@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 3 September 2014

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၁၆၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၁၆

Dr နန္ဒမာလာဘိဝံသ

သမ္ပယုတ္တပစ္စယော

သမ္ပယုတ္တပစ္စယော မှာ ရှေးဦးစွာ သမ္ပယုတ္တဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတယ်။ ပါဠိစကားလုံးတွေဟာ အင်မတန်တိကျ သေချာတဲ့အဓိပ္ပာယ်မျိုးကို ဖေါ်ပြတယ်၊ စကားလုံးအဓိပ္ပာယ်ကို ဖေါ်ပြတာနဲ့ပဲ အဒီပစ္စည်းအကြောင်းကို အတော်အသင့် နားလည်ပြီးသား ဖြစ်သွားနိုင်တယ်၊ သမ္ပယုတ္တကို ပ ဒ သုံးခုနဲ့ ဖွဲ့စည်းထားတယ်၊ သံ ဆိုတာ ပုဒ်တစ်ခု၊ ပ ဆိုတာက ပုဒ်တစ်ခု၊ ယုတ္တ ဆိုတာက ပုဒ်တစ်ခု၊ ပေါင်းလိုက်တော့ သမ္ပယုတ္တလို့ ဖြစ်တယ်၊ “ပဒ” လို့ဆိုတာ အသီးသီးအဓိပ္ပာယ်ရှိတဲ့ စကားလုံးတွေကို ခေါ်တယ်၊ မြန်မာလိုက “ပဒ” ကို ပုဒ်လို့ ပြောလိုက်တော့ မြန်မာစကားမှာ အဓိပ္ပါယ် အမျိုးမျိုးတွေ ရှိတယ်၊ ဒီတော့ “ပဒ” ဆိုတဲ့စကားကို အသုံးပြုပြီးတော့ပြောရင် ပိုရှင်းတာပေါ့၊ ပဒဆိုတာ အနက် အဓိပ္ပာယ်ရှိတဲ့စကားလုံး၊ အနက်ကို ဖေါ်ပြနိုင်တဲ့စကားလုံး ဖြစ်တယ်။


သံ ဆိုတဲ့ အဓိပ္ပာယ်က ညီတူညီမျှလို့ အဓိပ္ပာယ်ရတယ်၊ ဒါကြောင့်မို့ သံရဲ့အဓိပ္ပာယ်ကို ရှင်းပြတဲ့အခါ သမံ လို့ ရှင်းပြတယ်၊ (သမံ ဆိုတာ ညီတူညီမျှလို့ အဓိပ္ပာယ်ရတယ်) ပ ရဲ့ အဓိပ္ပါယ်က ပကာရ၊ ပကာရဆိုတာ တစ်မျိုးနဲ့တစ်မျိုးမတူတဲ့ အမျိုးအစား၊ ယုတ္တဆိုတာ ယှဉ်တွဲနေတာတဲ့၊ ပေါင်းပြီးတော့ ပြောလိုက်တဲ့အခါမှာ “ညီတူညီမျှ မတူတဲ့ အမျိုးအစားတွေ ယှဉ်တွဲထားတာ” လို့ အဓိပ္ပာယ်ရတယ်။ သမ္ပယုတ္တပစ္စယောဆိုတာ အဲဒီလို ယှဉ်တွဲနေတယ်ဆိုရင် အပြန်အလှန် အထောက်အကူပြုမှု၊ ကျေးဇူးပြုမှုဆိုတဲ့ သဘောလေးတွေဟာ နေရာတကာမှာ ရှိနေတယ်။

သာမန်အားဖြင့် လူတွေက စိတ်တစ်ခုတည်းပဲ ပြောနေကြတယ်။ အဲဒီလို စိတ်လို့ပြောတဲ့ထဲမှာ အမျိုးအစားပေါင်း မြောက်မြားစွာ စုပြုံပါတယ်၊ စိတ်တစ်ခုတည်းမဟုတ်ဘူး၊ သို့သော် သာမန်လူတွေ မမြင်နိုင်လောက်အောင် တစ်ခုတည်း အသွင်သဏ္ဍာန်ဖွဲ့စည်းထားတယ်။ ပေါင်းစပ်ထားတယ်၊ တစ်ခုတည်းလို့ ထင်ရအောင် ပေါင်းစပ်ထားတာ၊ အဲဒီလို ပေါင်းစပ်တည်ရှိနေတဲ့သဘောကိုပဲ သမ္ပယုတ္တပစ္စယောလို့ ပြောတာ။

တို့သန္တာန်မှာရှိနေတဲ့ နာမ်တရားတွေ စိတ်တွေ စေတသိက်တွေ အချိုးကျကျ ပေါင်းစပ်ပြီး တစ်ခုတည်းလို့ ထင်နေကြရတယ်၊ အဲဒီလို တစ်ခုတည်းလို့ ထင်နေကြရတာဟာ မှီရာဝတ္ထုရုပ်ကလည်း တူတယ်၊ သိစရာအာရုံကလည်း တူတယ်၊ ဖြစ်တဲ့အချိန်ကလည်း တူတယ်၊ ပျက်သွားတဲ့အချိန်ကလည်း တူတယ်။ ဘယ်နှစ်ခု ပေါင်းထားထား တစ်ခုတည်းလို့ပဲထင်ရမှာပဲ၊ ကွဲပြားခြားနားမှုမှ မရှိတာကိုး၊ အဲဒီအဓိပ္ပာယ်ကို သမ္ပယုတ္တ လို့ ပြောတာ။

ပဋ္ဌာန်းပါဠိတော်ကြီးမှာ -
“သမ္ပယုတ္တပစ္စယောတိ - စတ္တာရော ခန္ဓာ အရူပိနော အညမညံ သမ္ပယုတ္တပစ္စယေန ပစ္စယော” ဒီလို ဟောထားတယ်။

စတ္တာရော ခန္ဓာ အရူပိနော - ခန္ဓာဆိုတာ ၅ မျိုး ရှိတယ်၊ ခန္ဓာ ၅ မျိုးထဲမှာ ဒီမှာ စတ္တာရော ခန္ဓာဆိုတော့ ခန္ဓာ ၄ မျိုး၊ အဲဒီခန္ဓာ ၄ မျိုးက ဘာတွေတုန်းဆိုတော့ အရူပိနောလို့ နောက်က ပြထားတယ်၊ ရုပ်မဟုတ်တဲ့ခန္ဓာဆိုတော့ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ၀ိညာဏက္ခန္ဓာ ဆိုတဲ့ စိတ်စေတသိက် နာမ်ခန္ဓာ၊ ဒါပြောတာ။
ဒီပဋ္ဌာန်းပါဠိတော်ကြီးကို ရွတ်ရင်း ရွတ်ရင်းနဲ့ စတ္တာရော ဆိုတာ ၄ ခုကို ပြောတာ၊ ခန္ဓာ ဆိုတာ ခန္ဓာကို ပြောတာ၊ အရူပိနောလို့ ပြောလိုက်သဖြင့် ရုပ်မပါဘူး၊ ရုပ်မပါတာဆိုရင် နာမ်ခန္ဓာ ၄ ပါးကို ပြောတယ်လို့ဆိုတာ ရှင်းရှင်းကြီး သိရတယ်ပေါ့။

အညမညလို့ ပြောလိုက်သဖြင့် အပြန်အလှန်ဆိုတဲ့ အဓိပ္ပာယ်၊ အဲဒီ အပြန်အလှန်ဟာ တစ်ခုတည်းလို့ ထင်ရလောက်အောင် ယှဉ်တွဲထားတဲ့ စွမ်းရည်သတ္တိနဲ့ ကျေးဇူးပြုထားတယ်တဲ့၊ ဒါကြောင့် တစ်ခုတည်းလို့ထင်တာ၊ တစ်ခုတည်းလို့ ထင်တဲ့ အတိုင်းလည်း ပြောတယ်၊ ဘာပြောပြော “စိတ်ချမ်းသာတယ်၊ စိတ်မချမ်းသာဘူး၊ စိတ်ပျော်တယ်၊ စိတ်မပျော်ဘူး” လို့ ဒီစိတ်ပဲ ပြောနေကြတာနော်။ ဒါ တစ်ခုတည်းထင်လို့ ပြောတာနော်၊ အဲဒီလို တစ်ခုတည်းထင်လောက်အောင် ပေါင်းစပ်ထားတဲ့ သဘာဝတရားတွေတဲ့။

နာမ်ခန္ဓာလေးပါးဟာ တစ်ခုက အကြောင်းဖြစ်ရင် ကျန်တာက အကျိုး၊ ကျန်တဲ့သုံးခုက အကြောင်းဖြစ်ရင် တစ်ခုက အကျိုး၊ နှစ်ခုက အကြောင်းဖြစ်ရင် နှစ်ခုက အကျိုးလို့ ဒါကိုပဲ အညမညလို့ ပြောတာ၊ အပြန်အလှန် အထောက်အကူပြုတားတယ်တဲ့၊ သမ္ပယုတ္တပစ္စည်းနဲ့ အထောက်အကူပြုထားတယ်တဲ့၊ ဒါ ပစ္စယနိဒ္ဒေသပါဠိတော်က ဒီလောက်ပဲ ပြောလို့ရတာ။
ကဲ ဘုန်းကြီးတို့ ဒီကနေ့ applied လုပ်ပြီးတော့ ထပ်ချဲ့ကြည့်ရအောင်၊ ဖြစ်စဉ်တစ်ခုနဲ့ ထပ်ချဲ့ကြည့်ရအောင်၊ ဒါ applied လုပ်တဲ့နည်းကိုပြောတာ၊ ဒီ applied လုပ်တဲ့နည်းက အဘိဓမ္မာလေ့လာထားတဲ့ ဗဟုသုတနဲ့ ပြောရအောင်၊ လူ့ရဲ့နေ့စဉ်ဘ၀မှာ ဖြစ်နေတဲ့ အတိုင်းအတာတစ်ခုနဲ့ ပြောရအောင်။

မြင်လို့ရတဲ့အာရုံဟာ မျက်စိထဲမှာ ထင်ဟပ်လာတယ်၊ ထင်ဟပ်လာပြီဆိုရင် ထူးခြားတဲ့စိတ်အစဉ်တွေ ပေါ်လာတယ်၊ အဲဒါကို အကြောင်းပြုပေါ့။ လိုရင်းကိုပြောမယ်ဆိုရင် ထူးခြားတဲ့စိတ်အစဉ်ကလေး၊ အာရုံတစ်ခုက မျက်စိတံခါးပေါက်ကနေပြီး မျက်စိတံခါးကို အဆင်းအာရုံလေးက ၀င်ရောက်လာတယ်လို့ ပြောရမယ်နော်၊ ၀င်ရောက်လာလို့ မျက်စိတံခါးဝမှာ အာရုံလာပြီး ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် တံခါးဖွင့်ပေးတဲ့စိတ် ပေါ်လာတယ်၊ အဲဒီ တံခါးဖွင့်ပေးတဲ့စိတ်ကို ပဉ္စဒွါရာဝဇ္ဇန်းလို့ ခေါ်တယ်။

မျက်စိတံခါးကို အဆင်းအာရုံက လာတိုက်တဲ့အခါ ဘွားကနဲပေါ်လာတာနော်၊ တိုက်လို့ပေါ်တယ်လို့ မှတ်ထားပေါ့၊ တိုက်တယ်ဆိုတာကို ကြည့် - စောင်းကြိုးကို လက်ကလေးနဲ့တီးလိုက်ရင် အသံထွက်လာတယ်၊ ဒါ ၀ိသုဒ္ဓိမဂ်မှာလည်း ဒီအတိုင်းပဲဆိုတာပါ၊ ဒါ applied method ပါ။ နာမ်တရားတွေဟာ မျက်လုံးထဲက ထွက်လာတာ မဟုတ်ဘူး။

အဆင်းအာရုံက ထွက်လာတာလည်း မဟုတ်ဘူး၊ ဒီနှစ်ခုကြားက ပေါ်လာတာလည်း မဟုတ်ဘူး၊ အကြောင်းကြောင့် ပေါ်လာတာပဲ၊ မပေါ်ခင်ကလည်း တစ်နေရာမှာ သိုလှောင်ထားတာလည်း မရှိပါဘူးး၊ ပေါ်လာပြီးတော့လည်း တစ်ခါတည်း ပျောက်သွားတာပါပဲ။

တရားနာရင်း တရားထူးတရားမြတ် ရသွားနိုင်တယ်၊ အဲဒီလို နာတာကိုက ကျင့်သုံးတယ်လို့ ခေါ်တာပဲ၊ ခေတ်စကားနဲ့ပြောရင် applied လုပ်တာပေါ့၊ တရားနာနေရင်း အသုံးချတာပေါ့၊ အဲဒီလို တရားနာနေရင်း အသုံးချခြင်းသည်ပင်လျှင် အသိဉာဏ်တွေက တဖွားဖွားပေါ်နေတာ၊ အဲဒီ အသိဉာဏ်တွေ ပေါ်နေတာကိုက ဒါ attainment ပဲလေ၊ ကိုယ်သိတဲ့အသိက မလုံလောက်သေးလို့သာ မဂ်သိ ဖိုလ်သိ မရောက်သေးတာကိုး၊ လုံလောက်ပြီဆိုတဲ့ပုဂ္ဂိုလ်တွေကျတော့ တရားထူး တရားမြတ်လို့ဆိုတဲ့ မဂ်သိ ဖိုလ်သိ ရောက်သွားမှာပေါ့၊ ကိုယ့်ရဲ့ရင်ကျက်မှု မရင့်ကျက်မှုပေါ် မူတည်ပြီးတော့ အသိတွေ တိုးတက်လာမှာ သေချာတာပေါ့။

ကဲ ကောင်းပြီ၊ မျက်စိဆိုတဲ့တံခါးကို ရူပါရုံဆိုတဲ့အဆင်း အာရုံက လာပြီးခေါက်လိုက်တဲ့အခါမှာ ဟဒယ၀တ္ထုရုပ်ကို မှီနေတဲ့၊ ငါးဒွါရမှာ attention လုပ်တဲ့ စိတ်၊ သတိပြုလိုက်တဲ့စိတ် ဖြစ်ပေါ်လာတယ်။

ဟဒယ၀တ္ထုကို မှီနေတဲ့ ဒီ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ဘယ်လိုလုပ် ပေါ်ရတာတုန်းလို့ မေးကောင်း မေးမိလိမ့်မယ်၊ အဓိကပဓာနအနေနဲ့သာ မြင်စရာအာရုံသည် စက္ခုကို တိုက်တယ်လို့ပြောတာ၊ သူတိုက်တာက နှစ်ခုစလုံးကိုတိုက်တယ်၊ ဟုတ်ရဲ့လား၊ မျက်စိဆိုတဲ့ တံခါးကိုလည်း တိုက်တယ်၊ ဘ၀င်ဆိုတဲ့ မနောဒွါရ mind door ကိုလည်း တိုက်တယ်၊ နှစ်ခုစလုံးကို တိုက်တာ၊ ဒါကြောင့်မို့ နိုးထသွားတာပေါ့၊ စက္ခုဒွါရဆိုတဲ့ မျက်စိတံခါးကိုတင်မကဘူး၊ မနောဒွါရလို့ ခေါ်တဲ့ ဘ၀င်တံခါးကိုပါ ခေါက်လိုက်တာ၊ ဒါကြောင့်မို့ အဋ္ဌသာလိနီအဋ္ဌကထာမှာ “အာရမ္မဏံ ဒွီသု ဒွီသု ဒွါရေသု ဥပ္ပဇ္ဇတိ” - အာရုံဟာ တံခါးနှစ်ခုမှာ တစ်ပြိုင်နက် ပေါ်ပါတယ်လို့ပြောတာ၊ အာရုံတစ်ခုသည် တံခါးနှစ်ခုမှာ တစ်ပြိုင်နက် ပေါ်လာတယ်တဲ့။

စိတ်တံခါး နှစ်ခုမှာ လာထင်ဟပ်ပါတယ်တဲ့၊ ဒီတော့ စိတ်တံခါးပွင့်ပြီး ပေါ်လာတာက ပဉ္စဒွါရာဝဇ္ဇန်းစိတ်လို့ ခေါ်တယ်တဲ့။

ဒါကြောင့်မို့ ပဉ္စဒွါရဆိုတာ ငါးဒွါရ၊ မျက်စိ နား နှာခေါင်း လျှာ ကိုယ် လို့ဆိုတဲ့ အာရုံတွေ ၀င်ရာ၊ စိတ်က အာရုံကိုရယူတဲ့ နေရာ၊ တံခါးသဖွယ်ဖြစ်တဲ့ အင်္ဂါ ၅ ပါး။ တံခါးဆိုတာ အ၀င်အထွက်လုပ်တဲ့ နေရာကို တံခါးခေါ်တာပဲလေ၊ အ၀င်အထွက် လုပ်တာ၊ ၀င်လို့ရတယ်၊ ထွက်လို့ရတယ်၊ ဒါကြောင့်မို့ တံခါးဆိုတဲ့ စကားလုံးကို ပါဠိလို ဒွါရ၊ ဒွါရ ဆိုတာ ဒု + အရ ၊ ဒု ဆိုတာ ၂ ယောက်၊ အရ ဆိုတာ အသုံးပြုတာ၊ လူနှစ်ယောက်အသုံးပြုတာကို တံခါးခေါ်တယ်တဲ့၊ လူနှစ်ယောက်ဆိုတာ ၀င်သူနဲ့ထွက်သူ ဒါပဲ၊ လူ ၁၀၀ ၀င်ဝင် လူ ၁၀၀၀ ၀င်ဝင်၊ ၀င်သူနဲ့ထွက်သူ ဒါပဲ ရှိတာပဲ၊ ၀င်တဲ့လူလည်း တစ်ယောက်ပဲ၊ ထွက်တဲ့လူလည်း တစ်ယောက်ပဲ၊ တစ်မျိုးတစ်စားးတည်း၊ ဒါကြောင့်မို့ ၀င်သူနဲ့ထွက်သူ နှစ်ယောက် အသုံးပြုတာကို ဒွါရလို့ ခေါ်တာ။

ဒီမှာလည်း အတူတူပဲ၊ အာရုံက ၀င်တယ်၊ စိတ်က ထွက်တယ်၊ ထွက်တယ်ဆိုတဲ့နေရာမှာ စိတ်က အပြင်ထွက်သွားတာ မဟုတ်ဘူး၊ အပြင်က ၀င်လာတဲ့ အာရုံကို ဖမ်းယူနိုင်တာကို ပြောတာ၊ ဒါကျတော့ တင်စားခေါ်တာ၊ Metaphorical term လို့ခေါ်တယ်။

ကဲ ကောင်းပြီ - အဆင်းအာရုံက မျက်စိတံခါးနဲ့ စိတ်တံခါးကို ထိလိုက်တဲ့အခါမှာ ဟဒယ၀တ္ထုကို မှီနေတဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ် (ပထမဆုံး ထိုအာရုံကို အသိအမှတ်ပြုလိုက်တဲ့စိတ်) ဟာ တံခါးဖွင့်ပေးလိုက်တဲ့ သဘောအနေနဲ့ ပေါ်လာတယ်တဲ့၊ ကဲ ဒီနေရာမှ သမ္ပယုတ္တပစ္စယောလို့ ပြောချင်လို့ရှိရင် ဘာကိုပြောမလဲ၊ ပဋ္ဌာန်းပစ္စည်းတွေချည်းပဲ အကုန်လုံး၊ ပြောမယ်ဆိုရင် မြင်စရာအာရုံက အာရမ္မဏပစ္စယောပဲ၊ စက္ခုဒွါရ ဆိုတဲ့ မျက်စိတံခါးက ပုရေဇာတပစ္စယောပဲ၊ နိဿယ ပစ္စယော၊ တူညီတာတွေ ပြောမယ်ဆိုရင် ဒါ သူ့ဆိုင်ရာဆိုင်ရာအကြောင်း၊ ဒီနေရာမှာ သမ္ပယုတ္တပစ္စယောနဲ့ ဆိုင်ရုံလေးတင် ပြောမယ်ဆိုလို့ရှိရင် အဲဒီပေါ်လာတဲ့ ပထမဆုံး တံခါးဖွင့်တဲ့အနေနဲ့ အာရုံကို အသိအမှတ်ပြုတဲ့အနေနဲ့ ပေါ်လာတဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်၊ ထိုစိတ်က ဦးဆောင်ပြီး စေတသိက် ၁၀ ခု ပါလာတာ၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်လို့ ပြောတဲ့အထဲမှာ ၁၁ မျိုးပါတယ်လို့ မှတ်လိုက်ပါ၊ ၁၁ မျိုးကို ဖွဲ့စည်းထားတာ၊ သူတစ်ခုတည်း မဟုတ်ဘူး၊ ၁၁ ခု ပါတယ်။

ပဉ္စဒွါရာဝဇ္ဇန်းစိတ်က တစ်ခု၊ အဲဒီစိတ်မှာ ယှဉ်တွဲလာတာတွေဟာ ဘာတွေလဲဆိုရင် ဖဿဆိုတာ ပါလာတယ်၊ ဖဿဆိုတာ အာရုံနဲ့ဆက်သွယ်ပေးတဲ့သဘော၊ အာရုံနဲ့ အတွေ့အကြုံရသွားတဲ့ ဝေဒနာဆိုတာ ပါလာတယ်၊ ထိုအာရုံကို မှတ်တမ်းတင်တတ်တဲ့ သညာဆိုတာ ပါလာတယ်၊ လှုံ့ဆော်ပေးတဲ့ စေတနာဆိုတာ ပါတယ်၊ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ထိုအာရုံတစ်ခုတည်းကိုပဲ ယူထားတဲ့ ဧကဂ္ဂတာဆိုတာ ပါတယ်၊ နောက် အသက်အနေနဲ့ ထိုသဘာဝတရားတွေကို စောင့်ထိန်းတဲ့ ဇိဝိတိန္ဒြိယဆိုတာ ပါလာတယ်၊ နှလုံးသွင်းတဲ့သဘော မနသိကာရဆိုတာ ပါလာတယ်၊ အာရုံဘက်လှည့်ပေးတဲ့သဘော ဖြစ်တယ်၊ universal mental state စေတသိက် ၇ ခုဟာ သူနဲ့ ယှဉ်တွဲပြီးတော့ ဖြစ်လာတယ်။

ဒါတင်လားဆိုတော့ မကသေးဘူး၊ သူနဲ့ ယှဉ်တွဲလာတာတွေက ရှိသေးတယ်၊ ဘာတွေပါလာတုန်း၊ ၀ိတက်ဆိုတာ ပါလာတယ်၊ တွေးတောတာလေးတွေပါတယ်၊ ၀ိစာရဆိုတဲ့ ဆင်ခြင်သုံးသပ်မှုတွေ ပါလာတယ်၊ ၀ိတက် ၀ိစာရ ဒီနှစ်ခုပါလာတယ်၊ အဓိမောက္ခဆိုတာ ပါလာတယ်၊ ဒီဘက်က ၃ ခု၊ ဟိုဘက်က ၇ ခုပေါင်း ၁၀ခု၊ အဲဒီ ၁၀ ခုရယ် ခုနက စိတ်ရယ် ပေါင်းလိုက်တော့ ၁၁ ခု။

ပဉ္စဒွါရာဝဇ္ဇန်းစိတ်လို့ ပြောလိုက်တာနဲ့ တစ်ပြိုင်နက် ဆိုင်ရာဆိုင်ရာ function တွေနဲ့ မတူတဲ့ အမျိုးအစား ၁၀ခု စုစည်းထားပြီး တစ်ခုတည်းလိုနေအောင် စုလိုက်တာ၊ တစ်ခုတည်း အသွင်သဏ္ဍာန် ဘာကြောင့်ဖန်တီးနိုင်လဲလို့ဆိုရင် သူတို့ဟာ ဖြစ်ပေါ်လာတဲ့နေရာကလည်း အတူတူပဲတဲ့၊ ဟဒယ၀တ္ထုပေါ်မှာ ဖြစ်ပေါ်လာကြတယ်၊ ဟဒယ၀တ္ထုဆိုတဲ့ the same base တူညီတဲ့နေရာကနေ ပေါက်ဖွားလာတာ၊ ပေါက်ဖွားလာပြီး သူတို့သိလိုက်တဲ့အာရုံကလည်းပဲ မျက်စိတံခါးမှာထင်လာတဲ့ ရူပါရုံကိုပဲ သိကြတယ်၊ ဟော အာရုံကလည်း တူတယ်၊ ဖြစ်လာတဲ့အချိန် ကြည့်ဦးမလား၊ တစ်ပြိုင်နက်ဖြစ်လာကြတယ်၊ ချုပ်သွားတဲ့အချိန် ကြည့်ဦးမလား၊ တစ်ပြိုင်နက် ချုပ်သွားကြတယ်၊ ဟော ဒီ တူ ၄ တူနဲ့ စုစည်းထားလိုက်တဲ့ ဒီသဘာဝတရား ၁၁ခုဟာ အပြန်အလှန် အထောက်အကူပြုပြီး တစ်ခုတည်းကဲ့သို့ စုစည်းထားတာ ဖြစ်သောကြောင့် သမ္ပယုတ္တပစ္စယောလို့ ပြောတာပါ၊ ဒီစိတ် ဒီလိုတည်နေနိုင်အောင် ဒီ ၁၁ ပါးသော ဒီသဘာဝတရားတွေဟာ အပြန်အလှန် အထောက်အကူပြုနေကြတာ၊ တစ်ခုတည်းကဲ့သို့ ရှိနေအောင် သမ္ပယုတ္တသတ္တိနဲ့ အထောက်အကူ ပြုထားတာ၊ သမ္ပယုတ္တသတ္တိဆိုတာ ခုနက တူ ၄ တူနဲ့ စုစည်းထားတာကို ပြောတာနော်။ အဲဒီလို စုစည်းပြီး ယှဉ်တွဲထားတဲ့သဘော။

ကဲ ဒါ မျက်စိဖွင့်လိုက်လို့ ပထမဆုံးဖြစ်ပေါ်လာတဲ့ စိတ်စေတသိက်တွေကို သမ္ပယုတ္တပစ္စည်းလို့ မှတ်ပါ၊ သမ္ပယုတ္တပစ္စည်းရလိုက်တာနဲ့ တစ်ပြိုင်နက် အခြားပစ္စည်းတွေကကော မရဘူးးလား? ရတယ်၊ စုစည်းတာက သမ္ပယုတ္တ၊ သူတို့ဟာ တစ်ပြိုင်နက် အတူတကွ မွေးဖွားလာကြတာ ဖြစ်သောကြောင့် သဟဇာတ၊ born together နော်၊ အတူတူမွေးလာကြသလိုပဲ အပြန်အလှန် အထောက်အကူပြုနေကြလို့ အညမည၊ တစ်ဦးတစ်ဦး မှီခိုနေကြတယ် - နိဿယ၊ ရှိနေတုန်းပဲ အမှီပြုကြတယ် - အတ္ထိ၊ မကင်းမကွာခင် ဖြစ်နေတုန်းအချိန်မှာ အမှီပြုကြတယ် - အ၀ိဂတ၊ ဒီသဘောတရားတွေမှာ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဒီလိုအနေအထားတွေ ရှိကြတယ်လေ၊ သဟဇာတပစ္စည်း၊ အညမညပစ္စည်း၊ နိဿယပစ္စည်း၊ အတ္ထိပစ္စည်း၊ အ၀ိဂတပစ္စည်းဆိုတဲ့ ဒီအကြောင်းတရားတွေနဲ့ ပေါင်းစပ်ပြီးတော့ အထောက်အကူ ပြုနေတာဟာ ဟောဒီ သမ္ပယုတ္တပစ္စည်းကို ၀ိုင်းရံထားလိုက်ကြတာ၊ ဒီလောက် condition တွေ များနေတဲ့ ဘ၀တစ်ခုဟာ ဘယ်မှာ စိတ်ချရမလဲ၊ condition တွေ ပျက်သွားတာနဲ့ တစ်ပြိုင်နက် ကျန်တာတွေ ပျက်မှာပဲ၊ ဒီထဲမှာ “ငါ့ဟာ” လို့ ပြောစရာ မရှိဘူး၊ ငါလုပ်နိုင်တာ တစ်ခုမှမရှိဘူး၊ သူ့ဟာသူ လုပ်နေကြတာ။

ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဟာ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေကနေ ပေါင်းစပ်လိုက်လို့ သူ့ဟာသူ ပေါ်လာတာ၊ ဒီအကြောင်းတရားတွေ ဖယ်လိုက်လို့ရှိရင် ကိုယ်က ပဉ္စဒွါရာဝဇ္ဇန်းစိတ်ပေါ်အောင်လုပ်နိုင်တဲ့ အင်အားရှိရဲ့လား။ မရှိဘူးနော်။

အေး ဟောဒီ ပဉ္စဒွါရ၀ဇ္ဇန်းစိတ်ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် စေတသိက် ၁၀ခုက ရုံလိုက်လာတာ၊ စေတသိက် ၁၀ခုနဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က တစ်ခု၊ ပေါင်းလိုက်တော့ ၁၁ ခု၊ အဲဒီ ၁၁ ခုသည် အပြန်အလှန်အထောက်အကူပြုပြီး born together အတူတကွ မွေးဖွား လာကြတယ်၊ reciprocal အပြန်အလှန် အထောက်အကူပြုနေကြတယ်၊ နိဿယ - တစ်ခုတစ်ခု မှီနေကြတယ်၊ သမ္ပယုတ္တ - တစ်ခုတည်းကဲ့သို့ ယှဉ်တွဲထားတယ်၊ ပေါင်းစပ်ထားတယ်၊ အတ္ထိ - အားလုံးဟာ ရှိနေတဲ့အခိုက်မှာ အထောက်အကူ ပြုကြတယ်၊ အ၀ိဂတ - တစ်ခုနဲ့တစ်ခု ကွာမသွားအောင် အထောက်အကူပြုနေကြတယ်၊ ကွာသွားရင် မရှိတော့ဘူးးပေါ့၊ အဲဒါကို ဒီလိုအာရုံပြုပြီးတော့ ကြည့်ရမှာပေါ့၊ ဒါ သမ္ပယုတ္တပစ္စယောပါပဲ။

( ဒီနေရာမှာ ဆရာတော်ရဲ့ ရှင်းလင်းချက်ကရှည်လှသောကြောင့် စာမျက်နှာအခက်အခဲကြောင့်း ဆရာတော်ရဲ့ ပဋ္ဌာန်းမြတ်ဒေသနာတော်ထဲကအနည်းငယ်ချုံ့လိုက်ပြီး အဘိဓမ္မာသဘောတရားလေးတစ်ခုကို ထုတ်နှုတ်ဖော်ပြပေးပါရစေခင်ဗျာ။ TNO)

ဆိုပါစို့ခင်ဗျာ -
စက္ခုဒွါရ၀ီထိ။ ။အဆင်းအာရုံ တစ်ခုခုကို မြင်ကြတယ်ဆိုပါစို့၊ အဲဒီမှာ စက္ခုဒွါရ ခေါ် မျက်စိတံခါးပေါက်မှာ မြင်သိစိတ်အစဉ် စက္ခုဒွါရ၀ီထိ ဟာ ဖြစ်ပေါ်ပါတယ်။

အဲဒီမြင်သိစိတ်အစဉ်မှာ မြင်သိစိတ် မဖြစ်ပေါ်မီ အဆင်းအာရုံကို အာရုံပြုသော အာရုံဆင်ခြင်စိတ် ဖြစ်ပေါ်ပါတယ်။ အာရုံဆင်ခြင်စိတ်သည် မျက်စိတံခါးပေါက်သို့ ၀င်လာသော အဆင်းအာရုံကို မည်သည့်အဆင်းအာရုံနည်း ဟု ဆင်ခြင်၍ တံခါးဖွင့်ပေးတဲ့ စိတ်ဖြစ်ပါတယ်။ ( ပဉ္စဒွါရာဝဇ္ဇန်းစိတ်=ကြိုဆိုတဲ့စိတ်လို့ ဆရာတော်က ဥပမာပေးပါတယ်။ အိမ်ကိုဧည့်သည်လာတာနဲ့ နှိုင်းယှဉ်ပြထားပါတယ်။)

ပဉ္စဒွါရာဝဇ္ဇန်း။ ။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဟူသော ရုပ်တံခါးပေါက်သို့ အသီးသီးဝင်ရောက်လာသော အာရုံငါးပါးကို ဆင်ခြင်တတ်သောကြောင့် ရုပ်တံခါးအာရုံဆင်ခြင်စိတ် ‘ပဉ္စဒွါရာဝဇ္ဇန်း’ လို့ခေါ်ပါတယ်။ အာရုံကို သိကာမျသဘော ‘မနောဓာတ်’ လို့လည်း ခေါ်ပါတယ်။ (သူကပြုကာမျှ ကြိယာစိတ်ပါ။)

မြင်သိစိတ်(စက္ခုဝိညာဏ်)။ ။ ထိုအာရုံဆင်ခြင်စိတ်ချုပ်ငြိမ်းတဲ့အခါ မြင်သိစိတ် က ဆက်၍ ဖြစ်ပေါ်ပါတယ်။

သမ္ပဋိစ္ဆိုင်း(လက်ခံတဲ့စိတ်)။ ။ မြင်သိစိတ် ချုပ်ငြိမ်းသောအခါ အာရုံလက်ခံစိတ် က ဆက်၍ ဖြစ်ပါတယ်။

အာရုံလက်ခံစိတ်ကို သမ္ပဋိစ္ဆိုင်း လို့ခေါ်ပါတယ်။ အာရုံကို သိကာမျှသဘော မနောဓာတ် လို့လည်း ခေါ်ပါတယ်။

အာရုံလက်ခံစိတ်သည် အဆင်းအာရုံကို မြင်သိစိတ်အစဉ်၌ ဆက်လက်ဖြစ်ပွားစေရန် လက်ခံသော စိတ် ဖြစ်ပါတယ်။ အတိတ်ကံက အကျိုးပေးသော အကျိုးဝိပါက်စိတ်လည်း ဖြစ်ပါတယ်။ ရှေးကောင်းမှုကံကြောင့် အလိုရှိအပ်သော အဆင်းအာရုံ ကို မြင်ရသောအခါ ကောင်းကျိုးဝိပါက် အာရုံလက်ခံစိတ် သည် ဖြစ်ပေါ်၏တဲ့။ ရှေးမကောင်းမှုကံကြောင့် အလိုမရှိအပ်သော အဆင်းအာရုံကို မြင်ရသောအခါ မကောင်းကျိုးဝိပါက် အာရုံလက်ခံစိတ်သည် ဖြစ်ပေါ်ပါတယ်တဲ့။

သန္တီရဏစိတ်။ ။ နောက် ဘာကိစ္စလာလည်လဲလို့ စုံစမ်းတာက သန္တီရဏစိတ်ပါပဲ။

ဝုဋ္ဌော။ ။သူလာတာ မြင်သလို အကြောင်းကိုသိလိုက်တာက ၀ုဋ္ဌော ပါပဲ။

ဆိုလိုတာကသူလည်း အာရုံဆင်ခြင်စိတ်ပါပဲ၊ ဒါပေမယ့်သူကျမှ ဘာကြောင့် ၀ုဋ္ဌောလို့ ဆိုရသလဲဆိုတော့ သူက အာရုံကိုဆင်ခြင်ရုံတင်မဟုတ်ပါဘူး၊ အာရုံကိုဆုံးဖြတ်တဲ့အလုပ်ကိုအဓိကလုပ်တဲ့အတွက် သူ့ကိုတော့ အာရုံဆုံးဖြတ်စိတ် ၀ုဋ္ဌော လို့ခေါ်ခြင်းဖြစ်ပါတယ်။ သန္တီရဏစိတ်က ဖြတ်ကနဲဆို ပျက်သွားတဲ့အချိန်မှာ သူကသတ္တိလေး မြှုပ်နှံထားခဲ့သည့်အတွက်ကြောင့် ဘယ်သူကိုပေါ်ထွန်းစေလိုက်သလဲဆိုရင် ၀ုဋ္ဌောဆိုတဲ့စိတ်ကို ပေါ်ထွန်းစေပါတယ်။ ၀ုဋ္ဌောဆိုတာ မနောဒွါရ၀ဇ္ဇန်းကိုပဲခေါ်ပါတယ်။

ပဉ္စဒွါရ၀ဇ္ဇန်းက ဒီလောက်အရာမရောက်ဘူး။ မနောဒွါရ၀ဇ္ဇန်းက အရာရောက်ပါတယ်၊ ဒါကြောင့် မနောဒွါရာဝဇ္ဇန်းကို ၀ုဋ္ဌောလို့ နာမည်ပြောင်းပေးထားခြင်းဖြစ်ပါတယ်။

အဲဒီမနောဒွါရ၀ဇ္ဇန်းနဲ့ကျမှ နောက်က ဇောဆိုတာ လာလို့ ရပါတယ်။

ဇော။ ။ အတူတကွ စကားစမြည်ပြောခြင်း ကော်ဖီသောက်ခြင်း စသဖြင့် လုပ်တာက ဇော ပါပဲ။ ဇောစိတ်ဆိုယင် repeation ရှိတယ်ဆိုတာ သိပြီးသူများပါတယ်။ သူက အရှိန်ရှိတယ်လို့ဆိုလိုတာပါ။ ဇော ဆိုတာ ကုသိုလ် အကုသိုလ် အဗျာကတ ခွဲရတော့မယ်။ လောဘဇောဖြစ်တယ်ဆိုပါတော့ ခံစားချက် ပြင်းတန်မှုရှိ မရှိပေါ်မှာမူတည်ပြီး ဒိဋ္ဌိဂတသမ္ပယုတ် နဲ့ ဒိဋ္ဌိဂတ၀ိပ္ပယုတ် ထပ်ခွဲလိုက်ပါတယ်၊ ဖြစ်လာကတည်းက hesitation တွန့်ဆုတ်ခြင်းမရှိဘဲနဲ့ထက်ထက်သန်ဖြစ်တာလား၊ တွန့်ဆုတ်နေတာလား တွက်ရပါဦးမယ်။ (ဒီမှာ ဒီလောက်ပဲ ဖော်ပြခွင့်ပြုပါခင်ဗျာ။ TNO)

တဒါရမ္မဏ။ ။ နှုတ်ဆက်တာက တဒါရမ္မဏ၊

ဘ၀င်။ ။ ပြန်သွားတာက ဘ၀င်ပဲ။ တံခါးပြန်ပိတ်သွားတယ်၊ အဲဒီ process အတိုင်းပဲ လူတွေရဲ့စိတ် ဖြစ်နေတယ်လို့ ဆရာတော်က ဟောကြားခြင်း ဖြစ်ပါတယ်။

ဒီလို မြင်သိစိတ်အစဉ်ကိုသိယင် သောတဒွါရ၀ီထိ၊ ဃာနဒွါရ၀ီထိ …… တို့ကိုလည်း သိမြင်နိုင်ပါတယ်ခင်ဗျာ။ ဒါဟာ စိတ္တနိယာမ ပါပဲခင်ဗျာ။ သြော် … နောက်တစ်ခုဗျာ ရုပ်တံခါးစိတ်အစဉ်မှာ ပြုကာမျှ ကြိယာစိတ် အာရုံဆင်ခြင်စိတ်ရှေ့မှာ အတိတ်ဘ၀င်စိတ်၊ လှုပ်ဘ၀င်စိတ်၊ ပြတ်ဘ၀င်စိတ်ဆိုတဲ့ (မဟာဝိပါက်စိတ်) ရှိတယ်ဆိုတာလေးလည်း သိထားသင့်ပါတယ်ခင်ဗျာ။ အဲဒီ မဟာဝိပါက်စိတ် နောက်မှာမှ ၀ီထိစိတ်အစဉ်လာပါတယ်။ … TNO

(နောက်တစ်ခုက ဒီနေရာလေးမှာ စိတ်ဖြစ်စဉ် နှစ်မျိုး အကြောင်းလေးကို ဆရာတော်အရှင်နန္ဒမာလာဘိဝံသ၏ပဋိစ္စသမုပ္ပာဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာခြင်းမှ ဆက်စပ်သိမြင်နိုင်သည် ဖြစ်၍ စိတ်ဖြစ်စဉ်နှစ်မျိုးရှိပုံလေးကိုပါ ထုတ်နှုတ်ပြီးထည့်ပေးလိုက်ပါတယ်ခင်ဗျာ။ TNO)


စိတ်ဖြစ်စဉ်နှစ်မျိုး

လူတွေရဲ့စိတ်အစဉ်ကို နှစ်လိုင်းလို့ ခွဲပြီးတော့ မှတ်သင့်တယ်ပေါ့၊ ငြိမ်သက်တဲ့ စိတ်တွေရဲ့ဖြစ်စဉ်က တစ်ခုနဲ့ လှုပ်ရှားတဲ့စိတ်တွေရဲ့ဖြစ်စဉ်က တစ်ခုလို့ ဒီလိုပြောရမယ်။

အရောင်နဲ့ ခွဲပြောမယ်ဆိုရင် blue line နဲ့ red line ပေါ့၊ လူတွေက မွေးဖွားလာတဲ့အချိန်မှာ ငြိမ်သက်နေတာဖြစ်တော့ blue line ပေါ့၊ Blue line ဆိုတာ ဘာလဲဆိုရင် ပဋိသန္ဓေရယ် ဘ၀င်ရယ် စုတိရယ်၊ ဟောဒါတွေက ငြိမ်သက်နေတာ၊ ငြိမ်သက်တယ်ဆိုတာ ပစ္စုပ္ပန်ဘ၀မှာရှိတဲ့ အာရုံနဲ့ ဘာမှမပတ်သက်ဘူး၊ ဘ၀တစ်ခုမှကံက ပစ်လွှတ်လိုက်တဲ့ အရှိန်အတိုင်းပဲ သွားနေတာ၊ ကံရဲ့အရှိန်နဲ့သွားနေတာ၊ ပစ္စုပ္ပန်အာရုံနဲ့ဆက်သွယ်မှု ဘာတစ်ခုမှ မရှိဘူးး။

ပစ္စုပ္ပန်အာရုံတစ်ခု ၀င်လာပြီဆိုတဲ့အခါ အဲဒီ blue line ဟာ ပြတ်သွားပြီးတော့ red line ဖြစ်လာတယ်ပေါ့၊ အဲဒါကြောင့်မို့ ဘ၀င်စိတ်ကို mind door လို့ ခေါ်တယ်၊ မနောဒွါရလို့ ခေါ်တယ်။

အဲဒီကနေပြီးတော့ စိတ်တွေဟာ ပစ္စုပ္ပန်မျက်မှောက်ဘ၀မှာ ရရှိတဲ့ မျက်စိက မြင်ရတဲ့ အာရုံ၊ နားက ကြားလိုက်ရတဲ့ အာရုံ၊ နှာခေါင်းက နမ်းလို့ရတဲ့ အာရုံ၊ လျှာက လျက်လို့ရတဲ့ အရသာအာရုံ၊ ခန္ဓာကိုယ်က ထိတွေ့လို့ရတဲ့ အာရုံ၊ စိတ်ထဲက စိတ်ကူးလို့ရတဲ့ အာရုံတွေဟာ ဖြစ်ပေါ်ပြီးတော့ ပစ္စုပ္ပန်မှာ ဖြစ်ပေါ်လာတဲ့ အာရုံတွေနဲ့စိတ်ဟာ ဖြစ်စဉ်တစ်ခု ၀င်လာတယ်၊ အဲဒါကို ၀ီထိစိတ်လို့ ခေါ်တာပေါ့။

ခုနတုန်းက blue line ကို ၀ီထိမုတ်စိတ်လို့ ခေါ်တာပေါ့။ အဲဒါကို အင်္ဂလိပ်လို ပြန်တဲ့အခါကျတော့ thought free လို့ ဒီလို ပြန်လေ့ရှိတယ်။

ဒီတော့ စိတ်ဖြစ်စဉ်ဟာ နှစ်ခုရှိတယ်လို့ ဒီလို မှတ်ရမယ်။ သူ့ဟာသူ ငြိမ်သက်ပြီးတော့နေတဲ့ဖြစ်စဉ်က တစ်ခု၊ လှုပ်ရှားတဲ့ဖြစ်စဉ်က တစ်ခု။

လှုပ်ရှားတဲ့ဖြစ်စဉ်က ပစ္စုပ္ပန်အာရုံတစ်ခုနဲ့ပတ်သက်ပြီး လှုပ်ရှားလာတယ်၊ အဲဒီလှုပ်ရှားတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ငြိမ်သက်တဲ့ဖြစ်စဉ်တစ်ခုက ရပ်တန့်သွားရမယ်၊ နှစ်ခုလုံးပြိုင်ပြီးတော့ မသွားနိုင်ဘူးတဲ့၊ စိတ်ဟာ တစ်ခုချင်းပဲသွားလို့ ရတယ်၊ စိတ်နှစ်ခု ပြိုင်တူသွားတာမျိုး မရှိဘူး။

(ဒါလေးက ပဉ္စဒွါရ၀ဇ္ဇန်းမှာဖြစ်လာတဲ့ စိတ်ဖြစ်စဉ်နှစ်မျိုးအကြောင်းလေးကို ပိုမိုနားလည်နိုင်အောင်လို့ ကျွန်တော်ကြားဖြတ်ထည့်ပေးလိုက်တာပါခင်ဗျာ။ ဆိုလိုတာက ငြိမ်သက်တဲ့ဖြစ်စဉ်နဲ့ လှုပ်ရှားတဲ့ဖြစ်စဉ်နှစ်ခု အကြောင်းကို သတိပြုစေချင်လို့ပါ။ ကျေးဇူးပါခင်ဗျာ။ TNO )

ဣဒံ မေ ပုညံ အာသဝက္ခယာ ဝဟံ ဟောတု။

ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု။

…_/|\_…_/|\_…_/|\_…

ဆရာတော် Dr နန္ဒမာလာဘိဝံသ၏ ပဋ္ဌာန်းမြတ်ဒေသနာတော် မှ ထုတ်နှုတ်ပူဇော်ပါသည်။

မေတ္တာဖြင့် . . . TNO

Credit to Ko Thein Ohn

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated