@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 11 November 2014

မောဟအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၄)


မောဟ ၂-မျိုး

မသိတတ်ခြင်းသဘောသည် မောဟတည်း။ ထို့ကြောင့် “မသိတတ်ဘိ-မောဟသိလော့”ဟု ဆိုခဲ့သည်။ ထိုမောဟသည် အနုသယမောဟ၊ ပရိယုဋ္ဌာမောဟ ဟု ၂-မျိုးရှိ၏။ အနုသယဟူသော ပါဠိသည် ငြိမ်ဝပ်ခြင်း၊ ကိန်းအောင်းနေခြင်းဟု အဓိပ္ပာယ်ရှိ၏။ ပရိယုဋ္ဌာန-ဟူသော ပါဠိကား ထကြွခြင်းဟု အဓိပ္ပာယ်ရ၏။ ထို့ကြောင့် သတ္တ၀ါတို့၏ သန္တာန်တွင် အစဉ်တစိုက် လိုက်ပါနေသော မောဟသည် အနုသယမောဟမည်၏။ တစ်ခါတစ်ရံ စိတ်နှင့် တွဲဖွက်၍ ဖြစ်ပေါ်လာသော မောဟသည် ပရိယုဋ္ဌာနမောဟ မည်၏။

အနုသယမောဟ

အဆိပ်ပင်၌ အဆိပ်သီးများကို သီးစေနိုင်သော ဓာတ်သတ္တိပါရှိသကဲ့သို့ ထို့အတူသတ္တ၀ါတို့ သန္တာန်၌ သိထိုက်သော တရားများကို မသိအောင် ဖုံးကွယ်တတ်သော ဓာတ်သတ္တိတစ်မျိုး ပါရှိလေသည်။ ထိုဓာတ်သတ္တိကို အနုသယမောဟ ဟုခေါ်၏။ ဤအနုသယမောဟ၏ ဖုံးကွယ်ထားမူကြောင့် ပုထုဇဉ်တို့သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတို့ကိုလည်း နစ်နစ်နောနော မသိကြ၊ သစ္စာလေးပါးကိုလည်း ထိထိမိမိ မသိကြ၊ ပဋိစ္စသမုပ္ပါဒ်ကိုလည်း တပ်တပ်ထင်ထင် မသိမြင်ကြချေ။


ဤအနုသယမောဟဓာတ်ကို ပုထုဇဉ်တို့ ဉာဏ်ဖြင့် မသိနိုင်။ ယခုကာလ စာပေသင်ဖူး၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တ စသည်ကို သိသည်ဟုဆိုသော်လည်း သင့်တော်ရုံ ခန့်မှန်းနိုင်သော အသိမျိုးသာ ဖြစ်၏။ ထိုးထိုးထွင်းထွင်း ရှင်းလင်းအောင်သိသော အသိမျိုး မဟုတ်ချေ။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်သည့်တိုင်အောင် ထိုအနုသယမောဟဓာတ်မှာ အဆင့်ဆင့်ပါးလှပ်ရုံသာ ရှိသေး၏။ ရဟန္တာအဖြစ် ရောက်ပါမှ အနုသယမောဟဓာတ် အကုန်အစင်ပြတ်သည်။ ထို့ကြောင့် “ရဟန္တာမဖြစ်သေးသမျှ ကုသိုလ်ပြုနေတုန်း ခဏ၌လည်း အနုသယမောဟဓာတ်မှာ ငြိမ်သက် ကိန်းဝပ်လျက် ရှိနေသည်သာ”ဟု မှတ်ပါ။

 
ပရိယုဋ္ဌာနမောဟ

စိတ်နှင့်တွဲဖက်၍ မောဟ ထကြွလာသောအခါ အကုသိုလ်စိတ် မကောင်းစိတ်ဖြစ်နေပြီဟု ဆိုရပေသည်။ ဤ ပရိယုဋ္ဌာနမောဟ၏ ဖုံးကွယ်မူကြောင့် ဒုစရိုက်အကုသိုလ်၏ နောင်ရေးနောင်တာ ခံစားရမည့် မကောင်းကျိုးကိုလည်း မသိကြရ။ ယခု လောလောဆယ် ယုတ်မာညစ်ညမ်း ဆိုးသွယ်းမူအပြစ်ကိုလည်း မသိကြရ။ ထို့ကြောင့် မောဟဖြစ်ပေါ်လာသောအခါ နဂိုက ပညာရှိ သူတော်စင်တို့သည်ပင် အပြစ်ကို မမြင်နိုင်ဘဲ ဒုစရိုက်အမူကိုပြုမိကြလေတော့သည်။ ဤ မောဟသည် အကုသိုလ်စခန်း၌ အလွန်ဆိုးသွမ်း မိုက်မဲသောတရားမျိုးပင်တည်း။ ဤလောက၌ မိုက်မဲမူဟူသမျှဝယ် ဤမောဟသာလျှင် အခြေတည်လျက် ရှိလေသည်။

ပညာရှင်ကြီး မောဟဖိစီးပုံ

ဟရိတစမည်သော ငါတို့ ဘုရားအလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော စည်းစိမ်ကြီးကို စွန့်လွှတ်လျက် တောထွက်၍ ရသေ့လုပ်ပြီးလျှင် ဈာန်အဘိညာဉ်ကို ရလေသည်။ ထို့နောက် မိုးကာလအခါဝယ် ဟိမ၀န္တာ၌ မိုးများသောကြောင့် ဗာရာဏသီပြည်သို့ ကြွလာ၍ ဘုရင့်ဥယျာဉ်တော်မှာ သီတင်းသုံးတော်မူလေသည်။ ထိုဗာရာဏသီပြည့်ရှင်ကား ရှင်အာနန္ဒာအလောင်း ပါရမီဖြည့်ဖက် မိတ်ဟောင်းပေတည်း။ ထို့ကြောင့် မြင်လျှင်မြင်ချင်း လွန်မင်းစွာကြည်ညိုရကား ဥယျာဉ်တော်အတွင်းမှာ သီတင်းသုံးရန် တောင်းပန်လျှောက်ထား၍ ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လျက် နံနက်တိုင်း နန်းတော်မှာ မိမိကိုယ်တိုင် ဆွမ်းကပ်လေသည်။
အခါတစ်ပါး၌ကား တိုင်းပြည်ဝယ် သူပုန်ထသောကြောင့် ဘုရင်ကိုယ်တိုင် နှိမ်နင်းရန် ထွက်ခါနီးမှာ ဆရာရသေ့ကို မမေ့ရစ်ဖို့ရန် မိဖုရားအား အတန်တန်မှာပြီးမှ ထွက်သွားလေသည်။ မိဖုရားလည်း အချိန်မှန်မှန် ဆွမ်းပြုစု၍ တစ်နေ့သော နံနက်မှာမူ ဆရာရသေ့ မလာသေးသည့်အတွက် ကိုယ်လက်သန့်စင်အောင် နံ့သာရေမိုး ကောင်းစွာချိုး၍ ချောမွေ့နုနယ်သော အ၀တ်ကို ၀တ်ဆင်ကာ ဆရာရသေ့အလာကို စောင့်မျှော်ရင်း သလွန်ပေါ်မှာ ခေတ္တလျောင်းနေလေသည်။


အလောင်းတော် ရှင်ရသေ့သည် အဘိညာဉ်သမာပတ် အစွမ်းဖြင့် ကောင်းကင်လမ်းက ကြွ၍ လာခဲ့ရာ လေသာနန် တံခါးပေါက်သို့ ရောက်သောအခါ “လျှော်တေ“ ခေါ်သော ရသေ့အ၀တ်သံကို ကြား၍ ဗြုန်းခနဲ အထလိုက်တွင် အမြင်မတော်သော ကိုယ်တစ်ပိုင်းမှ ခါးဝတ်လျှောကျသွားသည်ကို မြင်လေသော် သန့်ရှင်းသော စိတ်ဓာတ်ထကြွ၍ ပရိယုဋ္ဌာနမောဟအဖြစ်သို့ ရောက်ကာ လောဘတဏှာ ဖက်တွဲလျက် မိဖုရားလက်ကို ဆွဲပြီးလျှင် သဘက်သရဲပမာ မှားခြင်းကြီးမှားရှာလေသတဲ့။

