အရှင်မဟာကဿပ၀န်ဆောင်ပုံ
နောက်လိုက်ရဟန်းများ လမ်းခရီး၌ ဖြစ်ပုံ
ဗုဒ္ဓရှင်တော်
ပရိနိဗ္ဗာန်စံတော်မူချိန်၌ အရှင်မဟာကဿပသည် ဒေသစာရီ လှည့်လည်နေခိုက် ဖြစ်၏၊ ပရိနိဗ္ဗာန်စံတော်မူပြီးနောက်
ခုနစ်ရက်မြောက်၌ကား ပါဝါပြည်မှ ကုသိနာရုံသို့ နောက်ပါ ရဟန်းငါးရာနှင့်တူ ကြွလာတော်မူသည်၊
ထိုအချိန် မှာပင် ကုသိနာရုံပြည်၌လည်း ဗုဒ္ဓရှင်တော်၏ အလောင်းတော်ကို အတောင် တစ်ရာ့ရှစ်ဆယ်မြင့်သော
စန္ဒကူးနံ့သာပုံပေါ်သို့ တင်၍ မလ္လာမင်းတို့ မီးရှို့ပူဇော်ကြသော်လည်း မီးကူးအောင်မျှ မတတ်နိုင်
ကြချေ၊ [ထိုအစည်းအဝေးတွင် ပါဝင်ကြသော နတ်တို့တွင် အရှင် မဟာကဿပကို ဆည်းကပ်၍ နတ်ပြည်၌
ဖြစ်ရသော နတ်တို့က သူတို့ အရှင်မြတ်ကို ပရိသတ်၌ မမြင်ရသဖြင့် “ငါတို့ အရှင် မရောက်မချင်း
မီးမတောက်စေရ”ဟု ကြံကာ မီးမွှေး၍ မရအောင် စီမံထားကြသတဲ့။]
အရှင်မဟာကဿပထေရ်သည်
ကုသိနာရုံပြည်၌ ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူကြောင်းကို
သိပြီးလည်း နောက်ပါ ရဟန်းများ မသိကြသေး၍ ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူသည်ကို
ရုတ်တရက်တွေ့လျှင်
နောက်ပါ ရဟန်းတို့ အလူးအလှိမ့် ငိုကြမည့်အရေးကိုလည်းကောင်း,
လူဝတ်ကြောင်တို့က ထိုရဟန်းတို့ ငိုကြပုံကို မြင်၍
ပြစ်တင်ကဲ့ရဲ့ဖွယ်ရှိသည်ကို လည်းကောင်း မျှော်တွေးမိသောကြောင့်
လူမြင်သူမြင်
မရောက်စေဘဲ မိုးချုပ်မှ ရောက်အောင် နားနားနေနေ ကြွတော်မူလေရာ တစ်နေရာ၌ နား၍
နေကြစဉ်
အဝေးမှ နတ်ပန်းကြီးကို ထီးဆောင်း၍လာသော တက္ကတွန်းကို မြင်၍ “ဒီနေရာကပင် ဗုဒ္ဓ
ပရိနိဗ္ဗာန်စံတော်မူကြောင်းကို
နောက်ပါ ရဟန်းတွေ သိစေမှ တော်မည်၊ တောထဲ၌ အားရအောင် ငိုကြလျှင်
ကုသိနာရုံရောက်က အငိုသက်သာစရာ
ရှိ၏”ဟု ကြံတော်မူကာ ဗုဒ္ဓကို ရိုသေသောအားဖြင့် နေရာမှ ထ၍ ““အို
တက္ကတွန်း…ငါတို့ဆရာ
ဗုဒ္ဓရှင်တော်မြတ်ကို သိပါရဲ့လား”ဟု စကားစ၍ မေးလေသည်၊ ထိုအခါ တက္ကတွန်းက
“သိပါသော်ကော,
အရှင်တို့ရဲ့ ဗုဒ္ဓ ကွယ်လွန်သည်မှာ ယနေ့ (၇) ရက်တောင် ရှိပြီပေါ့”ဟု
ပြောလိုက်သည်နှင့်
တစ်ပြိုင်နက် ပုထုဇဉ် သောတာပန် သကဒါဂါမ်ရဟန်းများ မဖြေနိုင် မဆည်နိုင် အလူး
အလှိမ့်
ငိုကြရှာလေသည်။
သုဘဒ္ဒစကားကြောင့် သံဝေဂဖြစ်ပုံ
“သုဘဒ္ဒ”ဆိုသူကား
ကလေးနှစ်ယောက်နှင့်တကွ ရဟန်းပြုလာသော တောထွက် ရဟန်းကြီးတည်း၊ သူသည် သားကလေး နှစ်ယောက်ကို
ဆန်ဆီ စသည် အတောင်းခိုင်းပြီးလျှင် မိမိရှိပြီး ပစ္စည်းများနှင့်တကွ အကုန်အကျ များစွာခံ၍
ဗုဒ္ဓနှင့် ရဟန်းတော် များကို ဆွမ်းကပ်လှူလိုကြောင်း ခွင့်တောင်းလေရာ မအပ်မရာသော ပစ္စည်းဖြစ်၍
အလှူခံတော်မမူသောကြောင့် ထိုအချိန်ကစ၍ ဗုဒ္ဓကို ရန်ငြိုးဖွဲ့ခဲ့၏၊
ထိုရဟန်းကြီးသည် ယခုအခါ အရှင်မဟာကဿပ၏
နောက်လိုက်ထဲတွင် ပါဝင်နေရာ ဗုဒ္ဓပရိနိဗ္ဗာန်စံကြောင်းကို ကြားရ လျှင် (ထ၍ ကတော့မလောက်)
ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ ငိုနေကြသော ရဟန်းကလေးများကို “ကိုယ်တော်တို့…၀မ်းမနည်းကြစမ်းပါနှင့်,
မငိုကြစမ်းပါနှင့်၊ ရှေးတုန်းက ဘယ်ဟာ မအပ်ဘူးလေး ဘယ်ဟာ အပ်သလေးနှင့် တပည့်တော်တို့မှာ
အချုပ်အချယ် ခံနေခဲ့ရတယ်၊ ယနေ့တော့ လုပ်ချင်ရာ လုပ်နိုင်ပြီ”ဟု ၀မ်းသာအားရ ပြောသည်ကို
အရှင်မဟာကဿပ ကြားတော်မူ၍ ဒီရဟန်းယုတ်ကို ယခုနှယ်က နှင်ထုတ်ရလျှင် “ဟော…ကြည့်ကြစမ်း၊
အရှင်ဂေါတမ ကွယ်လွန်လို့ ခုနစ်ရက်သာရှိသေး၊ သူ့တပည့်တွေ ရန်ဖြစ်ကုန်ကြပြီ” ဟု တိတ္ထိတို့
ပြောစရာဖြစ်မည်ကို စိုးသောကြောင့် အောင့်အည်း သည်းခံတော်မူကာ “ဗုဒ္ဓအလောင်းတော် ရှိစဉ်မှာပင်
ယခုလို စော်ကားသော ရန်ဆူး ရန်ငြောင့်တွေ ပေါ်လာလျှင် နောင်အခါ ဒီလို လူစားတွေကြောင့်
သာသနာတော်ကြီး ပျက်စီးရချေရဲ့”ဟု အနာဂတ်သာသနာ အရေးကိုသာ လေးလေးနက်နက် တွေးတော်မူရှာပေသည်။
အလောင်းတော်ကို ကန်တော့ပုံ
ကုသိနာရုံပြည်၌လည်း “အရှင် မဟာ ကဿပ
မကြွလာသေး၍ မီးပူဇော်ရာ၌ မီးမတောက်အောင် နတ်များက
တားထားသတဲ့”ဟူသော သတင်းကို အရှင်အနုရုဒ္ဓါထံမှ ကြားကြရ၍ အရှင်မဟာကဿပကို မမြင်ဖူးသူ
လူအချို့သည် “ဘယ်လို ကိုယ်တော်များ
ဖြစ်ပါလိမ့်”ဟု မျှော်လင့်ကာ အရှင်မဟာကဿပ လာမည့်လမ်း၌ နံ့သာပန်းလက်စွဲ၍ ခရီးဦးကြိုပြုနေကြစဉ်
နောက်ပါ ရဟန်းတော်များနှင့်အတူ ကြွလာတော်မူ၍ ဗုဒ္ဓအလောင်းတော် မြတ်ကို လက်ယာရစ် လှည့်လည်တော်မူကာ
ခြေတော်ရှိရာအရပ်၌ မတ်မတ်ရပ်ပြီးလျှင် ဈာန်အဘိညာဉ်ဝင်စား၍ ဈာန်မှ ထတော်မူ ပြီးနောက်
“ဗုဒ္ဓရှင်တော်၏ ခြေတော်တို့သည် ငါ၏ ဦးခေါင်းပေါ်၌ တည်တော်မူကြပါစေသတည်း”ဟု ဓိဋ္ဌာန်တော်မူလိုက်ရာ
တိမ်တိုက် ကြားမှ လ၀န်းကြီး ထွက်ပေါ်လာသကဲ့သို့ ခြေတော်အစုံ ထွက်ပေါ် လာလေသော် လက်တော်ကို
ဆန့်တန်း၍ ခြေတော်တို့ကို တင်းတင်း ကျပ်ကျပ် ကိုင်ပြီးလျှင် မိမိဦးခေါင်းပေါ်၌ တင်ကာ
အားရပါးရ ရှိခိုးတော်မူရှာသည်။
ထိုအံ့သြဖွယ်ကို မြင်ရ၍ အုတ်အုတ်ကျွက်ကျွက်ဖြစ်သော လူအများလည်း ပန်းနံ့သာတို့ဖြင့် အားရ၀မ်းသာ ပူဇော်ကြပြန်လေသည်၊
အရှင်မဟာကဿပမထေရ်နှင့် နောက်ပါ ရဟန်းတော်များ ရှိခိုးကန်တော့ကြပြီးနောက် ခြေတော်အစုံလည်း
လမင်းကြီး ၀င်သွားသကဲ့သို့ စန္ဒကူးနံ့သာပုံ အကြား၌ ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အုတ်အုတ်ကျွက်ကျွက်ဖြစ်ကာ
မြည်တွန်တောက်တီးလျက် အငိုကြီး ငိုကြရှာလေသည်။
No comments:
Post a Comment