@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 3 September 2014

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၇၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၇
Dr နန္ဒမာလာဘိဝံသ

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၇ ၊ ပုရေဇာတ ပစ္စယော ၊ ဗုဒ္ဓမြတ်စွာက သိသာထင်ရှားအောင် ပုရေဇာတ ပစ္စယောဆိုတာ အင်မတန်ထင်ရှားတဲ့ လူတိုင်းလူတိုင်း နေ့စဉ်ကြုံတွေ့နေရတဲ့ လူတိုင်း လူတိုင်းမှာ ပါရှိနေတဲ့ မျက်စိအကြည်၊ နားအကြည်၊ နှာခေါင်းအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်ဆိုတဲ့ ပသာဒရုပ် ငါးပါး (သို့မဟုတ်) ၀တ္ထုရုပ်များကို ပုရေဇာတပစ္စည်းလို့ ထိုအခြေခံ ၀တ္ထုတွေကို အခြေပြုပြီးတော့ မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ လျက်သိစိတ်၊ ထိသိစိတ် ဆိုတာတွေ ဖြစ်ရတယ်။ ထိုရုပ်နဲ့နာမ် သဘာဝတရားနှစ်ခုဟာ ပုရေဇာတသတ္တိနဲ့ ရုပ်တရားက နာမ်တရားကို ပုရေဇာတသတ္တိနဲ့ အထောက်အကူပြုထားတယ် ဆိုတဲ့ သဘောတရားကို မြတ်စွာဘုရားက ထင်ရှားသိသာအောင် ဟောကြားထားတာ ဖြစ်ပါတယ်။


ထို့အတူပဲ အာရုံဖြစ်တဲ့ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ မျက်စိက မြင်ရတဲ့ အဆင်း၊ နားက ကြားရတဲ့ အသံ၊ နှာခေါင်းက နမ်းရှုရတဲ့ အနံ့၊ လျှာက လျက်သိ ရတဲ့ အရသာ၊ ခန္ဓာကိုယ်က ထိသိ ရတဲ့ အထိအတွေ့ လို့ ဆိုတဲ့ ဒီအာရုံတွေဟာလည်း လူတွေရဲ့ နေ့စဉ်ဘ၀မှာ ပသာဒရုပ် ငါးခုနဲ့ ပေါင်းစပ်ပြီးတော့ ဖြစ်ပေါ်နေကြတာဖြစ်လို့ သတိထားမိမယ်ဆို လူတိုင်းလူတိုင်း အလွယ်တကူနဲ့ တွေ့ရှိနိုင်ကြတယ်။

အဲဒီ အာရုံတွေကလည်းပဲ ပုရေဇာတသတ္တိနဲ့ မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ လျက်သိစိတ်၊ ထိသိစိတ် ဆိုတာတွေကို နာမ်တရားတွေကို အထောက်အကူပြုနေတယ်လို့ ပုရေဇာတပစ္စည်းမှာ ဒီလို ဟောထားတာ။ နောက်ထပ် ဟောစရာဘာကျန်သေးတုန်းဆိုတော့ အခုပြောခဲ့တဲ့ မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ လျက်သိစိတ်၊ ထိသိစိတ် ဆိုတာတွေတင် မကဘူး၊ တခြားစိတ်တွေကိုလည်းပဲ အထောက်အကူပြုနေသေးတယ် ဆိုတာကို မြတ်စွာဘုရားဆက်ပြီးတော့ ဟောတယ်။

Mental Process လို့ ခေါ်တဲ့ စိတ္တ ၀ီထိစိတ်ဖြစ်စဉ် .. မြင်သိစိတ် စသည်ဖြစ်ပြီးတဲ့ နောက်မှာ ဘာလာလည်းဆိုလို့ရှိယင် သမ္ပဋိစ္ဆန လက်ခံတဲ့စိတ်ဆိုတာ ပေါ်လာတယ်။ အာရုံကို လက်ခံတဲ့ စိတ်ပေါ်လာတယ်။ ထို့အတူပဲ မြင်သိစိတ်ရဲ့ရှေ့မှာ အာရုံနဲ့ပတ်သက်ပြီးတော့ နှလုံးသွင်းဆင်ခြင်ပေးတဲ့ (သို့မဟုတ်) အာရုံဖက်ကို ဦးလှည့်ပေးတဲ့ ပဉ္စဒွါရ၀ဇ္ဇန်း အာဝဇ္ဇန်းစိတ်ဆိုတာ ဖြစ်ပေါ်လာခဲ့တယ်။ အဲဒီ စိတ်တွေကိုရော ဟောဒီ အာရုံတွေကနေ အထောက်အကူပြုနေတယ်ဆိုတာ ပုရေသဒ္ဒါ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုနေတယ်ဆိုတာကို မြတ်စွာဘုရားက ထင်ရှားအောင် ဆက်ပြီးးတော့ ဟောတယ်။

ဒီ ပဉ္စဒွါရ၀ဇ္ဇန်းဆိုတဲ့ အာဝဇ္ဇန်းစိတ်လေးဟာ အာရုံက ဒီဝတ္ထုရုပ်တွေကို လာပြီးမထင်ဟပ်ဘူးဆိုလို့ရှိယင် ပဉ္စဒွါရ၀ဇ္ဇန်းစိတ်ဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဟောဒီ အာရုံငါးပါးထဲက တစ်ခုခု အကြည်ရုပ်တွေပေါ်ကိုလာပြီး ထင်ဟပ်ပြီဆိုလို့ရှိယင် အဲဒီ ထင်ဟပ်လာတဲ့အာရုံကို သတိပြုမိတဲ့ ပဉ္စဒွါရ၀ဇ္ဇန်းစိတ်ဆိုတာ ပေါ်ရတယ်။ အဲဒီ အာရုံက ပဉ္စဒွါရ၀ဇ္ဇန်းစိတ်ကို … ကြိုတင်ဖြစ်နှင့်ပြီးတော့ .. ကျေးဇူးပြုတာ ဖြစ်သောကြောင့် ပုရေဇာတ .. အာရုံတွေက ပုရေဇာတပစ္စည်း .. ပဉ္စဒွါရ၀ဇ္ဇန်းစိတ်က ပုရေဇာပစ္စယုပ္ပန်လို့ ဒီလို ပြောတယ် … အကြောင်းနဲ့အကျိုး ဆင်ခြင်ကြည့်လေ .. ဘာဖြစ်လို့ ပစ္စည်း ပစ္စယုပ္ပန် ဖြစ်လည်း ၊ မနေ့က ပြောခဲ့သလို သူရှိလို့ သူရှိရတယ် .. သူဖြစ်လို့ သူဖြစ်ရတယ်၊ ဒါဖြစ်လို့ ဟိုဟာ ဖြစ်ရတယ် … ဆိုလိုတာက အာရုံတွေရှိလို့ ပဉ္စဒွါရ၀ဇ္ဇန်းစိတ်ဖြစ်ရတယ်၊ အာရုံတွေမရှိဘူးဆိုယင် မဖြစ်ဘူး၊ ဒီလို ဟောတယ်၊ ဒါဟာ အကြောင်းတစ်ခုပဲပေါ့။

ဒါရှိလို့ ဒါရှိနေရတယ်၊ ဒါဖြစ်လို့ ဟိုဟာ ဖြစ်ရတယ် ဆိုတဲ့အကြောင်း ဆက်သွယ်နေမှုကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်လို့ … ၊ …. အေး … ပုရေဇာတပစ္စည်းဆိုတာကလည်း အတ္ထိ နတ္ထိ ၊ ရှိခိုက် ကျေးဇူးပြုတာကို အတ္ထိ၊ မရှိတော့တဲ့နောက်မှ ကျေးဇူးပြုတာကို နတ္ထိလို့ … ရှိနေတုန်း ကျေးဇူးပြုတဲ့ပစ္စည်းအမျိုးအစားလား၊ မရှိတော့တဲ့နောက်မှ ကျေးဇူးပြုတဲ့ ပစ္စည်းအမျိုးအစားလားဆိုတော့ … ရှိနေတုန်းကျေးဇူးပြုတာ၊ မရှိတော့ယင်တော့ ကျေးဇူးမပြုတော့ဘူး။ ဒါကြောင့်မို့လို့ အတ္ထိပစ္စည်းအမျိုးအစားထဲမှာ သူက ပါတယ်။