ဝတ္ထုမှတ်ချက်


ဤ၀တ္ထု၌ မောဟ၏ မိုက်မဲရမ်းကားမူကို လေးလေးနက်နက် သတိပြုသင့်ကြပေသည်။ ဤမောဟမျိုးသာ မ၀င်လာလျှင် အလောင်းတော် ရှင်ရသေ့သည် ထိုကဲ့သို့ မတရားမူကို ဘုရင်ကိုယ်တိုင်က ကျေကျေနပ်နပ် ခွင့်ပေးသော်လည်း ပြုနိုင်မည် မဟုတ်ပါ။ ယခုသော် မောဟမှောင်ကြီး ဖိစီးကျရောက်ရကား ယခုဘ၀အပြစ် နောင်သံသရာအပြစ်တို့ကို မမြင်နိုင်တော့သဖြင့် မသင့်သော အမူကို ပြုမိလေသည်။ တစ်သက်လုံး အားထုတ်လာခဲ့သော ဈာန်အဘိညာဉ်ပညာများလည်း ယခုလိုအချက်ထဲ၌ မောဟအမှောင်ကို မဖျက်ခွဲနိုင်ရုံသာမက မောဟ၏ ဖိစီးမူကြောင့် ဈာန်အဘိညာဉ်တို့သာ ကွယ်ပျောက်ရလေသည်။


သို့သော် အလောင်းတော် အရှင်ရသေ့ကား မူလက ပါရမီဓာတ်ခံ ရင့်သန်ပြီးဖြစ်သောကြောင့် ဘုရင်ပြန်ရောက်လာသောအခါ လွန်စွာ သံဝေဂဖြစ်၍ လျှောကျသောဈာန်ကို ပြန်ရအောင် အားထုတ်ကာ လူ့အနားနေလို့ ဤအမူမျိုး ဖြစ်ရသည်ဟု နောင်တရလျက် လူသူကင်းကွာသော ဟိမ၀န္တာသို့ ပြန်ကြွလေသည်။
မသိတိုင်း မောဟဟု မမှတ်ရ
မသိခြင်းသဘောကို မောဟဟုဆိုသောကြောင့် မသင်ဖူးသော အတတ်၊ မရောက်ဖူးသော အရပ်နှင့် မမှတ်ဖူးသော နာမည် စသည်တို့ကို မသိခြင်းများလည်း မောဟအစစ် အကုသိုလ်ဖြစ်သည်ဟု မှတ်ထင်တတ်ကြ၏။ ထိုမသိမျိုးမှာ မသိရုံသက်သက်သာ ဖြစ်၍ မောဟအစစ် အကုသိုလ် မဖြစ်ပါ။ မိမိ၌ မှတ်သားဖူးသော သညာမရှိမူသာတည်း။ ထိုမသိမျိုးမှာ သာမန်လူတွေကို မဆိုထားဘိ ရဟန္တာများမှာပင် ရှိပါသေးသည်။
ဘုရားရှင်ကလွဲလျှင် ပထမတန်း ဉာဏ်တော်ရှင်ဖြစ်သော အရှင်သာရိပုတ္တရာသည်ပင် တပည့်ရဟန်းကလေး တစ်ပါး၌ ကမ္မဋ္ဌာန်း အပေးမှားတော်မူခဲ့သေး၏။ ရဟန်းကလေးက ငယ်ရွယ်သူ ဖြစ်၍ ကာမရာဂ ထကြွချိန်ဟု သဘောပိုက်ကာ အသုဘကမ္မဋ္ဌာန်းကို ပေးတော်မူလေရာ ရဟန်းကလေး၏ စရိုက်အလိုနှင့် မတည့်သောကြောင့် ၄-လ လုံးလုံး အားထုတ်ပါသော်လည်း အရိပ်နိမိတ်မျှ မထင်ဘဲ ရှိလေသတဲ့။


ထို့နောက် ဘုရားရှင်ထံ ခေါ်သွားမှ ဘုရားရှင်က စရိုက်နှင့် သင့်မြတ်အောင် ပဒုမ္မာကြာပန်းကို ဖန်ဆင်း၍ ပေးတော်မူလေရာ လွန်စွာ နှစ်သက်နေစဉ် မကြာခင် ညိုးနွမ်းအောင် ဖန်ဆင်းပြ၍ သံဝေဂအရမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ထင်မြင်အောင် ဆင်ပြ၍ ဟောပြသောအခါ ရဟန္တာဖြစ်သွားလေသည်။ ဤနေရာတွင် ဘုရားရှင်၏ ဉာဏ်တော်ကြီးမားပုံနှင့် မောဟကင်းပြီးသော အရှင်သာရိပုတ္တရာ၏ အချို့အရာ၌ မသိပုံကို သတိပြုခဲ့ပါ။


ဤသို့လျှင် အရှင်သာရိပုတ္တရာသော်မှ မိမိအရာ မဟုတ်သော အချက်များကို မသိနိုင်သောကြောင့် ယခုကာလ မသင်ဖူးသော အတတ်စသည်နှင့် ဉာဏ်ကြီးရှင်တို့ အရာကို မသိခြင်းမှာ မောဟ၏ ကွယ်ကာမူမဟုတ်၊ မိမိဉာဏ်ပညာ၏ အစွမ်းသတ္တိနုံ့မူသာဟု မှတ်ပါ။


ဥပမာ - နေ့လယ်ကြောင်တောင် နေရောင်ရှိတုန်းအခါ၌ အကွယ်အကာမရှိသော အဝေးအရပ်ကို လှမ်း၍ မမြင်ရခြင်းမှာ တစ်စုံတစ်ရာ ကွယ်ကာမူကြောင့် မဟုတ်။ မိမိမျက်စိ၏ အစွမ်းသတ္တိမရှိခြင်းကြောင့်သာ ဖြစ်သကဲ့သို့တည်း။
မောဟအကြမ်းအနု
ထိုပြခဲ့ပြီးသော မောဟအစစ်တွင် အကုသိုလ်မှန်း၊ ကုသိုလ်မှန်းကိုမျှ ခွဲခြား၍ မသိအောင် ဖုံးလွှမ်းထားသော မောဟသည် အတော်ကြမ်းတမ်း ထူထဲ၏။ ရုပ်နာမ် တရားတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောကို မသိ။ သစ္စာလးပါးကိုလည်း အတော်အတန်မျှ မသိ။ ပဋိစ္စသမုပ္ပါဒ် အကြောင်းကို မရိပ်မိသော မောဟမျိုးကား (မောဟအကြမ်းနှင့် စာလျှင်) အတော်အတန် ပါးလှပ်သော မောဟပေတည်း။
ဤမောဟနှင့် တွဲဖက်၍ ဖြစ်သောစိတ်ကို “မောဟစိတ်-အမိုက်စိတ်”ဟုခေါ်၍ ထိုမောဟဓာတ်အားကြီးသူကိုလည်း “လူမိုက်၊ လူမည်း၊ လူမှောင်၊ လူပြိန်း၊ လူအ၊ လူန၊ လူထိုင်း၊ လူရိုင်း၊ လူဖျင်း”ဟု ယခုကာလ ခေါ်ဝေါ်ရလေသည်။

ဤလောကကြီးသည် အမှောင်အတိဖြစ်၍နေ၏။ ဤလောကကြီးတွင် သတ္တ၀ါအနည်းငယ်သာ ထူးထူးခြားခြား ရူမြင်နိုင်၏။ ပိုက်ကွန်မိပြီးမှ လွတ်ထွက်နိုင်သော ငှက်သည် နည်းသကဲ့သို့ ထို့အတူ သေပြီးနောက် နတ်ပြည်သို့ ရောက်နိုင်သူမှာ အနည်းငယ်သာ ရှိလေသည်။

(ဓမ္မပဒပါဠိတော်) 

အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated