ဝမ်းနည်းမူကို “သောက”ဟုခေါ်သည်။ နောက်၌ ပြမည့် ဒေါမနဿ ဝေဒနာ စေတသိက်ကိုပင် ၀မ်းနည်းစရာတွေ့၍ စိတ်မချမ်းမသာ ဖြစ်ရာ၌ “သောက”ဟုခေါ်လေသည်။ ဤသောကဖြစ်တိုင်း ဒေါသလည်း ပါနေသောကြောင့် ဒေါသနှင့်စပ်၍ သောကအကြောင်းကိုလည်း သိသင့်သည်။ သောက၏ ၀မ်းနည်းမူသည် ယခု လူတို့၌ များပြားလှချေ၏။ မိမိနှင့် ချစ်ခင်နေသော ဆွေမျိုးစသည်တို့ ပျက်စီး၍ ၀မ်းနည်းရခြင်း၊ စည်းစိမ်ဥစ္စာ ပျက်စီးဆုံးရူံး၍ ၀မ်းနည်းရခြင်း၊ မိမိအကျိုးကို လိုလားသော မိတ်ဆွေများ၌ ဥစ္စာစည်းစိမ်ပျက်၍ ၀မ်းနည်းရခြင်းများသည် သောကချည်းတည်း။
ဒေါမနဿ တစ်မျိုး
“သောက”ဟု ထင်မှားနေသော ဒေါမနဿ တစ်မျိုးလည်း
ရှိသေး၏။ ချစ်ခင်သူများ ဖျားနာမည်ကို စိုးရိမ်ခြင်း၊ အရပ်တစ်ပါးသွားသောအခါ
ပြန်ချိန်တန်လျက် မပြန်လာသဖြင့် စိုးရိမ်ခြင်း၊ ကလေးသူငယ် လူမမယ်အတွက်
အရာရာမှာ စိုးရိမ်ခြင်း ဤသို့ စသည်ဖြင့် စိုးရိမ်ကြောင့်ကြမူများရုံတွင်မက
“ငါမရှိလျှင် သူတို့တော့ ခက်ရစ်တော့မှာပဲ”ဟု နောက်ဆက်တွဲ စိုးရိမ်မူတို့မှာ
သောကမဟုတ်၊ ရိုးရိုး ဒေါမနဿသာတည်း။
စိုးရိမ်လို အကျိုးရှိရဲ့လား
စိုးရိမ်လို အကျိုးရှိရဲ့လား
ပြခဲ့သော စိုးရိမ်မူများသည် သက်သက်သာသာ
ဖြစ်ကြသည်မဟုတ်။ စိတ်နှလုံးကို ထိခိုက်စေ၍ လိုက်လိုက်လှဲလှဲ ၀မ်းနည်းခြင်း
ပူပန်ခြင်း ဖြစ်ကြရသည်။ ထိုမျှလောက် စိတ်ပန်း ကိုယ်ပန်း မချမ်းမမြ
စိုးရိမ်ကြောင့်ကြမူကြောင့် တစ်စုံတစ်ခု ကောင်းကျိုးရလျှင် တော်ပါသေး၏။
စင်စစ်မှာ စိတ်နှလုံး၏ ပူလောင်ခြင်းမှတစ်ပါး ကောင်းကျိုးဘက်က တစ်ချက်မျှ
မရှိချေ။ ထို့ကြောင့် မည်သူ့အတွက်ဖြစ်ဖြစ် အကျိုးမဲ့ အချည်းနှီး
အစိုးရိမ်ကြီး စိုးရိမ်နေမည့် အစား ထိုသို့ စိုးရိမ်ဖွယ် မရှိအောင်
သတိကြီးစွာဖြင့် ကြိုတင်၍ စီစဉ်သင့်ကြပါသည်။ ဥပမာ - ငယ်ရွယ်သူတို့အတွက်
ဖျားနာမူကို စိုးရိမ်ရမည့်အစား အဖျားအနာကို ကာကွယ်ဖို့ရာ အသွားအလာ
အစားအသောက်ကိုသာ သင့်တင့်အောင် စီစဉ်သင့်၏။ ထိုသို့ စီစဉ်ပါလျက်
ဖျားနာလာလျှင် ဆရာခေါ်ဖို့သာ တာဝန်ရှိ၏။
အရပ်တစ်ပါးသို့ သွားလာရာ၌ စိုးရိမ်ဖွယ်ရှိလျှင်
မသွားအောင် တားမြစ်ဖို့ တာဝန်ရှိသည်။ မလွဲသာ၍ သွားစေရလျှင်
စိတ်ချရသောနည်းဖြင့် စီစဉ်ပေးဖို့ တာဝန်ရှိ၏။ ငါမရှိလျှင်
ဖြစ်ပုံမရသူတို့အတွက် ငါမရှိလျှင် မည်သူစောင့်ရှောက်လိမ့်မည်ဟု
စိတ်ချလောက်သူအထံ အပ်နှံထားဖို့ တာဝန်ရှိ၏။ ထိုကဲ့သို့ စိုးရိမ်တတ်သူ
လူကြီး သို့မဟုတ် ခေါင်းဆောင်၏ တာဝန်ကျေပွန်ပါလျက် စီစဉ်တိုင်း
မလိုက်နာမူကြောင့် တစ်စုံတစ်ခု အန္တရာယ် ဖြစ်ခဲ့သော် (သေတန်လျှင် သေခဲ့ပါစ)
မပူပန်လေနှင့်။ အစီအစဉ်အတိုင်း မလိုက်နာသူတို့အတွက် ပူပန်နေဦးမည်ဆိုလျှင်
ထိုသူကို မိုက်မဲ ဖျင်းအ အသုံးမကျသော အဆင့်အတန်းမှာပင် ရှိသေးသူဟု မှတ်ပါ။
မှန်၏။ ယခုခေတ်၌ ဆရာသမားနှင့် မိဘစကားကို မလိုက်နာသူတွေ များလှ၏။
ထိုမလိုက်နာမူကြောင့် ဒုက္ခဖြစ်ရသူတွေလည်း မနည်းလှချေ။ ထိုသူတို့အတွက်
ဆရာမိဘတို့ ၀မ်းနည်းထိုက်ပါသလော။
အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။
No comments:
Post a Comment