ရုပ်နဲ့နာမ်နဲ့ဖြစ်သည့်အတွက်ကြောင့် ပေါင်းစပ်လို့ မရတဲ့ သဘာဝနှစ်ခု ၊ ပေါင်းစပ်လို့မရဘူးဆိုတာ … ဆီနဲ့ရေ ပေါင်းစပ်လို့ရလား ….. အတူနေသော်လည်း .. ဆီကဆီ .. ရေကရေပဲ။ နွားနို့နဲ့ရေက ရောလို့ ရတယ်။ ဆီနဲ့ရေ ကျတော့ ရောမရဘူး။ သဘာဝခြင်း မတူဘူး။

ထို့အတူပဲ … ရုပ်နဲ့နာမ် နှစ်ရပ် ပေါင်းစပ်ပြီး အတူတကွ တည်ရှိသော်လည်းပဲ သဘာဝခြင်း ခြားနားနေတဲ့အတွက်ကြောင့် ရောလို့တော့ မရဘူးတဲ့။ အဲဒါကို ၀ိပ္ပယုတ္တပစ္စယောလို့ ခေါ်တာ .. နော်။ ၀ိပ္ပယုတ္တဆိုတာ ဆီလို ရေလို ပေါင်းလို့မရတဲ့ အရာတစ်ခု ၊ သို့သော် အတူတော့ ရှိနေတယ်၊ ပေါင်းမရဘူး .. သဘာဝခြင်း မတူဘူး။ ပေါင်းလို့ရတာကြတော့ သမ္ပယုတ္တပစ္စယော .. ဒါက ပေါင်းလို့ရတယ် .. ဟော ၀ိပ္ပယုတ္တ .. ဒါက ပေါင်းလို့မရဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ပြောတယ်။ အဲဒါကို မြတ်စွာဘုရားက ဟောထားတာ။

ဘုန်းကြီးတို့ ဒီစိတ်နှစ်ခု ပဉ္စဒွါရ၀ဇ္ဇန်းစိတ်ရယ်၊ မြင်သိစိတ်တို့ရဲ့နောက်မှာ ဖြစ်တဲ့ သမ္ပဋိစ္ဆနလို့ ခေါ်တဲ့ သမ္ပဋိစ္ဆိုင်းစိတ် ။ လက်ခံတဲ့စိတ် အာရုံကို လက်ခံတဲ့စိတ်။ အာရုံကို လမ်းဖွင့်ပေးတဲ့စိတ်နဲ့၊ အာရုံကို လက်ခံတဲ့စိတ်၊ ဒီစိတ်နှစ်ခုကြားမှာ မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ လျက်သိစိတ်၊ ထိသိစိတ် ဆိုတာ ဖြစ်တယ်။ အဲဒီ စိတ်နှစ်ခုအကြောင်းကို မြတ်စွာဘုရားက ဆက်ပြီးတော့ ဟောတယ်။

ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော … ။ … အားလုံးကို ချုံပြီးတော့ ဟော လိုက်တယ်။

ရူပါယတနဆိုတဲ့ အဆင်းအာရုံပဲဖြစ်ဖြစ် ၊ သဒ္ဒါယတနဆိုတဲ့ အသံပဲဖြစ်ဖြစ်၊ ဂန္ဓာယတနဆိုတဲ့ အနံပဲဖြစ်ဖြစ်၊ ရသာယတနဆိုတဲ့ အရသာပဲဖြစ်ဖြစ်၊ ဖောဋ္ဌဗ္ဗာယတနလို့ ခေါ်တဲ့ .. ပထ၀ီ၊ တေဇော၊ ၀ါယောဆိုတဲ့ အထိအတွေ့ အာရုံပဲဖြစ်ဖြစ် … တဲ့ … အဲဒီ အာရုံတွေ တစ်ခုခုသည် မနောဓာတ်လို့ ခေါ်တဲ့ စိတ် ၊ ထိုစိတ်မှာ ယှဉ်တဲ့ စေတသိက်တွေကို … ကြိုတင်ပြီးတော့ ဖြစ်နှင့်နေတဲ့ အကြောင်းတရားတွေနဲ့ ကျေးဇူးပြုပါတယ် … ။

ကြိုတင်ဖြစ်ပြီးတော့ ရှိနေတဲ့ အကြောင်းတရားတွေနဲ့ ကျေးဇူးပြုတယ်။ အတူတူ မွေးဖွားလာတာ မဟုတ်ဘူး။

အကြောင်းတရားက အကျိုးတရားမပေါ်ခင် ကြိုတင်ဖြစ်နှင့်နေတာ .. ပုရေဇာတ .. born earlier … ။ အေး .. ဒီနေရာမှာ မြတ်စွာဘုရားက ဒီစိတ်နှစ်ခုကို နံမည် ဘယ်လိုပေးလိုက်တုန်းဆိုယင် …

*** မနောဓာတ် … မနောဓာတု ဆိုတဲ့ နံမည်ပေးထားတယ်။ မနောဓာတုဆိုတာ စိတ်ရဲ့ .. သဘာဝတရား၊ စိတ်သဘောတရား။

မနောဓာတု … မနောဝိညာဏဓာတု .. စိတ်တွေကို နံမည်ခွဲခြားပြီးတော့ ပေးတဲ့ အခါ ၊ ဒါလေးကို သတိထားပေါ့။ မြင်သိစိတ်ကို စက္ခုဝိညာဏဓာတု .. ဒီလို ဟောတယ်။ ဓာတုဆိုတာ … သတ္တ၀ါလည်း မဟုတ်ဘူး၊ ဇီဝလည်း မဟုတ်ဘူး၊ အတ္တလည်း မဟုတ်ဘူး၊ မြန်မာတွေ ထင်နေတဲ့ လိပ်ပြာလည်း မဟုတ်ဘူး … ဒီလို ပြောတယ်။

ဘ၀ တစ်ခုကနေ တစ်ခု ကူးသွားတဲ့ လိပ်ပြာဆိုတာလည်း မဟုတ်ဘူး။ သဘာဝတရားသက်သက်မျှသာဖြစ်တယ်ဆိုတာကို ဓာတုဆိုတဲ့ စကားလုံးနဲ့ ရှင်းပြတာ။ အဲတော့ ဒီ ဓာတုဆိုတဲ့ စကားလုံးက ဘာကိုငြင်းပယ်တာတုန်းဆိုတော့ .. ပုဂ္ဂလ .. အိန္ဒိယဖီလော်ဆော်ဖီမှာသုံးတဲ့ .. ပုဂ္ဂလဆိုတဲ့ အယူဝါဒ တစ်ခုကို ငြင်းပယ်တယ်၊ သတ္တဆိုတာကို ငြင်းပယ်တယ်၊ ဇီဝလို့ဆိုတာကို ငြင်းပယ်တယ်။

အဲတော့ .. ပုဂ္ဂလတို့ ဇီဝတို့ သတ္တတို့ အတ္တတို့ ဆိုတာမျိုး မဟုတ်ဘူးတဲ့ … သူ့ဟာသူ သူသဘောသူဆောင်နေတဲ့ ဓာတ်သဘောသက်သက်မျှသာ ဖြစ်တယ် .. တဲ့ … ဓာတုကို element လို့ ဒီလို ပြန်လေ့ ရှိတယ်၊ သူ့သဘာဝတရားသက်သက် phenomenon ပေါ့ ။

*** အေး … မြင်သိစိတ်ကို စက္ခုဝိညာဏဓာတု၊ ကြားသိစိတ်ကျတော့ သောတ၀ိညာဏဓာတု၊ နံသိစိတ်ကျတော့ ဃာန၀ိညာဏဓာတု၊ လျက်သိစိတ်ကျတော့ ဇိဝှါဝိညာဏဓာတု၊ ထိသိစိတ်ကျတော့ ကာယ၀ိညာဏဓာတု .. ကြည့် ။ ရှေ့က ဘာလေးတွေပါတုန်းဆိုယင် စက္ခု၊ သောတ၊ ဃာန၊ ဇိဝှ၊ ကာယ ဆိုတဲ့ ဖြစ်ရာ ဌာန အခြေခံဝတ္ထုရုပ်ကလေးတွေ ထည့်ပြောထားတာ။

နောက်က ဘာပြောထားတုန်းဆို … ၀ိညာဏဆိုတဲ့ စကားလုံးလေးကို သုံးထားတယ်။

*** ၀ိညာဏ အာရုံကို aware လုပ်တယ်၊ သိတတ်တယ်၊ အာရုံကို သတိပြုမိတဲ့စိတ် ဆိုပြီး ၀ိညာဏဆိုတဲ့ စကားလုံးနဲ့ သုံးခဲ့တယ်။ ဒီ စိတ်တွေကို ၀ိညာဏဆိုတဲ့ စကားလုံးလေးကို သုံးပြီးတော့ …

*** အခု ပဉ္စဒွါရ၀ဇ္ဇန်းစိတ်နဲ့ သမ္ပဋိစ္ဆိုင်းစိတ်ကျတော့ မနောဓာတုဆိုတဲ့ စကားလုံးကို သုံးတယ်။
ဒါ အဘိဓမ္မာဆိုင်ရာ term တစ်ခု၊ အေး .. မနောဓာတုလို့ ဆိုလိုက်ယင် နားလည်ရမှာက ခုနကပြောတဲ့ ၀ိညာဏဓာတုဆိုတဲ့ စိတ် ၁၀မျိုးရဲ့ ရှေ့မှာဖြစ်တဲ့ ပဉ္စဒွါရ၀ဇ္ဇန်းစိတ်။

*** အဲဒီ ပဉ္စဒွါရ၀ဇ္ဇန်းစိတ်ဆိုတာ ကံရဲ့အကျိုးလည်း မဟုတ်ဘူး။ ကံတရားလည်း မဟုတ်ဘူး၊ ကံရဲ့အကျိုးလည်း မဟုတ်ဘူး။ ကရိယလို့ ခေါ်တယ်။ ကရိယကို ဓမ္မသင်္ဂဏီပါဠိတော်မှာ မြတ်စွာဘုရားက ဘယ်လိုဟောတုန်းဆိုယင် ကရိယာ နေ၀ကုသလာ နာကုသလာ နစကမ္မ၀ိပါကာ လို့ ..

အဲဒါနဲ့ ယှဉ်ပြီးတော့ ဓမ္မသင်္ဂဏီပါဠိတော်မှာ ကရိယဆိုတာတဲ့ .. နေ၀ကုသလာ .. ကုသိုလ်လည်း မဟုတ်ဘူး၊ .. နာ ကုသလာ .. အကုသိုလ်လည်း မဟုတ်ဘူး၊ … နစကမ္မ၀ိပါကာ … ကံရဲ့အကျိုးတရားလည်း မဟုတ်ဘူးလို့ ဒီလို ဟောထားတာ။ အဲတော့ ကံ ကြောင့် ဖြစ်တဲ့ဟာ မဟုတ်ဘူးလို့ ဟောထားတာ။

*** ကရိယဆိုတာ .. ကုသိုလ်လည်း မဟုတ်ဘူး၊ အကုသိုလ်လည်း မဟုတ်ဘူး၊ ကံ ကြောင့် ဖြစ်တဲ့ အရာလည်း မဟုတ်ဘူး၊ အကြောင်းတရား … ပစ္စုပ္ပန်ဆက်ဆက် အကြောင်းတရားကြောင့် .. ဖြစ်ပေါ်ပြီးတော့ ပြုလုပ်ယုံ သက်သက်ပဲလို့ ဒီလို အဓိပ္ပာယ် ပြောတာ … နော်။

*** ဒီ ကရိယစိတ်ကလေးက အာရုံနဲ့ဝတ္ထု ဆုံစည်းမှုကြောင့် ပေါ်လာတဲ့ အရာလေးတစ်ခုသာ ဖြစ်တယ်။

သူ့ကို ကုသိုလ်လို့လည်း မခေါ်ဘူး၊ အကုသိုလ်လို့လည်း မခေါ်ဘူး၊ ဘာဖြစ်လို့တုန်း ကုသိုလ် အကုသိုလ်လို့ အကျိုးတရားကို ထုတ်လုပ်မဲ့ဟာ မဟုတ်ဘူးနော်။ ကံအရာမြောက်တဲ့အရာလည်း မဟုတ်ဘူး။ ကံအရာမမြောက်ဘူးဆိုတော့ ကံရဲ့အကျိုးလားဆိုတော့ ကံရဲ့အကျိုးလည်း မဟုတ်ဘူးး တဲ့။

*** ပစ္စုပ္ပန်အကြောင်းတရားတွေရဲ့ အကျိုးဆက်အနေနဲ့ သူက ပေါ်လာတယ်တဲ့ … ဒါ ပြောတာ။ အဲဒါတွေကို မနောဓာတုဆိုတဲ့ … မနောဆိုတဲ့ စကားလုံးလေးကို အသုံးပြုပြီးတော့ မြတ်စွာဘုရားက ဟောထားတယ်။

အေး … ဘယ်အာရုံပဲဖြစ်ဖြစ် .. ရူပါရုံပဲဖြစ်ဖြစ် … သဒ္ဒါရုံ ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံပဲဖြစ်ဖြစ် အဲဒီ အာရုံငါးပါးက ၀တ္ထုရုပ် ငါးမျိုးမှာ … စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ လို့ ဆိုတဲ့ အကြည်ရုပ် ငါးမျိုးမှာ လာပြီးတော့ ထင်ဟပ်ပြီဆိုလို့ရှိယင် ဟောဒီ မနောဓာတုဆိုတဲ့ စိတ်ကလေးတွေ ပေါ်လာတတ်တယ်တဲ့။

အဲဒီ အာရုံငါးပါးသည် မနောဓာတုဆိုတဲ့ စိတ်ကို … တဲ့ … ကြိုတင်ဖြစ်နှင့်တဲ့အကြောင်းတရားဖြစ်လို့ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ် … တဲ့။ ကြိုတင်ဖြစ်တယ်ဆို ဘယ်တုန်းက ဖြစ်တာတုန်း … ဟော …

***အတီတဘ၀င်နဲ့ ဥပါဒ်ပြိုင်ပြီးတော့ ဖြစ်တယ်တဲ့။
အတီတဘ၀င်ကလေးဖြစ်တဲ့အချိန်ကလေးဖြစ်တာ။

အတီတဘ၀င်ပြီးတော့ ဘာလာတာတုန်း … ဘ၀င်္ဂစလန … တဲ့ … လှုပ်ရှားတဲ့ ဘ၀င်။ လှုပ်ရှားတဲ့ဘ၀င်ပြီးယင် ဘာလာတာတုန်း … ဘ၀င်္ဂုပစ္ဆေဒ … ပြတ်ဆဲသွားတဲ့ ဘ၀င်လာတယ်။ ဘ၀င်စိတ်သုံးကြိမ်ဖြစ်လာတယ်။ အဲဒီ ဘ၀င်စိတ် သုံးကြိမ်ရဲ့နောက်မှာ ဟောဒီ ပဉ္စဒွါရ၀ဇ္ဇန်းစိတ်က လာတာ .. တဲ့။

ခုနပြောတဲ့ … ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံဆိုတဲ့ ဒီအာရုံကလေးဟာ စိတ္တက္ခဏ သုံးချက် စောပြီး ပေါ်လာတာမို့ ပုရေဇာတ၊ ကြိုတင်ပြီးတော့ ဖြစ်နေတာ … တဲ့ .. သို့သော် … ရှိသေးလားလို့ ဆိုတော့ ရှိသေးတယ်၊ ရှိနေတဲ့ အခိုက်မှာ ကျေးဇူးပြုတယ်။ သူ့ရဲ့သက်တမ်းက စိတ္တက္ခဏ ၁၇ ချက် ထိအောင် သွားမှာ ဆိုတော့ ဖြစ်လာပြီးတဲ့နောက် တည်နေတုန်းပဲရှိသေးတယ်၊ ပြတ်ဆဲပြီးမသွားသေးဘူးတဲ့ .. ဒါကြောင့်မို့လို့ .. ရှိနေတုန်း ကျေးဇူးပြုတာ ….။ အဲဒါကို ရည်ညွှန်းပြီးတော့ မြတ်စွာဘုရားက …

ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော … ။ တဲ့

ဟောဒီ စိတ်နှစ်ခုကို ပေါင်းဟောလိုက်တာကြည့် ….။ ဒါ ဘာနားလည်ရမလည်းဆိုယင် … သင်္ခါရလို့ဆိုတာ .. အကြောင်းတရားတွေက ဖန်တီးထားတာလို့ ပြောတာ … သင်္ခါရရဲ့အဓိပ္ပာယ် .. လူတိုင်း လူတိုင်း နားလည်ကြတယ်။ သဗ္ဗေသင်္ခါရာ အနိစ္စာ … သင်္ခါရတရားဆိုတာ မမြဲဘူး … လူတွေက အတော်များများက သင်္ခါရဆိုယင် နာရေးကြော်ငြာမှတ်နေတယ်။

နာရေးကြော်ငြာမဟုတ်ဘူး၊ ကိုယ့်သန္တာန်မှာဖြစ်နေတာတေ
ွ အကုန်လုံး သင်္ခါရတွေချည်းပဲ .. နော်။
အကြောင်းတရားပေါင်းပြီးတော့ … သန်ဆိုတာ အကြောင်းတရားတွေက စုပေါင်းပြီးတော့၊ ခါရဆိုတဲ့ ပုဒ်က ကရ လုပ်ထားတာလို့ ပြောတာ။ အေး … ထာဝရဘုရားက ဖန်ဆင်းထားတာ မဟုတ်ဘူး၊ ဘယ်သူက လုပ်ထားတာတုန်း …

အကြောင်းတရားတွေက ပေါင်းပြီးတော့ ပြုလုပ်ထားတာ ….။ တဲ့ …

တစ်ခုတည်းနဲ့ မဟုတ်ဘူး … ကြည့်လေ .. ဂက်စ်မီးခြစ်ကလေးကနေပြီး မီးတောက်ကလေး ဖြစ်လာတယ် … အဲဒီ မီးတောက်ကလေးကို ဘယ်သူတွေက စုပေါင်းပြီး လုပ်ထားတာတုန်းဆို … အဲဒီထဲမယ် ဂက်စ်ပါရတယ် .. နောက်ပြီးတော့ ဘီးလုံးကလေးနဲ့ အောက်က မာမာအတုံးတစ်ခု သံတုံးလေးပါရမယ် .. ပြီးတော့ ဖိခြစ်တဲ့ အားစိုက်တာလေး ပါရမယ် … ဟောဒီ သုံးခု ပေါင်းလိုက်တဲ့ အခါကျတော့မှ မီးကလေး တောက်လာတာ မဟုတ်လား … အဲဒီ မီးကလေးက အဲဒီ အကြောင်းသုံးခုက မွေးဖွားလိုက်တာ .. ဒါကို သင်္ခါရလို့ပြောတာ။
မွေးဖွားပြီးတဲ့အခါမှာလည်း သူ့ရဲ့ပတ်ဝန်းကျင်က လေတို့ ဘာတို့ ရှိရတယ် ၊ လေလုံသွားယင် ငြိမ်းသွားမှာပဲ။

အေး … သင်္ခါရတရားတွေဆိုတာ အကြောင်းတရားတွေက စုပေါင်းပြီးဖန်တီးထားတာတွေကို ဒါကြောင့်မို့ သင်္ခါရလိုဆိုတာ။ အခုလည်းကြည့် … ပဥ္ဒဒွါရ၀ဇ္ဇန်းစိတ်တို့၊ သမ္ပဋိစ္ဆိုင်းစိတ်တို့ဆိုတာ သူဟာသူ ပေါ်လာကြတာ မဟုတ်ဘူးတဲ့။ ဟောဒီ အာရုံငါးပါးထဲက တစ်ခုခုက … ၀တ္ထုရုပ်တွေပေါ်မှာ (သို့မဟုတ်) အကြည်ရုပ်တွေပေါ်မှာ သူတို့ဟာ လာပြီးတော့ ထင်ဟပ်လိုက်တာနဲ့ သူတို့ဟာ ပေါ်လာကြတယ် … တဲ့။

ဒါဖြင့် ထူးခြားတာက ဘာတုန်းဆိုလို့ရှိယင်

… ပေါ်လာတဲ့နေရာကျတော့ မြင်သိစိတ် ပေါ်လာတာက ဘယ်နေရာက ပေါ်တုန်း … မျက်စိအကြည်ရုပ်က ပေါ်တာ။ ကြားသိစိတ်က ဘယ်က ပေါ်တုန်း … နားအကြည်ရုပ်က ပေါ်တာ၊ နံသိစိတ်က ဘယ်က ပေါ်တုန်း … နှာခေါင်းအကြည်ရုပ်က ပေါ်တာ၊ လျက်သိစိတ်က (လျှာအကြည်ရုပ်က) ၊ ထိသိစိတ်ကျတော့ … ကိုယ်အကြည်ရုပ်က ပေါ်တာ။

*** အခုပြောခဲ့တဲ့ မနောဓာတ်လို့ ခေါ်တဲ့ ပဥ္ဒဒွါရ၀ဇ္ဇန်း အာရုံငါးပါးကို ဆင်ခြင်တဲ့စိတ်၊ သမ္ပဋိစ္ဆနဆိုတဲ့ အာရုံကို လက်ခံတဲ့စိတ်၊ အဲဒီ စိတ်နှစ်ခုကတော့ မျက်လုံးကပေါ်တာလည်း မဟုတ်ဘူး၊ နားကပေါ်တာလည်း မဟုတ်ဘူး၊ နှာခေါင်းကပေါ်တာလည်း မဟုတ်ဘူး၊ လျှာကပေါ်တာလည်း မဟုတ်ဘူး၊ ခန္ဓာကိုယ်ကပေါ်တာလည်း မဟုတ်ဘူး၊ သူ့ပေါ်တဲ့နေရာ သပ်သပ်ရှိတယ်။ အဲဒီ ပေါ်တဲ့နေရာကို မြတ်စွာဘုရားက ဘာလို့ … တိုက်ရိုက် ထုတ်ဖော်ပြီးတော့ ဟောကြားပြီးတော့ မထားဘူးး။

နောက်ပိုင်း အဘိဓမ္မာကျမ်းတွေကျတော့ အဲဒီ ပေါ်တဲ့နေရာကို ဟဒယ၀တ္ထုလို့ဆိုပြီးတော့ ဟောလာတယ် … နောက်ပိုင်းကြတော့ . .၊ အဘိဓမ္မာသမိုင်းမှာ နောက်ပိုင်းမှာ ဟဒယ၀တ္ထုဆိုတာလေး ထည့်ထားတယ်။

ကြည့် … မြတ်စွာဘုရားက အဲဒီ .. အခုပြောခဲ့တဲ့ မနောဓာတ်တို့ ၊ မနောဝိညာဏဓာတ်တို့၊ ကျန်တဲ့စိတ်တွေ အများကြီးပေါ့ .. ကျန်တာတွေကို ပေါင်းလိုက်တော့မှ နော် …။ အခု သီးသန့်ထုတ်ပြီး ပြောနေတာ ပုရေဇာတပစ္စည်းမှာ သတိထားလိုက်ဖို့က .. စက္ခုဝိညာဏ်စိတ်၊ သောတ၀ိညာဏ်စိတ်၊ ဃာန၀ိညာဏ်စိတ်၊ ဇိဝှါဝိညာဏ်စိတ်၊ ကာယ၀ိညာဏ်စိတ်လို့ဆိုတဲ့ … ဒွေပဉ္စ ၀ိညာဏ် ၁၀ လို့ သင်္ဂြိုလ်သရုပ်ခွဲတဲ့အခါမှာ ပြောတယ် .. နော်။ ၀ိညာဏ်စိတ် ၁၀ ခု။ မနောဓာတ်လို့ခေါ်တဲ့ သမ္ပဋိစ္ဆိုင်းနဲ့သန္တီရဏ။ သမ္ပဋိစ္ဆိုင်းစိတ်က နှစ်ခု၊ ပဉ္စဒွါရ၀ဇ္ဇန်းစိတ်နဲ့ သမ္ပဋိစ္ဆိုင်းစိတ် ပေါင်းလိုက်တော့ ၃ခု။ ကျန်တဲ့ စိတ်တွေကို မနောဝိညာဏဓာတုလို့ ခေါ်တယ်။

မနောနဲ့ဝိညာဏနှစ်ခုပေါင်းထားတော့ .. စွမ်းအား ပိုကြီးတယ်လို့ ပြောနိုင်တာပေါ့ .. နော်။

***ဟိုတုန်းက ၀ိညာဏတစ်ခုတည်း သုံးခဲ့တယ်၊ စက္ခုဝိညာဏ၊ သောတ၀ိညာဏ၊ ဃာန၀ိညာဏ၊ ဇိဝှါဝိညာဏ၊ ကာယ၀ိညာဏ၊ ဆိုတဲ့ ၀ိညာဏတစ်လုံးနဲ့သုံးတယ်။

***ပဉ္စဒွါရ၀ဇ္ဇန်းနဲ့သမ္ပဋိစ္ဆိုင်းနဲ့ကြတော့ မနောဆိုတဲ့ စကားလုံးတစ်ခုတည်းကို သုံးတယ်။ ကျန်တဲ့ စိတ်တွေကျတော့ စွမ်းအားထက်လို့ မနောဝိညာဏဆိုပြီးတော့ .. ဟော .. မနော ရော၊ ၀ိညာဏ ရော နှစ်ခုစလုံး ထည့်သုံးထားတယ် ….။

***ပေါင်းလိုက်တဲ့အခါကျတော့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ ၀ိညာဏက ငါးခု။ မနောဓာတု ထည့်လိုက်တဲ့အခါ ၆ခု။ မနောဝိညာဏဓာတ်ထည့်လိုက်တဲ့အခါ ဘယ်နှစ်ခုဖြစ်သွားလည်း … ၇ ခု။ တဲ့ … အဲဒါ စိတ်နဲ့ဆိုင်တဲ့ ၀ိညာဏဓာတ် ၇ခုလို့ ခေါ်တယ်။ ဓာတ်၁၈ပါးကျတော့ အဲဒီအတိုင်း ဟောတယ်။ အဲဒီ အစဉ်လေးနဲ့ မြတ်စွာဘုရားက ဟောတာ။

ကဲ ကောင်းပြီ။

*** မနောဓာတ်ဆိုတဲ့ ပဉ္စဒွါရ၀ဇ္ဇန်းနဲ့သမ္ပဋိစ္ဆိုင်းစိတ်တို့ဟာ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် ဆိုတဲ့ အကြည်ရုပ်တွေက ပေါ်တာမဟုတ်ဘူးးဆို .. ဘယ်က ပေါ်တုန်း ဟဒယ၀တ္ထုရုပ်က ပေါ်တယ်တဲ့။ အဲဒီ ဟဒယ၀တ္ထုရုပ်ကို မြတ်စွာဘုရားက ဒီနေရာမှာ ဟဒယ၀တ္ထုဆိုတဲ့ စကားလုံးကို မသုံးပဲနဲ့ ဘယ်လို ဟောတုန်းဆို …

ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ၀တ္တန္တိ ….။

ယံ ရူပံ … အကြင်မှီရာဖြစ်တဲ့ ရုပ်ကလေးကို၊ နိဿာယ … အမှီပြုပြီးတော့မှ၊ မနောဓာတု စ … မနောဓာတ်လို့ ခေါ်ရတဲ့စိတ်သည်၎င်း၊ မနောဝိညာဏဓာတု စ … မနောဝိညာဏဓာတ်လို့ ခေါ်ရတဲ့စိတ်သည်၎င်း၊ ၀တ္တန္တိ .. ဖြစ်ပေါ်၍ လာကြရလေကုန်၏….တဲ့။ ဟော …

စက္ခုတုန်းက … စက္ခုဝိညာဏ် မြင်သိစိတ်ကလေးက ဘယ့်သူ့ကို မှီဖြစ်တာတုန်း … မျက်လုံးအကြည်ကို မှီဖြစ်တယ်တဲ့။ ဒါကြောင့်မို့လို့ စက္ခုဝိညာဏ မျက်လုံးဆိုတဲ့ စကားလုံးလေးကို ရှေ့က ထည့်ပြောထားတာ နော်။ သောတ၀ိညာဏ်စိတ်က နားကို မှီဖြစ်တယ်၊ ဃာန၀ိညာဏ်စိတ်က နှာခေါင်းကို မှီဖြစ်တယ်၊ ဇိဝှါဝိညာဏ်စိတ်က လျှာကို မှီဖြစ်တယ်၊ ကာယ၀ိညာဏ်စိတ်က ခန္ဓာကိုယ်ကို မှီဖြစ်တယ်။ ဟောဒီ မနောဓာတ်တို့ မနောဝိညာဏဓာတ်တို့ ဆိုကြတော့ … သူတို့ မှီဖြစ်တဲ့ရုပ်ရှိတယ်တဲ့။ အဲဒီ ရုပ်ကို မြတ်စွာဘုရားက ဘာရုပ်လို့ နံမည်မပေးဘူး။ ယံ ရူပံ အကြင်ရုပ်လို့ ဒီလိုပဲ ပြောခဲ့တယ်။

အဲတော့ အကြင်ရုပ်လို့ ပြောလိုက်ကတည်းက … စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ လို့ ဆိုတဲ့ ပသာဒရုပ် ၅ခု စလုံးမဟုတ်ဘူး၊ တစ်ခြားရုပ်ဆိုတာ မသိသာဘူးလား။ သိသာတယ်နော်။

ယံ ရူပံ .. အကြင်မှီရာဖြစ်တဲ့ရုပ်ကလေးကို၊ နိဿာယ .. အမှီပြု၍၊ မနောဓာတု စ .. မနောဓာတ်လို့ ခေါ်ရတဲ့ စိတ်သည်၎င်း၊ မနောဝိညာဏဓာတု စ … မနောဝိညာဏဓာတ်လို့ ခေါ်ရတဲ့ စိတ်သည်၎င်း၊ ၀တ္တန္တိ .. ဖြစ်ပေါ်၍ လာကြရလေကုန်၏။

တံ ရူပံ .. ထို မှီရာဖြစ်တဲ့ ရုပ်ကလေးသည်၊ မနောဓာတုယာ .. မနောဓာတ်အား၎င်း၊ တံ သမ္ပယုတ္တကာနံ .. ထို မနောဓာတ်နဲ့ ယှဉ်ပြီး ဖြစ်တဲ့၊ ဓမ္မာနံ .. စေတသိက်တရားတို့အား၎င်း၊ ပုရေဇာတပစ္စယေန .. ပုရေဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော ဥပကာရကော … ကျေးဇူးပြုတတ်ပါပေ၏။

ဆက်သွယ်မှုလေးကို ထင်ရှားအောင် မြတ်စွာဘုရား ဟောပေးထားတာ .. ကြည့်။ အဲဒီ ယံ ရူပံ လို့ ရည်ညွှန်းလိုက်တဲ့ စိတ်ကလေးကို နောက်ပိုင်း အဘိဓမ္မာမှာ ဟဒယ၀တ္ထုလို့ သတ်မှတ်လိုက်တာ။ ဒါဖြင့် ဟဒယ၀တ္ထုဆိုတာ အဘိဓမ္မာသင်တဲ့ ပုဂ္ဂိုလ်တွေ သိတယ်။ ဟဒယ၀တ္ထုဆိုတဲ့ဟာ အဓိပ္ပာယ်နှစ်မျိုး ရှိတယ်။ ဟဒယ၀တ္ထုရဲ့ location ပေါ့ .. ဘယ်နေရာမှာ ရှိသလဲဆိုတာနဲ့ပတ်သက်ပြီး ဖွင့်ဆိုချက်တွေ အမျိုးမျိုး ရှိတယ်။

အေး … ဟဒယဆိုတဲ့ စကားလုံးက နှလုံးကိုလည်း ဟောတယ်၊ စိတ်ကိုလည်း ဟောတယ်။ နှလုံးဆိုတာ လူတွေရဲ့သန္တာန်မှာရှိတဲ့ … နှလုံးသား … heart organ .. ကိုပြောတာနော်။ အင်္ဂလိပ်စကား heart ဆိုတာကလည်း တစ်ခါတစ်ရံ organ ဖြစ်တဲ့ နှလုံးးသားကို ရည်ညွှန်းတယ်၊ တစ်ခါတစ်ရံ heart ဆိုတဲ့ စကားလုံးသည် စိတ်ကို ရည်ညွှန်းတယ်။

ပါဠိ ဟဒယဆိုတဲ့ စကားလုံးကလည်း ထို့အတူပဲ၊ တစ်ခါတစ်ရံ ဒီ နှလုံးသားကို ရည်ညွှန်းပြီးတော့၊ တစ်ခါတစ်ရံကျတော့ စိတ်ကို ရည်ညွှန်းတယ်တဲ့။ ဟဒယ၀တ္ထုဆိုတာ နှလုံးသားလို့ခေါ်တဲ့ စိတ်ရဲ့ဖြစ်ရာ၊ ၀တ္ထုဆိုတာ ဖြစ်ရာ တည်ရာ။

အိမ်ဆောက်တဲ့နေရာလို … ဟုတ်လား … ဃရ၀တ္ထု၊ ကျောင်းဆောက်တဲ့နေရာ ၀ိဟာရ၀တ္ထု၊ ၀တ္ထုဆိုတဲ့ စကားလုံးသည် မှီရာတည်ရာဆိုတဲ့ အဓိပ္ပာယ်ကို ပြောတာ။

ဟဒယ၀တ္ထုဆိုတဲ့နေရာမှာ နှလုံးသားဆိုတဲ့ စိတ်ရဲ့ဖြစ်ရာ၊ ဒါဖြင့် .. ဒီ ဟဒယ၀တ္ထုဆိုတဲ့ ရုပ်ကလေးဟာ ဘယ်မှာရှိတာတုန်းလို့ မေးလို့ရှိယင် … အဘိဓမ္မာဋီကာကျမ်းတွေအရဆိုလို့ရှိယင် .. အဋ္ဌကထာဋီကာကျမ်းတွေအရဆိုလို့ရှိယင်

… နှလုံးသားထဲမှာ ဖြတ်သန်းစီးဆင်းနေတဲ့ သွေးလေးတွေ ရှိတယ်။ သွေးဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်နှံ့ပြီး တကိုယ်လုံးဖြန့်နေတယ်ဆိုတာ ခုခေတ်မှာ နားလည်ကြတယ်။
ဒီလို သွေးတွေဟာ ခန္ဓာကိုယ်တစ်ခုလုံး လည်ပတ်သွားနေအောင် ဘယ်သူကနေ ပံ့ပိုးလုပ်ကိုင်နေတုန်းဆိုယင် နှလုံးသားလို့ ခေါ်တဲ့ heart organ က လုပ်ပေးနေတာ။ pump လိုပေါ့ .. နှလုံးက ညှစ်ပေးနေတာ။ အေး နှလုံးကညှစ်အားတွေ သိပ်များလာပြီဆိုလို့ရှိယင် ဒါ သွေးတိုးရောဂါလို့ ခေါ်တယ်။ နှလုံးက ပုံမှန်လေးပင် ညှစ်နေရတယ်၊ သွေးက သူ့ဟာသူ နှလုံးညှစ်ယုံလေးနဲ့ သာမာန်ညှစ်ယုံလေးနဲ့ ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိတဲ့ သွေးကြောတွေကနေပြီး တစ်ကိုယ်လုံး အသားအသွေး တစ်ကိုယ်လုံး ပြန့်နှံ့ပြီးတော့ သွားတယ် .. ပုံမှန် စီးဆင်းနေတယ်ဆိုယင် ဒါ သွေးတိုးမရှိဘူးလို့ ပြောတာပေါ့။ သွေးတိုးရောဂါရှိလာယင် သွေးလွှတ်တဲ့အကြောလေးတွေဟာ ကျဉ်းလာတဲ့အခါ (သို့မဟုတ်) မာတောင့်လာတဲ့အခါကျလို့ရှိယင် ဒီ သွေးသွားဖို့ရာ သာမာန်စီးဆင်းဖို့ မဖြစ်နိုင်တဲ့အခါကျတော့ နှလုံးက ဖိအားတွေ ပိုများလာတယ်။ ဒါကြောင့်မို့လို့ blood pressure လို့ ခေါ်တာပေါ့။ pressure တွေ များလာတာ၊ ဖိအားတွေ များလာတာ၊ အဲဒါကို တိုင်းတာတာပဲ။ သွေးတိုး ရှိတယ်၊ မရှိဘူးနဲ့။ တစ်ချို့ကသွေးတိုးတယ်ဆိုတာ သွေးအားတွေ တိုးလာတယ် အောင်းမေ့တယ်။ သွေးအားတွေကောင်းလာတာကို သွေးတိုးလို့ ထင်နေတာ မဟုတ်ဘူး။

ခန္ဓာကိုယ်ထဲမှာ အစားအစာတွေကဖြစ်ပေါ်လာတဲ့ သွေးတွေဟာ တစ်ကိုယ်လုံးး လှည့်ပတ်ပြီးတော့နေတယ်။ အဲဒီလို လည်ပတ်နေတဲ့အခါ နှလုံးသားက ပုံမှန်လေး ညှစ်နေယုံနဲ့ သူ့ဟာသူ သွားလာနေလို့ရှိယင် ဒါရောဂါ မရှိဘူး။ ပိုပြီးဖိပြီးလုပ်နေရပြီဆိုယင် သူက ပင်ပန်းလာတယ်၊ ကျုံးရုန်းပြီးလုပ်လာရတယ်၊ အဲဒီလို ကျုံးရုန်းပြီးတော့လုပ်လာရတာကို တိုင်းတာရလို့ရှိယင် heart blood pressure ဖြစ်လာတယ်ပေါ့။

အေး စာပေကျမ်းဂန်အရ ဟဒယ၀တ္ထုရုပ်ဆိုတာ ဘယ်မှာရှိတာတုန်းဆိုတော့ကျတော့ အဲဒီ ညှစ်အားပြုနေတဲ့ .. pump လို့ ညှစ်အားလုပ်နေတဲ့ နှလုံးသားထဲမှာ ရောက်ရှိနေတဲ့ သွေး၊ အဲဒီ သွေးလေးကို လက်ဖ၀ါးကို ဆန့်လိုက် ၊ ဆန့်ပြီးတော့ နည်းနည်းလေးတွန့်ပြီးတော့ ခုံးလိုက် ၊ ကိုယ်လက်ဖ၀ါးလေးကို တွန့်ပြီးတော့ ခုံးလိုက်တဲ့အခါမှာ အရည်လေးတွေကို ထည့်ကြည့်လိုက်လို့ ရှိယင် အရည်ဘယ်လောက် ဆန့်သလဲ …. အဲဒါကို တစ်လက်စွန့် ၊ တစ်လက်ဖက်လို့ ခေါ်တယ်။ အဲဒီ လက်ကလေးကို တွန့်ခုံးထားတဲ့ လက်ဖ၀ါးလေးထဲမှာ စန့်နိုင် တည်နိုင်တဲ့ အရည်လေးတွေကို ဒါ တစ်လက်စွန့်လို့ ခေါ်တယ်။

***အဲဒီ နှလုံးသားထဲမှာ ရောက်နေတဲ့ သွေးကလေးတွေဟာ အဲဒီလောက် ပမာဏရှိတယ်၊ အဲဒီလောက် ပမာဏရှိတဲ့ သွေးထဲမှာ ပြန့်နှံ့ပြီးတော့ တည်နေတယ်လို့ ဒီလို ပြောတာ .. ဟဒယ၀တ္ထုဟာ။

အဲတော့ ….

***သွေးကို ခေါ်တာ မဟုတ်ဘူးဆိုတာလေး မှတ်ထား။ နှလုံးသားကြီးကို ဟဒယ၀တ္ထုခေါ်တာလည်း မဟုတ်ဘူး။ ဟဒယ၀တ္ထုဆိုတဲ့ ဒီရုပ်ကလေးဟာ ကံ ကြောင့်ဖြစ်ပေါ်လာတာ ဖြစ်လို့ အဲဒီ သွေးထဲမှာတည်ရှိနေတဲ့ ရုပ်သဘောလေး တစ်ခုပဲလို့ ဒီလို မှတ်ရမယ် … ဒါက အဓိပ္ပာယ်တစ်ခု။

*** နောက် အဓိပ္ပာယ်တစ်ခုကျတော့ ဟဒယဆိုတာ စိတ်၊ နှလုံးသားကို မရည်ညွှန်းဘူး၊ ဟဒယဆိုတာ စိတ်၊ ဘယ်စိတ်တွေတုန်းဆို မနောဓာတ်နဲ့ မနောဝိညာဏဓာတ် .. ဒါတွေကို ရည်ညွှန်းတာ။

*** ၀တ္ထုဆိုတာ တည်ရာ၊ မနောဓာတ် မနောဝိညာဏဓာတ်လို့ဆိုတဲ့ စိတ်တွေရဲ့ တည်ရာကို ဟဒယ၀တ္ထုလို့ ခေါ်တယ်တဲ့။

ဒါက မြတ်စွာဘုရားဟောတာနဲ့ ပိုပြီးတော့ နီးစပ်တယ်လို့ ပြောရမယ်။ ပိုပြီးတော့ နီးစပ်တယ်။ မြတ်စွာဘုရားက ကြည့်လေ .. ယံ ရူပံ လို့ပဲ ဟောခဲ့တာ .. အကြင်ရုပ် လို့။ အေး ကောင်းပြီ။ အဲဒီ ရုပ်ကလေးက အခုခေတ် အဘိဓမ္မာမှာ ကျယ်ကျယ်ပြန့်ပြန့် နားလည်နေတာပြောယင် ဟဒယ၀တ္ထုရုပ်ပေါ့။ စိတ်ရဲ့မှီ်ရာလို့ အဓိပ္ပာယ် ကောက်ချင်ကောက် (သို့မဟုတ်) နှလုံးသားထဲက သွေးထဲမှာ တည်နေတဲ့ ရုပ်လို့ ပြောချင်ပြော .. ။

အဲဒီ ဟဒယ၀တ္ထုရုပ်ကလေးကို အမှီပြုပြီးတော့ ဖြစ်တဲ့ စိတ်တွေဟာ မနောဓာတ်စိတ်နဲ့ မနောဝိညာဏဓာတ် စိတ်တွေ … တဲ့။ ခုနက စက္ခုဝိညာဏဓာတ်က စက္ခုဝတ္ထုကို မှီတယ်၊ သောတ၀ိညာဏဓာတ်က သောတ၀တ္ထုကို၊ ဃာန၀ိညာဏဓာတ်က ဃာန၀တ္ထုကို၊ ဇိဝှါဝိညာဏဓာတ်က ဇိဝှါဝတ္ထုကို၊ ကာယ၀ိညာဏဓာတ်က ကာယ၀တ္ထုကို … သူ့ဟာသူ မှီကြတယ်။

*** ကျန်တဲ့ စိတ်တွေကျတော့ ဟဒယ၀တ္ထုကို မှီတယ်။ ဒါကြောင့်မို့ ၀တ္ထုရုပ် ၆ပါး လို့ ပြောတာ။
အဲဒီ ၀တ္ထုရုပ် ၆ပါး ဟာ၊ မနောဝိညာဏဓာတ်ကို .. မနောဓာတ်ကို ကျေးဇူးပြုတဲ့ အခါမှာ … ဘယ်အခါပဲဖြစ်ဖြစ် ပုရေဇာတ၊ ရှေးဦးစွာ ကြိုတင်ဖြစ်နှင့်ပြီး ရှိနေတဲ့အချိန်မှာ ကျေးဇူးပြုလို့ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ် ..။

တစ်ဖက်ကလည်း ပြန်ကြည့်မယ်ဆိုလို့ရှိယင် အားလုံး သတိထားမိလိမ့်မယ် .. ဘုန်းကြီးတို့ လွန်ခဲ့တဲ့ ၅လလောက်က ဟောထားပြီးပြီ၊ နိဿယပစ္စယောဆိုတာ … မှီရာ ဖြစ်သည့်အတွက်ကြောင့်၊ အခုပြောခဲ့တဲ့ ၀တ္ထုရုပ်တွေဟာ နိဿယပစ္စည်းပဲ။ မှီရာအနေနဲ့ ဖြစ်ခဲ့လို့ နိဿယပစ္စည်း၊ ကြိုတင်ပြီးတော့ ဖြစ်လို့ ပုရေဇာတ၊ နံမည် အမျိုးမျိုးပေးထားတာ၊ သူ့ရဲ့လုပ်ဆောင်ချက်ကို ကြည့်ပြီး နံမည်ပေးတာလို့ မှတ်ရမယ်။

အေး ကောင်းပြီ။ မနောဓာတ်ကို ကျေးးဇူးပြုတယ်တဲ့။ ပုရေဇာတသတ္တိနဲ့ ဟောဒီ ရုပ်ကလေးက ကျေးဇူးပြုတယ်၊ ဒါဖြင့် မနောဝိညာဏဓာတ်ကိုကော ဘယ်လို ကျေးဇူးးပြုသလဲဆိုတာ မြတ်စွာဘုရားက ဆက်ဟောတယ်။

တံ ရူပံ မနောဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ကိဉ္စိကာလေ ပုရေဇာတ ပစ္စယေန ပစ္စယော။ ကိဥ္ဒိကာလေ န ပုရေဇာတ ပစ္စယေန ပစ္စယော …. ။ တဲ့

ထူးထူးခြားခြားလေး ကိဉ္စိကာလေဆိုတဲ့ စကားလုံးလေး ထည့်ဟောထားတာ။ မနောဝိညာဏဓာတ်လို့ ခေါ်တဲ့ စိတ်တွေကို ဟောဒီ မှီရာဖြစ်တဲ့ ၀တ္ထုရုပ်လေးက ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတဲ့အခါမှာ အမြဲတမ်း ကျေးဇူးမပြုပါဘူးးတဲ့။ တစ်ချို့အခါမှာ ကျေးဇူးပြုတယ်၊ တစ်ချို့အခါမှာ မပြုဘူးတဲ့ .. ဟော .. ကိဉ္စိကာလေ။

ကိဉ္စိကာလေ … တစ်ချို့သောအခါ ကာလမှာ၊ ပုရေဇာတပစ္စယေန … ပုရေဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော ဥပါကာရကော … ကျေးဇူးပြုတတ်ပါပေ၏။

ကိဉ္စိကာလေ .. အချို့သောအခါ ကာလမှာကား၊ ပုရေဇာတပစ္စယေန .. ပုရေဇာတပစ္စယသတ္တိဖြင့်၊ န ပစ္စယော ဥပါကာရကော … ကျေးဇူးမပြုတတ်ပါ ….။ တဲ့

ဆိုတော့ အခါခပ်သိမ်း ကျေးဇူးပြုတာလို့ မဟုတ်ဘူးလို့ ဆိုလိုတယ်။ ဘုန်းကြီးတို့ ဒါ လွယ်လွယ်လေး စဉ်းစားကြည့်တယ်၊ စာထဲပြောတာကို မပြောသေးဘူး၊ လွယ်လွယ်လေး စဉ်းစားကြည့်တယ်။

(ကျွန်တော် ချုံလိုက်ပါတော့မယ်ခင်ဗျာ၊် ပဋိသန္ဓေနေတဲ့အခါမှာ ဟဒယ၀တ္ထုသည် ပဋိသန္ဓေစိတ်ကို born earlier ဆိုတဲ့ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုလို့မရပါခင်ဗျာ။ born earlier မဟုတ်ပဲ born together ပြိုင်တူ ဖြစ်တဲ့ အတွက်ကြောင့် သဟဇာတဖြစ်သွားပါပြီ၊ ပုရေဇာတမဖြစ်ပါခင်ဗျာ။ ဒါကြောင့်မို့ ပဋိသန္ဓေနေတဲ့အခါမှာတော့ ပုရေဇာတသတ္တိနဲ့ ကျေးဇူးမပြုဘူးလို့ မှတ်ပေးပါခင်ဗျာ။ TNO )

ဒါဖြင့် ဘယ်အချိန်မှာ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတုန်းဆိုယင် … ပ၀တ္တိအခါလို့ဆိုတာ၊ လူဘ၀မှာ ဘုန်းကြီးတို့ ဘ၀ကို အခါနှစ်ခုပိုင်းထားလိုက် .. ပဋိသန္ဓေအခါ နဲ့ ပ၀တ္တိအခါ ။
*** ပဋိသန္ဓေအခါဆိုတာက ဘ၀တစ်ခု စစခြင်းကို ပဋိသန္ဓေအခါလို့ ခေါ်တယ်။ အင်မတန်မှ တိုတောင်းတဲ့ အခိုက်အတန့်လေးပေါ့။ ပဋိသန္ဓေစိတ်ကလေး ပေါ်တဲ့၊ တိုတောင်းလှတဲ့ အခိုက်အတန့်ကလေး ။ စိတုပ္ပဒ်ခဏငယ်သုံးချက်ပဲရှိတယ်။ ဖြစ်တည်ပျက် သုံးချက်ပဲရှိတယ်။

ဆိုပါစို့ … နားလည်လွယ် မှတ်လွယ်အောင် ပြောယင် သုံးစက္ကန့်၊ ဒါပေမယ့် သုံးစက္ကန့်ထက်တိုတယ်နော်။ သုံးစက္ကန့်ပဲရှိတယ် ဆိုပါစို့ .. ပဋိသန္ဓေစိတ်လေးနဲ့သုံးစက္ကန့်၊

*** အဲဒီ နောက်ပိုင်း သုံးစက္ကန့်ကနေပြီး လေးစက္ကန့်မြောက်ရလာတာနဲ့ ပ၀တ္တိလို့ ခေါ်တယ်။ ဆက်လက်ဖြစ်နေတဲ့ အပိုင်းလို့ ခေါ်တယ်။

ပဋိသန္ဓေအပိုင်း၊ ပ၀တ္တိအပိုင်း နှစ်ပိုင်း ရှိတယ်။ အဲဒီ ပဋိသန္ဓေပိုင်းကြတော့ born earlier ဆိုတာ မဖြစ်နိုင်ဘူး၊ born together ပဲ ဖြစ်နိုင်တယ်တဲ့။ ဒါကြောင့်မို့ အဲဒီအချိန်မှာ ပုရေဇာတသတ္တိနဲ့ ကျေးဇူးမပြုဘူးတဲ့။

ဟော … ပ၀တ္တိပိုင်းဆိုတာကတော့ ပဋိသန္ဓေနောက်မှာ မသေမခြင်းပဲ အဲဒီကြားထဲမှာဖြစ်နေသမျှ ရှေးရှေးကဖြစ်တဲ့ ဟဒယ၀တ္ထုရုပ်လေးသည် နောက်နောက်ပေါ်လာတဲ့ မနောဝိညာဏဓာတ်လို့ဆိုတဲ့ ဓာတ်တွေကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်တဲ့။

ဒါကြောင့်မို့လို့ ပဋ္ဌာန်းအရကောက်မှာ သူက ကိဉ္စိကာလေ .. အချို့သော ပ၀တ္တိအခါ၌ ပ၀တ္တိကာလ၌ ၊ ပုရေဇာတပစ္စယေန .. ပုရေဇာတပစ္စည်းဖြင့် ၊ ပစ္စယော .. ကျေးဇူးပြုတယ် … ။

ကိဉ္စိကာလေ .. ပဋိသန္ဓေအခါ၌၊ ဒီလို ပေးတာနော် … ပဋိသန္ဓေအခါ၌၊ ပုရေဇာတပစ္စယေန .. ပုရေဇာတပစ္စယသတ္တိဖြင့်၊ န ပစ္စယော .. ကျေးဇူးမပြုဘူးတဲ့။ အဲဒါ ပစ္စယနိဒေသမှာ ပုရေဇာတနဲ့ပတ်သက်ပြီး မြတ်စွာဘုရားက ဒီလို ဟောထားတာ။

တရားကုန်သလားဆိုတော့ သိသာထင်ရှားယုံ မြတ်စွာဘုရားက ဟောထားတာ။ ကျန်တာတွေ ကျန်နေသေးတယ်။ အဲဒါကို ပညှာဝါရပါဠိတော်မှာကျတော့ တခြားနည်းနဲ့လည်း ပုရေဇာတပစ္စည်း ဖြစ်နိုင်ပုံကို မြတ်စွာဘုရားကဟောသေးတယ်။

***အခုပြောတာက ၀တ္ထုရုပ်ခြောက်ပါး .. နော်၊ ၀တ္ထုရုပ်ခြောက်ပါးနဲ့အာရုံင
ါးပါး။
အဲဒီ ၀တ္ထုရုပ်ခြောက်ပါး။ စက္ခုဝတ္ထု၊ သဒ္ဒ၀တ္ထု၊ ဂန္ဓ၀တ္ထု၊ ဇိဝှါဝတ္ထု၊ ကာယ၀တ္ထု။ ဆိုတဲ့ ၀တ္ထုရုပ်ခြောက်ပါး။ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံလို့ ဆိုတဲ့ အာရုံ ငါးပါး။ ကဲ .. ပုရေဇာတသတ္တိနဲ့ တစ်ခြား ကျေးဇူးပြုတာ ရှိနိုင်သေးသလားဆိုတော့ ရှိနိုင်သေးတယ်တဲ့။
ဘယ်လို ကျေးဇူးပြုနိုင်တုန်း။ မြင်သိစိတ်နဲ့မဆိုင်ဘူး။ မြင်သိစိတ်နဲ့ကျေးဇူးပြုတယ်ဆိုတာ နားလည်ပြီးပြီ။ ဆိုပါစို့ စက္ခုဝတ္ထုလို့ဆိုတဲ့ မျက်စိအကြည်ရုပ်သည် မြင်သိစိတ်ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်ဆိုတာ ပြီးပြီ။

ဆိုပါစို့ … ကမ္မဋ္ဌာန်းတရားအားထုတ်ကြတယ်။ ကမ္မဋ္ဌာန်းရဲ့ အာရုံ .. စက္ခုပသာဒ မျက်စိအကြည်ရုပ်လေးကို ရှုတယ�

Credit to Ko Thein Naing OHn
https://www.facebook.com/notes/560528477393561/

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated