံးဖြင့် ပိတ်ဆို့ထားပြီးမှ ဘုရင့်ထံသွား၍ အိပ်မက်ရာမက် မကောင်းသောကြောင့် သာမာဝတီအဆောင် မကူးဖို့ရန် မိန်းမတို့ ပင်ကိုဉာဏ်ဖြင့် သံတော်ဦးတင်လေသော် ဘုရင်က ဂရုမစိုက်ဘဲ သာမာဝတီ၏ အဆောင်သို့ ကူးသွားလေရာ၊ စိတ်မချသည့်ဟန်ဖြင့် နောက်က အတင်းလိုက်သွားလေသည်။

အဆောင်တော်ရောက်၍ ဆက်သသော ပွဲတော်ကို တည်ပြီးနောက် သလွန်ပေါ်၌ လျောင်းသည့်အခါ မယောင်မလည်နှင့် သူပိတ်ဆို့ထားသော ပန်းကုံးကို နုတ်လိုက်လေသည်။

ထိုအခါ ထည့်ထားသော မြွေသည် အလွန်စိတ်ဆိုးနေရကား ရှူးခနဲထွက်ခါ ဘုရင့်ဦးခေါင်းအနီးသို့ ရောက်လာလေသော် အလွန်ထိတ်လန့် စိုးရိမ်ဟန်ဖြင့် ရှင်ဘုရင်ကိုပြ၍ သာမာဝတီနှင့် မောင်းမတစ်စုကို ကြိမ်းမောင်းပြီးလျှင် ဘုရင်ကိုသူ့စကားကို နားမထောင်သဖြင့် ယခုဖြစ်ရသည်ဟု အပြစ်တင်လေသည်။

ဥတေနမင်းကား မာဂဏ္ဍီစီစဉ်သမျှကို လုံးဝနားမလည်ခြင်းကြောင့် လွန်စွာ ထိန်လန့်၍ ရာဇမာန်ရှလေရကား “မင်းတို့မျက်စောင်း အကြောင်းမရွေး” တော့ဘဲ ကိုင်နေကျ လေးကိုတင်ကာ သာမာဝတီတို့ အစုကို စီတန်းစေလျက် ပစ်ဖို့ရန် ကြိမ်းဝါးနေတုန်းမှာပင်

သူတော်စင် ထိပ်ထားလေးက သူ၏ မောင်းမမိဿံများကို သြ၀ါဒ ပေးသည်မှာ---
“အမိတို့… မောင်တော်မင်းမြတ်နှင့် မာဂဏ္ဍီတို့အပေါ်မှာ အနည်းငယ်မျှ စိတ်မကွက်ကြနဲ့နော်။ ယခုလို အခါမျိုးမှာ မေတ္တာမှတစ်ပါး အားကိုးစရာ မရှိပေဘူး။ အမိတို့ ပွားများနေကျ ဖြစ်သော မေတ္တာကိုသာ မောင်တော်နှင့် မာဂဏ္ဍီတို့အပေါ်မှာ ကြိုးစား၍ ပွားများကြပါ”


ဤသို့ တိုက်တွန်းလေလျှင် ပင်ကို ယဉ်ကျေးပြီးသော မောင်းမများဖြစ်သည့်အတွက် နီးကပ်သော အသက်ဘေးကို အရေးတကြီး မစဉ်းစားဘဲ မေတ္တာကိုသာ ပွားကြလေသည်။ ဥတေနမင်းကား အမျက်မပြေနိုင်သေးသဖြင့် ချိန်ရွယ်ထားသော မြားကို တအားကုန်လွှတ်လိုက်လေရာ မေတ္တာတန်ခိုးကြောင့် မြှားအရှိနိ ရှေ့မတိုးဘဲ ပစ်သူ့အထံမြားပြန်၍ ခ,လေသော် ဥတေနမင်း သတိရ၍ မိဖုရားခြေရင်း၌ထိုင်ကာ သည်းခံဖို့ရန် တောင်းပန်ရှာလေသည်။


(၀တ္ထုမှတ်ချက်)

မာဂဏ္ဍီမှာ သာမာဝတီ၏ အပေါ်၌ ကိုယ့်ထက်သာ၍ မနာလိုသော ဣဿာစိတ်၊ ပရိယာယ်ဉာဏ်ဆင်ရသော မာယာစိတ်၊ သေစေလိုသော ဒေါသစိတ်များဖြစ်၏။

ဥတေနမင်း၌ မြွေကို သေစေလိုသော ဒေါသစိတ်များဖြစ်၏။ ဥတေနမင်း၌ မြွေကို မြင်ရသည်ကစ၍ ဒေါသစိတ်မွှန်ကာ မြားပြန်လာသော အခါကျမှ လွန်စွာ ကြောက်ရွံ့သော ဒေါသ ဒေါမနဿစိတ်များ ဖြစ်ရပြန်သည်။ မောင်းမအများနှင့်တကွ သာမာဝတီထိပ်ထားကား ရန်သူ့အပေါ်၌ပင် မေတ္တာစိတ် ထားနိုင်ပေသည်။


(နည်းယူဖွယ်)

ယခုကာလ သူတော်ကောင်း အမြင့်တန်းကို မှန်းထားရင်း ရှိသူများမှာလည်း သာမာဝတီ ထိပ်ထား၏ ထုံးကို နှလုံးသွင်းလျက် မိမိအပေါ်မှာ မတော်မတရား ဣဿာမစ္ဆရိယများ သူများကိုပင် အတုံ့ပြန်၍ ရန်မမူမိစေဘဲ မိမိစိတ်ကိုသာ ကောင်းသည်ထက် ကောင်းအောင် ပြုပြင်ကြပါ။

အကျိုးဆောင်ခွင့် ကြုံလာလျှင် အဖိုးတန်လှစွာသော မေတ္တာလက်နက်ကို အချက်ကျကျ သုံးစွဲသင့်ပါသည်။

(မေတ္တာသည် ရေနှင့်တူ၏။ ဒေါသမီးသည် မီးနှင့်တူ၏။ ရေများလေ မီးငြိမ်းလေ။ ထို့ကြောင် ဒေါသနည်းအောင် မေတ္တာတိုးပွားဖို့ ကြိုးစားသင့်ကြပါသည်။)
♣ မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ♣

အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ......
 
♣ အမောဟ(ပညာ)အကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။ 

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated