@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Thursday 13 November 2014

ဒိဋ္ဌိအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၁၀)


မှားမှားယွင်းယွင်း သိမြင်ခြင်းသည် ဒိဋ္ဌိမည်၏။ ထို့ကြောင့် “မှားသောအမြင်-ဒိဋ္ဌိတွင်သား”ဟုဆိုခဲ့သည်။ ဤအသိအမြင်မှား နေခြင်းကိုပင် ယခုကာလ၌ “အယူမှားနေခြင်း”ဟု ခေါ်ကြ၏။ ဤဒိဋ္ဌိသည် “မရှိသည်ကို အရှိ၊ ရှိသည်ကို မရှိ၊ မဟုတ်သည်ကို အဟုတ်၊ ဟုတ်သည်ကို မဟုတ်”ဟု သိမြင်နေရုံသာမက “သူ၏အယူက အမှန်၊ သူများအယူတွေ အလွဲ”ဟု စွပ်စွဲတတ်သေး၏။


ထိုတွင် ဤကမ္ဘာလောကကြီးနှင့် သတ္တ၀ါတွေကို ဖန်ဆင်းသူ မရှိပါဘဲလျက် ဖန်ဆင်းသူရှိ၏ဟု သိမြင်ခြင်း၊ သတ္တ၀ါတို့၏ ကိုယ်ခန္ဓာအတွင်း၌ အတ္တဟုခေါ်သော အသက်ကောင် မရှိဘဲလျက် “အတ္တရှိ၏၊ အသက်ကောင်ရှိ၏”ဟု သိမြင်ခြင်းသည် “မရှိသည်ကို အရှိ”ဟု သိမြင်သော ဒိဋ္ဌိတည်း။


သတ္တ၀ါတို့ သန္တာန်၌ ပြုပြုသမျှ ကုသိုလ်ကံ အကုသိုလ်ကံသည် နောင်အခါ အကျိုးပေးရန် သတ္တိကျန်ရှိပါလျက် ထို ကုသိုလ်ကံ အကုသိုလ်ကံ မရှိဟု သိမြင်ခြင်း၊ ထိုကံ၏ အကျိုးကို အကောင်းအဆိုး အမျိုးမျိုး ခံစားနေရပါလျက် “ကံ၏အကျိုး မရှိ”ဟု သိမြင်ခြင်း၊ ရုပ်နာမ်တရားတို့၏ ချုပ်ငြိမ်းခြင်းဟူသော နိဗ္ဗာန်တရား ရှိပါလျက် နိဗ္ဗာန်မရှိဟု သိမြင်ခြင်း၊ နိဗ္ဗာန်မရသေးသမျှ ရောက်ရဦးမည် နောက်ဘ၀ရှိပါလျက် တမလွန် (နောက်နောက်ဘ၀) မရှိဟု သိမြင်ခြင်းသည် “ရှိသည်ကို မရှိ”ဟု သိမြင်သော ဒိဋ္ဌိတည်း။


သတ္တ၀ါတွေကိုသတ်၍ ယဇ်နတ်ပူဇော်ကြခြင်းသည် အင်မတန်ကြီးကျယ်သော ကောင်းမူကုသိုလ်ပေတည်း။ အလွန်အေးမြသော ကာလ၌ ရေချိုးခြင်း၊ အလွန်ပူအိုက်သော ကာလ၌နေ့လယ်ကြောင်တောင်ဝယ် မီးလေးဖိုအလယ်၌နေ၍ ကိုယ်ကိုမီးကင်ခြင်း၊ နွားလိုနေခြင်း၊ ခွေးလိုနေခြင်း စသော အကျင့်များသည် ကိလေသာစင်ကြယ်ဖို့အကြောင်း ကောင်းသော အကျင့်တည်း။ ကောင်းသောအချိန်အခါဝယ် ဂင်္ဂါမြစ်ရေ၌ အပြစ်တွေကို မျှောရခြင်းသည် ပြုမိသောအပြစ်များ၏ စင်ကြယ်ဖို့အကြောင်း ကောင်းသောအကျင့်တည်း။ ဤသို့စသည်ဖြင့် သိမြင်နေခြင်းသည် “မဟုတ်သည်ကို အဟုတ်”ဟု သိမြင်သော ဒိဋ္ဌိတည်း။

 

ဒါန၊ သီလ၊ ဘာဝနာများကို ပြုခြင်းသည် သုဂတိသို့ ရောက်ကြောင်း၊ နိဗ္ဗာန်ကိုသိမြင်ဖို့အကြောင်း ကောင်းသောအကျင့် မဟုတ်ဟု သိမြင်ခြင်းသည် “ဟုတ်သည်ကို မဟုတ်”ဟု သိမြင်သော ဒိဋ္ဌိတည်း။ ဤသို့ စသည်ဖြင့် ဒိဋ္ဌိ၏ အမှားသိပုံမှာ လွန်စွာ အရာကျယ်လေသည်။ ဤဒိဋ္ဌိနှင့်တကွဖြစ်သော စိတ်ကို “ဒိဋ္ဌိစိတ်”ဟုခေါ်၍ ထိုအယူမှားရှိသူကို “မိစ္ဆာဒိဋ္ဌိ”ဟုခေါ်ကြသည်။ (နောက်နောက် စေတသိက်များ၌လည်း တွဲဖက်စိတ်နှင့် ပုဂ္ဂိုလ်အပေါ်မှာ ထိုက်သလို နာမည်ရပုံကို သိပါ။)
 
အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။ 


♣ မာယာသာဌေယျကြာင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။ 

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated