@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday, 9 July 2014

အနာဂတ်သာသနာရေး အပိုင်း(၁၂၃) ရာဇဂုရုတချို့


ရာဇဂုရုတချို့ 
ရဟန်းခံကိစ္စတစ်ခုကြောင့် သံဃာအများစုမိရာ သိမ်အတွင်း၌ … ဆရာတော်ကြီး တစ်ပါးက  သြ၀ါဒပေးရင်း “ကိုယ်တော်တို့ ကောင်းကောင်း နေကြပါ၊ ရှင်ဘုရင် လက်ထက်တုန်းက ရာဇဂုရုတံဆိပ်ရ တချို့သော်မှ ပြိတ္တာဘ၀၌ ရောက်နေကြသည်”ဟု အထင်အမြင် ပေါက်နေသော ပြာသာဒ် အုတ်ကျောင်းဆရာတော်က အမိန့်ရှိသည်ဟု ပြောပါသတဲ့။
မှတ်ချက်။                ရာဇဂုရုတချို့ဟု ဆိုသဖြင့် ကောင်းမွန်စွာကျင့်တော်မူကြသော ရာဇဂုရုဆရာတော်များ မပါဝင်ဟု မှတ်ပါ၊ မှန်၏၊ ရာဇဂုရုပင် ဖြစ်သော်လည်း ရှင်ဘုရင်က ထောက်ပံ့ သော ဆန်များကို ဆွမ်းမချက်တော့ဘဲ ရောင်းစားကြသောကြောင့် တချို့ဆရာတော်များအား ““ဆန်တော်ပါဘုရား””ဟု လျှောက်၍ ငွေကို လစဉ် ထောက်ပံ့ကြရပါသည်တဲ့၊ ထိုသို့ ဖြစ်လျှင် ယခုအခါ အဂ္ဂမဟာပဏ္ဍိတ တချို့အတွက် စဉ်းစားစရာပေ။
ဘုရားလူကြီးပြိတ္တာတွေ
လွန်ခဲ့သော တမြန်နှစ်လောက်က…ဘုန်းကြီးနှင့်စပ်သော ဆိုင်ရာဂုဏ်းဝင် ဒကာအချို့သည် အထက်၌ ထင်ရှားသော ဘုရားများကို အဖူးမြော် သွားကြ၏၊ မြို့တစ်မြို့သို့ ရောက်သောအခါ ဒကာတစ်ယောက်သည် ထင်ရှားသော ဘုရားကုန်းတော်ပေါ်သို့ ညဥ့်အချိန် တစ်ယောက် တည်း တက်သွား၍ ဘုရားစာများကို ရွတ်ပြီးလျှင် ကုသိုလ်အဖို့ကို အမျှဝေသောအခါ ဘုန်းကြီးတစ်ပါးလည်း ပါဝင်သော ဘုရားလူကြီးတွေဟု ထင်ရသော ပြိတ္တာအချို့သည် အလွန် ဆိုးရွားသော ရုပ်အဆင်းဖြင့် သာဓုခေါ်ဖို့ရန် ပါးစပ်မှ အသံမျှ မထွက်နိုင်သော ကြောင့် အလွန် ပင်ပန်းစွာ ခံနေရသည်ကို တွေ့ရပါသည်တဲ့။ [ထို အရပ်ရှိ လူတို့က ထိုဘုန်းကြီး၏ ဘုရားနှင့်စပ်၍ မတရားစီးပွား ရှာပုံကို ပြောပြလိုက်ပါသည်တဲ့။]

Sunday, 6 July 2014

လောကီမင်္ဂလာ (၁၂)ပါး




၁။ ဝိဇာတ မင်္ဂလာ=ပဋိသန္ဓေမှ ဖွားမြောက် အောင်မြင်ခြင်း။
၂။ မုခဒဿန မင်္ဂလာ=ဖွားပြီး သုံးရက်မြောက်သောကာလ ရတနာသုံးပါးနဲ့ ဘိုးဘွားဟူသော နန္ဒိမုခနတ်တို့အား ရှိခိုးပူဇော်ခြင်း။
၃။ ကေသစ္ဆေဒန မင်္ဂလာ=(ရ)ရက်မြောက်သောနေ့၌ ဆံပင်ရိတ်ခြင်း။
၎။ ဒေါလာကရဏ မင်္ဂလာ=ကောင်းမြတ်သောနေ့၌ ပုခက်အေးယာဉ် တင်ခြင်း။
၅။ တမ္ဘုလပတ္တ မင်္ဂလာ=(၇၅၀ရက်မြောက်သောနေ့၌ ကွမ်းဦးခွံ့ခြင်း။
၆။ ရဝိန္ဒုဒဿန မင်္ဂလာ=(၃)လမြောက်သောန့၌ နေ,လ တို့ကို ပြခြင်း။
၇။ နာမကရဏ မင်္ဂလာ=ရက်ပေါင်း ၁၀၀-မြောက်သောနေ့၌ အမည်မှည့်ခြင်း။
၈။ ပထမဘတ္တ မင်္ဂလာ=ခြောက်လပြည့်က ထမင်းဦးခွံ့ခြင်း။
၉။ ကေသဗန္ဒန မင်္ဂလာ=သင့်တင့်လျောက်ပတ် အရွယ်၌ ဆံဖွဲ့ထုံးခြင်း။
၁၀။ ကဏ္ဏဆိန္ဒ မင်္ဂလာ=သင့်တင့်သောအရွယ်၌ နားထွင်းခြင်း။(ကဏ္ဏဝိဇ္ဈန မူကွဲရှိသည်)
၁၁။ သာသနာနုဂ္ဂဟ မင်္ဂလာ=ချိန်ရွယ်ကျရောက်သောအခါ သာသနာဘောင်သို့ သွတ်သွင်းခြင်း။
၁၂။ အာဝါဟ ဝိဝါဟ မင်္ဂလာ=ချိန်ရွယ် ကျရောက်သောအခါ ထိမ်းမြားရခြင်း။

Min Naing

မဟာပဌာန်း ဒေသနာတော် (၂၄)ပစ္စည်း ဆုတောင်း


၁။ ဟေတုပစ္စယော- အရင်းခံအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား
(လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ)
ကောင်းသော အလောဘ၊ အဒေါသ၊ အမောဟတရားများသာ အစဉ်ကိန်းအောင်းနိုင်ရပါစေသား။


၂။ အာရမ္မဏပစ္စယော- အာရုံဖြစ်၍ ကျေးဇူးပြုတတ်သော တရား
(ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဌဗ္ဗာရုံ၊ ဓမ္မာရုံ)
ကုသိုလ်ဖြစ်ဖွယ် ကောင်းသောအာရုံများနှင့်သာ တွေ့ကြုံရပါစေသား။


၃။ အဓိပတိပစ္စယော- အကြီးအမှူးခေါင်းဆောင်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
(ဆန္ဒ၊ ၀ီရိယ၊ စိတ္တ၊ ၀ီမံသ(ပညာ))
မိမိသူတစ်ပါး အကျိုးစီးပွါးကို အဓိပတိတရားတပ်၍ အားထုတ်ဆောင်ရွက်နိုင်ရပါစေသား။

၎။ အနန္တရပစ္စယော- အခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
ရှေ့ရှေ့စိတ်တို့ကြောင့် နောက်နောက်ကုသိုလ်စိတ်တို့သာ ဖြစ်ပေါ်ရပါစေသား။

၅။ သမနန္တရပစ္စယော- ကောင်းစွာအခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
ရှေ့ရှေ့စိတ်တို့ကြောင့် နောက်နောက်ကုသိုလ်စိတ်များသာ ကောင်းစွာဆက်တိုက် ဖြစ်ရပါစေသား။

၆။ သဟဇာတပစ္စယော- အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သော တရား
သူတော်ကောင်းတရား၊ သူတော်ကောင်းများနှင့်သာ အတူတကွ ပေါင်းဖော်ရပါစေသား။

အနာဂတ်သာသနာရေး အပိုင်း(၁၂၂) ကမ္မဋ္ဌာန်းဘုန်းကြီးတစ္ဆေ

ကမ္မဋ္ဌာန်းဘုန်းကြီးတစ္ဆေ       
ဂန္ဓာရုံကျောင်းတိုက်အနီး ကျောင်းတစ်ကျောင်းဝယ် တရားအားထုတ် ပြီး ရိပ်သာမှ ပြန်လာသော ကြီးမှ ရဟန်းပြုသော ပုဂ္ဂိုလ်နှစ်ပါးရှိ၏၊ မကြာမီ တစ်ပါး ပျံတော်မူ၍ ဆိုင်ရာ ဆွေမျိုးတို့ လာပြီးလျှင် ထို ကျောင်း၌ ခုနစ်ရက်လည်သည့်တိုင်အောင် နေကြ၏၊ ဆွေမျိုးများ ပြန်သွားပြီးနောက် ညဥ့်အချိန်ရောက်သောအခါ ကျန်ရှိသော တစ်ပါးက မီးထွန်း၍ ပြတင်းပေါက်တံခါးတို့ကို ပိတ်၏၊ တစ်စုံ တစ်ယောက်က ဖွင့်လေသည်၊ ထပ်ပိတ်ပြန်၏၊ ထပ်၍ ဖွင့်ပြန်သည်၊
ထို ကိုယ်တော်သည်  ကုဋီသွားချင်စိတ်ရှိ၍  ကျောင်းဘေးနားက ကုဋီကလေးသို့ ဆင်းသွားသောအခါ ထိုကုဋီထဲ၌ ပျံလွန်ပြီးသော ဦးပဉ္စင်းကြီး ထိုင်နေသည်ကို မြင်ရပါသည်တဲ့၊… ကျန်ရစ်သော ကိုယ်တော်သည် ကျောင်းပေါ်သို့ ပြန်တက်လာပြီးလျှင် ““မင့်ကို လူတုန်းကမှ မကြောက်ဘဲ, တစ္ဆေဖြစ်မှ ကြောက်ရမှာလား””ဟု ကြုံးဝါး၍ ကမ္မဋ္ဌာန်းသက်စောင့်ဓားရှည်ကြီးကို ခုတင်ပေါ်သို့ တင်လိုက်ပါသတဲ့၊ ထိုဓားရှည်ကို တစ္ဆေကိုယ်တော်က ယူ၍ လွှင့်ပစ် လိုက်သောအခါ ကျန်ရစ်သော ကိုယ်တော်သည် မကြောက်သော် လည်း… ““တစ်ညလုံး အိပ်ရတော့မှာ မဟုတ်””ဟု တွေး၍ သူ့ အိပ်ရာလိပ်ကလေးကို ယူပြီးလျှင် တခြားကျောင်းသို့ ထွက်သွား သောအခါ နောက်က လိုက်၍ (မသွားစေလိုသည့် သဘောဖြင့်) အိပ်ရာလိပ်ကို ဆွဲထားပြန်သည်တဲ့။

အနာဂတ်သာသနာရေး အပိုင်း(၁၂၁) ဂိဇ္ဈကုဋ်ပြိတ္တာများ



ဂိဇ္ဈကုဋ်ပြိတ္တာများ      
ငါတို့  ဗုဒ္ဓလက်ထက်တော်၌  ရာဇဂြိုဟ်မြို့အနီး ဂိဇ္ဈကုဋ်တောင်ကြီးဝယ် ဘုရားရှင်နှင့် တကွ ရဟန်းတော်များ သီတင်းသုံးတော်မူလေ့ ရှိကြ၏၊ အခါ တစ်ပါး၌… အရှင်လက္ခဏနှင့် အရှင်မဟာမောဂ္ဂလ္လာန်တို့သည် တောင်ပေါ်မှ ဆွမ်းခံဆင်းကြလေသော် တစ်နေရာ၌ အရှင်မဟာ မောဂ္ဂလ’ာန်သည် တန်ခိုးတော်ဖြင့် ဆင်ခြင်တော်မူလေရာ လွန်စွာ ထူးဆန်းသော ပြိတ္တာတွေကို မြင်လေသည်၊ ထိုအခါ “မိမိမှာ ဤ ပြိတ္တာအဖြစ်မျိုးမှ လွတ်ရလေပြီ”ဟု တွေး၍လည်းကောင်း, “ကံ၏ အကျိုးပေးပုံသည် (ကိုယ်တွေ့ မကြုံလျှင် ပြောရုံမျှဖြင့် မယုံနိုင်ကြ အောင် ဆန်းကြယ်ရကား) မကြံစည်အပ် မကြံစည်နိုင်”ဟူသော ဗုဒ္ဓတရားတော်ကို သတိရ၍လည်းကောင်း ပြုံးတော်မူသည်။
          ပြုံးတော်မူခြင်း၏ အကြောင်းကို အရှင်လက္ခဏက မေးသော အခါ ““ဗုဒ္ဓရှေ့တော်ရောက်မှ မေးပါ””ဟု ပြောသဖြင့် ဆွမ်းစားပြီး နောက် ဗုဒ္ဓရှေ့တော်ရောက်၍ ထိုအကြောင်းကို မေးလေသော် ““အရှင်လက္ခဏ ယနေ့ ဂိဇ္ဈကုဋ်တောင်မှ အဆင်းတွင် ရဟန်းပြိတ္တာ တွေကို မြင်ခဲ့ရသည်၊ သူတို့၏  သင်္ကန်းများလည်း  မီးတောက်လို့, သပိတ်များလည်း မီးတောက်လို့, ခါးပန်းကြိုးများလည်း မီးတောက် လို့, တစ်ကိုယ်လုံးလည်း မီးတောက်လို့ သူတို့၏ ပါးစပ်ကလည်း ကယ်ပါ ယူပါ တစာစာနှင့် နာကျင်သံကို အော်နေကြတယ်၊ ထို ရဟန်းပြိတ္တာတွေကို မြင်ရတဲ့အခါ သြော်…အံ့သြစရာကောင်းပေစွ, ဒီလို သတ္တ၀ါမျိုး ရှိမှ ရှိရလေတယ်””ဟု တွေးမိတဲ့အကြောင်းကို ပြောပြလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၂၀) ကဿပရှင်တော်၏နောက်ပိုင်းသာသနာ



ကဿပရှင်တော်၏နောက်ပိုင်းသာသနာ
တောင်ထိပ်တက်၍ တရားကျင့်ပုံ                 
ကဿပဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်စံပြီးနောက် တဖြည်းဖြည်း  သာသနာဆုတ်ယုတ်လာ သောအခါ ရဟန်းတော် ခုနစ်ပါးသည် သိက္ခာပုဒ်တော်ကို မလေးမစား ပြုနေကြသော အခြားရဟန်းများကို မြင်၍ “ဣဓ ကိံ ကရောမ-ဒီမှာ ဘာလုပ်နေကြတော့မှာလဲ၊ ဧကမန္တေ သမဏဓမံ္မ ကတွာ ဒုက္ခဿနံ္တ ကရိဿာမ-သင့်တော်သော နေရာ၌ ရဟန်းတရားကို အားထုတ်၍ ဒုက္ခဆုံးအောင် ပြုကြစို့ရဲ့”ဟု တိုင်ပင်ပြီးလျှင် တောင်ထိပ်သို့ လှေကားဖြင့် တက်၍ အထက် ရောက်မှ လှေကားကို ဖြုတ်ချကာ ရဟန်းတရားကို အစာမစားဘဲ အားထုတ်ကြလေရာ… ရဟန္တာတစ်ပါး ဖြစ်၍ အနာဂါမ်တစ်ပါး ဖြစ်လေသည်၊ ကျန်ငါးပါးကား သံသရာ၌ ကျင်လည်ကြပြီးလျှင် ငါတို့ ဗုဒ္ဓ၏ လက်ထက်တော်၌ တစ်ပါးသည် ပုက္ကုသာတိမင်း, တစ်ပါးကား ကုမာရကဿပထေရ်, တစ်ပါးကား ဗာဟိယဒါရုစီရိယ ထေရ်, တစ်ပါးကား မလ’ာမင်း၏သား အရှင်ဒဗ္ဗ, အခြားတစ်ပါးမှာ သဘိယပရိဗိုဇ် ဖြစ်လာ၏ဟု (ဓမ္မပဒအဋ္ဌကထာ ဗာဟိယဒါရုစီရိယ ၀တ္ထု၌) တွေ့ရ၏။ [ဤ၀တ္ထု၌ ကဿပဗုဒ္ဓရှင်တော်၏ သာသနာ နောက်ပိုင်းဝယ် ရဟန်းအများ၏ သိက္ခာပုဒ်တော်ကို မလေးမစား ပြုချိန်၌ သူတော်ကောင်းပုဂ္ဂိုလ်တို့မှာ သူတို့နှင့် အတူ မနေသာ အောင်ပင် ဖြစ်လာပုံကို သတိပြုပါ။]

Thursday, 3 July 2014

အနာဂတ်သာသနာရေး အပိုင်း(၁၁၉) စာပေဘက်၌လည်း အထင်ကြီး မခံရ



စာပေဘက်၌လည်း အထင်ကြီး မခံရ                     
မိမိတို့  ဘုန်းကြီးဘ၀မှာ  သူများ ပေးမှ ကမ်းမှ   စားသောက်  နေထိုင်ရသော ဘ၀မျိုး ဖြစ်၍ ပစ္စည်းလေးပါးဘက်၌ (အတောင်းအရမ်း များသူတို့ အပေါ်ဝယ်) ပစ္စည်းရှင်တို့ အထင် အမြင်သေးခြင်း ခံကြရသည်မှာ မထူးဆန်းလှပါ၊ အသက်နှင့်အမျှ ပညာဆည်းပူးရသော ဘ၀ဖြစ်၍ ပညာရေးဘက်၌မူ အများအပြားပင် အထင်သေးခြင်းကို မခံရထိုက်ပါ၊ သို့ရာဝယ် “ဘုန်းကြီးများ၏ ပါဠိဘက်၌ ကျွမ်းကျင်မှု နည်းပါးကြောင်းကို စာပြန်ပွဲ၌ ပါဠိဘာသာ ဖြေပုံကို ကြည့်၍ သိနိုင်ပါသည်”ဟူသော ပထမပြန်ကော်မတီ တစ်ဦး၏ စကားဖြင့် ပါဠိဘာသာဘက်၌လည်း အထင်သေးခံနေရကြောင်း သိရပါသည်၊ ဤသို့ အထင်သေးခံရခြင်းနှင့် စပ်လျဉ်း၍ ပါဠိဘာသာ နိုင်, မနိုင်ကို မိမိတို့ကိုယ်တိုင် စဉ်းစား၍ ပါဠိသင်နည်း ကို ပြင်ထိုက်, မပြင်ထိုက်ကိုပါ အောက်ပါအတိုင်း စဉ်းစားပါလေ။
၁။       ပါဠိဘာသာကို သဒ္ဒါနည်းလည်း မှန်၍ ပါဠိသွားနည်းလည်း ကျအောင် ရေးနိုင် ပြောနိုင်သလား၊
၂။       ပါဠိတော် အဋ္ဌကထာများကို ကြည့်ရှုပြန်လျှင် (မြန်မာဘာသာ လို) ရှင်းရှင်းလင်းလင်း နားလည်ရဲ့လား၊
၃။       နှစ်ပေါင်းများစွာ ပါဠိဘာသာကို သင်ယူနေကြပါလျက် မပြောနိုင် မရေးနိုင်ကြပါလျှင် ပါဠိသင်နည်းကို မပြင်ဘဲ နေထိုက်ပါသလား၊
၎။       လက်ရှိ စာမေးပွဲများ၌ ပါဠိတတ်လွယ်အောင် စည်ကမ်း ပြင်ထိုက်သည် မဟုတ်ပါလား။

အနာဂတ်သာသနာရေး အပိုင်း(၁၁၈) အထင်သေးခံနေရပုံ



စာသင်တိုက်နှင့် စာသင်ချိန်
များစွာသော မြို့ကြီး စာသင်တိုက်ကြီးများ၌  အမျိုးမျိုးသော အကြောင်းကြောင့် စာသင်ချိန် လည်း နည်းပါးလှ၏၊ များသောအားဖြင့် ၀ါတွင်းသုံးလလောက် ကြိုးကြိုးစားစားနှင့် သင်ယူရ၏၊ ၀ါကျွတ် သည်မှ စ၍ နောက်ဝါဆိုအထိကား ဆရာနှင့် သင်ယူရခြင်း နည်းပါးလှတော့သည်။
          ဤနည်းအတိုင်းသာ သင်နေကြရသမျှ (ခေတ်အလိုက်) စာတော်ပုဂ္ဂိုလ်တစ်ပါး မဖြစ်နိုင်ပါ၊ “စာတော်”ဟူရာ၌ မိမိကိုယ်တိုင် သဘောဉာဏ် ရှိ၍ ဆရာသမားထံ အနည်းငယ် သင်ယူပြီးနောက် ထိုထို ကျမ်းစာများကို ကြည့်ရှု၍ တော်သူ, ပင်ကိုဉာဏ်လည်း မှန်မှန်ရှိ၊ ဆရာ့အထံ၌လည်း နှစ်ရှည်လများ သင်ယူခြင်းဖြင့် တော်သူဟု နှစ်မျိုးရှိ၏၊ ပထမနည်းဖြင့် တော်သူသည် သူ့အတွက် သာ တော်၏၊ တပည့်များကို သူ့လို တော်အောင် ပို့ချတတ်ဖို့ကား မလွယ်ကူလှချေ၊ ဒုတိယနည်းဖြင့် တော်သူမှာ တပည့်များကိုလည်းတော်အောင် သင်ပြနိုင်၏၊ ယခုအခါ မြို့စာသင်တိုက်များ၌ ပထမနည်းဖြင့် စာတော်သူသာ ဖြစ်ခွင့်ရှိ၏၊ စာသင်ချိန် နည်းပါးရကား ဒုတိယနည်းဖြင့် စာတော်သူမှာမှာ အလွန် နည်းပါးပေလိမ့်မည်။
          မှန်၏၊ များစွာသော စာပြန်ပွဲတို့၌ စာအောင်ပုဂ္ဂိုလ်များသည် ဆရာ့ထံ အပြည့်အစုံ သင်ယူ၍ အောင်သူထက် ဆရာ့အထံ အနည်းငယ် သင်ယူပြီးလျှင် မိမိတို့ဘာသာ ကြိုးစား၍ အောင်သူတွေသာ များလေသည်၊ ဤအချက်ကို ထောက်၍လည်း အနာဂတ်ကာလ၌ မြို့ကလေးများနှင့် ရွာကြီးများဝယ် စာသင်တိုက်များ တည်ရှိစေလိုပေသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၁၇) စရဏ မရောက်သမျှ အကျိုးမရ



စရဏ မရောက်သမျှ အကျိုးမရ
[ကိုယ်ကျင့်တရားကို ““စရဏ””ဟု ခေါ်၏၊]
ဥဒ္ဒါလကဇာတ်၌ ဥဒ္ဒါလရသေ့သည် ဝေဒသုံးပုံကို တတ်သော ဂိုဏ်းဦးစီးနာယက ဆရာကြီးတည်း၊ သူသည် ဘုရားအလောင်း ပုရောဟိတ်ကြီးနှင့် စကားပြောကြရာ၌ ပုရောဟိတ်ကြီးက “ဝေဒသုံးပုံကို တတ်ရုံမဆိုထားနှင့်, ဝေဒအပုံတစ်ထောင်ပင် တတ်၍ နေသော်လည်း အကျင့်စရဏသို့ မရောက်သေးသမျှ (ကောင်းကောင်း မကျင့်သမျှ) ဒုက္ခမှ မလွတ်နိုင်သေးပါ”ဟု ပြောဆိုလေသော်… ရသေ့က “ဒီလိုဆိုရင် ဝေဒတွေဟာ အကျိုးမပြီး အချည်းနှီးဟု ဆိုလိုပါသလား”ဟု မေးလျှင် ပုရောဟိတ်က “ဝေဒတွေကို အချည်းနှီးတွေ”ဟု မဆိုလိုပါ၊ ဝေဒတတ်တော့ “ဝေဒကျမ်းတတ် ပညာရှိကြီး”လို့ နာမည်ကျော်တာပေါ့၊ လာဘ်ပေါ၍ အခြွေအရံများတာပေါ့၊ ဘယ်လောက်ပင် နာမည်ကျော်ကြား၍ လာဘ်ပေါများသော်လည်း ဒီတစ်ဘ၀သာ နာမည်ကျော်နိုင် လာဘ်ပေါနိုင်တာပဲ၊ အကျင့်စရဏကို ကျင့်မှသာ နောက်နောင်အခါ ဘ၀သံသရာ၌ အေးချမ်းမှု ရှိနိုင်တယ်ဟု ပြောလေသည်။
မှတ်ချက်။       ။ဤဇာတ်တော်၌ ဝေဒသုံးပုံဟူသည် ပိဋကသုံးပုံကဲ့သို့           ဗြာဟ္မဏတို့ အလွန်လေးစားအပ်သော အတတ် ပညာတည်း၊ (ယခုအခါ “ဗေဒင်သုံးပုံ”ဟု ခေါ်သည်၊) ထိုဇာတ်၌ ပုရောဟိတ်ကြီး၏ စကားသည် ယခုအခါ စာပြန်ပွဲ အောင်မှုတစ်ခုကိုသာ အဓိကထား၍ ကြိုးစားကြသူများ သတိထားသင့်သော စကားတစ်ရပ်ပေတည်း၊ ကျမ်းစာတို့၌ကား “နာမည်ကျော်ကြား လာဘ်ပေါများအောင် စာသင်ခြင်းထက် (ဘာမျှ မလုပ်ဘဲ) အိပ်နေ ခြင်းက တော်သေး၏”ဟု မိန့်တော်မူပါသည်။ [မဇ္ဈိမပဏ္ဏာသ, အလဂဒ္ဒူပမာသုတ် အဋ္ဌကထာ။]

အနာဂတ်သာသနာရေး အပိုင်း(၁၁၆) ပစ္စက္ခသာသနာ့အခြေအနေ



ပစ္စက္ခသာသနာ့အခြေအနေ
ကျောင်း ဘုရား
မြန်မာပြည်၏  ရှေးခေတ်သာသနာရေးကို ပြပြီး၍ ပစ္စက္ခ (လက်ရှိ) သာသနာ့အခြေအနေ၀ယ် ပြုပြင်သင့်သော (ပြုပြင်၍ ရနိုင်လောက်သော) အချက်များကို ပြပါဦးမည်၊ အနော်ရထာမင်းစော လက်ထက်မှစ၍ သဒ္ဓါ မျိုးစေ့ ကျသဖြင့် ပေါက်ရောက်စည်ကားနေသော သာသနာတော် ဥယျာဉ်၌ ကျောင်းဘုရား စေတီ စသည် ထူးပြား သာသနာ့ အဆောက်အအုံ သစ်ပင်များသည် သူ့ခေတ် သူ့ခါ စိုစိုပြည်ပြည် ရှိခဲ့ကြပါသော်လည်း မင်းအဆက် ပြောင်းသလောက် ကျောင်းတိုက်များလည်း အဆက်ပြောင်းကာ ထိုက်တန်သော ကျောင်းထိုင်ပုဂ္ဂိုလ်များနှင့် ကွဲကွာ၍ မကြာမကြာ ပျက်စီးရှာရတော့သည်။
          မင်းတုန်းမင်းတရားလက်ထက်တုန်းက အလွန်ကျက်သရေရှိခဲ့ကြသော မန္တလေးတိုက်ကြီးများသော်မှ အနှစ်(၆၀)ကျော် (၇၀) အတွင်းမှာ အိုမင်း ပြိုကျ၍ အနိစ္စသဘောကို ဟောပြောနေကြပြီ၊ ဗြိတိသျှအစိုးရလက်ထက်၌ တည်ဆောက်ခဲ့ကြသော တိုက်တာကြီး များလည်း မူလဆရာတော်တို့ သက်တော်ယိုယွင်းလျှင်ပင် သူတို့ လည်း အိုမင်းသောလက္ခဏာဖြင့် သာယာဖွယ် မရှိကြတော့ချေ၊ မူလဆရာတော် ကွယ်လွန်ပြီးနောက် ဒုတိယ တစ်ဆက်လောက် ဆိုလျှင် အရှိန်အ၀ါ လျှောကျရသော ကျောင်းတိုက်တွေသာ များတော့၏။

အနာဂတ်သာသနာရေး အပိုင်း(၁၁၅) အနေသန (၂၁) ပါး



အနေသန (၂၁) ပါး
မှတ်ချက်။       ။ ရဟန်း သာမဏေတို့နှင့် မအပ်စပ် (မရှာကောင်း)သော ပစ္စည်းရှာနည်းကို “အနေသန”ဟု ခေါ်၏၊ ထို့ကြောင့် အောက်ပါအလုပ်များကို ပြုလုပ်ရာ၌ ဒကာ ဒကာမတို့က ပြန်၍ လှူချင်အောင် ပြုလုပ်ခြင်းများဟု မှတ်ပါ။
၁။ လူများကို ဆေးကုပေးခြင်း၊ [ မိဘ, ကိုးကွယ်ရာမဲ့ဖြစ် ၍ ကျောင်း ရောက်လာ သူ, ကျောင်းတာဝန်ဆောင်နေသော ကပ္ပိယ စသူ, ရန်မူမည့် မင်း, ခိုးသား, ဓားပြ, သူပုန် ဤသူများကို ဆေးကုပေး ကောင်း၏၊ အခြားသူများကို ဆေးမကုကောင်း။]
၂။ လူတို့၏ စေတမန်လုပ်ခြင်း၊ (လူတို့က စေလွှတ်သဖြင့် တစ်ရွာမှ တစ်ရွာသို့ ခရီးရှည်သွား၍ စာပေးစာယူ, စကားပေး စကားယူပြုခြင်း၊) [ ရတနာသုံးပါးနှင့်စပ်သော ကိစ္စမှတစ်ပါး အခြားကိစ္စ၌ မပြုရ။]
၃။ လူတို့၏ အစေအခိုင်း ခံခြင်း၊ [ ဟိုနား သည်နား ခရီးအတို သွား၍ ယူစရာ ငင်စရာတို့ကို ယူပေးဖို့ရန် အစေအခိုင်း ခံခြင်း။]
၎။       အနာကို ဓားနှင့် ခွဲပေးခြင်း၊
၅။ ဆေးလိမ်းပေးခြင်း၊
၆။ ပျို့အန်ဆေးပေးခြင်း၊
၇။ ၀မ်းလျှောဆေးပေးခြင်း၊
၈။ နှာဆေး ပေးခြင်း၊
၉။ မျက်စဉ်းဆေးပေးခြင်း၊
၁၀။ ဆေးဝါးပေးခြင်း၊
၁၁။ သစ်ရွက် (အိမ်မိုးဖို့ရာ သက်ငယ် ဓနိ စသည်)ပေးခြင်း၊

အနာဂတ်သာသနာရေး အပိုင်း(၁၁၄) မင်းတုန်းမင်း၏သာသနာပြုအမိန့်တော်



မင်းတုန်းမင်း၏သာသနာပြုအမိန့်တော်
[တချို့ကိုသာ ကောက်နုတ်ဖော်ပြပါသည်။]
          ငါဧကရာဇ်မင်းမြတ်သည် ကိုယ်ကျိုးကို ငဲ့၍ မင်းအဖြစ်ကို ယူတော်မူသည် မဟုတ်၊ သီရိဓမ္မာသောကမင်း အစရှိသော သာသနာပြုမင်းတို့ကဲ့သို့ သာသနာတော်ကို ချီးမြှောက်တော်မူလို၍ သာသနာနုဂ္ဂဟဓမ္မရာဇာအဖြစ်ကို ယူတော်မူသည်၊ သာသနာတော်၏ တည်ရာ ၀ိနည်းတရားတော် ရှိသည့်အတိုင်း ရဟန်းတော်တို့ ကောင်းမွန်စွာ မကျင့်က သာသနာတော် ညှိုးနွမ်းသည်၊ တစ်ယောက်သော အလဇ္ဇီသည် အလဇ္ဇီတစ်ထောင်ကို ဖြစ်စေ၍ သာသနာတော်ကို ဖျက်ဆီးနိုင်သည်၊ ထိုအလဇ္ဇီတို့၏ အကျင့်ကား…
၁။       ရွှေ ငွေ စသည်ကို အလှူခံခြင်း, ကိုင်ခြင်း၊
၂။       ထိုခံယူထားသော ရွှေ ငွေဖြင့် ရောင်းဝယ် လဲလှယ်ခြင်း၊
၃။       ရဟန်းအသုံးအဆောင်(သင်္ကန်းစသော)ပရိက္ခရာဖြင့် ခ၀ါသည် စသူတို့ထံမှ ပစ္စည်းကို (ကျောင်းသားကပ္ပိယကို အလဲမခိုင်းဘဲ) ကိုယ်တိုင်လဲခြင်း၊
၎။       လူတို့အား ပန်းပေးခြင်း စသော ကုလဒူသနအမှုကို ပြုခြင်း၊
၅။       နှစ်ဆယ့်တစ်ပါးသော အနေသနအမှုကို ပြုခြင်း၊ [နောက်၌ သီခြားပြမည်။]
၆။       ရဟန်းတို့ မသင်အပ်, သင်၍ မပေးကောင်းသော ဆင်စီး မြင်းစီးအတတ် စသည်တို့ကို သင်ခြင်း, သင်ပေးခြင်း၊

အနာဂတ်သာသနာရေး အပိုင်း(၁၁၃) အကောင်းရှိလျှင် အဆိုးရှိ

အကောင်းရှိလျှင် အဆိုးရှိ
ဆုတ်ကပ်ကာလ၌ အကောင်းအဆိုး ဒွန်တွဲ၍ လာခဲ့ရသည်မှာ ထုံးစံဓမ္မတာကဲ့သို့ ဖြစ်နေ၏၊ ထို့ကြောင့် အကျင့်ကောင်းသော ပုဂ္ဂိုလ်များ ထင်ရှားနေသည့်အခါ မကောင်းသောပုဂ္ဂိုလ်များလည်း တစ်ထောင့် တစ်နားက ထွန်းကားနေကြဦးမည်သာ၊ သို့ဖြစ်ရကား ၀ိနည်းပညတ်တော်၌ … “ဆယ်ဝါပြည့်တင်း, ၀ိဘင်းနှစ်ဖြာ, ကမ္မာကမ္မ, ခန္ဓကပုဒ်, နာမ်ရုပ်ပိုင်ပိုင်, ဟောပြနိုင်, …ကျောင်းထိုင် ငါးအင်္ဂါ” ဟူသည်နှင့်အညီ…
၁။       ရဟန်းဝါ ဆယ်ဝါ ရပြီးခြင်း၊
၂။       “ဥဘတောဝိဘင်း”ဟု ခေါ်သော ပါတိမောက်အကျယ်အဖွင့်ကို နားလည်ခြင်း၊
၃။       ကံကြီး ကံငယ် ပြုထုံးကို နားလည်ခြင်း၊
၎။       မဟာဝဂ္ဂ စူဠ၀ဂ္ဂခန္ဓက၌ လာသော သိက္ခာပုဒ်များကို   နားလည်ခြင်း၊
၅။       နာမ်ရုပ်တရားတို့ကို နားလည်၍ ဟောပြနိုင်ခြင်း။
          ဤသို့ ကျောင်းထိုင်ပုဂ္ဂိုလ်၏ ဂုဏ်အင်္ဂါ အရည်အချင်း ငါးပါး တို့ကို အတင်းအကျပ် သတ်မှတ်ထားပါလျက် တစ်ဝါ နှစ်ဝါ ရနှင့် ကျောင်းထိုင်ကြ, တပည့်တပန်း ရဟန်း သာမဏေများကို မွေးကာ ဆရာလုပ်နေကြ, တချို့လည်း ဆောင်းလရောက်လျှင် စားသောက်ပွဲ ခံ၍ ပကတတ်တဲကို အလယ်မှာ ထားလျက် ၀တ်ပေါင်းကိုယ်စီနှင့် လူသိ သူသိ ၀တ်စောင့်ကြလေသည်၊ ထိုသို့ ၀တ်စောင့်နည်းကို “ပွဲကျောင်းပုဂ္ဂိုလ်တို့၏ အလေ့”ဟု မဲဓီးဆရာတော် မိန့်တော်မူသတတ်။

Wednesday, 2 July 2014

အနာဂတ်သာသနာရေး အပိုင်း(၁၁၂)ကြောက်၍တစ်ပါးတည်းနေသော ဆရာတော်



ကြောက်၍တစ်ပါးတည်းနေသော ဆရာတော်           
သာလွန်မင်းတရားကြီး လက်ထက်ဝယ်  ၀ိနည်း ပါဠိတော် အဋ္ဌကထာ နိဿယများကို “အရှင်ဇမ္ဗုဓဇ” မည်သော ရွှေဥမင်ဆရာတော်နှင့် တောင်ဖီလာဆရာတော်တို့ စီရင်တော်မူကြ၏၊ အခါတစ်ပါး၌ တောင်ဖီလာဆရာတော်သည် နိဿယချင်း တိုက်ဆိုင်လို၍ ပုခန်း သာဂရ၀က်ကျ ဥမင်၌ တောရကျင့်သော ရွှေဥမင်ဆရာတော် အထံသို့ အခြွေအရံ လှူဖွယ်များဖြင့် ကြွလာ၏၊ အလုပ်အကျွေး ဖိုးသူတော် တစ်ယောက်သာ ရှိသော ရွှေဥမင်ဆရာတော်သည် မင်းဆရာအတွက် ခင်းပေးစရာ ဘာမျှ မရှိသောကြောင့် မိမိသုံးစွဲ နေကျဖြစ်သော စမ္မခဏ် (သားရေနယ်)ကို ခါ၍ ခင်းပေးရလေ သတတ်၊ ပညာရှိ သူတော်ကောင်းကြီး နှစ်ပါးတို့ အားရ၀မ်းသာ နှုတ်ခွန်းဆက်သ ပြီးသောအခါ မင်းဆရာတော်က “ပရိသတ်ခြွေရံ နည်းပါးလှပါသည်, ကြောက်တော်မမူပါလား”ဟု မေးလျှောက်ရာ “ကြောက်သောကြောင့် ပရိသတ် နည်းနည်းနှင့် နေပါသည်”ဟု ပြန်ပြောလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၁၁)အင်းဝခေတ်သာသနာ



အင်းဝခေတ်သာသနာ
[စတုတ္ထ အ၀မြို့တည် မင်းတရား၏ ညီတော်လက်ထက်၌ ၀ိနန္ဒာသဘထေရ်စီရင်၍ ကောဇာသက္ကရာဇ် (၁၁၉၉)ခု, သာသနာသက္ကရာဇ် (၂၃၈၁)ခုနှစ်၌ ပြီးစီးသော သီလ ၀ိသောဓနီကျမ်းမှ ထုတ်နုတ်ဖော်ပြချက်]
အမတ်စည်းစိမ်ထက် ရဟန်းအဖြစ် သာပုံ
မြောက်နန်းကျောင်းဆရာတော်သည်   မှူးမတ်မျိုးမှ  ထွက်၍  ရဟန်းပြုခဲ့၏၊ အခါတစ်ပါး၌  အမတ်များက “အရှင် ဘုရားသည် တပည့်တော်တို့လို လူဝတ်ကြောင်ဘ၀ဖြင့် နေပါလျှင် အမတ်စည်းစိမ်ကို ရလောက်ပါကြောင်း” လျှောက်ကြလေသော် “သင်တို့ အမတ်စည်းစိမ်သည် ရေအိမ်ထက်၌ ငါပွားများအပ်သော အသုဘသညာ၏ တစ်စိတ်လောက်ကိုမျှ မီနိုင်မည်လော”ဟု ပြန်၍ မိန့်တော်မူလေသည်၊ မိန့်လိုရင်းကား… ကျင်ငယ်စွန့်အိမ်ကို “ရေအိမ်”ဟု ခေါ်၏၊ 

အနာဂတ်သာသနာရေး အပိုင်း(၁၁၀) မြန်မာပြည်သာသနာခန်း

၎။ မြန်မာပြည်သာသနာခန်း
သထုံနှင့်ပုဂံ
သထုံပြည်၌ စစ်မှန်သော သာသနာရောက်သည်မှာ ပုဂံပြည်ထက် နှစ်ပေါင်းများစွာ အလျင်ကျ သည်ဟု မှတ်ရပေမည်၊ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ် ကိုးတိုင်း ကိုးဌာနသို့ သာသနာပြုလွှတ်စဉ်ကပင် “သုဝဏ္ဏဘူမိ”ဟု ထင်ရှား သော ထိုအချိန်မှာ သမုဒ္ဒရာနှင့်လည်း နီးကပ်နေသော သထုံပြည် နေရာဟောင်းသို့ သာသနာပြု လွှတ်တော်မူသည်ဟု ယူဆကြ၏၊ မည်သို့ပင် ယူဆသည်ဖြစ်စေ ပုဂံပြည်ထက် သာသနာအစစ်အမှန် အလျင်ရောက်နေသည်ကား သေချာလောက်ပေသည်၊ ဘာ့ကြောင့်နည်း၊… အရှင်အရဟံ၏ အမိန့်တော်အရ သထုံပြည်သို့ ပိဋက အတောင်းလွှတ်ရသဖြင့် ပုဂံပြည်၌ သာသနာအစစ်အမှန် စတည် ချိန်ဝယ် သထုံပြည်၌ စာနှင့် ပေနှင့် ကျကျနန သာသနာတည်ပြီး ဖြစ်သောကြောင့်တည်း၊ ထိုသို့ သထုံပြည်၌ သာသနာမှန် တည်ရှိစဉ် ပုဂံပြည်၌ အရည်းကြီးဟု ထင်ရှားသော ရဟန်းတု ရဟန်းယောင် များသည် လက်ထပ်ခါနီး သတို့သမီးကို သူတို့ထံသို့ တစ်ညလုံး ပန်းဦးဆက်ရန် ပို့ရလောက်အောင် သောင်းကျန်း ညစ်ညမ်းလျက် ရှိကြလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၀၉) မဟာထေရ်များ ကြိုးစားတော်မူခဲ့ပုံ



ပေထက်အက္ခရာတင်ခန်း
မဟာထေရ်များ ကြိုးစားတော်မူခဲ့ပုံ
         
သီဟိုဠ်ကျွန်းဝယ်…(ပိတုရာဇာ ဟုလည်း ထင်ရှားသော) ၀ဋ္ဋဂါမဏိမင်း စိုးစံစဉ် တိဿမည်သော ဗြာဟ္မဏတစ်ယောက် က သူပုန်ထသည့်ပြင် စောဠတိုင်းမှ ကျေးမင်းတို့ကလည်း စစ်ဖက်လာကြ၏၊ တိုင်းသူပြည်သားတို့သည် အိမ်ခြေရာခြေ မတည်နိုင်အောင် ရှိရကား သံဃာတော်များ ဆွမ်းခဲယဉ်းစဉ်မှာပင် စိတ္တလပဗ္ဗတကျောင်းတိုက်, မဟာဝိဟာရကျောင်းတိုက် စသည်၌ သုံးနှစ် တိုင်တိုင် စုဆောင်းထားအပ်သော ၀တ္ထုကံ စပါးများကို ကြက်ကြီး များစွာ ဖျက်ဆီးကြသဖြင့် တစ်ညဥ့်အတွင်း၌ပင် ဖွဲမျှသာ ကျန်လေတော့၏၊ ရဟန္တာဖြစ်ပြီးသော ရဟန်းတော်များစွာလည်း ပရိနိဗ္ဗာန် စံကြ၏၊ များစွာသော ရဟန်းတို့သည် ဇမ္ဗူဒိပ် (အိန္ဒိယ)ဘက်သို့ ကူးပြောင်း နေထိုင်ကြရလေသည်။

          ထိုအချိန်၌ ပိဋကကျမ်းစာများကို ပေထက်၌ မရေးကြရသေး သောကြောင့် ဇမ္ဗူဒိပ်သို့ မကူးဘဲ ဖြစ်သလိုနှင့် နေရစ်ခဲ့ကြသော ရဟန်းတော်များသည် မိမိတို့ နှုတ်တက်ဆောင်ထားသော ပါဠိတော် နှင့် အဋ္ဌကထာများကို အလွန် ပင်ပန်းစွာ ရွတ်အံတော်မူရှာကြရ ပေသည်၊ တချို့ ရက်များ၌ကား ဆွမ်းကို မဆိုထားဘိ စားဖွယ်ရာ အာဟာရ တစ်စုံတစ်ရာကိုမျှ မရကြရှာချေ၊ သို့သော် မရွတ်မအံလျှင် ပိဋကတော်များ တိမ်းပါး ချွတ်ယွင်းမည် စိုးသောကြောင့် ၀မ်းမီး ဆောင်သဖြင့် ပူလောင်နေသော ရင်ပေါ်မှာ သဲအစိုများ တင်ထား၍ ကြိုးစား ပမ်းစား

အနာဂတ်သာသနာရေး အပိုင်း(၁၀၈) ဒုဋ္ဌဂါမဏိမင်းအကြောင်း



ဒုဋ္ဌဂါမဏိမင်းအကြောင်း
စစ်ရှုံးစဉ်လည်း ဒါနကို မမေ့
မဟာဝင်၌ တွေ့ရသော သီဟိုဠ်မဟာရာဇာတို့တွင် ဒုဋ္ဌဂါမဏိမဟာရာဇာ၏  သာသနာ                   ကြည်ညိုပုံသည် ဗုဒ္ဓဘာသာဝင်တို့၏စိတ်ကို အားအရစေဆုံး အနှစ်သက်စေဆုံးဖြစ်၏၊ ထိုမဟာရာဇာသည် ညီတော်တိဿနှင့်စစ်ဖြစ်၍ စစ်ရှုံးခိုက် မြင်းတစ်စီး အမတ်တစ် ယောက်မျှဖြင့် တိမ်းရှောင်နေရာ တောထဲမှာပင် လွန်စွာဆာလောင်နေစဉ် အမတ်၏ပွဲတော်တစ်ယောက်စာကို (မြင်း,အမတ်, မိမိဖို့အပြင် လှူဖို့ပါ) လေးဖို့ခွဲ၍ အလှူခံပုဂ္ဂိုလ်ကို ကြေးကြော်ပင့်ယူလေသည်၊
အလှူခံပုဂ္ဂိုလ်သည် ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ကြား၍ ကြွရောက် လာသဖြင့် မိမိတို့ဖို့ မှန်းထားသော အဖို့ကိုပါ အားလုံးလှူလိုက်ကြလေသည်၊ နတ်ရွာစံခါနီး၌ကား မိမိအလှူတော်စာရင်းကို ဖတ်စေရာဝယ် အခြားသော စေတီတော်ကြီး ကျောင်းတော်ကြီးများ အလှူထက် ဤအလှူကို သာ၍နှစ်သက်ပါသတဲ့။ [အချို့ဒါနရှင်များ သည် မိမိပြုပြီးသော ကောင်းမှုအထူးများကို ပုရပိုက်စာအုပ်များ၌ ရေးမှတ်၍ ထားပြီးလျှင် ထိုကောင်းမှုစာရင်းများကို မကြာ မကြာ ကြည့်ရှုကာ နောက်ထပ် ကုသိုလ်စေတနာ တိုပွားကြစေ၏။]

အနာဂတ်သာသနာရေး အပိုင်း(၁၀၇) တိတ္ထိများ သာသနာဝင်လာပုံ


တိတ္ထိများ သာသနာဝင်လာပုံ           
သာသနာတော်ဝင်   အရှင်မြတ်တို့ဘက်၌ သာသနာဝင်လာပုံ  တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံသော  ရဟန္တာပုဂ္ဂိုလ် အများအပြားရှိ၍ အရှင်မဟိန္ဒကဲ့သို့ အထက်တန်းအမျိုးကောင်း သားများက သာသနာ့ဝန်ကို ထမ်းနေကြ ရုံမက မဟာရာဇာကိုယ်တိုင်ပင် အမြတ်တနိုးပြု၍ ကိုးကွယ်ကာ မဟာရာဇာ၏ အာဏာပျံ့နှံ့ရာ အရပ်တိုင်းဝယ် ဗုဒ္ဓတရားတော်မှ လူဝတ်ကြောင်နှင့် ဆိုင်သော တရားတော်များကို ရေးသား၍ ကျောက်တိုင်စိုက်လျက်လူအများအားတရားပေးကာ တရားတော်ကို ယုံကြည်သက်ဝင်လာအောင် ကြိုးစားနေသောအခါဖြစ်၏၊ ထိုအခါ၌ ဗုဒ္ဓသာသနာတော်ဝယ် ပစ္စည်းလေးပါး ပေါများပြည့်စုံသလောက် ရသေ့တိတ္ထိတို့၌ ပစ္စည်းလေးပါး ရှားပါးရကား များစွာသော ရသေ့တိတ္ထိတု့သည် အစားအသောက် အနေအထိုင်ကျပ်ကြ၏၊ ထို့ကြောင့် သာသနာတွင်းသို့ တိတ်တိတ်ပုန်း ၀င်ရောက်လာပြီးလျှင် သံဃာ အစစ်များနှင့် ရောနှောနေထိုင်ကာ တချို့ကမူ မိမိတို့ယူမြဲ မိစ္ဆာအယူ ကို ယူကြခြင်းဖြင့် သာသနာတော် မသန့်ရှင်အောင် ပြုကြတော့၏၊ ထိုအခါ ရဟန်းစစ် ရဟန်းမှန်တို့သည် သူတို့နှင့်အတူ သံဃာ့ကံများ ကို မပြုနိုင်ကြသောကြောင့် အသောကာရုံတိုက်ကြီး၌ ခုနစ်နှစ် တိုင်တိုင် ဥပုသ်ပြုကိစ္စ ရပ်စဲခဲ့ရသတဲ့။

အနာဂတ်သာသနာရေး အပိုင်း(၁၀၆) သားတော်,သမီးတော် သာသနာဝင်ခန်း


သားတော်,သမီးတော် သာသနာဝင်ခန်း        
ကျောင်းတိုက်များကို လှူဒါန်းပူဇော်ရာ၌ မဟာရာဇာသည်  အလွန်ဝမ်းမြောက်သည် ဖြစ်၍… “ဗုဒ္ဓရှင်တော်မြတ်၏ သာသနာဝယ် အဘယ်သူ၏ စွန့်ကြဲလှူဒါန်းမှုသည် အကြီးကျယ်ဆုံး ဖြစ်ပါသနည်း”ဟု မေးလျှောက်လေရာ သံဃာများ၏ တာဝန်လွှဲခံရ သော အရှင်မောဂ္ဂလိပုတ္တတိဿထေရ်က မိန့်တော်မူသည်မှာ…
          မထေရ်                            မဟာရာဇာ … ပစ္စည်းလေးပါး လှူဒါန်းရေး၌ ဒကာတော်နှင့်တူသူသည် ဗုဒ္ဓမြတ်စွာ၏ လက်ထက်တော်တုန်းကပင် မရှိခဲ့ပါ၊ ဒကာတော်၏ စွန့်ကြဲမှုသာ အကြီးကျယ်ဆုံးဖြစ်ပါပေသည်။
          မဟာရာဇာ              ။(ထိုစကားကိုကြားရလျှင် အလွန့်အလွန်နှစ်သက် ရွှင်ပျ၍) ဒီလိုဖြစ်လျှင် ဒကာတော်သည် သာသနဒါယာဒ (သာသနာ့အတွင်းသား=သာသနာ့ဆွေတော် မျိုးတော်) ဖြစ်ပြီ မဟုတ်ပါလား။

          မထေရ်                   ။(ထိုစကားကို ကြားရလျှင် မဟိန္ဒမင်းသားကို သတိထားတော်မူမိ၏၊ သာသနာတော်၌ ဤမင်းသား ရောက်လာလျှင် သာသနာတော် အလွန်တိုးတက်လာ မည်ကိုလည်း မြော်မြင်တော်မူ၏၊ ထို့ကြောင့် အမှန် လည်းကျ စကားသုံးလည်း လှလေအောင်) မဟာရာဇာ…မြေပြင်မှအထက် ဘ၀ဂ်တိုင်အောင် ပစ္စည်း ပုံကြီးကို လှူဒါန်းပါသော်လည်း “သာသနဒါယာဒ”ဟု မခေါ်နိုင်သေး၊ “ပစ္စယဒါယကာ”ဟုသာ ခေါ်နိုင် သည်၊ ဆင်းရဲ ချမ်းသာမဟူ မည်သူမဆို မိမိရင်သွေး ကို သာသနာတွင်း သွင်းပို့ ချီးမြှောက်နိုင်သူသာ သာသနာတော်နှင့်သွေးစပ်၍ “သာသနဒါယာဒ”ဟု ဆိုအပ်ပေသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၀၅) နိဂြောဓသာမဏေ၏ ဇာစ်မြစ်



နိဂြောဓသာမဏေ၏ ဇာစ်မြစ်
အသောကမဟာရာဇာသည်  ခမည်းတော် ဗိန္ဒုသာရမင်း နတ်ရွာစံလျှင် စံချင်း မိကွဲဖတူ ညီနောင် ကိုးကျိပ် ကိုးယောက်တို့ကို ရှင်းလင်းလေရာ အကြီးဆုံး သုမနမင်းသား၏ ကြင်ယာတော်သည် ကိုယ်ဝန်အရင့်အမာဖြင့် ထွက်ပြေးကာ စဏ္ဍာလတို့၏ ရွာဝယ် စဏ္ဍာလ အကြီးအကဲ၏ သမီးအမှတ်ဖြင့် အစောင့်အရှောက်ကို ခံယူနေစဉ်    နိဂြောဓသာမဏေ  အလောင်းတော်ကလေးကို ဖွားမြင်ရလေသည်၊ ထို့နောက် ကလေး၏ အစွမ်းအစကို (ရဟန္တာ ဖြစ်သည့်တိုင်အောင်) မြင်တော်မူသော မဟာဝရုဏရဟန္တာအရှင်မြတ်က စောင့်ရှောက်၍ ခုနစ်နှစ်အရွယ်၌ ရှင်သာမဏေ ပြုပေး လေသည်၊ ထိုသို့ သာမဏေ ဖြစ်ပြီး၍ အတော်ကြာသောအခါ မယ်တော်ရှိရာသို့ သွားမည်ဟု ကြံကာ နန်းတော်မြေလမ်းဖြင့် ကြွသွားစဉ် အသောက မဟာရာဇာ မြင်ရလေသည်၊ ထို့ကြောင့် ““နိဂြောဓသာမဏေ””ဟူသည် အသောကမဟာရာဇာ၏ တူတော် အရင်း မင်းမျိုးမင်းနွယ်ဖြစ်သည်ဟု မှတ်ပါ။

အနာဂတ်သာသနာရေး အပိုင်း(၁၀၄) မဟာထေရ်များ၏ အမြော်အမြင်



တတိယသင်္ဂါယနာတင်ခန်း
မဟာထေရ်များ၏ အမြော်အမြင်
ဒုတိယသင်္ဂါယနာ တင်ကြပြီးသောအခါ…မဟာထေရ်တို့သည် “နောက်နောင်အခါဝယ် သာသနာတော်၌ ယခုလို ဘေး အန္တရာယ်များ ဖြစ်ဖွယ်ရှိသေးသလား”ဟု စဉ်းစားတော်မူကြ၏၊ ထိုအခါ နောင်နှစ်ပေါင်း (၁၁၈) နှစ်မြောက်ဝယ် ဓမ္မာသောက မဟာရာဇာ၏ လက်ထက်၌ ဘေးရန်ဖြစ်ဖွယ်ရှိကြောင်းကို မြင်တော်မူကြရ၍ ထိုအချိန်မှာ မိမိတို့ မရှိနိုင်ကြောင်းကိုလည်း သိတော်မူရကား ထိုအခါ၌ သာသနာပြုနိုင်မည့် ပုဂ္ဂိုလ်ကို လူ့ပြည် နတ်ပြည်မှာ ရှာသော်လည်း မတွေ့ကြ၊ ဗြဟ္မာ့ပြည်ကို ကြည့်မှ အသက်ကုန်ခါနီး၌ အထက်ဗြဟ္မာ့ပြည်သို့ ဆက်လက်ဖြစ်ဖို့ရန် ကုသိုလ်ဈာန်လည်း ရှိသော “တိဿဗြဟ္မာမင်း”ကို တွေ့သဖြင့် သာသနာပြုရေးအတွက် အထက်သို့ မဖြစ်ဘဲ လူ့ပြည်၌ ဖြစ်ဖို့ရန် တောင်းပန်ကြလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၀၃) နိဂြောဓသာမဏေ




နိဂြောဓသာမဏေ
ထိုသို့ မကြာခဏ စဉ်းစားမိလေရာ တစ်နေ့သောအခါဝယ်… နန်းတော် မြေလမ်း၌ သွားလာနေသော လူအများတွင် စက္ခုနြေ္ဒချလျက် ဦးခေါင်း လက်တို့ မလှုပ်မယှက် ငြိမ်သက်စွာ ကြွသွားနေသော ကိုရင်ကလေးကို နန်းတော်ပေါ်မှ လှမ်းမျှော်ကြည့်မိလေရာ လွန်စွာကြည်ညိုခြင်းဖြင့် စဉ်းစားသည်မှာ…
အခြားလူတွေ သွားလာကြသည်မှာ မငြိမ်မသက် ဣနြေ္ဒမရ ရှိလှ၏၊ ဤသာမဏေသွားပုံသည် ငြိမ်သက် တည်ကြည်၏၊ သူ့သန္တာန်မှာ ထူးခြားသောတရား ရှိပေလိမ့်မည်တွေးကာ ကြည့်ရင်း ကြည့်ရင်း စဉ်းစားမိ၍ စဉ်းစားရင်း စဉ်းစားရင်းလည်း လွန်မင်းစွာ ချစ်ခင်ကြည်ညိုရကား အနီးအပါး၌ ရှိသော အမတ်များကို အမြန် သွား၍ အပင့်ခိုင်း, ခိုင်းပြီး မကြာခင် နှေးသည်ဟု ထင်သောကြောင့် “မြန်မြန် ကြွခဲ့ပါ”ဟု မှာလျက် နှစ်ခါ သုံးခါ ထပ်ကာ လွှတ်၍ ဇွတ်တရွတ်ကြီး ကြည်ညိုလေသည်။
          သို့သော် သာမဏေကား (မလျင်မမြန်) မှန်မှန်ပင် သွားလျက် နန်းတော်ပေါ် တက်မိသည့်အခါ “သင့်လျော်သော နေရာမှာ ထိုင်ပါ” ဟု (စုံစမ်းသောသဘောဖြင့်) လျှောက်ထားလျှင်  အခြားရဟန်းများ မရှိကြောင်းကို သိ၍ ရာဇပလ္လင်ပေါ်မှာပင် ထိုင်တော်မူ လေသည်၊ [စိတ်နေစိတ်ထားနှင့် အမျိုးအနွယ် အောက်ကျသူ ဖြစ်လျှင် ဘုရင့်ထက်မြင့်သော နေရာ၌ ထိုင်ဝံ့မည် မဟုတ်၊] ထို့နောက် ဆွမ်းကပ်ပြီးသောအခါ…

အပိုင်း(၁၀၂)တတိယသင်္ဂါယနာတင်ခန်း(မဟာထေရ်များ၏ အမြော်အမြင်)



တတိယသင်္ဂါယနာတင်ခန်း
မဟာထေရ်များ၏ အမြော်အမြင်
ဒုတိယသင်္ဂါယနာ တင်ကြပြီးသောအခါ…မဟာထေရ်တို့သည် “နောက်နောင်အခါဝယ် သာသနာတော်၌ ယခုလို ဘေး အန္တရာယ်များ ဖြစ်ဖွယ်ရှိသေးသလား”ဟု စဉ်းစားတော်မူကြ၏၊ ထိုအခါ နောင်နှစ်ပေါင်း (၁၁၈) နှစ်မြောက်ဝယ် ဓမ္မာသောက မဟာရာဇာ၏ လက်ထက်၌ ဘေးရန်ဖြစ်ဖွယ်ရှိကြောင်းကို မြင်တော်မူကြရ၍ ထိုအချိန်မှာ မိမိတို့ မရှိနိုင်ကြောင်းကိုလည်း သိတော်မူရကား ထိုအခါ၌ သာသနာပြုနိုင်မည့် ပုဂ္ဂိုလ်ကို လူ့ပြည် နတ်ပြည်မှာ ရှာသော်လည်း မတွေ့ကြ၊ ဗြဟ္မာ့ပြည်ကို ကြည့်မှ အသက်ကုန်ခါနီး၌ အထက်ဗြဟ္မာ့ပြည်သို့ ဆက်လက်ဖြစ်ဖို့ရန် ကုသိုလ်ဈာန်လည်း ရှိသော “တိဿဗြဟ္မာမင်း”ကို တွေ့သဖြင့် သာသနာပြုရေးအတွက် အထက်သို့ မဖြစ်ဘဲ လူ့ပြည်၌ ဖြစ်ဖို့ရန် တောင်းပန်ကြလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၀၁) ငွေအလှူခံခြင်းနှင့် ဒုတိယသင်္ဂါယနာ



သာ၍စိတ်ဆိုးကြပုံ
ကျောင်းတိုက်သို့ ပြန်ရောက်ကြ၍ အဖော်လိုက်သွားသော ကိုယ်တော်ကလေးကို အကျိုးအကြောင်း မေးကြလေရာ ရှင်ယသက ပြောပုံ, ဒကာများက “အရှင်ယသ တစ်ပါးက လွှဲလျှင် ဝေသာလီမြို့မှာ ရဟန်းအစစ် မရှိ”ဟု လျှောက်ပုံကို ကြားရသဖြင့် သာ၍ ဒေါသထွက်ကာ သံဃာစည်းဝေးစေလျက် အရှင်ယသကို “ဥက္ခေပနီယကံ” ပြုဖို့ရန် စီမံ စိုင်းပြင်းကြလေသော် သူတို့ စီမံနေတုန်းမှာပင် အရှင်မဟာယသ သည် ကောင်းကင်သို့ ပြန်ကြ၍ ကောသမ္ဗီပြည်၌ သက်ဆင်းတော်မူလေသည်။
          [““ဥက္ခေပနီယကံ””ဟူသည် နှင်ထုတ်သော ကံတည်း၊ ထိုအချိန်၌ အရှင်ယသသည် တန်ခိုးရှိပြီးသော ရဟန္တာ မဟုတ်ပါလျှင် မည်မျှ လောက်ပင် ပိဋကကျွမ်းကျင်သော်လည်း သူတို့ အနှိပ်အနင်းကို ခံရှာရပေလိမ့်မည်။]
  

Thursday, 26 June 2014

ခေါင်းလောင်းထိုး၍အမျှဝေသည်

တရုတ်နိုင်ငံတွင် လွန်လေသော နှစ်ပေါင်း လေးထောင်ခန့်က ခေါင်းလောင်းများ စတင်ပေါ်ပေါက်ခဲ့သည်ဆို၏။ အနောက်နိုင်ငံများတွင် ခရစ်ယန်အယူဝါဒကို အတည်တကျ ကိုးကွယ်လာကြသော ငါးရာစု၊ ခြောက်ရာစုလောက်ကမှ အစပြုပြီး ခရစ်ယန်ဘုရားရှိခိုးကျောင်းများတွင် ခေါင်းလောင်းများကို ထားရှိခဲ့ကြလေသည်။

ပထမတွင် သေးငယ်သော ခေါင်းလောင်းများကိုသာ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် တဖြည်းဖြည်း ကြီးသောခေါင်းလောင်းများကို သွန်းလုပ်လာနိုင်ကြလေသည်။
ခေါင်းလောင်းသံကို မြို့တွင်းမှ အားလုံးကြားနိုင်ရန် မျှော်စင်များပေါ်တွင် ချိတ်ဆွဲထားလေ့ရှိသည်။ အများအားဖြင့် ခေါင်းလောင်းစင်များကို ဘုရားရှိခိုးကျောင်းများနှင့် တဆက်တည်းထားရှိလေ့ရှိသည်။ အချို့နေရာများတွင် သီးခြားအဆောက်အအုံများဖြင့် ထားတတ်ကြလေသည်။

ကောင်းကျိုးလိုအင်ဆန္ဒ ပြည့်စေမည့် ပဋ္ဌာန်းနှင့် ဂုဏ်တော်ကိုးပါး

(က) ပုတီးကျင့်စဉ် ဆောင်ရွက်နေစဉ် လိုက်နာရမည့်အချက်-
ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းပြီး နေ့စဉ် ရက်မကျော်စေဘဲ အချိန်မှန်၊ နေရာမှန်စွာဖြင့် ဘုရားဂုဏ်တော်ကိုးပါးအတွက် (၉)ရက် ဆက်တိုက် ကျင့်ဆောင်ရပါမည်။

(ခ) ပုတီးမစိပ်မီ ပြင်ဆင်ခြင်း-
မိမိအိမ်ရှိ ဘုရားဆင်းတုတော်အား ရေသပ္ပာယ်လိုက်ပြီး သံလင်ပန်းတချပ်၏ အလယ်တွင် ဆင်းတုတော်အား စံပယ်တော်မူစေပြီး ဘေးပတ်လည်မှ မိမိကြိုက်နှစ်သက်ရာ အရွယ်အစားတူ အလင်းတိုင် (၂၄)တိုင်အား ပဋ္ဌာန်းဒေသနာတော် (၂၄)ပစ္စည်းအတွက် ရည်စူးပြီး ဆီမီးပူဇော်ရပါမည်။

(ဂ) ပုတီးစိပ်ကျင့်စဉ် ဆောင်ရွက်ခြင်း-
၁၀၈-လုံးပါ ပုတီးဖြင့် ကျင့်စဉ်ဝင်ရောက်ရပါမည်။
(၁) ဟောတု ပစ္စယော-(ပုတီးတလုံးချ)
(၂) အာရမ္မဏ ပစ္စယော-(ပုတီးတလုံးချ)
(၃) အဓိပတိ ပစ္စယော-(ပုတီးတလုံးချ)
(၄) အနန္တရ ပစ္စယော-(ပုတီးတလုံးချ)
(၅) သမနန္တရ ပစ္စယော-(ပုတီးတလုံးချ)

Wednesday, 25 June 2014

အနာဂတ်သာသနာရေး အပိုင်း(၁၀၀) ဒုတိယသင်္ဂါယနာတင်ခန်း



ဒုတိယသင်္ဂါယနာတင်ခန်း
အရှင်မဟာယသ
လောက၌ ရှိကြသော အရာဝတ္ထုတို့တွင် အကောင်းဟူသမျှတို့သည် မကြာခဏ ပြုပြင်ပေးသူရှိမှသာ အကောင်းဘ၀၌ အတော်ကြာကြာ နေနိုင်၏၊ ပြုပြင်ပေးမည့်သူများ မရှိလျှင် (သို့မဟုတ်) ပြုပြင်လိုကြသူများ အားနည်းနေလျှင် မကောင်းသော အတုအပတွေ ပေါ်ပေါက်လာ ကြမြဲ ဖြစ်လေရာ ကောင်းသော အရာဝတ္ထုတို့သည် တိမ်မြုပ် ပျောက်ကွယ်သွားတတ်လေ၏၊ ဥပမာ…မိမိ ၀တ်နေကျ ဖြူစင် သန့်ရှင်းသော အ၀တ်သည်ပင် မကြာခဏ ဖွပ်လျှော်မပေးပါမူ ဟောင်းနွမ်းသဖြင့် ပွဲလမ်းမ၀င်နိုင်တော့သကဲ့သို့တည်း။
          ထို့ကြောင့် စင်ကြယ်သော ဗုဒ္ဓသာသနာတော်ကို အရှင်မဟာ ကဿပစသော အရှင်တို့သည် အညစ်အကြေး အနည်းငယ်ဖြစ်စက ဖွပ်လျှော်ပေးခဲ့ကြသော်လည်း အနှစ်တစ်ရာလောက် ကြာသောအခါ ဝေသာလီပြည် ၀ဇ္ဇီတိုင်းသား ရဟန်းများကြောင့် ဆယ်ပါးသော အပြစ် အညစ်အပေ တွေ့ရပြန်သည်၊  ထိုဆယ်ပါးတွင် လူအများ နားလည်နိုင်လောက်သော အပြစ်ကား “ကပ္ပတိ ဇာတရူပရဇတံ-ရဟန်းတော်များအား ရွှေ ငွေ အပ်၏”ဟူသော အယူဝါဒတည်း၊ ကာကဏ္ဍကဗြာဟ္မဏ၏ သားတော်ဖြစ်သော ရဟန္တာ အရှင်ယသသည် ဒေသစာရီ လှည့်လည်တော်မူရင်း ထိုဝဇ္ဇီရဟန်းတို့၏ သတင်းကို ကြားတော်မူလေသော်“ဗုဒ္ဓသာသနာတော် ပျက်စီးနေကြောင်းကို ကြားရပါလျက် ကြောင့်ကြမစိုက်ဘဲ နေလို့မလျော်ချေ၊ ယခုပင် ငါ သွား၍ အဓမ္မ၀ါဒီများကို နှိမ်နင်းကာ ဓမ္မအစစ်အမှန်ကို ပြမည်” ဤသို့ ကြံတော်မူကာ အာဇာနည်ဆင်မြတ်ရတနာသည် ရန်သူ ရှိရာကို မရှောင်ကွင်းဘဲ အတင်းချင်းနင်းသကဲ့သို့ အဓမ္မ၀ါဒီအသင်း တို့၏ စစ်တလင်းဟု ဆိုထိုက်ရာ ဝေသာလီပြည်သို့သာလျှင် တစ်ပါး တည်း ကြွ၍ ကူဋာဂါရသာလာ၌ သီတင်းသုံးပါသည်။

Tuesday, 24 June 2014

အနာဂတ်သာသနာရေး အပိုင်း(၉၉) သင်္ဂါယနာတင်ရန်ဆွေးနွေးပုံ



သင်္ဂါယနာတင်ရန်ဆွေးနွေးပုံ
ဗုဒ္ဓရှင်တော်မြတ်၏ အလောင်းတော်ကို မီးပူဇော်ပြီးလျှင် အရိုးဓာတ်တော်များကို ဝေဖန်ပြီးနောက် သံဃာ့ပရိသတ်ကြီး၏ အကြီးအကဲဖြစ်သော ပုဂ္ဂိုလ်သည် အရှင်မဟာကဿပ ပင်တည်း၊ ထိုအရှင်မြတ်သည် သံဃာ့ပရိသတ်ကြီးကို စည်းဝေးစေပြီးလျှင် ပါဝါပြည်မှ ကုသိနာရုံသို့ လာစဉ်က သုဘဒ္ဒရဟန်းကြီး၏ “ငါတို့ သည် ရဟန်းဂေါတမလက်မှ လွတ်ကြရပေပြီ” စသည်ဖြင့် နစ်နစ် နာနာ ပြောအပ်သော စကားကိုလည်း ပြောပြ၏၊ 
“ငါ့ရှင်တို့… ဗုဒ္ဓ ရှင်တော်မြတ်၏ စပ်ရာ စပ်ရာ ဟောတော်မူအပ်သော တရားတော်များသည် မသီကုံးအပ်သော ပန်းတွေကဲ့သို့ အစီအစဉ် မရှိဘဲ ဖြစ်နေသည်၊ ပန်းတွေ မကုံးဘဲ ထားလျှင် လေတိုက်ခတ်တိုင်း လွင့်ကာ မကြာခင် ကုန်ဖွယ်ရာ ရှိသကဲ့သို့ တရားတော်များကို စီကာစဉ်ကာ သဘောတူရာ ပေါင်းစု၍ မထားလျှင် အဓမ္မ၀ါဒီ အလဇ္ဇီတို့၏ (ဘုရားဟော မဟုတ်သော တရားတွေကို ထည့်သွင်း၍ ဘုရားဟောအစစ်  တရားတွေကို  တချို့တလေ နုတ်ပယ်ပြီးလျှင် သူတို့ ထင်သလို ပြုလုပ်ခြင်းတည်းဟူသော) လေမုန်တိုင်း တိုက်လွှင့်သောကြောင့် မကြာခင် တရားတော်များ ဟောတော်မူရင်းအတိုင်း မဟုတ်တော့ဘဲ တစ်မျိုးတစ်မည် ပြောင်းလဲကာ အစစ် အမှန် တရားတော်များ ကွယ်စရာရှိသည်။

အနာဂတ်သာသနာရေး အပိုင်း(၉၈) အရှင်မဟာကဿပ၀န်ဆောင်ပုံ



အရှင်မဟာကဿပ၀န်ဆောင်ပုံ
နောက်လိုက်ရဟန်းများ လမ်းခရီး၌ ဖြစ်ပုံ
ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်စံတော်မူချိန်၌ အရှင်မဟာကဿပသည် ဒေသစာရီ လှည့်လည်နေခိုက် ဖြစ်၏၊ ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ခုနစ်ရက်မြောက်၌ကား ပါဝါပြည်မှ ကုသိနာရုံသို့ နောက်ပါ ရဟန်းငါးရာနှင့်တူ ကြွလာတော်မူသည်၊ ထိုအချိန် မှာပင် ကုသိနာရုံပြည်၌လည်း ဗုဒ္ဓရှင်တော်၏ အလောင်းတော်ကို အတောင် တစ်ရာ့ရှစ်ဆယ်မြင့်သော စန္ဒကူးနံ့သာပုံပေါ်သို့ တင်၍ မလ္လာမင်းတို့ မီးရှို့ပူဇော်ကြသော်လည်း မီးကူးအောင်မျှ မတတ်နိုင် ကြချေ၊ [ထိုအစည်းအဝေးတွင် ပါဝင်ကြသော နတ်တို့တွင် အရှင် မဟာကဿပကို ဆည်းကပ်၍ နတ်ပြည်၌ ဖြစ်ရသော နတ်တို့က သူတို့ အရှင်မြတ်ကို ပရိသတ်၌ မမြင်ရသဖြင့် “ငါတို့ အရှင် မရောက်မချင်း မီးမတောက်စေရ”ဟု ကြံကာ မီးမွှေး၍ မရအောင် စီမံထားကြသတဲ့။]
          အရှင်မဟာကဿပထေရ်သည် ကုသိနာရုံပြည်၌ ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူကြောင်းကို သိပြီးလည်း နောက်ပါ ရဟန်းများ မသိကြသေး၍ ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူသည်ကို ရုတ်တရက်တွေ့လျှင် နောက်ပါ ရဟန်းတို့ အလူးအလှိမ့် ငိုကြမည့်အရေးကိုလည်းကောင်း, လူဝတ်ကြောင်တို့က ထိုရဟန်းတို့ ငိုကြပုံကို မြင်၍ ပြစ်တင်ကဲ့ရဲ့ဖွယ်ရှိသည်ကို လည်းကောင်း မျှော်တွေးမိသောကြောင့် လူမြင်သူမြင် မရောက်စေဘဲ မိုးချုပ်မှ ရောက်အောင် နားနားနေနေ ကြွတော်မူလေရာ တစ်နေရာ၌ နား၍ နေကြစဉ် အဝေးမှ နတ်ပန်းကြီးကို ထီးဆောင်း၍လာသော တက္ကတွန်းကို မြင်၍ “ဒီနေရာကပင် ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူကြောင်းကို နောက်ပါ ရဟန်းတွေ သိစေမှ တော်မည်၊ တောထဲ၌ အားရအောင် ငိုကြလျှင် ကုသိနာရုံရောက်က အငိုသက်သာစရာ ရှိ၏”ဟု ကြံတော်မူကာ ဗုဒ္ဓကို ရိုသေသောအားဖြင့် နေရာမှ ထ၍ ““အို တက္ကတွန်း…ငါတို့ဆရာ ဗုဒ္ဓရှင်တော်မြတ်ကို သိပါရဲ့လား”ဟု စကားစ၍ မေးလေသည်၊ ထိုအခါ တက္ကတွန်းက “သိပါသော်ကော, အရှင်တို့ရဲ့ ဗုဒ္ဓ ကွယ်လွန်သည်မှာ ယနေ့ (၇) ရက်တောင် ရှိပြီပေါ့”ဟု ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ပုထုဇဉ် သောတာပန် သကဒါဂါမ်ရဟန်းများ မဖြေနိုင် မဆည်နိုင် အလူး အလှိမ့် ငိုကြရှာလေသည်။

Monday, 23 June 2014

အနာဂတ်သာသနာရေး အပိုင်း(၉၇) ကိဋာဂိရိ၌ ဖြစ်ပျက်နေပုံ



ကိဋာဂိရိ၌ ဖြစ်ပျက်နေပုံ
ထိုဆဗ္ဗဂ္ဂီဂိုဏ်း ရဟန်းတို့တွင် သာဝတ္ထိမြို့နေ အရှင်ပဏ္ဍုကနှင့်အရှင်လောဟိတက ဆရာတပည့်တို့သည် လဇ္ဇီသူတော်ကောင်း သီလ ရှိသူများ ဖြစ်ကြ၍ ကြွင်းသော  ဆဗ္ဗဂ္ဂီဂိုဏ်းသားတို့ကား  အလဇ္ဇီ မသူတော်တွေသာ များလေသည်၊ ကိဋာဂိရိ၌ နေကြသူတို့သည် ပန်းပင် အမျိုးမျိုးစိုက်၍ ပန်းကုံးအမျိုးမျိုး ကုံးပြီးလျှင် အမျိုးသမီး ကြီးကြီးငယ်ငယ်တို့အား ပန်းကို ပေးကြ၏၊ ထိုအမျိုးသမီးများနှင့် အတူစား အတူနေကြရုံမက အိပ်ရာခင်းတစ်ခင်းတည်း၌ပင် စောင်အတူခြုံ၍ အိပ်ကြသည်ဟု ဆို၏။
          သူတို့သည် ညစာလည်း စားကြ၏၊ ပန်းနံ့သာ လိမ်းကျံ ခြယ်လှယ်၍ ကိုယ်တိုင်လည်း ကကြ, သီချင်းဆိုကြ, တီးကြ, မှုတ်ကြ နှင့် သင်္ကန်းကြီးကို ခင်းပေးကာ “ဟေ့ ဒီအပေါ်မှာ ကစမ်းပါကွ နှမရ”ဟု အကလည်း ခိုင်း, ကပုံ ဆိုပုံကိုလည်း သင်ပေးကြနှင့် ဖြစ်ချင်တိုင်း ဖြစ်နေကြသည့်ပြင် ကျားချတမ်း, စစ်တုရင်ထိုးတမ်းမှ စ၍ ကစားအမျိုးမျိုးကိုလည်း ကစားကြသတဲ့၊ ထိုသို့ ပြုနေသည့် အတွက် အကြည်ညို ပျက်သူတွေထက် သူတို့ဘက် ပါနေသူက များနေကြောင်းမှာ ပြလတံ္တ့ဝတ္ထုကလေးဖြင့် သိသာပါလိမ့်မည်။

အနာဂတ်သာသနာရေး အပိုင်း(၉၆) သာသနာတော်၏ ပထမ၀န်ဆောင်တော်များ


သာသနာတော်၏ ပထမ၀န်ဆောင်တော်များ
(သာသနာတော်၏) ပထမအပိုင်းဟု ဆိုထိုက်သော ဗုဒ္ဓရှင်တော်မြတ်၏ လက်ထက်တော်ကြီးဝယ် မိမိတို့၏ စွမ်းရာ စွမ်းရာဘက်မှ တာဝန်ကို ယူ၍ သာသနာ့တာဝန်ကို ဆောင်တော်မူခဲ့ကြသော ထိပ်ခေါင်တင်အရှင်မြတ်တို့သည် များပြားလှပါပေကုန်၏။
အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလ္လာန်တို့ကဲ့သို့ အချို့ထေရ် များလည်း သူဌေးဘ၀နှင့် သူဌေးသားဘ၀မှ ထွက်လာကြကုန်၏၊ တချို့ထေရ်များကား အရှင်အနုရုဒ္ဓါ, အရှင်အာနန္ဒာတို့ကဲ့သို့ မင်းညီမင်းသားဘ၀မှလည်းကောင်း, အရှင်မဟာကပ္ပိနထေရ်, အရှင်ဘဒ္ဒိယထေရ်တို့ကဲ့သို့ တချို့ထေရ်များကား ကိုယ်တိုင် ဘုရင် အဖြစ်မှ ထီးနန်းကို စွန့်၍လည်းကောင်း ရဟန်းပြုလာကြကုန်၏၊
ထို့ကြောင့်လည်း သာသနာ့ အရည်အရောင်သည် ထိပ်တန်းရောက် အောင် ထွန်းပြောင်ကာ မဇ္ဈိမဒေသ အိန္ဒိယနယ်တွင် ဗုဒ္ဓဘာသာကို ဗိမ္ဗိသာရမင်း, ကောသလမင်း စသော ဘုရင်တို့ ကိုးကွယ်ရာ အထက်တန်းဘာသာတစ်ရပ်ဟု ဟိန္ဒူဘာသာဝင် ပညာရှင်ကြီးများပင် အသိအမှတ် ပြုခဲ့ရပေသည်။

ဖား​အောက်​​တောရ ဆရာ​တော်​ဘုရားကြီး၏ အ​မေး အ​ဖြေများ 4

ဖား​အောက်​​တောရ ဆရာ​တော်​ဘုရားကြီး၏ အ​မေး အ​ဖြေများ 3

ဖား​အောက်​​တောရ ဆရာ​တော်​ဘုရားကြီး၏ အ​မေး အ​ဖြေများ 2

ဖား​အောက်​​တောရ ဆရာ​တော်​ဘုရားကြီး၏ အ​မေး အ​ဖြေများ 1

Sunday, 22 June 2014

အနာဂတ်သာသနာရေး အပိုင်း(၉၅) အရှင်မဟာကဿပအကြောင်း (ဗုဒ္ဓနှင့် တွေ့တော်မူပုံ)



ဗုဒ္ဓနှင့် တွေ့တော်မူပုံ
ထို မြေလှုပ်ခြင်း၏ အကြောင်းကို ဗုဒ္ဓရှင်တော်  ဆင်ခြင်တော်မူသောအခါ  သာသနာ့ဝန်ဆောင် ထိပ်ခေါင်တင် သားတော်ကြီးအလောင်း ပိပ္ပလိသတို့သားနှင့် မယ်ဘဒ္ဒါတို့ ထွက်လာ၍ လမ်းခွဲကြကြောင်းကို သိတော်မူသဖြင့် ပိပ္ပလိအရှင် လာမည့်လမ်းသို့ သုံးဂါဝုတ် ဝေးအောင် ခရီးဦးကြိုပြုကာ ပညောင်ပင်အောက်၌ ရောင်ခြည်တော် ခြောက်သွယ်ဖြင့် တင့်တယ်စွာ ထိုင်နေတော်မူနှင့်လေသည်၊ ပိပ္ပလိအရှင်လည်း ဗုဒ္ဓရှင်တော်ကို မြင်လျှင် မြင်ချင်း “မိမိရည်မှန်း ခဲ့သော ဆရာသည်  ဤပုဂ္ဂိုလ်သာတည်း” ဟု ဆုံးဖြတ်၍ အလွန် လေးမြတ်စွာ ရှိခိုးဝပ်ချလျက် တပည့်အဖြစ်ကို ခံယူလေသည်။ [ထို ပိပ္ပလိကို ကဿပအနွယ်ဝင်ဖြစ်သောကြောင့် “အရှင်မဟာကဿပ” ဟု ခေါ်ကြသည်။]
ရဟန္တာဖြစ်ပုံ
ဗုဒ္ဓရှင်တော်မြတ်သည် အရှင်မဟာကဿပအား  ထိုနေရာတွင်ပင်  ရဟန်းအဖြစ်ကို ပေးတော်မူ၍ အတူကြတော်မူလေရာ ခရီးအကြား သစ်ပင်အောက်၌ အရှင်မဟာကဿပ ခင်းပေးအပ်သော သင်္ကန်းကြီး အပေါ်မှာ ထိုင်တော်မူ၍ ထိုသင်္ကန်းကြီးကို လက်တော်ဖြင့် သုံးသတ်တော် မူကာ “ကဿပ…(လူ့ဘ၀တုန်းက အ၀တ်ဖြစ်ခဲ့သော) သင်ရဲ့ သင်္ကန်းက တယ်နူးညံ့ပါတကား”ဟု မိန့်တော်မူလေသော်…

အနာဂတ်သာသနာရေး အပိုင်း(၉၄) အရှင်မဟာကဿပအကြောင်း



အရှင်မဟာကဿပအကြောင်း
အမျိုးဂုဏ်
အရှင်မဟာကဿပ၏   အကြောင်းအရာကို    စဉ်းစားရသည်မှာ ကြက်သီးထ လောက်အောင် အရသာ ရှိပါပေ၏၊ စိတ်အား တက်ကြွ အားရဖွယ်တွေ အတုယူဖွယ် သံဝေဂဖြစ်ဖွယ်တွေ များလှပေ၏၊ သာသနာပကာလ၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို ကိုးကွယ် ဆည်းကပ်နေသော နန္ဒမင်းဘ၀မှ (ပစ္စေကဗုဒ္ဓါများ ပရိနိဗ္ဗာန်စံကြသောအခါ သံဝေဂရ၍ မင်း မိဖုရား နှစ်ပါးလုံး) ရသေ့ရဟန်း ပြုလုပ်ကာ တရားအားထုတ်၍ ဗြဟ္မာ့ ပြည်၌ ဖြစ်ကြပြီးနောက် ငါတို့ ဘုရားရှင် ပွင့်တော်မူချိန်မှာ ဗြဟ္မာ့ ပြည်မှ စုတေခဲ့ကြ၍ ဗြာဟ္မဏသူဌေးမျိုး၌ “ပိပ္ပလိ”ဟူသော အမည်ဖြင့် ထင်ရှားသော သတို့သား ဖြစ်လေသည်၊ အနွယ်အားဖြင့် ကဿပအနွယ် ဖြစ်သောကြောင့် ကျမ်းစာတို့၌ အရှင်မဟာကဿပ ဟု ထင်ရှား၏၊ မိဘပိုင် ပစ္စည်းများမှာ လယ်ထဲသို့ ရေသွင်းပေးဖို့ ရေကန်ပေါင်း (၆၀), လယ်ယာမြေ (၁၂)ယူဇနာ, လုပ်သားများ နေထိုင်ဖို့ရာ အနုရာဓမြို့ကြီးလောက် ကြီးကျယ်သော (၁၄)ရွာနှင့် မြင်းတပ် ဆင်တပ် ရထားတပ်လည်း (၁၄)တပ်စီလောက်ရှိရကား မဟာရာဇာတမျှ ကြီးကျယ် ခမ်းနားလှပေသည်။

U Kancana ( Hinthada ) Dhamma Talks ( Taiwan )

Friday, 20 June 2014

အနာဂတ်သာသနာရေး အပိုင်း(၉၃) အဂ္ဂသာဝကနှစ်ပါး နှင်ထုတ်ခံရပုံ



အဂ္ဂသာဝကနှစ်ပါး  နှင်ထုတ်ခံရပုံ               
ဗုဒ္ဓရှင်တော်မြတ်သည် စာတုမာရွာကို မှီ၍ သျှိသျှားတောကျောင်း၌ သီတင်းသုံးတော်မူ၏၊ အဂ္ဂသာဝကနှစ်ပါးလည်း ဗုဒ္ဓကို မဖူးတွေ့ဖူးသော ကျေးလက်သား ရဟန်းငါးရာကို ခေါ်၍ ကြွလာကြ၏၊ ထို့နောက် ရဟန်းများသည် ကျောင်းနေ ရဟန်းများနှင့် အတူ ကျယ်လောင် ကျယ်လောင်နှင့် စကားပြောကာ ဆူညံနေကြသည်ကို ဗုဒ္ဓရှင်တော် ကြားတော်မူ၍ “အာနန္ဒာ…တံငါသည်တွေ ငါးလုရာ၌ ဆူညံနေသလို ဆူညံနေသူတွေဟာ ဘယ်သူတွေလဲ”ဟု မေးတော် မူရာ အဂ္ဂသာဝကနှစ်ပါး၏ တပည့်များ ဖြစ်ကြောင်းကို သိတော်မူ၍ ခေါ်စေတော်မူကာ အဂ္ဂသာဝကနှစ်ပါးနှင့် ရဟန်းငယ်ငါးရာကို နှင်တော်မူသည်၊ ထိုအခါ ထွက်လာကြသည်ကို စည်းဝေးနေကြသော သာကီဝင်းမင်းများ မြင်၍ ဗုဒ္ဓအထံ လာရောက် တောင်းပန်မှ အခွင့်ရသဖြင့် ပြန်လာကြလေသည်။
          ထိုအခါ ဗုဒ္ဓရှင်တော်က “သာရိပုတ္တရာ…ငါဘုရား နှင်ထုတ်တုန်းက ဘယ်လိုများ စိတ်ထားသလဲ”ဟု မေးတော်မူရာ “ယခုအခါ ဗုဒ္ဓရှင်တော်မြတ်သည် သံဃာ့ပရိသတ်အပေါ်၌ ကြောင့်ကြစိုက် တော်မမူလိုဘဲ ဖလသမာပတ်ဝင်စားကာ ချမ်းသာစွာ နေတော်မူလိုပြီ၊ ငါတို့လည်း ဗုဒ္ဓရှင်တော်ကို အတုလိုက်၍ အေးဆေးစွာ နေကြတော့မည်”ဟု စိတ်ဖြစ်ပါကြောင်း လျှောက်လေသည်၊ ထိုအခါ “သာရိပုတ္တရာ (ဖလသမာပတ် ၀င်စား၍ အေးအေးဆေးဆေး နေဖို့ ရန်) ဆိုင်းငံ့ဦး, ဆိုင်းငံ့ဦး”ဟု မိန့်တော်မူသည်၊
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated