"ဝဋ္ဋနိဿိတ ဝိဝဋ္ဋနိဿိတ"
ကုသိုလ်ပြုစဉ် လူချမ်းသာ နတ်ချမ်းသာကို ခံစားလို၍ ပြုသော ကုသိုလ်သည် “၀ဋ္ဋနိဿိတ ကုသိုလ်” မည်၏။ (၀ဋ္ဋ = သံသရာဝဋ်ကို + နိဿိတ = မှီသော ကုသိုလ်) သံသရာဝဋ်မှ ကျွတ်ဖို့မမျှော်၊ သံသရာဝဋ်အတွင်း၌ ခံစားဖို့သာ မျှော်သော ကုသိုလ်ဟု ဆိုလိုသည်။
နိဗ္ဗာန်ကို ရည်မှန်းလျက် ပြုအပ်သော ကုသိုလ်သည် “၀ိဝဋ္ဋနိဿိတ ကုသိုလ်” မည်၏။ (၀ိဝဋ္ဋ = ၀ဋ်ကင်းရာနိဗ္ဗာန် + နိဿိတ = မှီသော ကုသိုလ်) ဤကုသိုလ် ၂-မျိုးတွင် (ဒါနဖြစ်စေ၊ သီလဖြစ်စေ) ၀ဋ္ဋနိဿိတ မှန်လျှင် သံသရာ၌ ကြာရှည်စေ၏။ ၀ိဝဋ္ဋနိဿိတ မှန်က သံသရာမှ အမြန်လွတ်အောင်ပင် ရည်ရွယ်ရင်းဆုကို ပြည့်လွယ်စေ၏။
ဒါနကြောင့် ပါရမီများ ပြည့်လွယ်ပုံ
ဒါနရှိသူသည် ဖြစ်လေရာ ဘ၀တို့၌ ဥစ္စာပြည့်စုံကြ၏။ ဥစ္စာပြည့်စုံလျှင် (ပင်ကို စိတ်ရင်းကောင်းသူ၊ ၀ိဝဋ္ဋနိဿိတဒါန ပြုခဲ့သူအတွက်) သီလလုံခြုံ၏။ ဥပုသ်ရက်ရှည် စောင့်ခွင့်ရ၏။ ဥစ္စာမရှိလျှင် ၀မ်းရေး ပူပန်ရသဖြင့် အူမ မတောင့်၍ သီလမစောင့်နိုင်ရုံသာမက ငါးပါးသီလ လုံဖို့ရန် ခဲယဉ်း၏။ ဒါနရှိမှ သီလ လွယ်ကူသည်။ ပညာရှာဖွေရာ၌လည်း ဒါနရှင်တို့သာလျှင် လွယ်ကူစွာ ရှာနိုင်၏။






































