@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Thursday 13 November 2014

မာယာ နှင့် သာဌေယျအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၉)


တဏှာလောဘကိုပင် တချို့အရာ၌ “မာယာ” ဟုခေါ်ရ၏။ ထို့ကြောင့် ဤနေရာဝယ် မာယာအကြောင်းကိုလည်း ထည့်သွင်းဖွင့်ပြဦးမည်။ မာယာသည် မျက်လှည့်သည်နှင့် တူ၏။ မျက်လှည့်သမားသည် ကျောက်ခဲ့ကိုကောက်၍ ရွှေတုံးထင်အောင် လှည့်စားနိုင်သကဲ့သို့ ဤမာယာလည်း လူတစ်ဖက်သား အထင်မှားအောင် မိမိမှာရှိသော အပြစ်ကို ဖုံးကွယ်တတ်လေသည်။ “မိမိမှာ အပြစ်ရှိလျက် မရှိသလို ဟန်ဆောင်တတ်သည်”ဟုဆိုလိုသည်။

မိန်းမမာယာ
 
ရှေးသရောအခါ တက္ကသိုလ်ဆရာကြီးမှာ တပည့်တစ်ယောက် ရှိလေသည်။ ထိုတပည့်၏ မိန်းမသည် အခြားယောက်ျားနှင့် ဖောက်ပြားလေ့ရှိ၏။ ထိုဖောက်ပြားသောနေ့၌ မိမိ၏ခင်ပွန်းကို ခါတိုင်းထက် ပို၍ယုယ၏။ မဖောက်ပြားသောနေ့၌ကား ကျွန်ကဲ့သို့ သဘောထား၍ စော်စော်ကားကား ပြုလုပ်လေ့ရှ၏။ ထိုကဲ့သို့ ထူးခြားသော အမူအရာကို နားမလည်၍ စိတ်ရူပ်လာသော တပည့်က မိမိ ဆရာကြီးကို အကြောင်းစုံ ပြောပြလေရာ ဆရာကြီးက မိန်းမတို့ ပြုမူတတ်ပုံ သဘောကို အမှန်အတိုင်း ပြောပြလေသည်။

 
မှတ်ချက်

ဤ၀တ္ထုလာ မိန်းမသည် အခြားယောက်ျားနှင့် ဖောက်ပြားသောနေ့ဝယ် မိမိအပြစ်ကို ကွယ်ကာလိုသောကြောင့် ခင်ပွန်းအပေါ်မှာများစွာ ကြင်နာဟန်ဆောင်လေသည်။ ထိုကြင်နာဟန်ဆောင်မူသည် ဤမာယာပင်တည်း။ ဤမာယာကို တချို့အရာ၌ “တင်္ခဏုပ္ပတ္တိဉာဏ်” (ရုတ်တရက်အကြံကောင်းသောဉာဏ်) ဟုလည်း ခေါ်ရပြန်သည်။ (တင်္ခဏ=ထိုခဏ၌ + ဥပ္ပတ္တိ+ဖြစ်ပေါ်လာသောဉာဏ်၊ ဉာဏ်ဆိုသော်လည်း ဉာဏ်အစစ်မဟုတ်၊ ဉာဏ်အတုသာ ဖြစ်သည်။ ဉာဏ်အစစ်ကား ကောင်းသောအရာ၌သာ ဖြစ်သည်။)


ရုတ်ရက်ဉာဏ်ကောင်းသူ



အိမ်ရှင်မ တစ်ယောက်သည် အစေခံယောက်ျားကလေးနှင့် ဖောက်ပြားလေ့ ရှိ၏။ အခါတစ်ပါးသော် ထိုယောက်ျားကလေးအား နမ်းနေသည်ကို အိမ်ရှင်ယောက်ျား မြင်သွားလေသည်။ ထိုသို့မြင်သွားကြောင်းကိုလည်း အိမ်ရှင်မကိုယ်တိုင် သိလိုက်ရကား မိမိ၏ ခင်ပွန်းထံသို့ သွားပြီးလျှင်---


“အရှင်--- ဒီကောင်လေးဟာ မရိုးသားဘူး၊ ယနေ့ အရှင်အဖို့ထားတဲ့ မုန့်ကိုယူစားပြီး ကျွန်မကမေးတော့ မယူဘူးလို့ လိမ်တယ်။ ယခု သူ့ပါးစပ်ကို နမ်းကြည့်တော့ ပါးစပ်က မုန့်စော်နံတယ်။ မရိုးသားသူကို အိမ်မှာထားလို့ မသင့်တော်ဘူးထင်တယ်”ဟု ပြောလေသည်။

မှတ်ချက်

ဤ၀တ္ထု၌ အစေခံကို သူကနမ်းမူသည် လွန်စွာဆိုးရွားသော အပြစ်ကြီးဖြစ်ပါလျက် ထိုအပြစ်မပေါ်အောင် လှည့်ပတ်တတ်သော ရုတ်တရက်အကြံမှာ မာယာပင် ဖြစ်သည်။ ဤမာယာသည် မိန်းမမှာသာ ရှိသည်မဟုတ်၊ ယောက်ျားများ၌လည်း ရှိသည်ပင်။

ရသေ့မာယာ
 ရှေးသရောအခါ ရွာတစ်ရွာ၌ ဒါယကာတစ်ယောက် ကိုးကွယ်ထားသော ရသေ့တစ်ဦး ရှိလေသည်။ ခိုးသူဘေးကြောင့် ရွှေစင်နိက္ခတစ်ရာကို ရသေ့ ကမ္မဋ္ဌာန်းကျောင်း အနီးအပါး၌ မြုပ်ထားပြီးလျှင် “အရှင်ဘုရား - သတိပြုလိုက်ပါ”ဟု မှာထားသော အခါ “ဟဲ့ - ဒါယကာ၊ ရသေ့ရဟန်းကို ယခုလို ကြည့်ရူရစ်ဖို့ရန် မမှာကောင်းဘူး”ဟု မိန့်လိုက်လေသတဲ့။
ထို့နောက် ရသေ့အကြံဖြစ်သည်မှာ “ရွှေစင်နိက္ခတစ်ရာဆိုလျှင် လူ့ဘောင်မှာ ချောင်ချောင်လည်လည် ရှိပြီ” ဤသို့ ကြံပြီးလျှင် ထိုရွှေများကို မိမိသွားမည့် လမ်းအနီး၌ ရွေ့ပြောင်းမြုပ်နှံထား၍ နက်ဖြန်ဆွမ်းစားအပြီးတွင် “ဒကာတို့ကိုမှီ၍နေခဲ့သည်မှာ အတော်ကြာပြီ။ ကြာလွန်းတော့ သံယောဇဉ်ဖြစ်တတ်သည်။ သို့ဖြစ်၍ တခြားအရပ်သို့ သွားဦးမည်”ဟု ပြောလေရာ ဒါယကာက အခါခါတားသော်လည်း တားမရသောကြောင့် ရွာတံခါးထိအောင်ပင် လိုက်၍ပို့ရှာသေးသည်။



ထို့နောက် တော်တော်သွားပြီးကာမှ တစ်ဖန်ပြန်လာပြီးလျှင် “ဒကာ၊ သင်တို့အမိုးအိမ်က သက်ငယ်မြက်တစ်ပင် ငါ၏ဆံကျစ်၌ ငြိပါလာသည်၊ ရသေ့ရဟန်းဆိုတာ မပေးလှူအပ်သော အရာကို မြက်တစ်ပင်မျှ မယူကောင်း”ဟုပြောသော် ရိုးရှာသော ဒကာက “သိပ်ပြီးသီလ ရှိတာပဲ”ဟု လေးလေးပင်ပင် ကြည်ညိုသွားလေသည်။


သို့ရာတွင် ထိုအခိုက်၌ ထိုဒါယကာ၏ အိမ်မှာ အတော်ပါးနပ်သော ဧည့်သည်ရောက်ရှိနေသဖြင့် ထိုဧည့်သည်က “မိတ်ဆွေရဲ့ ဆရာထံမှာ ဘာများအပ်နှံထားပါသလဲ။ အပ်ထားလျှင် သွား၍ ကြည့်စမ်းပါ”ဟု သတိပေးမှ သွား၍ကြည့်လေရာ ရွှေများ မရှိတော့၍ ဧည့်သည်နှင့်အတူ ရသေ့နောက်သို့ အမြန်လိုက်ကာ ရွှေများနှင့်တကွ ရသေ့ကို ဖမ်းမိကြလေသည်။

မှတ်ချက်


ဤ၀တ္ထု၌ ရသေ့၏ မိမိရွှေခိုးမူ ပေါ်မည်စိုး၍ သက်ငယ်မြက်တစ်ပင်ကို ပြန်၍ ပေးခြင်းသည် ဤမာယာပင် ဖြစ်၏။ ဤသို့လျှင် ပရိယာယ် မာယာသည် ရသေ့ ရဟန်းအချို့တိုင်အောင် ပျံ့နှံ့လျက်ရှိရကား ယခုလို “အပလီဉာဏ်၊ အလိမ်ဉာဏ်”ခေါ် မာယာပေါသော ကာလ၌ လုံးဝပုံ၍ ယုံကြည်ထိုက်သူ နည်းပါးသောကြောင့် ရိုးသားဖြောင့်မတ်သူနှင့် ပေါင်းသင်း ဆက်ဆံမိဖို့ အရေးမှာ ရှေးကံကောင်းမှသာ ဖြစ်နိုင်ပေလိမ့်မည်။

မာယာပေါများပုံ


မိမိအပြစ်ကို ဖုံးလွှမ်းရာ၌ ပြခဲ့ပြီးသော ၀တ္ထုများအပြင် မိမိမှာ အပြစ်ကင်းဟန် ခပ်ထန်ထန်ဖြင့် ဆောင့်ကြီးအောင့်ကြီး လုပ်၍ ဖုံးကွယ်ခြင်း၊ အပြစ်တင်မည့်သူကို ကြောက်လောက်အောင် ခြောက်၍ ဖုံးကွယ်ခြင်း၊ မြှောက်၍ဖုံးကွယ်ခြင်း စသည်ဖြင့် မာယာ၏အပြစ်ကွယ်ကာနည်းတွေ အမျိုးမျိုးရှိလေသည်။


လူအများနေသော ကျောင်းတိုက်၊ အိမ်စသည်များ၌ ထိုကဲ့သို့ မာယာသမားမျိုးကို အများအပြား တွေ့ရတတ်၏။ ညဥ့်အခါ မစွန့်ထိုက်သော နေရာဝယ် အညစ်အကြေးစွန့်ထားမိလျှင် စွန့်ထားသူက သူမဟုတ်သလို ဟန်ဆောင်နေတတ်၏။ ပရိသတ်အလယ်ကိုယ်တွင်းမှ မကောင်းနံ့လည် သွားလျှင်လည်း ယုန်ထင်ကြောင်ထင်ဖြစ်အောင် သားရေသံနှင့် ရောစပ်တတ်ရုံသာမက (လေလည်သံကို သားရေအခင်း၏အသံ ထင်အောင် ပြုတတ်ရုံမက) သူတစ်ပါးအပေါ် အထင်ရောက်အောင်လည်း ကြံဆောင်လှည့်ပတ်တတ်၏။


ဤသို့ စသည်ဖြင့် မာယာသဘောတွေ အလွန်ပေါများနေရကား ရှေးလူကြီးတို့က “ပရိယာယ်တစ်ထောင်၊ မာယာကောင်တစ်သိန်း၊ အပလိန်းအနန္တ၊ သဲကိုးဖြာ မလောက်လို့ ရှားကိုးပင်က ရှားရွက်တွေကိုပင် ရောနှော၍ ရေတွက်ရသည်”ဟု ပြောစမှတ်ပြုခဲ့ကြလေသည်။ (ထိုစကား၌ “ပရိယာယ်၊ အပလိန်း၊ (အပလီ)”ဟူသည်လည်း ဤမာယာပင်တည်း။
သာဌေယျအကြောင်း
မာယာနှင့်စပ်၍ သာဌေယျကြောင်းကိုလည်း မှတ်သားထိုက်၏။ အခြားသူတို့ အထင်ကြီးအောင် မိမိမှာမရှိသော ဂုဏ်ကိုရှိဟန်ဆောင်တတ်သော လောဘတစ်မျိုးကိုပင် “သာဌေယျ”ဟုခေါ်သည်။ မာယာသည် ရှိသော အပြစ်ကို ဖုံးကွယ်၍ မိမိမှာ အပြစ်ကင်းဟန်ဆောင်၏။ သာဌေယျကား မိမိမှာ မရှိသောဂုဏ်ကို ရှိဟန်ဆောင်၏။ ထိုနှစ်မျိုးလုံးပင် အလိမ်ဉာဏ် အပလီဉာဏ် အကောက်ဉာဏ်မျိုးချည်းတည်း။

ဘုန်းကြီးများ သာဌေယျ


သီလမရှိဘဲ ရှိဟန်၊ အကျင့်မကောင်းဘဲ အကျင့်ကောင်းဟန်၊ စာပေမတတ်ဘဲ စာပေတတ်ဟန်ဆောင်ခြင်းသည် သာဌေယျပင်တည်း။ ပါးနပ်သော ဒကာများနှင့် မတွေ့သမျှ ထိုဟန်ဆောင်မူ သာဌေယျသည် ထိုပုဂ္ဂိုလ်များ အကျိုးရလျက်ရှိ၏။ ပါးနပ်သူနှင့် တွေ့စေကာမူ ထိုသူတို့က “ငါတို့အနေသာချည်းပဲ၊ သူ့ဘာသာသူ ညာချင်ညာပစေ”ဟု သဘောထားသောကြောင့် လည်းကောင်း၊ ရင်းနှီး၍ ပါးနပ်သူတို့ကမူ မိမိဆရာ၏ အရည်အချင်းမရှိကြောင်းကို အခြားသူတို့ သိမည်စိုး၍လည်းကောင်းထိုသူ၏ ဟန်ဆောင်မူ သာဌေယျသည် ယခုဘ၀အတွက် အကျိုးရလျက်ပင်။

လူများသာဌေယျ


သီလမရှိဘဲ သီလရှိဟန်၊ သမာဓိမရှိဘဲ သမာဓိရှိဟန်၊ စွမ်းရည်သတ္တိမရှိဘဲ စွမ်းရည်သတ္တိရှိဟန်၊ ပညာမရှိပဲ ဘီအေ၊ အမ်အေ အောင်ဟန်၊ ဥစ္စာမရှိဘဲ ဥစ္စာရှိဟန် စသည်ဖြင့် လူတို့၏ ဟိတ်ဟန် ထုတ်မူ သာဌေယျစုလည်း များလှပေသည်။

မာယာသာဌေယျတို့ ဆိုးရွားပုံ


ဤမာယာသာဌေယျတို့သည် ဖြစ်ရိုးဖြစ်စဉ် လိုချင်မူ လောဘထက်ပင် လောက၌ ဆိုးရွား၏။ ထင်ရှားစေအံ့ - ဘုန်းကြီးများမှာ သီလ၊ သမာဓိ၊ ပညာမရှိဘဲ ရှိဟန်ဆောင်နေသည့်အတွက် သီလ၊ သမာဓိ၊ ပညာ အမှန်ရှိသော ပုဂ္ဂိုလ်များကို မိမိနှင့်တန်းတူထား၍ ၀ါကြွားပြောဆိုရတော့မည်။ ထိုသို့ ပြောဆိုမိသည့်အတွက် ဘ၀သံသရာ၌ ကိုယ်ကျိုးနစ်နာခဲ့လေပြီ။ ထိုဘုန်းကြီးမျိုးကို ကိုးကွယ်ထားသော ဒကာဒကာမတို့မှာလည်း အသိအလိမ္မာ တိုးပွားဖို့ မရှိသည့်အပြင် လှူဒါန်းရာ၌လည်း ပစ္စည်းကုန်သလောက် အကျိုးမများတော့ချေ။ လူတို့တွင်လည်း သီလ၊ သမာဓိ မရှိဘဲ ရှိဟန် ဆောင်နေကြသော ကြောင်သူတော်များကြောင့် အမျိုးသမီးကလေးတွေ ပျက်စီးရ၏။ ထိုလူကြီးလူကောင်း အခေါ်ခံနေရသူတို့၏ ဆိုးရွားသော မတရားအသက်မွေးမူကြောင့် မြို့ရွာ နယ်ပယ်ရှိ လူအများလည်း အကျင့်စာရိတ္တ ပျက်ပြားရ၏။


စွမ်းရည်သတ္တိ မရှိပါဘဲလျက် စွမ်းရည်သတ္တိ ရှိဟန်ဆောင်၍ ခေါင်းဆောင်အခေါ်ခံနေသူတို့အတွက် နောက်လိုက်ငယ်သားတို့ အသက်စည်းစိမ်ကိုပါ ဆုံးရူံးကြရရုံသာမက၊ ထီးကျိုးစည်းပေါက်၍ တိုင်းပြည်ပါ မှောက်တတ်လေသည်။ ပစ္စည်းဥစ္စာ အရည်အချင်း မရှိပါဘဲ ရှိဟန်ဆောင်ကြသော မာယာသာဌေယျသမား လူလိမ်ကြီးများကို ယုံမှားမိကြ၍ ယခုကာလ လက်ထပ်ထိမ်းမြားသော အချို့ မင်္ဂလာတွေမှာ ပေါင်းမိကြသောအခါ မင်္ဂလာမစစ်နိုင်တော့ဘဲ အမင်္ဂလာအဖြစ်သို့ ပြောင်းလဲရရှာလေသည်။


ဆက်ဦးအံ့ - လက်ထပ်မင်္ဂလာ ပြုကြရာ၌ နှစ်ဖက်လုံးမှာဖြစ်စေ၊ တစ်ဖက်ဖက်မှာဖြစ်စေ ရှိနေသော အပြစ်အနာများကို ဖုံးကွယ်ထားသော မာယာနှင့် မရှိသော ဂုဏ်သိန်စည်းစိမ်ကို ရှိဟန်ဆောင်မူ သာဌေယျတို့ ပါနေကြပါမူ လက်ထပ်ပြီးနောက် မကြာမီ ပေါ်ပေါက်ပါလိမ့်မည်။ ထိုအခါ မိမိအား လှည့်စားသူကို (ဆွေမျိုးတစ်စု) မြတ်နိုးနိုင်ပါဦးမည်လော။ မမြတ်နိုးဘဲ ပေါင်းသင်းနေရလျှင်ကော စိတ်ချမ်းသာနိုင်ပါဦးမည်လော။ “အိမ်ထောင်ဖက်”ဟူသည် တဏှာဖြင့် ချစ်ရုံတွင်သာမက မေတ္တာစစ်ဖြင့် မြတ်နိုးမူလည်း ပါရှိရပါသေးသည်။


ဗုဒ္ဓဘာသာဝင်တို့၏ လက်ထပ်မင်္ဂလာမူသည် ယခုဘ၀ တစ်ဘ၀နှင့် ကိစ္စပြီးနိုင်ကြသည် မဟုတ်ပေ။ စိတ်တူသဘောတူ ကြည်ကြည်ဖြူဖြူ ရှိကြပါမူ ဘုရားသွားကျောင်းတက် အလှူရေစက်တို့ကို နောက်နောင်သံသရာအတွက် ဆက်လက်ပေးတတ်ကြလေသည်။ (အားလုံး ပေးလိမ့်မည်ဟု မဆိုလို၊ ပေးတတ်သည်ဟု ဆိုလိုပါသည်။) ထိုကဲ့သို့ မဖြူစင်ကြဘဲ မာယာသာဌေယျ တို့ကို အရင်းခံခဲ့ပါမူ တစ်ဘ၀တွင်သာမက အတူပြုရသမျှ ကုသိုလ်တို့၌လည်း စိတ်မထက်သန်ရကား နောက်နောင် သံသရာတိုင်အောင် အကျိုးနည်းဖွယ် ရှိ၏။ ထို့ကြောင့် လက်ထပ်မင်္ဂလာပြုမည်ဟု ကြံစည်စကပင် မာယာသာဌေယျ မနောစင်းလုံးချော မင်္ဂလာဖြစ်စေသင့်ကြပါသည်။


ဤသို့လျှင် မာယာသာဌေယျသည် တစ်ဦးတစ်ယောက်ကို ဖြစ်စေ၊ လူအများကိုဖြစ်စေ၊ တစ်တိုင်းပြည်လုံးကိုဖြစ်စေ၊ (ဘုရားမဟုတ်ဘဲ ဘုရားလုပ်နေသူ တိတ္ထိများကဲ့သို့) တစ်ကမ္ဘာလုံး ကိုဖြစ်စေ လှည့်ပတ်တတ်လေရကား အလွန်ယုတ်မာဆိုးရွားသော တရားဟု ဆိုထိုက်ပေသည်။ ထိုမျှလောက် ဆိုးရွားသော်လည်း ယခုကာလ၌ အများအပြား ဖြစ်လျက်ရှိသောကြောင့် မိမိကိုယ်ကို ပါရမီရှင်သူတော်စင်ဟု ဆုံးဖြတ်ထားသူတို့သည် ထိုမာယာသာဌေယျသမား လူအများတွင် မပါဝင်ကြစေဘဲ မရိုးမသား ဆိုးရွားသော တရားတို့ကို မိမိသန္တာန်မှာလည်း မဖြစ်အောင်၊ မိမိနှင့် ဆက်သွယ်သူများ၌လည်း မဖြစ်အောင် အထူးသတိထားကြပြီးလျှင် ဖြူစင်ထက်မြက် သွက်လက်ဖြောင့်မတ် မြင့်မြတ်သောစိတ် ရှိသူချည်းသာ ဖြစ်သင့်ကြပေသည်။ 


အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။


လောဘအကြောင်းကိုဒီမှာ   နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။ 

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated